💮Chapter 83
ရင်းနှီးနေသော ဤစကားလုံးများက ဝမ်ချီကို ချက်ချင်း မျက်နှာ နီရဲသွားစေသည်။
ဝမ်ချီ၏ ဆဌမအာရုံအရ ရှစ်ယဲ့ လက်ရေးလှစာလိပ်ပေါ်တွင် ရေးပေးခဲ့သည့် "ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်" ဟူသော ထိုစကားလုံးက အခြားအဓိပ္ပာယ် ရှိနေသည်။
သူက လက်နှစ်ဖက်ဖြင့် ၎င်းလက်ရေးလှစာလိပ်ကို ကိုင်ထားပြီး စီးဆင်းနေသော တိမ်တိုက်များသဖွယ် ခြယ်မှုန်ထားသည့် ထိုစာလုံးများကို စိုက်ကြည့်နေသည်။ အတွေးထဲတွင် ယမန်နေ့က ရှစ်ယဲ့ သူ့နားကပ်ကာ ခပ်တိုးတိုးပြောခဲ့သည့် စကားများကို ပြန်ကြားယောင်မိ နေသည်။
သေရော…ဘယ်လိုတောင် ပုံဖော်မိနေတာလဲ…
ဝမ်ချီက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ထိုညစ်ပတ်သော အပြာရောင်အတွေးရိုင်းများကို ဖယ်ရှားရန် ကြိုးစားသော်လည်း ကြိုးစားလေလေ ထိုအတွေးများက တဝဲလည်လည် ပြန်ပေါ်လာလေလေ ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ချီက ထိုစာလိပ်ကို ပိတ်လိုက်သည်။
သူက ထိုအတွေးညစ်များကို မှုတ်ထုတ်လိုက်ပြီး ခေါင်းလှည့်လိုက်သောအချိန်တွင် လျိုတဲ၏ အံ့အားသင့်သော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။
လျိုတဲက စကားပြောရန် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ဝမ်ချီ့မျက်နှာကို လက်ညိုးထိုးပြကာ ပြောသည်။
“ဝမ်သခင်လေးရဲ့မျက်နှာက အရမ်းနီနေတယ်… အအေးမိသွားလို့လား…”
ဝမ်ချီ : “…”
ဒီလောက် လေပူတွေတိုက်နေတာကို ဘယ်လိုလုပ်ပြီး အအေးမိမှာလဲ …
ထိုသို့ ပြန်ပြောလိုက်ချင်သော်လည်း ဝမ်ချီက သူလည်း တလွဲလုပ်ထားမိသည်ကို သဘောပေါက်သောကြောင့် လျိုတဲကို အနေရခက်စွာ ပြုံးပြပြီး ထိုမေးခွန်းကို လျစ်လျူရှုလိုက်သည်။ ထိုနောက် သူက စာလိပ်ကိုလိပ်ပြီး ဘေးရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။
သို့သော်လည်း လျိုတဲက တစ်ခုခုပြောချင်ပုံ ပေါ်နေသေးသည်။
ဝမ်ချီက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…”
လျိုတဲက တိုးတိုးလေး သက်ပြင်းချရင်း လျှောက်တင်သည်။
“ဝမ်သခင်လေး ကျွန်တော် အခုလို ပြောတာကို ခွင့်လွှတ်ပေးပါ… ဒါပေမဲ့ ဒါက အိမ်ရှေ့စံ ပေးထားတဲ့ ပစ္စည်းလေ… ဘယ်လိုလုပ်ပြီး ဘေးမှာ ဒီအတိုင်းတင်ထားနိုင်ရတာလဲ…”
ဝမ်ချီ ခေတ္တတုံ့ဆိုင်းကာ သေချာစဉ်းစားပြီးနောက် လျိုတဲ၏စကားများက ယုတ္တိရှိသည်ဟု တွေးလိုက်သည်။
ငါသာ ဒါကို လက်လွတ်စပယ် ထားလိုက်ရင် တကယ်လို့ အနာဂတ်မှာ ခွေးမင်းသားက ငါ့ကို ပြသာနာရှာချင်တဲ့ အခါမျိုးမှာ ဒါကို အသုံးချလာရင် ဘယ်လိုလုပ်မလဲ…
ဝမ်ချီက ထိုကဲ့သို့ တွေးလိုက်ပြီး စာလိပ်ကို ပြန်ယူလိုက်သည်။
"ဒါပေမယ့် ဒီစာလိပ်ကြီးကိုင်ပြီး သိုင်းလေ့ကျင့်ရင် အဆင်မပြေ မဖြစ်ဘူးလား…”
ဝမ်ချီက ထိုစာလိပ်ကို မူလက လက်ထဲတွင် ကိုင်ထားပြီး အင်္ကျီလက်ထဲတွင်ထည့်ရန် ကြိုးစားသည်။ သို့သော် စာလိပ်က အရွယ်အစား မသေးသောကြောင့် အင်္ကျီလက်ထဲသို့ လွယ်လွယ်ကူကူ ထည့်မရဘဲ အချိန်အတန်ကြာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် ၎င်းကို လက်ထဲတွင်သာ ကိုင်ထားလိုက်ရသည်။
လျိုတဲလည်း ဆွံ့အသွားပြီး ခေါင်းကိုက်လာသောကြောင့် နဖူးကိုနှိပ်ကာ ပြောသည်။
"ဝမ်သခင်လေး ဒီစာလိပ်ကို အရင် သွားပြန်ထားလိုက်ပါလား… ကျွန်တော် ဒီမှာ စောင့်နေပါ့မယ်…”
ဝမ်ချီက ထိုအကြံကို သဘောတူလိုက်သည်။
ဝမ်ချီ ထွက်သွားခါနီးတွင် လျိုတဲက ထပ်မံပြောသည်။
"ဝမ်သခင်လေး ဒီလက်ရေးလှစာလိပ်ကို အိမ်ရှေ့စံက ဆုမွန်ကောင်းတွေ အပြည့်နဲ့ ရေးဆွဲပေးထားတာမို့ အိပ်ယာဘေးမှာ ချိတ်ထားပြီး နေ့တိုင်းကြည့်လို့ရတယ်… ကြိုးစားဖို့ တွန်းအားတစ်ခုပဲလို့တွေးပြီး ကြည့်ပါ…”
“…”
ဝမ်ချီ နှုတ်ဆိတ်သွားကာ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။ ထို့နောက် သဘောတူကြောင်းပြောကာ ၎င်းစာလိပ်ကိုကိုင်ပြီး အလျင်အမြန် ပြေးသွားသည်။
ဝမ်ချီက အပေါ်ထပ်သို့ တက်လာစဉ် ခွေးမင်းသားတွင် စိတ်ရောဂါရှိနေကြောင်းကို တွေးနေသည်။ သူ့ကို အကြောင်းပြချက်မရှိ ထိုလက်ရေးလှစာလိပ်ကို ပေးအပ်ခဲ့ပြီး စာလိပ်ပေါ်တွင်လည်း လူကို အထင်မှားစေသည့် စကားလေးများကို ရေးခဲ့သေးသည်။
ဘာကို ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်လဲ… မင်းဖင်ကြီးကို ကြိုးစားရမှာလား…”
ဝမ်ချီက အခန်းထဲသို့ တစ်ဟုန်ထိုး ပြေးကာ ဗီဒိုရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ဗီဒိုတံခါးကို ဖွင့်ကာ ထိုစာလိပ်ကို ထည့်လိုက်သည်။ ထိုစာလိပ်ကို ထည့်လိုက်သည်နှင့် ဗီဒို၏ စင်အပေါ်ထပ်တွင် ရှိနေသော သစ်သားသေတ္တာကို သူတွေ့လိုက်ရသည်။
ထိုရင်းနှီးနေသော သစ်သားသေတ္တာကို ဝမ်ချီ တစ်ချိန်ချိန်က ဗီဒီုထဲတွင် ထည့်ထားခြင်း ဖြစ်မည်။ ထိုဘူးလေးက သူ့မျက်စိရှေ့တွင် ငြိမ်ငြိမ်သက်သက် တည်ရှိနေသည်။
ဝမ်ချီက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ထိုသစ်သားသေတ္တာကို အနည်းငယ်ကြာသည့်အထိ စိုက်ကြည့်ပြီးနောက် ကောက်ယူရန် လက်လှမ်းလိုက်သည်။
ထိုဘူးကို ဖွင့်ကြည့်လိုက်သော အချိန်တွင် ဘူးအတွင်း၌ အရွယ်အစား မျိုးစုံရှိသော ကျောက်စိမ်းချောင်း အများအပြားကို တွေ့လိုက်ရသည်။ အပါးလွှာဆုံး ကျောက်စိမ်းချောင်းက သူ့လက်ညိုးထက်ပင် ပါးလွှာပြီးအထူဆုံးမှာမူ ကလေးတစ်ယောက်၏ လက်ကောက်ဝတ် အရွယ်ခန့်ကြီးမားသည်။
ယခင်က သူ ဤသစ်သားသေတ္တာကို အလွန်လေးလံသည်ဟု ထင်ခဲ့သည်က အံ့ဩစရာ မဟုတ်ပေ။ သို့သော်လည်း ၎င်းဘူးထဲတွင် ကျောက်စိမ်းချောင်း များစွာရှိနေမည်ဟု မထင်ခဲ့မိချေ။
ထို ပြန်ပေးဆွဲသူများ၏ စကားက မမှားပေ။ ဝမ်ချီက ကျောက်စိမ်းအကြောင်းကို နားမလည်သော လူပြိန်းတစ်ယောက် ဖြစ်လျှင်ပင် ဤကျောက်စိမ်းများက အရည်အသွေး အမြင့်ဆုံးဟု ပြောနိုင်သည်။ သူက ထိုကျောက်စိမ်းများကို တို့ထိလိုက်သော အချိန်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။ သို့သော် ၎င်းတို့ကို အချိန်အတန်ကြာ ထိတွေ့ပြီးနောက် အရေပြားထဲသို့ နွေးထွေးသော စိမ့်ဝင်မှုများ နှေးကွေးစွာ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။
ဝမ်ချီက ကျောက်စိမ်းချောင်းများကို အကြမ်းဖျင်း ကြည့်ပြီးနောက် ဘူးထဲသို့ ပြန်ထည့်လိုက်သည်။ ဘူးအလယ်တွင် ကျောက်စိမ်းဖြင့် ဖိထားသော စက္ကူ အပိုင်းအစတစ်ခုဟု ထင်ရသည့် အရာကို သူ သတိထားမိလိုက်သည်။
သူက ထိုစာရွက်ကို ဆွဲထုတ်လိုက်ပြီးနောက် သစ်သားသေတ္တာကို နေရာတွင် ပြန်တင်လိုက်သည်။
၎င်းစာရွက်ခေါက်ကို ဖွင့်လိုက်သည့်အချိန်တွင် အဖြူရောင် ကြွေဘူးလေးတစ်ဘူး ရုတ်တရက် ပြုတ်ကျလာသည်။ ထိုကြွေဘူးက ဝမ်ချီ ယခင်က မြင်ဖူးခဲ့သည့် ဘူးနှင့် ပုံသဏ္ဍာန်ဆင်တူသော်လည်း ယခုဘူးက အရွယ်အစား အလွန်ပင် သေးလွန်းလှသည်။
ဝမ်ချီက လက်ဖဝါးထဲတွင် ၎င်းအဖြူရောင် ကြွေဘူးလေးကို ကိုင်ထားပြီး မျက်လုံးများကို မှေးကာ စာရွက်ပေါ်ရှိ စာလုံးသေးသေးလေးများကို ခက်ခက်ခဲခဲ ဖတ်လိုက်သည်။
သူက ထိုစာရွက်ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် မျက်နှာနီမြန်းလာပြီး နှလုံးခုန်မြန်လာသည်။
အဆုံးသတ်တွင် သူ့မျက်နှာက လောင်ကျွမ်းခံထားရသကဲ့သို့ ပူလောင်နီရဲနေတော့သည်။ သူ့မျက်နှာသူ လက်နှင့် ထိကြည့်လိုက်သော အချိန်တွင် ကြက်ဥတင်ကြော်၍ ရလုနီးပါး ပူလောင်နေသည်ကို ခံစားလိုက်ရသည်။
စာရွက်ပေါ်တွင် ရေးထားသည်မှာ…
ကျောက်စိမ်းချောင်းများ အသုံးပြုနည်းကို အသေးစိတ် ဖော်ပြထားပါသည်။
ဝမ်ချီက ထိုစာကို အဆုံးထိ ဖတ်ပြီးသောအချိန်တွင် ကျောက်စိမ်းချောင်းများကို အသုံးပြုနည်းအမှန် ဆိုသည်က သူထင်ထားသကဲ့သို့ သူ့အနောက်ပေါက်ထဲကို အစိမ်းလိုက်ထိုးထည့်ရန် မဟုတ်ဘဲ ဦးစွာ ရေချိုးသန့်စင်ပြီးနောက် ကျောက်စိမ်းပေါ်တွင် ဆေးများသုတ်လိမ်း၍ တင်ပါးနှစ်ဖက်ကို ၎င်းကျောက်စိမ်းချောင်းများနှင့် နှိပ်နယ်ပြီးမှသာ တစ်ဆင့်ချင်းသွင်းရန် ဖြစ်သည်။
စာရွက်နှင့် လိပ်ထားသော ကြွေသေတ္တာထဲတွင်မူ ကျောက်စိမ်းကို အသုံးပြုရာတွင် လိုအပ်သော ချောဆီမွှေးများ ပါ၀င်သည်။
ယခုအချိန်တွင် ဝမ်ချီက ၎င်း အဖြူရောင်ကြွေသေတ္တာကို ထိကိုင်ရန်ပင် အလွန်ပူလောင်နေသည်ဟု ခံစားလိုက်ရသည်။
ဝမ်ချီက ၎င်းအဖြူရောင်ကြွေသေတ္တာကို စက္ကူနှင့် အလျင်အမြန် ထုတ်ပိုးကာ စက္ကူကို မူလပုံစံအတိုင်း ခေါက်ပြီး သစ်သားသေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။
သူ ဗီဒိုတံခါးကို ပိတ်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ ဝမ်ချီက အခြားကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်မိသကဲ့သို့ ခံစားရသည်။ ယောကျ်ားနှစ်ယောက်ကြားတွင် ယခုကဲ့သို့ ထူးဆန်းသော ဆက်ဆံရေးများ ရှိမည်ဟု သူ တစ်ကြိမ်မျှ မတွေးခဲ့မိချေ။
သူ အရင်က ထင်ခဲ့သည်က…
ထားလိုက်ပါတော့…
မတွေးတော့ဘူး…
ဒီအကြောင်းကို ဆက်တွေးမိရင် ညစ်ပတ်သွားတော့မယ်…
ဝမ်ချီက ခေါင်းယမ်းလိုက်ပြီး အတွေးကို ရပ်တန့်လိုက်တော့သည်။
ဝမ်ချီက လျိုတဲ သူ့ကို အောက်ထပ်တွင် စောင့်ဆိုင်းနေဆဲဖြစ်သည်ကို သတိရသွားသောကြောင့် အခန်းထဲမှ ပြန်ထွက်လိုက်သည်။
သူ တံခါးဝသို့ ရောက်သောအချိန်တွင် ရပ်တန့်သွားပြန်သည်။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် အခန်းထဲသို့ လှည့်ပြန်ကာ ဗီဒိုရှေ့သို့ပြန်သွားပြီး တံခါးကိုဖွင့်၍ အထဲမှ စာလိပ်ကို ထုတ်ယူလိုက်သည်။
ဝမ်ချီက ထိုစာလိပ်အား ချိတ်ဆွဲရန် နေရာကောင်းတစ်ခုကို ရှာတွေ့ပြီး ချိတ်ဆွဲလိုက်သည်။ ကုတင်ခေါင်းရင်းဘက် မျက်နှာချင်းဆိုင် နံရံတွင် ချိတ်ဆွဲထားသော ၎င်းစာလိပ်ကို သူအိပ်ယာပေါ်တွင် လဲလျောင်းနေသရွေ့ မျက်လုံးဖွင့်လိုက်သည်နှင့် ထိုစာလုံးလေးလုံးကို မြင်တွေ့နိုင်မည်။
{ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်}
“ဒီကျောက်စိမ်းချောင်းတွေ အသုံးမဝင်လာဖို့ ငါ သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်…”
ဝမ်ချီက လက်သီးဆုပ်ထားပြီး ခွေးမင်းသားကို သုတ်သင်ရန်စိတ်ပိုင်းဖြတ်ကာ သတ္တိရှိရှိဖြင့် အောက်ထပ်ကို ဆင်းသွားလိုက်သည်။
အောက်ထပ်တွင် လျိုတဲက အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့ရသည်။
သို့သော် သူက စောင့်ဆိုင်းခြင်း၌ အသားကျနေပုံ ရပြီး မူလနေရာမှာပင် ပေါက်ပန်းပင်ကဲ့သို့ မလှုပ်မယှက် ရပ်ကာ နေသည်။ ဝမ်ချီ သူ့ရှေ့သို့ ရောက်လာမှသာ အသက်ပြန်ဝင်လာသကဲ့သို့ မျက်တောင်ခတ်သည်။
သိုင်းလေ့ကျင့်ခြင်းက လွယ်ကူသောကိစ္စ မဟုတ်ပေ။ အထူးသဖြင့် အခြေခံအုတ်မြစ် လုံးဝမရှိသော ဝမ်ချီကဲ့သို့ သာမန်လူတစ်ယောက် အတွက်မူ ကလေးတစ်ယောက်ကို လမ်းလျှောက်တတ်သည်မှစပြီး ပြေးတတ်ရန်အထိ သင်ပေးရသည်နှင့် အတူတူပင် ဖြစ်သည်။
လျိုတဲက “အချိန်တိုအတွင်း အောင်မြင်မှု မရနိုင်ပေ” ဟူသော အကျိုးအကြောင်းကို နားလည်သောကြောင့် ဝမ်ချီအားရှုပ်ထွေးသော သိုင်းကွက်များကို သင်ကြားပေးရန် ရည်ရွယ်ချက်မရှိဘဲ အခြေခံအုတ်မြစ် ရရှိရန်သာ စတင် သင်ကြားပေးသည်။
ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရှိခြင်းက ကောင်းမွန်သော အခြေခံ အုတ်မြစ်ချခြင်း၏ အနှစ်သာရဖြစ်သည်။
လျိုတဲက စုတ်တံနှင့် စာရွက်ကိုယူကာ ဝမ်ချီ၏ ကိုယ်ကာယကြံ့ခိုင်မှု တိုးတက်စေရန် နည်းလမ်းတစ်ခု ရေးဆွဲခဲ့သည်။
အတိုချုပ်ပြောရပါက ၎င်းက ရှေးခေတ် စစ်ရေးလေ့ကျင့်မှု ပုံစံနှင့်ဆင်ပြီး ထိုစစ်ရေးလေ့ကျင့်မှုထက် ပို၍ခါးသီးပြီး ပင်ပန်းသော လေကျင့်မှု တစ်ခုဖြစ်သည်။
ဝမ်ချီက စာရွက်ပေါ်ရှိ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော အချိန်တွင် မျက်လုံးများ မည်းမှောင်သွားပြီး မူးမေ့လဲလုနီးပါး တုန်လှုပ်သွားသည်။
ကံကောင်းစွာဖြင့် လျိုတဲက ဘေးမှ အလျင်အမြန်ထိန်းပေးလိုက်နိုင်သည်။
ဝမ်ချီက တည်တည်ငြိမ်ငြိမ် ပြန်ရပ်လိုက်ပြီးနောက် သတ္တိရှိရှိဖြင့် ပြန်၍ အထွန့်တက်လိုက်သည်။
"မဟုတ်ဘူး… မင်း ရေးထားတာ အရမ်းများနေပြီ… ငါအများကြီး တစ်ခါတည်း မလေ့ကျင့်နိုင်ဘူးလေ…"
ဝမ်ချီက လျိုတဲရှေ့တွင်မူ ကြောက်တတ်သည့်ခွေးလေး မဟုတ်တော့ဘဲ ခပ်မာမာ ပြောဆိုရဲလာသည်။
ဝမ်ချီ စောဒကတက်သည်ကို လျိုတဲက မျက်နှာ အမူအရာ မပြောင်းလဲဘဲ ပြန်ဖြေသည်။
“ဝမ်သခင်လေး ကျွန်တော် ငယ်ငယ်က သိုင်းပညာသင်ယူတုန်းကဆို ကျွန်တော့်ဆရာက အခုထက်ပိုပြီး တင်းကြပ်တယ်…ကျွန်တော် အခုရေးထားတဲ့ သခင်လေး လေ့ကျင့်ရမဲ့ဟာတွေက ကျွန်တော် လေ့ကျင့်ခဲ့ရတာရဲ့ အစွန်အဖျားလောက်ပဲ ရှိတာ…”
ဝမ်ချီကလည်း အရှုံးမပေးဘဲ ပြန်ပြောသည်။
“ငါက မင်းလို သိုင်းပညာနဲ့ အသက်မွေးမှာမှ မဟုတ်တာ အပျော်အနေနဲ့ပဲ လေ့ကျင့်မှာလေ…”
လျိုတဲက ထပ်မေးသည်။
"ဝမ်သခင်လေးက တကယ် အပျော်အနေနဲ့ပဲ သိုင်းပညာကို သင်ယူမှာလား…"
ဝမ်ချီက အစပိုင်းတွင် သူ့ခံယူချက်နှင့် သူသေချာနေသော်လည်း လျိုတဲ ထပ်မံအတည်ပြုသောအချိန်တွင် ဝမ်ချီက မူလတည်းက တုံးအသောသူဖြစ်၍ မသေချာတော့ပေ။ သူက ခေါင်းကုတ်ပြီး အင်္ကျီလက်များကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ ယခင်က ရှိခဲ့သော ရဲဝင့်မှုများမှာ ယခုတွင် ပျောက်ကွယ်သွားလေသည်။
ဝမ်ချီက ခပ်တိုးတိုး ပြောသည်။
“…အဲ့လိုပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား… ငါက အသက်မွေးဝမ်းကြောင်း ပြုဖို့ သိုင်းသင်တာမှ မဟုတ်တာ…ဒီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေစရာ မလိုပါဘူး…”
အဓိက အကြောင်းအရင်းမှာ ထိုလေ့ကျင့်မှုများက ပင်ပန်းလွန်းသောကြောင့် ဖြစ်သည်။ သူက ဘဝကို ငါးဆားနယ်တစ်ကောင်အဖြစ် ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းချင်သည်။
ဤအခိုက်အတန့်တွင် ဝမ်ချီက စာတော်သော ကျောင်းသားတစ်ယောက်က စာညံ့ပြီး စာမကျက်ချင်သော သူ့အား အတင်းဖိအားပေး အနိုင်ကျင့်ကာ စာလုပ်ခိုင်းသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
လျိုတဲက တည်ငြိမ်နေပြီး မျက်နှာအမူအရာပင် မပြောင်းဘဲ အေးဆေးစွာဖြင့် အမှန်တရားတစ်ခုကို ထပ်မံ ထောက်ပြသည်။
“ဒါပေမယ့် အိမ်ရှေ့စံက ဝမ်သခင်လေးကို အပျော်သဘော လေ့ကျင့်ခိုင်းတာမှ မဟုတ်တာ…"
ဝမ်ချီ : “…”
သူ့၏ မာနထောင်လွှားမှု လက်ကျန်အနည်းငယ်ပါ ခဏအတွင်း သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး ပခုံးကို မဝံ့မရဲ ကျုံ့လိုက်သည်။
ကောင်းပြီလေ…
"ခွေးမင်းသား" ၏ တည်ရှိမှုက သူ့အတွက် တောင်တစ်လုံး ဖြစ်သည်။ သူ့ကို အမှိုက်စကဲ့သို့ နင်းချေရန် လျိုတဲ ထုတ်သုံးနိုင်သည့် တောင်တစ်လုံး ဖြစ်သည်။
လျိုတဲက ဝမ်ချီ တိတ်ဆိတ်သွားသည်ကို မြင်ပြီး အခွင့်ကောင်းယူကာ ထပ်မံပြောဆိုသည်။
“အိမ်ရှေ့စံကလည်း ဝမ်သခင်လေးရဲ့ လုံခြုံရေးအတွက် စဉ်းစားပေးတာပါ… ဝမ်သခင်လေး ဘေးနားမှာ အစောင့်တွေ ဘယ်လိုပဲ များပါစေ သခင်လေး ကိုယ်တိုင်လည်း သိုင်းကွက် နည်းနည်းလောက်သိထားတော့ ပိုကောင်းတာပေါ့… အိမ်ရှေ့စံရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ဝမ်ချီက သက်ပြင်းချလိုက်ပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။
ရှစ်ယဲ့ရဲ့ ဒီကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ဆိုတာက ကျောက်စိမ်းချောင်းတွေပေါ်မှာပဲ ရှိနေတယ်လို့ ငါ ဘာလို့ ခံစားမိနေပါလိမ့်…
လျိုတဲက ဤလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော အတွေ့အကြုံရင့်ကျက်သူ ဖြစ်သောကြောင့် အနာပေးပြီး ဆေးပေးသည့်နိယာမကို နားလည်ကျွမ်းကျင်သည်။
ဝမ်ချီ မကျေမနပ် ခေါင်းညိတ်လိုက်ရပြီးနောက် လျိုတဲက စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်ရှိ အကြောင်းအရာ အများစုကို ခြစ်ချကာ အနည်းငယ် ပိုလွယ်သည့် လေ့ကျင့်မှုအချို့ကိုသာ ချန်ထားလိုက်သည်။
"ဝမ်သခင်လေး ဒီနေ့က ပထမဆုံး ကိုယ်ခံပညာ သင်ယူတဲ့နေ့ဆိုတော့ ကျွန်တော်တို့ လွယ်ကူ ရိုးရှင်းတာတွေကို အရင်စသင်ပြီး နောက်မှ ခက်တဲ့အဆင့်တွေကို တဖြည်းဖြည်း သွားကြတာပေါ့… ဘယ်လိုလဲ…”
ဝမ်ချီက စာရွက်ပေါ်ရှိ ခက်ခဲသော လေကျင့်မှုများ ခြစ်ချခံလိုက်ရသည်ကို ကြည့်ပြီး စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားကာ မတွေဝေတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။
သူက လျိုတဲ စာရွက်ကို သိမ်းလိုက်သည်ကို ကြည့်ပြီး စိတ်ရင်းအတိုင်း ပြောလိုက်သည်။
“အစ်ကိုတဲက အရမ်းသဘောကောင်းတာပဲ…”
လျိုတဲက ထိုစကားကြောင့် ရုတ်တရက် အေးခဲသွားပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝမ်ချီက သူ့ကို တောက်ပသော ဗာဒံမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ချီ့မျက်လုံးများက တောက်ပလွန်းသဖြင့် လျိုတဲကို ခဏတာ ကြောင်အသွားစေသည်။
လျိုတဲက ဝမ်ချီ၏ ထိုရိုးသားသော အကြည့်များကြောင့် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
အစောက သူပြောခဲ့သော စကားနှင့် အပြုအမူများက ဝမ်ချီ နာနာခံခံ သိုင်းသင်ယူရန် ဖြားယောင်းခဲ့ခြင်းသာ ဖြစ်သည်။ “အရာရာတိုင်းက အစတွင် ခက်ခဲသည်” ဟူသော ဆိုရိုးစကားအတိုင်း သူက ဝမ်ချီ ထိုပထမ ခြေလှမ်းကို လှမ်းရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ဝမ်ချီက မနက်ဖြန်တွင် သူ့၏ဆရာ မည်မျှ တင်းကြပ်လိမ့်မည်ကို မသိခဲ့ပေ။
ဒါပေမယ့် ဒါတွေအားလုံးက အိမ်ရှေ့စံ အမိန့်ပေးခဲ့တာ ချည်းပဲလေ…
ဝမ်ချီက လျိုတဲ၏အတွေးကို မသိသောကြောင့် ယနေ့ လေ့ကျင့်ရေးတွင်သာ အာရုံစိုက်နေခဲ့သည်။
ယနေ့ လေ့ကျင့်ခန်း အနည်းငယ်သာ လုပ်ခဲ့ရသော်လည်း ဝမ်ချီက ပင်ပန်းလွန်းသည်ဟု ခံစားရပြီး အခန်းထဲ ရောက်သည်နှင့် အိပ်ယာပေါ်တွင် လှဲနေကာ မထနိုင်တော့ပေ။
သူ ယခင်က စိတ်အေးလက်အေးနှင့် ပေါ့ပါးသော ဘဝတွင်သာ နေသားကျခဲ့ပြီး ရုတ်တရက် တင်းကြပ်ခံလိုက်ရသော အချိန်တွင် စိတ်ရောကိုယ်ပါ အသားမကျဘဲ ဖိစီးနေရတော့သည်။
ဝမ်ချီက အချိန်အတန်ကြာ အိပ်ပျော်သွားပြီးနောက် ခုတင်ရှေ့တွင် လူတစ်ယောက် ရပ်နေသည်ကို ယောင်ဝါးဝါးခံစားလိုက်ရသည်။
ဝမ်ချီက ထိုလူ မည်သူဖြစ်သည်ကို သိရန် မျက်လုံးများကို ဖွင့်ကြည့်ချင်သော်ငြား မျက်ခွံများက အလွန်လေးလံပြီး မျက်လုံး မပွင့်သောကြောင့် လက်လျှော့ပြီး ဆက်အိပ်နေလိုက်သည်။
💮💮💮