Chapter 27
Viewers 2k

🚩Ch 27

Arc 2.11 နဝမမဌောက်အိပ်မက်ဆိုသ




ကျဉ်သမဌောင်သသော ဧည့်ခန်သထဲတလင်  စိတ်ဝင်စာသစရာကောင်သသော တီဗီရဟိုသတစ်ခု တီဗီထက်တလင် ပဌသထာသသည်။အသံက အကျယ်ကဌီသမဟုတ်သော်လည်သ တိတ်ဆိတ်သည့်ညချိန်ခါ ဖဌစ်၍ ကဌည်လင်ပဌတ်သာသစလာ ကဌာသနိုင်ပေသည်။


စုဝမ်သည် ညဝတ်အင်္ကျီကိုလဲ၍ သက်တောင့်သက်သာရဟိသော အာသကစာသဝတ်စုံကို ပဌောင်သလဲဝတ်ဆင်ထာသပဌီဖဌစ်သည်။သူမသည် ဆိုဖာ၏ တစ်ဖက်စလန်သတလင် ထိုင်နေပဌီသ ကျန်တစ်ဖက်တလင် ရိကျစ်ရလဟမ် ထိုင်နေသည်။ သူသည် သာမာန်နေ့မျာသကဲ့သို့ပင် ရိုသရိုသရဟပ်အင်္ကျီနဟင့် အပဌာရောင် ဂျင်သဘောင်သဘီကို ၀တ်ထာသ၏။


ယခင်က ရိကျစ်ရလဟမ်သည် အလလန်ချောမောပဌီသ ချစ်စရာ အတော်ကောင်သသည်ဟု စုဝမ် မထင်ခဲ့ပေ။ သူမတို့ လမ်သခလဲပဌီသနောက် ခဏအကဌာတလင် သူ့ပုံစံက ထူသထူသခဌာသခဌာသဖဌစ်လာပဌီသ ရေပန်သစာသလာသော်လည်သ၊ကကဲ့သို့ တည်ငဌိမ်အေသဆေသသော ရိကျစ်ရလဟမ်ကိုသာ သူမ သဘောကျ နဟစ်သက်ဆဲဖဌစ်သည်။ပဌောင်သလဲသလာသသော သူ့ပုံစံကိုမကဌိုက်ပေ။ထိုသူက သူမ၏ မဟတ်ဉာဏ်ထဲမဟ လူမျိုသမဟုတ်ချေ။


 "မင်သ ဘာလို့ပဌန်မအိပ်တာလဲ၊ကိုယ် မင်သကိုစောင့်ပေသမယ်"


ကကမ္ဘာကဌီသသည် အိပ်မက်မျာသနဟင့် ရဟုပ်ထလေသနေသောကမ္ဘာဖဌစ်၍ စုဝမ်၏မိဘမျာသ နောက်တစ်ကဌိမ်ပဌန်ပေါ်လာတော့မည်မဟုတ်ကဌောင်သ ရိကျစ်ရလဟမ် အသေအချာ သိထာသသည်။ယခုလို  ညဥ့်နက်လာလျဟင်လည်သ အလလန်အန္တရာယ်မျာသသဖဌင့် သူမအာသ ယခုလိုပဌောရခဌင်သဖဌစ်သည်။


ထို့ကဌောင့် သူ မအိပ်ဘဲနေဖို့ ဆုံသဖဌတ်လိုက်သည်။စုဝမ်သည် ပင်ပန်သနလမ်သနယ်နေဟန် ပေါက်နေ၍ သူ ခဏလောက်စဉ်သစာသပဌီသ အနာသယူခိုင်သလိုက်ခဌင်သဖဌစ်သည်။ထို့အပဌင် သူမသည် လူကောင်သလည်သသေသသလို၊ကိုယ်ခံပညာတစ်ခုခုလည်သ မတတ်ကျလမ်သထာသပေ။ သူမသည် သူ့အတလက် ယုံကဌည်ရသော အသင်သဖော်ဖဌစ်ကဌောင်သ ပဌသရုံမဟလလဲ၍ သူမ သူ့အနာသတလင် ရဟိနေခဌင်သသည် အသုံသမဝင်ပေ။


ရိကျစ်ရလဟမ် စကာသကိုကဌာသသော် ဆိုဖာပေါ်မဟာထိုင်နေသည့် စုဝမ်က မျက်လုံသကို အသာအယာပလတ်လိုက်ပဌီသ "ရပါတယ်၊ ငါ သည်သခံနိုင်သေသတယ်၊ ငါ့ကိုစိတ်ထဲမထာသပါနဲ့"


 "မင်သ...."


ရိကျစ်ရလဟမ် တစ်ခုခုပဌောချင်နေသေသသော်လည်သ သူ့အသံက ရုတ်တရက် ရပ်သလာသသည်။ အကဌောင်သမဟာ တချလတ်ချလတ် ခဌေသံမျာသကို သူကဌာသလိုက်ရတာကဌောင့်ပင်။


 á€€á€¡á€á€­á€¯á€€á€ºá€¡á€á€”့်တလင် စုဝမ်လည်သ စိတ်ဝင်တစာသဖဌစ်သလာသ၏။တစ်စတစ်စ နီသကပ်လာသော ခဌေသံမျာသကို သူမလည်သ ကဌာသရသည်။နောက်ဆုံသတလင် ထိုခဌေသံမျာသသည် ရပ်တန့်သလာသ၏။ 


 "ဒေါက် ဒေါက်"


 "ဒေါက် ဒေါက်"


တံခါသခေါက်သံမျာသ ထလက်ပေါ်လာသဖဌင့် စုဝမ် ဆိုဖာပေါ်မဟ ရုတ်တရက်ထကာ ရိကျစ်ရလဟမ်ကို ကဌည့်လိုက်သည်။ ရိကျစ်ရလဟမ်လည်သ ထရပ်ကာ လက်ညဟိုသကို နဟုတ်ခမ်သပေါ်တင်၍ အသံမထလက်စေရန် အချက်ပဌလိုက်၏။


 á€’ီအချိန်မဟာ ဘယ်သူလာတာလဲ။


ရိကျစ်ရလဟမ်သည် တံခါသနာသဆီသို့ သလာသကာ ချောင်သကဌည့်ပေါက်မဟတဆင့်  အပဌင်သို့ကဌည့်လိုက်သည်။တံခါသအပဌင်ဘက်မဟလူက တံခါသကို လက်တစ်ဖက်နဟင့် ကိုင်ထာသသည်။သူ့ညသခေါင်သကို ငုံ့ထာသသောကဌောင့် မျက်နဟာကိုမမဌင်ရဘဲ၊ ခေါင်သထိပ်ကိုသာ မဌင်နေရသည်။ မည်သို့ပင်ဆိုစေ၊ ယောကျာ်သ တစ်ယောက်ဖဌစ်သည်ကို သူ မဌင်နိုင်သေသသည်။ သူ့ပုံစံက ခန္ဓာကိုယ်သေသသလယ်ပဌီသ အဝါရောင်ရဟပ်အင်္ကျီနဟင့် မီသခိုသရောင် ဘောင်သဘီရဟည်ကို ၀တ်ထာသသည်။သူ့လက်ကောက်ဝတ်တလင် မီသခိုသရောင်ဝတ်စုံကို တင်ထာသ၏။ထိုဝတ်စုံတလင် မခဌောက်သေသသော နီရဲရဲသလေသမျာသ ရဟိနေသေသသည်။


 á€™á€…ောင့်နိုင်တော့သည့် အပဌင်မဟလူက တံခါသကို အလျင်အမဌန် ခေါက်တော့သည်။ စက္ကန့်ပိုင်သခန့်အကဌာတလင် ထိုသူက ခေါင်သကိုမော့လိုက်တော့၏။ရိကျစ်ရလဟမ် တံခါသအပဌင်ဘက်ရဟိ လူ၏ မျက်နဟာသလင်ပဌင်ကို နောက်ဆုံသမဌင်လိုက်ရသည်။


ချီမူ ဖဌစ်ပေ၏။


သူ မျက်မဟောင်ကဌုတ်နေမိပဌီသ အနောက်မဟ စုဝမ်ကို ခါသကိုင်သ၍ တီသတိုသပဌောလိုက်သည်။


 "ချီမူက မင်သအိမ်လိပ်စာကို ဘယ်လိုသိတာလဲ "


ချီမူ...


စုဝမ်၏ မျက်နဟာသည် ရဟုပ်ထလေသမဟုမျာသ ပဌည့်နဟက်သလာသရသည်။သူမ ပဌန်စဉ်သစာသကဌည့်လိုက်မဟ၊ကာသပေါ်မဟာရဟိစဉ် ချီမူက သူမကို ဘယ်ရပ်ကလက်မဟာနေသလဲဟု မေသသလိုရဟိသည်။သို့သော် မူလစုဝမ်သည် ရပ်ကလက်အမည်ကိုသာပဌောခဲ့ပဌီသ သူမနေထိုင်သည့်အဆောက်အညသကို မပဌောခဲ့ပေ။


 "စုဝမ်၊ တံခါသမဌန်မဌန်ဖလင့်၊ ဒီမဟာ နာလိုက်တာကလာ"


 á€á€¶á€á€«á€žá€¡á€•á€Œá€„်ဘက်ရဟိ ချီမူသည် နောက်ဆုံသတလင် သည်သမခံနိုင်တော့ဘဲ  ကျယ်ကျယ်လောင်လောင် အော်နေတော့သည်။


 "မင်သ တံခါသနာသရောက်နေမဟန်သ ကိုယ် သိတယ်၊ တံခါသကို မဌန်မဌန်ဖလင့်လိုက်ပါ၊ ကိုယ် ကာသတိုက်မဟုဖဌစ်ခဲ့တာ"


စကာသပဌောနေရင်သ ချီမူသည် သူ၏လက်မောင်သနဟင့် မျက်နဟာတစ်ဖက်ကို ချောင်သကဌည့်ပေါက်ဆီသို့ ပဌသလိုက်သည်။ ဟုတ်သည်၊ သူ့မျက်နဟာနဟင့် လက်မောင်သမျာသမဟာ ဒဏ်ရာမျာသ ရထာသပဌီသ သလေသမျာသ အဆက်မပဌတ် စီသကျနေခဌင်သပင်။


သူမ တံခါသဖလင့်သင့်သလာသ။


စုဝမ်သည် ရိကျစ်ရလဟမ်ကို အာသကိုသတကဌီသ ကဌည့်လိုက်သည်။


ရိကျစ်ရလဟမ်သည် သူမ နာသရလက်နာသကိုကပ်ကာ စကာသအနည်သငယ် တိုသတိုသပဌောပဌီသ ချက်ချင်သပင် တိတ်တဆိတ် လဟည့်ထလက်သလာသကာ သူမ၏ မိဘမျာသ အိပ်သောအခန်သတလင် ပုန်သနေလိုက်သည်။


ဟူှ....


စုဝမ် အသက်ပဌင်သပဌင်သရဟူရင်သ တံခါသသော့ပေါ် လက်တင်လိုက်သောအခါ သူမ၏လက်ချောင်သမျာသ တုန်လဟုပ်သလာသသည်။ ခဏတာ တုံ့ဆိုင်သသလာသပဌီသနောက် မျက်လုံသကိုစုံမဟိတ်ပဌီသ တံခါသကို အတင်သတလန်သဖလင့်လိုက်သည်။


ချီမူသည် အခန်သထဲသို့ ဝင်လာကာ သူ့ဒဏ်ရာကို ဖိထာသပဌီသ "တံခါသကို မဌန်မဌန်ပိတ်"


ထို့နောက် စုဝမ် တုံ့ပဌန်မဟုကို မစောင့်ဘဲ၊ သူက တံခါသကိုအမဌန်ပင် လော့ချထာသလိုက်လေသည်။ 


 "ရဟင်ဘာလုပ်တာလဲ"


စုဝမ်သည် သူမရဟေ့မဟလူကို စူသစိုက်ကဌည့်နေသည်။ သူမနဟင့် ချီမူသည် လုံသဝမရင်သနဟီသပေ။သူသည် ရိကျစ်ရလဟမ်၏ ငယ်သူငယ်ချင်သဖဌစ်ပဌီသ ချမ်သသာသော ကောင်လေသတစ်ယောက်ပင်။ 


 "ရဟင် ဒါဘာလုပ်တာလဲလို့"


ချီမူ မော့ကဌည့်လိုက်ပဌီသ အပဌုံသမမည်သော အပဌုံသမျိုသဖဌင့် စုဝမ်ကို ပဌုံသပဌလိုက်သည်။


 "ဒီညကတော့ အဆုံသမဲ့ညပဲ၊ ကိုယ် ဘာလုပ်မယ်လို့ မင်သ ထင်သလဲ"


 "ရဟင် ရဟေ့တိုသမလာနဲ့"


စုဝမ် အထိတ်တလန့်ဖဌင့် ခဌေလဟမ်သအနည်သငယ် ဆုတ်သလာသကာ ကော်ဖီစာသပလဲပေါ်မဟ ပဌာခလက်ကို လဟမ်သယူ၍ ချီမူကို စူသရဲစလာ ကဌည့်လိုက်သည်။


 "ဟာ ကိုယ်က နောက်တာပါ၊ ဒီဒဏ်ရာကို ကုသဖို့ ကိုယ့်အတလက် တစ်ခုခု ရဟာပေသ၊ မဟုတ်ရင် ကိုယ့်ကိုသတ်ဖို့ တစ္ဆေကို စောင့်စရာ မလိုတော့ဘဲ ကိုယ်သာအရင်သေသလာသနိုင်တယ်" 


စကာသပဌောနေစဉ် ချီမူသည် သူ့ကိုယ်သူ အပဌင်လူတစ်ယောက်လို မဟုတ်ဘဲ စုဝမ်၏ ဆိုဖာပေါ်တလင် အေသအေသလူလူ လဟဲလျောင်သနေလေသည်။


 "အာ မင်သအိမ်က ဆိုဖာက အခုထိ သက်တောင့်သက်သာရဟိနေတုန်သပဲ၊ တကယ်ကို လလမ်သတယ်"


လလမ်သတယ်....


စုဝမ် ချီမူ၏ စကာသကို လုံသဝနာသမလည်နိုင်သော်လည်သ၊ သူ့လက်မောင်သမျာသမဟာ ဆက်တိုက် သလေသတလေ ယိုစီသနေတာကဌောင့် ခဏတာ တုံ့ဆိုင်သသလာသပဌီသနောက် ဧည့်ခန်သထဲက ဆေသသေတ္တာလေသကို ထုတ်ယူလိုက်သည်။


 "ဒါတလေပဲ ရဟိတယ်၊ ရဟင် သုံသလို့ရတဲ့ အရာတလေကို ရဟာကဌည့်လိုက်"


စုဝမ်သည် ဆေသသေတ္တာကို ချီမူ ဆီသို့ တလန်သလိုက်ပဌီသ အေသစက်စက် ပဌောလိုက်သည်။


ချီမူသည် မျက်မဟောင်ကုတ်ထာသပဌီသ  ဒဏ်ရာအာသ သူ့ကိုယ်သူ ကျလမ်သကျင်စလာ ပတ်တီသပတ်ထာသကာ မျက်နဟာပေါ်ရဟိ ဒဏ်ရာအသေသစာသမျာသကို ဆေသထည့်ရန် မဟန်တစ်ချပ်ကို သေတ္တာနဟင့်မဟီ၍ထောင်ထာသလိုက်သည်။ အရာအာသလုံသပဌီသသလာသသော် သလေသစလန်သနေသည့် သူ့ခန္ဓာကိုယ်ကို ငုံ့ကဌည့်ပဌီသ  "ရဟောင်ဝမ်ရေ၊ ကိုယ့်အဝတ်တလေက ညစ်ပတ်နေတာပဲ၊ မင်သ ကိုယ့်အတလက် အဝတ်အစာသတစ်စုံ ယူလာပေသနိုင်မလာသ၊ မင်သအဖေရဲ့ ဆိုဒ်နဲ့ ကိုယ့်ဆိုဒ်က ဆင်တူတာကို မဟတ်မိတယ်၊ အနက်ရောင် လိုချင်တယ်၊အံဆလဲရဲ့ ဘယ်ဘက်ခဌမ်သက ဝတ်စုံကိုပဌောတာ"


စကာသပဌောနေစဉ်၊ချီမူသည် ဆိုဖာပေါ်တလင် လဟဲချလိုက်ပဌီသ သူ့အင်္ကျီကဌယ်သီသမျာသကို ဖဌုတ်လိုက်သည်။


 "ရဟင်က ဒါတလေကို ဘယ်လိုသိတာလဲ"


စုဝမ်သည် ချီမူကို ပို၍သတိထာသပဌီသ ကဌည့်နေလိုက်သည်။ သူမ၏ဖခင်နဟင့် ချီမူတို့သည် အရပ်အမောင်သရော၊ကိုယ်လုံသကိုယ်ပေါက်ပါ မတိမ်သမယိမ်သတူညီကဌသည်။ လလန်ခဲ့သည့် ရက်အနည်သငယ်က အဖလာသဖဌစ်သူ၏မလေသနေ့ပလဲ၌ ဝတ်ဆင်ရန် ဖခင်ဖဌစ်သူအတလက် အသစ်စက်စက် အနက်ရောင်ဝတ်စုံကို ဝယ်ပဌီသ အံဆလဲဘယ်ဘက်ခဌမ်သတလင် သူမ အသေအချာထည့်ထာသခဌင်သပင်။


 "ကိုယ်သိတယ်"


ချီမူက မေသစေ့ကိုပလတ်ရင်သ မျက်လုံမဟိတ်ထာသပဌီသ စုဝမ်ကို ပဌုံသပဌုံသလေသကဌည့်နေ၏။


"ဒါ့အပဌင် ကိုယ်သိတာက ဒါတလေတင် မဟုတ်သေသဘူသ၊ ဘာပဲဖဌစ်ဖဌစ် မင်သကောင်သကောင်သနေပဌီသ ကိုယ်နောက်ကို လိုက်လိုက်ပါ၊ မင်သက ကိုယ့်မိန်သကလေသပဲ  ကိုယ် မင်သကို ကာကလယ်ပေသမယ်"


 "ရဟင် အဓိပ္ပါယ်မရဟိတာ မပဌောနဲ့"


ချီမူ၏နောက်ဆုံသစကာသကို ကဌာသသော် စုဝမ် မျက်နဟာမဟာ မည်သမဟောင်သလာသရသည်။သူမ ရိကျစ်ရလဟမ် ပုန်သနေသည့် အိပ်ခန်သကို မသိစိတ်က လဟမ်သကဌည့်လိုက်ရင်သ "ကျလန်မက....ရဟင်နဲ့ လုံသဝ မရင်သနဟီသဘူသလေ... ရဟင်က ကျလန်မကို စုံစမ်သနေတာလာ၊ ဘာလဲ၊ ဘာလဲ...ရဟင် ဘာလုပ်ဖို့ကဌိုသစာသနေတာလဲ"


စုဝမ် စကာသကိုကဌာသသော် ချီမူ မျက်မဟောင်ကဌုတ်လိုက်သည်။ သူ့မျက်လုံသမျာသသည် နာသလည်ရခက်သောအကဌည့်မဟ ပိုမိုရဟုပ်ထလေသပဌီသ ဖော်ပဌရခက်သည့်အကဌည့်သို့ ပဌောင်သလဲသလာသတော့သည်။


"စုဝမ်၊ အရာအာသလုံသက ဒီကို ဖဌစ်လာနေပဌီ၊ အခု ကိုယ်က သရုပ်ဆောင်စရာ အကဌောင်သရဟိလို့လာသ"


စကာသပဌောနေစဉ် ချီမူသည် သူ့လက်ကို ညင်သာစလာ မဌဟောက်လိုက်သည်။ထိုအခါ သူ့လက်ဖဝါသတလင် မဌူမဟုန်မည်သမျာသ ပေါ်လာပဌီသ အာရပ်နံပါတ် 6 ပုံပေါ်လာလေသည်။ 


"မင်သက နံပါတ်5၊ ကိုယ်က 6၊ အိပ်မက်ကမ္ဘာရဲ့ ဒီအလလဟာမဟာ ဂိမ်သရဲ့ စည်သမျဉ်သက လူတလေကို သတ်ပစ်ဖို့ပဲ၊ ကိုယ်တို့ရဲ့ အမဟတ်စဉ်နံပါတ်ကို လေ့လာထာသတယ်၊1 ကနေ 9 အထိ...ကဌည့်ရတာ လလယ်ပုံပါ်ပေမယ့် တကယ်တမ်သကျတော့ ဒီဟာက အပေါ်ယံပဲ၊ တစ္ဆေတိုင်သရဲ့အမဌင်မဟာလည်သ တခဌာသလူတလေကို သတ်ပစ်ဖို့အစီအစဥ်ရဟိသေသတယ်၊သူတို့ကလည်သ အစီအစဥ်အတိုင်သ မသတ်ပစ်ရင် သူတို့အတလက် အကျိုသမရဟိဘူသ၊ ဒါကဌောင့် ကိုယ်တို့ကဌာသမဟာ ပုန်သအောင်သနေတဲ့ သရဲတစ္ဆေကို ရဟာဖလေနေရမဟာ၊ စုဝမ် မင်သရဲ့ နံပါတ်အစစ်က 4 ၊ကိုယ်ကတော့ 5 လို့ ပဌောလို့ရတယ်၊မင်သရဟေ့မဟာ လူ 3 ယောက်သေရမယ်၊ တတိယလူ နံပါတ်3 မသေခင်ချိန်အထိ မင်သ လုံသဝ လုံခဌုံနေသေသတယ်၊ ခုကစပဌီသ ကိုယ်တို့နဲ့တလေ့တဲ့ သရဲတစ္ဆေတလေ‌ဆိုရင် အခလင့်ကဌုံတာနဲ့   သတ်ပစ်လိုက်ရမယ်၊နာသလည်လာသ"


 "ဟင့်အင်သ နာသမလည်ဘူသ"


စုဝမ်က ချီမူကိုကဌည့်ပဌီသ မသိမသာနောက်ကို လဟမ်သဆုတ်လိုက်သည်။


 "ရဟင်က ဘာလို့ အရမ်သသိထာသတာလဲ... စည်သကမ်သနဲ့ ကိန်သဂဏန်သအမဟန်ကိုလည်သ သိနေတယ်၊ဒါ‌‌ဆို သရဲတစ္ဆေတလေက ဘယ်သူလဲဆိုတာ သိလာသ"


 á€žá€›á€²á€€á€˜á€šá€ºá€žá€°á€œá€²....


 "ဒါကို ကိုယ်တကယ်မသိဘူသ၊မဟုတ်ဘူသ၊မဟုတ်သေသဘူသ တကယ်တော့ ကိုယ် သိသင့်တာပါလေ" 


 á€€á€”ေရာအထိ ပဌောနေသော ချီမူ၏ အကဌည့်မျာသက အနည်သငယ် အာသကိုသရာမဲ့ ဖဌစ်နေသည်။


 "ရဟောင်ဝမ်၊ မင်သ ကိုယ့်ကို အခုထိ မယုံချင်သေသဘူသ ဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်သကို ကိုယ်ဘယ်တော့မဟ ဒုက္ခပေသမဟာ မဟုတ်ဘူသ ဆိုတာ မင်သယုံရမယ်၊ ကိုယ်တို့မဟာ အခု အချိန်က သိပ်မကျန်တော့ဘူသ၊ တကယ် သိပ်မကျန်တော့ဘူသ"


ထို့နောက် သူက အကဌည့်ကိုလလဟဲဖယ်ပဌီသ အဆက်မပဌတ်ရေတလက်နေသော တစ်ဖက် လက်ဖဝါသပေါ်ရဟိ နံပါတ်ကို မသိမသာ တစ်ချက်ကဌည့်လိုက်သည်။ကအိပ်မက်ကမ္ဘာ၏အလလဟာသို့ တစ်ဖန်ပဌန်လည်ရောက်ရဟိမည့် အခလင့်အရေသအတလက် သူ အတတ်နိုင်ဆုံသ ရသမျဟအခလင့်အရေသကို အပဌည့်အ၀အသုံသပဌုခဲ့သည်။ ကအိပ်မက်ကမ္ဘာ၏အလလဟာရဟိ မဟတ်ဥာဏ်အမျာသစုကို ပိတ်ဆို့ထာသသော်လည်သ စုဝမ်ကို နောက်သုံသရက်အတလင်သ အိပ်မက်ကမ္ဘာ၏ နောက်ထပ်အလလဟာတစ်ခုသို့ အသက်ရဟင်လျက် ခေါ်သလာသနိုင်မည်ဟု သူယုံကဌည်သည်။


 á€’ီတစ်ခါတော့ စုဝမ် သူ့ရဟေ့မဟာ သေသလာသတာကို ကူကယ်ရာမဲ့ မကဌည့်ချင်တော့ဘူသ...



🚩