Chapter 86
Viewers 11k

💮Chapter 86



ရှစ်ယဲ့က မျက်ခုံးတွန့်လိုက်ပြီး ပြန်မေးသည်။

“မိုက်တယ်ဆိုတာက ဘာလဲ…”



ဝမ်ချီလည်း စကားမှားပြောလိုက်သည်ကို သတိထားမိပြီး တုန်လှုပ်သွားကာ အလျင်အမြန် ချောင်းဟန့်လိုက်ပြီး ကိုယ့်စကားကိုယ် ပြန်ဖာထေးလိုက်သည်။

“ကျွန်တော် မှားပြောမိတာ နေမယ်… ပိုအဆင်ပြေတယ်လို့ ပြောချင်တာပါ… ခုနက လေအရမ်းတိုက်နေတော့ စကားလုံးသွားတာပါ ဗွေမယူပါနဲ့ အရှင့်သား…”


ကံကောင်းစွာဖြင့် ရှစ်ယဲ့က ဂရုမစိုက်ဘဲ တစ်ချက်ရယ်ပြီး ပြောသည်။

“ဟုတ်တာပေါ့… လေပေါ်မှာ အချီထားခံရတာ အရမ်းမိုက်တာပေါ့…”


(ရှစ်ယဲ့က ဝမ်ချီပြောသွားသည့် ဗန်းစကားကိုသုံးပြီး ပြန်ပြောလိုက်ခြင်း ဖြစ်သည်။)


ဝမ်ချီ : “…”

ဒီခွေးမင်းသားက ငါ့ကို လှောင်ပြောင်တဲ့ နေရာမှာဆို အကျွမ်းကျင်ဆုံးပဲ…


ရှစ်ယဲ့က အရှိန်လျှော့ပြီး ပျံသန်းနေခဲ့သောကြောင့် အိမ်တော်ဝင်းသို့ရောက်ရန် ကြာမြင့်စွာ အချိန်ယူလိုက်ရသည်။


အိမ်တော်ဝင်း အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်ရဲမက်များကို ဝမ်ချီ အဝေးမှ လှမ်းမြင်နေရသည်။ ထိုအစောင့်များက တင်းကြပ်စွာ လှည့်ပတ်စောင့်ကြပ်နေသည်။


ဝမ်ချီလည်း ကြောက်လန့်ရင်တုန်လာပြီး နောက်ပြန်ဆုတ်လိုသောဆန္ဒဖြင့် ပြောလာသည်။

“ထားလိုက်ပါတော့ ကျွန်တော် မသွားချင်တော့ဘူး… ပြန်ကြရအောင်…”


ရှစ်ယဲ့က စကားတစ်ခွန်းမျှ မပြောဘဲ အရှေ့သို့ ဆက်သွားသည်။


ဝမ်ချီက ရှစ်ယဲ့၏ အင်္ကျီစကို ဆွဲကိုင်ပြီး တောင်းဆိုသည်။

“ရှစ်ယဲ့ ပြန်ကြရအောင်… အရှေ့မှာ စောင့်ကြပ်နေတဲ့ အစောင့်တွေ အများကြီးပဲ… ကျွန်တော်တို့ကို တွေ့သွားမှာ အသေအချာပဲ…”


ရှစ်ယဲ့က ဝမ်ချီ့လက်မှ မရုန်းဘဲ အချိန်အတန်ကြာ ငြိမ်နေပြီး မတုန်မလှုပ် ပြောသည်။ 

“ရောက်တောင် ရောက်နေပြီပဲကို…”


ဝမ်ချီ : “…”


လတ်စသတ်တော့ “ရောက်တောင် ရောက်နေပြီ” ဆိုတဲ့ စကားက အခုလိုနေရာမှာလည်း သုံးလို့ရတာပဲလား…


အိမ်တော်ဝင်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ကာ ဝမ်ချီက ပို၍ စိတ်လှုပ်ရှားလာပြီး ရှစ်ယဲ့၏ အင်္ကျီစကို ကိုင်ဆွဲထားသော လက်များပင် တုန်နေ၏။ ရှစ်ယဲ့၏ သရုပ်မှန် ပေါ်သွားလျှင်ပင်မူ ရှစ်ယဲ့က အပြစ်ပေးခံရမည် မဟုတ်သော်လည်း ထိုအဖမ်းခံရမည့် မြင်ကွင်းကို ပုံဖော်လိုက်မိရုံနှင့် ဝမ်ချီက အလွန်အမင်း ရှက်ရွံ့လာသည်။


အိမ်တော်ဝင်းသို့ ရောက်သည်နှင့် ဝမ်ချီက မျက်စိ မှိတ်ထားလိုက်တော့သည်။


သူ မျက်စိပြန်ဖွင့်လိုက်သော အချိန်တွင် ရှစ်ယဲ့က ထိုအစောင့်များကို အေးဆေး ကျော်ဖြတ်လာကာ ခေါင်းမိုးပေါ်တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။


သူတို့ရှေ့တွင် သစ်ပင်များစွာ ရှိသောကြောင့် သူတို့ တည်ရှိမှုကို ဖုံးကွယ်ပေးထားသည်။


ရှစ်ယဲ့က ဝမ်ချီကို အောက်သို့ချပေးကာ လက်တစ်ဖက်ဖြင့် ခါးကို ထိန်းပေးထားသည်။


သူတို့ရပ်နေသော နေရာမှကြည့်လျှင် အောက်ဘက်ရှိ ဖွင့်ထားသော ပြတင်းပေါက်ထံမှ အခန်းထဲကိုရှင်းရှင်းလင်းလင်း မြင်နေရသည်။


ပြတင်းပေါက်နှင့် ကပ်လျက်တွင် လေးထောင့်ပုံစားပွဲရှိပြီး ထိုစားပွဲပေါ်တွင် ရှုပ်ပွနေသော ပန်းချီစာရွက်များ ရှိနေသည်။ သေချာကြည့်ပါက ၎င်းတို့မှာ မြေပုံစာရွက်များနှင့် တူသည်။


ထိုလေးထောင့်စားပွဲ ဘေးတွင် လူများစွာ ရပ်နေပြီး အသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ဆွေးနွေးနေပုံ ပေါ်သည်။


ဝမ်ချီက နားထောင်ကြည့်သော်လည်း သူတို့ မည်သည့်အရာ ဆွေးနွေးနေသည်ကို သေချာ မကြားရပေ။ သို့သော်လည်း ထိုလူများကြားရှိ ရာသီဥတု အခြေအနေမှာ မသာယာကြောင်း ဝေဝေဝါးဝါး ခံစားရသည်။ ဖြစ်နိုင်သည်က သူတို့ကြားတွင် မတူညီသော အမြင်များ ရှိနေပုံပေါ်သည်။


ဝမ်ချီက စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။

“သူတို့ ဘာကို ငြင်းခုံနေကြတာလဲ…”


အခန်းထဲရှိ တင်းမာနေသော လေထုနှင့် ယှဉ်ပါက ခေါင်းမိုးပေါ်တွင် ရပ်ကာ နားထောင်နေသော ရှစ်ယဲ့ပုံစံက ထိုကိစ္စများကို ဝင်စွက်ဖက်လိုစိတ် မရှိသော အပြင်လူ တစ်ယောက်ကဲ့သို့ အေးဆေးဖြစ်နေသည်။

“ပြန်ပေးဆွဲတဲ့ကိစ္စကို အဆုံးထိ သေချာ မကိုင်တွယ်ရသေးလို့ သူတို့ အလုပ်များနေကြတာ…”


ဝမ်ချီမျက်နှာပေါ်ရှိ ရှုပ်ထွေးမှုများက အံ့အားသင့်မှု အဖြစ် ပြောင်းလဲသွားကာ မေးသည်။

“ဒီလောက် အချိန်အကြာကြီး ရှိပြီကို အဲ့ပြန်ပေးဆွဲတဲ့သူ အကုန်လုံးကို မဖမ်းမိကြသေးဘူးလား…”


ထို့အပြင် ရှစ်ယဲ့ကိုယ်တိုင် သူ့လက်နှင့် ပြန်ပေးဆွဲသူ အများအပြားကို သုတ်သင်ခဲ့ပြီး ဖြစ်ရာ များစွာမကျန်သင့်တော့ပေ။


ရှစ်ယဲ့က ဖြေသည်။ 

“အဖွဲ့ခွဲတိုင်းက ပြန်ပေးဆွဲတဲ့သူတွေရဲ့ လက်ထဲမှာ ဓားစာခံတွေရှိတာမို့ ဓားစာခံတွေ အန္တရာယ်ကင်းဖို့လည်း လိုချင်ကြသလို ရာဇဝတ်ကောင်တွေကိုပါ အရှင်လတ်လတ် ဖမ်းချင်ကြတာ… ဒါပေမဲ့ ဘယ်လိုလုပ်ပြီး နှစ်ခုလုံး ဖြစ်နိုင်မှာလဲ…”


ဝမ်ချီလည်း တိတ်ဆိတ်သွားသည်။


သူ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်မှာ မထူးဆန်းပေ။ သို့သော်လည်း ရှစ်ကျင်းအစား ကျင်းကျိုးနှင့် ဝေးကွာသောနေရာတွင် ရှိနေသော ရှစ်ယဲ့က သူ့ကို လာကယ်ခြင်း ဖြစ်သည်။


ရှစ်ကျင်း၏ ကယ်ဆယ်ရေး အရှိန်အရဆိုလျှင် သူသာ ရှစ်ကျင်း လာကယ်မည်ကို စောင့်ဆိုင်းနေပါက သူ့ခန္ဓာကိုယ်မှာ အခုချိန်တွင် မြေမြုပ်ခံနေရလောက်မည်။


ဝမ်ချီက အနေရခက်စွာ ပြုံးပြီး ပြောသည်။

“မင်းသားရွှမ်က တကယ် စေ့စပ်တာပဲ…”


ရှစ်ယဲ့က ခြောက်ကပ်ကပ် ရယ်ပြီး တုံ့ပြန်သည်။

“သူက အမှိုက်စ သာသာပဲ…”


ဝမ်ချီ : “…”


ထိုအဆဲစကားကို ခွေးမင်းသား ပြောခြင်းဖြစ်သည်။ သူနှင့် နည်းနည်းမျှ မသက်ဆိုင်ပေ။


ရှစ်ယဲ့က ရှစ်ကျင်းအပေါ်ထားသည့် သူ့အမြင်ကို မဖုံးကွယ်ဘဲ ပေါ်တင် ရှုံ့ချ ပြောဆိုနေသည်။

“မင်းကြီးက ရှစ်ကျင်း ဆုံးဖြတ်ချက် မပြတ်သားတာ သိလို့ သူ့ဘေးမှာ လင်းကျယ်ကို ထားပေးထားတာ… လင်းကျယ်က စိတ်မြန်ပြီး ဒေါသထွက်လွယ်လို့ ရှစ်ကျင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ အကိုက်ပဲ… ခက်တာက…”


ရှစ်ယဲ့က ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာကာ ဆက်ပြောသည်။


“ရွှံ့စေးနဲ့ နံရံကို ဘယ်လိုလုပ်ပြီး ထိန်းထားနိုင်မှာလဲ… ရှစ်ကျင်းနဲ့လင်းကျယ်က အပြန်အလှန် အားအင် မဖြည့်ပေးနိုင်ရင် လင်းကျယ်ရဲ့ စွမ်းရည်ကိုပါ နိမ့်ကျသွားစေမှာ…”

(တခြားသူတွေ ဘယ်လိုပဲ ကူညီပါစေ ကိုယ်ပိုင်အစွမ်းအစ မရှိတော့ အလကားပဲ ဆိုတဲ့ အဓိပ္ပာယ်ပါ)


ဝမ်ချီ ဤဝတ္ထုကို ဖတ်ခဲ့စဉ်တည်းက ထိုခွေးမင်းသားက ဇာတ်လိုက် Gongဖြစ်သူ ရှစ်ကျင်းအပေါ် အထင်သေးနေကြောင်းကို သိခဲ့သည်။


ဇာတ်လိုက်ကို မည်သို့ပင် တိုက်ခိုက်စေကာမူ ဇာတ်လိုက်ဟူသော အရှိန်အဝါကြောင့် အစပိုင်းတွင် ကျရှုံးသူ ဖြစ်လင့်ကစား အဆုံးသတ်တွင် ဇာတ်လိုက်ကိုယ်တိုင်၏ ကြိုးပမ်းမှုနှင့် စာရေးသူ၏ ပံ့ပိုးကူညီမှုများကြားတွင် တန်ပြန်တိုက်ခိုက်နိုင်သည်။ 


ထိုကြောင့် ဝမ်ချီက ဝတ္ထု၏ ဇာတ်လိုက်ဖြစ်သော Gongနှင့် Shouကို အပြစ်မပြုရဲပေ။


သူက ရှစ်ယဲ့၏ အင်္ကျီစကို ဆွဲကိုင်ပြီး တောင်းဆိုသည်။

“ရှစ်ယဲ့… ကျွန်တော် အိမ်ပြန်ချင်တယ်…”


ရှစ်ယဲ့က ပြောသည်။

“ဒီအကြောင်းကို မေ့လိုက်… ငါတို့ အချိန်ကုန်ခံဖို့ မတန်ဘူး…”


ဝမ်ချီ : “…”

ထားလိုက်ပါတော့ သူ့ဘာသာ ဆဲပါစေ…


ဇာတ်လိုက်ကို မဆဲသော ဗီလိန်က ဗီလိန်ကောင်း မပီသပေ။


အလာခရီးထက် အပြန်ခရီးက အရှိန်ပိုမြန်ပြီး ရှစ်ယဲ့က ဝမ်ချီကို လက်မောင်းကြားတွင် ချီကာ မိနစ်၃၀အတွင်း အိမ်သို့ ပြန်ရောက်သွားသည်။


ကျောကျစ်က တံခါးအပြင်တွင် ရပ်စောင့်နေပြီး စိတ်လောနေပုံ ပေါ်သည်။ သူမက ရှစ်ယဲ့နှင့် ဝမ်ချီကို မြင်သော အချိန်တွင် အလျင်အမြန် လျှောက်လာသည်။

“အရှင့်သား…”


ကျောကျစ်က ရှစ်ယဲ့ကိုယ်ပေါ်မှ ဆင်းလာသော ဝမ်ချီကို ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောသည်။

“ဒီနေရာမှာ ကိစ္စတစ်ခု ဖြစ်သွားပါတယ် အရှင့်သား…”


ရှစ်ယဲ့က ကျောကျစ်၏ စိတ်လောနေမှုကို မသိကျိုးကျွန်ပြုကာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ သူက ဝမ်ချီ့ နောက်ကျောကို ဖြည်းဖြည်း ပုတ်လိုက်ပြီး ဝမ်ချီ့ကို အခန်းထဲသို့ ဝင်စေသည်။ ထို့နောက် ကျောကျစ်နှင့်အတူ လှေကားထောင့်တွင် ပျောက်ကွယ်သွားကာ အောက်သို့ ဆင်းသွားသည်။


ဝမ်ချီက အခန်းထဲကို ပြန်လိုက်ပြီး တံခါးပိတ်လိုက်သည်။


သူက ဆံပင်များကို ဖွလိုက်ပြီး ကျောကျစ်၏ စိုးရိမ်နေသော အမူအရာကို ပြန်မြင်ယောင်သွားကာ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားကြောင်းကို ရုတ်တရက် သိချင်သွားတော့သည်။


သိချင်သော်လည်း မမေးရဲပေ။


ဝမ်ချီလည်း ဥာဏ်ကောင်းသောသူ ဖြစ်ပြီး ထိုစူးစမ်းလိုစိတ်က ကောင်းသောရလဒ် ရှိမလာနိုင်ကြောင်း သိသောကြောင့် ဆက်ပြီး စဉ်းစားမနေတော့ဘဲ စားပွဲဘေးတွင် ထိုင်ကာ ခဏအနားယူလိုက်သည်။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။


“လာပြီ…” 

ဝမ်ချီက ရှစ်ယဲ့ ပြန်ရောက်လာသည်ဟု ထင်ပြီး ခြေလှမ်းများပင် ပေါ့ပါးသွက်လက်နေတော့သည်။


သို့သော်လည်း သူ တံခါးဖွင့်လိုက်သော အချိန်တွင် အပြင်ဘက်၌ အစေခံအချို့ ရေစည်ကို သယ်ထားပြီး  ရပ်နေသည်ကို တွေ့လိုက်ရသည်။


ဝမ်ချီက ခဏတာ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်ပျက်သွားသော်လည်း ခံစားချက်ကို လျင်မြန်စွာ ပြန်ဖုံးကွယ်လိုက်သည်။


ထို့နောက် လမ်းဖယ်ပေးလိုက်ပြီး အစေခံများကို အထဲသို့ ဝင်စေကာ သယ်ဆောင်လာသော ရေစည်ကို အခန်းထဲတွင် ထားခိုင်းလိုက်သည်။


အစေခံများ ပြန်ထွက်သွားသည့် အချိန်တွင် ဝမ်ချီက အဝတ်များကို ချွတ်ကာ ရေစိမ်လိုက်သည်။


ထိုအစေခံများက ပြည့်ပြည့်စုံစုံ ပြင်ဆင်ပေးထားသည်ဟု ပြော၍ရသည်။ ရေသုတ်ပုဝါအပြင် ရေချိုးရာတွင် သုံးသည့် နှင်းဆီပွင့်ဖက်များကိုပါ ရေဇလားဘေးရှိ သစ်သားစင်တွင် သပ်သပ်ရပ်ရပ် တင်ထားသည်။


သို့သော်လည်း ဝမ်ချီက ထိုပစ္စည်းများကို စိတ်မဝင်စားပေ။ ဝမ်ချီက ရေဇလားထဲတွင် ထိုင်ကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး သူ့ရှေ့တည့်တည့်တွင် ရှိသော ဗီဒိုကို စိုက်ကြည့်နေသည်။ ထိုသစ်သားသေတ္တာဘူးလေးက ဗီဒိုရှိ ပထမအကန့်ထဲတွင် ရှိသည်။


ဝမ်ချီက ရှစ်ယဲ့၏ ကိုယ်ခံပညာ စစ်ဆေးမှုအကြောင်းကို ရုတ်တရက် သတိရသွားသည်။


စစ်ဆေးမှုရလဒ် မည်သို့ရှိသည်ကို သူမသိပေ။


ဝမ်ချီက ကိုယ့်အကြောင်းကိုယ် သေချာသိသောသူ ဖြစ်သောကြောင့် ယနေ့ည သူ့၏ စွမ်းဆောင်ရည်က ရှစ်ယဲ့၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လောက်မည်ဟု မထင်ပေ။


ရေများ ပူသထက် ပူလာသည်ကို ဝမ်ချီက ခံစားလိုက်ရပြီး ရေနွေးငွေ့များက သူ့ကို ပို၍ စိတ်ရှုပ်ထွေးစေသည်။


ဝမ်ချီက အကြောင်းအရာမျိုးစုံကို တွေးတောနေခဲ့ပြီး  အဆုံးသတ်တွင်မူ သူ မည်သည့်ကိစ္စကို တွေးနေကြောင်း သေချာ မသိတော့ပေ။


သူ အမှန်တကယ်ကို စိတ်ရှုပ်ထွေးနေကြောင်း ခံစားလိုက်ရသည်။


ထိုသို့မဟုတ်ပါက မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ ရေစည်ထဲမှ ထလာပြီး ဗီဒိုအရှေ့သို့ သွားခဲ့မည်မဟုတ်ပေ။


ရှစ်ယဲ့ရဲ့ စစ်ဆေးမှုကို မအောင်မြင်မှတော့ အပါးဆုံး ကျောက်စိမ်းချောင်းနဲ့ အရင်စမ်းကြည့်တာပေါ့…



💮💮💮