Chapter 82
Viewers 11k

💮Chapter 82


 

ဟွားကျစ်ချန် “…”

 

ခဏကြာသည်အထိ ဟွားကျစ်ချန်က သူနားကြားမှားသည်ဟု ထင်မိနေဆဲဖြစ်၏။

 

သူ ယမန်နေ့ညက ရှစ်ယဲ့၏ ကယ်တင်ခြင်းခံခဲ့ရသည်။ ထို့နောက် သူက စတုတ္ထမင်းသားရှစ်ကျင်း၊ စစ်သူကြီးလင်းတို့နှင့် ဆက်သွယ်ကာ တစ်ညလုံးနီးပါး အလုပ်လုပ်ခဲ့ရသည်။ ပြန်ပေးဆွဲသူများ၏ အလောင်းဖျောက်ခြင်း၊ ဓားစာခံများအား စုစည်းပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့ပြီး အာရုံတက်ချိန်မှသာ အိပ်ရာပေါ်လှဲ၍ အနားယူနိုင်ခဲ့သည်။

 

သူ မျက်လုံးမှိတ်ပြီး မကြာမီမှာပင် ရှစ်ယဲ့၏ အစေခံက သူ့အား လာခေါ်လိမ့်မည်ဟု ဟွားကျစ်ချန် မထင်ထားခဲ့ပေ။

 

အစေခံက သူ့အား အကြောင်းအရာ တိတိကျကျ မပြောခဲ့ချေ။ အရှင့်သားအား ခစားရသူတစ်ဦး ဖျားနာနေ၍ လာရောက်ကြည့်ရှုပေးပါရန်သာ ပြောခဲ့၏။

 

နယ်လှည့်သမားတော်အနေဖြင့် ဟွားကျစ်ချန်က ရှုပ်ထွေးသော အဖျားရောဂါ အမျိုးမျိုးကို တွေ့ဖူးခဲ့သည်။ ထို့ကြောင့် သာမန်ဖျားနာမှုသာဆိုပါက သူ စဉ်းစားနေရန်ပင် မလိုအပ်ဘဲ ကုသနိုင်၏။

 

သို့သော် ဝမ်ချီအား တွေ့လိုက်ချိန်တွင် သူ ခံစားချက်မကောင်းတော့ပေ။

 

ရှစ်ယဲ့၏ စကားများကိုကြားချိန်၌ သူ ပို၍ပင် ဝေခွဲမရ ဖြစ်သွား၏။ ထို့နောက် ရှက်ရွံ့မှုများ တစ်စတစ်စ ခံစားလာရသည်။

 

သူက နယ်လှည့်သမားတော် ဖြစ်သည့်တိုင် ထိုကိစ္စနှင့်စပ်လျဉ်း၍ အနည်းငယ်သာ သိရှိထားသည်။ ထို့အပြင် ဝမ်ချီက အမျိုးသားတစ်ဦး ဖြစ်၏။ အမျိုးသားများက သူတို့၏ ကိုယ်ဝန်အတွက် အထူးသမားတော်များ လိုအပ်ပေသည်။ ဟွားကျစ်ချန်ကမူ စာအုပ်များစွာ ဖတ်ဖူးသည့်တိုင် လက်တွေ့ကုသဖူးသည့် အတွေ့အကြုံမရှိချေ။

 

ထို့အပြင် ဝမ်ချီ သူ့အား ပေးခဲ့သည့် သေတ္တာအကြောင်း တွေးလိုက်မိချိန်၌ သူပို၍ပင် ရှက်လာ၏။ သူ ဝမ်ချီအား မည်မျှ အရဲစွန့်၍ စကားပြောနေရကြောင်း နတ်ဘုရားများသာ သိပေလိမ့်မည်။

 

“အရှင့်သား … ကျွန်တော်က ဒီလိုနယ်ပယ်မှာ မကျွမ်းကျင်ပါဘူး …”

ဟွားကျစ်ချန်က မတ်တပ်ထကာ လက်နှစ်ဖက်ဆုပ်လျက် အရိုအသေပေးရင်း ဦးညွှတ်လိုက်သည်။

“ပိုပြီးသေချာအောင်လို့ အရှင့်သား တခြားသမားတော်တစ်ဦးကို ရှာသင့်ပါတယ် …”

 

ရှစ်ယဲ့က ပြော၏။ 

”ကောင်းပြီ …”

 

ဟွားကျစ်ချန်က ရှစ်ယဲ့ သဘောတူလိုက်သည်ဟု ထင်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

 

သို့သော် သူ သက်ပြင်းချ၍မပြီးခင် ရှစ်ယဲ့က ဆက်ပြော၏။

“မယ်မယ်ဆီကတစ်ဆင့် ကြားခဲ့တာတော့ မောင်မင်းရဲ့မှတ်ဉာဏ်က အလွန်ကောင်းလွန်းတယ်ဆိုပဲ …ပန်ကုန်းကို ဒီနေ့ မင်းရဲ့အရည်အချင်းပြလို့ အဆင်ပြေမလား …”

 

ဟွားကျစ်ချန် “…”

 

ရှစ်ယဲ့ ခေါင်းလှည့်လိုက်သည်။

“ကျောကျစ် …”

 

ဘေးဘက်သို့ ဆုတ်ခွာနေသည့် ကျောကျစ်က ချက်ချင်း ရှေ့တက်လာသည်။

“မှန်လှပါ …”

 

“အဲဒီစာအုပ်တွေယူခဲ့ …”

ရှစ်ယဲ့ အမိန့်ပေးပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည့် ဟွားကျစ်ချန်အား တစ်ချက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည့်တိုင် သူ့မျက်ဝန်းများ၌မူ အပြုံးရှိမနေခဲ့ချေ။

“ပန်ကုန်း ဒီနေ့ အားလပ်နေတာဆိုတော့ မင်းစာဖတ်တာကို ကြည့်ပေးနိုင်တာပေါ့ …”

 

ကျောကျစ်က အမြန်လျှောက်ထွက်သွား၏။

 

ရှစ်ယဲ့ ဟွားကျစ်ချန်အား ခေါ်လာလိမ့်မည်ဟု ဝမ်ချီ အိပ်မက်ပင်မမက်ခဲ့မိပေ။ သူက ထိုသူအခက်တွေ့ရန် ထပ်မံလုပ်ဆောင်မိလိုက်သလို ခံစားလိုက်ရ၏။ သူက ကိုယ်ဝန်မရှိကြောင်းနှင့် ကိုယ်ခံပညာသင်ကြားရန် ရှောင်ဖယ်လိုခြင်းသာဖြစ်ကြောင်း အမှန်တကယ် ဝန်ခံချင်နေမိသည်။

 

သို့သော် အတန်ကြာ တုံ့ဆိုင်းနေပြီးသည့်တိုင် သူ့၌ ထိုသို့ ဝန်ခံရန် သတ္တိရှိမလာခဲ့ချေ။

 

ထို့နောက် ရှစ်ယဲ့က ဝမ်ချီ၏ လက်ကိုယူကာ ခပ်ဖွဖွပုတ်ပေးလာ၏။ ဝမ်ချီ ရုတ်တရက် အသိပြန်ဝင်လာပြီး သူ့အားစိုက်ကြည့်နေသည့် ရှစ်ယဲ့ကို ပြန်ကြည့်လိုက်မိသည်။

 

သူတို့နှစ်ဦးက အလွန်နီးကပ်နေကြပြီး ရှစ်ယဲ့၏ မျက်ဝန်းများထဲတွင် ထင်ဟပ်နေသည့် သူ့ပုံရိပ်ကိုပင် ဝမ်ချီ တွေ့နေရ၏။ သူက ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို လျှာဖြင့်တစ်ချက်သပ်ကာ စကားလုံးအနည်းငယ် ညှစ်ထုတ်လိုက်ရသည်။

“အရှင့်သား …”

 

ရှစ်ယဲ့က စကားဖြတ်ပြောလိုက်၏။

“ထိုင် …”

 

ဝမ်ချီက လေလျော့နေသည့် ဘောလုံးတစ်လုံးကဲ့သို့ စုစည်းထားသမျှ သတ္တိအားလုံးကို လွှတ်ချလိုက်ပြီး ရှစ်ယဲ့၏ ညာဘက်တွင် ထိုင်ချလိုက်၏။

 

မကြာမီမှာပင် ကျောကျစ် ပြန်ရောက်လာသည်။ သူမက လက်နှစ်ဖက်အပြည့် အပြာရောင်ဖုံးနှင့် စာအုပ်များ သယ်လာ၏။ ထို့နောက် ထိုစာအုပ်များကို ဟွားကျစ်ချန်ထံ ကမ်းပေးလိုက်သည်။

 

စာအုပ်အဖုံးပေါ်ရှိ ‘အမျိုးသား’ နှင့် ‘ကိုယ်ဝန်ဆောင်ခြင်း’ ဟူသော စာလုံးများကို တွေ့လိုက်ချိန်၌ ဟွားကျစ်ချန် အနည်းငယ် ရှက်သွားပြန်၏။ သို့သော် မကြာမီမှာပင် စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းနိုင်လိုက်သည်။ သူက ကောင်းကင်တစ်ခုလုံး လည်နေသလို ခံစားလိုက်ရပြီး ကျင်းကျိုးသို့ စစ်သူကြီးလင်းနှင့်အတူ လာခဲ့မိသည်အား နောင်တရလာခဲ့သည်။

 

သို့သော် အဆိုပါ ကိစ္စက ဖြစ်ပြီးသားဖြစ်ရာ မည်သို့မှ လုပ်၍မရတော့ပေ။ ထို့အပြင် အဓိကထိုင်ခုံပေါ်ရှိ အမျိုးသားအား သူစော်ကား၍မရချေ။ သူက စာအုပ်အနည်းငယ်ကို ယူလိုက်ရင်း ၎င်းတို့အား တည်တည်ငြိမ်ငြိမ် ဖတ်နေသည့်နှယ် ဟန်ဆောင်လိုက်သည်။ သူ့လက်များကမူ သူ၏ ခံစားချက်ကို ပြသနေသည့်အလား တုန်လှုပ်နေ၏။

 

သူ့စိတ်ထဲတွင် မည်မျှ မလိုလားစေကာမူ အလေးအနက် စာဖတ်နေဆဲဖြစ်၏။


လက်ဖက်ရည်တစ်ခွက် ကုန်သွားသည့်နောက် သူက ပထမဆုံး စာအုပ်ကို ပိတ်လိုက်သည်။

 

“ဝမ်သခင်လေး…”

ဟွားကျစ်ချန်က ဝမ်ချီအား ခေါ်လိုက်သည်။ သို့သော် သူ့မျက်လုံးများကမူ အဓိကထိုင်ခုံပေါ်ရှိ ရှစ်ယဲ့ထံ၌သာ ရှိနေ၏။

“ကျွန်တော့်ကို သွေးကြောစမ်းကြည့်ခွင့် ပြုနိုင်မလား…”

 

ဝမ်ချီ ဘာမှ မပြောနိုင်ခင် ရှစ်ယဲ့က ပြောလိုက်သည်။

“ရတယ် …”

 

ထို့ကြောင့် ကျောကျစ်က ထိုင်ခုံတစ်ခု ယူလာ၏။ ထို့နောက် ထိုင်ခုံအား ဟွားကျစ်ချန်အနီးတွင် ထားလိုက်ကာ ဝမ်ချီအား ထိုင်ရန် ပန်ကြားလိုက်သည်။

 

ထိုအချိန်၌ ဝမ်ချီ ဝန်ခံရန် မလိုအပ်တော့ချေ။ ဟွာကျစ်ချန်က သူ ကိုယ်ဝန်မရှိကြောင်း ဖော်ထုတ်နိုင်သွားမည်ဖြစ်ပြီး ရှစ်ယဲ့အား သေချာပေါက် ပြောပြလိမ့်မည်သာ။

 

ထို့ကြောင့် ဝမ်ချီက ဟွားကျစ်ချန် ပြောသည့်အတိုင်း သူ၏ ဘယ်ဘက်လက်ကို စားပွဲပေါ် တင်လိုက်သည်။

 

ဟွားကျစ်ချန်က သူ့လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းထိပ်ဖြင့် စမ်းသပ်လိုက်၏။

 

ဟွားကျစ်ချန်က အမျိုးသားတစ်ဦးအား ဤသို့သောကိစ္စကြောင့် ပထမဆုံးအကြိမ် စမ်းသပ်ဖူးခြင်းဖြစ်သည်မှာ သိသာလှသည်။ သူ၏ မျက်နှာထက်ရှိ နေရခက်မှုနှင့် ရှက်ရွံ့မှုမှာ ဖုံးကွယ်ရခက်ခဲလှ၏။ သူက ဝမ်ချီ၏ မျက်လုံးများကိုပင် တည့်တည့်မကြည့်ခဲ့ပေ။ မသိလျှင် ဝမ်ချီက လူသားစားသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည့်အလားပင်။

 

သို့သော် ဟွားကျစ်ချန်က ဆေးပညာအား နှစ်ပေါင်းများစွာ လေ့လာခဲ့ခြင်းဖြစ်သည်။ သူ့၌ လုံလောက်သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ ရှိ၏။

 

ဘယ်လက်အား သွေးကြောစမ်းပြီးသည့်နောက် ဟွားကျစ်ချန်က ဝမ်ချီ၏ညာလက်ကို သွေးကြောထပ်စမ်းပြန်၏။

 

ဤသိုဖြင့် အထပ်ထပ်အခါခါ စစ်ဆေးခဲ့သည်။

 

ဟွားကျစ်ချန်၏ မျက်လုံးမှအကြည့်က ပို၍ပင် နက်ရှိုင်းလာ၏။ သူက တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား သက်ပြင်းအသာချလိုက်သည်။

 

မူလတွင် ဝမ်ချီက ထိုင်ခုံပေါ်၌ သက်သက်သာသာ ထိုင်နေခဲ့သည်။ သို့သော် ဟွားကျစ်ချန်၏ အမူအရာကြောင့် သူက ကျောကိုမတ်ကာ တစ်ဖက်လူအား စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်၏။

 

ဖက်ခ် ပဲ …

 

ငါ တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား …

 

ဒါပေမယ့် ငါ နဲ့ရှစ်ယဲ့က တစ်ဝက်တစ်ပျက်နဲ့တင် ရပ်ခဲ့ကြတာ … ရှစ်ယဲ့က အထဲမှာတောင် မလွှတ်ခဲ့ဘူးလေ… ငါဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်မှာလဲ …

 

ထိုအချိန်မှာပင် ရှစ်ယဲ့၏အသံက ဝမ်ချီ့အနောက်ဘက်မှ ထွက်ပေါ်လာသည်။

“ဘယ်လိုလဲ …”

 

ဝမ်ချီက သူစိတ်ထင်ခြင်းပေလောမသိ၊ ရှစ်ယဲ့၏ အသံထဲတွင် စိုးရိမ်မှုတစ်စွန်းတစ်စ ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။

 

ထိုအချက်ကြောင့် ဝမ်ချီ ပို၍ပင် စိတ်ပူလာကာ အသက်ရှူရန်ပင် မေ့သွား၏။

 

“အခြေအနေက နည်းနည်းရှုပ်ထွေးနေတယ် …”

ဟွားကျစ်ချန်က ပြောလိုက်ပြီး စကားခဏရပ်ကာ ဝမ်ချီအား မော့ကြည့်လိုက်၏။

“ဝမ်သခင်လေး … ဒီရက်ပိုင်းဘာတွေစားခဲ့လဲ ပြောနိုင်မလား …”

 

ဝမ်ချီ ကြောင်အသွား၏။ ထို့နောက် ခဏတွေးကာ ပြောလိုက်သည်။

“သာမန်ထမင်းသုံးနပ်ပါပဲ …”

 

ရက်အနည်းငယ်အကြာက သူ ပြန်ပေးဆွဲခံထားရသည်ဖြစ်ရာ ပြန်ပေးဆွဲသူများ ပေးသမျှအကုန် စားသောက်ခဲ့သည်။ ထိုနေရာရှိ အစားအစာများမှာ ကောင်းမွန်သည့်တိုင် သူအတိအကျ မှတ်မိမနေချေ။ သူက စဉ်းစားရန် လိုအပ်နေဆဲဖြစ်၏။

 

ဟွားကျစ်ချန်က ဝမ်ချီ အတိအကျမပြောနိုင်ကြောင်း သိသည်နှင့် ရှစ်ယဲ့ထံ လှည့်ကြည့်လိုက်သည်။

“အရှင့်သား …”

 

ရှစ်ယဲ့က ဟွားကျစ်ချန်၏ ဆိုလိုရင်းကို နားလည်ဟန်ဖြင့် ကျောကျစ်အား လျိုတဲနှင့်လျိုရှန်တို့ကို ခေါ်ရန် အမိန့်ပေးလိုက်၏။

 

ကျောကျစ်၏ လှုပ်ရှားမှုများမှာ သွက်လက်လှသည်။ သူမက ကိုယ်ဖော့ပညာအား သင်ယူထားသည့်အလား ဘယ်လောက်မှမကြာသည့် အချိန်တိုအတွင်းမှာပင် ညီအစ်ကိုနှစ်ဦးကို သွားခေါ်လိုက်၏။

 

ထိုသူနှစ်ဦး နေရာသို့ ရောက်လာချိန်၌ ဟွားကျစ်ချန် အသက်ရှူရန်ပင် မေ့လျော့သွားမိသည်။

 

သူက လျိုတဲနှင့် လျိုရှန်တို့အား ယခင်က တွေ့ဖူးခဲ့သည်။ သူ့စိတ်တွင်းရှိ အံ့အားသင့်မှုက သူ့မျက်နှာထက်၌ ထင်းထွက်နေ၏။ အရာအားလုံးက အိမ်ရှေ့စံ၏ ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ဟွားကျစ်ချန် သဘောပေါက်သွားခဲ့သည်။

 

အိမ်ရှေ့စံက ဝမ်ချီနှင့်အခြားလူများအား အလွယ်တကူ ကယ်ထုတ်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။

 

သို့သော် အရှေ့နန်းတော်မှ တစ်ကြိမ်ပင် မထွက်ခွာခဲ့ဖူးသည့် အိမ်ရှေ့စံမင်းသားအား ကျင်းကျိုးသို့ လာရောက်စေခဲ့သည့် ဝမ်ချီ၏ ဆွဲဆောင်မှုကို အံ့အားသင့်နေမိဆဲဖြစ်၏။

 

ဟွားကျစ်ချန်၏ ခံစားချက်များက ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

 

အရှေ့နန်းတော်တွင် အမျိုးသား၊ အမျိုးသမီး များစွာရှိသော်လည်း မည်သူကမှ အိမ်ရှေ့စံမင်းသား၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ချေ။

 

ဝမ်ချီက ဘာများထူးခြားနေလို့လဲ …

 

ဟွားကျစ်ချန်က ခေါင်းအသာယမ်းကာ အတွေးများကို ဖယ်ရှားလိုက်သည်။

 

သူက လျိုတဲနှင့်လျိုရှန်အား အသေးစိတ်ကျကျ မေးမြန်းခဲ့၏။ သူတို့နှစ်ဦးကလည်း သေသေချာချာ ပြန်ဖြေပေးခဲ့သည်။

 

ထို့နောက် ဟွားကျစ်ချန်က ဝမ်ချီအား ထပ်မံစစ်ဆေးပြန်၏။

 

နောက်ဆုံးတွင် သူက ရှစ်ယဲ့အား ပြောလိုက်သည်။

“အရှင့်သားကို လျှောက်တင်ပါတယ် … ဝမ်သခင်လေးက ကိုယ်ဝန်မရှိပါဘူး …”

 

ဝမ်ချီက ဟွားကျစ်ချန်ထံမှ ထိုစကားထွက်လာမည်ကို မျှော်လင့်ပြီးဖြစ်သည့်တိုင် လက်တွေ့တွင် ကြားလိုက်ရချိန်၌ မလွယ်မကူ ခံစားလိုက်ရ၏။


အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသည့် ရှစ်ယဲ့က အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။

“သူ အခုရက်ပိုင်း အန်ပဲအန်ချင်နေတာ ဘာဖြစ်လို့လဲ …”

 

ဟွားကျစ်ချန်က ဖြေ၏။

“တစ်ချက်က စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်ပါ … ဝမ်သခင်လေးက သွေးနံ့ကို မခံနိုင်တာကြောင့်ပါပဲ … နောက်တစ်ချက်က ဝမ်သခင်လေး ဒီရက်ပိုင်း အရမ်းစားနေလို့ပါ … သူ အစာမကြေဖြစ်သွားခဲ့တာပါ …”

 

ဝမ်ချီ “…”

 

သူက ရှက်လွန်း၍ အက်ကြောင်းတစ်ကြောင်းထဲသို့သာ ဝင်ပုန်းလိုက်ချင်၏။

 

ရှစ်ယဲ့၏ အသံမှာလည်း သိသိသာသာ ပျက်ယွင်းသွားသည်။

“အစာမကြေတာလား …”

 

“ဟုတ်ပါတယ် … ဝမ်သခင်လေး နောက်ပိုင်းကျရင် သစ်သီးနဲ့ အစေ့အဆံတွေပိုစားပေးတာ ကောင်းပါလိမ့်မယ် … အငန်လျှော့၊ ဆီလျှော့ပြီး အသားတွေကို ရှောင်ပြီး အသီးအရွက်ကို များများပိုစားပေးပါ … ငါးကိုစားတာလည်း သင့်တော်ပါတယ် …”


ထိုသို့ပြောပြီးနောက် ဟွားကျစ်ချန်က စုတ်တံအား ကောက်ကိုင်လိုက်ကာ စာရွက်ပေါ်တွင် စာရေးလိုက်သည်။ 

“ကျွန်တော် လိုအပ်တဲ့အချက်တွေကို ရေးပေးခဲ့ပါ့မယ် … ပြီးရင်ဆေးလိုက်ယူဖို့ မိန်းကလေးကျောကျစ်ကို ဒုက္ခပေးရဦးမှာပဲ …”

 

ရှစ်ယဲ့က အတန်ကြာသည့်တိုင် ဘာမှမပြောခဲ့ချေ။ ကျောကျစ်က ရှေ့သို့တိုးကာ ကောင်းပါပြီဟု ဖြေလိုက်၏။

 

ဝမ်ချီ၏ ဦးခေါင်းလေးက အင်္ကျီထဲတွင် နစ်မြုပ်မတတ် ငုံ့ကျနေ၏။ သူက အမှားထပ်လုပ်မိကြောင်း သတိပြုမိသွားကာ ရှစ်ယဲ့အား မည်သို့မှ မပြောဝံ့ချေ။ လက်ရှိအချိန်၌ သူက မည်သူမှ ဂရုမစိုက်သော မြက်ပင်တစ်ပင်သာ ဖြစ်သွားချင်မိသည်။

 

ကံကောင်းစွာဖြင့် ရှစ်ယဲ့က သူ့အား အပြစ်ပေးရန် အလျင်မလိုခဲ့ပေ။ သူက ကျောကျစ်အား ဟွားကျစ်ချန်ပြောသမျှ လိုက်လုပ်ပေးရန် စေခိုင်းလိုက်၏။

 

ဟွားကျစ်ချန်က စကားဆုံးသည်နှင့် ထွက်သွားရန် ပြင်လိုက်သည်။

 

ကျောကျစ်က ဟွာကျစ်ချန်အား တံခါးဝအထိ လိုက်ပို့ပေးကာ ဆေးဆိုင်သို့သွား၍ ဆေးဝယ်လိုက်၏။ လျိုတဲနှင့်လျိုရှန် ညီအစ်ကိုနှစ်ဦးကမူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကာ ဆင်ခြေပေး၍ အလျိုလျို ထွက်သွားကြ၏။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချီနှင့် ရှစ်ယဲ့ နှစ်ဦးသာ ကျန်ခဲ့တော့သည်။

 

ဝမ်ချီက ခန်းမဆောင်တွင်းရှိ လေထုမှာ အေးစက်နေကြောင်း ခံစားလိုက်ရ၏။ သူက ဟိုဟိုသည်သည်သာ ကြည့်နေမိပြီး ရှစ်ယဲ့အား တိုက်ရိုက်မကြည့်ဝံ့ခဲ့ချေ။ ထိုစဉ် ရှစ်ယဲ့က မတ်တပ်ရပ်ကာ သူ့ထံသို့ လမ်းလျှောက်လာခဲ့သည်။

 

ရှစ်ယဲ့က သူ့အား စနောက်လိုစိတ် ရှိပုံမရချေ။

“ခေါင်းမော့…”

 

ဝမ်ချီက နာနာခံခံ ခေါင်းမော့လိုက်သည့်အခါ ရှစ်ယဲ့က သူ့အား ငုံ့ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးမှတစ်ဆင့် ရှစ်ယဲ့၏ လှပသောပုံရိပ်ကို တွေ့လိုက်ရသည်။ သူသာ တစ်ချိန်လုံး အေးစက်မနေခဲ့ပါက လူပေါင်းများစွာက သူ့အား နှစ်သက်ကြမည်သာ။

 

သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ခဏကြာစိုက်ကြည့်နေခဲ့ကြသည်။ ဝမ်ချီက ဦးဆုံး ပြောလိုက်၏။

“ကျွန်တော် တောင်းပန်ပါတယ် …”

 

ရှစ်ယဲ့၏ ထူထဲရှည်လျားသော မျက်တောင်များက နှစ်ကြိမ်ခန့် လှုပ်ခါသွားသည်။

“မင်းက ဘာလို့တောင်းပန်တာလဲ …”

 

ဝမ်ချီက သူ မလိမ်ညာခဲ့သင့်ကြောင်း စိတ်ထဲတွင် ဝန်ခံနေမိသည်။ သို့သော် အပြင်သို့ ထုတ်မပြောဝံ့ချေ။ ထို့ကြောင့် သူက အမြန်စကားလွှဲလိုက်၏။

“အရှင့်သား ဖခင်ဖြစ်တော့မယ်လို့ ကျွန်တော်ထင်ခဲ့တာ … ဒါပေမယ့် ကျွန်တော် မှားသွားတယ် …”

 

ရှစ်ယဲ့ စိတ်ဆိုးသွားမည်ဟု သူထင်ခဲ့၏။ သို့သော် သူ့စကားကို ကြားသည့်နောက် တစ်ဖက်လူက သူ့အား နှစ်သိမ့်လာခဲ့သည်။

 

“အဆင်ပြေပါတယ် …ငါတို့မှာ ရက်တွေအများကြီးရှိသေးတာပဲ … ကောင်းကင်ဘုံက ချီးမြှင့်ရင် ကလေးရလာမှာပါ ..”

ရှစ်ယဲ့က အလွန်တည်ငြိမ်နေခဲ့သည်။


ဝမ်ချီ “…”

မဟုတ်ဘူးလေ … ငါ ပြောချင်တာ ဒီလိုမဟုတ်ဘူး …

 

ရှစ်ယဲ့က သူ့ဆံစများကို သပ်ပေးလိုက်၏။

“ဝမ်းမနည်းပါနဲ့ …”

 

ဝမ်ချီ “…”

 ငါ တကယ်ကြီး ဝမ်းမနည်းပါဘူး …

 

ဝမ်ချီက သူ့ဂုဏ်သိက္ခာအား ကာကွယ်ရန် တစ်ခုခုပြောသင့်သည်ဟု ခံစားမိလိုက်သည်။ သို့သော် ရှစ်ယဲ့က ထိုသို့လုပ်ရန် အခွင့်အရေးမပေးခဲ့ချေ။ ထိုသူက ယနေ့အနားယူရန်နှင့် မနက်ဖြန်မှစ၍ ကိုယ်ခံပညာ စတင်လေ့ကျင့်ရမည်ဟု ပြောလိုက်၏။

 

ဝမ်ချီ ချက်ချင်းတောင့်တင်းသွားကာ ရှစ်ယဲ့အား ထပ်ကြည့်လိုက်သည်။ အဆိုပါ အနက်ရောင်မျက်ဝန်းများတွင် ထူးဆန်းသော အပြုံးတစ်ခု ကိန်းအောင်းနေ၏။

 

“မင်း ကိုယ်ဝန်မရှိဘူးဆိုတော့ အပြစ်ပေးမခံရအောင် များများကြိုးစားသင့်တယ် …”

 

ဝမ်ချီ “…”

 

ဝမ်ချီက ဒေါသထွက်ရလွန်း၍ စကားပင်မဆိုနိုင်တော့ပေ။ သူက ကမ္ဘာကြီး၏ အဆုံးသတ်ကိုပင် မြင်လိုက်ရ၏။

 

…..

 

နောက်တစ်နေ့မှစ၍ ဝမ်ချီက ကိုယ်ခံပညာ စတင်လေ့ကျင့်ရတော့သည်။

 

ရှစ်ယဲ့က သူ့အား ကိုယ်တိုင်ကိုယ်ကျ လာသင်ပေးလိမ့်မည်ဟု သူထင်ခဲ့၏။ သို့သော် အောက်ထပ်သို့ ဆင်းလာချိန်၌ လျိုတဲကိုသာ တွေ့လိုက်ရသည်။

 

လျိုတဲက ပို၍တိတ်ဆိတ်လာ၏။ ထိုသူက ဝမ်ချီအား တွေ့လိုက်ချိန်တွင် ယခင်ကဲ့သို့ ဖော်ဖော်ရွေရွေ မရှိတော့ချေ။ သူက ဝမ်သခင်လေးဟုသာ တည်တည်ငြိမ်ငြိမ် ခေါ်လာခဲ့သည်။

 

ဝမ်ချီက ပြုံးလျက် နှုတ်ဆက်လိုက်၏။

“အစ်ကိုကြီးတတဲ …”

 

လျိုတဲ၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဝမ်သခင်လေး … ကျွန်တော့်ကို နာမည်ပဲ တိုက်ရိုက်ခေါ်လို့ရပါတယ် …”


ဝမ်ချီက လျိုတဲ၏ တုံ့ပြန်မှု ဤမျှ ပြင်းထန်မည်ဟု မျှော်လင့်မထားခဲ့။ သူက နားမလည်ဖြစ်သွား၏။

 

လျိုတဲက အမြန်ရှင်းပြလိုက်သည်။

“အရင်က ကျွန်တော်တို့ ဝမ်သခင်လေးရဲ့ အဆင့်အတန်းကို မသိခဲ့တဲ့အတွက် ရိုင်းပျခဲ့မိပါတယ် … ဒီအတွက် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ခွင့်လွှတ်ပေးပါ …”

 

ထိုအခါမှသာ လျိုတဲနှင့်လျိုရှန်တို့ အဘယ့်ကြောင့် သူ့အား စိမ်းသက်သွားရမကြောင်း ဝမ်ချီ နားလည်လာသည်။ သူတို့က သူ့ကို ရှစ်ယဲ့၏လူဖြစ်ကြောင်း သိလိုက်ပြီဖြစ်ရာ အကွာအဝေးတစ်ခု ခြားလိုက်ခြင်းဖြစ်၏။

 

ဝမ်ချီက စိတ်တွင်း၌သာ သက်ပြင်းချလိုက်၏။ သူတို့အဘယ့်ကြောင့် ထိုသို့လုပ်ရခြင်းဖြစ်ကြောင်း သူနားလည်လေသည်။

 

လျိုတဲက ဝမ်ချီအား အပြင်ဘက်ရှိ‌ မြေကွက်လပ်ထံ ခေါ်သွားပေးခဲ့သည်။ သူက ဝမ်ချီ့အား မသင်ကြားပေးမီ ရှစ်ယဲ့ မှာသည့်အတိုင်း လက်ရေးလှစာလိပ်ကို ဦးဆုံးပြသရန်လည်း မမေ့ခဲ့ချေ။ သူက စာလိပ်အား ဝမ်ချီ့ထံ ကမ်းပေးလိုက်၏။

“ဝမ်သခင်လေး … ဒါက အရှင့်သားဆီက လက်ဆောင်ပါ … ဝမ်သခင်လေး အောင်အောင်မြင်မြင် တတ်မြောက်စေချင်တဲ့ ဆုတောင်းစကားပါ …”

 

ဝမ်ချီက သိချင်စိတ်ဖြင့် လက်ရေးလှစာလိပ်ကို ယူလိုက်သည်။

 

သူက ရှစ်ယဲ့ပေးခဲ့သည့် သေတ္တာများနှင့်ပတ်သတ်၍ စိတ်အရိပ်မဲကြီး ရှိနေသည့်တိုင် လက်ရေးလှစာလိပ်တွင်မူ ရှက်ရွံ့ဖွယ်ကိစ္စများ မပါရှိနိုင်ပေ။

 

ရှစ်ယဲ့ ကြက်တစ်ကောင်တဲ့တူတဲ့ ဇာမဏီငှက်ပုံ ဆွဲမပေးသရွေ့ပေါ့ …

 

ဒါပေမယ့် သူဆွဲပေးရင်တောင် ငါ သိက္ခာကျစရာမှမရှိတာ…

 

ဝမ်ချီက ထိုသို့တွေးလိုက်ရင်း လက်ရေးလှစာလိပ်ကို ဖွင့်လိုက်သည်။

 

လက်ရေးလှစာလိပ်ပွင့်သွားသည်နှင့် နှင်းဖြူရောင် စာရွက်ပေါ်၌ နဂါးတစ်ကောင် ပျံသန်းနေသကဲ့သို့ ရေးဆွဲထားသည့် စာလုံးများ ထွက်ပေါ်လာ၏။

{ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်}

 

“…”

 

နံဘေးရှိ လျိုတဲက စာလိပ်ပေါ်တွင် ပြီးပြည့်စုံစွာ ရေးသားထားသည့် စာလုံးကြီးကြီးများကို တွေ့သွား၏။ သူက စာလုံးများကို များများစားစား မသိရှိသော လူကြမ်းကြီးတစ်ဦး ဖြစ်သည့်တိုင် အိမ်ရှေ့မင်းသား၏ လက်ရေးလှစာလိပ်အပေါ် မလေးစားပဲ မနေနိုင်ခဲ့ပေ။

 

သူ သက်ပြင်းချလိုက်ကာ ဝမ်ချီအား ကြည့်လိုက်၏။

 

လျိုတဲက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် ဝမ်ချီအား တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မှင်အိုး၏ အောက်ခြေအထိ နှစ်ထားသကဲ့သို့ မည်းနက်နေသော ဝမ်ချီ၏ မျက်နှာကိုသာ တွေ့လိုက်ရလေသည်။



💮💮💮