Chapter 152
Viewers 32k

🌍Chapter 152




ကြက်ဆင်ကြီး ဖူ၀မ်သော်ကို သတ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေသည်။ ဆံပင်တိုမိန်းကလေး မသေဆုံးမီ ဖူ၀မ်သော်သေဆုံးရမည်ဖြစ်သည်။


ပထမဂိမ်းနှင့် ကွာခြားသည်မှာ ကြက်ဆင်ကြီးသည် နင်နင်းအပေါ် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များသာ ထုတ်ဖော်ခဲ့သော်လည်း ဤတစ်ခေါက်တွင်မူ ဖူ၀မ်သော်ကို သတ်ဖြတ်ရန် နှလုံးသားတစ်ခုလုံးဖြင့် ကြိုးစားခဲ့ပေသည်။


ဆံပင်တိုမိန်းကလေးသေဆုံးသွားလျှင်'ပဉ္စမစည်းမျဉ်း'အသက်၀င်လာမည်ဖြစ်ပြီး ကြက်ဆင်ကြီးက စိတ်ကစဉ့်ကလျားအခြေ‌အနေမှ လွတ်မြောက်လာမည်ဖြစ်ကာ ဂိမ်းလည်း ပြီးဆုံးသွားမည်ဖြစ်၏။ 


ဂိမ်းပြီးဆုံးတော့မည်ဖြစ်သည့်အတွက် ဖူ၀မ်သော်ကို သတ်ရန် ဤမျှ အလျင်လိုစရာမလိုပေ။ ထိုအချိန်တွင် ကြက်ဆင်ကြီး၏စိုးရိမ်ပူပန်နေသောအပြုအမူမှာ  ‘ကစားသမားသေသွားပြီ…နောက်ကစားသမားတွေကို သတ်ကြရအောင်’ထက် အသက်ကယ်ကြိုးကို ဆုပ်ကိုင်နေခြင်းနှင့် ပိုတူပေသည်။


ဆံပင်တိုမိန်းကလေး မသေဆုံးမီ ဖူ၀မ်သော်ကို သတ်ပစ်ရမည်ဖြစ်သည်။


လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းမှာ လင်းယုန်က နောက်ဆုံးကစားသမားကိုပဲ ဖမ်းလို့ရတယ်…နောက်ဆုံးကစားသမားမဟုတ်တဲ့သူကို ဖမ်းရင် ဘာဖြစ်သွားမလဲ…


လင်းယုန် ဂိမ်းစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။


ပဉ္စမစည်းမျဉ်းသည် ကစားသမားများအတွက် အရိပ်အမြွက်ဖြစ်ပုံပေါ်သည်။ ကစားသမားများ သူတို့အဖော်ကို သတ်ခြင်းဖြင့် ဂိမ်းပြီးဆုံးသွားနိုင်သည်ဟု အကြုံပြုထားသည်။


သို့သော် ဤကား ကြက်ဆင်ကြီးအတွက် ကန့်သတ်ချက်ဖြစ်ပုံပေါ်သည်။  သူ ကစားသမားများကို  ဆန္ဒရှိသလို နာကျင်အောင် လုပ်နိုင်သော်လည်း နောက်‌ဆုံးကြက်ပေါက်ကိုသာ သတ်နိုင်ပေသည်။


ကစားသမားများ၏လက်ထဲ အခြားကြက်ပေါက်များ သေသွားလျှင် ပြဿနာမရှိသော်လည်း ကြက်ဆင်ကြီး ကြက်ပေါက် မှားသတ်ခြင်းက ဂိမ်းစည်းမျဉ်းချိုးဖောက်ရာ ရောက်ပေသည်။


ဤကား ကြက်ဆင်ကြီးအတွက် အကြီးမားဆုံးကန့်သတ်ချက်ဖြစ်သည်။


ထန်မော့၏အကြည့်က ကြမ်းပြင်ပေါ်ရှိခန္ဓာကိုယ်အပိုင်းအစများပေါ်သို့ ရောက်သွား၏။ 


သူ ကူရာမဲ့စွာ တွေးလိုက်သည်။ 


‌သူ့‌အဖော်တွေကို သတ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ‌ကစားသမားက နောက်ဆုံး ဘာကို မြင်ခဲ့လဲ…တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကစားသမား ဘာတွေကြုံတွေ့ခဲ့ရလဲ…


ကြက်ဆင်ကြီးက နောက်ဆုံးကစားသမားဆီ လူခြောက်ယောက်အလောင်းယူသွားပြီး တန်းစီဖို့ပြောတာဖြစ်နိုင်တယ်…


ထန်မော့ ကူရာမဲ့စွာ တွေးလိုက်သည်။


သို့သော် ယင်းမှာ ထန်မော့၏မှန်းဆချက်သာ ဖြစ်ပေသည်။ သို့သော် ယခင်ကစားသမား၁၅၀တွင် တစ်၀က်ခန့်က အချင်းချင်း ပြန်သတ်ခဲ့ကြသည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ကြက်ဆင်ကြီး၏  တကယ့် ကန့်သတ်ချက်ကို မည်သူမှ ရှာမတွေ့ခဲ့ကြသည်မှာ သနားစရာကောင်းပေသည်။ သူတို့ ထိုအချက်သာ ရှာတွေ့ခဲ့ကြလျှင် ကိုယ့်အချင်းချင်း ပြန်သတ်မှာထက် ကြက်ဆင်ကြီးကစားသမားများကို သတ်ရန် နည်းလမ်းရှာနိုင်ပေသည်။


ကြက်ဆင်ကြီး ဂိမ်းစည်းမျဉ်းကို ချိုးဖောက်မိလျှင်ပင် ကြက်ဆင်ကြီး ရှုံးနိမ့်သော်လည်း ကစားသမားများ အနိုင်ရမည်မဟုတ်ပေ။ နောက်ဆုံးရလဒ်မှာ အတူတူပင်ဖြစ်သည်။


ကစားသမားခုနစ်ယောက်လုံး ဂိမ်းအဆုံးသတ် ရန် နည်းလမ်းဖြစ်သည့် ‘ကြက်ဆင်ကြီး လူမှားသတ်ရန် နည်းလမ်း'ကို စိတ်မ၀င်စားကြပေ။ ‌နောက်ဆုံးအခြေအနေသို့ ရောက်ရှိမနေလျှင် ထန်မော့ ထိုနည်းလမ်းကို ထပ်တွေးမည် မဟုတ်ချေ။


တခြားရွေးချယ်စရာမရှိ‌တော့ရင်…


နောက်ဆုံးတွင် အရာအားလုံး အစမှတ်သို့ ပြန်လည်ရောက်ရှိသွားပေသည်။


ရှောင်ကျီထုံး ပြောလိုက်သည်။


“အလှည့်စဉ်က မပြောင်းဘူးလို့ ငါယုံကြည်တယ်…စတုတ္ထမြောက်စည်းမျဉ်း ကစားသမားတွေက ကြက်ဆင်ကြီးကို မေးခွန်းနှစ်ခု မေးနိုင်ပြီး ကြက်ဆင်ကြီးက တစ်ခုကိုလိမ်ညာလို့မရဘူး…အလှည့်စဉ် ပြောင်းသွားတယ်လို့ ယူဆရင် ကြက်ဆင်ကြီး ပေးတဲ့အဖြေမှန်ကလည်း ပြောင်းသွားလိမ့်မယ်…ငါ ရှောင်ချောင်းက ပထမလားမေးတယ်…ကြက်ဆင်ကြီးက ဒုတိယလို့ ပြန်ဖြေတယ်…‌နောက်တစ်ကြိမ် သူ တတိယလို့ ဖြေနိုင်တယ်…ဒါက သူလိမ်တာမဟုတ်ဘူး…”


ဆံပင်တိုမိန်းကလေး တွေးလိုက်သည်။


“အလှည့်စဉ်က မတူကြလို့ လိမ်တယ်လို့ ယူဆမရတာဖြစ်နိုင်တယ်…”


ရှောင်ကျီထုံး ပြောလိုက်သည်။


“ဒီလိုဆို ဂိမ်းက ကစားသမားတွေအတွက် ဘယ်တရားမျှတပါ့မလဲ…”


‌ဆံပင်တိုမိန်းကလေး ထပ်မပြောတော့ပေ။


သူ ရှောင်ကျီထုံး၏အမြင်ကို သဘောတူပေသည်။


“အလှည့်စဉ်ပြောင်းသွားတယ်ဆိုရင် ကစားသမားတွေရဲ့မေးခွန်းအပေါ် သက်ရောက်မှုရှိမှာပဲ…အဖြေက သဲလွန်စဖြစ်မယ်လို့ အာမမခံနိုင်ဘူး…ကစားသမားတွေ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိမှာ မဟုတ်ဘူး…ဒါက ကစားသမားတွေအတွက် အားနည်းချက်ဖြစ်လာတယ်…ဒီလိုဆို ကစားသမားတွေအတွက် မတရားတော့ဘူး…”


ရှောင်ကျီထုံး ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။ 


“အလှည့်စဉ်ပြောင်းလဲတာ မဖြစ်နိုင်ဘူး…ဖြစ်နိုင်ချေရှိရင်တောင် ၂၀%ထက်နည်းတယ်…အလှည့်စဉ်က ပုံသေဖြစ်ရမယ်…”


ကောင်လေး လက်မြှောက်လိုက်သည်။


“ကျွန်‌တော်လည်း အဲ့လိုတွေးတယ်…”


နင်နင်း ပြောလိုက်သည်။


“ငါ့မှာ ထင်မြင်ချက် မရှိဘူး…”


မိန်းကလေးနှစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။


ရှောင်ကျီထုံး ထန်မော့နှင့်ဖူ၀မ်သော်ကိုကြည့်လိုက်၏။ ထန်မော့ တစ်ဖက်တွင် ရပ်နေကာ စကားမပြောပေ။ ဖူ၀မ်သော်လည်း ထန်မော့ဘေးတွင် ရပ်နေကာ  အနှောင့်အယှက် မပေးခဲ့ပေ။ ကစားသမားတိုင်း၏ထင်မြင်ယူဆချက်က တူညီပေသည်။ 


ရှောင်ကျီထုံး ရယ်လိုက်သည်။


“ဒီတစ်ကြိမ်လည်း အရင်တစ်ခေါက်က အတိုင်းသွားမယ်…ဒါပေမဲ့ မင်းတို့နှစ်ယောက်ရဲ့ နေရာတော့ပြောင်းမယ်…”


မိန်းကလေးနှစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။


“ဟုတ်…”


ထန်မော့ မေးလိုက်သည်။


“ဒါဆို ဒီတစ်ခေါက် ငါတို့ ဘာမေးကြမလဲ…”


ရှောင်ကျီထုံး ‘ဒါကို ဆွေးနွေးကြတာပေါ့…’မပြောရသေးမီ သမ်းဝေသံ ကြားလိုက်ရသည်။ လူတိုင်း တောင့်တင်းစွာ လှည့်ကြည့်လိုက်ကြ၏။ 


ကြက်ဆင်ကြီး နိုးလာပြီဖြစ်သည်။


ငါးမိနစ်ခန့် အိပ်ပြီးနောက် ကြက်ဆင်ကြီး၏ဒဏ်ရာပေါ်မှ ‌သွေးများ ခြောက်သွားကာ ဒဏ်ရာ တဖြည်းဖြည်း သက်သာလာပေသည်။ ကြက်ဆင်ကြီးသည် ကြောက်စရာကောင်းလောက်အောင် ‌ဒဏ်ခံနိုင်ပေသည်။ ဖူ၀မ်သော် ကြက်ဆင်ကြီး၏‌တောင်ပံကို ဖြတ်လိုက်သော်လည်း ယခု သာမာန်မျက်လုံးဖြင့်ပင် မြင်နိုင်သည်အထိ ပြန်ကောင်းမွန်လာပေသည်။ သို့သော် တောင်ပံပြန်ကောင်းလာသော်လည်း ယခင်ကဲ့သို့ သန်မာနိုင်ဦးမည်မဟုတ်ချေ။


ကြက်ဆင်ကြီး ခေါင်းလှည့်၍ ကြက်ပေါက်ခုနစ်ကောင်ကို ကြည့်လိုက်သည်။


ကြက်ဆင်ကြီး တခစ်ခစ်ရယ်မောလိုက်၏။


“က‌တော် မေမေ့ရဲ့ချစ်လှစွာသော ကလေးလေးတွေ…”


သူ ရယ်နေသော်လည်း ရယ်သံထဲတွင် မုန်းတီးမှုနှင့်ဒေါသများ ရောနှောနေပေသည်။ ဤတစ်ကြိမ်တွင် သူ ပြင်းထန်သည့် ဒဏ်ရာရခဲ့ပြီး ဆံပင်တိုမိန်းကလေးကို မတော်တဆသတ်ပစ်မိတော့မလို ဖြစ်ခဲ့သည်။ ကြက်ဆင်ကြီး မေတ္တာရှင်မိခင်ကြီးအဖြစ်သရုပ်ဆောင်ရန် စိတ်မ၀င်စားတော့ပေ။ သူ ကစားသမား ခုနစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။


“ကလေးတို့ မေမေ အစာထပ်သွားရှာလိုက်ဦးမယ်…ဒီတစ်ခေါက် ကလေးတို့ဘာစားချင်ကြလဲ…”


'ဘာစားချင်ကြလဲ'မေးချိန်၌ ကြက်ဆင်ကြီး၏အသံ ပိုမိုနက်ရှိုင်းလာပေသည်။ သူ့မျက်လုံးများက ကစားသမားများ အပေါ်ရှိနေ၏။ အနက်ရောင်မျှော်စင် ခွင့်ပြုချက်ပေးသရွေ့သူ သူ့ကလေးများကို မတုံ့မဆိုင်း စားပစ်မည်ဖြစ်သည်။


ထန်မော့ ကြိုတွေးထားသည့်မေးခွန်းကို မေးလိုက်သည်။


“သူ(မ)…”


စကားရပ်သွား၏။


“ဂိမ်းအစကနေအဆုံးထိ ယွမ်ယွမ်က ပထမလား…”


ဆံပင်ရှည်မိန်းကလေး ထန်မော့၏ပါးစပ်မှ သူ့နာမည်ထွက်လာမည်ဟု မထင်ထားသဖြင့် ထန်မော့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ကြက်ဆင်ကြီး ထန်မော့ကို မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်၏။ ဤလူသားကအခြားလူသားနှင့်ပေါင်း၍ သူ့တောင်ပံပြတ်လုနီးပါးဖြစ်အောင် လုပ်ခဲ့သည်ကို မမေ့ပေ။ 


ကြက်ဆင်ကြီး လှောင်ပြုံးပြုံးလိုက်ပြီး ရှောင်ကျီထုံးကို ကြည့်လိုက်သည်။


“သားလေးရော ဒီတစ်ခေါက် ဘာမေးခွန်းမေးချင်လဲ…”


ရှောင်ကျီထုံး ရယ်မောလိုက်သည်။


“ဂိမ်းအစကနေ အဆုံးထိ…ဒါက ကောင်းတာပဲ…သားလည်း မေးချင်တယ်…မေမေ ဂိမ်းအစကနေ ဆုံးထိ ရှောင်ချောင်းက ပထမလား…”


ကြက်ဆင်ကြီး ထန်မော့နှင့်ရှောင်ကျီထုံးကို အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူ ပြောလိုက်သည်။


“ဒီမေးခွန်းနှစ်ခု တကယ်ကောင်းတာပဲ…မေမေ သားတို့ကို ပြောမယ်…သူက ဒုတိယနေရာပဲ…”


သူက ရှောင်ချောင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ ထို့‌နောက် ဆံပင်ရှည်မိန်းကလေးအား လက်ညှိုးထိုးလိုက်သည်။


“သူက ပဉ္စမနေရာပဲ…”


ရှောင်ကျီထုံး ခေါင်းငြိမ့်လိုက်သည်။ သူ တစ်ခုခုပြောချင်သော်လည်း ကြက်ဆင်ကြီး ရုတ်တရက် ပြောလာပေသည်။


“မေမေ ကလေးတို့အတွက် အစာသွားရှာတော့မယ်…”


ကြက်ဆင်ကြီး လှည့်ထွက်သွားသည့်အခါ သူ့၏ဒေါသခြေလှမ်းများက ကြမ်းပြင်ကိုအက်ကွဲစေပေသည်။ သူ အလွန်ဗိုက်ဆာနေသဖြင့် ကစားသမားများနှင့် ဟန်ဆောင်ပြောနေရန် စိတ်မ၀င်စားတော့ပေ။ သူ လင်းယုန်အသွင်ပြောင်းမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ ထိုမှသာ ထိုကစားသမားကို အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်မည်ဖြစ်သည်။


ကြက်ဆင်ကြီး၏ရုတ်တရက် ထွက်ခွာသွားမှုသည် ကစားသမားများကို ခေတ္တမျှ အံ့အားသင့်သွားစေခဲ့သော်လည်း မကြာမီ ယင်းကို အာရုံမစိုက်တော့ပေ။


အရာအာလုံး ကောင်းစွာ ပြင်ဆင်ထားသင့်ပေသည်။


ရှောင်ကျီထုံး ပြောလိုက်သည်။


“ငါ့အထင် ရှောင်ချောင်းက ဒုတိယနေရာမှာ ရှိနေတုန်းပဲ…ကြက်ဆင်ကြီး လိမ်နေပုံ မပေါ်ဘူး…သူ ပဉ္စမနေရာနဲ့ပတ်သတ်ပြီး လိမ်ပြောတာ ဖြစ်နိုင်တယ်…အလှည့်စဉ်က ပုံသေဖြစ်ရမယ်…သူ လိုက်နေတဲ့ကြက်ပေါက်ပြောင်းသွားတာက အလှည့်စဉ်နဲ့ မဆိုင်လောက်ဘူး…ဒီတစ်ခေါက် တန်းစီ‌တဲ့အလှည့်မှန်တာနဲ့ ငါတို့ ဒီအဓိပ္ပာယ်မရှိတဲ့ဂိမ်းကို အဆုံးသတ်နိုင်ပြီ…”


အဖွဲ့ ခေါင်းငြိမ့်လိုက်သည်။


‌ဆံပင်ရှည်မိန်းကလေး ရုတ်တရက် ပြောလိုက်၏။


“ခေါင်းဆောင်ရှောင်…တကယ်လို့ တန်းစီတဲ့ အလှည့်သာ မမှန်ဘူးဆို ကြက်ဆင်ကြီးကစားသမားတွေကို ထပ်လိုက်ဖမ်းမှာပေါ့…”


ရှောင်ကျီထုံး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။


ဆံပင်ရှည်မိန်းကလေး မျက်လုံးများ ပြူးကျယ်သွားသည်။


“ပထမဂိမ်းမှာ နောက်ဆုံးကြက်ပေါက်ကို လိုက်တယ်…ဒုတိယဂိမ်းမှာ ဆဌမနေရာကိုလိုက်ရင် အခု ဂိမ်းမှာ ပဉ္စမနေရာကို လိုက်မှာပေါ့…”


သူ့အသံ ရုတ်တရက် ရပ်သွားပြီး ဆံပင်တို မိန်းကလေးကို ကြည့်လိုက်သည်။


“မဟုတ်ဘူး….ကျွန်မက ပဉ္စမနေရာ မဟုတ်ဘူးပဲ…ပဉ္စမနေရာက ရှောင်ယွမ်ပဲ…”


ဆံပင်တိုမိန်းကလေးလေး နှုတ်ခမ်းကိုက်လိုက်ရာ သွေးများ ကျလာသည်။


ဤဂိမ်းတွင် သူ့ကို မည်သူမှ မကူညီနိုင်ကြပေ။ သာမာန်အခြေအနေဆိုလျှင် ထန်မော့ဆံပင်တိုမိန်းကလေးသွားသည်ကို ရပ်မကြည့်နိုင်သဖြင့် သူ့ကို ကယ်တင်မည်ဖြစ်သော်လည်း ကြက်ဆင်ကြီး လိုက်ဖမ်းသည့်အခါတွင်မူ ထန်မော့ သူ့အသက်သူကာကွယ်ရမည်ဖြစ်သဖြင့် ကူညီပေးနိုင်မည် မဟုတ်ချေ။ အခြားကစားသမားများလည်း အလားတူပင်ဖြစ်သည်။


သူတို့ ဆံပင်တိုမိန်းကလေးကို ကူညီကောင်းကူညီနိုင်သော်လည်း သူတို့ ကြက်ဆင်ကြီး၏ပြိုင်ဘက်မဟုတ်ကြောင်း သိကြပေသည်။


ဆံပင်တိုမိန်းကလေး ဘာမှထပ်မပြောတော့ပေ။


စူပါမားကတ်ကြီး တိတ်ဆိတ်သွားပြီး လူတိုင်း သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေကြသဖြင့် ဆံပင်တိုမိန်းကလေးကို မည်သူမှ နှစ်မသိမ့်အားပေ။


ထိုအချိန်တွင် ‌နင်နင်း ရုတ်တရက် ပြောလိုက်၏။


“ဒီဂိမ်းမှာ ထောင်ချောက်ရှိတယ်ဆိုတာ သိသာတယ်…သူက ကစားသမားတွေကိုသူတို့အချင်းချင်း သတ်ပစ်ဖို့ လှည့်စားနေတာပဲ…အဲ့ဒါမှ အသက်ရှင်ဖို့ အခွင့်အရေးရမှာ…ဒါပေမဲ့ ကစားသမား ၁၅၀ကျော် သေသွားပြီ...ဘယ်သူမှ ဒီဂိမ်းကို မရှင်းလင်းနိုင်ခဲ့ဘူး…ဒါကြောင့် အချင်းချင်း သတ်ပစ်တာက ဂိမ်းကို ရှင်းဖို့ နည်းလမ်းနဲ့ တန်းစီတဲ့အလှည့် လျှော့ချနိုင်မဲ့ နည်းလမ်း မဟုတ်ဘူး…”


ဆံပင်တိုမိန်းကလေးက နင်နင်းကို ကြည့်လိုက်၏။


နင်နင်းမျက်နှာတွင် အမူအရာ မရှိသော်လည်း သူ့စကားများက အနည်းဆုံး အခြားကစားသမားများက သူ့သေဆုံးသွားသည်ကို ပုံမှန်အတိုင်း ထိုင်ကြည့်နေမည် မဟုတ်ကြောင်း အရိပ်အမြွက်ပေးနေပေသည်။ ဤဂိမ်းက  အချင်းချင်း သတ်ခြင်းက အခြားထောင်ချောက်ဆီသို့ ဦးတည်သွားမည့်နည်းလမ်းဖြစ်ကြောင်း သိသာပေသည်။


သူဒဏ်ရာရသွားလျှင် သူ့ပြဿနာသာဖြစ်ပြီး အခြားကစားသမားများတွင် ကူညီရန် တာ၀န်မရှိခဲ့ချေ။


မိန်းကလေးနှစ်ယောက် အခြားကစားသမားများအား အနှောင့်အယှက် မပေးတော့ပေ။


သူတို့ စူပါမားကတ်နေရာအနှံ့ ဂိမ်းကူပစ္စည်းများကို ရှာကာ သူတို့ အသက်ရှင်နိုင်ချေကို တိုးမြှင့်နေကြသည်။ 


လူတိုင်း တန်းစီရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သဖြင့် ကစားသမား ခုနစ်ယောက် စုဝေးလိုက်ကြသည်။ ထန်မော့ ဘီစကွတ်ထုတ်ကာ သူ့ဘေးမှနင်နင်းကို ပေးလိုက်၏။


နင်နင်း ထန်မော့ကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။ 


ထန်မော့ ပြောလိုက်သည်။


“ဒါကို စူပါမားကတ်ထောင့်မှာ တွေ့ခဲ့တာ…သက်တမ်းမကုန်သေးဘူး…တစ်ခုခုစားတာက မင်း ဒေါသကို လျော့ချစေတယ်…”


နင်နင်းက ထန်မော့၊ ဖူ၀မ်သော်တို့နှင့် အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ထူးဆန်းသည့်ဆာလောင်မှုကြောင့် သူတို့ အရှိန်နှင့်ခွန်အား လျော့ကျသွားပေသည်။


နင်နင်း ငြင်းဆန်မနေတော့ဘဲ ဘီစကွတ်နှစ်ခုစားလိုက်သည်။ ရှောင်ကျီထုံးနှင့်အခြားကစားသမားများလည်း ဘီစကွတ်စားလိုက်ကြပေသည်။


ဆာလောင်မှုက လျော့ပါးမသွားသော်လည်း အနည်း‌ဆုံး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးနိုင်လေသည်။


ရှောင်ကျီထုံး အံ့အားသင့်စွာ ပြောလိုက်သည်။


“ဒီဆာလောင်မှုက ကြက်ပေါက်တွေရဲ့ဆာလောင်မှုများလား…ကြက်ပေါက်တွေ အစာစားသင့်နေတာ ကြာပေမဲ့ တန်းစီတာမမှန်သေးလို့ အခုထိ မစားရသေးဘူး…ဆာလောင်မှုက ပိုပိုတိုးလာတယ်…ဒီဟာက ငါတို့ခွန်အားကို လျော့ကျစေပြီး ကြက်ဆင်ကြီး လက်ကလွတ်ဖို့ ပိုခက်ခဲလာစေတယ်…ဂိမ်းက မပြီးသေးဘူး…သာမာန်ကစားသမားတွေက သူတို့အဖော်တွေကို မသတ်ဘဲ သုံးဂိမ်းလုံး အသက်ရှင်ကျန်ဖို့မဖြစ်နိုင်ဘူး…အဲ့ဒါကို ကြက်ဆင်ကြီးက သူတို့ကို လှောင်ပြောင်နေတာကြောင့် သူတို့စိတ်ဓာတ်တွေ ပြိုလဲသွားတာဖြစ်နိုင်တယ်…”


တစ်ခုတည်းသောအဖြေမှာ ထန်မော့၏ဘီစကွတ်စားနေသံဖြစ်သည်။ ဖူ၀မ်သော်လည်း ထန်မော့ဆီမှ ဘီစကွတ်တစ်ချပ်ယူကာ စားလိုက်သည်။ 


ရှောင်ကျီထုံး ပြုံး၍ ခေါင်းခါလိုက်ပြီး အခြားထပ်မပြောတော့ပေ။


အကြောင်းရင်းကို သိလျှင်ပင် အသုံးမ၀င်ပေ။ သူတို့ ဆာလောင်လာလေလေ ခွန်အားများ လျော့ကျသွားလေလေဖြစ်သည်။


တစ်နာရီကြာပြီးနောက် ကြက်ဆင်ကြီး ပြန်ရောက်လာလေသည်။ ဤတစ်ကြိမ်တွင် သူ လက်ဗလာနှင့်ပြန်လာခြင်းဖြစ်သည်။


‌ထန်မော့ သေချာကြည့်လိုက်ရာ သေးငယ်သည့်အစိမ်းရောင်ပိုးကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ ကြက်ဆင်ကြီး ဟန်ဆောင်ရန် ပျင်းနေပြီဖြစ်သည်။ သူ ပိုးကောင်ကို ကြမ်းပြင်ပေါ် ပစ်ချကာ လှောင်ပြောင်လိုက်၏။


“ကလေးတွေ တန်းစီကြ…”


အဖွဲ့ အချိန်မဖြုန်းတော့ပေ။ ထန်မော့ နောက်ဆုံး ဘီစကစ်ကို စားလိုက်ကာ ပထမနေရာတွင် ရပ်လိုက်သည်။ ထို့နောက် ရှောင်ချောင်းနှင့်‌ ရှောင်ကျီထုံး ရပ်လိုက်ကြသည်။ 


ကစားသမား ခုနစ်ယောက် ကိုယ်စီ နေရာအသီးသီးတွင် ရပ်ကာ ကြက်ဆင်ကြီးကို သတိထားကြည့်လိုက်ကြ၏။


နင်နင်းနောက်ဆုံးနေရာတွင် တန်းစီထားသည်။ ကြက်‌ဆင်ကြီး ထူးဆန်းစွာ ရယ်မောလိုက်ပြီး ထန်မော့ထံ တဟုန်ထိုး ပြေးသွားလိုက်သည်။ ထန်မော့ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း လက်တွင် ဒဏ်ရာရနေဆဲဖြစ်သည်။


ကြည်လင်သည့်ကလေးသံ ထွက်ပေါ်လာ၏။


“တင်းတောင်…ကစားသမားများ တန်းစီခြင်းမှားယွင်းသဖြင့် ကြက်ဆင်ကြီး စိတ်ကစဉ့်ကလျားရောဂါဖြစ်သွားပါပြီ…ဘေးထွက်ဂိမ်း လင်းယုန် ကြက်ပေါက်ဖမ်းခြင်း…”


စိတ်ပျက်အားငယ်မှုများ မလွဲဧကန်ဖြစ်ပေါ်လာပေသည်။ ဆံပင်တိုမိန်းကလေး မျက်ရည်ဝဲလာကာ မတုံ့မဆိုင်း ထွက်ပြေးလိုက်သည်။


ကံကောင်းစွာနှင့် ထန်မော့က မိန်းကလေး ထွက်ပြေးနိုင်ရန် အချိန်ဆွဲထားနိုင်ခဲ့ပေသည်။ ထန်မော့ ထီးလေးကို သုံးကာ တိုက်ခိုက်မှုများကို ကာကွယ်၍ ‌ထွက်ပြေးရန် အခွင့်အရေး ရှာလိုက်သည်။


ကြီးမားသည့်စူပါမားကတ်တွင် ကစားသမားခုနစ်ယောက် ပုန်းအောင်း‌‌နေပြန်သည်။ ကြက်ဆင်ကြီး အသားဧရိယာတွင် ရပ်ကာ သွေးရောင်မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ ရူးသွပ်စွာ ပြေးသွားလိုက်၏။ ကြောက်စရာကောင်းသည့်ရယ်သံဖြင့် ပြေးနေခြင်းဖြစ်ပေသည်။ ကြက်ဆင်ကြီး အရူးသဖွယ် ရယ်မောကာ ကစားသမားများကို ရှာဖွေလိုက်သည်။


“ထွက်လာကြစမ်း…ကိုယ်ထင်ပြကြစမ်း…နင်တို့ကို သတ်မယ်…နင်တို့ကို သတ်ပစ်မယ်…”


လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းတွင် တူတူပုန်းတမ်းဂိမ်း ရုတ်တရက် စတင်လာပေသည်။ 


ကြက်ဆင်ကြီး မိနစ်၂၀ကြာ စူပါမားကတ် ပထမထပ်ကို ရှာဖွေခဲ့သော်လည်း မည်သူမှမတွေ့ပေ။ သူ ဒုတိယထပ်သို့ ပြေးသွားလိုက်သည်။


ကစားသမားများ စူပါမားကတ်မှ ထွက်မသွားနိုင်သော်လည်း စူပါမားကတ်နေရာ‌အနှံ့ သွားနိုင်ပေသည်။ ဆံပင်တိုမိန်းကလေးက စူပါမားကတ်လေပြွန်ပေါက်တွင် ဆောင့်ကြောင့်ထိုင်နေ၏။ ကြောက်ရွံ့မှုကြောင့် ချွေးစေးများ ထွက်နေရာ ကြက်ဆင်ကြီး ဒုတိယထပ်သို့ တက်သွားသည့်အချိန်မှသာစိတ်သက်သာရာရစွာ ချွေးသုတ်လိုက်သည်။ ထိုအခါ ချွေးစက်တစ်စက် ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ 


မိန်းကလေး တောင့်တင်းသွားပြီး ဖြည်းညှင်းစွာ ခေါင်းငုံ့ကြည့်လိုက်သည်။


လေ၀င်ပေါက်အာက်တွင် ကြက်ဆင်ကြီးရပ်နေကာ အပေါ်သို့ ပြုံးဖြဲဖြဲ မော့ကြည့်နေပေသည်။ ကြက်ဆင်ကြီး ခြေသည်းမြှောက်ကာ ချွေးစက်ကို ဖမ်းလိုက်သည်။


ထို့နောက် နူးညံ့စွာ ပြောလိုက်၏။


“သမီးလေး မေမေ ဒီမှာလေ…”


ဘုန်း…


ကြက်ဆင်ကြီး မျက်နှာကျက်ကို ခြေသည်းဖြင့် ရိုက်လိုက်ရာ ဆံပင်တိုမိန်းကလေး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မိန်းကလေး ချက်ချင်းထွက်ပြေးလိုက်သည်။ 


ကြက်ဆင်ကြီး သားကောင်နှင့်အတူ ဆော့ကစားလိုက်၏။ ကြက်ဆင်ကြီး ‌ဆံပင်တိုမိန်းကလေးနောက် တစ်မီတာအကွာအဝေးခြားကာ လိုက်သွားပြီး တိုက်ခိုက်နေလေသည်။


ကြက်ဆင်ကြီး သူနှင့်ကစားနေကြောင်းသိသော်လည်း ဆံပင်တိုမိန်းကလေး သတိမလွှတ်ဝံ့ပေ။


ကြက်ဆင်ကြီး မိန်းကလေးနောက် နာရီ၀က်ခန့် ပြေးလိုက်သွားသည်။ မိန်းကလေး စိတ်ဓာတ်ကျကာ ပြိုလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။ မိနစ်အနည်းငယ်သာ ကျန်တော့ချိန် ကြက်ဆင်ကြီး၏မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ပေါ်လာ၏။


“ကတော်…ငါ နင့်ကို စားတော့မယ်…”‌


သေစေရန် ရည်ရွယ်ချက်ရှိသဖြင့် ဆံပင်တိုမိန်း‌ကလေး၏ခေါင်းကို အမှန်တကယ် ချိန်ရွယ်လိုက်ပေသည်။


ဆံပင်တိုမိန်းကလေး ကြောက်လန့်တကြီး အော်လိုက်သည်။


“ကယ်ကြပါ…”


ဝှစ်…


ငွေရောင်အလင်းတန်းက ကြက်ဆင်ကြီး ခြေသည်းထံ ဦးတည်ဝင်လာ၏။ 


ကြက်ဆင်ကြီး လှည့်ကြည့်လိုက်သောအခါ နင်နင်း လေးကိုင်ကာ ရပ်နေသည်ကိုတွေ့လိုက်ရသည်။ 


ထန်မော့နှင့် ဖူ၀မ်သော်တို့ နင်နင်း၏ဘယ်ညာတွင်ရပ်ကာ ထန်မော့ ထီးလေးဖွင့်လိုက်ပြီး ဖူ၀မ်သော် သေနတ်ပစ်လိုက်သည်။


ကျည်ဆံက အလျင်မြန်ဆုံးဖြစ်ပေသည်။ ကျည်ဆံကြောင့် ကြက်ဆင်ကြီး နောက်ဆုတ်သွားသည်။ ထီးလေးက သူ့ခန္ဒာကိုယ်ကို လာရိုက်ပြန်၏။


‌ထန်မော့ လျင်မြန်စွာ ပြေးကာ ထီးလေးကို ကောက်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဖူ၀မ်သော်ကို ဆွဲကာ ဖူ၀မ်သော်ကို လေထဲ ပစ်လွှတ်ပေးလိုက်၏။ ဖူ၀မ်‌သော် မျက်နှာကျက်အထိ ပျံသန်းသွားပြီး မျက်နှာကျက်ကို ထောက်ကန်ကာ အင်္ကျီလက်ထဲမှ အနက်ရောင်ဓားမြှောင်ဖြင့် ကြက်ဆင်ကြီး ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။


“ကတော်…”


ကြက်ဆင်ကြီးရင်ဘတ်မှ သွေးများ စီးကျလာလေသည်။


အနက်ရောင်မျှော်စင် ပျော်ရွှင်စွာ အချိန်ရေတွက်နေဆဲပင်။


“...၁၉၈…၁၉၇…၁၉၆…”


အချိန်များ ကုန်ဆုံးနေလေသည်။ ကြက်ဆင်ကြီး ဆံပင်တိုမိန်းကလေးကို လှည့်ကြည့်လိုက်ကာ အော်လိုက်သည်။


“နင့်ကို သတ်ပစ်ရမယ်…”


ထန်မော့ ထီးလေးကို အလျင်စလို ဖွင့်လိုက်သည်။ ယခင်တစ်ခေါက်ကဲ့သို့ နောက်ပြန်ဆွဲချင်သော်လည်း ကြက်ဆင်ကြီးကို နှစ်စက္ကန့်ခန့်သာ ဆွဲယူလိုက်နိုင်ပေသည်။


ထန်မော့၏နှလုံးသားတွင် ဆိုးရွားသည့်ခံစားချက် ခံစားလိုက်ရသည်။ သူ ဘာမှမပြောရသေးမီ ကြက်ဆင်ကြီး ဖူ၀မ်သော်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။


ဖူ၀မ်သော် မျက်မှောင်ကြုတ်ကာ အမြန်တုံ့ပြန်လိုက်သော်လည်း ကြက်ဆင်ကြီး၏ခြေသည်းဖြင့် သူ့ရင်ဘတ်ကို တိုက်ခိုက်လိုက်ပေသည်။ အရိုးများပင် ကျိုးသွားပုံရ၏။ ဖူ၀မ်သော် ကြမ်းပြင်ပေါ်သို့ ဒူး‌ထောက်ကျသွားပြီး ပါးစပ်မှသွေးများကို သုတ်လိုက်သည်။


ကြက်ဆင်ကြီး စင်ဘေးတွင် ရပ်ကာ နိမိတ်မကောင်းစွာ ပြောလိုက်၏။


“ကတော်…သူ့ကို သတ်ရမယ်…သူ့ကို သတ်ရမယ်…”


ကြက်ဆင်ကြီး သူ့ပစ်မှတ်ဖြစ်သည့် ဖူ၀မ်သော်ဆီသို့ တဟုန်ထိုး‌ ပြေးသွားလိုက်ပြန်သည်။



🪩