Chapter 256
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 256 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၀၈)

ယွဲ့ရှင်းဝမ်က ထူးဆန်းသော အိပ်မက်တစ်ခုကြောင့် နိုးလာသည်။

အာကာသယာဉ်၏ အိပ်ဆောင်တွင် ပြတင်းပေါက်များ မပါရှိဘဲ မီးများပိတ်ပြီးနောက် မည်းမှောင်နေသည်။ ယွဲ့ရှင်းဝမ်သည် သူ့အဝတ်အစားများ ချွေးများဖြင့် စိုစွတ်နေပြီး ပူလွန်းသဖြင့် ရေနွေးငွေ့ထဲတွင် အိပ်ပျော်သွားသလို ခံစားလိုက်ရသည်။

ယွဲ့ရှင်းဝမ်သည် စောင်ထဲက လက်ပတ်ကို ကြည့်လိုက်တော့ အချိန်က မနက် 6 နာရီပဲ ရှိသေးသည်။ ဘေးကုတင်မှာ အိပ်ပျော်နေဆဲဖြစ်သော ကျန်းဖျင်စစ်ကိုကြည့်ရန် သူ့ခေါင်းကိုလှည့်ကြည့်လိုက်တော့ ပုံမှန်သာအသက်ရှူနေပြီး လက်ပတ်အလင်းကြောင့် တစ်ဖက်လူ၏ဘေးတိုက်ရုပ်သွင်ကို မြင်လိုက်ကာ ယွဲ့ရှင်းဝမ်သည် ရုတ်တရက် အပြစ်ရှိစိတ်ဖြစ်သွားသည်။

သူ့အိပ်မက်ထဲက ဖော်မပြနိုင်တဲ့ အပိုင်းအစတွေကို ပြန် သတိရဖို့ ရှက်ရွံ့နေခဲ့သည်။

ယွဲ့ရှင်းဝမ်၏ မျက်နှာတစ်ပြင်လုံး ပူလာကာ ပူလောင်လုနီး ဖြစ်နေပြီး သူ အမြန်ပြန်လှည့်ကာ အိပ်ရာပေါ်မှထပြီး ရေချိုးခန်းသို့ ခပ်ဖွဖွသွားကာ ရေအေးဖြင့် ရေချိုးပြီး သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး တံခါးကနေ ထွက်သွားရန် သူတစ်ဖက်ကို လှည့်လိုက်သည်။

နံနက် 6 နာရီမှ 8 နာရီကြားအချိန်သည် ရှင်းယန်နှင့် ခယ်ရှောင်ပင်း တာဝန်ကျချိန်ဖြစ်သည်။

ယွဲ့ရှင်းဝမ် အမိန့်ပေးခန်းသို့ရောက်သောအခါ ခယ်ရှောင်ပင်းသည် သူ့လက်ပ်တော့ဖြင့် မိုင်းရှင်းလင်းရေးဂိမ်းကို ကစားနေပြီး ရှင်းယန်သည် လမ်းကြောင်းပြမြေပုံကို အမူအရာမဲ့စွာ စိုက်ကြည့်နေကာ အမိန့်ပေးပလပ်ဖောင်း ရှေ့တွင် ထိုင်နေလေသည်။

သူဝင်လာတာကိုမြင်တော့ နှစ်ယောက်စလုံးက တစ်ချိန် တည်းမှာ ခေါင်းကိုမော့လိုက်ပြီး ပဟေဠိဆန်တဲ့ အမူအရာတွေ ပြကြသည်။

ခယ်ရှောင်ပင်းက မျက်မှန်ကိုမပြီး မေးလိုက်သည်။ "ရှင်းဝမ်၊ မင်း ဘာလို့ ဒီလောက် စောစောထလာတာလဲ။ အခုမှ 6 နာရီပဲ ရှိသေးတာကို။"

ရှင်းယန်က အေးအေးဆေးဆေး မေးသည်။ "တစ်ခုခုဖြစ်လို့လား။"

ယွဲ့ရှင်းဝမ်၏ နားရွက်များ နီရဲလာသည်။ သူက တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ငါ အိမ်မက်ဆိုးမက်လို့ ထိတ်လန့်တကြားနဲ့ နိုးလာခဲ့တာ။"

ခယ်ရှောင်ပင်းက သိချင်စွာ မေးသည်။ "ဘယ်လို အိမ်မက်ဆိုးမျိုးလဲ။"

ယွဲ့ရှင်းဝမ်: "…"

သူနဲ့ ကျန်းဖျင်စစ်က အတူတူ ရေချိုးပြီး တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ကို တို့ထိပြီး မသဲကွဲတဲ့ လှုပ်ရှားမှုတွေလုပ်နေတာကို သူအိမ်မက်မက်ခဲ့သည်။ အမှန်အတိုင်းပြောရင် ခယ်ရှောင်ပင်း၏မျက်လုံးတွေ ပြုတ်ထွက်သွားနိုင်သည်။

ယွဲ့ရှင်းဝမ်သည် အဝေးကို လှမ်းကြည့်ကာ ပေါ့ပါးစွာ ဆိုသည်။ "ငါက အကောင်စားခံရတယ်လို့ အိမ်မက်မက်ခဲ့တာ။"

ခယ်ရှောင်ပင်းက ပြုံးလိုက်သည်။ "ငါက မင်းနဲ့ဆန့်ကျင်ဘက်ပဲ၊ မနေ့ညက ငါအိပ်ပျော်သွားပြီးနောက် ငါက အကောင်တွေကို စားနေတာ အိမ်မက်မက်ခဲ့တယ်။

ရှင်းယန်: "…"

ယွဲ့ရှင်းဝမ်သည် ခလုတ်ခုံဆီသို့ လျှောက်သွားကာ လမ်းကြောင်းပြမြေပုံကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။ "ယာဉ်က အားလုံးပုံမှန်ဖြစ်ရဲ့လား။" 

ရှင်းယန်: "အင်း၊ အာကာသယာဉ်က အရင်က သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားနေပြီး အခုထိ အကွာအဝေးရဲ့ 15% သာ သွားလာပြီး ဆိုက်ရောက်ဖို့ 6 ရက်လိုသေးတယ်။"

ယွဲ့ရှင်းဝမ်သည် အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေတာကို မြင်သောအခါတွင် စိတ်ငြိမ်သွားပြီး အပြင်သို့ လှည့်ကြည့်လိုက်သည်။ "မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ငါ တစ်ခုခုစားဖို့ သွားရှာလိုက်ဦးမယ်။"

သူ မနေ့က ဟင်းသီးဟင်းရွက်နှင့် အသီးခြောက်များစွာ စားထားပြီး အစာချေဖို့လွယ်ကူတာကြောင့် ဗိုက်ဆာသလို ခံစားလိုက်ရသည်။ သူ ထမင်းစားခန်းသို့ လျှောက်လာသည်နှင့် မထင်မှတ်ဘဲ ရင်းနှီးသောမျက်လုံးတစ်စုံကို ရုတ်တရက် ယွဲ့ရှင်းဝမ် တွေ့လိုက်ရသည်။

—— ကျန်းဖျင်စစ်ကလည်း ထမင်းစားခန်းကို ရောက်လာခဲ့သည်။

ရှင်းဝမ်ကို မြင်တော့ သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်း ဘာလို့ထလာတာလဲ။"

တစ်ချိန်တည်းမှာပဲ ယွဲ့ရှင်းဝမ်ကလည်း မေးလိုက်သည်။ "မင်း ဘာလို့ထလာတာလဲ။"

နှစ်ယောက်စလုံး: "…"

အဆင်မပြေသော တိတ်ဆိတ်မှုက 3 စက္ကန့်ကြာသည်။ ကျန်းဖျင်စစ်၏ နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ မြင့်တက်သွားပြီး ပြောလိုက်သည်။ "ငါက အအိပ်ဆက်ပြီး ရေချိုးခန်းထဲမှာ တစ်ယောက်ယောက် ရေချိုးနေတာကြားလို့ ငါလန့်နိုးလာတာ။"

ယွဲ့ရှင်းဝမ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ပြန်ဖြေသည်။ "ငါ့ရဲ့လှုပ်ရှားမှုက ပေါ့ပါးတယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ မင်းနိုးလာမယ်လို့ ငါမထင်ထားဘူး။"

"အရေးမကြီးပါဘူး။" ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ နီရဲနေတဲ့ နားရွက်တွေကို ကြည့်ပြီး နူးညံ့စွာ မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ။ မင်း ဒီနေ့တာဝန်ကျစရာမလိုဘူး၊ စောစောထလာတယ်။"

ယွဲ့ရှင်းဝမ်သည် သူ့မျက်လုံးများကို မကြည့်ဝံ့သောကြောင့် ပြောရန် ခေါင်းငုံ့ထားရသည်။ "ငါ အိမ်မက်ဆိုးကြောင့် နိုးလာတာ။"

ကျန်းဖျင်စစ်က မေးလိုက်သည်။ "အိမ်မက်ဆိုးလား။ မင်း ဘာအိမ်မက်မက်ခဲ့တာလဲ။"

ယွဲ့ရှင်းဝမ်၏နားရွက်ပေါ်ရှိ ရှက်သွေးဖြာမှုသည် သူ့ပါးပြင်များဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး တိုးတိုးပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ အဲဒါက ညစ်ပတ်နေတဲ့ သတ္တဝါတစ်ကောင်ပါ၊ စည်သွတ်ဘူးတွေရဲ့ ထူးဆန်းတဲ့ အရသာကြောင့် သက်ရောက်ရှိတာဖြစ်မယ်။"

ကျန်းဖျင်စစ်သည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ ထမင်းစားခန်းသို့ လှမ်းကာ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ဘီစကွတ်နဲ့ နို့တချို့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ "မင်း နိုးလာပြီဆိုတော့ မနက်စာ အရင်စားရအောင်။ နောက်ကျရင် အခြားကျောင်းသားတွေ နိုးလာတဲ့အခါ အားလုံးစားနိုင်အောင် ငါတို့ အဆိုင်းပြောင်းလိုက်မယ်။"

ယွဲ့ရှင်းဝမ်က "အင်း" ဟု ပြောကာ ထမင်းစားပွဲမှာထိုင်ပြီး အစားအသောက်တွေကို အငမ်းမရမျိုချရင်း ခေါင်းငုံ့ကာ ရှက်ရွံ့မှုကို သက်သာစေဖို့ စားသောက်ခဲ့သည်။

ဘီစကွတ်နှစ်ထုပ်ဆက်တိုက်စားပြီးနောက် ယွဲ့ရှင်းဝမ်သည် တည်ငြိမ်သွားပြီး နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော် ကျန်းဖျင်စစ်နဲ့ သူ ဘာစကားပြောရမှန်းမသိတဲ့အတွက် ဘီစကွတ်အိတ်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေပြီး အဲဒီနေရာမှာတိတ်ဆိတ်စွာ ထိုင်နေခဲ့ရသည်။

ကျန်းဖျင်စစ်: "မင်း ဘာလို့ ဒီနေ့ စကားမပြောတာလဲ။"

ယွဲ့ရှင်းဝမ်: "ငါ ဘာပြောရမှန်းမသိလို့"

ကျန်းဖျင်စစ်က ရယ်မောလိုက်သည်။ "မင်း ဘာပြောရမှန်းမသိတာ အတော်လေးရှားတယ်။"

ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ငါက အရမ်းစကားများတယ်ဆိုပြီး မင်းရွဲ့ပြောနေတာလား။"

ကျန်းဖျင်စစ်၏အသံက နူးညံ့နေသည်။ "စကားများများပြောတာက အတော်လေးကောင်းပါတယ်။ အနည်းဆုံးတော့ မင်းရှိနေရင် ပတ်ဝန်းကျင်ကို အမြဲတမ်း တက်ကြွအောင်လုပ်နိုင်တယ်လေ။"

ယွဲ့ရှင်းဝမ်သည် ယခု သူနှင့်အတူ နှစ်ယောက်တည်းရှိနေသရွေ့ ပတ်ဝန်းကျင်းသည် တကယ်မတက်ကြွတော့ဘဉ တစ်ခုခုထူးဆန်းနေသလို သူအမြဲလိုလို ခံစားနေမိသည်။

နှစ်ယောက်စလုံး တစ်ချိန်တည်း တိတ်ဆိတ်သွားသည်။

ပုံမှန်အားဖြင့် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ အတူတူရှိနေသရွေ့ သူတို့တွင် အဆုံးမဲ့ပြောစရာများ ရှိတတ်ပြီး အခြားလူများက သူတို့ကို နှောင့်ယှက်ခြင်းပင်မပြုနိုင်ပေ။ သို့သော် ဒီနေ့မှာတော့ သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ခဲ့ကြဘူး။

တိတ်ဆိတ်သော ထမင်းစားခန်းအတွင်း၌ တစ်ယောက်နှင့် တစ်ယောက် အသက်ရှူသံကိုပင် ကြားနိုင်သောကြောင့် ယွဲ့ရှင်းဝမ်သည် ပင်အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရသည်။ အချိန်အတော်ကြာအောင် တွေးပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ အကြောင်းအရာတစ်ခုရှာချင်ပေမဲ့ ကျန်းဖျင်စစ်က အစပြု၍ ပြောလာတာကို သူကြားလိုက်ရသည်။ "အထက်တန်းကျောင်း မိဘ-ဆရာတွေ့ဆုံပွဲမှာ မင်းအဖေကို တစ်ခါတွေ့ဖူးတာ ငါ မှတ်မိတယ်၊ သူက အရမ်းစိတ်ကောင်းဝင်နေတာလား။ အမြဲပြုံးနေတယ်။"

ယွဲ့ရှင်းဝမ်က ဝိုးတိုးဝါးတား ဖြေသည်။ "အဲဒါက အထက်တန်းပထမနှစ်ဝက် မိဘ-ဆရာတွေ့ဆုံပွဲလား။"

ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။"

ယွဲ့ရှင်းဝမ်သည် ထိုအချိန်က အဖြစ်အပျက်ကို သတိရပြီး မနေနိုင်ဘဲ ရယ်လိုက်သည်။ "မိဘဆရာတွေ့ဆုံပွဲမှာ မင်းက တစ်တန်းလုံးမှာ ပထမနေရာရခဲ့ပြီး ကျောင်းအုပ်ကြီးဆီကနေ အချိန်အကြာကြီး ချီးကျူးခံရတာကို ငါမှတ်မိတယ်။ ငါ့အဖေပြန်သွားတော့ မင်းအတန်းထဲက ကျန်းဖျင်စစ်က အရမ်းတော်တယ်၊ အရမ်းခက်ခဲတဲ့ သင်္ချာစာရွက်ကို ရမှတ် 100 ရနေသေးတယ်လို့ ငါ့အဖေက ပြောခဲ့တယ်။ ကျန်းဖျင်စစ်က စာမေးပွဲမှာ ရမှတ် 100 ရခဲ့တယ်ဆိုတာ သူရနိုင်တဲ့ အမြင့်ဆုံးအမှတ်က 100 ဖြစ်နေလို့၊ သူသာ မေးခွန်းဆယ်ခုထက်ဖြေလိုက်ရင် ရမှတ် 200 ရနိုင်သေးတယ်လို့ ငါသူ့ကိုပြောလိုက်တယ်။"

ကျန်းဖျင်စစ်: "…"

ယွဲ့ရှင်းဝမ်က ချောင်းဟန့်လိုက်သည်။ "ငါ အထက်တန်းပထမနှစ်၊ ပထမနှစ်ဝက်မှာ အရမ်းဆိုးခဲ့ပြီး ငါ့အဖေက ငါ့ကို အဆင့်တစ်ရတဲ့ ကျန်းဖျင်စစ်နဲ့ ပိုပြီးစာလေ့လာလို့ အမြဲတမ်းပြောတယ်၊ သူက မင်းအပေါ်မှာ အမြင်ကောင်းရှိတယ်။"

ကျန်းဖျင်စစ်၏ နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ မြှောက်သွားသည်။ "ဆန့်ကျင်ဘက်ပဲ။ ငါ့အမေက မိဘ-ဆရာတွေ့ဆုံပွဲလာပြီးတော့ ငါ့ကို မင်းဆီကနေ ပိုလေ့လာခိုင်းတယ်။ ယွဲ့ရှင်းဝမ်က ဉာဏ်ထက်ပြီး ရွှင်လန်းတယ်၊ ပုစ္ဆာတွေထဲမှာပဲ ကိုယ့်ကိုကိုယ်မြှုပ်နှံထားတဲ့ငါ့ထက် များစွာသာလွန်ကောင်းမွန်တဲ့ အနာဂတ်ကို သူရရှိလိမ့်မယ်လို့ သူမက ပြောခဲ့တယ်။"

ယွဲ့ရှင်းဝမ်က အနည်းငယ်ရှက်သွားသည်။ "မင်းအမေက ငါ့ကို ချီးကျူးတာလား။"

ကျန်းဖျင်စစ်: "အင်း၊ သူမက မင်းကို မကြာခဏ ချီးကျူးလေ့ရှိပြီး မင်းက အဆင့်ကောင်းရုံတင်မကဘဲ ပင်ကိုယ်စရိုက်လည်း ကောင်းတယ်လို့ ပြောတယ်။"

ဒီအခိုက်အတန့်မှာပဲ ခယ်ရှောင်ပင်း၏ အသံက သူတို့နောက် ကနေ ရုတ်တရက်ထွက်လာသည်။ "နှစ်ဖက်မိဘတွေက မင်းတို့ရဲ့အိမ်ထောင်ရေးကို သဘောတူပုံရတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့က အရပ်ဘက်ရေးရာဗျူရိုကနေ လက်မှတ်ရထားပြီး ပြန်သွားတဲ့အခါ မင်္ဂလာဆောင်ပြီး မင်္ဂလာသကြားလုံးတွေ ပို့ပေးဖို့ မမေ့နဲ့နော်"

ယွဲ့ရှင်းဝမ်: "…"

သူက ခယ်ရှောင်ပင်းကို ဖမ်းပြီး ရိုက်နှက်လို့ရလား။

ခယ်ရှောင်ပင်းက နောက်ပြောင်နေမှန်း သူသိပေမဲ့ တစ်ဖက်မိဘတွေ၏ရင်ထဲမှာ သူတို့နှစ်ယောက်စလုံးက ထူးချွန်သူတွေဖြစ်ကြတာကို ယွဲ့ရှင်းဝမ် ရုတ်တရက် သိလိုက်ရတဲ့အတွက် မိဘတွေက 'မင်းငါ့သားကို ဆွဲချတယ်လို့' မထင်လောက်ဘူး။

ထိုနှစ်တွင် မြို့၏ဝိဇ္ဇာနှင့် သိပ္ပံ ထိပ်တန်းကျောင်းသားများအဖြစ် သူတို့နှစ်ဦးသည် အမြဲတန်းတန်းတူဖြစ်နေသည်။ ဘယ်သူကမှ ပိုအားကောင်းသည် သို့မဟုတ် ပိုပျော့ညံ့သည် မရှိခဲ့ပေ။ တစ်နေ့မှာ သူတို့သည် သူတို့မိသားစုဆီက ထွက်လာပြီး အတူတူနေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာအောင် သိကျွမ်းခဲ့ကြပြီး သူတို့လုပ်ခဲ့တာတွေက တန်းတူညီတူ ကောင်းကောင်းလုပ်နိုင်တာကို သူတို့မိသားစုက သိမြင်လာမှာပါ... သူတို့ ဒါကိုဆန့်ကျင်ဖို့ မလိုအပ်ဘူးလား။

ယွဲ့ရှင်းဝမ်၏စိတ်က ရုတ်တရက် ရှုပ်ထွေးသွားသည်။

ဤဖြစ်ရပ်မှန်များကို ပထမဆုံးအကြိမ်အဖြစ် သူသုံးသပ်ခဲ့ သည်။ အကယ်၍ သူသည် မိန်းကလေးဖြစ်ခဲ့လျှင် သို့မဟုတ် ကျန်းဖျင်စစ်သည် မိန်းကလေးဖြစ်ခဲ့ပါက သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ အားလုံးသည် သူတို့နှစ်ဦးအတူတူရှိရန် ကောင်းချီးမင်္ဂလာများ ပေးကြမည်မှာ သေချာပါသည်။ သို့သော် သူတို့နှစ်ယောက်မှာ ယောင်္ကျားလေးများဖြစ်ပြီး လူအများ၏အမြင်တွင် ယောင်္ကျားလေးနှစ်ဦး အတူတကွနေခြင်းက သွေဖည်သွားခဲ့ကြပြီး နိုင်ငံ၏လက်ထပ်ထိမ်းမြားခြင်းဥပဒေများသည် လက်ရှိတွင် လိင်တူလက်ထပ်မှတ်ပုံတင်ခြင်းကို ထောက်ခံခြင်းမရှိပေ။

ယွဲ့ရှင်းဝမ်သည် အခြားသူများ၏အမြင်ကို ဂရုမစိုက် သော်လည်း သူ့မိဘများ၏ အတွေးများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရသေးသည်။ ကျန်းဖျင်စစ်က သူ အမြတ်နိုးဆုံးလူဖြစ်ပြီး အဲဒါက သူ အလျင်စလို ဆုံးဖြတ်ချက်မချနိုင်သည့် အခြေခံအကြောင်းအရင်းလည်းဖြစ်သည်။

ယွဲ့ရှင်းဝမ်သည် ခေါင်းငုံ့ပြီး လေးလေးနက်နက် တွေးတောနေတာကို မြင်သောအခါ ခယ်ရှောင်ပင်းက ကြောင်သွားသည်။ "ရှင်းဝမ်၊ ငါက နောက်တာပါ။ မင်း စိတ်မဆိုးဘူးမလား။"

ယွဲ့ရှင်းဝမ်က အာရုံပြန်ရောက်လာပြီး ပြုံးလိုက်သည်။ "ငါ စိတ်မဆိုးပါဘူး၊ အခုလေးတင် ငါ မင်းပြောတာမကြားလိုက်ဘူး။"

ခယ်ရှောင်ပင်းသည် သက်ပြင်းတစ်ချက်ချကာ စားပွဲပေါ်မှ ဘီစကွတ်နှစ်ထုပ်ကို ယူလိုက်ပြီး ပြောသည်။ "ငါ စားစရာတချို့ ယူသွားလိုက်ဦးမယ်၊ မင်းတို့တွေ စကားစမြည်ဆက်ပြောကြ၊ ငါ အမိန့်ပေးခန်းကို ပြန်သွားတော့မယ်။"

သူထွက်သွားပြီးနောက် ကျန်းဖျင်စစ်သည် စားပွဲပေါ်မှ ယွဲ့ရှင်းဝမ်၏လက်ကို ညင်သာစွာကိုင်လိုက်ပြီး သူတို့နှစ်ဦးသာကြားနိုင်သည့် အသံတိုးတိုးလေးဖြင့် နူးညံ့စွာပြောခဲ့သည်။ "ရှင်းဝမ်၊ မင်းက အရမ်းတာဝန်ယူတတ်သူတစ်ယောက်ဆိုတာ ငါသိပါတယ်၊ ပြီးတော့ မင်းက အရာရာကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလိမ့်မယ်။ ငါ့ရဲ့ဆုံးဖြတ်ချက်ကို မိဘတွေက ကန့်ကွက်မှာမဟုတ်ဘူးဆိုတာ ငါအာမခံနိုင်တယ်။ အဲဒီနှစ်မှာ ငါ တက္ကသိုလ်ရွေးချယ်တာကို ပြောင်းလိုက်တုန်းက သူတို့ကို ပြောထားပြီးပြီ။"

ယွဲ့ရှင်းဝမ်၏ရင်ထဲတုန်ယင်သွားပြီး သူ့လက်ကို ပြန်ဆွဲချင်သော်လည်း ကျန်းဖျင်စစ်က ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

တစ်ဖက်လူ၏ ကိုယ်အပူချိန်သည် လက်ချောင်းသွယ်၏ အစိတ်အပိုင်းတစ်လျှောက် ပျံ့နှံ့သွားပြီး နွေးထွေးကာ သက်သာရာရစေသည့် စွမ်းအားရှိသကဲ့သို့ နားထဲတွင် အသံ က တိုးလျကာ နူးညံ့သည်။ "မနေ့ညက မင်း အကောင်တွေကို အိမ်မက်မမက်ခဲ့ဘူးမလား။"

ယွဲ့ရှင်းဝမ်၏ နားရွက်များသည် ဓာတ်လိုက်ခံရသကဲ့သို့ ချက်ချင်းပင် နီရဲလာပြီး လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ အိပ်မက်ထဲတွင် မရေရာသော အပိုင်းအစများကို တွေးတောရင်း မြေကြီးထဲတွင် သူ့ကိုယ်သူ မြုပ်ချင်နေခဲ့သည်။

ကျန်းဖျင်စစ်က သူ့နားထဲကို ဆက်လက်တိုးတိုးပြောခဲ့သည်။ "မနေ့ညက မင်းငါ့နာမည်ကို ဆက်တိုက်ခေါ်နေတယ်။"

ယွဲ့ရှင်းဝမ်: "…"

ဒါက လူမှုရေးအရ သေဆုံးမှုမြင်ကွင်းတစ်ခုလား။ ကျေးဇူးပြုပြီး မင်း မပြောဘဲ နေလို့မရဘူးလား။

ယွဲ့ရှင်းဝမ်၏ နီမြန်းနေသော အသွင်အပြင်ကို ကြည့်လိုက်တော့ ကျန်းဖျင်စစ်၏ နှလုံးသားသည် အမွေးအမှင်များ‌ဖြင့် ညင်သာစွာ ပွတ်သပ်ခံရသလို ရိုးတိုးရွတဖြစ်လာသည်။ အတွေ့အကြုံမရှိသော ယွဲ့ရှင်းဝမ်သည် သူ ပထမဆုံးချစ်မိတုန်းက သူနှင့်တူသည်မဟုတ်လော။ သူ့အသက် 17၊ 18 အရွယ်မှာ ရှင်းဝမ်ကို သူသဘောကျနေကြောင်း သဘောပေါက်ခဲ့ပြီး ရှင်းဝမ်ကို သူ့အိမ်မက်ထဲမှာ မကြာခဏ တွေ့ခဲ့သည်။

ရှင်းဝမ်၏ ခံစားချက်များသည် ဖြည်းညှင်းစွာ ရောက်ရှိလာသော်လည်း ၎င်းတို့က ဖြူစင်ရိုးသားသည်။

ကျန်းဖျင်စစ်သည် မစနောက်တော့ဘဲ အကြောင်းအရာကို ဆက်မပြောတော့ပေ။ တစ်ခါတစ်ရံ အရာရာတိုင်းကို ပွင့်လင်းဖို့မလိုအပ်ဘဲ တစ်ဖက်လူကို နှိုးဆွရုံက လုံလောက်ပါသည်။ ရှင်းဝမ်က ဒါကို ရှင်းရှင်းလင်းလင်း သိလုနီးပါးဖြစ်နေပြီး ရလဒ်ကို နေ့တိုင်း သူအလျင်စလို တိုက်တွန်းနေဖို့ မလိုပါဘူး။

ကျန်းဖျင်စစ်က မတ်တတ်ထရပ်ပြီး ပြောသည်။ "စောပါသေးတယ်၊ မနေ့ညက အိမ်မက်ဆိုးကြောင့် ငါ ကောင်းကောင်းမအိပ်ရဘူး၊ ငါ ပြန်အိပ်လောက်တယ်။ မင်းရဲ့စိတ်ဓာတ်ကို မွေးမြူထားမှသာ မမျှော်လင့်ထားတဲ့အခြေအနေမှာ မင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။"

ယွဲ့ရှင်းဝမ်သည် ဒါကို တွေးတာမှန်တာကြောင့် သူထပြီး အိပ်ဆောင်ကိုပြန်ဖို့ သူ့နောက်ကလိုက်ခဲ့သည်။

ဒီတစ်ခါတော့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး ထူးထူးခြားခြား အိပ်မက်တွေမမက်ခဲ့ဘူး။ သူနိုးလာသောအခါတွင် အတန်းဖော်များကလည်း နိုးလာပြီး အားလုံးထမင်းစားခန်းထဲတွင် စားနေကြသည်။ ယွဲ့ရှင်းဝမ်သည် စိတ်ကောင်းရှိနေသဖြင့် နောက်တစ်ခါပြန်စားရန် သူတို့နောက်သို့ လိုက်သွားခဲ့သည်။

ကြယ်အစုအဝေးကြားခရီး၏ဒုတိယနေ့တွင် ဘာမှမဖြစ်ဘဲ အနည်းငယ်ငြိမ်သက်နေပါသည်။

အာကာသယာဉ်သည် ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း တစ်လျှောက်လုံး လည်ပတ်နေပြီး ပြတင်းပေါက် အပြင်ဘက်တွင် ကြယ်ရောင်ကောင်းကင် ရှုခင်းသည် အချိန်အတော်ကြာပြီးနောက် ငြီးငွေ့လာမည် ဖြစ်သည်။ လူတိုင်းသည် အပျင်းဆုံးနေ့ကို မှောင်မိုက်သည်အထိ ကုန်ဆုံးကြပြီး လူတိုင်းက အဆိုင်းများ ပြန်ပြောင်းသွားကြသည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် မနေ့ညက အနားယူခဲ့ကြပြီး ယနေ့ညတွင် အခက်ခဲဆုံးအချိန် နံနက် 4 နာရီမှ 6 နာရီအထိကို ရွေးချယ်ခဲ့ကြသည်။

နံနက် 3:30 တွင် နှိုးစက်နာရီသတ်မှတ်ထားသော ရှောင်ထူက အချိန်မီနှိုးခဲ့သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် မျက်နှာကို အမြန်ဆေးကြောပြီး အမိန့်ပေးခန်းသို့ အချိန်မှန်ရောက်လာကာ ကျိုဖုန်းနှင့် ကျန်းရှောင်နျန်တို့နဲ့ နေရာလဲလိုက်သည်။

#TK