Chapter 85
Viewers 11k

💮Chapter 85



ဝမ်ချီက မလှုပ်ရှားပေ။


ခဏအကြာတွင် လက်တစ်ဖက်က သူ့နှာခေါင်းကို လာရောက် ညစ်ထားသည်ကို ဝမ်ချီ ခံစားလိုက်ရသည်။


ဝမ်ချီ : "…."


သူ အသက်ရှူကြပ်သွားသောကြောင့် မျက်လုံး မဖွင့်မနေရ ဖွင့်လိုက်ရသည့်အခါ ခုတင်ရှေ့တွင် ရပ်နေသော အမည်းရောင် ဝတ်ဆင်ထားသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ ဝမ်ချီက အကြည့်ကို အပေါ်သို့ရွှေ့လိုက်သော အချိန်တွင် နက်မှောင်ပြီးစူးရှသော အကြည့်တစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။


သူတို့နှစ်ယောက် ခဏတာခန့်အထိ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။


ဝမ်ချီက ဆက်လက် ဟန်မဆောင်နိုင်သောကြောင့် အိပ်ရာပေါ်မှ ကုန်းထလိုက်ပြီး ရိုကျိုးစွာဖြင့် ရှစ်ယဲ့ကို မေးမြန်းသည်။

“အရှင့်သား ဘာများ အလိုရှိပါလို့လဲ…”


ရှစ်ယဲ့က ပြောသည်။

“အဝတ်လဲ…”


ဝမ်ချီလည်း ကြောင်အသွားပြီး နားမလည်သော လေသံဖြင့် မေးသည်။

“ဘာအင်္ကျီ လဲရမှာလဲ…”


ရှစ်ယဲ့က ပြန်ဖြေသည်။

“ညဘက် အပြင်ထွက်တဲ့အခါ ဝတ်တဲ့ သက်သောင့်သက်သာရှိတဲ့ အဝတ်အစား…”


ဝမ်ချီလည်း ထိုစကားကို ကြားပြီး ရှစ်ယဲ့က သူ့လေ့ကျင့်မှု အခြေအနေကို လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း နားလည်သွားတော့သည်။


သို့သော်လည်း ထို၁၀ရက်တွင် ဝမ်ချီက လျိုတဲ၏ တိုက်တွန်းမှုအောက်တွင် အခြေခံ လေ့ကျင့်ခန်းများကိုသာ လေ့ကျင့်ခဲ့ရပြီး တခြားသိုင်းကွက်များကို မသင်ယူရသေးပေ။


ဧကန္တ ရှစ်ယဲ့က ငါ squat ထိုင်နည်း မှန်မမှန် လာစစ်ဆေးတာများလား… 

( သိုင်းသင်ယူရာတွင် အခြေခံအကျဆုံး ထိုင်နည်း တစ်မျိုး ဖြစ်သည်) 


ဝမ်ချီက စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသော်လည်း အချိန်မဆွဲရဲပေ။ အိပ်ရာပေါ်မှ လျင်မြန်စွာ ဆင်းကာ ရှစ်ယဲ့ ဝတ်ဆင်ထားသကဲ့သို့ အမည်းရောင် ဝမ်းဆက်ကို ဗီဒိုထဲမှထုတ်ပြီး ဝတ်လိုက်သည်။


ရှစ်ယဲ့က ဝမ်ချီကို တစ်ချက်လှမ်းကြည့်ပြီး အနောက်လှည့်ကာ ထွက်သွားသည်။


ဝမ်ချီလည်း ရှစ်ယဲ့အနောက်မှ ထပ်ကြပ်မခွာ လိုက်သွားသည်။


တံခါးအပြင်ဘက်သို့ ရောက်သောအချိန်တွင် ဝမ်ချီက ရှစ်ယဲ့ ခြေလှမ်းများနောက်သို့ မနည်း အမီလိုက်ကာ ခေါင်းယမ်းလိုက်ပြီး ထစ်ထစ်အအဖြင့် ပြောသည်။

“အရှင့်သား… ကျွန်တော် ဘာသိုင်းပညာမှ မသင်ရသေးလို့ ကိုယ့်ဖောတာတွေလည်း မတတ်ပါဘူး…”


ရှစ်ယဲ့က ရုတ်တရက် ခြေလှမ်းကို ရပ်လိုက်ပြီးတည်ငြိမ်စွာ ပြောသည်။

“ပန်ကုန်း သိတယ်…”


ဝမ်ချီက ရှစ်ယဲ့ ရပ်လိုက်သည်ကို မြင်ပြီး ရှစ်ယဲ့ကဲ့သို့ ခြေလှမ်းကို သပ်လိုက်ကာ သူ့ထက် အလွန်အရပ်မြင့်မားသော ရှစ်ယဲ့ကို မော့ကြည့်ပြီး မျက်တောင်ခတ်ကာ မေးသည်။

“ဒါဆို ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ…”


ရှစ်ယဲ့က ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။ သူ့၏ လှပသော မျက်နှာတစ်ခြမ်းကို ငွေရောင်လမင်းထံမှ လာသော အလင်းဖျော့ဖျော့များက ဖုံးလွှမ်းထားသည်။


ရှစ်ယဲ့က ခဏတာ တုံ့ဆိုင်းပြီး ပြန်မေးလာသည်။

“မင်း ဘယ်ကို သွားချင်လဲ…”


ဝမ်ချီလည်း ကြောင်ကြောင်အအဖြင့် ရှစ်ယဲ့၏ မျက်နှာကို စိုက်ကြည့်ရင်း အာရုံအလုံးစုံက ထိုမျက်နှာပေါ်သို့သာ ရောက်နေသည်။ သတိပြန်ကပ်သွားသော အချိန်တွင် အနေရခက်စွာဖြင့် ခေါင်းကိုငုံ့လိုက်ပြီး နှာခေါင်းထိပ်ကို ပွတ်သပ်ကာ အစောပိုင်းက အခြေအနေကို ဖုံးကွယ်လိုက်သည်။


သူက ရှစ်ယဲ့ မေးသွားသည့်မေးခွန်းကို ပြန်ရေရွတ်ရင်း ရှစ်ယဲ့ ဆိုလိုချင်သော အဓိပ္ပာယ်ကို နားလည်သွားကာ ပြန်မေးလိုက်သည်။

“ ကျွန်တော်တို့ အခု အပြင်ထွက်လမ်းလျှောက်မှာလား…”


ရှစ်ယဲ့က တိုးညှင်းစွာ ရယ်ပြီး ပြန်ဖြေသည်။

“မင်း အဲ့လို နားလည်လိုက်လည်း ရတယ်…”


အစတည်းက ဝမ်ချီ ဘေးတိုက် မြင်နေရသော ရှစ်ယဲ့၏ မျက်နှာတစ်ခြမ်းက အမာရွတ် ကင်းမဲ့ပြီး လှပသော ဘက်အခြမ်း ဖြစ်ကာ ယခု ရှစ်ယဲ့ ရယ်မောလိုက်သော အချိန်တွင် နှုတ်ခမ်းပါးထောင့်က တွန့်ကွေးသွားပြီး မျက်နှာတွင် အပြုံးလှလှ ပေါ်လာကာ ပါးချိုင့်လေး ထွက်ပေါ်လာသည်။ ယခင်က ရှစ်ယဲ့ ကိုယ်ပေါ်တွင်ရှိသော အေးစက်သည့် အရိပ်ယောင်များ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသည်။


ဝမ်ချီလည်း အသိပြန်မကပ်တော့ဘဲ ရှစ်ယဲ့ကို ဆက်ပြီး ငေးကြည့်နေမိသည်။


ရှစ်ယဲ့က မည်သည်မျှမပြောဘဲ ဝမ်ချီ့ စိတ်သဘောကျ အတိုင်း ဆက်၍ ကြည့်နေစေသည်။


ခဏအကြာတွင် ဝမ်ချီက သူ ထပ်ပြီး စိတ်လွတ်သွားသည်ကို ပြန်သတိထားမိသွားသည်။


ဝမ်ချီ ချက်ချင်းပင် အကြည့်လွှဲလိုက်ကာ အံကြိတ်လိုက်ပြီး ပါးပြင်နှစ်ဖက်မှာ နီရဲလာတော့သည်။


သူက မျက်နှာအမူအရာ ထိန်းချုပ်နိုင်စွမ်း မရှိသည်ကို အလွန်ပင် မုန်းတီးလှသည်။ ကံကောင်းစွာဖြင့် ရှစ်ယဲ့က မျက်နှာတစ်ခြမ်းသာ လှစ်ဟထား၍ တော်သေးသည်။ မဟုတ်ပါက ရှစ်ယဲ့၏ ပြည့်စုံသော မျက်နှာတစ်ခုလုံးကို မြင်သည်နှင့် သူ မလှုပ်နိုင်ဘဲ ဖြစ်နေလောက်သည်။


ဤကဲ့သို့ အလွန်ကြည့်ကောင်းသော မျက်နှာတွင် ဒဏ်ရာအနာတရ မရှိသင့်ပေ။ လွန်ခဲ့သော ၅/၆နှစ်က နန်းတော်ကို မီးရှို့ခဲ့သူများက မည်သို့သော ရည်ရွယ်ချက်နှင့်များ ရှိို့ခဲ့ခြင်းကို ဝမ်ချီ နားမလည်နိုင်ချေ။


ထိုအကြောင်းကို တွေးမိသည်နှင့် ဝမ်ချီ့အမူအရာက အလွန် လေးနက်သွား၏။ သူက ဝတ္ထုထဲတွင် ရေးထားသော အရှေ့နန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သေချာ ပြန်စဉ်းစားလိုက်သည်။ ဝတ္ထုထဲတွင် ထိုမီးလောင်မှုအကြောင်းကို အကြမ်းဖျင်းသာ ရေးထားပြီး အရှေ့နန်းတော် မီးလောင်မှု မြင်ကွင်းကိုသာ ထည့်သွင်းဖော်ပြထားသည်။ စာရေးသူက ဝတ္ထုထဲတွင် တရားခံအကြောင်းကို ထည့်မရေးထားပေ။


ဇာတ်လမ်းထဲတွင် ထိုကိစ္စကို ၂ကြိမ်/၃ကြိမ်သာ ထည့်ရေးထားပြီး ဇာတ်လမ်းအစတွင်သာ အိမ်ရှေ့စံမှာ မီးလောင်ခံရမှုကြောင့် မျက်နှာပျက်စီးသွားပြီး ဒုက္ခိတ ဖြစ်သွားကြောင်းကို ဖော်ပြထားသည်။ စာရေးသူက နောက်ပိုင်းတွင် ထိုဇာတ်ကွက်ကို ပြန်ထည့်ရေးရန် မေ့သွားပုံရသည်။


ဇာတ်လမ်းအစမှ အဆုံးအထိ အိမ်ရှေ့စံ ဇာတ်ကောင်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဒုက္ခိတ အဖြစ်သာ ဖော်ပြထားသည်။


ဝမ်ချီက ရုတ်တရက် လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှစ်ယဲ့က ဝတ္ထုထဲတွင် မဖော်ပြထားသည့် ကိစ္စမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီး ရှစ်ယဲ့ဘေး၌ စာအုပ်ထဲတွင် မပါထားသော ဇာတ်ကောင်များစွာ ရှိနေသည်ကို ဝမ်ချီက နားလည် သဘောပေါက်သွားသည်။


ထို့အပြင် ဤကိစ္စများက ဝမ်ချီ ကြိုသိထားခြင်း မရှိသော အကြောင်းရာများမှ ဆင်းသက်လာကာ သူ့တွင် ထိန်းချုပ်နိုင်စွမ်းလည်း မရှိသောကြောင့် စိတ်ရှုပ်သွားရတော့သည်။ 


“မင်း စဉ်းစားပြီးပြီလား…”

ထိုအချိန်တွင် ရှစ်ယဲ့၏ အသံက ဝမ်ချီကို အတွေးကမ္ဘာထဲမှ ရုန်းထွက်နိုင်လိုက်စေသည်။ ဝမ်ချီက လျင်မြန်စွာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။


“ကျွန်တော် မင်းသားရွှမ်နဲ့ စစ်သူကြီးလင်းကို သွားကြည့်လို့ရလား…”


မတွေ့ရတာ အချိန်အကြာကြီး ရှိနေပြီမို့  မင်းသားရွှမ်နဲ့ စစ်သူကြီးလင်းတို့ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး…


ပြီးတော့ ဒီလောကမှာ ငါနဲ့ သိကျွမ်းတဲ့ မိတ်ဆွေဆိုလို့လည်း မင်းသားရွှမ်နဲ့ စစ်သူကြီးလင်း ၂ယောက်ပဲ ရှိတာ….


အော်… ဟွားကျစ်ချန်လည်း ရှိသေးတယ်…


ဝမ်ချီကို သတ္တိတစ်ရာခန့် ချေးငှားပင်လျှင်မူ ဤအချိန်တွင် ဟွားကျစ်ချန်ကို သွားတွေ့ချင်ကြောင်း မပြောရဲပေ။ သူ အသက်ဆက်ချင်စိတ် မရှိတော့သော အချိန်မှသာ ပြောရဲပြောနိုင်ပေမည်။


ဝမ်ချီ့စိတ်ထဲတွင် ဖြစ်နိုင်ခြေ မျိုးစုံတွေးတောနေပြီး အပြင်ဘက်တွင်မူ ရှစ်ယဲ့၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်နေသည်။


ရှစ်ယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“ကောင်းပြီလေ…”


ဝမ်ချီ စကားပင် ပြန်မပြောလိုက်ရမီ နှာခေါင်းထဲတွင် အနံ့သင်းသင်းတစ်ခု ရလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သော အချိန်တွင် ရှစ်ယဲ့၏ မြင့်မားသော ကိုယ်ခန္ဓာက သူ့အနားသို့ ကပ်လာပြီး သူ့ကို လွယ်လွယ်ကူကူ အလျားလိုက်ချီမ လိုက်သည်။


“အရှင့်သား…”

ဝမ်ချီလည်း သတိလက်လွတ် ဖြစ်သွားပြီး အော်လိုက်ကာ လက်နှစ်ဖက်ဖြင့် ရှစ်ယဲ့၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


ဝမ်ချီက ဤလှုပ်ရှားမှုများကို မသိစိတ်က ချောချောမွေ့မွေ့ လုပ်ဆောင်လိုက်ပြီးနောက် ယခင်က အကြိမ်ပေါင်းထောင်ချီ လုပ်ခဲ့ဖူးသကဲ့သို့ နေသားကျပြီး သဘာဝဆန်နေသည်ကို သတိထားမိသွားသည်။


ဒါပေမဲ့ အသေးစိတ် ပြောရမယ်ဆိုရင်…


သူက ရှစ်ယဲ့၏ ချီပိုးခြင်းကို အကြိမ်များစွာ ခံခဲ့ရပြီး ယခုအချိန်တွင် ရှစ်ယဲ့က သူ့ကို လွယ်လွယ်ကူကူ ချီပိုးနိုင်ရုံ သာမကဘဲ သူကိုယ်တိုင်လည်း ရှစ်ယဲ့ရင်ခွင်ထဲတွင် သင့်တော်သော နေရာကို ရှာကာ အေးဆေး အလိုက်သင့် လိုက်သွားနိုင်သည်။


ရှစ်ယဲ့က ညအချိန်တွင် လျင်မြန်စွာ ပျံသန်းနေပြီး ခန္ဓာကိုယ် တစ်ချက် ယိမ်းနွဲ့လိုက်သည်နှင့် တစ်နေရာမှ တခြားတစ်နေရာသို့ ခုန်ကူးသွားနိုင်သည်။


ထိုအချိန်တွင် အေးစက်သော လက်တစ်ဖက်က ဝမ်ချီ့ ဂုတ်ပိုးကို လာရောက်ထိတွေ့နေပြီး ဖိညှစ်နေသည်။


ဝမ်ချီက အသည်းယား သွားသောကြောင့် ပခုံးကို ကျုံ့လိုက်သည်။


ရှစ်ယဲ့က ဝမ်ချီ့ ဂုတ်ပိုးရှိ အသားများကို လိမ်ဆွဲလိုက်သည်။


ဝမ်ချီလည်း ဂုတ်ဆွဲခံလိုက်ရသော ကြောင်လေး တစ်ကောင်ကဲ့သို့ မလှုပ်ရဲတော့ပေ။


ရှစ်ယဲ့၏ အေးစက်သော အသံက လေတိုက်သံနှင့်အတူ ဝမ်ချီ့နားထဲသို့ ဝင်ရောက်လာသည်။

“ခေါင်းမော့ကြည့်…”


ဝမ်ချီက အနည်းငယ် ကြောက်ရွံ့နေပြီး အချိန်အတန်ကြာ တုံ့ဆိုင်းပြီနောက် ရှစ်ယဲ့၏ လက်မောင်းကြားမှ ချောင်းကြည့်လိုက်သည်။


သူက ရှစ်ယဲ့၏ မျက်နှာကို မော့ကြည့်လိုက်သော အချိန်တွင် ရှစ်ယဲ့ နှုတ်ခမ်းဖျားက အနည်းငယ် တင်းနေပြီး လေးနက်သော မျက်နှာ အမူအရာကို မြင်လိုက်ရသည်။


ရှစ်ယဲ့က ပြောသည်။

“မင်း အမြင့်ကြောက်တာကို အခုထိ မတွန်းလှန်နိုင်ရင် နောက်ပိုင်းကျ ဘယ်လိုလုပ်ပြီး  ကိုယ်ဖော့ပညာကို သင်နိုင်မှာလဲ…”


“ကျွန်တော် ဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါမယ်…”

ဝမ်ချီက မြေပြင်ပေါ်ရှိ မြင်ကွင်းကို အလျင်အမြန် ငုံ့ကြည့်လိုက်ပြီး ကြောက်လန့်သွားကာ ရှစ်ယဲ့ ရင်ခွင်ထဲသို့ ခေါင်းပြန်ဝှက်လိုက်ပြီး တုန်ယင်သော အသံဖြင့် ထပ်ပြောသည်။

“ကျွန်တော် တကယ်ကြောက်တယ်…”


ရှစ်ယဲ့က အရှိန်လျှော့လိုက်ပြီး မေးသည်။

“အခုရော ဘယ်လိုလဲ…”


ဝမ်ချီက အချိန်အတန်ကြာ ကြိုးစားပြီးနောက် ရှစ်ယဲ့ရင်ခွင်ထဲမှ ခေါင်းထွက်ကာ အောက်ကို ဂရုတစိုက်ငုံ့ကြည့်လိုက်သည်။


အောက်ရှိ မြင်ကွင်းမှာ တူညီသော်လည်း ရှစ်ယဲ့က ပျံသန်းနှုန်း အရှိန်လျှော့ထားသောကြောင့် ဝမ်ချီမှာ ယခင်ကကဲ့သို့ ခေါင်းမမူးတော့ချေ။


ဝမ်ချီက ရှစ်ယဲ့ရင်ဘက်ရှိ အင်္ကျီစကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အောက်သို့ ငုံ့ကြည့်ရင်း ပြောသည်။

“အခုတော့ နည်းနည်း အဆင်ပြေသွားပြီ…”


အောက်သို့ အချိန်အတန်ကြာ ငုံ့ကြည့်ပြီးနောက် သူ့ရင်ထဲရှိ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။


ထိုစကားကို ကြားပြီး ရှစ်ယဲ့က အရှိန် ထပ်လျှော့လိုက်သည်။


ဝမ်ချီက ဆက်တိုက် ငုံ့ကြည့်နေရင်း အနည်းငယ် ပျော်ရွှင်လာသည်။ သူ့မျက်လုံးထဲရှိ ကြောက်ရွံ့မှု အရိပ်ယောင်များက အံ့အားသင့်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ရှစ်ယဲ့ဘက်သို့ လှည့်ကာ ပြောသည်။

“ကိုယ်ဖော့ပညာက အရမ်းမိုက်တာပဲ… ပျံနေသလိုပဲ…”


ရှစ်ယဲ့က ဝမ်ချီ၏ တောက်ပသော မျက်လုံးများကို သတိထားမိသွားပြီး သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ရှစ်ယဲ့၏ ထိုအပြုံးကို ဝမ်ချီလည်း သတိမထားမိခဲ့ပေ။


“ကိုယ်ဖော့ပညာကို သင်ယူရတယ်ဆိုတာ မင်းထင်သလို မလွယ်ဘူး… စိတ်နှစ်သင်ကြားရပြီး အတွေ့အကြုံပေါ်မှာလည်း မူတည်တယ်… မြေပြင်ပေါ် ပြေးနေတဲ့သူတွေ လောက်တောင်မှ လျင်လျင်မြန်မြန် မပျံနိုင်ဘူးဆိုရင် မသင်တာ အကောင်းဆုံးပဲ…”


ဝမ်ချီက သေချာစဉ်းစားပြီးပြောသည်။

“မတူဘူးလေ…  လေပေါ်မှာ ပျံရတာက မြေပြင်ပေါ်မှာ ပြေးနေတာထက်စာရင် ပိုမိုက်တာပေါ့…”


(ဝမ်ချီသုံးလိုက်တဲ့ မိုက်တယ်ဆိုတဲ့ စကားက ခေတ်သစ် ဗန်းစကား တစ်ခုပါ)


ရှစ်ယဲ့က မျက်ခုံးတွန့်လိုက်ပြီး ပြန်မေးသည်။

“မိုက်တယ်ဆိုတာက ဘာလဲ…”



💮💮💮