Chapter 38
Viewers 3k

🚩Ch -38

Arc- 3.1 အစားထိုးခံချစ်သူ 



လေယာဉ်၏ ပထမတန်းတွင် ထိုင်နေရင်းစု၀မ် သူမပေါင်ပေါ်၌ ရှိနေသော ဘဏ္ဍာရေးမဂ္ဂဇင်းကို ငုံ့ကြည့်နေသည်။ မဂ္ဂဇင်း၏ ရှေ့မျက်နှာဖုံးတွင် ပါဝင်သော ပုဂ္ဂိုလ်သည် မကြာခင်ကမှ နာမည်ကြီးလာသည့်ရှော့ပင်းမောလ်တစ်ခု၏ပိုင်ရှင်၊ ဟောက်ယွဲ့အုပ်စု၏ ဥက္ကဠအသစ်ဖြစ်သူ ရှောင်းကျင်မော့ဖြစ်သည်။


ရှောင်းကျင်မော့သည် ရှန်းချန်ရှိ  ရှောင်းမိသားစု၏ အကြီးဆုံးသားဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူသည် ဟောက်ယွဲ့အုပ်စုကို အမြော်အမြင်ရှိလှသည့် နည်းလမ်းများဖြင့်  နည်းစနစ်ကျကျ စီမံခန့်ခွဲအုပ်ချုပ်ပြီး တစ်နေ့ထက်တစ်နေ့ ပို၍ကြီးထွားလာစေခဲ့သည်။ သူသည် ရှန်းချန်မြို့၏ လူအများကအလိုချင်ဆုံးသော ထိပ်တန်းစိန်အဆင့်လူပျိုကြီးဖြစ်ပြီး အထက်တန်းလွှာများနှင့် အမွေဆက်ခံသူ သူဌေးသမီးများ၏ စိတ်ကူးထဲမှ ချစ်သူဖြစ်သည်။


ငွေကြေးနှင့် အာဏာရှိပြီး ငယ်ရွယ်ကာအလားအလာရှိသော ချောမောခန့်ညားသည့် ယောက်ျားမျိုးကို မည်သို့သော အမျိုးသမီးက မကြိုက်မည်နည်း။


ကမ္ဘာပေါ်တွင် မည်သူကမှ ချောမွေ့သည့်ဘ၀တစ်ခု မပိုင်ဆိုင်ကြ‌ချေ။ တခြားသူများ၏အမြင်၌ ရှောင်းကျင်မော့သည် ဘဝတွင် အောင်နိုင်သူဖြစ်သော်လည်း ရှောင်းကျင်မော့ကိုယ်တိုင်၏ မျက်လုံးထဲတွင် သူကား အချစ်၌ အရှုံးသမားဖြစ်ပေသည်။


ရှောင်းမိသားစုမှ မရှာတွေ့မီ  ရှောင်းကျင်မော့သည် သာမန်လူငယ်လူရွယ်တစ်ဦးမျှသာဖြစ်သည်။ သူနှင့် သူ့မိခင်သည် အတူတူနေထိုင်ကြပြီး ရှင်သန်ရန်အတွက် တစ်ယောက်ကိုတစ်ယောက် အားထားကြရသည်။ သူတို့နှစ်ဦး၏ဘဝသည် ဆင်းရဲသည်ဟု မဆိုသော်လည်း ချမ်းသာသည်လည်း မဟုတ်ခဲ့ချေ။


ရှောင်းကျင်မော့ အထက်တန်းကျောင်းသို့ရောက်သောအခါ မိန်းကလေးတစ်ယောက်နှင့် ချစ်မိသွားခဲ့သည်။ ထိုမိန်းကလေးက သူ၏ ထိုင်ခုံဖော်တစ်ဦးဖြစ်သည်။ သူမ၏ ပညာရေးအဆင့်များ ကောင်မွန်ကာ ရုပ်ရည်သည်လည်း လှပ၏ ။ အရေးကြီးဆုံးဖြစ်သည်မှာ သူမ၏ စိတ်နေစိတ်ထားကား အလွန်ကောင်းမွန်ပေသည်။ အထူးသဖြင့် သူမသည် ကြင်နာတတ်ပြီး နွေးထွေးသည်။


ထိုအချိန်တွင် ရှောင်းကျင်မော့သည် ချစ်ခြင်းမေတ္တာ စတင်နိုးကြားလာသည့် အရွယ်ဖြစ်သည်။ သူနှင့် ထိုကောင်မလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်နှစ်သက်ကြပြီး သူတို့နှစ်ယောက်သည် မြန်မြန်ဆန်ဆန်ပင် ကြည်နူးဖွယ်ရာဆက်ဆံရေးတစ်ခုတည်ဆောက်လိုက်ကြသည်။ ထို့အပြင် အထက်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် တူညီသော ကောလိပ်တစ်ခုသို့ တက်ရောက်ကာ မေဂျာတူယူရန် သဘောတူညီခဲ့ကြသည်။


ထိုအချိန်တွင် သူတို့သည် ပျော်ရွှင်ဖွယ်ကောင်းသော အနာဂတ်ကို မျှော်လင့်ခဲ့ကြသော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။


ချမ်းသာသည့် မိသားစုနောက်ခံရှိသော မိန်းကလေးသည် နိုင်ငံခြားသို့ ပညာ‌တော်သင်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ မသွားခင်၌ သူမသည် ရှောင်းကျင်မော့အား ထိုအကြောင်း အနည်းငယ်မျှ ပြောပြခဲ့ခြင်းမရှိဘဲ  လမ်းခွဲစာတစ်စောင်ကိုသာ ချန်ရစ်ထားခဲ့သည်။


ထိုနှစ်သည် ရှောင်းကျင်မော့၏ဘဝတွင် အနာကျင်ဆုံးနှင့် ယိုယွင်းအဆုတ်ယုတ်ဆုံးသောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ သူမ နိုင်ငံရပ်ခြားသို့ထွက်သွားပြီးနောက် မကြာမီပင် သူ၏မိခင်သည်လည်း ရုတ်တရက်နာမကျန်းဖြစ်ကာ  ကွယ်လွန်သွားခဲ့သည်။


အကူအညီတောင်းဆိုရန် အသိမိတ်ဆွေတစ်ဦးတစ်ယောက်မျှ မရှိသည့် ရှန်းချန်မြို့ကြီးတွင်  ညပေါင်းများစွာ အတိတ်၏ ချိုမြိန်သောပျော်ရွှင်ဖွယ်အမှတ်တရများကို အောက်မေ့သတိရရင်း ရှောင်းမိသားစုက သူ့အား တွေ့ရှိချိန်အထိ  ဖြတ်သန်းနေခဲ့သည်။ ထိုအချိန်မှသာ သူသည် ရှောင်းမိသားစု၏ ကွဲကွာနေသော အကြီးဆုံးသားဖြစ်မှန်း သိလိုက်ရသည်။


ရှောင်းကျင်မော့၏ ကံဆိုးမိုးမှောင်ကျသော ဘဝအတွေ့အကြုံများသည် ချမ်းသာပြီး အင်အားကြီးသော မိသားစုတစ်ခု၏ ဇာတ်လန်းဆန်လှသည့် စင်ဒရဲလားပုံပြင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။


 အတိတ်၌ ရှောင်းမိသားစု၏အကြီးဆုံးသားသည် လှပသော်ငြား ဆင်းရဲသည့် မိန်းကလေးတစ်ယောက်နှင့်ချစ်မိသွားခဲ့သည်။ ထိုအချိန်၌ ရှောင်းမိသားစု၏ အကြီးအကဲဖြစ်သော ရှောင်းအဘိုးကြီးမှ ထိုနှစ်ဦး၏ အချစ်ရေးကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီးနောက် ရှောင်းမိသားစု၏ အကြီးဆုံးသားနှင့် ချစ်သူမိန်းကလေးတို့သည် အတူတူခိုးပြေးကြရန် သဘောတူခဲ့သည်။ ခိုးပြေးရန် ချိန်းဆိုထားသည့်နေ့ရက်တွင်  ရှောင်းမိသားစု၏ အကြီးဆုံးသားမှာ ထိုနေရာသို့  အလောတကြီးသွားရင်း ပြင်းထန်သည့် မတော်တဆမှုတစ်ခုနှင့်  ကြုံတွေ့ခဲ့ရပြီး အဘိုးရှောင်းက သူ့အား ချက်ချင်းသယ်‌ဆောင်ပြီး ဆေးကုသရန် နိုင်ငံခြားသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။ ထိုနေရာ၌ ဆေးဘက်ဆိုင်ရာကိရိယာများက သာလွန်ကောင်းမွန်သော်ငြား  ရှောင်းမိသားစု၏ အကြီးဆုံးသားဖြစ်သူကား တစ်လအကြာတွင် ဤလောကမှ ထွက်ခွာသွားခဲ့သည်။


သာမန်လူတန်းစားမိန်းကလေးတစ်ယောက်ဖြစ်သည့် သူမသည် သူ့ကို မစောင့်နိုင်တော့ဘဲ မွေးရပ်မြေဆီသို့ ထွက်ခွာသည့် ရထားပေါ်သို့ စိတ်ပျက်လက်ပျက်၀မ်းနည်းစွာ တက်သွားခဲ့ပြီး မွေးရပ်မြေသို့ ပြန်ရောက်ပြီးခါမှသာ သူမ၌ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပြီး နောက်ဆုံးတွင် သူမက ရှောင်းကျင်မော့ကို မွေးဖွားခဲ့သည်။ သူမ သားဖြစ်သူကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရန်အတွက်  ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာပြီးသည့်‌နောက် သူမသားကို ခေါ်ကာ ရှန်းမြို့ကိုတစ်ဖန်ခြေချခဲ့သည်။ ထိုအချိန်မှသာလျှင် ရှောင်းမိသားစု၏အကြီးဆုံးသားသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမကို စွန့်လွှတ်ခဲ့သည်မဟုတ်ဘဲ ယင်းအစား မတော်တဆမှုတစ်ခုကြောင့်သာ ဆုံးပါးသွားခဲ့ကြောင်း မမျှော်လင့်ဘဲ သိရှိလိုက်ရသည်။


ထိုအချိန်မှစ၍ ရှောင်းကျင်မော့မိခင်၏ ကျန်းမာရေးသည် လျင်မြန်စွာ ကျဆင်းလာပြီး နောက်ဆုံးတွင် သူမသည်လည်း ဤလောကမှ ထွက်ခွာသွားခဲ့သည်။


ရှောင်းကျင်မော့သည် သူ့မိခင်ကွယ်လွန်ပြီးနောက်မှသာ သူမ ထားရစ်ခဲ့သော စာတစ်စောင်ကို ရှာတွေ့ခဲ့ပြီး ထိုအချိန်၌ ရှောင်းမိသားစုသည်လည်း သူ၏အိမ်တံခါးသို့ ရောက်ရှိလာခဲ့ကြသည်။ သူ့မိခင်၏ နောက်ဆုံးဆန္ဒအရ ရှောင်းကျင်မော့  ရှောင်းမိသားစုထံသို့ ပြန်သွားခဲ့သည်။ သားဖြစ်သူ၏မျက်နှာ၊ စိတ်နေသဘောထားနှင့် အလွန်ဆင်တူသည့် မြေးဖြစ်သူကို တွေ့မြင်သောအခါ အဘိုးရှောင်းသည် သူနှင့်ပတ်သက်သည့် အရာအားလုံးကို ချစ်မြတ်နိုးပြီး မိသားစုတစ်ခုလုံးကိုပင် ရှောင်းကျင်မော့အား ပေးလိုခဲ့သည်။


ရှောင်းကျင်မော့သည် ထိုအချိန်တွင် သူ့နှလုံးသားထဲ၌ နာကျည်းမှုအချို့ရှိနေသော်လည်း သူ့အဘိုးကို အပြစ်မတင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မိခင်နှင့် ဖခင်တို့၏ခံစားချက်တွေကို သူအတော်လေးအားကျမိသည်။ သူ ပထမဆုံး ချစ်မိသွားခဲ့သော ကောင်မလေး၏ နှုတ်မဆက်ခြင်းမရှိ ထွက်ခွာသွားပုံကို စဉ်းစားရင်း သူ၏ နှလုံးသားက နာကျင်ကိုက်ခဲနေခဲ့သည်။


အချို့သော ဒဏ်ရာများမှာ မှိန်ဖျော့သွားပုံ‌ရှိသော်လည်း အမှန်တကယ်တွင်မူရိုးတွင်းခြင်ဆီထဲသို့ ဝင်ရောက်သွားကြသည်ဖြစ်သည်။


ရှန်းချန်တွင် ရှောင်းကျင်မော့၏ အာရုံစိုက်မှုကို အပြည့်အ၀ရရှိရန် ပြိုင်ဆိုင်ကြသော မရေမတွက်နိုင်သည့်အမျိုးသမီးများစွာရှိသော်လည်း သူသည် ရင်ခုန်သံကို တစ်ခါမျှ မခံစားခဲ့ရပေ။ တစ်ရက် ဘားတစ်ခု၌ အလုပ်လုပ်သော မိန်းကလေးတစ်‌ယောက်ကို တွေ့သည်အထိပင်။ သူမပုံသဏ္ဍာန်တွင် "သူမ" ၏ ပုံရိပ်တစ်ခု ရှိနေခဲ့သည်...။


လော့ချူးချူး ဟုခေါ်သော မိန်းကလေးသည် တက္ကသိုလ်ကျောင်းသူဖြစ်နေဆဲဖြစ်၏။ သူမသည် ငွေကြေးအခြေအနေအဆင်မ‌ပြေမှုများကြောင့် နေ့စဉ် အလုပ်များစွာကို လုပ်ကိုင်ရသည်။။ သူမဘဝသည် ခက်ခဲမှုများ ပြည့်နှက်နေသော်ငြား အကောင်းမြင်နေဆဲဖြစ်သည်။ထိုအချိန်တွင် လော့ချူးချူးသည် တစ်နေ့တွင်  ရှောင်းကျင်မော့ကဲ့သို့ မြင့်မြတ်သောသခင်လေးတစ်ယောက်နှင့် တွေ့ဆုံမည်ဟု မထင်ထားခဲ့‌ချေ။ သူမ‌ ခေါင်းထဲ အသိစိတ်ပြန်ဝင်လာချိန်မှာတော့ ရှောင်းကျင်မော့သည်သူမနှလုံးသားထဲ ခြေတလှမ်းချင်း လှမ်းကာ ၀င်လာခဲ့ပြီဖြစ်၏။ 


လော့ချူးချူးသည် ရှောင်းကျင်မော့ကို ချစ်မိသွားခဲ့သည်။ သူမ၏ အချစ်သည် ရိုးသားဖြူစင်ပြီး ထိုအချိန်တွင် ရှောင်းကျင်မော့ သူမအား အထူးကောင်းမွန်စွာ ဂရုတစိုက် ဆက်ဆံခြင်းသည်  သူမ၏မျက်နှာက  ရှောင်းကျင်မော့၏ အချစ်ဦးကောင်မလေး၊စု၀မ်နှင့် အလွန်ဆင်တူ‌နေသောကြောင့်ဆိုသည်ကို သူမ မသိရှိခဲ့ပေ။


မှန်၏ ။ စု၀မ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှောင်းကျင်မော့ အလွန်ချစ်ခဲ့သော အချစ်ဦးမိန်းကလေးဖြစ်လေသည်။


သူမ၏ လက်ချောင်းများက မဂ္ဂဇင်း၏ ရှေ့စာမျက်နှာကို အကြိမ်အနည်းငယ် ပါးပါးလေး ပွတ်သပ်လိုက်ပြီး စုဝမ်၏ နှုတ်ခမ်းထောင့်စွန်း‌များက သရော်သည့်အပြုံးလိုအနည်းငယ် မြင့်တက်လာသည်။


စစ်မှန်သောအမြောက်စာဇာတ်ကောင်ဟူသည် အဘယ်နည်း။


ရှောင်းကျင်မော့နှင့်‌ လော့ချူးချူးတို့ကြားရှိ ခံစားချက်များတွင် မူလစု၀မ်သည် ၁၀၀ ရာခိုင်နှုန်း အမြောက်စာဇာတ်ကောင်ဖြစ်သည်။


လွန်ခဲ့သည့်ရှစ်နှစ် သူမနှင့်သူမချစ်သူတို့ ကောလိပ်တစ်ခုတည်းသို့တက်ရန် စီစဉ်ခဲ့သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေမီတွင် သူမ၏ဖခင်မှာ နှလုံးဖောက်ကာ ဆေးရုံတင်လိုက်ရသည်။ ဆေးရုံ၌  သူမအဖေကို တခြားလူများက လှည့်ဖြားခဲ့ပြီး ကုမ္ပဏီသည် ဒေဝါလီခံရရုံတင်မက အကြွေးများကလည်း မြောက်များစွာတင်ရှိနေသည်ကို သူမ အ‌မေထံမှ သိရှိလိုက်ရသည်။


သူမအဖေသည် ဤလှုံ့ဆော်မှုကို မခံမရပ်နိုင်ဖြစ်သောကြောင့် သူ၏ရောဂါက ပြင်းထန်သွားခဲ့သည်။ ယခု သူမအဖေသည် အထူးကြပ်မတ်ကုသဆောင်တွင် သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်နေရသော်လည်း သူမတို့မိသားစုသည် အခြေခံအကျဆုံး ခွဲစိတ်မှုကုန်ကျစရိတ်အတွက်ပင် မပေးချေနိုင်ပေ။


စု၀မ် ထိုအချိန်တွင် ခေါင်းရှုပ်နေပြီး မည်သို့လုပ်ရမည်ကို လုံးဝမသိဖြစ်‌ခဲ့သည်။  ထိုအချိန်တွင် သူမအမေသည်တစ်စုံတစ်ယောက်က သူမ၏‌အ‌ဖေအား နိုင်ငံရပ်ခြားသို့ စေလွှတ်ပြီး ခွဲစိတ်မှုအတွက် ငွေကြေးကုန်ကျခံလိုကြောင်းနှင့် ၎င်းတို့၏ အကြွေးကို ကျေပွန်အောင် ကူညီပေးရန် ဆန္ဒရှိသည်ဟူ၍ ပြောပြလာသည်။


သို့သော် ထိုလူတွင် အခြေအနေတစ်ရပ်ရှိလေ၏ ။ ထိုသူက စု၀မ်နှင့် ရှောင်းကျင်မော့ကို လမ်းခွဲစေလိုပြီး မိသားစုတစ်စုလုံးကို နိုင်ငံရပ်ခြားသို့ အတူတူထွက်ခွာသွားစေလိုသည်။ အနည်းဆုံး ငါးနှစ်ကြာအောင် ဟွာရှထဲသို့ ခြေတစ်လှမ်းတစ်ဝက်ပင် မ၀င်ရန် တားမြစ်ခံခဲ့ရသည်။


ထိုအချိန်တွင် စု၀မ်သည် နုံအသော မိန်းကလေးတစ်ဦးမျှသာဖြစ်ရာ လောကရှိ လှည့်ကွက်အလှည့်အ‌ပြောင်းများကို နားမလည်နိုင်ခဲ့ချေ။ သူမအဖေကို ကယ်တင်ရမည်ကိုသာ သူမသိသည်။


ထို့ကြောင့် သူမ လမ်းခွဲစာတစ်စောင်ချန်ထားခဲ့ကာ  မိဘများနှင့်အတူ နိုင်ငံခြားသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ ထို့နောက် ပြန်မလာသည်မှာ ရှစ်နှစ်ကြာခဲ့လေပြီ။


ရှစ်နှစ်အကြာတွင် စု၀မ်သည် ဟွာရှဒေသရှိ အမှတ်တံဆိပ်တစ်ခု၏ မန်နေဂျာဖြစ်လာပြီးနောက် ရှန်းချန်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီး ရှန်းချန်တွင်ရှိစဥ် ဟောက်ယွဲ့အုပ်စု၏ ဥက္ကဠဖြစ်သူ ရှောင်းကျင်မော့နှင့် ဆုံတွေ့ခဲ့သည်။


အမှန်တကယ်တော့ ဤရှစ်နှစ်တာကာလအတွင်း စု၀မ်သည် ရှောင်းကျင်မော့ကို တစ်ခါမျှပင် မမေ့ခဲ့‌ချေ။ တစ်ဖက်တွင် သူမအား မေ့ပစ်ကာ ဘဝသစ်တစ်ခုစတင်ရန် ဆန္ဒရှိသော်လည်း တစ်ဖက်တွင်မူ သူမအား သတိရကာ  ချစ်နေဆဲဖြစ်ရန် မျှော်လင့်ခဲ့သည်။


ဤသဘောထားကွဲလွဲနေသည့် စိတ်ခံစားချက်များသည် ရှောင်းကျင်မော့ကိုရင်ဆိုင်ရသောအခါတွင် စု၀မ်အား မည်သို့ပြုမူရမည်ကို မသိနိုင်ဖြစ်စေသည်။


ရှစ်နှစ်အကြာ ပြန်လည်ဆုံတွေ့မှု၌ လူနှစ်ဦး၏ နှလုံးသားထဲတွင် လှိုင်းလုံးများက တလိပ်လိပ်ထလာသည်။


ထိုအချိန်၌ ရှောင်းကျင်‌မော့နှင့် လော့ချူးချူးတို့သည် ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။ သူသည် လော့ချူးချူးကို စု၀မ်၏အစားထိုးခြင်းအဖြစ် အမြဲမှတ်ယူထားခဲ့ပြီး တကယ့်စု၀မ်အစစ် ပြန်လာသောအခါတွင် သူ့၌ မသေချာမရေရာမှုအချို့ရှိနေခဲ့သည်။ အဆုံးတွင် စု၀မ်သည် မေ့ဖျောက်၍မရသည့် အချစ်ဦးဖြစ်သောကြောင့် လား။


သူ အမှန်တကယ်မေ့ဖျောက်၍မရသည့်အရာက လူပုဂ္ဂိုလ်ကို သို့မဟုတ် အချစ်ဦးဆိုသည့်ခံစားချက်ကိုဖြစ်သည်လား သူ မသေချာပေ။


ထိုအချိန်တွင် စု၀မ်သည်လည်း လော့ချူးချူး၏တည်ရှိမှုကို သိရှိပြီး သူမနှင့်တွေ့ဆုံရန် မမျှော်လင့်ထားသည့်သူနှင့်လည်း တွေ့ဆုံခဲ့သည်။


ဖန်းကျစ်၀မ့်။


သူမသည် ရှန်းချန်မှ ဖန်မိသားစု၏ တတိယမြောက်မမ‌လေးဖြစ်ပြီး သူမသည် ရှောင်းကျင်မော့၏ စေ့စပ်ထားသူဟု ပြောကြသည် ။


စုမိသားစု၏ ကုမ္ပဏီဒေဝါလီခံရမှုသည် အမှန်တကယ်တွင်  အဘိုးရှောင်း၏ ကြံစည်မှုဖြစ်ကြောင်း ဖန်းကျစ်၀မ့်က စု၀မ်ကို ပြောပြခဲ့သည်။ အဘိုးရှောင်းသည် သူ့မြေးဖြစ်သူက စု၀မ်နှင့်လက်ထပ်မည်ကို ဘယ်သောအခါမှ ခွင့်မပြုဘဲ ဖန်းကျစ်ဝမ့်ကဲ့သို့ မိန်းကလေးကိုသာ မိသားစု၏ မြေးချွေးမဖြစ်စေလိမ့်မည်။


အဖြစ်မှန်ကိုသိပြီးနောက် စု၀မ်သည် ဘားတစ်ခုတွင် တစ်ညလုံးအရက်သောက်ခဲ့ပြီး နောက်ဆုံးတွင် ရှောင်းကျင်မော့ကို ဖုန်းခေါ်ဆိုခဲ့မိကာ လွန်ခဲ့သည့်နှစ်များအတွင်းဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြခဲ့သည်။


အတိတ်က လျှို့ဝှက်ချက်များသည် ရှောင်းကျင်မော့ကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့ပြီး စုဝေထံ အကြွေးများစွာတင်‌နေခဲ့သည်ဟု သူ့အား ခံစားမိစေသည်။ ထို့ကြောင့် ရှောင်းကျင်မော့သည် လော့ချူးချူးနှင့် လမ်းခွဲခဲ့ပြီး စု၀မ်နှင့် အတူရှိရန် ဆုံးဖြတ်ခဲ့သည်။


သူတို့နှစ်ဦး တစ်ဖန်ပြန်လည်အတူရှိကြပြီးနောက် အဘိုးရှောင်း၏ အတိုက်အခံများနှင့် တွေ့ဆုံခဲ့ရသည်။ ထို့ကြောင့် သူသည်  ရှောင်းမိသားစုမှ ပြောင်းရွှေ့ထွက်ခွာလာပြီး စု၀မ်နှင့်အတူ ကုမ္ပဏီမှ မဝေးသော တိုက်ခန်းတစ်ခုတွင် နေထိုင်ခဲ့သည်။


နှစ်ယောက်သား အရူးအမူးချစ်ခဲ့ကြသည့် အချိန်ကာလများသို့ ပြန်လည်ရောက်ရှိသွားကြသကဲ့သို့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။ သို့သော် ရှောင်းကျင်မော့သည် သူမထံမှတဆင့် အခြားသူကို မြင်နေရသလို သူမအား သတိမမူစွာ ငေးစိုက်ကြည့်နေတတ်သည့် အကြိမ်များစွာရှိသည်ကို စု၀မ်သည် ပြင်းပြင်းပြပြ ခံစားနေမိခဲ့သည်။


ထိုအချိန်တွင် စု၀မ်သည် သူမကိုယ်သူမ အလွန်အမင်း မစဉ်းစားရန် တွန်းအားပေးခဲ့သည်။ တစ်ရက်၌ စု၀မ်၏ ခြေကျင်း၀တ်က လည်သွားခဲ့ရာ ရှောင်းကျင်မော့က သူမကို ပတ်တီးပြောင်းရန် ကူညီပေးနေစဉ် ကားမတော်တဆမှုတစ်ခုဖြစ်သော လော့ချူးချူးကို တွေ့လိုက်ရသည်။ ရှောင်းကျင်မော့သည် ခဏတာမျှ ရူးသွပ်သွားသကဲ့သို့ပင်ဖြစ်ကာ စု၀မ်ကိုပစ်ပယ်လိုက်ပြီး သူ့မျက်လုံးထဲ၌ လော့ချူးချူးတစ်ယောက်သာလျှင်ရှိလေသည်။


ထိုအချိန်၌ စု၀မ်သည် သူမ၏ လွန်ခဲ့သောရှစ်နှစ်ကအချစ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရပြီး သူတို့ကား အရင်အခြေအနေများဆီသို့ပြန်မသွားနိုင်တော့ချေ...။


အဆုံးမှာတော့ မည်သူက မည်သူ၏ အစားထိုးဖြစ်သွားခဲ့သနည်း။


စု၀မ်သည် ရှောင်းကျင်မော့၏ စိတ်ခံစားမှုလောကမှ ဝမ်းနည်းစွာ နောက်ဆုတ်ထွက်ခွာခဲ့သည်။ သူမ ရာထူးမှ နှုတ်ထွက်လိုက်ပြီး မိဘများကို ပြုစုရန် နိုင်ငံခြားသို့ ပြန်သွားရန် စီစဉ်ထားခဲ့သည်။


သူမထွက်ခွာသည့်နေ့တွင် ရှောင်းကျင်မော့သည် သူမကိုလိုက်ပို့ရန် ကားမောင်းလာခဲ့ပြီး လမ်းတစ်ဝက်တွင် သူ၏ကားဘရိတ်များ ရုတ်တရက် အလုပ်မလုပ်ဘဲ အသက်အန္တရာယ်နှင့် ကြုံလာရသည့် အခိုက်အတန့်တွင် စု၀မ်သည် သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်ကို အသုံးပြုကာ ရှောင်းကျင်မော့ကိုကာကွယ်ရင်း သူမ၏တိုတောင်းသော အမြောက်စာဘဝကို အဆုံးသတ်ခဲ့သည်။


စု၀မ်သေဆုံးပြီးနောက် ရှောင်းကျင်မော့သည် ကားမ‌တော်တဆမှုအတွက် တာဝန်ရှိသူမှာ ဖန်းမိသားစု၏ သားအကြီး ဖန်းကျစ်မု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဖန်းကျစ်မုက သူ့အား လုပ်ကြံရသည့် အကြောင်းရင်းမှာမူ လော့ချူးချူးကို တစ်လျှောက်လုံး စွဲလန်းနေခဲ့ခြင်းကြောင့်ပင်။


ဇာတ်လမ်း၏ နောက်ဆုံးအဆုံးသတ်သည် ဖန်းမိသားစုက ရှောင်းကျင်မော့ကြောင့် ဒေဝါလီခံလိုက်ရပြီး ဖန်းမျိုးရိုးညီအကိုမောင်နှမများသည် မည်သည်မှ မကျန်ရှိတော့ဘဲ ရှောင်းကျင်မော့နှင့်လော့ချူးချူးတို့သည်လည်း လက်ထပ်သွားခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် သူတို့၏ချစ်ခြင်းမေတ္တာကိုပြသရန်အတွက် လက်ထပ်ပြီးသောအခါ စု၀မ်၏အုတ်ဂူရှေ့သို့ပင် သွားခဲ့ကြသည်။


"ရှောင်း၀မ်ကျဲကျဲ၊ ကျွန်မတို့ အရမ်းပျော်ရွှင်ပါတယ်။ မမ အေးအေးချမ်းချမ်း အနားယူပါ "


စု၀မ် : " နင့် -*ကို အနားယူ "


အကယ်၍ မင်းက လူတစ်ယောက်ကို တကယ်ချစ်ပြီး သူ့အတွက်ပင် သေပေးနိုင်သည်အထိ နက်နက်နဲနဲချစ်ပါလျှင် မင်းသေဆုံးပြီးသည့်အခါ ထိုလူက တခြားတစ်ယောက်ကို မြန်မြန်ဆန်ဆန် လက်ထပ်လိုက်ပြီး သူတို့အချစ်တွေကို လူသိရှင်ကြားထုတ်ဖော်ပြသနေမည်ကို သည်းခံနိုင်မည်လား။ 


စု၀မ်သည် အခြားသူများ မည်သို့တွေးလိမ့်မည်ကို မသိသော်လည်း သူမသာဆိုလျှင် သေချာပေါက် သည်းမခံနိုင်ပေ။


သူမချစ်သည့်သူက သူမကို အမြဲချစ်နေရမည်။ သူမသေဆုံးသွားလျှင်တောင်မှ ကျန်ရှိသည့်ဘ၀တစ်လျှောက်လုံး သူမတစ်ယောက်တည်းကိုသာ ဆက်ချစ်နေရမည်ပင်။


အကယ်၍ အသက်ရှင်ကျန်ရစ်သူက သူမအတွက် သူ၏အချစ်တွေကို တခြားတစ်ယောက်ဆီ လွှဲပြောင်းပေးရန် သတ္တိရှိသည်ဆိုပါက သူမ တစ္ဆေဖြစ်သွားလျှင်တောင်မှ သူ့အား သတ်ပစ်မည်ဖြစ်သည်။



 🚩