Chapter 91(Part-1)
Viewers 11k

Volume 3 : အမြန်ရထား


Chapter 91 (4 of Hearts – ဇာတ်ကွက်ကတ်: လီမော့) Part-1

လွန်ခဲ့သော 10 နှစ်က လီမော့သည် အထက်တန်းကျောင်းတက်နေဆဲဖြစ်သည်။

စာမေးပွဲမှာ ပထမဆုရပြီး လွယ်အိတ်လွယ်ရင်း အိမ်ပြန်လာခဲ့သည်။ သူ့အဖေရဲ့ ချီးကျူးမှုကို ရနိုင်မယ်လို့ သူထင်ခဲ့သည်။ ထို့ကြောင့် သူသည် တံခါးထဲသို့ ဝင်လိုက်သည်နှင့် လီကျယ်မင်က သူ၏သားငယ်ကို အသံတိုးတိုးဖြင့် ချော့နေတာကို တွေ့လိုက်ရသည်။ သူ့အမေရှယွဲ့က သူ့ကို ဒေါသတကြီး ကြိမ်းမောင်းသည်။ "တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာကို မျက်လုံးကိုထိုးလိုက်ရလား။ အမေတို့ကိုပြောစမ်း၊ အမေတို့က ဆေးဖိုးပေးရုံတင်မကဘူး သူတို့ကို တောင်းပန်ရမှာ။ 

အလယ်တန်းကျောင်းတက်နေသေးသည့် လီဖေးက ငိုယိုသည်။ "သူက သားကို အရင်ဆဲဆိုပြီး သားက သူ့ကို ကျောက်ခဲနဲ့ ရိုက်လိုက်တာ။ သူ့မျက်လုံးကို ထိသွားမယ်လိုါ သားလည်း ဘယ်လိုလုပ်သိမှာလဲ။"

လီကျယ်မင်က ပြုံးလိုက်သည်။ "ဟုတ်ပါပြီ၊ ကလေးအချင်းချင်း ရန်ဖြစ်တာက ဘာမှမဟုတ်ပါဘူး။ ဆေးဖိုးဝါးခပဲ မဟုတ်လား။ ငါတို့တတ်နိုင်ပါတယ်။ နျိုတဖန်က မန်နေဂျာရာထူးအတွက် ငါသူနဲ့ယှဉ်ပြိုင်ခဲ့တုန်းက ငါ့ကို အမြဲတမ်း ရှုတ်ချခဲ့ပြီး အခုချိန်မှာတော့ သူက အရေးကြီးခွင်ကျယ်လုပ်ရုံပါ။ သူ့သားကို မျက်လုံးစစ်ဖို့ ပိုက်ဆံနည်းနည်းလောက်ပေးလိုက်မယ်။ ရှောင်ဖေးကို မဆူပါနဲ့၊ ရှောင်ဖေးက ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။"

လီဖေးသည် မျက်ရည်စက်လက်ဖြင့် မော့ကြည့်လိုက်ရာ အစ်ကိုကြီးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက နောက်ပြန်ဆုတ်ပြီး ပြောလိုက်သည်။ "အ-အစ်ကိုကြီး ပြန်ရောက်ပြီ။"

ထိုမှသာ လီမော့ကို လင်မယားနှစ်ယောက်က သတိထားမိသွားကြသည်။

လီကျယ်မင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်းပြန်လာပြီလား။ ကျောင်းဝင်းထဲမှာ မနေဘူးလား။"

လီမော့က တိတ်ဆိတ်စွာ ပြန်ဖြေသည်။ "ကျောင်းရဲ့ လစဉ်စာမေးပွဲ ပြီးသွားတော့ ဒီနေ့က တစ်ရက်ပိတ်တယ်။ ကျွန်တော် အဖေ့ကို စာပို့လိုက်တယ်။"

လီကျယ်မင်က သူ့နှာခေါင်းကို ထိကာ ပြုံးလိုက်သည်။ "အိုး၊ ငါ အရမ်းအလုပ်များနေလို့ မေ့သွားတယ်။ ညနေစာအတူတူစားကြရအောင်။ လီဖေး၊ အဖေနဲ့ သွားကစားကြမယ်။"

သူ့သားအကြီးဆုံး စာမေးပွဲ အောင်စာရင်းကိုတော့ သူမမေးဘူး။ သူက လီဖေးအား ခေါ်သွားတာကိုမြင်တော့ လီမော့သည် သူ၏မူလပျော်ရွှင်မှု ပျောက်ကွယ်သွား၏။ သူက အေးအေးဆေးဆေး တွေးလိုက်သည်။ "အမေ့၊ ဒီည ကျွန်တော်တို့ ဘာစားမှာလဲ။"

ရှယွဲ့၏ အသံက အေးစက်သွားသည်။ "ရှောင်ဖေးက ဟော့ပေါ့စားရတာ ကြိုက်လို့ ဒီည ဟော့ပေါ့ပဲ။"

သူအစပ်စားတာကို မကြိုက်ဘူးလို့ ပြောချင်ပေမယ့် အမျိုးသမီးက မီးဖိုချောင်ဘက်ကို လှည့်သွားပြီဖြစ်လို့ ပြောဖို့အခွင့်မသာခဲ့ဘူး။ လီမော့သည် အပေါ်ထပ်သို့တက်ကာ ဒိုင်ယာရီကိုဖွင့်ပြီး ရေးခဲ့သည်။ "ငါလည်း သူတို့သားပါပဲ၊ ဒါပေမဲ့ သူတို့အတွက် ငါက အပိုလူလို အမြဲခံစားနေရတယ်။ ငယ်ငယ်ကတည်းက အဖေက လီဖေးကိုပဲ ဂရုစိုက်တယ်။ အမေက ငါ့ကို ဘယ်တော့မှ မထိဘူး။ ဘာကြောင့်လဲ။"

အဲဒီညက လူလေးယောက် အိမ်မှာ ဟော့ပေါ့စားကြသည်။ လီဖေးသည် လီကျယ်မင်ကို အတန်းအကြောင်း စိတ်ဝင်စားဖွယ် ရယ်စရာအဖြစ်အပျက်များ ပြောပြရင်း အားရပါးရစားသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် လီမော့သည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ငရုတ်သီးကို ရေဖြင့်‌ လျှောချနေသော သူ့လုပ်ရပ်များကို လီကျယ်မင်နှင့် ရှယွဲ့တို့ မျက်ကွယ်ပြုခဲ့ကာ လီဖေးကိုသာ ဟင်းများ ထည့်ပေးခဲ့သည်။

လျစ်လျူရှုခံထားရသော ဆယ်ကျော်သက်၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုနှင့် အထီးကျန်မှုများ ပြည့်နှက်နေသည်။

……

လီမော့သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရလဒ်ကောင်းများရရှိပြီး စီးပွားရေးစီမံခန့်ခွဲမှုပညာကို လေ့လာနေသည့် တက္ကသိုလ်ကြီးတစ်ခုသို့ ဝင်ရောက်ခဲ့သည်။

အဲဒီနေ့မှာ သူထွက်သွားပြီး လီကျယ်မင်က သူ့ကို မလိုက်ပို့ခဲ့ဘူး။ လီကျယ်မင်းက သူ့အား ကတ်တစ်ခုနှင့် စာတစ်စောင်သာ ပေးခဲ့သည်။ "ကတ်မှာ 200,000 ရှိတယ်။ အဲဒါက လေးနှစ်တာ တက္ကသိုလ်စရိတ်အတွက် လုံလောက်သင့်တယ်။ မလုံလောက်ရင် ငါ့ကိုပြန်လာရှာလိုက်။"

လီမော့သည် ကတ်ကို ကိုင်ကာ တစ်ယောက်တည်း တက္ကသိုလ်သို့ check-in ဝင်ခဲ့သည်။

လီမော့သည် တက္ကသိုလ်တက်ပြီး လေးနှစ်တာကာလအတွင်း အိမ်မပြန်ခဲ့ဘူး။ အားလပ်ရက်တိုင်းတွင် သူသည် အလုပ်သွားကာ သူ့အဖေပေးသော ယွမ် 200,000 ကို အသုံးမချခဲ့ပေ။ အဲဒီအစား ငယ်ငယ်ကတည်းက သူ့ဘာသာသူ ပိုက်ဆံရှာသည်။ စိတ်ပျက်စရာကောင်းတာက သူဘာလို့ ပြန်မလာတာလဲ ဒါမှမဟုတ် တက္ကသိုလ်ဘဝကို သဘောကျရဲ့လားလို့ သူ့မိဘတွေက ဘယ်တော့မှ မမေးဖူးဘူး။ သူတို့အတွက်တော့ လီမော့ အိမ်ပြန်လာသည်ဖြစ်စေ၊ အိမ်မပြန်လာသည်ဖြစ်စေ အရေးမကြီးပါဘူး။

သူတို့၏ သူငယ်ချင်းအသိုင်းအဝိုင်းမှာ သူ့မိဘတွေက သူ့ညီလေးကို အားလပ်ရက်တိုင်း သူတို့နဲ့အတူ ခရီးတွေခေါ်သွားသည်။ မိသားစုသုံးယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေကတော့ ကြည်နူးစရာကောင်းလှသည်။

လီမော့က ဒါကို တဖြည်းဖြည်း ကျင့်သားရလာပြီး သူ့မိဘတွေကို အဆက်အသွယ် ဖြတ်လိုက်သည်။

လေးနှစ်တာက မြန်ဆန်သည်။ လီမော့၏ စတုတ္ထနှစ်တွင် သူသည် ကျောင်း၏ အစီအစဉ်များကို နားထောင်ကာ အလုပ်သင်အတွက် ကုမ္ပဏီတစ်ခုသို့ သွားခဲ့သည်။ ထို့နောက် ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်သင်လုပ်နေသည့် ရှူရှောင်မုန်နှင့်တွေ့ဆုံခဲ့သည်။

တိတ်ဆိတ်သော လီမော့နှင့် နှိုင်းယှဉ်ပါက သူမသည် တက်ကြွပြီး ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ သူမသည် တစ်နေ့တာလုံး ပြုံးပြီး မည်မျှပင် အလုပ်များနေပါစေ အမြဲတမ်း ပျော်ရွှင်တက်ကြွနေသည်။

တစ်ခါက ကုမ္ပဏီမှာ ပါတီပွဲတစ်ခု စီစဉ်ပြီး လီမော့သည် ထောင့်စားပွဲမှာ တစ်ယောက်တည်း ထိုင်နေခဲ့သည်။ ရှူရှောင်မုန်က သူ့ဆီ ပြေးလာပြီး ပြောခဲ့သည်။ "နင်က လီမော့မလား။ နင်က ဟွာတရဲ့ စီမံခန့်ခွဲမှုဌာနမှာ ရှိနေတယ်လို့ ငါကြားတယ်။ အရမ်းကောင်းတာပဲ။"

လီမော့သည် အလွန်ချောမောပြီး သူ့ထံသို့ မကြာခဏ မိန်းကလေးများ လာလေ့ရှိသည်။ ကောင်မလေးက အပြုံးနဲ့ဖျော်ရည်တစ်ခွက်ကို ကမ်းပေးတဲ့အခါ သူက မျက်မှောင်ကြုတ်ပြီး ထွက်သွားချင်နေခဲ့သည်။ "ငါ အခုလေးတင်မှ ဖျော်ရည်ညစ်ထားတာ၊ အရမ်းလတ်ဆတ်တယ်။ သောက်ပါဦး။"

သူမသည် လူတိုင်းကို ဖျော်ရည်များ ပို့ဆောင်ရန် ပန်းကန်ပြားတစ်ချပ်ကို သယ်ဆောင်လာခဲ့သည်။ လီမော့ မတုံ့ပြန်ခင်မှာ ဖျော်ရည်အပြည့်ခွက်ကို သူ့လက်ထဲ ထည့်လိုက်သည်။ လီမော့သည် သူမကို ပြန်ကြည့်လိုက်ကာ သူ့မျက်နှာက တင်းတင်းမာမာ ဖြစ်နေသည်။

သူက မျက်မှောင်ကြုတ်ကာ မြည်းစမ်းကြည့်သည်... အရမ်းချိုတယ်၊ ဒါက မက်မွန်းသီးအရသာပဲ။

ထိုနေ့မှစ၍ ရှူရှောင်မုန်ကို သူ သတိထားမိခဲ့သည်။ မိန်းကလေးသည် တောက်ပပြီး ရွှင်လန်းကာ ကြီးပြင်းလာသောအခါ သူမ၏မိသားစုက အလိုလိုက်ထားခဲ့ပုံရသည်။ သူမသည် လူအများအပေါ် ကြင်နာတတ်ပြီး မုန့်ဖုတ်တတ်သူဖြစ်သည်။ သူမသည် အရသာရှိသော အချိုပွဲများကို မကြာခဏပြုလုပ်ပြီး ကုမ္ပဏီသို့ ယူလာသည်။ သူမက လီမော့ကို အမြဲတမ်း အမျိုးမျိုး ပေးတတ်သည်။ အကြိမ်တိုင်း ငြင်းချင်သော်လည်း မိန်းကလေး၏ နွေးထွေးသော အပြုံးကြောင့် စိတ်ရှုပ်ကာ တင်းမာသော အမူအရာဖြင့်သာ သူလက်ခံနိုင်ခဲ့သည်။

ထိုအချိန်တွင် ရှူရှောင်မုန်သည် သူ့ကို သကြားလုံးများစွာ ကျွေးခဲ့ပြီး အမြဲတမ်း ပိန်ပိန်ပါးပါး သူ့ခန္ဓာကိုယ်က အမှန်တကယ် ကိုယ်အလေးချိန် တက်လာခဲ့သည်။ သူသည် ရှူရှောင်မုန်အတွက် နှစ်သက်ဖွယ်ကောင်းသော ခံစားချက်များ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

အလုပ်သင်ပြီးတဲ့နေ့မှာ ဌာနဆိုင်ရာအကြီးအကဲတွေက လူတိုင်းကို နှုတ်ဆက်ဖို့ ပါတီတစ်ခုကျင်းပဖို့ အစပြုခဲ့သည်။ လီမော့သည် အစပ်အစာ မစားချင်သော်လည်း လူများစုဝေးနေသဖြင့် ဘာမှမစားလို့မဖြစ်ပေ။ သူသည် အနည်းငယ်လောက်သော အစားအသောက်ကို စားရ၏။ ညဘက် အိမ်ပြန်ရောက်တော့ အူအတက်ပေါက်သွားသည်။ လီမော့သည် နာကျင်စွာဖြင့် ချွေးများထွက်နေသည်။ သူ့အဖေကို ဖုန်းဆက်ပေမဲ့ လီကျယ်မင်က ဖုန်းမဖြေတဲ့အတွက် လူနာတင်ယာဉ်ကို ခေါ်ပြီး အကူအညီတောင်းခဲ့ရသည်။

လူနာတင်ယာဉ်ရောက်လာချိန်မှာတော့ သူသည် နာကျင်ကိုက်ခဲမှုနဲ့ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်ခဲ့သည်။ သူ့ကို ဆေးရုံကို အမြန်ခေါ်သွားခဲ့ပြီး အရေးပေါ်ခန်းထဲမှာ ရင်းနှီးတဲ့ အသွင်အပြင်ကို တွေ့ခဲ့သည်။ ရှူရှောင်မုန်၏ တင်းမာသောအသံသည် သူ့နားထဲသို့ တိုးဝင်လာသည်။ "ဒါ လီမော့ မဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ…"

ဆရာဝန်က ပြောသည်။ "သူ့မှာ အူအတက်ရောင်နေတယ်။ မင်းက သူ့မိသားစုဝင်လား။ သူ့အခြေအနေက အန္တရာယ်ရှိပြီး ပေါက်ပြဲနေတဲ့ အူအတက်က ဝမ်းဗိုက်ကို ပိုးဝင်စေနိုင်တယ်။ အရေးပေါ်ခွဲစိတ်မှုလုပ်ဖို့ လိုတယ်။ အကြောင်းကြားစာ သဘောတူခွင့်ပြုချက်ဖောင်ကို မင်းလက်မှတ်ထိုးဖို့ အဆင်ပြေနိုင်မလား။"

ရှူရှောင်မုန်က အလျင်စလို ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မက သူ့မိသားစုဝင် မဟုတ်ဘူး။ ကျွန်မက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။"

လီမော့၏ နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့အသံကို လျှော့ကာ ပြောလိုက်သည်။ "ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ဖို့ လက်မှတ်ထိုးရပါတယ်။ ကျွန်တော့်မှာ မိသားစုမရှိဘူး။ ကျွန်တော် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကိုယ့်ဟာကိုယ် တာဝန်ယူနိုင်တယ်။"

သူသည် ဝမ်းဗိုက်ထဲက ပြင်းထန်တဲ့နာကျင်မှုကို သည်းခံပြီး ဆရာဝန်ထံမှ အကြောင်းကြားစာ သဘောတူခွင့်ပြုချက်ဖောင်ကိုယူကာ သူ့နာမည်ကို အမြန်ရေးထိုးခဲ့သည်။ သူ၏ဖြူဖျော့သောအသွင်အပြင်သည် ရှူရှောင်မုန်ကို စိတ်ဆင်းရဲစေခဲ့ပြီး သူမက သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။

လျှိုရှောင်ယန့်က သူမနောက်ကနေ အော်လိုက်သည်။ "ရှောင်မုန်၊ နင် လမ်းမှားနေပြီ။ ရှောင်ယွီက နှလုံးရောဂါဆိုင်ရာ အတွင်းလူနာဌာနမှာရှိနေတာ။ နင် ဘာလို့ အရေးပေါ်ဌာနကို ပြေးနေတာလဲ။"

ရှူရှောင်မုန်က သူမကို ပြောလိုက်သည်။ "အစ်မယန့်၊ နင် အရင်ဆုံး ရှောင်ယွီကို သွားကြည့်လိုက်ပါ။ ငါနောက်မှ လိုက်လာမယ်။ ငါ့သူငယ်ချင်းတစ်ယောက်က ခွဲစိတ်မှုလုပ်နေတာ။"

သူမသည် အရေးပေါ်ခန်းအပြင်သို့ ပြေးကာ လီမော့နေကောင်းလာမည်ဟု မျှော်လင့်ရင်း စင်္ကြံတွင် စိတ်လှုပ်ရှားစွာ ထိုင်နေခဲ့သည်။ တစ်နာရီကြာပြီးနောက် လီမော့ကို တွန်းလာသည်။ သူက ဖြူဖျော့နေပေမဲ့ ကြည့်ရတာ ပိုကောင်းလာသည်။

ရှူရှောင်မုန်က ချက်ချင်း ရှေ့သို့ တိုးသွားသည်။ "လီမော့၊ နင် ဘယ်လိုနေသေးလဲ။ နာသေးလား။"

လီမော့က အံ့ဩသွားပြီး သူမကို တအံ့တသြကြည့်မိသည်။ ကောင်မလေး၏ ကြည်လင်သော မျက်လုံးများသည် စိုးရိမ်မှု အပြည့်ရှိသည်။ ဒီအချိန်တွင် သူ့စိတ်ထဲမှာ နာကျင်နေသလို ခံစားရသည်။ သူသည် ခွဲစိတ်မှုစားပွဲပေါ်တွင် ရှိနေခဲ့ပြီး သူ့မိဘများက သူ့ကို မျက်ကွယ်ပြုခဲ့သည်။ ထိုအတောအတွင်း သူ့ကို သေချာမသိသော မိန်းကလေးသည် ခွဲစိတ်ခန်းအပြင်ဘက်တွင် သူ့ကို စောင့်နေခဲ့သည်။

လီမော့က ခေါင်းကို တောင့်တင်းစွာ လှည့်လိုက်သည်။ "ငါအဆင်ပြေပါတယ်။"

ရှူရှောင်မုန်က ဆရာဝန်ကို မေးလိုက်သည်။ "သူ့အခြေအနေ ဘယ်လိုလဲ။"

ဆရာဝန်က ဆိုသည်။ "ကံကောင်းထောက်မစွာနဲ့ အချိန်မီ ကယ်တင်နိုင်ခဲ့တယ်။ သူ့ကိုစောင့်ကြည့်ဖို့ ဆေးရုံမှာ နှစ်ရက်နေဖို့ လိုပြီး အရည်အစားအစာတွေကိုပဲ ခဏစားရလိမ့်မယ်။"

‌ရှူရှောင်မုန်က ခေါင်းငြိမ့်ပြပြီး သူ့ဆေးရုံကုတင်ကို အရေးပေါ်ခန်းကနေ လိုက်သွားခဲ့သည်။

ဆရာဝန်ထွက်သွားပြီးနောက် လီမော့က မေးလိုက်သည်။ "မင်းဘာလို့ ဆေးရုံရောက်နေတာလဲ။"

ရှူရှောင်မုန်က ပြောသည်။ "ငါ့မှာ မွေးရာပါနှလုံးရောဂါရှိတဲ့ ညီမကောင်းတစ်ယောက်ရှိတယ်။ မကြာသေးခင်က သူမက မသက်သာတာကြောင့် ဆေးရုံကို လာပြီးစစ်ဆေးတာ။ ငါ သူမကိုတွေ့ဖို့လာရင်း နင့်ကိုတွေ့ခဲ့တာ။ ဒါနဲ့ နင့်မိသားစုကို အကြောင်းကြားချင်…"

လီမော့က သူမကို ကြားဖြတ်ပြောလိုက်သည်။ "မလိုဘူး။"

ရှူရှောင်မုန်က 'အိုး' ဟု အသံပြုကာ စကားပြန်မပြောတော့ပေ။

လီမော့က သူမကို ပြောလိုက်သည်။ "မင်းညီမကိုပဲ သွားတွေ့လိုက်ပါ။ ငါအဆင်ပြေတယ်။"

ရှူရှောင်မုန်က ခဏလောက် တုံ့ဆိုင်းသွားပြီး မတ်တတ်ရပ်လိုက်သည်။ "ဒါဆို ကောင်းကောင်းအနားယူပါ။ ငါနင့်ကို မနက်ဖြန်လာတွေ့မယ်။"

သူမက ယဉ်ကျေးရုံသာပြောခဲ့သည်ဟု လီမော့ ထင်ခဲ့သည်။ ရလဒ်အနေဖြင့် နောက်နေ့မနက်တွင် သူမသည် အမှန်တကယ်ရောက်လာပြီး ယာဂုကိုပင် ချက်ပြုတ်ခဲ့လေသည်။ "ဆရာဝန်က နင် အရည်အစားအစာတွေပဲ စားလို့ရတယ်လို့ ပြောခဲ့တော့ ငါနင့်အတွက် ယာဂုနည်းနည်းလုပ်ထားတယ်။"
 
လီမော့သည် ရှုပ်ထွေးသောအမူအရာဖြင့်ယူကာ ယာဂုသောက်လိုက်သည်။ ချိုမြပြီး နူးညံ့ပျော့ပျောင်းသော ထမင်းသည် သူ့ဝမ်းဗိုက်အပြင် သူ့နှလုံးသားကိုပါ နွေးထွေးစေခဲ့သည်။ ဂရုစိုက်ခံရတာက အလွန်ကောင်းတာကို သူ ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည်။

ဆေးရုံဆင်းတဲ့နေ့မှာ ရှူရှောင်မုန် ရောက်လာသည်။ လီမော့သည် ဆေးရုံကုတင်ပေါ်မှ ဆင်းကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။ "မင်းငါ့အတွက် ဆေးရုံကို နေ့တိုင်း ယာဂုလာပေးရတာ အရမ်းလုံ့လကြီးတာပဲ။ အခြားလူတွေက မင်းကို ငါ့ရည်းစားလို့ ထင်နေကြပြီ။"

ရှူရှောင်မုန်၏မျက်နှာက နီရဲလာပြီး သူမက အလျင်စလိုရှင်းပြသည်။ "ငါက ရှောင်ယွီကို လာကြည့်ရင်း နင့်အတွက်လည်း စားစရာ ယူလာပေးတာပါ။ အထင်မလွဲပါနဲ့…"

လီမော့သည် သူမ၏ နီရဲသောအမူအရာကို မြင်သောအခါ ပြုံးလိုက်သည်။ "ငါက အထင်လွဲချင်တာ။"
 
"ဘယ်လို…"

သူက သူမကို ပြောခဲ့သည်။ "ငါ့ရည်းစားလုပ်ပါ။"

သူ၏နက်နဲသော မျက်လုံးများကို မျက်နှာမူကာ ရှူရှောင်မုန်က ဆောလျင်စွာ ခေါင်းငြိမ့်လိုက်သည်။ တကယ်တော့ သူမသည် သူ့ကို သဘောကျပေမဲ့ လီမော့က အေးစက်လွန်းတာကြောင့် သူမ မပြောရဲခဲ့ဘူး။ သူမက သူမကို တိတ်တဆိတ် ဂရုစိုက်ရုံသာတတ်နိုင်ခဲ့သည်။ ပထမဆုံးဖွင့်ပြောသူက သူဖြစ်လိမ့်မယ်လို့ သူမ မထင်ထားဘူး။ ရှူရှောင်မုန်က ရှက်သွေးဖြာပြီး ပြန်မဖြေပေ။ နောက်အခိုက်အတန့်တွင် သူက သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ရှူရှောင်မုန်သည် ရှက်သွေးဖြာနေသော်လည်း မရုတ်လိုက်သည်။ သူမကို သူက ခေါ်ဆောင်သွားခဲ့သည်။

လီမော့သည် အပြင်ပန်း အေးစက်သော်လည်း အတွင်းစိတ်တွင် နွေးထွေးသော လူတစ်ယောက်ဖြစ်သည်။ သူသည် အလွန်ထောက်ထားညှာတာတတ်သည်။ သုံးလကြာ တွဲပြီးနောက် သူတို့နှစ်ယောက်၏ ဆက်ဆံရေးဟာ တည်ငြိမ်ခဲ့ပြီး လီမော့၏ တောင်းဆိုချက်အရ အတူနေထိုင်ခဲ့ကြသည်။ လီမော့သည် လူကြီးလူကောင်းတစ်ဦးဖြစ်ပြီး အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော အိမ်တစ်လုံးကို ငှားရမ်းပြီး သူမကိုထိချင်စိတ်အား သည်းခံခဲ့သည်။ တစ်ဖက်တွင်မူ ရှူရှောင်မုန်က မထိန်းနိုင်ပေ။ သူမ၏မွေးနေ့မှာ လီမော့နှင့် သူမ၏ဆက်ဆံရေး နက်ရှိုင်းအောင် လုပ်ဆောင်ခဲ့သည်။

ထိုအချိန်မှစ၍ သူတို့နှစ်ဦးသည် ပို၍ပင် ချိုမြိန်လာခဲ့သည်။ လီကျယ်မင်သည် အပြင်လူများအတွက် အလွန်အေးစက်ပြီး 'ငါ့အနားလာရင် သေမယ်' ဟူသော အမူအရာရှိသည်။ သို့သော် အိမ်ပြန်ရောက်ပြီးနောက် သူသည် ရှူရှောင်မုန်ကို သူ့လက်မောင်းထဲတွင် ပွေ့ဖက်ထားပြီး သူမကို အလိုလိုက်ဂရုစိုက်သည်— ဒီမိန်းကလေးက သူ့နတ်သမီးလေးဖြစ်တာကြောင့်ပင်။

#TK