Chapter 151
Viewers 32k

🌍Chapter 151




ကြက်ဆင်ကြီးက ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ခန္ဓာကိုယ်လေးလံမှုမရှိချေ။ သူ ကြည့်ရသည်မှာ ပေါက်ကွဲတော့မည်ဗုံးတစ်လုံးနှင့် တူပေသည်။ ကြက်ဆင်ကြီး အော်ဟစ်ကာဖူ၀မ်သော်ထံသို့ ပြေးသွားလိုက်သည်။ 


ဖူ၀မ်သော် ထိုတိုက်ခိုက်မှုကို ရှောင်လိုက်ပြီး ကြက်ဆင်ကြီးကို စင်နှစ်စင်ကြား ချောင်ပိတ်လိုက်၏။ တလိပ်လိပ်တက်နေသည့် ယမ်းငွေ့များကြားတွင် ကြက်ဆင်ကြီးခေါင်းလှည့်ကာ ထပ်မံတိုက်ခိုက်ပြန်သည်။


ထန်မော့နှင့်ဖူ၀မ်သော်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လမ်းကြောင်းနှစ်ခု ခွဲလိုက်ကာ ကြက်ဆင်ကြီးကို တိုက်ခိုက်လိုက်သည်။


ထီးလေး ဖွင့်ကာ ကြက်ဆင်ကြီး၏ခြေသည်းများကို ပိတ်ဆို့လိုက်သည်။ ဖူ၀မ်သော်ဓားမြှောင်ကို ကိုင်ကာ သာမာန်မျက်လုံးဖြင့် မြင်နိုင်ရန်ပင် ခက်ခဲသည့် အရှိန်ဖြင့် ကြက်ဆင်ကြီးကို ထိုးလိုက်သည်။ 


ကြက်ဆင်ကြီးက ဓားမြှောင်၏စွမ်းအားကို သိပြီးဖြစ်သည့်အတွက် ခြေသည်းဖြင့် ဓားမြှောင်ကို ဖမ်းဆုပ်လိုက်၏။


ကြက်ဆင်ကြီး၏အနီရောင်ခြေသည်းနှင့် အနက်ရောင်ဓားမြှောင်တို့ တိုက်မိပြီး မီးပွားများ ထွက်လာလေသည်။


“ကတော်…”


ကြက်ဆင်ကြီး ဒေါသတကြီး တောင်ပံခတ်သဖြင့် ‌ထန်မော့ ခြေလှမ်းသုံးလှမ်း ဆုတ်သွားရသည်။ ကြက်ဆင်ကြီးက ထန်မော့ကို ဖယ်ရှားပြီးနောက် ဖူ၀မ်သော်ကို တိုက်ခိုက်လိုက်သည်။ ဖူ၀မ်သော် ကြောင်အသွားသော်လည်း ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။


မှိန်ဖျဖျ စူပါမားကတ်ထဲတွင် လူနှစ်ယောက်နှင့်ကြက်ဆင်တစ်ကောင် ငါးမီတာစီခြားကာ နှစ်နားညီတြိဂံသဏ္ဍာန် ရပ်နေလေသည်။ 


ကြက်‌ဆင်ကြီး၏ အုံ့မှိုင်းသောအကြည့်က ထန်မော့နှင့် ဖူ၀မ်သော်ပေါ် ရောက်လာ၏။


နောက်တစ်စက္ကန့်တွင် သုံးယောက်သား တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။


ဘန်း…ဘန်း…ဘန်း…,


ထန်မော့နှင့်ဖူ၀မ်သော်တို့ ကြက်ဆင်ကြီးကို တိုက်ခိုက်နေချိန်တွင် ရှောင်ကျီထုံးနှင့်ကောင်‌လေးတို့ ဆံပင်တိုမိန်းကလေးဆီ သွားလိုက်သည်။ ရှောင်ကျီထုံး ပြောလိုက်၏။


“မင်း လုံခြုံတဲ့နေရာရှာပြီး ဘနားနားဝိုင်ကို ပြင်ဆင်လိုက်…”


ကောင်လေး ခေါင်းငြိမ့်လိုက်သည်။


ထန်မော့နှင့်ဖူ၀မ်သော်တို့ ကြက်ဆင်ကြီးကို တိုက်ခိုက်နေချိန်တွင် ရှောင်ကျီထုံးနှင့်ဆံပင်တိုမိန်းကလေးတို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။ သူတို့ ပထမထပ်ရှိမန်နေဂျာရုံးခန်းသို့ ဦးတည်သွားလိုက်သည်။  ရှောင်ချောင်း အခန်းထဲသို့ ၀င်လိုက်သည်နှင့် ချက်ချင်း တံခါးသော့ပိတ်လိုက်သည်။ ထို့နောက် စူပါမားကတ်တွင် ရောင်းသည့် ငှက်ပျောနို့နှင့် ဆင်တူသောအဝါရောင်သောက်စရာဘူးလေး အိတ်ကပ်ထဲမှ ထုတ်လိုက်လေသည်။ အဝါရောင်ဘူးလေးပေါ်တွင် စာလုံးကြီးကြီးဖြင့် ရေးထားသည့် သွေးရောင် စာလုံးရှိ၏။


[ဘနားနားဝိုင်…]


အောက်တွင် ကွေးကောက်‌သောစာလုံးသေးများ ရှိ‌နေပေသည်။ 


မြေအောက်နိုင်ငံသားများ၏အကြိုက်ဆုံးဝိုင်။ နှစ်စဉ်ရောင်းချမှုက ၁၀၀ပေါင်နှင့်ညီမျှသောဝိုင်။


ရှောင်ကျီထုံး ဘနားနားဝိုင်ဘူးကို ယူကာ ပိုက်တပ်ပေးလိုက်ပြီး မိန်းကလေးပါးစပ်ထဲထည့်ပေးလိုက်သည်။ ထိုအချိန်တွင် ဆံပင်တိုမိန်းကလေး၏အ‌ဖော် တိတ်တဆိတ် ၀င်လာလေသည်။ သူ ကြက်ဆင်ကြီးနား မကပ်ရဲသဖြင့် ‌ဆံပင်တိုမိန်းကလေးအား ကြက်ဆင်ကြီး တိုက်ခိုက်နေသည်ကို ကြည့်နေခဲ့ရသည်။ ဆံပင်ရှည်မိန်းကလေး သူ့အဖော်၏အခြေအနေကို မြင်သောအခါ မျက်ရည်များစီးကျလာကာ သူ့အဖော်ကို ကိုင်၍ ရှိုက်ငိုလိုက်သည်။


ဘူးထဲမှဘနားနားဝိုင်များ လျော့သွားသောအခါ ဆံပင်တိုမိန်းကလေး၏မျက်နှာ တဖြည်းဖြည်း သွေးရောင်သန်းလာလေသည်။


ရုံးခန်းအပြင်၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလေသည်။ ကြက်ဆင်ကြီး၏အရှိန်က ပိုပိုမြန်လာ၏။ သူ့၏ခွန်အားကလည်း ယခင် လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းထက် ပိုတိုးလာပေသည်။ သူ့ခြေသည်းများဖြင့် ထန်မော့ကို တိုက်ခိုက်လိုက်ရာ ထန်မော့ဘေးသို့ ရှောင်လိုက်၏။ ထိုအခါ ခြေသည်းက နံရံကို ခြစ်မိသွားပြီး အတွင်းမှ စတီးချောင်းများပင် ပေါ်လာလေသည်။


ကြက်ဆင်ကြီး၏အရေပြားက မာကျောသဖြင့် ထီးလေး မထိုးဖောက်နိုင်ပေ။ ဖူ၀မ်သော်၏တိုက်ခိုက်မှုကသာ သေစေနိုင်လောက်သည့် ဒဏ်ရာပေးနိုင်ပေသည်။


 သို့သော် ယခင်တစ်ခေါက်တိုက်ပွဲကြောင့် ကြက်ဆင်ကြီးက ဖူ၀မ်သော်၏ဓားမြှောင်ကို သတိထားနေကာ တိုက်ခိုက်ရန် အခွင့်အရေးမပေးပေ။ သူတို့ထဲတွင် ထန်မော့က အပျော့ညံ့ဆုံးဖြစ်ကြောင်း သတိထားမိသဖြင့် ထန်မော့ ကိုသာ အဆက်မပြတ် တိုက်ခိုက်၍ ဖူ၀မ်သော်ကို သူ့နောက်လိုက်ရန် တွန်းအားပေးနေပေသည်။ လူနှစ်ယောက်နှင့် ကြက်ဆင်တစ်ကောင် စူပါမားကတ်နေရာအနှံ့တိုက်ခိုက်နေပေသည်။


ဖူ၀မ်သော်၏ကျည်ဆံအားလုံး ကြက်ဆင်ကြီးအပေါ် အသုံးပြုပြီးဖြစ်သည်။ ကြက်ဆင်ကြီးက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဖူ၀မ်သော်ကို တိုက်ခိုက်လိုက်သည်။ 


ချွန်ထက်သည့်ခြေသည်းများဖြင့် ‌ဖူ၀မ်သော်ခေါင်းကို တိုက်ခိုက်လိုက်၏။ ဖူ၀မ်သော် ကြမ်းပြင်ပေါ် လှိမ့်ရှောင်လိုက်၏။ သို့သော် ကြက်ဆင်ကြီး ရုတ်တရက် ထန်မော့ကို ထတိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ‌ထင်ထားမည် မဟုတ်ချေ။


ထန်မော့ ဖူ၀မ်သော်ကိုကယ်ရန် လုပ်‌နေစဉ် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားပေသည်။ ထန်မော့ ထီးကို ‌ကြောက်လန့်တကြား ဖွင့်လိုက်သည်။ သို့သော် ကြက်ဆင်ကြီးက သူ့ထက် ပိုမြန်ပေသည်။ ချွန်ထက်သည့် ခြေသည်းက ထန်မော့ရင်ဘတ်ကို ဖောက်၀င်တော့မည်ဖြစ်သည်။ငွေရောင်အလင်းတန်းတစ်ခု ထန်မော့ မျက်နှာတွင် လက်‌သွားလေသည်။ ကြက်ဆင်ကြီး ချက်ချင်း ရပ်လိုက်ပြီး မြှားကိုရှောင်ကာ နောက်လှည့်ကြည့်လိုက်သည်။


စက်လှေကားထိပ်တွင် အနက်ရောင်၀တ်စုံနှင့်အမျိုးသမီးတစ်ယောက် ရပ်နေကာ ကြက်ဆင်ကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။ နင်နင်း ငွေရောင်လေးကို ကိုင်ထား၏။ ထိုမှပစ်လွှတ်လိုက်သည့် မြှားမှာ ကြက်ဆင်ကြီး ရှောင်လိုက်သည့်မြှားဖြစ်သည်။ ထန်မော့ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဖူ၀မ်သော်ဆီ ပြေးသွားလိုက်၏။


ကြက်ဆင်ကြီး စူးရှစွာ အော်လိုက်ပြီး သေးငယ်သည့်မျက်လုံးများဖြင့် ကစားသမားသုံးယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် တွန်ကျူးလိုက်ပြီး တစ်ယောက်တည်းရှိနေသည့်နင်နင်းထံ ပြေးသွားလိုက်သည်။ 


နင်နင်း လေးကို မြှောက်ကာ လေးကြိုးကို ဆွဲလိုက်သည်။ နောက်တစ်စက္ကန့်တွင်မီးတောက်နေသည့်ငွေရောင်အလင်းတန်းများ ကြက်ဆင်ကြီးဆီသို့ အမြန်ပျံသန်းသွားလေသည်။ ကြက်ဆင်ကြီး ထိုမြှားများကို ရှောင်ကာ ဒုတိယထပ်သို့ တဟုန်ထိုး ပြေးတက်သွားလိုက်သည်။


ထန်မော့နှင့် ဖူ၀မ်သော် ကြက်ဆင်ကြီးနောက်လိုက်ကာ အပေါ်ထပ်သို့ တက်သွားလိုက်၏။ 


အနက်ရောင်မျှော်စင်ကြီး၏သာယာကြည်နူးဖွယ်ကောင်းသော အချိန်ရေတွက်သံက စူပါမားကတ်ထဲတွင် ထွက်ပေါ်နေဆဲဖြစ်ပေသည်။ ပထမထပ်တွင် သေလောက်‌အောင် တိတ်ဆိတ်နေသော်လည်း ဒုတိယထပ်တွင်မူ အစွမ်းထက်သောကစားသမားသုံးယောက် ကြက်ဆင်ကြီးနှင့် တိုက်ခိုက်နေကြပေသည်။


အပြာရောင်ရေစက်မရှိသဖြင့် ရှောင်ချောင်း၏လက်နက်များက ကြက်ဆင်ကြီးကို နှောင့်နှေးစေရုံသာ တတ်နိုင်ပြီး ဒဏ်ရာမပေးနိုင်ပေ။


ထန်မော့တို့ အဖွဲ့ ပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။ ကြက်ဆင်ကြီး သူတို့ကို မထိခိုက်နိုင်သလို သူတို့လည်း ကြက်ဆင်ကြီးကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။


ဖူ၀မ်သော် အော်လိုက်သည်။


“ဂရုစိုက်…”


ကြက်ဆင်ကြီး ခြေသည်းများဖြင့် တိုက်ခိုက်လိုက်သည်။


ထန်မော့ အမြန်ရှောင်လိုက်သော်လည်း ကြက်ဆင်ကြီးက ပိုမြန်သဖြင့် ပါးပြင်တွင် ခြစ်ရာထင်သွားပေသည်။ သွေးများ ဖြည်းညှင်းစွာ စီးကျလာ၏။


ထန်မော့ ကြမ်းပြင်ကို လက်ထောက်အားပြုကာ ပါးပြင်ပေါ်မှ သွေးများကို သုတ်လိုက်သည်။ သူ ဖူ၀မ်သော်နှင့် နင်နင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သုံးယောက်သား ခေါင်းငြိမ့်လိုက်ကြ၏။ မည်သူမှ စကားမပြောသော်လည်း အချင်းချင်း နားလည်ပေသည်။


သူတို့အရှိန် လျော့ကျသွားသည်။


သူတို့၏ဆာလောင်မှုက မပြင်းထန်သည့်အတွက် ထန်မော့ ယင်းကို အာရုံမစိုက်ခဲ့သော်လည်း ဆာလောင်မှုမှာ ပျောက်မသွားခဲ့ပေ။ သူတို့ ကြက်ဆင်ကြီးကို တိုက်ခိုက်နေစဉ် ဆာလောင်မှုမှာ တဖြည်းဖြည်းတိုးလာလေသည်။ တိုးလာရင်းပင် သူတို့ အရှိန်နှင့်ခွန်အား တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ မဟုတ်လျှင် သူ ကြက်ဆင်ကြီး၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။


ထန်မော့ အမြန် ပြောလိုက်သည်။


“လူကို ကယ်ပြီးပြီ…ပြန်ဆုတ်ကြ…”


“အိုကေ…”


သုံးယောက်သား ချက်ချင်း လူစုခွဲ ထွက်ပြေးကြပေသည်။


စူပါမားကတ်ထဲတွင် အနက်ရောင်မျှော်စင်၏ အချိန်ရေတွက်သံ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။


“…၆၀…၅၉…၅၈…”


အချိန်တစ်မိနစ်ကျန်သေးသည်။ ထန်မော့နှင့် ဖူ၀မ်သော် စူပါမားကတ်အောက်ထပ်သို့ပြေးဆင်းလိုက်ကြ၏။ ထန်မော့က အနောက်ဘက်သို့ ပြေးကာ ဖူ၀မ်သော် အရှေ့ဘက်သို့ပြေးလေသည်။


 ကြက်ဆင်ကြီးက ထန်မော့ကို ကြည့်လိုက်ပြီး ဖူ၀မ်သော်နောက် ပြေးလိုက်လိုက်၏။ ထန်မော့ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အံကြတ်လိုက်ပြီး ဖူဝမ်သော်ကို ကူညီရန် ပြေးသွားလိုက်သည်။ ကြက်ဆင်ကြီး ဖူ၀မ်သော်နောက် ‌လိုက်ကာ ထန်မော့ကမူ ကြက်ဆင်ကြီးနောက် လိုက်လေသည်။ 


လူနှစ်ယောက်နှင့် ကြက်ဆင်တစ်ကောင် စူပါမားကတ်ထဲတွင် ပြေးလွှားနေကြ၏။


၁၀စက္ကန့်သာ ကျန်တော့လေသည်။  ကြက်ဆင်ကြီး ဖူ၀မ်သော်နောက် လိုက်ဖမ်းနေဆဲဖြစ်လေသည်။ ကြက်ဆင်ကြီး ဖူ၀မ်သော်ကို စင်နှင့်သူ့ကြား ချောင်ပိတ်ဖမ်းလိုက်သည်။ ထို့နောက် ဖူ၀မ်သော်ကို တိုက်ခိုက်ရန် လုပ်စဉ် ပန်းရောင်ထီးလေး သူ့ရှေ့တွင် ပေါ်လာလေသည်။


ထန်မော့ အော်လိုက်သည်။


“ဖူ၀မ်သော်…”


ဖူ၀မ်သော် ထန်မော့ ဆိုလိုရင်းကို နားလည်ပေသည်။


 ထန်မော့ ကြက်ဆင်ကြီးနောက်ကာ ထီးဖြင့် ကြက်ဆင်ကြီးကို ချောင်ပိတ်ထားလိုက်သည်။ ဖူ၀မ်သော် ထွက်ပြေးမည့်အစား တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။


အနက်ရောင်ဓားမြှောင်က ကြက်ဆင်ကြီး၏‌တောင်ပံကို တို့ဟူးသဖွယ် ပိုင်းဖြတ်လိုက်၏။


ကြက်ဆင်ကြီး၏ဒေါသတကြီး အော်ဟစ်သံ စူပါမားကတ်ထဲ၌ ပျံ့နှံ့သွားစဉ်တွင် အနက်ရောင်မျှော်စင်ကြီး၏အချိန်ရေတွက်သံ ပြီးဆုံးသွား၏။


“...၁….၀”


“တင်းတောင်…လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်း ပြီးဆုံးသွားပါပြီ…”


ကြက်ဆင်ကြီး၏အော်ဟစ်သံက ထန်မော့နှင့်ဖူ၀မ်သော်၏နားထဲတွင် ပဲ့တင်ထပ်နေပေသည်။ သို့သော် အနက်ရောင်မျှော်စင်ကြီး၏စကားသံ ပြီးဆုံးသွားသည်နှင့် ကြက်ဆင်ကြီး၏အော်ဟစ်သံ ရပ်တန့်သွားပေသည်။


ကြက်ဆင်ကြီး၏ညာဘက်‌တောင်ပံက ပြတ်တောက်သွားပြီး အရေပြားကြောင့်သာ ခန္ဓာကိုယ်နှင့် တွဲစပ်နေခြင်းဖြစ်ပေသည်။


ထန်မော့ ထီးကို သိမ်းလိုက်သည်။ ကြက်ဆင်ကြီးက သွေးရောင်မျက်လုံးများဖြင့် ဖူ၀မ်သော်အား စိုက်ကြည့်နေ၏။


တဖြည်းဖြည်းနှင့် ကြက်ဆင်ကြီးမျက်လုံးများ မည်းနက်လာပေသည်။ ကြက်ဆင်ကြီးခေါင်းခပ်တောင့်တောင့်လှည့်ကာ အသားဧရိယာသို့ သွားလိုက်ပြီး ကြမ်းပြင်ပေါ် လှဲအိပ်လိုက်သည်။


ဤအချိန်တွင် လင်းယုန် ကြက်ပေါက်လိုက်ဖမ်းခြင်းဂိမ်း တရား၀င်ပြီးဆုံးသွားပြီဖြစ်သည်။


ဂိမ်းပြီးဆုံးပြီးနောက် ထန်မော့စိတ်သက်သာရာရသွား၏။ 


ကြက်ဆင်ကြီးနှင့် တိုက်ခိုက်ရသည့်အခါ သူ့၏အန်ဒရီနယ်များ ထက်သန်နေသဖြင့် နာကျင်မှုတစ်စုံတစ်ရာကို မခံစားရပေ။ ယခု အားလုံး ပြီးဆုံးသွားသည့်အခါ လက်မောင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရပေသည်။ ထန်မော့ အင်္ကျီလက်လိမ့်တင်ကြည့်လိုက်ရာ လက်ကောက်၀တ်မှ တံတောင်ဆစ်ထိ နက်ရှိုင်းသည့် ခြစ်ရာရှိ‌နေပြီး အရိုးပင် ပေါ်နေလေသည်။


ဖူ၀မ်သော်လည်း ဒဏ်ရာအချို့ ရရှိခဲ့ပေသည်။ သူ့ပေါင်ရိုး ကျိုးသွားလေသည်။ သူ ပြေးလွှားနေစဉ် ယင်းကို မခံစားမိခဲ့ပေ။ ဖူ၀မ်သော် ထန်မော့ဘေးတွင် ရပ်လိုက်ပြီး ထန်မော့လက်ကို ငုံ့ကြည့်လိုက်သည်။


“ဘယ်လိုလဲ…”


ထန်မော့ ဒဏ်ရာပိုမဆိုးသွားစေရန် အင်္ကျီလက် ခေါက်တင်လိုက်ပြီး ခေါင်းခါလိုက်သည်။


“ဘာမှမဖြစ်ပါဘူး…ထီးနဲ့ကာခဲ့ပေမဲ့ နည်းနည်းထိသွားတာ…ခင်ဗျားရော…”


“ဘာမှမဖြစ်ဘူး…တစ်နာရီလောက်ကြာရင် ပုံမှန်ပြန်လမ်းလျှောက်နိုင်ပြီ…”


လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းပြီးသည်နှင့် ကြက်ဆင်ကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေသည်။ ဒုတိယထပ်တွင် ပုန်းအောင်းနေသည့် နင်နင်းနှင့် ရုံးခန်းထဲတွင် ပုန်းအောင်းနေသည့် ရှောင်ကျီထုံးတို့လေးယောက် ထွက်လာကြသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကြက်ဆင်ကြီးကို မြင်သောအခါ ဆံပင်ရှည်မိန်းကလေး ဒေါသထွက်လာပြီး ကန်ချင်လာသော်လည်း သူ့‌အ‌ဖော်က တားလိုက်သည်။


ဘနားနား၀ိုင်‌ကြောင့် ဆံပင်တိုမိန်းကလေး၏အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပေပြီ။ ယခင်က သေလုမျောပါးအခြေအနေတွင် ရှိခဲ့သော်လည်း ယခုမူ အနည်းငယ် ဖြူဖျော့နေရုံသာဖြစ်သည်။


သူ ကြက်ဆင်ကြီးကို မုန်းလှသည်။ သူ ကြက်ဆင်ကြီးကို အပိုင်းပိုင်းဖြတ်ပစ်ချင်သော်လည်း အသုံးမ၀င်ကြောင်း သိ၏။


ဆံပင်တိုမိန်းကလေး အသက်ပြင်းပြင်းရှူလိုက်ပြီး ထန်မော့နှင့်ဖူ၀မ်သော်ကို ကြည့်ကာ ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ်…”


ထန်မော့ မျက်ခုံးပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


“သူတို့က မင်းကို ကယ်ခဲ့တဲ့လူတွေပဲ…”


သူ ရှောင်ကျီထုံးနှင့် ရှောင်ချောင်းကို တစ်ချက် ကြည့်လိုက်သည်။


ဆံပင်တိုမိန်းကလေး၏မျက်လုံးများက ပြတ်သားနေပေသည်။


“ဒါပေမဲ့ ရှင်တို့က အချိန်ဆွဲထားပေးလို့သာ ခေါင်းဆောင်နဲ့ရှောင်ချောင်း ကျွန်မကို ကယ်နိုင်ခဲ့တာ…ကျွန်မ ခေါင်းဆောင်ရှောင်ဆီကကြားခဲ့ရတယ်…ရှင့်ကို ကျေးဇူးတင်ပါတယ်…”


မိန်းကလေးက ထန်မော့ကို ပြန်ချေပခွင့်မပေးပေ။ သူ ရှောင်ကျီထုံးကို ကြည့်လိုက်၏။


ကြက်ဆင်ကြီးက အိပ်ပျော်နေသော်လည်း ကစားသမားခုနစ်ယောက် အလွန်ကြည့်မကောင်းပေ။ ထန်မော့နှင့်ဖူ၀မ်သော်တို့ ဒဏ်ရာရနေသည်ကို မြင်သောအခါ ရှောင်ကျီထုံး တွင်းထွက်ရေသန့် နောက်တစ်ပုလင်းကို ထုတ်လိုက်သည်။ 


သူ နင်နင်းကို ဦးစွာ ပေးပြီးနောက် ဖူ၀မ်သော်ကို ပေးလိုက်လေသည်။ ဖူ၀မ်သော် ယဉ်ကျေးမနေဘဲ တွင်းထွက်ရေသန့်ကို ယူကာ သူ့ကိုယ်သူ ကုသလိုက်ပြီးနောက် ထန်မော့ကို ပေးလိုက်ပေသည်။


သူတို့၏ခန္ဓာကိုယ်က တစ်နာရီအတွင်း ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း ဒဏ်ရာများကမူ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာမည်မဟုတ်ချေ။ ဂိမ်းကူပစ္စည်းဖြင့် ပြန်လည်ကုသလိုက်ခြင်းကအကောင်းဆုံးဖြစ်ပေသည်။


လူတိုင်း၏ဒဏ်ရာများ ကုသပြီးနောက် ကြက်ဆင်ကြီး မနိုးကြောင်း အတည်ပြုပြီးနောက် ရှောင်ကျီထုံး၏အမူအရာ တဖြည်းဖြည်း နစ်မြှုပ်သွားသည်။ သူ ကစားသမားများကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။


“ငါတို့ တန်းစီတာ မှားနေတယ်…”


ကြက်ဆင်ကြီးက လိမ်ညာခြင်းဖြစ်နိုင်သော်လည်း အနက်ရောင်မျှော်စင်က သူတို့ကို လုံး၀လှည့်စားမည်မဟုတ်ပါ။ ထို့ကြောင့် သူတို့ တန်းစီသည်က အမှန်မှားယွင်းနေပေသည်။


ဆံပင်တိုနှင့်မိန်းကလေး တွေးလိုက်သည်။


“ခေါင်းဆောင် ရှောင်…ကျွန်မနဲ့ ယွမ်ယွမ် နေရာပြောင်းလိုက်သင့်လား…ဒီတစ်ခေါက် ကျွန်မ ယွမ်ယွမ်နေရာမှာ စီလိုက်မယ်လေ…”


ထန်မော့ ပြောလိုက်သည်။


“အဲ့လောက် မရိုးရှင်းလောက်ဘူး…”


တစ်အုပ်စုလုံး သူ့ကို ကြည့်လိုက်ကြသည်။ 


ထန်မော့၏ဦးနှောက် လျင်မြန်စွာ အလုပ်လုပ်နေပေသည်။ သူ ပြီးခဲ့သည့်နာရီပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည်များကို‌ သေချာပြန်စဉ်းစားနေ၏။ နောက်ဆုံးတွင် တည်ငြိမ်စွာ ပြောလိုက်သည်။


“လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းမှာ ပုံသေပစ်မှတ်တစ်ခုရှိတယ်.. အဲ့ဒါ နင်နင်းပဲ…သူ တခြားကစားသမားတွေကို ထိခိုက်ဒဏ်ရာရအောင်ပဲ လုပ်နိုင်ပြီး နင်နင်းကိုပဲ သတ်လို့ရတယ်…ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူ နင်နင်းကို သတ်ဖို့ မကြိုးစားခဲ့ဘူး…”


ရှောင်ကျီထုံး ပြောလိုက်သည်။


“ဟုတ်တယ်…ငါတို့ ကြက်ဆင်ကြီးက လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းမှာ နောက်ဆုံးကြက်‌ပေါက်ကိုပဲ သတ်လို့ရမယ်လို့ခန့်မှန်းထားကြတယ်…ဒါကြောင့် ငါတို့ နင်နင်းကို နောက်ဆုံးကြက်ပေါက်လို့ တွေးခဲ့ကြပေမဲ့…”


ရှောင်ကျီထုံး ဖူ‌၀မ်သော်ကို ကြည့်လိုက်သည်။


“ဒီတစ်ခေါက်ဂိမ်းမှာ ကြက်ဆင်ကြီးက မစ္စတာထန်ချီကို ဖမ်းဖို့ ကြိုးစားနေတယ်…”


ဆံပင်ရှည်မိန်းကလေး နားမလည်ပေ။


“ဘာလို့လဲ…ကြက်ဆင်ကြီးက နောက်ဆုံးကစားသမားကိုပဲ ဖမ်းသင့်တာ မဟုတ်ဘူးလား…”


ထန်မော့ တွေးဆကြည့်နေပြီး ရှောင်ကျီထုံးမှာလည်း ပြန်မ‌ဖြေနိုင်ပေ။


သူတို့၏ယခင်တွေးသည့်လမ်းကြောင်းအရဆိုလျှင် နင်နင်းက နောက်‌ဆုံးဖြစ်ပြီး ရှောင်ချောင်းက ဒုတိယဖြစ်ပေသည်။


တကယ်လို့ နင်နင်းက နောက်ဆုံးမဟုတ်ခဲ့ရင် တရား၀င်ကစားသမား၊ အရံကစားသမားနဲ့‌ခိုး၀င်သူ အလှည့်စဉ်က မှားနေနိုင်တယ်…


အရာအားလုံး မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။


ဖူ၀မ်သော် ထင်ကြေးပေးလိုက်သည်။


“သူက ပထမဂိမ်းမှာ ‌နောက်ဆုံးနေရာက ကစားသမားကိုပဲ သတ်လို့ရတယ်…နောက်တစ်ကြိမ်ဂိမ်းမှာ ရှေ့တစ်နေရာတိုးလာပြီး ဒုတိယနောက်ဆုံးကစားသမားနောက် လိုက်တာဖြစ်မယ်…”


ရှောင်ကျီထုံး ပြောလိုက်သည်။


“ဒါကဖြစ်နိုင်ပေမဲ့ ဒါက သာမာန် လင်းယုန်ကြက်ပေါက်ဖမ်းတဲ့ဂိမ်းမှ မဟုတ်တာ…”


ထန်မော့ ဖူ၀မ်သော် တွေးသလို တွေးမိသော်လည်း သူ့အတွေးမှာ ရှောင်ကျီထုံးနှင့်တူပေသည်။ 


ကြက်ဆင်ကြီး၏ကွာခြားချက်နှင့်ပတ်သက်၍ အဖြေနှစ်ခုရှိသည်။


ထန်မော့ မှန်းဆလိုက်သည်။


“ပထမဖြစ်နိုင်ချေက ထန်ချီ ပြောသလိုပဲ…သူက နောက်ဆုံးကြက်ပေါက်ကို နောက်ကနေ ရှေ့သွားနေတာ ဖြစ်နိုင်တယ်…ဒါပေမဲ့ ဒီယူဆချက်က နည်းနည်းတော့ မဖြစ်နိုင်ဘူး…ဘာလို့ဆို ဒါက သာမာန် လင်းယုန်ကြက်ပေါက်ဖမ်းတဲ့ဂိမ်း မဟုတ်ဘူးလေ…ဒုတိယဖြစ်‌နိုင်ချေက…”


ထန်မော့ ‌မပြောမီ ဖူ၀မ်သော် ပြောလိုက်သည်။


“အလှည့်စဉ် ပြောင်းသွားတာပဲ…”


ထန်မော့ ခေါင်းငြိမ့်ပြလိုက်သည်။


“ဟုတ်တယ်…အလှည့်စဉ် ပြောင်းသွားတာပဲ…ကြက်ဆင်ကြီးက တကယ် နောက်ဆုံးကစားသမားကိုပဲ ဖမ်းနိုင်တယ် ဆိုပါစို့…ပထမဂိမ်းမှာ နင်နင်းက နောက်ဆုံးကစားသမားပဲ…ဒီတစ်ကြိမ်မှာတော့ ထန်ချီက‌ နောက်ဆုံးကစားသမားဖြစ်နေတယ်…ဒါ့ကြောင့် အလှည့်စဉ် ပြောင်းသွားတာ ဖြစ်နိုင်တယ်…ဒါပေမဲ့...“


“ဖြစ်နိုင်ချေက ၂၀%ထက် နည်းတယ်…”


ရှောင်ကျီထုံး ပြုံးကာ ခေါင်းခါလိုက်သည်။


အဖွဲ့က ရှောင်ကျီထုံးကို ကြည့်လိုက်ကြ၏။


ထန်မော့ဖြစ်နိုင်ချေနှစ်ခုကို ပြောသောအခါ ရှောင်ကျီထုံး ထန်မော့၏စိုးရိမ်ပူပန်မှုကို ချက်ချင်း ရိပ်မိပေသည်။ သူ ထန်မော့ သံသယဖြစ်နေသည်ကို ပြောပြလိုက်သည်။


“ဒီလိုဆို ဂိမ်းက ကစားသမားတွေအတွက် တရားမျှတမှာ မဟုတ်ဘူး…အနက်ရောင်မျှော်စင်ဂိမ်းတိုင်းက အများစုအားဖြင့်တရားမျှတကြတယ်…ဒီကမ္ဘာပေါ်မှာ အလုံးစုံ တရားမျှတမှုမရှိပေမဲ့ အနက်ရောင်မျှော်စင်က အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက်အတွက် တရားမျှတဖို့ ကြိုးစားတယ်…ဘယ်ဘက်မှ တရားလွန် အကျိုးကျေးဇူးမရစေရဘူး…ဂိမ်းထဲမှာ အစွမ်းထက်လွန်းနေရင် အနက်ရောင်မျှော်စင်က ကန့်သတ်ချက်တွေ ထုတ်လိမ့်မယ်…ဒီဖြစ်စဉ်မှာ ကြက်ဆင်ကြီးအစား ကစားသမားတွေပေါ်ကန့်သတ်ချက်ထားထားတယ်…”


ရှောင်ကျီထုံး ကြက်ဆင်ကြီးကို ကြည့်လိုက်သည်။


“ကစားသမားတွေ ကြက်ဆင်ကြီးကို မသတ်နိုင်ဘူး…ကြက်ဆင်ကြီးက လင်းယုန်အသွင်ပြောင်းတဲ့အချိန် သူ ကစားသမားတွေကို ထိခိုက်ဒဏ်ရာရအောင်ပဲ လုပ်နိုင်တယ်…မသတ်နိုင်ဘူး…သူ ကြက်ဆင်ကြီးအသွင်မှာဆို ကစားသမားတွေကို ဘာမှလုပ်လို့မရဘူး…ဒါက ကြက်ဆင်ကြီးမှာရှိတဲ့တစ်ခုတည်းသော ကန့်သတ်ချက်ပဲ…သူ ပုံမှန်အခြေအနေမှာ ကလေးတွေကို အန္တရာယ်မပေးနိုင်ဘူး…နှိုင်းယှဉ်ကြည့်ရင် ကစားသမားတွေရဲ့ကန့်သတ်ချက်က များပေမဲ့အနက်ရောင်မျှော်စင် တရားမျှတသင့်တယ်…”


ဖူ၀မ်သော် ဟာကွက်ကို ဖမ်းယူလိုက်၏။


“ဒီမှာ တခြားကန့်သတ်ချက်ရှိသေးတယ်…လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းမှာ သူ ကစားသမားတစ်ယောက်ကိုပဲ သတ်လို့ရတယ်…”


ရှောင်ကျီထုံး ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်သည်။ သူတင်မဟုတ်ပေ။ နင်နင်းလည်း ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်ပေသည်။


မိန်းကလေးနှစ်ယောက် ဖူ၀မ်သော် ဆိုလိုချင်သည်ကို နားမလည်ပေ။ 


ဆံပင်ရှည်မိန်းကလေးမေးလိုက်သည်။


“ဒါက သိပြီးသားမဟုတ်ဘူးလား…ကြက်ဆင်ကြီးက ‌နောက်ဆုံးကစားသမားကိုပဲ သတ်လို့ရတယ်လေ…လင်းယုန် ကြက်ပေါက်ဖမ်းဂိမ်းစည်းမျဉ်းကို လိုက်နာတာမလား…ဘာလို့ ရှင် ထပ်ပြောနေတာလဲ…”


ဖူ၀မ်သော် ပြန်မဖြေပေ။ ထန်မော့ သူ့အစား ဖြေပေးလိုက်၏။


“ငါတို့ ဒါကို ဂရုမစိုက်ဘဲ ဆက်ကစားမယ်…”


မိန်းကလေးနှစ်ယောက် စိတ်ရှုပ်သွားပြီး ကောင်လေးက လူကြီးများကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်ပေသည်။ သူ့ မျက်လုံးများ ‌ရုတ်တရက်တောက်ပလာပြီး ထုတ်ပြောတော့မည်ဖြစ်သော်လည်း သူ့ပါးစပ်သူ အုပ်လိုက်သည်။


အဓိကဂိမ်း ‘အင်းဆက်စားရန် တန်းစီခြင်း’တွင် ကစားသမားများအတွက် ကန့်သတ်ချက်များ ရှိသော်လည်း ‘လင်းယုန် ကြက်ပေါက်ဖမ်းခြင်း'တွင်မူ ကြက်ဆင်ကြီးအတွက် ကန့်သတ်ချက်များ ရှိနေ၏။


ပထမဦးစွာ ကြက်ဆင်ကြီးမှာ သတ်မှတ်ထားသော ကစားသမားတစ်ယောက်ကိုပဲ သတ်နိုင်ပေသည်။ သူ အခြားကစားသမားများကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်သော်လည်း နောက်‌ဆုံးကစားသမားကိုသာ သတ်နိုင်၏။ ဤအချက်ကို လူတိုင်း ရှာတွေ့ပြီးသားဖြစ်သည်။


သို့သော် ဖူ၀မ်သော်က ပိုလူမဆန်သည့်ကိစ္စကို ပြောခဲ့သည်။


ဤတစ်ကြိမ် လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းတွင် ကြက်ဆင်ကြီးက ဆံပင်တိုမိန်းကလေး သူ့တောင်ပံကြောင့် သေသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြက်ဆင်ကြီးက အလွန်အကျူးတိုက်ခိုက်ခဲ့ခြင်း မရှိသည့်အတွက် ဆံပင်တိုမိန်းကလေးသေသွားလျှင် မတော်တဆသာဖြစ်လေသည်။


 ကြက်ဆင်ကြီး အံ့ဩမှင်သက်သွားခဲ့ပြီး သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ဖူ၀မ်သော်ကို ရှာခြင်းဖြစ်သည်။



🪩