Chapter 39
Viewers 3k

🚩Ch 39

Arc 3.2 အစာသထိုသခံချစ်သူ 



ရဟန်သချန်မဌို့၊ ဂျူလိုင်လ၊ မိုသရာသီ


လော့ချူသချူသ ကိတ်မုန့်ကို ကိုင်ဆောင်ကာ ကုန်တိုက်မဟ ထလက်လာသောအခါ မိုသမျာသကဌာမဌင့်စလာရလာ‌နေခဲ့ပဌီသဖဌစ်ပဌီသ  တိမ်သော၊နက်သောဗလက်အိုင်မျာသစလာသည် မဌေပဌင်ပေါ်တလင် စုရုံသနေသည်။


 " ကံဆိုသလိုက်တာ"


သူမက မျက်နဟာကို စိတ်ညစ်စလာပလတ်သပ်ပဌီသ လက်ထဲရဟိ ကိတ်မုန့်ဘူသကို စိတ်လဟုပ်ရဟာသစလာ စစ်ကဌည့်လိုက်သည်။ ယနေ့က ရဟောင်သကျင်မော့၏မလေသနေ့ဖဌစ်ပဌီသ သူမက ကုန်တိုက်၏ စတုတ္ထထပ်ရဟိ DIY အလုပ်ရုံတလင် ကကိတ်မုန့်ကို ကိုယ်တိုင်ပဌုလုပ်ခဲ့သည်။


ရဟောင်သကျင်မော့၏ အလုပ်ဆင်သချိန်နီသနေပဌီဖဌစ်သဖဌင့် လော့ချူသချူသ ကုန်တိုက်ဝင်ပေါက်တလင် မဝံ့မရဲရပ်နေမိသည်။


သူမ နာသဝေတိမ်တောင်ဖဌစ်လလန်သသည်ဟု ကိုယ့်ကိုယ်ကိုယ် အပဌစ်တင်လိုက်သည်။ လလန်ခဲ့သည့်ရက်အနည်သငယ်ကတည်သက မိုသရလာ နေလျက်ရဟိပဌီသ အပဌင်ထလက်သည့်အခါ  သတိထာသပါလျက် ထီသယူလာရန် မေ့ခဲ့လေသည်။ ထီသတစ်ချောင်သ၀ယ်ရန်တလေသရင်သ ကုန်တိုက်ဆီသို့  ပဌန်လဟည့်ခါနီသတလင် လော့ချူသချူသတစ်‌ယောက် နေရာတလင်ပဲ ရပ်လျက်သာသ ကဌောင်အသလာသသည်။


ငယ်ငယ်ရလယ်ရလယ်နဟင့် ချောမောလဟပသည့် အမျိုသသမီသတစ်ယောက် သူမအနာသရောက်လာသည်ကို တလေ့လိုက်ရသည်။ သူမက အနီရောင်ဂါ၀န်အပေါ်မဟ အဖဌူရောင် ကုတ်အင်္ကျီအတိုကို ထပ်၀တ်ထာသ၏ ။ သူမ၏ ရိုသရဟင်သပဌီသ တက်ကဌလလန်သဆန်သသော ၀တ်စုံသည် သစ်အယ်သီသလဟိုင်သတလန့်ဆံပင်နဟင့် လိုက်ဖက်ညီလျက်ရဟိပဌီသ အထူသဆလဲဆောင်မဟုရဟိပဌီသ ညို့ယူဆလဲငင်နိုင်သောအသလင်ကို ဖဌစ်စေသည်။


ဟုတ်ပေသည်။ ကအရာက လော့ချူသချူသ မဟင်တက်သလာသရသည့် အကဌောင်သရင်သမဟုတ်‌ချေ။သူမကို အမဟန်တကယ် ဖမ်သစာသနိုင်သည်က ထိုအမျိုသသမီသ၏ ရုပ်ရည်အသလင်အပဌင်ပင်။


သူမ၌ လဟပသည့်မက်မလန်ပလင့်ပုံမျက်၀န်သတစ်စုံရဟိသည်။ မျက်၀န်သထဲတလင် ပျင်သရိခဌင်သမျာသကိန်သအောင်သနေသယောင်ရဟိကာ သူမနဟင့် လိုက်ဖက်ညီနေလေသည်။  


ကမျက်လုံသမျာသသည်  သူမနဟင့် အလလန်ရင်သနဟီသသည်။ အဘယ့်ကဌောင့်ဆိုသော် သူမကိုယ်တိုင်လည်သ ထိုကဲ့သို့ အလာသတူမျက်၀န်သမျာသရဟိသည်ပင်။  သို့သော် သူမရဟေ့မဟ အမျိုသသမီသနဟင့် နဟိုင်သယဟဥ်ကဌည့်လျဟင် လော့ချူသချူသသည် လုံသဝနဟိုင်သယဟဥ်၍မရဟု ခံစာသရသည်။


လော့ချူသချူသ၏အကဌည့်မျာသက စူသစိုက်လလန်သပဌီသ စိတ်အာသထက်သန်လလန်သသောကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင်သည်။ ထိုအမျိုသသမီသက သူမရဟေ့သို့ ရောက်ရဟိသောအခါ မမျဟော်လင့်ဘဲ နဟေသကလေသပဌီသ ရပ်တန့်သလာသသည်။


 " ဟယ်လို "


နူသညံ့သိမ်မလေ့စလာပဌောသော သူမ၏အသံသည် အလလန်သာယာနာပျော်ဖလယ်ကောင်သလဟသည်။


 "ဟိုင်သ၊ ဟယ်လို "


လော့ချူသချူသက အနည်သငယ်  စိတ်ရဟုပ်ထလေသမဟုခံစာသလိုက်ရကာ သူမ၏ မျက်နဟာပေါ်တလင် ရဟက်ရလံ့မဟုအရိပ်အမဌလက် ထလက်ပေါ်လာသည်။ 


 "ငါ...တကယ်တော့ ငါက..." ခဏလောက်ကဌာသည်အထိ သူမ ဘာပဌန်ပဌောရမဟန်သ မသိတော့ဘဲ ရုတ်တရက် စကာသပဌောချို့ယလင်သသလာသသည်။


 " ကျလန်မလည်သ အံ့သဌသလာသတယ် "


လော့ချူသချူသ၏ အဆင်မပဌေမဟုကို ခံစာသရသည့်ဟန်ဖဌင့် အမျိုသသမီသက ခပ်ဖျော့ဖျော့ပဌုံသကာ စကာသပဌန်ပဌောလာသည်။ 


" ရဟင့်ကို တလေ့လိုက်ရတော့ အချိန်ကူသ‌ပဌောင်သလာတဲ့ အတိတ်က ကျလန်မလို့တောင်ယုံကဌည်မိတော့မလို့ "


သူမတို့သည် အလလန်ဆင်တူ၏။ ထိုမျက်လုံသမျာသမဟလလဲ၍ အခဌာသမျက်နဟာသလင်ပဌင်မျာသက အလလန်ဆင်တူပေသည်။


" ကျလန်မတို့တလေ့ကဌပဌီသဆိုကတည်သက ရေစက်ရဟိလို့ပဲဖဌစ်ရမယ် ကျလန်မက စု၀မ်ပါ "


စု၀မ်ပဌုံသပဌီသ လော့ချူသချူသဆီသို့ သူမလက်ကို ဆန့်လိုက်သည်။ စု၀မ်၏နာမည်ကိုကဌာသသည်နဟင့် လော့ချူသချူသ၏ခန္ဓာကိုယ်က ခဏတာ တောင့်တင်သသလာသသည်။  ခဏအကဌာတလင်မဟ သာလျဟင် သူမ စု၀မ်နဟင့် လက်ဆလဲနဟုတ်ဆက်လိုက်ကာ


 "ဟယ်လို၊ ကျလန်မက လော့ချူသချူသလို့‌ခေါ်ပါတယ် "


စု၀မ်သည် ယနေ့က ရဟောင်သကျင်မော့၏ မလေသနေ့ဖဌစ်သည်ကို သိသောကဌောင့် လော့ချူသချူသပေါ်ထလက်လာသည်ကို စောင့်နေခဲ့ပဌီသ မတော်တဆတလေ့ဆုံမဟုတစ်ခုအဖဌစ် လော့ချူသချူသဘက်မဟ ထင်မဌင်ရန် စီစဉ်ထာသခဲ့ခဌင်သဖဌစ်သည်။ 


 á€…ုဝမ်...


ကနာမည်က သူမနဟင့် မရင်သနဟီသသည်တော့ မဟုတ်ချေ။  မကဌာသေသမီက မိန်သကလေသဖန်သသည် လော့ချူသချူသထံချဉ်သကပ်ခဲ့ပဌီသ ရဟောင်သကျင်မော့သည် သူမအာသ အမဟန်တကယ်မချစ်ကဌောင်သ ပဌောခဲ့သည်။  ရဟောင်သကျင်မော့သည် သူမအာသ အခဌာသသူတစ်ညသအတလက် အစာသထိုသခံအဖဌစ်သာ မဟတ်ယူခဲ့သည်။


ထိုတခဌာသတစ်ယောက်၏ နာမည်က စု၀မ်ဖဌစ်ကာ ရဟောင်သကျင်မော့၏အချစ်ညသဖဌစ်သည်။


ထိုအချိန်တလင် လော့ချူသချူသ သံသယနဟင့် စိတ်မသက်မသာ ဖဌစ်မဟုကိုသာ ခံစာသရသည်။  သို့သော် ရဟောင်သကျင်မော့နဟင့် တစ်နဟစ်ကျော်ကဌာ အတူရဟိခဲ့ပဌီသနောက် သူမသည် ၎င်သတို့ကဌာသ စစ်မဟန်သော ချစ်ခဌင်သမေတ္တာရဟိကဌောင်သကို ပို၍ယုံကဌည်လာခဲ့သည်။


သူမတို့ အမဟန်တကယ်ပင် တစ်ယောက်ကိုတစ်ယောက် ချစ်နေကဌသည်။ လူတစ်ယောက်၏ အဓိပ္ပာယ်ရဟိလဟသည့်အကဌည့်သည်  လဟည့်စာသ၍မရနိုင်ချေ။


ယ​နေ့အထိ လော့ချူသချူသသည်​ ထိုအချက်​ကို ခိုင်​မဌဲစလာ ယုံကဌည်​ခဲ့သည်​။


ယခုမူကာသ...


လော့ချူသချူသ၏ ပါသစပ်ပေါ်ရဟိ အပဌုံသသည် အတန်ငယ် အတင်သလုပ်ယူထာသသကဲ့သို့ဖဌစ်နေသည်။


ရဟောင်သကျင်မော့က သူမမျက်လုံသမျာသကို အလလန်သဘောကျသည်။  သူမကို ကဌည့်လိုက်တိုင်သ  လေသနက်သည့် ချစ်ခဌင်သမေတ္တာမျာသ အမဌဲရဟိနေတတ်သည်။


သို့သော် ထိုလေသနက်သောချစ်ခဌင်သမျာသက သူမကို အမဟန်တကယ် ညသတည်နေသလာသ...


လော့ချူသချူသ ရုတ်​တရက်​ မ​သေချာမ​ရေရာဖဌစ်​သလာသသည်​။


လော့ချူသချူသကို တိတ်တဆိတ် သံသယဖဌစ် မေသခလန်သထုတ်နေချိန်တလင် စု၀မ်က သူမ၏လက်ထဲမဟ ကိတ်မုန့်ဘူသကို သတိပဌုမိသလာသပုံရသည်။ 


 " ဒီနေ့ မင်သမလေသနေ့လာသ ကျလန်မမဟာလည်သ ဒီနေ့ မလေသနေ့ရဟင် သူငယ်ချင်သတစ်ယောက်ရဟိတယ်၊ တိုက်ဆိုင်လိုက်တာ "


 "အာ တကယ်လာသ "


လော့ချူသချူသ ကိတ်မုန့်ပုံသကို ကိုင်ထာသသော လက်သည် အလိုလိုတင်သကဌပ်လာသည်။  သူမစိတ်က မဌန်မဌန်ထလက်သလာသဖို့ ပဌောနေပေမယ့် သူမခန္ဓာကိုယ်က လဟုပ်ရဟာသ၍မရချေ။


 " သူက မင်သရည်သစာသလာသ "


ထိုစကာသမျာသထလက်လာသောအခါ လော့ချူသချူသ အနည်သငယ် လန့်ဖျပ်သလာသသော်လည်သ နောက်တစ်စက္ကန့်တလင် သူမက ထပ်မေသလိုက်သည်။


 " ဒီနေ့ မလေသနေ့ပလဲကို ကျင်သပမယ့်သူကိုပဌောတာ " 


သူမကိုယ်သူမ လဟည့်စာသ၍မရ‌ပေ။ တကယ်တော့ ဂရုစိုက်၏၊အလလန်ဂရုစိုက်၏ ။


 "အင်သ အဲ့ဒီလိုပါပဲ "


စုဝမ်၏အမူအရာမဟာ တုံ့ဆိုင်သသလာသသည်။ 


 " ငါတို့ မတလေ့ရတာ နဟစ်အတော်ကဌာပဌီ သူငါ့ကို ချစ်သေသရဲ့လာသဆိုတာမသေချာတော့ပါဘူသ"


 "အာ...အင်သ "


လော့ချူသချူသ သူမ၏ လက်ရဟိမျက်နဟာအမူအရာသည် အလလန်ရုပ်ဆိုသနေမည်ကို သိ၏။ 


 " ကျလန်မ.. ကျလန်မလုပ်စရာ‌ လေသတလေရဟိသေသလို့ အရင်သလာသတော့မယ်နော် "


စု၀မ်၏ တုံ့ပဌန်မဟုကို မစောင့်ဘဲ လော့ချူသချူသ မဌန်မဌန် လဟည့်ထလက်ခဲ့ပဌီသ ကုန်တိုက်ထဲမဟ‌ ပဌေသထလက်လာခဲ့ကာ ထီသဝယ်ရန်ကိုပင် မေ့လျော့ခဲ့သည်။


ကဌည်နူသဖလယ်အချစ်‌ရေသတစ်ခုအလယ်ရဟိ မိန်သကလေသတစ်ယောက်...


စု၀မ် ခေါင်သယမ်သကာ ၀င်ပေါက်တံခါသဆီသို့ လျဟောက်သလာသလိုက်ပဌီသ သည်သထန်စလာရလာသလန်သနေသောမိုသရေထဲ လော့ချူသချူသပဌေသသလာသသည်ကို တလေ့လိုက်ရသည်။  သို့သော်လည်သ အနက်ရောင် Maserati တစ်စီသက သူမလမ်သကို ပိတ်ဆို့ချိန်တလင် သူမသည် ခဌေလဟမ်သအနည်သငယ်မျဟပင် မလဟမ်သရသေသချေ။


စု၀မ်သည် အဝေသ၌ရပ်နေပဌီသ ကာသပေါ်ရဟိလူကို မိုသကန့်လန့်ကာဖဌင့် ရဟင်သရဟင်သလင်သလင်သမမဌင်နိုင်သော်လည်သ ကာသမောင်သနေသောသူသည် ရဟောင်သကျင်မော့မဟုတ်ကဌောင်သ သူမ သေချာသည်။


 " ကာသထဲ၀င် "


Maserati ၏ ကာသပဌတင်သပေါက်သည် ဖဌည်သညဟင်သစလာ နိမ့်ဆင်သလာပဌီသ လူငယ်တစ်ညသ၏ မျက်နဟာက ပေါ်ထလက်လာသည်။  ထိုသူ၏ အသက်အရလယ်မဟာ ၂၇၊၂၈ရဟိပုံပေါ်ပဌီသ သူ၏သန့်ရဟင်သတောက်ပဌောင်သည့် နဖူသပေါ်တလင် သစ်အယ်သီသ‌ရောင်ဆံပင်တိုက သပ်ရပ်စလာရဟိနေသည်။ အမျိုသသာသ၏ အသာသအရေသည် မဖဌူဖလေသနေသော်လည်သ ကျန်သမာပဌီသ ဆလဲဆောင်မဟုရဟိသော ခံစာသချက်ကို ပေသစလမ်သသည်။  သူ၏မျက်နဟာသလင်ပဌင်တလင် လလမ်သဆလေသသောခံစာသချက်ကိုလည်သ သယ်ဆောင်ထာသသည်။ အထူသသဖဌင့် ထိုအမည်သရောင်မျက်၀န်သမျာသပင်။  ရံဖန်ရံခါတလင် ထိုမျက်၀န်သထဲ၌ အေသစက်သည့်အလင်သတန်သက ဖဌတ်ပဌေသသလာသပဌီသ လူအမျာသကို ကဌောက်ရလံ့ထိတ်လန့်မဟုဖဌစ်စေသည်။


ကံကောင်သထောက်မစလာ ယခုအခိုက်အတန့်တလင် သူ၏မျက်နဟာမဟာ အေသစက်နေသော်လည်သ အကဌည့်မျာသက နူသညံ့သည်ဟု ယူဆနိုင်သည်။


 "အာ ဖန်သကျစ်မု "


လော့ချူသချူသ ထိုလူ၏မျက်နဟာကိုမဌင်သောအခါ ပထမဆုံသအံ့အာသသင့်သလာသပဌီသ ခဏတာမျဟ တုံ့ဆိုင်သသလာသသည်။ ထို့နောက် သူမ ကာသတံခါသကို အမဌန်ဖလင့်ကာ ကာသထဲသို့ဝင်လိုက်သည်။


ဖန်သကျစ်မုသည် နောက်ကဌည့်မဟန်မဟတဆင့် လော့ချူသချူသကိုကဌည့်ရင်သ မောင်သထလက်ရန်ပဌင်လိုက်သော်လည်သ ရုတ်တရက် နေရာတစ်ခုတလင် သူ့အကဌည့်မျာသ ရပ်တန့်သလာသသည်။


အာရုံခံစာသမဟုမရဟိသကဲ့သို့ ယခုချိန်ထိ ဘယ်အရာကိုမျဟ မခံစာသခဲ့သော သူ့နဟလုံသသာသသည် ရုတ်တရက် ပဌင်သထန်စလာ တဒုတ်ဒုတ်မဌည်လာသည်။


 á€¡á€²á€’ါ သူမပဲ...


သူ့မျက်လုံသထဲတလင် အေသစက်သောအလင်သတန်သတစ်ခုဖဌတ်သလာသပဌီသ ဖန်သကျစ်မုကာသတံခါသကို ရုတ်တရက်ဖလင့်လိုက်ပဌီသ ကုန်တိုက်၏အဝင်ပေါက်ဆီသို့ ပဌေသသလာသလိုက်သည်။  သို့သော် ထိုနေရာသို့ ရောက်သောအခါတလင် သူ့နဟလုံသသာသကို လဟုပ်ခတ်စေသော ပုံရိပ်သည် ပျောက်ကလယ်သလာသခဲ့ပဌီဖဌစ်သည်။


ကဌီသမာသကျယ်ပဌန့်သော မိုသသာသကန့်လန့်ကာကဌာသတလင် ဖန်သကျစ်မု၏ အမဌင်အာရုံမျာသ မဟုန်ဝါသသလာသသည်။  အေသစက်သော မိုသရေစက်မျာသက  နူသညံ့ချောမလေ့သော ဆံပင်တိုတိုမျာသမဟတစ်ဆင့် သူ့မျက်နဟာပေါ်သို့ ကျဆင်သလာသည်။


"တကယ်ပဲမင်သလာသ..."


မသိစိတ်ဖဌင့် သူ့လက်သီသတလေကို တင်သကဌပ်စလာဆုပ်ထာသရင်သ ဖန်သကျစ်မု သူ့လက်ဖဝါသ‌တလင် အနီရောင်ဒဏ်ရာမျာသ ကျန်ရစ်စေသည်။ မိုသရေထဲမဟာ ခဏတဖဌုတ်ရပ်နေပဌီသ‌နောက် တိတ်တဆိတ် လဟည့်ကာ ထလက်ခလာသလာသသည်။


မဌူခိုသမျာသနဟင့် မိုသရေမျာသကဌာသအရပ်ရဟည်ရဟည်၊သလယ်လျသောနောက်ကျောတစ်ခုသည် အလလန်အထီသကျန်နေပုံရသည်။


အနက်ရောင် Maserati သည် မိုသရေထဲတလင် လျင်မဌန်စလာ‌ မောင်သထလက်သလာသပဌီသမဟသာ စု၀မ် သည် သူမ ထီသအာသချလိုက်ကာ ထောင့်တစ်‌နေရာမဟ ဖဌည်သညဟင်သစလာ ထလက်ပေါ်လာသည်။


သူ သူမကို ခံစာသမိသောအခါ သူမသည်လည်သ သူ့ကို မဌင်ခဲ့သည်။


စု၀မ်သည် ကာသပိုင်ရဟင်က ဖန်သမိသာသစု၏ အကဌီသဆုံသသာသ ဖန်သကျစ်မုဖဌစ်ကဌောင်သ ခန့်မဟန်သထာသပဌီသသာသဖဌစ်‌သည်။ သို့သော် ထိုလူ ကာသထဲမဟ ဆင်သလာသည်ကို မဌင်လိုက်သောအခါ စု၀မ်သည် လျင်မဌန်စလာ လဟည့်ထလက်ကာ ထောင့်တစ်နေရာတလင် အမဌန်ပုန်သလိုက်မိသည်။ ထိုအရာက ကျင့်သာသရသည့် တုံ့ပဌန်လုပ်ဆောင်မဟုတစ်ခုကဲ့သို့ပင်။


သူမကို မည်သည့်အရာက ထိုသို့ဖဌစ်စေသည်ကို မသိသော်လည်သ ထိုမျက်နဟာ၊ထိုသူ၏မျက်နဟာက စုရလေ့၏မျက်နဟာနဟင့် ဆင်တူပဌီသ သူမအာသ ခေတ္တခဏ ကဌောက်လန့်သလာသ စေသည် ။


ဒီအတိုင်သရုပ်ဆင်တာမျာသလာသ...


ဖန်သကျစ်မုသည် စုရလေ့၏ ရင့်ကျက်သည့်မျက်နဟာသလင်ပဌင်နဟင့် ဆင်တူရုံသာမကပဲ သူ၏အကဌည့်၊အငလေ့အသက်နဟင့် သူပေသသည့် ခံစာသချက်ကပင် စုရလေ့နဟင့်အတူတူဖဌစ်သည်ကို စု၀မ်၀န်ခံရပေမည်။


ထို့အပဌင် စု၀မ်၏ ခံစာသရမဟုသာ မမဟာသပါက ထို ယောက်ျာသသည်လည်သ သူမကို ယခုလေသတင် မဟတ်မိနေခဲ့သည်။ စု‌ရလေ့၏ ဖဌစ်လာမည့်အရာကိုကဌိုတင်ထင်မဌင်မဟန်သဆနိုင်သည့် အရည်အချင်သက သိသိသာသာ ကဌောက်မက်ဖလယ်ကောင်သစလာ အာသအင်ကဌီသမာသလေသည်။


သို့သော် သူဘာကဌောင့် ဒီကိုရောက်နေရသနည်သ။ ထို့‌အပဌင် ဘာကဌောင့်မျာသ ဖန်သကျစ်မုဖဌစ်လာသနည်သ။


စု၀မ်သည် ကတစ်ကဌိမ် သူမ၏မစ်ရဟင်မဟာ ချောမလေ့စလာပဌီသမဌောက်နိုင်မည်မဟုတ်ကဌောင်သ အတိတ်နိမိတ်ခံစာသလိုက်မိ‌သည်။



🚩