💮Chapter 84
သို့သော်လည်း ထိုလူက ထွက်မသွားပေ။
သူက ခုတင်စွန်းတွင် ထိုင်ကာ ဝမ်ချီကို စေ့စေ့ ကြည့်နေသည်။
ဝမ်ချီက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေကာ သူ့ပါးပြင်ပေါ်တွင် ထိုလူ၏ လက်ချောင်းထိပ်များ တရွေ့ရွေ့ ရွေ့လျားနေသည်ကို ခံစားလိုက်ရသည်။
၎င်းက အေးစက်ပြီး ဝမ်ချီ ရင်းနှီးနေသော အထိအတွေ့ ဖြစ်သောကြောင့် မသိစိတ်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ထိုလူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ဝမ်ချီက ထိုလက်ကို အနည်းငယ်ကြာသည့်အထိ ဆက်လက် ကိုင်ထားလိုက်သည်။
ထိုနောက် ဝမ်ချီက တစ်စုံတစ်ခုကို အာရုံခံစားမိသွားပြီး ရှည်လျားသော မျက်တောင်များကို နှစ်ကြိမ်တိတိ ခတ်လိုက်ကာ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ဖယောင်းတိုင်မီးရောင် မှိန်ဖျော့ဖျော့အောက်တွင် ထိုလူက ခေါင်းကိုငုံ့ထားကာ သူ့၏ အေးစက်ပြီးချောမောသော မျက်နှာတစ်ခြမ်းက အလင်းရောင် ဖျော့ဖျော့အောက်တွင် မှုန်ဝါးဝါး ဖြစ်နေသော်လည်း ထည်ဝါခမ်းနားမှုကို မြင်နေရဆဲ ဖြစ်သည်။ ပါးလွှားသော နှုတ်ခမ်းဖျားကိုမူ ထင်ထင်ရှားရှား မြင်ရသည်။
ပါးလွှာသောနှုတ်ခမ်း ပိုင်ဆိုင်ထားသူများက အေးတိအေးစက် နိုင်သည်ဟု ဆိုကြသည်။ ထိုစကားက အမှန်ပင် ဖြစ်ပုံရသည်။ ဤလူသားကို နွေးထွေးသော အလင်းရောင် ဖျော့ဖျော့ဖြင့် ဝန်းရံထားသော်လည်း သူ့ခန္ဓာကိုယ်တွင် အေးစက်သော အရိပ်ယောင်များကို မြင်နေရဆဲဖြစ်သည်။
ဝမ်ချီ မျက်လုံးများကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး ထိုလူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေလေသည်။
ကံမကောင်းစွာပင် ဝမ်ချီ့မျက်စိရှေ့တွင် အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး သူအနည်းငယ် လှုပ်လိုက်သည်နှင့် ၄င်းအလင်းတန်းများက ကြယ်တစ်လုံးကဲ့သို့ ဖြာထွက်နေကာ သူနှင့် ထိုလူ့ကြားတွင် အကာအရံ တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဝမ်ချီက ထိုလူကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးသော်လည်း စိတ်မကျေနပ်သေးသဖြင့် လက်ကိုဆန့်ကာ ထိုလူ့မျက်နှာကို ထိတွေ့လိုက်သည်။
ထိုလူက ဝမ်ချီ့လှုပ်ရှားမှုကို သတိပြုမိသွားပုံ ရသော်လည်း ရှောင်တိမ်းခြင်းမရှိပေ။
ထို့ကြောင့် ဝမ်ချီက ထိုလူ့မျက်နှာကို ဆန္ဒရှိသည့်အတိုင်း ထိတွေ့ခဲ့ရသည်။ သို့သော်လည်း ဤလူ့အသားအရေက ဝမ်ချီ စိတ်ကူးထားသည့်အတိုင်း ချောမွေ့မနေဘဲ မညီမညာသော မီးလောင်ဒဏ်ရာ အမာရွတ်များကို ပွတ်သပ်လိုက်ရသကဲ့သို့ ထူးခြားသော ထိတွေ့မှုကို ခံစားလိုက်ရသည်။
မီးလောင်ဒဏ်ရာအမာရွတ်တွေ…
ဝမ်ချီက ရုတ်တရက် တစ်စုံတစ်ယောက်ကို တွေးလိုက်မိသည်။
ရှစ်ယဲ့…
ဝမ်ချီက ခေါင်းကို အနည်းငယ်မော့ပြီး အခြားရှု့ထောင့်တစ်ခုမှ ကြည့်လိုက်သော အချိန်တွင် အမှန်ပင် ရှစ်ယဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ချီက သမ်းဝေပြီး ရွေရွတ်လိုက်သည်။
“မင်းက ဘာလို့ ဒီကို ရောက်လာပြန်တာလဲ…”
နေ့ခင်းပိုင်းတွင် ကိုယ်ခံပညာသင်ယူစဉ် ဝမ်ချီက ရှစ်ယဲ့ကို စိတ်ထဲမှ အကြိမ်ကြိမ်အခါခါ ကျိန်ဆဲကာ နောက်တစ်ကြိမ် ရှစ်ယဲ့နှင့် တွေ့သည့်အချိန်တွင် ကောင်းကောင်းမွန်မွန် မဆက်ဆံရန် ဆုံးဖြတ်ထားသည်။
လက်တွေ့တွင်မူ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မလာပေ။
တစ်နေ့တာလုံး ပင်ပန်းခဲ့ရသော ဝမ်ချီက အမှန်တကယ်ပင် မောပန်းနေပြီး ရှစ်ယဲ့နှင့် စာရင်းရှင်းရန် ခွန်အား မရှိတော့ချေ။ လက်တွေ့တွင်လည်း သူက ရှစ်ယဲ့ကို ရန်မရှာရဲပေ။
သူ သတ္တိနည်းသည်မှာ မှန်သော်လည်း ဝန်မခံချင်ပေ။
ထူးဆန်းသည်က ဝမ်ချီမှာ လက်ချောင်းတစ်ချောင်း ရွှေ့လျားရန်ပင် ခွန်အား မရှိတော့သည်အထိ ပင်ပန်းနွမ်းနယ် နေသော်လည်း ရှစ်ယဲ့၏ မျက်နှာကိုထိတွေ့ရန်မူ အားအင် ရှိနေဆဲ ဖြစ်သည်။
ရှစ်ယဲ့က ဝမ်ချီ့လက်ကို ဖမ်းဆုပ်လိုက်သည်။
ဝမ်ချီက နှစ်ကြိမ်တိုင်တိုင် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
"မထိနဲ့…”
ရှစ်ယဲ့၏ အသံက လေးနက်ပြတ်သား နေသော်လည်း ၎င်းက သူ့၏ ပုံမှန်လေသံဖြစ်ပြီး ထိုလေသံထဲတွင် မကျေနပ်သော အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။
ဝမ်ချီက ရှစ်ယဲ့ စိတ်ကြည်နေသည်ကို အခွင့်ကောင်းယူကာ သူသိချင်သည့် အကြောင်းအရာကို တတွတ်တွတ် မေးသည်။
“မင်းမှာ ကိုယ့်ကိုကိုယ် ကုသနိုင်စွမ်းရှိတယ် မဟုတ်ဘူးလား… မင်းရဲ့ ခြေထောက်တွေကိုတောင် ပြန်ကောင်းအောင်ကုနိုင်ပြီး ဘာလို့ ဒီအမာရွတ်တွေကိုကျ မဖယ်ပစ်တာလဲ…"
ရှစ်ယဲ့က ပြောသည်။
“အဲဒါက အရေးကြီးလို့လား…”
ဝမ်ချီက အလွန်အိပ်ငိုက်နေပြီး ရှစ်ယဲ့၏ မျက်နှာကို ထိတွေ့နေသည့်လက်ကို ပြန်ရုတ်သိမ်းကာ မေးစေ့အောက်တွင် ထောက်ထားလိုက်ရင်း ရှစ်ယဲ့ကို မျက်စိမှေးကြည့်ကာ လျှာလေးအာလေးဖြင့် တစ်လုံးချင်း ပြောသည်။
“အရေးကြီးတာပေါ့ ရုပ်ရှည်က ဘာမဆို ဆုံးဖြတ်ပေးနိုင်တယ်… ရှေးခေတ်ပဲဖြစ်ဖြစ် အခုခေတ်ပဲ ဖြစ်ဖြစ် အကုန်လုံးက ရုပ်ရည်ကို ကြည့်ပြီး ဆုံးဖြတ်ကြတာချည်းပဲ…”
ရှစ်ယဲ့က ခေတ္တတုံ့ဆိုင်းသွားပြီး မေးခွန်းထုတ်သည်။
"ရုပ်ရည်ဆိုတာက…”
"မင်းမျက်နှာကို ပြောတာ…မင်းက အရမ်းကြည့်ကောင်းရဲ့သားနဲ့ မျက်နှာက ထိခိုက်ပျက်စီးနေတာ နှမြောစရာပဲ…”
ဝမ်ချီက အရူးသဖွယ် ရယ်မောလိုက်ပြီး ပြောသည်။
ထိုစကားက ရှစ်ယဲ့ကို ကျေနပ်သွားစေပုံရပြီး ရှစ်ယဲ့က ခေါင်းကိုငုံ့ကာ ပြောသည်။ သူ့အသံတွင် သိသာထင်ရှားသော ပျော်ရွှင်မှု တစ်ခုပါနေသည်။
“ပန်ကုန်းက ကြည့်ကောင်းတယ်လား…"
“ကြည့်ကောင်းတယ်…”
ဝမ်ချီက သူပြောလိုက်သည့် စကားကို ထပ်မံ အတည်ပြုရန် ရှစ်ယဲ့၏ အမာရွတ်မရှိသော မျက်နှာတစ်ခြမ်းကို သေချာစိုက်ကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောသည်။
“ချောတယ် ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ ယောကျာ်းထဲမှာ အရှင့်သားက အချောဆုံးပဲ…”
ဝမ်ချီက ထိုသို့ပြောပြီး ထပ်မံသမ်းဝေလိုက်သည်။
သူ့အသိစိတ်က တဖြည်းဖြည်း လေးလံလာပြီး ခေါင်းပင် မလှည့်နိုင်တော့ဘဲ မျက်လုံးမှိတ်ကာ အိပ်မက်ထဲ ပြန်လည် နစ်မြုပ်သွားခဲ့သည်။
ထိုအချိန်တွင် အေးစက်နေသော လက်တစ်ဖက်က သူ့ပါးပြင်ကို ညင်ညင်သာသာ ညှစ်လိုက်ပြီး ပြောသည်။
"မင်း ရေမချိုးရသေးဘူးလေ…"
ဝမ်ချီက လက်မြှောက်လိုက်ပြီး သူ့ပါးပြင်ကို ညှစ်နေသော လက်ကို ပုတ်ထုတ်ကာ မျက်လုံးမဖွင့်ဘဲ ပြောသည်။
“မချိုးဘူး…အရမ်းပင်ပန်းနေပြီ... ရေမချိုးချင်တော့ဘူး၊ အိပ်ချင်တယ်… ”
"မင်း အဝတ်အစားလည်း မလဲရသေးဘူး"
"အဝတ်လည်း မလဲချင်တော့ဘူး..."
ဝမ်ချီက စကားဆုံးအောင် မဖြေရသေးမီမှာပင် ထပ်မံ အိပ်ပျော်သွားခဲ့သည်။
သို့သော်လည်း ဝမ်ချီ့မျက်နှာကို စိုက်ကြည့်နေသည့် အကြည့်မှာမူ ပျောက်ကွယ် မသွားသေးပေ။ ရှစ်ယဲ့က အိပ်ယာအစွန်းတွင် အချိန်အတော်ကြာထိုင်နေပြီး သက်ပြင်းချကာ ခဏအကြာတွင် ထ၍ထွက်သွားသည်။
ဝမ်ချီက အိပ်ပျော်နေသော်လည် အလွန်အမင်း အိပ်မောကျနေခြင်း မဟုတ်သောကြောင့် အသိစိတ် ဝေဝါးဝါးရှိနေပြီး ရှစ်ယဲ့ နောက်တစ်ကြိမ် ပြန်မလာလောက်တော့ဟုထင်ကာ အပြင်ဘက်ကို နောက်ကျောပေး၍ လှည့်အိပ်လိုက်သည်။
မမျှော်လင့်ဘဲ ခဏအကြာ၌ သူ့နောက်ကျောတွင် ခပ်ဖွဖွ ခြေသံများ ထွက်လာပြီး လေးလံသော အရာဝတ္ထုကို မြေပြင်ပေါ်သို့ ဖြည်းဖြည်း ချလိုက်သည့် အသံကို ကြားလိုက်ရသည်။
ရှစ်ယဲ့က ပြောသည်။
“ထွက်သွားလို့ရပြီ…"
ကျောကျစ်က နာခံပြီး အစေခံအချို့နှင့်အတူ ခြေဖော့၍ ဖြည်းဖြည်း ထွက်သွားသည်။
ရှစ်ယဲ့က အိပ်ယာနားသို့ မသွားမီ ယခင်နေရာတွင် ခဏ ရပ်နေလိုက်သည်။
အချိန်အနည်းငယ်အကြာတွင် ဝမ်ချီက သူ့အဝတ်အစားများပေါ်တွင် လက်နှစ်ဖက် စုန်ချည်ဆန်ချည် လှုပ်ရှားနေသည်ကို ခံစားလိုက်ရပြီး ကောက်ညှင်းထုတ် အခွံခွါလိုက်သကဲ့သို့အဝတ်များ အချွတ်ခံလိုက်ရကာ တစ်ကိုယ်လုံး ချီပိုးခြင်း ခံလိုက်ရပြီး ရေနွေးကန်ထဲ ပစ်ချခံလိုက်ရသည်။
ရေက အတန်အသင့် နွေးနေသောကြောင့် သူ့တစ်ကိုယ်လုံး နွေးထွေးမှုကို ခံစားလိုက်ရပြီးခန္ဓာကိုယ်ပေါ် တွင် ရွေ့လျားနေသော ထိုလက်များမှာ ယခင်ကလောက် မအေးစက်တော့ပေ။
ဝမ်ချီ မျက်လုံးများ ဖွင့်လိုက်သောအချိန်တွင် နောက်တစ်နေ့သို့ ရောက်နေပြီဖြစ်သည်။
သူက ခုတင်ပေါ်တွင် ပက်လက်လှဲလျောင်းရင်း တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတော့သည်။ သူ့ဦးနှောက်က အထူးကြည်လင်နေပြီး ယမန်နေ့ညက ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ဝမ်ချီက ခက်ခက်ခဲခဲ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး စောင်ကိုဖယ်၍ အောက်ကို ငုံ့ကြည့်လိုက်သော အချိန်တွင် အတွင်းဝတ်အသစ် လဲထားသည်ကို တွေ့လိုက်ရသည်။
ဒါက မနေ့ညက သက်သေပဲ…
သူ ငြင်းဆန်ချင်သော်လည်း အဖြစ်မှန်ကို ငြင်းမရတော့ပေ။
ဝမ်ချီက သက်ပြင်းချကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖြည်းညှင်းစွာအုပ်ပြီး သူ့ကိုယ်သူ ခါးသီးစွာ ကျိန်ဆဲလိုက်သည်။
အလှတရားက လူကို လှည့်စားနိုင်သည်ဟု လူတိုင်းက ပြောကြခြင်းမှာ မဆန်းပေ။ သူ့ကဲ့သို့ အလှမက်သူအတွက် ရှစ်ယဲ၏ မျက်နှာတစ်ဝက်ကို မြင်ရုံဖြင့် မတွန်းလှန်နိုင်ဘဲ ဆွဲဆောင်ခံလိုက်ရသည်။
အား…….
ရှစ်ယဲ့လို အာဏာရှင်က ဘာလို့ ဒီလောက် ရုပ်ချောနေရတာလဲ…
ဒါပေမဲ့ ပြောရမယ်ဆို ရှစ်ယဲ့က ငါ့ကို ကူညီပြီး ရေချိုးပေးခဲ့တာကလွဲ တခြား လွန်လွန်ကြူးကြူး မလုပ်ခဲ့လို့ တော်သေး… ဟို ကျောက်စိမ်းချောင်းတွေ အခုထိ မသုံးသေးတာကိုပဲ ကျေးဇူးတင်ရမယ်…မဟုတ်ရင် အခုလို ခြေလက်တွေနာကျင်နေတာက မနေ့က လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခဲ့တာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းကြောင့်ပါ ဖြစ်သွားနိုင်တယ်…
ထိုကျောက်စိမ်းချောင်းများအကြောင်း တွေးလိုက်မိသည်နှင့် ဝမ်ချီက ၎င်း၏ လုံးပတ်လည်အထူကို စိတ်ထဲတွင် ပုံဖော်မိသွားပြီး တုန်လှုပ်သွားသည်။
မဖြစ်ဘူး…
ပါးပါးလေးတွေက အဆင်ပြေပေမယ့် တချို့ အချောင်းတွေက အရမ်းကြီးလွန်းတယ် အထဲကို ဝင်မှာမဟုတ်ဘူး… ချောဆီမွှေးလိမ်းပြီး ထည့်ရင်တောင်မှ အရမ်းနာမှာ…
မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး…
မှားနေပြီ…
ဘာလို့ ဒီကျောက်စိမ်းချောင်းတွေကို မဖြစ်မနေ သုံးရမှာလဲ…
ဝမ်ချီက ကြိုးစားအားထုတ်ချင်စိတ် မရှိသည့် ပျင်းရိသော ငါးဆားနယ်တစ်ကောင် ဖြစ်သော်လည်း အိပ်မက်ရှိသော ငါးလေး ဖြစ်သည်။ သူ့အိမ်မက်က ၎င်းကျောက်စိမ်းချောင်းများကို မသုံးရရေး ဖြစ်သည်။
ဆိုဒ်ကြီးတဲ့ကျောက်စိမ်းချောင်း မသုံးရရင်ကို အဆင်ပြေပါပြီ…
ဝမ်ချီက သူ့ကိုယ်သူအားပေးလိုက်ပြီး နာကျင်ကိုက်ခဲမှုကို အံ့ကြိတ်သည်းခံကာ အိပ်ရာပေါ်မှ ကုန်းထလိုက်သည်။
ထို့နောက် အလျင်အမြန်ရေချိုးပြီး မနက်စာ သုံးဆောင်လိုက်သည်။
ဝမ်ချီက အခန်းထဲမှမထွက်မီ နံရံတွင် ချိတ်ဆွဲထားသော လက်ရေးလှ ပန်းချီကားလိပ်ကို မြင်ပြီး ထိုနားသို့ လျှောက်သွားလိုက်သည်။
{ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်}
“ငါ ကြိုးစားမှ ရမယ်… ငါသာ အပြေးမြန်ရင် အဲ့ကျောက်စိမ်းတွေကို သုံးရမှာ မဟုတ်ဘူး… ဖိုက်တင်း…”
ဝမ်ချီက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ခေါင်းမော့ ရင်ချီကာ ထွက်သွားသည်။
သို့သော်လည်း နေ့တစ်ဝက်အတွင်း ဝမ်ချီ အားအင်ကုန်ခမ်းသွားရတော့သည်။
လျိုတဲ လေ့ကျင့်ခိုင်းသောအကြောင်းအရာများက ယမန်နေ့က လေ့ကျင့်ရသည်နှင့် အတူတူပင်ဖြစ်သော်လည်း ယမန်နေ့ကထက် ပိုမိုပြင်းထန်လာကာ အကြိမ်ရေ ပမာဏလည်း ပိုများလာရုံသာမက လှည့်ကွက်များပါ ထပ်တိုးလာသည်။ ဝမ်ချီမှာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အသက်ပင် မရှူနိုင်တော့ပေ။
အနားယူချိန်တွင် ဝမ်ချီက ကျောက်စားပွဲပေါ် မှီအိပ်ကာ လေ့ကျင့်မှု ဆက်လုပ်ရန် ငြင်းဆန်ခဲ့သည်။
လျိုတဲက အလျင်လိုမနေဘဲ ဘေးတွင် ငြိမ်သက်စွာ ရပ်ကာ ဝမ်ချီ့ကို ကြည့်နေသည်။
လျိုတဲ အလျင်မလိုသော်လည်း ဝမ်ချီက အလျင်လိုနေရုံသာမက ထိုခံစားချက်များမှာ မျက်နှာပေါ်တွင် ရေးသားထားသကဲ့သို့ ပေါ်လွင်နေသည်။
ဝမ်ချီက လျိုတဲမှာ အပြင်ဘက်တွင် မာကျောသော်လည်း အတွင်းစိတ်ပျော့ပျောင်းသည်ကို သတိထားမိပြီး အကြိမ်အကြိမ် တွေးတောပြီးနောက် နောက်ဆုံးတွင် သူက သနားစဖွယ် ဟန်ဆောင်ကာ ပြောသည်။
“အစ်ကိုကြီးလျိုတဲ ကျွန်တော် တကယ် မခံနိုင်တော့ဘူး… အခုလို ဆက်လေ့ကျင့်ရရင် ပင်ပန်းလို့ သေသွားနိုင်တယ်…”
လျိုတဲက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဝမ်သခင်လေးရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက အရမ်း အားနည်းလွန်းတယ်… ကိုယ်ခံပညာကို မသင်ယူရင်တောင်မှ လေ့ကျင့်ခန်း မှန်မှန်လုပ်သင့်တယ်…”
လေ့ကျင့်ခန်း လုပ်ရန်က မဖြစ်နိုင်ပေ။
ဝမ်ချီ ဤခန္ဓာကိုယ်ထဲ မကူးပြောင်းလာမီတွင် မူလပိုင်ရှင် ကိုယ်တိုင်က ခွေးမင်းသားကဲ့သို့ အိမ်ထဲမှ အိမ်ပြင် ထွက်လေ့မရှိဘဲ လှုပ်ရှားမှုမရှိသော လူတစ်ယောက်ဖြစ်ပြီး အလွန်ဆုံး ပွဲတော်နေ့များတွင်သာ မီးပုံကြည့်ရှုရန် အပြင်ထွက်တတ်သည်။ ဝမ်ချီ ၎င်းခန္ဓာကိုယ်ထဲ ကူးပြောင်းလာသော အချိန်တွင် ယခင်ပိုင်ရှင်ထက်ပင် ပို၍ အိမ်ကပ်ကာ ပွဲတော်နေ့အပြင်ထွက်ပြီး မီးပုံးကြည့်ရန်ပင် ရှောင်ရှားလေ့ ရှိသည်။ ထိုင်စရာခုံ ရှိပါက မတ်တပ်ရပ်လေ့ မရှိဘဲ အိပ်ရာစရာ နေရာရှိပါက ထိုင်နေလေ့ မရှိပေ။
လျိုတဲက ဝမ်ချီ၏ တုံ့ပြန်မှုကိုမြင်ပြီး ဝမ်ချီထံမှ လက်ခံမည့် အရိပ်ယောင်ကို မမျှော်လင့်ထားတော့ဘဲ ခဏတာ စဉ်းစားပြီးနောက် လိမ္မာပါးနပ်စွာပြောသည်။
"ဝမ်သခင်လေး ကျွန်တော် မပြောမဖြစ် ပြောစရာ တစ်ခုရှိပါတယ်… ယောကျာ်းလေးတွေက ကိုယ်ဝန်ရလွယ်တာ မှန်ပေမဲ့ ယောက်ျားလေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် မွေးဖွားရတာ တော်တော် ခက်ခဲတယ်…"
ကျောက်စားပွဲပေါ်တွင် မှီအိပ်နေသော ဝမ်ချီက ထိုစကားကိုကြားပြီး ချက်ချင်းပင် အသိပြန်ကပ်သွားသည်။
လျိုတဲက ဆက်လက် ပြောသည်။
“ယောကျ်ားလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံက မိန်းကလေးတွေလောက် မကောင်းသလို မွေးဖွားရ ခက်ခဲနိုင်ခြေကလည်း မိန်းကလေးတွေထက် ပိုမြင့်တယ်… ဝမ်သခင်လေး ကလေးယူချင်တယ် ဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်…”
ဝမ်ချီ : “…”
ဘယ်လိုလုပ်ရမလဲ…
လျိုတဲ အဲ့လိုပြောတော့ ငါ ပိုတောင် မလှုပ်ရှားချင်တော့ဘူး…
နှစ်ယောက်သား အချိန်အတန်ကြာ စကားအချေအတင် ပြောပြီးနောက် နောက်ဆုံးတွင် လျိုတဲက ဝှက်ဖဲကို ထုတ်သုံးကာ ဝမ်ချီကို ဖျောင်းဖျနိုင်ရန် အိမ်ရှေ့စံနာမည်ကို အသုံးချလိုက်သည်။
တစ်နေ့တာ ကုန်ဆုံးပြီးနောက် ဝမ်ချီက ငါးဆားနယ်ဘဝမှ ငါးဆားနယ်ခြောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အခန်းထဲ ပြန်ရောက်သော အချိန်တွင် အိပ်ရာပေါ်တွင် ဆန့်ဆန့်လှဲပြီး မလှုပ်နိုင်တော့ပေ။ သို့သော်လည်း သူက ညစာ စားရန်ကိုမူ မမေ့ပေ။
ညစာ စားပြီးနောက် ဝမ်ချီက ငိုက်မျဉ်း၍ အိပ်ပျော်သွားသည်။
အိပ်မောကျလုနီးပါး အချိန်တွင် တစ်စုံတစ်ယောက်ဝင်လာသည်ကို သူ ခံစားလိုက်ရသည်။
ထိုလူက ယမန်နေ့ညကကဲ့သို့ ကုတင်စွန်းတွင် အချိန်အတန်ကြာ ထိုင်နေပြီးမှ သူ့အဝတ်များကို ချွတ်ကာ ချီပိုးပြီး သယ်မသွားသည်။ အချိန်အနည်းငယ်အကြာတွင် ဝမ်ချီက ယမန်နေ့ညကကဲ့သို့ ရေနွေးကန်ထဲသို့ ရောက်သွားတော့သည်။
-----
တတိယမြောက်နေ့…
ဝမ်ချီ မျက်လုံးဖွင့်လိုက်သည်။
ခေါင်းမော့ကြည့်လိုက်သော အချိန်တွင် နံရံပေါ်ရှိ လက်ရေးလှ ပန်းချီကားချပ်ကို တွေ့လိုက်ရသည်။
"ကောင်းကင်ဘုံက ကြိုးစားမှုအားထုတ်မှုကို ဆုချတယ်" ဟူသော စာလုံးလေးလုံးက သူ့ကို မညှာမတာ လှောင်ပြောင်နေပုံရသည်။ သူက ထိုစာလုံးလေးလုံးကို အချိန်အတန်ကြာ စိုက်ကြည့်ရင်း နဖူးပေါ် လက်တစ်ဖက်တင်ကာ သက်ပြင်းကို တိုးတိုးလေး ချလိုက်မိသည်။
ဝမ်ချီက ထင်ယောင်ထင်မှား ဖြစ်နေခြင်းပင်လား မသေချာသော်လည်း ထိုကျောက်စိမ်းချောင်းများ သုံးရတော့မည့် အချိန်နှင့် နီးကပ်လာသည်ဟု အာရုံရနေသည်။
ကံကောင်းထောက်မစွာဖြင့် နှစ်ရက်တာတိတိ အခြေခံ လေ့ကျင့်ခန်းများ လေ့ကျင့်ပြီးနောက် သုံးရက်မြောက်နေ့မှ စတင်ပြီး ဝမ်ချီက ထိုပင်ပန်း ခက်ခဲသော လေ့ကျင့်မှုများနှင့် အသားကျသွားသည်။ ယခင်ကကဲ့သို့ မျက်ခွံ မဖွင့်နိုင်လောက်သည်အထိ ပင်ပန်းနွမ်းနယ်ဆဲ ဖြစ်သော်လည်း ပြင်းပြင်းထန်ထန် မခံစားရတော့ပေ။
ဆယ်ရက်ကျော် ကြာပြီးနောက် ဝမ်ချီက သူ့ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ အတိုင်းအတာတစ်ခုအထိ တိုးတက် ကောင်းမွန်လာကြောင်း သိသာထင်ရှားစွာ ခံစားလိုက်ရသည်။
သူက အခြေခံသိုင်းကွက်များကို လေ့ကျင့်ရန် အလွန် တွန့်ဆုတ်မနေတော့ဘဲ လျိုတဲ ထပ်ပေးမည့်လေ့ကျင့်ခန်း အသစ်များကိုပင် တိုးတိတ်တိတ် စောင့်မျှော်နေခဲ့သည်။
လျိုတဲ၏အဆိုအရ နောက်တစ်ဆင့်တွင် အတွင်းအား စတင် လေ့ကျင့်ရမည် ဖြစ်ပြီး ထို့နောက် ကိုယ်ဖော့ပညာကို ဆက်လက် သင်ယူရမည်။
ဝမ်ချီက အခြားကိုယ်ခံပညာများကို စိတ်မဝင်စားသော်လည်း ကိုယ်ဖော့ပညာကိုမူ အမှန်တကယ် သင်ယူလိုသည်။ သို့မှသာ အနာဂတ်တွင် ခွေးမင်းသား ဒေါသထွက်ပါက အသက်ဘေးမှလွတ်အောင် သူ့နားမှ အလျင်အမြန် ထွက်ပြေးနိုင်မည် ဖြစ်သည်။
ဒါပေမဲ့ ရှစ်ယဲ့နဲ့ ကိုယ်ဖော့ပညာချင်း ယှဉ်ရင် နိုင်နိုင်ခြေက သုညနီးပါးဆိုပေမဲ့လည်း…
ဂရုမစိုက်ဘူးကွာ…
ဝမ်ချီက ကြိုးစားလိုစိတ်ပြင်းပြပြီး ကိုယ်ဖော့ပညာအား မည်သည့်အချိန်တွင် စတင်၍ သင်ကြားပေးမည်လဲဟု လျိုတဲကို မကြာခဏ မေးမြန်းခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် လျိုတဲက အလျင်မလိုတော့ဘဲ ပြောသည်။
“ခဏစောင့်ပါ ဝမ်သခင်လေး… ချက်ချင်းကြီယ ကိုယ်ဖော့ပညာကို ဘယ်လို သင်ယူနိုင်မှာလဲ… အရေးကြီးတာက နေ့တိုင်း အခြေခံလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်နေဖို့ပဲ…”
ဝမ်ချီ : “…”
ယခုတွင်မူ လျိုတဲက အလျင်မလိုတော့ဘဲ ဝမ်ချီကသာ စိတ်လောနေရတော့သည်။
ဝမ်ချီက နောက်ထပ် နှစ်ရက်တိတိ စောင့်ဆိုင်းခဲ့သည်။
အဆုံးသတ်တွင် ဝမ်ချီထံသို့ လျိုတဲ၏ လေ့ကျင့်ခန်း အသစ်များ ရောက်မလာဘဲ လာရောက် ကြည့်ရှုသော ရှစ်ယဲ့ကိုသာ ကြိုဆိုလိုက်ရသည်။
ထိုညတွင် ဝမ်ချီက ညစာစားပြီးနောက် ထုံးစံအတိုင်း ခုတင်ပေါ်တွင် လှဲနေလိုက်သည်။
မကြာမီတွင် ဝမ်ချီက တံခါးဖွင့်သံ ကြားလိုက်ရသောကြောင့် အသက်ပြင်းပြင်းရှူပြီး မျက်လုံးကိုမှိတ်ကာ အိပ်ပျော်သွားဟန် ဆောင်လိုက်သည်။
ရှစ်ယဲ့၏ ခြေလှမ်းများက ပေါ့ပါးပြီး တည်ငြိမ်ကာ ဝမ်ချီ၏ အိပ်ရာနားသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ဝမ်ချီက ရှစ်ယဲ့ ပုံမှန်အတိုင်း ကုတင်စွန်းတွင် ခဏ ထိုင်မည်ဟု ထင်ထားသော်လည်း ရှစ်ယဲ့က ကုတင်ဘေးတွင် မတ်တပ်ရပ်ပြီး ထိုင်ရန်စိတ်ကူးမရှိဘဲ ပြောလာသည်။
“ထတော့…”
💮💮💮