🌍Chapter 160
ဖူ၀မ်ရှန်း ၀င်ပေါက်သို့ ပြေးထွက်သွားသောအခါ နန်ကျင်းအဖွဲ့၀င်များက ဆွေမျိုးတစ်ယောက် တွေ့လိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်ဟုသာ ထင်ခဲ့ကြသည်။
ချိုက်ရုန် ကလေး၏ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
“နောက်ကြရင် ငါတို့ ဖူ၀မ်သော်အကြောင်း မပြောတော့ဘူး…မင်းအစ်ကိုက ဒီမှာပဲ…အစ်ကိုနဲ့တွေ့တဲ့အတွက် ကွန်ကရက်ကျူလေးရှင်းပါ…မင်းအစ်ကိုနဲ့ မိတ်ဆက်ပေးချင်လား…”
နန်ကျင်းအဖွဲ့၀င်များ တစ်ယောက်ကို တစ်ယောက် ပြုံးကာ ကြည့်လိုက်ကြသည်။
သူတို့ထဲမှ အချို့က ယခုမှ ဖြစ်စဉ်က ထွက်လာကြခြင်းဖြစ်ပေသည်။ သူတို့ အလုပ်များနေသော်လည်း ထိုအခိုက်အတန့်ကို စောင့်ကြည့်နေကြသည်။ ချိုက်ရုန် ဖူ၀မ်ရှန်းနှင့်အတူ ဖူ၀မ်သော်ထံ လျှောက်သွားလိုက်ပြီး သူ့နောက်တွင် ပိန်ပါးပါး အမျိုးသမီးတစ်ယောက်သာ ပါလေသည်။
ဤကား ထန်မော့ ဒဏ္ဍာရီလာနန်ကျင်းအဖွဲ့ခေါင်းဆောင် ချိုက်ရုန်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
သူက အရပ်ရှည်သော လူငယ်တစ်ယောက်ဖြစ်ပေသည်။ သူ့အသွင်အပြင်က ရိုးရှင်းပြီး ရိုးသား၏။ ရှောင်ကျီထုံး ပြောသလို ချိုက်ရုန် လမ်းလျှောက်သောအခါ ပြင်းထန်သည့်ခွန်အားကြောင့် မြေကြီးတုန်ခါသွားလေသည်။ ဖူ၀မ်သော်ကဲ့သို့သော်လူအချို့သည် သူတို့ခွန်အားကို လူများ မသိစေရန်လျှို့ဝှက်ထားနိုင်ကြ၏။ ချိုက်ရုန်ကမူ ကွာခြားသည်။ သူ့၏စွမ်းရည်က ခွန်အားကိုတိုးမြှင့်စေ၏။ ယင်းကား ဆပ်ကပ်ဖြစ်စဉ်တွင်းမှ ကတုံးပြောင်ကြီးနှင့် တူပေသည်။
ထန်မော့ ခေါင်းဆောင်ကို စိုက်ကြည့်လိုက်၏။ ချိုက်ရုန် ငုံ့ကြည့်လိုက်သောအခါ ဖူ၀မ်ရှန်းက ထန်မော့ကို ရှုပ်ထွေးစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကောင်လေးက ၁၂နှစ်သာရှိနေပြီး မျက်နှာပေါ်တွင် ခံစားချက်များစွာ မရှိပေ။ ဖူ၀မ်သော်ကို တွေ့ရသည်မှာ သူ့အတွက် အံ့အားသင့်စရာ ဖြစ်နေပြီဖြစ်သော်လည်း ထန်မော့က သူ့စိတ်ကူးကို ကျော်လွန်သွားပြီဖြစ်သည်။ သူ့ဘ၀တွင် ထန်မော့နှင့် ထပ်တွေ့လာရလိမ့်မည်ဟု မထင်ထားပေ။ ယခု ထန်မော့က သူ့ကြောက်စရာ၀မ်းကွဲဘေးတွင် ရပ်နေပေသည်။ ဤကား သူ လုံး၀စိတ်မကူးမိသည့်အရာဖြစ်၏။ ဖူ၀မ်သော် သူ့ကို ရှာတွေ့ခြင်းကြောင့်ဖြစ်စေ ထန်မော့၏တည်ရှိမှုကြောင့်ဖြစ်စေ သူ အလွန်အံ့အားသင့်နေရပြီဖြစ်သည်။
ဖူ၀မ်ရှန်း အကြည့်လွှဲလိုက်၏။
“ခေါင်းဆောင် သူက ကျွန်တော့်အစ်ကို မဟုတ်ဘူး…ကျွန်တော့်၀မ်းကွဲပဲ…”
ဖူ၀မ်ရှန်း၏အသံ ဖူဝမ်သော်နားထဲသို့ ရောက်ရှိလာ၏။ သူ ဖူ၀မ်သော်ကို မျက်တောင်ခတ်ပြလိုက်သည်။
ဖူ၀မ်သော် မျက်ခုံးပင့်ကာ ပြောလိုက်၏။
“ကျွန်တော်က ဖူ၀မ်ရှန်း၀မ်းကွဲပါ…”
ချိုက်ရုန် ရယ်မောလိုက်သည်။
“ဟားဟား…ငါက နန်ကျင်းအဖွဲ့ခေါင်းဆောင်ချိုက်ရုန်ပါ…ဆွေမျိုးတွေ အချင်းချင်းပြန်တွေ့ရတာရှားတယ်…ငါ မင်းတို့ နှစ်ယောက်တည်း စကားပြောဖို့ ထွက်သွားပေးမယ်…”
ချိုက်ရုန် ကလေးကို တွန်းလိုက်သည်။ ဖူ၀မ်ရှန်း တုံ့ဆိုင်းစွာ လျှောက်သွားလိုက်ပြီး ဖူ၀မ်သော်ဘေးတွင် နာခံစွာ ရပ်လိုက်သည်။
ချိုက်ရုန် ပြောလိုက်၏။
“ရှောင်ရှန်းက ဆွေမျိုးနဲ့တွေ့ရတာ နည်းနည်း ရှက်နေပုံပဲ…”
ထို့နောက် သူ အမျိုးသမီးငယ်နှင့်အတူ လှည့်ထွက်သွားလိုက်၏။ ချိုက်ရုန်က မူမမှန်သည့်အမူအရာမပြသခဲ့သော်လည်း သူ့ဘေးရှိ အမျိုးသမီးကမူ ထန်မော့နှင့်ဖူ၀မ်သော်ကို ကြိမ်ဖန်များစွာ စိုက်ကြည့်နေပေသည်။
ဖူ၀မ်ရှန်းက ဖူ၀မ်သော်သည် သူ့ဆွေမျိုးဖြစ်ကြောင်း ၀န်ခံသောအခါ ချိုက်ရုန် စိတ်သက်သာရာရသွား၏။
ရှောင်ကျီထုံးက အာမခံချက်ပေးသဖြင့်၉၀%ခန့် စိတ်ချရသော်လည်း ယခု ဖူ၀မ်ရှန်းဆွေမျိုးနှင့်ပြန်ဆုံသည့်အတွက် အလွန် ၀မ်းသာရပေပြီ။
သူတို့ ထွက်သွားသည်နှင့် ထန်မော့ ဖူ၀မ်ရှန်းကို ကြည့်လိုက်သည်။ ဖူ၀မ်ရှန်းက ၀မ်းကွဲကို ကူရာမဲ့စွာ ကြည့်နေပေသည်။ သူ ထန်မော့ကို တစ်ချက် ချောင်းကြည့်လိုက်ပြီး ဖူ၀မ်သော်ကို ပြန်ကြည့်လိုက်ပြန်သည်။
အချိန်အတော်ကြာပြီးနောက် ဖူ၀မ်ရှန်း ပြောလိုက်သည်။
“ကော ဒီကို ဘယ်လိုရောက်လာတာလဲ…မစ်ရှင်လုပ်ဖို့ ထွက်သွားတယ်ထင်တာ…”
ဖူ၀မ်သော် သူ့၀မ်းကွဲကို ကြည့်လိုက်သည်။
“အသားဆော့စ်ပြောင်းပစ်ရမလား…”
ဖူ၀မ်ရှန်း :”...”
ကောင်လေး၏အမူအရာကို မြင်သောအခါ ဖူ၀မ်သော် သူ့၀မ်းကွဲကို မည်သို့အနိုင်ကျင့်သည်ကို ထန်မော့သိသွား၏။
ဤနေရာတွင် စကားရပ်ပြောရန် မကောင်းသဖြင့် သူတို့ ဖူ၀မ်ရှန်းအခန်းသို့ သွားလိုက်ကြ၏။ အခန်းက ရိုးရှင်းသောပရိဘောဂများပါသည့် အခန်းငယ်လေးမျှသာ။ ကမ္ဘာကြီး အွန်လိုင်းပေါ်တက်ပြီးနောက် ကစားသမားများ၏ အရည်အသွေးက တိုးတက်လာပြီး အိပ်စက်အနားယူရန် သိပ်မလိုသဖြင့် မည်သည့်နေရာတွင် အိပ်အိပ်ပြဿနာမရှိပေ။
ဖူ၀မ်ရှန်း အခန်းထဲသို့ ရောက်သောအခါ ရိုးသားစွာ ပြောလိုက်သည်။
ခန့်မှန်းမိပြီးသားဖြစ်သဖြင့် အများကြီး ရှင်းပြရန် မလိုပေ။ ဖူ၀မ်ရှန်းက နန်ကျင်းအဖွဲ့၀င်တစ်ယောက်ဖြစ်ပြီး ဤလေးလအတွင်း သူ့အဖွဲ့၀င်များနှင့် ဖြစ်စဉ်များစွာတွင် ပါ၀င်ခဲ့လေသည်။ သူ နာမည်ရင်းကို မဖုံးကွယ်နိုင်ပေ။ သူနှင့်ဖူ၀မ်သော်၏နာမည်မျိုးက ရှားပါးလွန်းသဖြင့် လူများ တွေးမိရန် လွယ်ကူပေသည်။
တရုတ်နိုင်ငံတွင် ဖူ၀မ်သော်၏အထောက်အထားက ထိလွယ်ရှလွယ်ဖြစ်၏။ ကစားသမားများကို မျှော်စင်ထဲ ဆွဲသွင်းမိသည်မှာ သူ့အပြစ်မဟုတ်ချေ။ သူ မဟုတ်လျှင်ပင် အခြားကစားသမား လုပ်မိမည်ဖြစ်သည်။ ယင်းကို သိကြသော်လည်း လူများက ဖူ၀မ်သော်ကို ဒေါသထွက်နေဆဲဖြစ်သည်။
ထို့အတွက်ကြောင့် ဖူ၀မ်ရှန်း သူ့ကိုယ်သူကာကွယ်ရန် ဖူ၀မ်သော်ကို မသိကြောင်းငြင်းခဲ့ရပေသည်။
ဖူ၀မ်သော် သူ့ဆီ ရောက်လာသည့်အခါ ဖူဝမ်သော် သူ့ကိုယ်သူ ဖုံးကွယ်ထားကြောင်းမှန်းဆမိသဖြင့် ဖူ၀မ်သော်ကို သူ့၀မ်းကွဲအဖြစ်သာ မိတ်ဆက်ပေးခဲ့ရခြင်းဖြစ်သည်။
ပါးနပ်သည့်လူတစ်ယောက်သာဆိုလျှင် ဖူဝမ်ရှန်း၏မိတ်ဆက်ပေးမှု ထူးဆန်းနေကြောင်း သတိထားမည်ဖြစ်သော်လည်း အများစုကမူ တွေးမိကြမည် မဟုတ်ချေ။
ထန်မော့ မေးလိုက်သည်။
“မင်းရဲ့ခေါင်းဆောင်နဲ့ အတူတူရှိနေတဲ့မိန်းမက ဘယ်သူလဲ…”
“သူက ရွှီရုန်လို့ခေါ်တဲ့ နန်ကျင်းအဖွဲ့၀င်ပဲ…အစ်မရုန်က အရမ်းအစွမ်းထက်တယ်…”
“သူက ငါတို့အကြောင်း တစ်ခုခု ရိပ်မိပုံပေါ်တယ်…”
ထန်မော့လေသံက သေချာပေသည်။
ဖူ၀မ်ရှန်း အံ့ဩသွားသည်။ သူ ပြီးပြည့်စုံစွာ လှည့်စားနိုင်ခဲ့သည်ဟု ထင်နေခြင်းဖြစ်သည်။ သူ တိုးတိုး ပြောလိုက်သည်။
“...အစ်မရုန်က အရမ်းဉာဏ်ကောင်းလို့ဖြစ်မယ်…သူ သံသယရှိရင်တောင် ကောကို မှန်းဆမိမှာ မဟုတ်ပါဘူး…”
နောက်ဆုံးတွင် အခန်းထဲရှိ လေထု လျော့ကျသွား၏။ ဖူ၀မ်ရှန်းက ဖူဝမ်သော်ကို အလွန်စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ အချိန်အတော်ကြာ ကြည့်ခွင့်ပေးပြီးနောက် ထန်မော့မေးလိုက်သည်။
“ကမ္ဘာကြီးအွန်လိုင်းပေါ် တက်ပြီးနောက် ဘာတွေဖြစ်သွားလဲ…”
ဖူ၀မ်ရှန်း အံကြိတ်ကာ လေးလအတွင်း သူ ကြုံတွေ့ခဲ့ရသည်များကို အကြမ်းဖျင်းပြောပြလိုက်၏။
နန်ကျင်းက အစပိုင်းတွင် ဤသို့ မအေးချမ်းသေးပေ။ လွန်ခဲ့သည့်လေးလက အနက်ရောင်မျှော်စင် ဂိမ်းစတင်ခဲ့ပြီး လူထောင်ပေါင်းများစွာ ပျောက်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သည့်ကစားသမားများမှာလည်း အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ ရှန်ဟိုင်းကဲ့သို့ပင် နန်ကျင်းတွင်လည်း လူစိမ်းများကို သတိထားကာ အသက်ရှင်ကျန်ရစ်သည့် ဆွေမျိုး၊ မိတ်ဆွေများ ရှာဖွေခဲ့ကြရသည်။
“အဘိုးနဲ့အဘွား မရှိတော့ဘူး…မနက်မိုးလင်းလို့ အောက်ထပ်မှာ ဆူညံသံကြားလို့ ဆင်းကြည့်တာ အိမ်ကလူတွေ မရှိကြတော့ဘူး…ကျွန်တော် အပြင်မထွက်ရဲလို့ ဗီလာမှာပဲ ရက်နည်းနည်းလောက် ပုန်းနေခဲ့တယ်…ပြီးတော့…”
ဖူ၀မ်ရှန်း ခေါင်းငုံ့လိုက်သည်။
“ကောက ကျွန်တော့်ကို ဂိမ်းထဲ ဆွဲသွင်းလိုက်တယ်…”
ကမ္ဘာကြီးအွန်လိုင်းပေါ်တက်ပြီး နှစ်ပတ်အကြာတွင် ချိုက်ရုန်ပေါ်ထွက်လာပြီးနန်ကျင်းအဖွဲ့ကို တဖြည်းဖြည်း တည်ထောင်ခဲ့ကာ နန်ကျင်းဗျူဟာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ တစ်လကြာပြီးနောက် ဖူ၀မ်ရှန်း နန်ကျင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ သူက ငယ်သေးသော်လည်း ထက်မြက်ကာ လိမ္မာပေသည်။ ဂိမ်းများတွင် ချိုက်ရုန်နှင့်မကြာခဏပါ၀င်လေ့ရှိပြီး နန်ကျင်းအဖွဲ့နှင့်ရင်းနှီးလာခဲ့၏။
“ကျွန်တော် ကောကို ရှာချင်ပေမဲ့ ဘယ်ကစရှာရမလဲမသိဘူး…ခေါင်းဆောင်ရှောင်က တရုတ်စီရင်စု၁က ပေကျင်းလို့ မှန်းဆမိခဲ့ပေမဲ့ ပေကျင်းက အရမ်းဝေးလွန်းတယ်…ကျွန်တော် တစ်ယောက်တည်းသွားလို့မရလို့ ဒီမှာပဲ နေခဲ့တယ်…ကော ကျွန်တော့်ကို ရှာတွေ့တာ…သူ့ကြောင့်လား…”
ဖူ၀မ်ရှန်း ထန်မော့ကို ကြည့်လိုက်သည်။
“ရတနာကော်ရစ်တာမလား…”
ကလေးက ထက်မြက်နေဆဲဖြစ်သည်။
ထန်မော့ ပြုံးလိုက်၏။
“မင်းနာမည်က ခန့်မှန်းရလွယ်မှန်း မသိဘူးလား…”
ဖူ၀မ်ရှန်း အံ့ဩသွားသည်။
“ကျွန်တော် မသိအောင် မနဲ ကြိုးစားထားရတာ…”
ထန်မော့ မငြင်းပေ။
ထန်မော့သာ ဖူ၀မ်သော်ကို မသိခဲ့လျှင်သူနှင့်ဖူ၀မ်ရှန်းကို ဆက်စပ်တွေးမိမည် မဟုတ်ပေ။ တရုတ်နိုင်ငံက အလွန်ကြီးမားပြီး ထိုနာမည်မျိုးက ရှားပါးသော်လည်း အခြားနာမည်ပိုင်ရှင်များ မရှိခြင်း မဟုတ်ပေ။
ကောင်လေး၏ကိစ္စပြီးသောအခါ ထန်မော့နှင့် ဖူ၀မ်သော်တို့ ရှင်းပြရန် အချိန်ရောက်လာပေသည်။
ဖူ၀မ်သော်၏အတွေ့အကြုံကို တရုတ်ကစားသမားတိုင်း သိပြီးဖြစ်လေသည်။
“ငါ ရှန်ဟိုင်းမှာ တစ်ခုခုသွားရှာတုန်း ငါ့ရဲ့လက်ရှိအဖော် ထန်မော့နဲ့တွေ့ခဲ့တယ်…ငါတို့ အခု ပေကျင်းကို သွားနေတာ …”
ဖူ၀မ်သော် သူ့၀မ်းကွဲကို ငုံ့ကြည့်လိုက်သည်။
ပေကျင်းသို့သွားမည့်အကြောင်း ကြားသောအခါ ကောင်လေး၏မျက်လုံး ပြူးကျယ်သွားသည်။ သို့သော် မကြာမီ တည်ငြိမ်သွား၏။
တရုတ်စီရင်စု၁က ပေကျင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့်လ ဖူ၀မ်သော် အနက်ရောင်မျှော်စင်ဒုတိယထပ်ရှင်းလင်းပြီးသည့်အခါ စီရင်စု၂တွင် ရှိနေ၏။ ရှောင်ကျီထုံးက တရုတ်စီရင်စု၂ကို ရှန်ဟိုင်းဟု မှန်းဆခဲ့သည်။ မူလက သူ ဖူ၀မ်သော် ရှန်ဟိုင်းတွင် ရှိကြောင်း သိသည့်အခါ စိတ်လှုပ်ရှားခဲ့သည်။ နေရာက နီးသဖြင့် တစ်ယောက်နှင့်တစ်ယောက် တွေ့ရန် အခွင့်အလမ်းများပေသည်။
သို့သော် ယခု ဖူ၀မ်သော်ကို တွေ့သည့်အခါ သူနားလည်သွားသည်။ ဖူ၀မ်သော်က ပေကျင်းမှ ရှန်ဟိုင်းကို ၊ ရှန်ဟိုင်းမှ ပေကျင်းကို သွားနိုင်ပေသည်။
ပေကျင်းက ဖူ၀မ်သော်၏အခြေစိုက်စခန်းဖြစ်သဖြင့် သူ ပြန်သွားရမည်ဖြစ်သည်။
ဖူ၀မ်သော် ဖူ၀မ်ရှန်း၏အဖြေကို စောင့်လိုက်သည်။
ထန်မော့ ဆွေမျိုးနှစ်ယောက်သီးသန့်စကားပြောနိုင်ရန် အခန်းထဲမှ ထွက်သွားပေးလိုက်၏။
သူ သွားမှာလား…မသွားဘူးလား…
အဖြေက ဖူ၀မ်ရှန်းပေါ်တွင် ရှိနေသည်။
နန်ကျင်းသို့ မရောက်မီ ဖူ၀မ်သော်က ဖူ၀မ်ရှန်းတစ်ယောက်တည်း ရှိနေသည်ဟု ထင်ခဲ့သဖြင့် သူနှင့်အတူခေါ်သွားရန် တုံ့ဆိုင်းမည် မဟုတ်ပေ။သို့သော် ဖူ၀မ်ရှန်းက ဤနေရာတွင် ကိုယ်ပိုင်အဖွဲ့ရှိနေသည့်အပြင် နန်ကျင်းအဖွဲ့က လုံခြုံစိတ်ချရ၏။ ဖူ၀မ်ရှန်းကလည်း ဤနေရာတွင် အဆင်ပြေသဖြင့် သူ့ကို ခေါ်သွားမသွားအရေးမကြီးတော့ပေ။
ထန်မော့ တံခါးအပြင်တွင် ရပ်ကာ ကောင်းကင်ပြာကြီးကို ကြည့်လိုက်သည်။
သူ သေနတ်ပစ်လေ့ကျင့်သင့်လား…
အဖြေစောင့်နေသင့်လား…
ထိုစဉ် သူ ဖူ၀မ်သော် အသားဆော့စ် ပြောင်းပစ်မည်ဟုပြောသောအခါ ဖူ၀မ်ရှန်း၏ထိတ်လန့်သောအမူအရာကို သတိရသွား၏။
“ဖူ၀မ်သော်က သူ့၀မ်းကွဲကို မရိုက်လောက်ပါဘူး…”
ထန်မော့ ရယ်မောလိုက်သည်။ နွေးထွေးသည့်နန်ကျင်းတွင် အချိန်ကုန်ဆုံးပြီးနောက် သူ့စိတ် အလွန်တည်ငြိမ်လာလေသည်။
ထန်မော့ ရလဒ်စောင့်နေစဉ် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ ကော်ရစ်တာအဆုံး လျှောက်သွားလိုက်ပြီး ကောင်းကင်မှ ငါးထောင့်ကြယ်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် အနောက်ဘက်မှ ကျယ်လောက်သည့်အမြောက်သံ ထွက်လာပြီး တစ်အိမ်လုံး လှုပ်ခါသွား၏။ ဖူ၀မ်သော် အခန်းပြင် ထွက်လာပြီး ထန်မော့ဆီ သွားလိုက်သည်။
ဖူ၀မ်သော် ထန်မော့အကြည့်လိုက် လိုက်ကြည့်လိုက်သောအခါ ကောင်းကင်ထဲမှအဖြူရောင်ကြယ်ကို တွေ့လိုက်ရပေသည်။
သူ အံ့ဩသွား၏။
“ဘာဖြစ်တာလဲ...''
နန်ကျင်းအခြေစိုက်စခန်းထဲရှိ ကစားသမား၁၀ယောက်ကျော် အိမ်ပြင်ထွက်လာပြီး အနောက်ဘက်ကောင်းကင်ကို ကြည့်လိုက်ကြသည်။
ချိုက်ရုန် လှမ်းကြည့်သောအခါ တောက်ပနေသောကြယ်ကို တွေ့လိုက်ရ၏။
“ရှောင်ကျီထုံး…”
🪩