Chapter 41
Viewers 3k


🚩 Ch 41

Arc 3.4 အစားထိုးခံချစ်သူ 




ရှောင်းမိသားစုသည် ပါတီပွဲကို ရှောင်းမိသားစု၏ ရေကန်ဘေးဗီလာ၌ ညနေခုနစ် နာရီတွင် စတင်ကျင်းပသည်။


 အဖြူစွတ်စွတ် ညနေခင်းဂါ၀န်ရှည်ကို ၀တ်ဆင်ထားသော စု၀မ်သည် ရှောင်းမိသားစု၏အိမ်သို့ ရှန်းဝေနှင့်အတူ စော‌စီးစွာရောက်ရှိလာခဲ့သည် ။ 


ဤအချိန်တွင် ဧည့်သည်များ အများအပြား မရောက်ရှိ‌သေးဘဲ တနေကုန် မိုးရွာ‌နေခဲ့‌သောကြောင့် အပြင်ဘက်ရှိလေထုက စိုထိုင်းနေပြီး  မြက်ခင်းစိမ်းနံ့များက လေထုထဲ ၌ ရောထွေးနေသည်။


စုဝေနှင့်ရှန်းဝေတို့ ၀င်လာသည်နှင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ EVFA Huaxia၏ဥက္ကဌအသစ် မစ္စစုဖြစ်‌သော စု၀မ်အကြောင်းကို လူတိုင်းက သိလိုနေကြဆဲဖြစ်ပြီး အထူးသဖြင့် ယနေ့ညတွင် သူမ၏ ၀တ်စားဆင်ယင်မှုကို မြင်တွေ့ရပြီး နောက် ချမ်းသာသောမိသားစုများ၏ မျက်လုံးများက တောက်ပလာကြသည်။


စု၀မ်၏ ယနေ့ညအတွက် မိတ်ကပ်လိမ်းခြယ်ထားပုံက အလွန်ရိုးရှင်းပြီး သူမ၏ အဖြူရောင်ည‌နေခင်းဝတ်စုံသည် အလှဆင်မှုများစွာ မပါဝင်သော်လည်း သဘာ၀ကျသောမိတ်ကပ်ဖြင့် နုပျိုသောမျက်နှာက သူမအား ဖြူစင်ပြီး ဆွဲဆောင်မှုရှိစေသည်။


အလွန်အကြူးလှပပြင်ဆင်မှုများကြားတွင် တစ်မူထူးခြားသည့် ကြော့ရှင်းသောအလှဖြစ်သည်။


ရှောင်းကျင်မော့သည် ယခုည ‌လော့ချူးချူးအတွက် ဤကဲ့သို့ အလွန်လှပသိမ်မွေ့သည့်မိန်းမလှ‌လေးအဖြစ် ပြင်ဆင်ပေးထားမည်ကို သူမသိ၏ ။


တကယ်ကို စိတ်မကောင်းပါဘူး..သူမက တခြားသူတွေနဲ့ဆင်တူသည့် အဝတ်အစားတွေကို ၀တ်ရတာကြိုက်တယ်လေ...


ရှန်းဝေသည် သူ့ဘေးနားရှိ လူများစွာက သူ့အား အားကျမှု၊လေးစားမှုနှင့် မနာလိုမှုများဖြင့် ကြည့်နေကြသည်ကို မြင်သော်  ယောက်ျား‌လေးတစ်ယောက် အနေဖြင့် ၀မ်းနည်း၀မ်းသာခံစားမိသည်။


သူ၏အမျိုးသမီးပါတနာက အလွန်ပင် ပြီးပြည့်စုံပြီး သူ၏ဘ၀င်မြင့်၀င့်၀ါမှုကို အလွန်အမင်းစိတ်ကျေနပ်သည်။ ဤအမျိုးသမီးက သူ့အပိုင်မဟုတ်သည်က ဘယ်လောက်တောင်နှမြောဖို့ကောင်းလိုက်သနည်း။


ဟင်း...(သက်ပြင်းချသံ)


ရှန်းဝေက စိတ်လွတ်နေသေးပေမယ့် စု၀မ်က သူ့ကို လူအုပ်ဆီ ခေါ်ဆောင်သွားခဲ့ပြီ...


 " ဥက္ကဌ၀မ် "


 " ဥက္ကဌလျို "


စု၀မ်သည် ဆွဲဆောင်မှုရှိစွာပြုံးရင်း ပွဲခန်းမထဲရှိ ဧည့်သည်များကို ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။ အလှပ‌ဂေးလေး၏ နှုတ်ဆက်ခြင်းကို မည်သူမျှ ငြင်းဆန်ကြမည် မဟုတ်သောကြောင့် ခဏတာအတွင်းမှာပင် စု၀မ် သည် လူအများစုနှင့် ရောနှောသွားလေသည်။


အချိန်ကြာလာသည်နဲ့အမျှ ခန်းမထဲတွင် ဧည့်သည်များ ပိုများလာသည်။ ပွဲစခါနီးအချိန်တွင် ဗီလာတံခါး၌ ရုတ်တရက် ဆူဆူညံညံအသံများထွက်ပေါ်လာသည်။ စု၀မ်ဘေးရှိ ရှန်းဝေ သည် ချက်ချင်းလက်ငင်းပင် သိချင်စိတ်ဖြင့် တံခါးအ၀င်၀သို့ လှမ်းကြည့်လိုက်ပြီး ဧည့်သည်များစွာ ဝိုင်းရံခံထားရသည့် အမျိုးသား၊အမျိုးသမီးစုံတွဲကို တွေ့လိုက်ရသည်။


ရှန်းဝေသည် လှပသော အမျိုးသမီးများကို အမြဲငေးကြည့်လေ့ရှိသူဖြစ်‌ပြီး ပထမဆုံးလှည့်အကြည့်တွင် သွယ်လျပြီး အရပ်ရှည်သော ပုဂ္ဂိုလ်ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီးမားသော ဒီဇိုင်နာချုပ်ဝတ်စုံသည် အမျိုးသား၏ အချိုးအစားကျနသောခန္ဓာကိုယ်ကို ကောက်ကြောင်းရေးထား၏ ။ ဖြောင့်စင်းသောခြေထောက်များ၊ ပြီးပြည့်စုံသောခါးနှင့်ပုခုံးကျယ်တို့က လူလတ်ပိုင်းအရွယ်မရောက်မီ ကိုယ်အလေးချိန်တက်လာသော ရှန်းဝေကို အလွန်အမင်းမနာလိုဖြစ်စေသည်။


ဟုတ်၏။ ဤအရာက ထိတ်လန့်တုန်လှုပ်စရာမဟုတ်‌ချေ။ ရှန်းဝေဖို့ အထိတ်လန့်ဆုံးအရာသည် ထိုပုဂ္ဂိုလ်တွင် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အရပ်အမောင်းရှိသည့်အပြင် နာမည်ကြီးကျော်ကြားသူများနှင့်ယှဉ်နိုင်သည့် ချောမောခန့်ညား‌သောမျက်နှာကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ လူငယ်လေးတစ်ယောက်၏ချောမောလှပမှုမျိုး မဟုတ်ဘဲ တကယ့် အစစ်အမှန် ချောမောခန့်ညားမှုဖြစ်သည်။


ထိုသူ၌ ထင်ရှားသည့် သုံးဖက်မြင်မျက်နှာအသွင်အပြင်ရှိပြီး သူ၏တစ်ကိုယ်လုံးက အဆင့်အတန်းမြင့်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။


ရှန်းဝေသည် ပတ်ဝန်းကျင်ရှိဧည့်သည်များ ထိုလူ၏နာမည်အကြောင်းပြောနေသည်ကိုကြားသည့်အခါမှ  ဒဏ္ဍာရီလာသခင်လေးဖန်းဖြစ်သည်ကို သိလိုက်ရသည်။


သေစမ်း... အရင်က ဖန်းသခင်လေးက ဒီလောက်စတိုင်ကျတယ်လို့ ဘာလို့မထင်ခဲ့တာလဲ...


 " ဒါက ဖန်းမိသားစုရဲ့ သခင်လေး ဖန်းကျစ်မု "


စု၀မ် ဤလူကို မမှတ်မိမည်ကို စိုးရိမ်သော ရှန်းဝေက စု၀မ်နားထဲသို့ ကပ်ကာ တိုးတိုးလေး  တီးတိုးပြောလိုက်သည်။


ဤစက္ကန့်တစ်၀က်စာအချိန်ခဏလေးတွင် ရှန်းဝေသည် သူ့အား အေးစက်သော မျက်လုံးတစ်စုံဖြင့်  စိုက်ကြည့်နေသည်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကအနီးကပ် စောင့်ကြည့်နေသလို ခံစားချက်က ခဏတာမျှသာကြာသော်လည်း ကျောပြင်တစ်ခုလုံး ချွေးစေးများ စိုရွှဲနေစေသည်။


ဘယ်သူလဲ... သူ့မှာ တကယ်ကို အဲဒီလိုကြောက်စရာကောင်းတဲ့မျက်လုံးတွေရှိတယ်...


အကယ်၍ အကြည့်က လူသတ်နိုင်လျှင် ရှန်းဝေ ထိုအချိန်၌ သူသည် သံသယမရှိ မြင်းငါးကောင်ဖြင့် စွဲဖြဲခံရသလို ဖြစ်မည်မှာ သေချာသည်။


ရှန်းဝေသည် ဖြူဖျော့သောမျက်နှာဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သော်လည်း ထိုအချိန်က ခံစားရမှုက စိတ်အထင်မှားသကဲ့သို့ဖြစ်ကာ အရိပ်အယောင် တစွန်းတစပင်မရှိချေ။


အမှန်တွင် စုရွေ့ဝင်လာသည့်အခိုက်အတန့်၌ စု၀မ် သူ့အားမြင်လိုက်ပြီးဖြစ်သည်။ 


သူမသည် နေ့ခင်းဘက်တွေ့ဆုံချိန်၌ တစ်ချက်သာ ခပ်မြန်မြန်ကြည့်ခဲ့‌သော်လည်း  ယခုမူ သူမ စုရွေ့အား သေသေချာချာမြင်နေရသည်။


အတိတ်၏ ပြင်းထန်သော မကောင်းဆိုးဝါးရောင်ဝါသည် ကွာကျသွားခဲ့ပြီး ယခု စုရွေ့ သည်  တည်ကြည်ခန့်ညားသည့် အထက်တန်းလွှာ အမျိုးသားတစ်ယောက်ကဲ့သို့သော ပြီးပြည့်စုံသည့် အသွင်အပြင်ရှိနေသည်။ သူ၏ မြင့်မြတ်သောအရှိန်အ၀ါသည် နှစ်ပေါင်းများစွာတည်ရှိလာသကဲ့သို့ ပတ်ဝန်းကျင်ရှိ စီးပွားရေးသမားများနှင့် လုံးဝမတူညီပေ။


စုရွေ့သည် ဇာတ်ကောင်ဖန်းကျစ်မုအား အသစ်စက်စက်စရိုက်လက္ခဏာနှင့်ဝိသေသလက္ခဏာကို ပေးခဲ့သည်ဟုဆိုနိုင်သည်။


စု၀မ် သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမကစုရွေ့ကိုမှတ်မိခဲ့ပြီး စုရွေ့သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကာ စု၀မ်ကိုမှတ်မိပေသည်။ သူမ၏ခန့်မှန်းမှုသာ မမှားပါက စုရွေ့သည်လည်း သူမကဲ့သို့ ဤကမ္ဘာတွင် မစ်ရှစ်လုပ်ဆောင်နေသည်ဖြစ်ပေမည်။ သူ၏မစ်ရှင်တာဝန်က ဘာဖြစ်သလဲဆိုသည်ကိုသာ သူမ မသိချေ။


ထိုသို့တွေး‌တောရင်း စု၀မ်က စုရွေ့၏ မိန်းကလေးအဖော်ဖြစ်သူ ဖန်းကျစ်၀မ့်ကိုကြည့်လိုက်၏ ။


ယနေ့ညတွင် ဖန်းကျစ်၀မ့်သည် တောက်ပသောခရမ်းရောင်ညနေခင်းဝတ်စုံကို ၀တ်ဆင်ထားပြီး ထိုတန်ဖိုးကြီး၍ ဆွဲဆောင်မှုရှိကာ ရင်သပ်ရှုမောဖွယ်ခရမ်းရောင်၀တ်စုံသည် သူမ၏အသားအရေအား ကြည်လင်ကာ ဖြူဖွေးသွားစေသည်။


ဖန်းကျစ်၀မ့်သည်  ကြည့်ရှုဖွယ်ကောင်းသောဆံပင်တိုတိုနှင့် သဘာ၀ဆန်သည့်မိတ်ကပ်ကို လိမ်းခြယ်ထားသည်။ ဤကဲ့သို့သော သူမပုံစံက အခြားသူများ၏ မှတ်ဉာဏ်ထဲမှ ဆံပင်ကို ရောင်စုံအမြဲဆိုးကာ မျက်ခွံများ၌ အမည်းရောင်များခြယ်လေ့ရှိသည့် မမလေးဖန်းနှင့် မတူညီသည့်လူနှစ်ယောက်အလား ဖြစ်နေသည်။ 


ထို့ကြောင့် သူမ တံခါးမှဝင်လာသည်နှင့် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။


လူတိုင်း၏ အလွန်အံ့အားသင့်ကာ စိုက်ကြည့်မှုများကြောင့် ဖန်းကျစ်၀မ့် ရုတ်တရက် စိတ်လှုပ်ရှားတုန်လှုပ်လာသည်။


"ဒီပုံစံအသစ်က ကြည့်ကောင်းတာလား... ဒါဆို ရှောင်းကျင်မော့ကရော သဘောကျမှာလား..."


ရှောင်းကျင်မော့အကြောင်း သတိရမိသည်နှင့် ဖန်းကျစ်၀မ့်၏ နှလုံးသားက ပျော့ပျောင်းသွားလေ၏။ သူမ အရွယ်ရောက်လာသော်လည်း အချစ်က မည်သို့မည်ပုံဖြစ်သည်ကို မသိခဲ့ပေ။ သို့သော် ရှောင်းကျင်မော့၏ အသွင်အပြင်သည် သူမအား အချစ်သည် မည်ကဲ့သို့ ဖြစ်သည်ဆိုသည်ကို သိလာစေသည်။ သူမ တစ်ဖက်သက် ချစ်နေရသော်လည်း တစ်နေ့နေ့တွင် ရှောင်းကျင်မော့ သူမ၏ကောင်းမွန်သည့်အချက်ကို ရှာဖွေတွေ့ရှိပြီး သဘောကျလာလိမ့်မည်ဟု ဖန်းကျစ်၀မ်က ယုံကြည်ထား‌လေသည်။


ထိုကဲ့သို့တွေးရင်း ဖန်းကျစ်၀မ့်၏ စိတ်အခြေအနေက ပိုတက်ကြွလာသည်။ တစ်ဖက်တွင်မူ စုရွေ့က ပတ်ဝန်းကျင်ကလူတွေကို သာမန်ယဉ်ကျေးရုံမျှသာ စကားအနည်းငယ်ပြောဆို‌နေသည်။ သူသည် စိတ်မ၀င်စားဟန်ပြုမူနေသော်လည်း တကယ်တော့ စု၀မ်၏လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့သည်။


သူမသည် ကျက်သရေရှိသောအပြုံးနှင့် အေးဆေးတည်ငြိမ်သော ကိုယ်ဟန်အနေအထားရှိပြီး ပါတီပွဲကို ပျော်ရွှင်နေပုံရသည်။


သူမက လူတစ်စုနှင့် ဝိုင်းဖွဲ့ကာရယ်‌မောရင်း စကားစမြည်ပြောနေကြသည်ကို မြင်နေသဖြင့် စုရွေ့မျက်နှာက မည်းမှောင်သွားသည်။


စုရွေ့၏အကြည့်များက အလွန်စူးရှပြီး စု၀မ်ကို သူမနောက်ကျောတွင် တစ်ခုခုဆူးနေယောင် ခံစားရစေသော်လည်း သူမ၏ကျက်သရေကိုပင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ သူမသည် ဤကဲ့သို့ပါတီပွဲမျိုး အကြိမ်ပေါင်းမရေမတွက်နိုင်‌အောင် တက်ရောက်ခဲ့ဖူးပြီး မည်သည့် အခြေအနေကိုမဆို ကောင်းစွာကိုင်တွယ်နိုင်ခဲ့သည်။


စု‌၀မ်သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် အချိန်အတော်ကြာ စကားစမြည်ပြောဆိုပြီး  နောက်ဆုံး၌ လူအုပ်စုနှင့် ဝေးရာသို့ ထွက်ခွာလာသည်။ ရှန်းဝေ၏ အပြုံးမျက်နှာက အေးခဲသွားကာ သန့်စင်ခန်းသို့၀င်ရန် အခွင့်အရေးယူကာ ထွက်ပြေးသွားလေသည်။ စု၀မ် မတိတ်ဆိတ်လွန်း၊မဆူညံလွန်းသော ထိုင်စရာနေရာတစ်ခုကို ရှာဖွေကာ ထိုင်လိုက်သည်။


ထိုအချိန်တွင် သူမ လူအုပ်ထဲတွင် စုရွေ့ကို ရှာဖွေသော်လည်း သူကား ပျောက်ကွယ်‌နေလေ၏ ။


သူက သူမအား မတွေ့လိုသည်ဖြစ်‌ပေမည်။


စု၀မ် သူမဖန်ခွက်ထဲရှိ ဝိုင်နီကို လှုပ်ခါလိုက်ပြီး နီမြန်းသောအရည်သည် ခရစ်စတယ်မီးအိမ်အောက်တွင် လင်းလက်တောက်ပနေသည်။


ယခင်မစ်ရှင်များတွင် စု၀မ် လူမျိုးစုံကို တွေ့ခဲ့ဖူးသည်။ သူမ သူတို့ကို ကူညီခဲ့၊ဒဏ်ရာပေးခဲ့ပြီး အခွင့်အရေးယူအသုံးချခဲ့ဖူးသည်။


မစ်ရှင်တစ်ခုမှ ထွက်ခွာလာတိုင်း သူမသည် ၎င်းတို့ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် မေ့ဖျောက်ပစ်လေ့ရှိသည်။


သူမနှလုံးသားက ဘယ်သူ့ကိုမှ လက်မခံနိုင်သလို ဘယ်သူ့နဲ့မှလည်း မပက်သတ်ချင်တော့ပေ။


သို့သော် စုရွေ့ကား ခြွင်းချက်ဖြစ်သည်။


သူ့အကြည့်တွေက စူးရှလွန်းတာကြောင့် စု၀မ်က သူ့ရှေ့၌ ပုန်းရန်လမ်းမရှိချေ။


ဤကဲ့သို့ တခြားသူက သူမအားကြည့်သည်ကိုခံစားရသည့်ခံစားချက်က အလွန်ပင် မသက်မသာဖြစ်စေသည်။


စုရွေ့.....


စု၀မ်၏ မျက်လုံးများက အနည်းငယ် တောက်လောင်သွားသည်။


"ဒီကမ္ဘာမှာ နင်ကငါ့ရဲ့ရန်သူဖြစ်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် ဖယ်ရှားပစ်ရလိမ့်မယ်...ငါ...စု၀မ်က ဘယ်သူ့အပေါ်နေနေ ဘယ်တော့မှ ပျော့ပျောင်းမှာ မဟုတ်ဘူး...ပြီးတော့ စုရွေ့ဆိုတဲ့နင်ကလည်း ခြွင်းချက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး..."

 …………


မျက်နှာကျက်ပေါ်ရှိ တန်ဖိုးကြီးဇိမ်ခံမီးအိမ်များသည် တစ်ချိန်တည်းမှာပင် ရုတ်တရက် ပိတ်သွားပြီး ပတ်ဝန်းကျင်နံရံများမှ လေဆာမီးတန်းများက မီးမောင်းထိုးလာသည်။ နောက်ဆုံးတွင် သူတို့အားလုံးက ဗီလာ၏ဒုတိယထပ်လှေကားထစ်တွင် စုရုံးနေကြသည်။ ပါတီပွဲစတင်ချိန်ရောက်ရှိလာပြီး ပွဲ၏ကျင်းပသူက နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားစွာ ထွက်လာသည်။


စု၀မ်သည် လွတ်လပ်နေသော လှေကားဆီသို့ လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင် အားလုံးနီးပါး၏ မျက်လုံးများက တစ်နေရာတည်းသို့ အာရုံစိုက်နေကြသည်။


စုရွေ့ သန့်စင်ခန်းဆီသို့ ချိတ်ဆက်ထားသော စင်္ကြံမှ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်လာခြင်းကို မည်သူကမျှ မတွေ့လိုက်သလို စု၀မ်၏အမျိုးသားအဖော်ရှန်း‌ဝေ ထိတ်လန့်တကြားဖြင့် လူအုပ်ထဲသို့ လဲကျသွားသည်ကိုလည်း မည်သူကမျှ ပို၍ပင်ဂရုမစိုက်ကြပေ။



🚩