Chapter 253
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 253 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၀၅)

မနက်ရှစ်နာရီမှာ အားလုံးက လေဆိပ်ပေါ်မှာ အချိန်မှန် စုရုံးကြသည်။ အပြာရောင် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လူ 12 ဦးစလုံးသည် စွမ်းအင်အပြည့်ဖြင့် သပ်သပ်ရပ်ရပ် တန်းစီနေကြပြီး အထူးတပ်ဖွဲ့ယူနစ်တစ်ခုလို ဖြစ်နေသည်။

လူတိုင်းကို ယာဉ်ဖြင့် အာကာသယာဉ်ရပ်နားစခန်းသို့ ခေါ်ဆောင်ကာ အာကာသယာဉ်ပေါ်သို့ စနစ်တကျ တက်ခဲ့ကြသည်။

ယွဲ့ရှင်းဝမ်သည် အမိန့်ပေးခန်းသို့ ရောက်ရှိလာပြီး "Thorn" အာကာသယာဉ်၏ မောင်းနှင်ခွင့်အာဏာကို သော့ဖွင့်လိုက်သည်။ LCD ဖန်သားပြင်ပေါ်ရှိ ခလုတ်များသည် လင်းထိန်နေပြီး အပြာရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

ခယ်ရှောင်ပင်းက ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "ဒီလည်ပတ်မှုစနစ်က တော်တော်ရိုးရှင်းပါလား။"

"အင်း၊ အဓိကလုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်း ရေးထားပြီး ငါတို့လို ဘာမှမသိတဲ့သူတွေတောင် ထိန်းချုပ်နိုင်တယ်။" ယွဲ့ရှင်းဝမ်သည် ဖန်သားပြင်ပေါ်ရှိ "ထွက်ပါ" ခလုတ်ကို နှိပ်လိုက်ပြီး ထို့နောက် ဖန်သားပြင်ပေါ်ရှိ သတိပေးချက်စာတန်းတစ်ခု ဆက်လက်၍ထွက်ပေါ်လာသည်။ "ကျေးဇူးပြု၍ ထွက်ခွာမဲ့နေရာကို သတ်မှတ်ပေးပါ။"

အံ့ဖွယ် ဂလက်ဆီများ၏ မြေပုံသည် သူ့မျက်လုံးများရှေ့တွင် ပေါ်လာ၏။

အပြာရင့်ရောင် ကြယ်ရောင်ကောင်းကင်တွင် ကြယ်များသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး တချို့သောဂြိုဟ်များကို အပြာရောင်အလင်းတန်းများဖြင့် အမှတ်အသားပြုထားကြပြီး အာကာသယာဉ်က ဆင်းသက်နိုင်သည်။ သို့သော် လူသားများ မရောက်သေးတာ ဒါမှမဟုတ် ဆင်းသက်ဖို့ မသင့်တော်ဘူးလို့ ညွှန်ပြနေသည့် ဂြိုဟ်အများစုဟာ "ရွေးချယ်လို့မရတဲ့ အခြေအနေ" မှာ ရှိနေကြသည်။

ယွဲ့ရှင်းဝမ်သည် ဂလက်ဆီမြေပုံကို လက်ချောင်းများဖြင့် ပွတ်ဆွဲကာ ဂရုတစိုက် ရှာဖွေသည်။ မကြာခင်မှာပဲ ခရီးစဉ်၏ ဦးတည်ရာဖြစ်သော "ဘီတာ-71 နက်ဗျူလာ"ကို တွေ့ရှိခဲ့သည်။ ဦးတည်ရာကိုရွေးချယ်ပြီးနောက် အပြာရောင်လမ်းကြောင်းနှစ်ခုက သူ့ရှေ့တွင်ပေါ်လာသည်။

ယွဲ့ရှင်းဝမ်က လူတိုင်းကို ပြန်ကြည့်လိုက်သည်။ "လမ်းကြောင်းနှစ်ခုရှိတယ်၊ ငါတို့ ဘယ်လမ်းကို ရွေးသင့်လဲ။"

ကျန်းဖျင်စစ်သည် ရောက်လာပြီး ခဏလောက် ဂရုတစိုက်ကြည့်ရင်း ပြောလိုက်သည်။ "တစ်ခုက မြန်နှုန်းနိမ့်တဲ့လမ်းကြောင်းဖြစ်ပြီး ထွက်ခွာချိန်က ခုနစ်ရက်ကြာတယ်၊ နောက်တစ်ခုက အာကာသခုန်ကူးခြင်းဖြစ်ပြီး ဦးတည်ရာကိုရောက်ဖို့ ဂလက်ဆီများစွာကို ဖြတ်ကျော်ပြီး ထွက်ခွာချိန်ကို ထက်ဝက်လောက် တိုသွားစေနိုင်ပြီး သုံးရက်ပဲကြာတယ်။ လမ်းကြောင်းနှစ်ခုက မတူညီတဲ့အခြေအနေတွေကို ကြုံတွေ့ရနိုင်တယ်။"

ယွဲ့ရှင်းဝမ်တစ်ယောက်တည်း ဆုံးဖြတ်ချက်မချနိုင်သည့်အတွက် သူက ရိုးရိုးရှင်းရှင်း ဆိုခဲ့သည်။ "မဲပေးကြရအောင်။ လမ်းကြောင်းတစ်ကိုရွေးရင် ဘယ်လက်ကို မြှောက်ပြီး နှစ်ကိုရွေးရင် ညာလက်ကို မြှောက်ကြ၊ လူနည်းစုက လူများစုပြောတာကို နာခံရမယ်။" ဤနည်းဖြင့် နောင်အခါ အန္တရာယ်ရှိလာလျှင်ပင် မည်သူမျှ အပြစ်တင်မည်မဟုတ်ပါ။

ကျောင်းသားများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မဲပေးကြတော့သည်——

လူရှစ်ယောက်က ဘယ်လက်ကိုမြှောက်ပြီး ပိုရှည်သောလမ်းကြောင်းတစ်ကို ရွေးချယ်ခဲ့ကြသည်။

ယွဲ့ရှင်းဝမ်က ပြုံးပြီးပြောသည်။ "လူတိုင်းက စာကြည့်တိုက်ကို ကြောက်နေကြပုံရတယ်။ မင်းတို့က ပိုနှေးကွေးပြီး ဘေးကင်းချင်တာလား။"

လျှိုကျောက်ချင်း: "ဘာပဲပြောပြော အာကာသယာဉ်ပေါ်မှာ စားစရာအလုံအလောက်ရှိတယ်၊ ပြီးတော့ နေစရာနေရာလည်းရှိပြီး ရေချိုးလို့ရတယ်။ အာကာသယာဉ်ပေါ်မှာ ခုနစ်ရက်လောက်နေနေရတာက အမည်မသိကမ္ဘာကို စူးစမ်းလေ့လာတာထက် ပိုကောင်းတယ်မဟုတ်ဘူးလား။"

ရွှီယိရှန်းက ခေါင်းငြိမ့်သဘောတူသည်။ "ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်။ ဒီသင်တန်းရဲ့လိုအပ်ချက်က ကျွန်တော်တို့တွေ တစ်လလောက် ရှင်သန်ဖို့ပဲ။ လေနဲ့နေကို ကြောက်ရွံ့ပြီး တစ်နေ့တာလုံး ကြောက်ရွံ့နေရတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်နေရာကို စောစောရောက်ဖို့ မလိုအပ်ဘူး။"

လင်းမန့်လော်: "အာကာသယာဉ်ပေါ်မှာ အနည်းဆုံးတော့ ငါတို့ကို တိုက်ခိုက်မဲ့ ဂြိုဟ်သားသတ္တဝါတွေလည်းမရှိဘူး။"

ညာလက်ကို မြှောက်ထားသည့် ခယ်ရှောင်ပင်းက စကားပြောချင်ပေမဲ့ လူတိုင်း၏ စကားကိုကြားတော့ သူ့လည်ချောင်းထဲက စကားလုံးများကို ပြန်မျိုချလိုက်တော့သည်။ သူ တစ်ခုခုပြောချင်နေတာကို မြင်တော့ ရှင်းယန်က သူ့နားကိုကပ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်း ဘာပြောချင်တာလဲ။"

ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။ "ငါလည်း အာကာသယာဉ်ပေါ်မှာ နေချင်ပါတယ်၊ စားစရာနဲ့ အမိုးအကာတွေ ရှိပေမဲ့လည်း အာကာသယာဉ်က သေချာပေါက် ဘေးကင်းမှာ မဟုတ်ဘူး။ စာကြည့်တိုက်က လုပ်ရိုးလုပ်စဉ်အတိုင်း ကစားမှာမဟုတ်ဘူးလို့ ငါ အမြဲတမ်း ခံစားရတယ်။"

ရှင်းယန်က ပေါ့ပါးစွာ ဆိုသည်။ "စိတ်မပူပါနဲ့၊ ငါတို့ကို ရွေးချယ်ခွင့်နှစ်ခုပေးလိုက်တာက လူတိုင်းရဲ့စိတ်ဓာတ်ကို စမ်းသပ်ဖို့ပဲလို့ ငါထင်တယ်၊ တကယ်တော့ ငါတို့ ဘယ်တစ်ခုပဲ ရွေးခဲ့ပါစေ လွယ်ကူမှာမဟုတ်ဘူး။"

ခယ်ရှောင်ပင်းသည် ထိုအကြောင်းကို သေသေချာချာတွေးပြီး ရှင်းယန်၏ပြောဆိုချက်က ပို၍ ကျိုးကြောင်းဆီလျော်ကြောင်း တွေ့ရှိခဲ့သည်။ သူတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးကာ တစ်ခုသည် အခြားတစ်ခုထက် ပိုကောင်းသည်ဟု သူတို့အား မဲနှိုက်စေခြင်းနှင့် တူသည်။ ရလဒ်အနေဖြင့် ဘယ်ဘက်က ‘အားပေးမှုအတွက်ကျေးဇူးတင်ပါသည်’နှင့် ညာဘက်က ‘ပါဝင်ပေးသည့်အတွက်ကျေးဇူးတင်ပါသည်’ဟူ၍ ဖြစ်သည်—— သူတို့တွေ ဘယ်တစ်ခုပဲရွေးခဲ့ပါစေ စာကြည့်တိုက်ပုံစံနှင့်အညီ အဆုံးသတ်ကောင်းမရှိပါ။

ဒါကိုတွေးရင်း ခယ်ရှောင်ပင်းက စိတ်သက်သာရာရသွားကာ ရှင်းယန်ကို ပြုံးပြီးကြည့်လိုက်သည်။ "မင်းက ရှင်းရှင်းလင်းလင်းမြင်နေသေးတာပဲ။ လမ်းကြောင်းတစ်ကိုရွေးတာက နည်းနည်းပိုကြာပြီးတော့ လမ်းတစ်လျှောက် စကြဝဠာရှုခင်းကို ငါတို့မြင်ရနိုင်တယ်။"

ယွဲ့ရှင်းဝမ်သည် လမ်းညွှန်မြေပုံတွင် လမ်းကြောင်းတစ်ကို ရွေးသည်။ 

သူတို့နားထဲတွင် နူးညံ့သောစက်သံတစ်ခု ထွက်ပေါ်လာသည်။ "သွားမဲ့လမ်းကြောင်း အောင်မြင်စွာရွေးချယ်ပြီးပါပြီ၊ လေယာဉ်တက်ဖို့ လျှောက်လွှာကို လေဆိပ်ကွပ်ကဲမှုဌာနချုပ်ဆီ ပေးပို့ထားပါတယ်။ ကျေးဇူးပြု၍ ကိုယ့်ရဲ့ဘေးကင်းရေးထိုင်ခုံတွေမှာ ထိုင်ပြီး ထိုင်ခုံခါးပတ်ကို ပတ်ထားပါ။ ဦးတည်ရာခရီးက ဘီတာ-71 နက်ဗျူလာဖြစ်ပြီး ထွက်ခွာချိန်က 168 နာရီ၊ မိနစ် 30 ဖြစ်ပါတယ်။"

အမိန့်ပေးခန်းဘေးတွင် ထိုင်ခုံတန်းများရှိသည်။ လူတိုင်းသည် မြန်မြန်ထိုင်ပြီး သူတို့ခါးတစ်ဝိုက်တွင် ထိုင်ခုံခါးပတ်ကို ပတ်လိုက်ကြသည်။

'လေယာဉ်တက်ဖို့ခွင့်ပြုပါသည်' ဟူသော သတိပေးချက်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး အာကာသယာဉ်က ပြင်းထန်စွာ တုန်ခါလာသည်။

ခဏအကြာ အရှည် 10 မီတာရှိသော အပြာရောင်တောင်ပံများသည် သင်္ဘောကိုယ်ထည်၏ ဘယ်ညာခြမ်းမှာ ပေါ်လာပြီး အင်ဂျင်၏ အရှိန်အဟုန်နဲ့ လည်ပတ်နေသည့် အသံက သူတို့နားထဲမှာ မြည်လာကာ လေဆိပ်ခေါင်မိုး၏ သတ္တုတံခါးကို လျင်မြန်စွာဖွင့်လိုက်တာကြောင့် အာကာသယာဉ်သည် ကြိုးတစ်ချောင်းမှ မြားကဲ့သို့ ကောင်းကင်သို့ ချက်ချင်းတက်လာသည်။

10 စက္ကန့်မပြည့်ခင်မှာပဲ အာကာသယာဉ်ဟာ မြေပြင်ပေါ်ကို ရောက်လာခဲ့သည်။

လူတိုင်းသည် အပေါက်ဝမှ အပြင်ကို လှမ်းကြည့်ကြသည်။ နေရာတိုင်းတွင် ပူလောင်သော မြေကြီးရှိသည်။ စိမ်းလန်းသောအပင်များ အရိပ်အယောင်မျှ မရှိတာကို တွေ့လိုက်ရသည်။ သူတို့၏ မြေအောက်အခြေစိုက်စခန်းသည် ကြီးမားကျယ်ပြန့်သော သဲကန္တာရတွင် တည်ရှိသည်။

အခြားသတ္တဝါများ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးရန်အတွက် အခြေစိုက်စခန်းအထက်တွင် မတည်မငြိမ်မဖြစ်နိုင်သော လေကြောင်းကာကွယ်ရေးကွန်ရက်တစ်ခုကိင တည်ဆောက်ထားပြီး ထိုလေဆာလိုင်းများသည် အနီးရှိသတ္တဝါများကို အပိုင်းပိုင်းခွဲ၍ ချက်ချင်းညှစ်သတ်ရန် လုံလောက်ပါသည်။

အာကာသယာဉ်သည် လျင်မြန်စွာ ထွက်ခွာလာသည်နှင့်အမျှ ယွဲ့ရှင်းဝမ်သည် သူတို့တည်ရှိရာ စစ်အခြေစိုက်စခန်းအပြင် ဂြိုဟ်တစ်ခုလုံး၏ ရှုခင်းများကို မြင်တွေ့ခဲ့ရပြီး လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် မြေအောက်အမိုးအကာများစွာလည်း ရှိသည်။ မျက်နှာပြင်ပေါ်တွင် အဆောက်အဦးများ အလွန်နည်းပါးပြီး ကင်းထောက် သို့မဟုတ် ကာကွယ်ရေးအတွက် အသုံးပြုလေ့ရှိသည်။

"ပြင်ပအပူချိန် 48 ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး လေထုစိုထိုင်းမှု 10% ဖြစ်ပါတယ်။" ဟု သူတို့နားထဲတွင် စက်သံတစ်ခု ထွက်ပေါ်လာသည်။

လင်းမန့်လော်က မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဒီပတ်ဝန်းကျင်က အရမ်းဆိုးနေတယ်မဟုတ်ဘူးလား။ လူသားတွေရဲ့ ရှင်သန်မှုအတွက် သင့်တော်တဲ့ စိုထိုင်းမှုက 30% နဲ့ 60% ကြားမှာ ရှိသင့်တယ်။ ဒီမှာ စိုထိုင်းမှုက 10% ပဲရှိပြီး အပူချိန်က 48 ဒီဂရီရှိတယ်၊ ဒါက ခြောက်သွေ့တဲ့ သဲကန္တာရ ဧရိယာထက် ပိုကြောက်စရာကောင်းတယ်။ ဒီလိုပတ်ဝန်းကျင်မှာ လူတစ်ယောက်ရှိနေရင် နာရီဝက်အတွင်း အရမ်းပူပြင်းပြီး ရေဓာတ်ခမ်းခြောက်ပြီးတော့ စိတ်ချောက်ချားသွားမှာ။"

ကျိုဖုန်းက ကူကယ်ရာမဲ့ ပခုံးတွန့်လိုက်သည်။ "လူတွေက မြေအောက်မှာ ပုန်းနေရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ မြေအောက်က ပိုအေးလိမ့်မယ်။"

ခယ်ရှောင်ပင်းက ခွဲခြမ်းစိတ်ဖြာသည်။ "ကမ္ဘာမြေပျက်စီးပြီးနောက် လူသားတွေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ သက်ရှိကြယ်က အရမ်းကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုလို့ ထင်ရတယ်။ စူပါမားကတ်မှာတွေ့ခဲ့ရတဲ့ ဟင်းသီးဟင်းရွက်ခြောက်နဲ့ သစ်သီးခြောက်တွေကို လူတွေက ကမ္ဘာမြေကနေ ယူလာပြီး သူတို့ကိုယ်တိုင် စိုက်ပျိုးခဲ့တာ ဖြစ်နိုင်တယ်။"

ရှင်းယန်: "ဒီနေရာက အပင်ကြီးထွားဖို့ လုံးဝ မသင့်တော်ဘူး။ လူတွေမှာ အထူးအပင်စိုက်ပျိုးတဲ့ အခြေစိုက်စခန်းရှိရမယ်။ နောက်ပြီး လေထဲမှာ အောက်ဆီဂျင်ပါဝင်မှု မလုံလောက်တာကြောင့် အောက်ဆီဂျင်ထုတ်လုပ်ဖို့အတွက် ဓာတုဓာတ်ပြုမှုတွေ လိုအပ်နိုင်တယ်။"

လျှိုကျောက်ချင်းက ညည်းညူသည်။ "တိုတိုပြောရရင် ဒီမြေရိုင်းပတ်ဝန်းကျင်မှာ လူသားတွေရဲ့ဘဝဟာ အရမ်းခက်ခဲပါတယ်။ ငါတို့ ကမ္ဘာကြီးက ဒီလိုနေ့မျိုး ဘယ်တော့မှ မရောက်လာဖို့ မျှော်လင့်တယ်။"

အားလုံး တိတ်ဆိတ်သွားပြီး ပြတင်းပေါက်ကို လှည့်ကြည့်လိုက်တော့ ခံစားချက်တွေ ရောထွေးနေသည်။

အာကာသယာဉ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လေထုထဲမှ လွတ်မြောက်သွားခဲ့ပြီး ကြယ်သည် လူတိုင်း၏မျက်လုံးထဲတွင် ပျောက်ကွယ်သွားသည်အထိ အစက်ငယ်တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းက ကျယ်ပြောသော ကြယ်ရောင်ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။

အနက်ရောင် ကောင်းကင်တွင် ဥက္ကာခဲများသည် အဆက်မပြတ် ရွေ့လျားနေပြီး အရွယ်အစား အမျိုးမျိုးရှိသော ပတ်ဝန်းကျင်ရှိ ဂြိုဟ်များ၊ အရောင်အသွေး ပုံသဏ္ဌာန်အမျိုးမျိုးရှိသော နက်ဗျူလာများ၊ ဆန်းသစ်ပြီး ခမ်းနားလှသော ကြယ်ပွင့်များ၊ ကောင်းကင်ယံရှုခင်းကို လူတိုင်းက တအံ့တဩကြည့်ရှုခဲ့ကြသည်။

ခယ်ရှောင်ပင်းသည် စတင်ရိုက်ကူးရန် ရှောင်ထူကို အမြန်ခေါ်လိုက်သည်။ "ငါ ကြယ်ရောင်ကောင်းကင်ဗီဒီယိုကို ဖန်တီးချင်တယ်။"

ရွှီယိရှန်းက အပြုံးဖြင့် ပြောသည်။ "နက္ခတ္တမှန်ပြောင်းနဲ့ဆိုရင် မင်းမြင်ရတဲ့အရာထက် အများကြီးပိုအံ့ဩစရာကောင်းတယ်။"

အားလုံးက ကြယ်ရောင်ကောင်းကင်ကြီးကို ကြည်နူးစွာကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။

နာရီအနည်းငယ်အကြာသည်အထိ လူတိုင်း၏စိတ်လှုပ်ရှားမှုများ ပြီးဆုံးမသွားပေ။

ယွဲ့ရှင်းဝမ်က လမ်းညွှန်မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်အထိ Thorn အာကာသယာဉ်သည် အဖုအထစ်မရှိဘဲ အလွန်တည်ငြိမ်နေပြီး သတ်မှတ်လမ်းကြောင်းပေါ်တွင် ထွက်ခွာနေပါသည်။ အာကာသယာဉ်အတွင်း အောက်ဆီဂျင် ပေးဆောင်သည့် ကိရိယာများ ပါရှိပြီး အသက်ရှူခြင်းနှင့် စကားပြောရာတွင် အဆင်မပြေတာမျိုးမရှိပေ။

ယခင်ရှင်သန်ရေးအတန်းနှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ်ဆက်ဆံပုံသည် ကောင်းမွန်လွန်းသော်လည်း ယွဲ့ရှင်းဝမ်ကို ပို၍ပင် စိတ်မသက်မသာဖြစ်စေခဲ့သည်။

သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ လမ်းညွှန်ချက်ကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် လူတိုင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "ထမင်းစားချိန်နီးနေပြီ၊ စားသောက်ခန်းကိုသွားရအောင်၊ အမိန့်ပေးခန်းမှာ တာဝန်ကျနေမဲ့ လူနှစ်ယောက်ကို ချန်ထားခဲ့ပါ။"

ကျန်းဖျင်စစ်က အစပြု၍ ပြောခဲ့သည်။ "ငါနေမယ်။"

ယွဲ့ရှင်းဝမ်: "…အဟန့်၊ ဒါဆို ငါ ဖျင်စစ်နဲ့အတူ နေလိုက်မယ်၊ မင်းတို့ အရင်သွားစားကြပါ။"

ကျန်းဖျင်စစ်သည် ပုံမှန်အားဖြင့် ပြုံးလေ့မရှိဘဲ ယွဲ့ရှင်းဝမ်သည် အခြားအတန်းဖော်များက ကျန်းဖျင်စစ်နှင့်အတူ တာဝန်ကျပါက ဘာမှမပြောစရာဘဲ စိတ်မသက်မသာဖြစ်မည်ကို စိုးရိမ်လို့လား—— ဒါမှမဟုတ် သူက အရာရာတိုင်းတွင် ကျန်းဖျင်စစ်နှင့်အတူရှိရတာကို ကျင့်သားရနေတာကြောင့်လား။

ယွဲ့ရှင်းဝမ်သည် အမိန့်ပေးခန်းရှေ့ရှိ ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ ပြတင်းပေါက်က လူနှစ်ယောက်၏ရုပ်ပုံတွေကို ထင်ဟပ်နေသည်။ သပ်သပ်ရပ်ရပ် စစ်ဝတ်စုံဝတ်ထားသည့် ကောင်လေးနှစ်ယောက်ဟာ အရပ်အမြင့် 5cm လောက်သာ ကွာခြားသည်။ သူတို့ရှေ့တွင် ကြီးမားကျယ်ပြန့်သော ကြယ်ရောင်ကောင်းကင်ကြီးရှိသည်။ သူတို့သည် ဘေးချင်းကပ်ရပ်နေကြပြီး ထူးထူးဆန်းဆန်း လိုက်ဖက်သည့်ခံစားချက်မျိုး ရှိနေသည်။

ခဏနေပါဦး၊ သူဘာတွေစဉ်းစားနေတာလဲ။

ယွဲ့ရှင်းဝမ်၏နားများပူလာပြီး သူ့စိတ်ထဲက ထူးဆန်းသော အတွေးတွေကို ချက်ချင်း ဖယ်ထုတ်ပစ်လိုက်သည်။

မနီးမဝေးက စားသောက်ခန်းမှ အတန်းဖော်များ၏ စကားစမြည်ပြောသံ ထွက်ပေါ်လာသည်။ "မင်းတို့ ကြွက်သားစားလား။"

"မစားဘူး၊ ငါ ပိုးကောင်စားချင်တယ်။"

"ငါက မြွေသားကိုပဲ လက်ခံနိုင်တယ်။"

"ဘယ်အသားက အရသာအကောင်းဆုံးလဲဆိုတာ သိနိုင်ဖို့ အရသာအားလုံးကို စမ်းကြည့်လိုက်ပါလား။"

"ရှောင်ခယ် စမ်းကြည့်လိုက်။"

"ဟုတ်တယ်၊ ရှောင်ခယ်က သူရဲကောင်းပဲ၊ နင်က ပထမဆုံးစမ်းကြည့်ရမှာ။"

ခယ်ရှောင်ပင်းက ပြတ်ပြတ်သားသားပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ငါအရင်မြည်းစမ်းကြည့်မယ်၊ မြည်းကြည့်ပြီးရင် ငါမင်းတို့ကို အရသာပြောပြမယ်။"

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်: "…"

နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ချိန်တည်း ရယ်မောလိုက်ကြသည်။

ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ ညည်းညူလေသည်။ "ခယ်ရှောင်ပင်းက ကောင်းကင်မှာ ပျံသန်းတာတွေ၊ မြေကြီးထဲမှာ အောင်းတာတွေ၊ ရေထဲမှာ ကူးခတ်နေတာတွေအားလုံးကို တကယ်စားချင်တာပဲ။ သူ့အရသာက ကျယ်ပြန့်လွန်းတာကြောင့် ဂြိုဟ်သားသတ္တဝါတွေကိုတောင် အလွယ်တကူ လက်ခံနိုင်လိမ့်မယ်။"

ကျန်းဖျင်စစ်: "သူ့မှာ စိတ်ဓာတ်ကောင်းရှိတယ်။ ရှင်းယန်ပေါင်းထားတဲ့ နွယ်ပင်တွေကိုတောင် သူ စားခဲ့တာပဲ မဟုတ်ဘူးလား။"

ယွဲ့ရှင်းဝမ်က ပြုံးကာ မေးလိုက်သည်။ "မင်းကကော။ ဒီထူးဆန်းတဲ့ဘူးတွေကို မင်းစားနိုင်လား။"

ကျန်းဖျင်စစ်သည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ "ငါ တကယ်မစားချင်ဘူး။"

ယွဲ့ရှင်းဝမ်က သူ့ကိုယ်သူ တွေးနေခဲ့သည်။ ကျန်းဖျင်စစ်က သန့်ရှင်းတဲ့အကျင့်ရှိပြီး ကြွက်သားကိုစားမဲ့အစား အငတ်နေလိုက်မှာ သေချာတယ်။ ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးခြောက်တွေလည်း ရှိနေတာ ကံကောင်းတယ်။ ယွဲ့ရှင်းဝမ်က နူးညံ့စွာ ပြောလိုက်သည်။ "ဒါဆို မင်း အသီးအရွက်ခြောက်တွေ၊ ဘီစကွတ်တွေကို များများစားပြီး အာဟာရဖြည့်လိုက်ပေါ့။"

ကျန်းဖျင်စစ်က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ "ငါလည်း အဲဒီလိုပဲထင်တယ်။"

စကားစမြည်ပြောနေစဉ် ရုတ်တရက် အာကာသယာဉ်သည် အနည်းငယ်တုန်ခါသွားကာ ယွဲ့ရှင်းဝမ်သည် သူထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်ကာ အံ့အားသင့်သွားပြီး ချက်ချင်း မေးလိုက်သည်။ "ခြေထောက်အောက်က အခုလေးတင် တုန်သွားတယ်လို့ မင်းခံစားလား။"

"အင်း၊ တုန်နေတယ်။" ကျန်းဖျင်စစ်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လမ်းညွှန်ချက်ဖန်သားပြင်ကို ကြည့်လိုက်သည်။

'Thorn' အာကာသယာဉ်ကို ကိုယ်စားပြုသည့် အပြာရောင်အစက်သည် သတ်မှတ်ထားသော ကြယ်ကြားရှိ လမ်းကြောင်းပေါ်တွင် ရှိနေသေးသည်။ ဖန်သားပေါ်က လမ်းကြောင်းသည် အချိုးကျ ပြောင်းလဲသွားသောကြောင့် အာကာသယာဉ်ဟာ လမ်းကြောင်းတစ်လျှောက် ရှေ့ကို ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။

——သို့သော် ဒီအခိုက်အတန့်မှာ အပြာရောင်အလင်းတန်းအစက်သည် တကယ်ကို မလှုပ်မယှက်ဘဲရှိနေသည်။

ကျန်းဖျင်စစ်သည် ၎င်းကို နှစ်စက္ကန့်ကြာ စိုက်ကြည့်ပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ "မဟုတ်တော့ဘူး၊ အာကာသယာဉ်ရပ်သွားပြီ။"

ယွဲ့ရှင်းဝမ်၏အမူအရာမှာလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ "ဘာဖြစ်သွားတာလဲ။ ချွတ်ယွင်းတာတော့ မရှိလောက်ဘူးမလား။"

#TK