ပထမနေ့ ညနေ ၃နာရီ ၈မိနစ်
စုန့်ရန်က ကလေးငယ်လေးများဖတ်သည့်ရုပ်ပုံစာအုပ်များတွင် ပန်းချီရေးဆွဲသူဖြစ်သည်။
သူ့အလုပ်ကို စတင်လုပ်ကိုင်ချိန်မှစ၍ အက်စ်မြို့တွင်နေထိုင်ပြီး အသက်မွေးဝမ်းကြောင်းမှုကို စတင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက်တွင် စာအုပ်တိုက်များနှင့် ရေရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ သူက လုံ့လဝီရီယရှိပြီး ယဉ်ကျေးသူဖြစ်ပြီး ပုံကြမ်းများကိုလည်း အချိန်မီပေးနိုင်သူဖြစ်သောကြောင့် ပုံကြမ်းတည်းဖြတ်ဌာနမှ အန်တီများနှင့် အစ်မကြီးများအားလုံးက သူ့ကို သဘောကျကြသည်။ သူ့ကို သားအရင်းသဖွယ် သဘောထားကြပြီး တက်လမ်းရှိသောလူရည်မွန်လေးတစ်ယောက်ဖြစ်သည့်အတွက် ချစ်သူကောင်မလေးရှာဖွေရန် ပြောကြသည်။ ထိုစကားများပြောလာလျှင် သူက ရယ်ရယ်မောမောဖြင့်သာ "မလိုသေးပါဘူး" ဟု ငြင်းဆိုလေ့ရှိသည်။
သူက လိင်တူချစ်သူတစ်ယောက်ဖြစ်နေသည့်အတွက် အခြားမိသားစုမှ အပြစ်ကင်းသော သမီးပျိုလေးများကို ဦးဆောင်နိုင်မည်မဟုတ်သည့်အတွက် ဤကိစ္စက သူ့အတွက် ဟာသတစ်ခုသဖွယ်ဖြစ်နေသည်။
စုန့်ရန်၏ အတွေးအမြင်သဘောထားက ခိုင်မာနေသည့်အတွက် ပြောင်းလဲရန် မဖြစ်နိုင်ပေ။ သူ့သက်တမ်းနှစ်ဆယ်ကျော်အတွင်းတွင် အတည်တကျဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အချိန်မရှိသကဲ့သို့ သူအမှန်တကယ်သဘောကျသည့်လူ တစ်ယောက်မှ မရှိခဲ့သော်လည်း သူ၏လူကြီးအိမ်မက်ထဲတွင် သူ့ခန္ဓာကိုယ်ကို အုပ်မိုးထားသည့် ဝိုးတပါးပုံရိပ်က ရင်သားများရှိသည့် အမျိုးသမီးမဟုတ်ခဲ့ပေ။
တစ်ကိုယ်တည်းသမားစုန့်ရန်က ယခုအချိန်ထိ ပါတနာမရှိသေးပေ။
အက်စ်မြို့သို့ ပထမဆုံးအကြိမ်ရောက်လာစဉ်က မီးရထားဘူတာရုံတွင် လက်ချင်းတွဲထားသည် လိင်တူစုံတွဲတစ်တွဲကို တွေ့ခဲ့သည်။ သို့ဖြစ်၍ ဤမြို့မှ အခြားလိင်တူစုံတွဲများကလည်း လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်းမြင်သာစွာ နေနိုင်ကြသည်ဟု ထင်ခဲ့မိသည်။ ရလဒ်အနေဖြင့် သတ္တိမွေးပြီးနောက် ညသန်းခေါင်အချိန်တွင် ဂေးဘားတစ်ခုသို့ သွားခဲ့သည်။ သို့ရာတွင် ဂေးဘားရောက်သည့်အခါ လိင်စိတ်နိုးထစေသည့် ဝတ်ပုံစားပုံများနှင့် တပ်မက်ခြင်းများဖြင့် ပြည့်နေသည့် လေထုအနေအထားကြောင့် ကြောက်လန့်ပြီး ပြန်လညခဲ့ရသည်။ ထိုအချိန်မှစ၍ ဤနည်းလမ်းဖြင့် ပါတနာရှာခြင်းကို မလုပ်ဆောင်ရန် တွေးခဲ့သည်။
ယနေ့အချိန်အထိ စုန့်ရန်က တစ်ကိုယ်တည်းဖြစ်ဆဲပင်။
နွေဦးရာသီနှောင်းပိုင်းပြီးနောက် နွေရာသီ စတင်လာခဲ့ပြီး ဆောင်းဦးမှ ဆီးနှင်းများနောက်တွင် ဆောင်းရာသီနှင်းခဲများ ရောက်ရှိလာခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး ပန်းပင်မှ အခက်အလက်များကို ပက်ဖြန်းနေချိန်တွင် သူ ရုပ်ပုံကြမ်းများဆွဲနေခဲ့သည်။ ပုံထဲမှ နွေးထွေးသောနေရောင်ခြည်နှင့် သစ်ရွက်ကြွေများကို အရောင်များ ထည့်နေခဲ့သည်။ စုတ်ချက် တစ်ချက်စီတိုင်းက အေးဆေးတည်ငြိမ်နေသည်။
ရံဖန်ရံခါတွင် အနာဂတ်တွင်တွေ့ရမည့် သူ၏ချစ်သူကလည်း သူ့ကဲ့သို့လူမျိုးဖြစ်ရန် မျှော်လင့်နေမိသည်။ စုန့်ရန်က သူ့ကိုဦးဆောင်ပေးမည့်လူမျိုးကို သဘောကျသည်။ သူကိုာယ်တိုင်ကလည်း ဘဝကို စွမ်းအင်အပြည့်ဖြင့်နေထိုင်ပြီး မည်သူ့ကိုမဆို အပြုံးလေးဖြင့်သာ ဆက်ဆံသည်။ သူ ထိုသို့ နေထိုင်ခြင်းမှာလည်း သူနှင့် ကံကြမ္မာချင်းယှက်နွယ်မည့်လူကို မည်သည့်နေရာတွင်မဆို မမျှော်လင့်ပဲ တွေ့ဆုံနိုင်သောကြောင့်ဖြစ်သည်။
ထိုလူကိုာပထမဆုံးပြသမည့် အမူအရာက သူ၏ သန်းစင်သော အပြုံးတစ်ခု ဖြစ်ရမည်ဟု စုန့်ရန် မျှော်လင့်ထားမိသည်။
စုန့်ရန် ပြုံးလိုက်ချိန်တိုင်းတွင် ပါးပြင်ပေါ်၌ အလွန်လှပသည့် ပါးချိုင့်နှစ်ခု ပေါ်လာ၍ ရင့်ကျက်ပြီးသူများတွင် မြင်ရခဲသည့် အပြစ်ကင်းမှုနှင့် ငယ်ရွယ်မှုများကို မြင်တွေ့ရနိုင်သည်။ သို့ဖြစ်၍ သူက တည်းဖြတ်ဌာမှ အန်တီများ၏ မိခင်မေတ္တာကို လွယ်လွယ်ရရှိနိုင်ပေသည်။
သို့ရာတွင် တစ်နေ့မှစ၍ သူ၏ ယုံကြည်ချက်များ ပျောက်ဆုံးစပြုလာသည်။
ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် လက်ရှိအချိန်၌ သက လူနေအိမ်ရာဧည့်ခန်း၏ တံခါးဝတွင် ရပ်နေပြီး သော့ကတ်ကိုကိုင်ထားကာ အလင်းပြန်မှုများပင် ဖြစ်ပေါ်စေနိုင်သည်အထိ တောက်ပသော သူ၏မူပိုင်အပြုံးကို အဆက်မပြတ် လေ့ကျင့်နေသည်။ သူ၏ ခန္ဓာကိုယ်သာမက နှုတ်ခမ်းများကပါ စိတ်ပူပန်နေမှုများကို မဖုံးကွယ်နိုင်ဖြစ်နေသည်။
ဤဧည့်ခန်းမက လူရှင်းသော်လည်း တစ်ယောက်ယောက်က အချိန်မရွေးထွက်လာနိုင်ပေသည်။
သူ့မျက်လုံးထောင့်များနှ ဘေးပတ်ပတ်လည်ကိုကြည့်ရှု့နေပြီး လူတစ်ယောက်ယောက်ထွက်လာပါက အပြုံးတစ်ပွင့်ကို အလျင်အမြန်ဆင်မြန်းရန် ပြင်ထားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးသည့်အခါ သော့ကတ်ကိုဖြတ်လိုက်ချိန်တွင် ' တင် တောင်' ဟူသောအသံက ဦးခေါင်းအထက်မှ ပေါ်ထွက်လာသည်။
ဖန်တံခါးကို တွန်းဖွင့်သွားပြီးနောက် ဧည့်ခန်းမကိုကျော်ဖြတ်ကာ ဓာတ်လှေကားဘက်သို့ ဦးတည်သွားလိုက်သည်။
ပထမတစ်လှမ်းတွင် မည်သူမှ ပေါ်မလာပေ။
ဒုတိယတစ်လှမ်းတွင်လည်း မည်သူမှ မရှိပေ။
တတိယစတုတ္ထ... ခြေလှမ်းတစ်လှမ်းရောက်လာတိုင်း သူ့နှလုံးသားထဲတွင် စိုးရိမ်ကြောင့်ကြမှုများလာသည်။
၁၅လှမ်းမြောက်သို့ ရောက်သည့်အခါ စုန့်ရန်က ဓာတ်လှေကားနှစ်ခုအရှေ့တွင် ရပ်နေသည်။ ဓာတ်လှေကားမှ နံပါတ်က ပထမထပ်တွင်သာ ရှိနေဆဲဖြစ်၍ အပေါ်မှအောက်သို့ဆင်းလာသည့် တစ်ယောက်ယောက်နှင့် ဆုံတွေ့ရန် မဖြစ်နိုင်ပေ။
စုန့်ရန် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
ယနေ့တွင်လည်း ထိုလူနှင့် နောက်တစ်ကြိမ်ပြန်တွေ့ရန် အခွင့်အရေးက ပျောက်ကွယ်သွားပြန်ပြီဖြစ်သည်။
စုန့်ရန်က ခလုတ်နှိပ်လိုက်ပြီးနောက် ဓာတ်လှေကားထဲ ဝင်လာခဲ့သည်။ တစ်ဖက်သို့လှည့်ပြီး ဖန်သားဖြင့်ပြုလုပ်ထားသည့်တံခါးကိုကြည့်ပြီး နောက်ဆုံးအကြိမ် ဆုတောင်းလိုက်သည်။
ဓာတ်လှေကားတံခါးပိတ်သွားရန် ငါးစက္ကန့်အချိန်ရပေသည်။
သူ့မှာ အချိန် ငါးစက္ကန့်တောင် ရှိသေးတယ်...
အကယ်၍ တစ်ယောက်ယောက်ပေါ်လာခဲ့ပါက ဆံချည်တစ်မျှင် သို့မဟုတ် အင်္ကျီစတစ်စကို တွေ့ခဲ့လျှင်ပင် တံခါးပြန်ဖွင့်ရန်ခလုတ်ကို တွန့်ဆုတ်ခြင်းမရှိပဲ နှိပ်လိုက်မည်ဖြစ်သည်။
သို့ရာတွင် မည်သူမှ ပေါ်မလာခဲ့ပေ။
ဤတစ်ကြိမ်တွင်လည်း ကံကြမ္မာက သူ့ကိုမျက်နှာသာ မပေးခဲ့ပြန်ပေ။
ယခင်နေ့ရက်များကဲ့သို့ပင် ဓာတ်လှေကားတံခါးက ချောချောမွေ့မွေ့ဖြင့် ပိတ်သွားခဲ့သည်။ ဓာတ်လှေကားမှ နံပါတ်များ တဖြည်းဖြည်းမြင့်လာချိန်တွင် အတွင်းမှ လေထုအခြေအနေကလည်း ပိုမိုလေးလံလာခဲ့သည်။
ကိစ္စမရှိပါဘူးလေ...
သူ့ကိုယ်သူ စိတ်ထဲတွင် အားပေးနေမိသည်။
ဒီနေ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တော့ရောဘာဖြစ်လဲ... မနက်ဖြန်၊ သန်ဘက်ခါ၊ ဖိန်းနွဲခါ အဲ့ရက်တွေ ရှိသေးတာပဲ... သူ ဒီနေရာမှာနေပြီး စိတ်ရှည်လက်ရှည်စောင့်နေသရွေ့တော့ အဲ့လူနဲ့ ပြန်တွေ့ရဖို့ အခွင့်အရေးရှိနိုင်တာပဲလေ...
စုန့်ရန်က အလွန်အမင်း အကောင်းမြင်တတ်သူဖြစ်သည်။ ကလေးရုပ်ပြစာအုပ်များရေးဆွဲသူဖြစ်၍ သူ့ဘဝက သန့်ရှင်းစင်ကြယ်ပြီး စိတ်ဝင်စားစရာကောင်းသည့် နတ်သမီးပုံပြင်များဖြင့် ပြည့်နေသည်။ အရွယ်ရောက်လာသည်အထိ သူကကလေးကလားဆန်သည့် စိတ်နေသဘောထားမျိုးရှိနေခဲ့သည်။ ကလေးများက ခရစ်စမတ်ဖိုးဖိုးနှင့် လမင်းကြီးပေါ်တွင် ယုန်တစ်ကောင်ရှိသည်ဟု ယုံကြည်ကြသကဲ့သို့ သူသည်လည်း လူနှစ်ယောက်အကြားတွင် ကံကြမ္မာဆက်နွယ်မှုများရှိသည်ဟု ယုံကြည်နေမိသည်။ အကယ်၍ ရက်လေးဆယ်တိတိ စောင့်ဆိုင်းနေပါက ကံကြမ္မာက သူ့ကို မျက်နှာသာပေးလာမည်ဟု ထင်နေမိသည်။
ကံကြမ္မာဟူသည်မှာ - တစ်နေ့သောနေ့လည်ခင်းအချိန်တွင် အိမ်ငှားခပေးရန် တစ်ကြိမ်မှ နောက်မကျဖူးသောစုန့်ရန်က အိမ်ပိုင်ရှင်အိုကြီးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူ၏မိသားစုတွင် ကိစ္စငယ်တစ်ခုရှိနေ၍ သူ ငှားရမ်းနေထိုင်သည့်အိမ်ကို ပြန်ရောင်းရမည်ဟု ဆိုလာသည်။ သူ့အိမ်ငှားစာချုပ်သက်တမ်းကို အသစ်ထပ်တိုး၍ မရတော့သဖြင့် နေစရာအိမ်အသစ်တစ်လုံး အမြန်ဆုံးရှာရန် အခက်အခဲဖြစ်လာခဲ့သည်။
တိုက်ဆိုင်သည်မှာ ထိုဖုန်းမခေါ်ဆိုမီအချိန်က ပုံကြမ်းရေးဆွဲသည်များပြီးဆုံးသွား၍ စိတ်အေးလက်အေးဖြစ်နေသောအချိန်ဖြစ်သည်။ ထိုကိစ္စကို ကြားပြီးသာ်နှငိ့ သူက အလိုလိုက်ခံရသည့်ကလေးတစ်ယောက်သဖွယ်ပြုမူကာ နှုတ်ခမ်းစူနေပြီး တည်းဖြတ်ဌာနမှလူများကို ဂျီကျနေချိန်လည်းဖြစ်သည်။
နောက်ထပ်တိုက်ဆိုင်ခြင်းတစ်ခုမှာ သူ့ဘေးနားတွင် ဈေးချသည့်ဂါဝန်များရှာဖွေနေသည့် အန်တီကျီက ပေခ်ျ့တစ်ခုကိုနှိပ်လိုက်၍ အဖြူရောင်အကွက်ကြီးပေါ်လာသောကြောင့် ခဏစောင့်နေချိန်တွင် စုန့်ရန်ပြောနေသည်များကို ကြားလိုက်ရသည်။
လွန်ခဲ့သည့်တစ်နာရီခန့်က အန်တီကျီ၏အိတ်ထဲတွင် သော့အပိုတစ်ချောင်းပါလာခဲ့သည်။
ထိုသော့က ကျောက်စိမ်းပင်လယ်အော်အဆောက်အဦး ယူနစ်ငါးမှ အခန်းနံပါတ် 8102Aကို ဖွင့်နိုင်ပေသည်။
အန်တီကျီထံတွင် ဆယ်စုနှစ်များစွာ ရင်းနှီးခဲ့သော လျှိုမျိုးနွယ်မိတ်ဆွေတစ်ယောက် ရှိပေသည်။ လွန်ခဲ့သည့်နှစ်ဝက်ခန့်က ထိုမိတ်ဆွေအန်တီကြီးနှင့် သူ့ခင်ပွန်းတို့က ကျောက်စိမ်းပင်လယ်အော် အဆောက်အဦးနေရာတွင် အိမ်အသစ်တစ်လုံးဝယ်ခဲ့သည်။ သူတို့က အတွင်းပိုင်းပြင်ဆင်မှုများပြုလုပ်ပြ၍ ပရိဘောဂများ ထည့်သွင်းပြီးချိန်၌ ဩစတေးလျတွင်နေထိုင်သည့် သမီးဖြစ်သူက မြေးလေးမွေးတော့မည်ဟု အကြောင်းကြားခဲ့သည်။ သူတို့လင်မယားနှစ်ယောက်က မဲလ်ဘုန်းမြို့သို့သွားရန်အတွက် အလျင်စလို လက်မှတ်များဝယ်ပြီးနောက်တွင် သူတို့၏ Ragdollကြောင်လေးကို ဂရုစိုက်မည့်လူ မရှာတွေ့ခဲ့ပေ။ သို့ဖြစ်၍ ကြောင်ချစ်တတ်ပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သည့် လူငယ်တစ်ယောက်ကို အခန်းငှားရန်တာဝန်ကို အန်တီကျီထံ ယုံယုံကြည်ကြည်ဖြင့် အပ်နှံခဲ့ကြသည်။
( T/N - မယ်လ်ဘုန်းက ဩစတေးလျအရှေ့တောင်ပိုင်းက ကမ်းခြေမြို့လေးပါ
Ragdollကြောင်ဆိုတာ အမွေးဖြူဖြူ မျက်လုံးပြာလေးတွေရှိတဲ့ကြောင်လေးတွေပါ၊ အမေရိကန်နိုင်ငံက ကြောင်သားဖောက်တဲ့လူတစ်ယောက်က ၁၉၆၀နောက်ပိုင်းမှာ Ragdollမျိုးစိတ်ဖြစ်အောင် သားဖောက်နိုင်ခဲ့ပါတယ် )
အရေးကြီးဆုံးအရာမှာ အိမ်ငှားခက တစ်လလျှင် ယွမ်နှစ်ထောင်သာ ကုန်ကျခြင်းပင်။
လျှိုမျိုးနွယ်လင်မယားက Fတက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပရော်ဖက်ဆာများဖြစ်ကြသည်။ သူတို့က နှစ်ပေါင်း၃၀တိုင် စာသင်ကြားခဲ့ကြ၍ ဤနေရာကို သံယောဇဉ်တွယ်နေပြီး မြေအောက်ရထားလိုင်းနံပါတ်၁၀နှင့် အနီးအနားတွင် တိုက်ခန်းတစ်ခန်း ဝယ်ထားခဲ့ကြခြင်းဖြစ်သည်။ သွားလာနေထိုင်ရသည်မှာ အဆင်ပြေခြင်း၊ ပထမအဆင့် ပြည်သူ့လုံခြုံရေးနှင့် အရည်အသွေးမြင့် ပတ်ဝန်းကျင်တို့ကြောင့် ကျောက်စိမ်းပင်လယ်အော်တွင် ပုံမှန်အခန်းငှားရမ်းခမှာ တစ်လလျှင် ခန့်မှန်းခြေ ရှစ်ထောင်ဖြစ်ပြီး စုန့်ရန်ပေးဆောင်နိုင်သည်ထက် လေးဆကျော်တန်ဖိုးရှိသည်။
အက်စ်မြို့တွက် ငွေက ရေကဲ့သို့စီးဆင်းနေသော်လည်း စုန့်ရန်၏ လစာဖြင့်ဆိုလျှင် စတုရန်းမီတာ သုံးဆယ်သာရှိသည့် ၁၉၈၀ခုနစ်မှ အဆောက်အဦးဟောင်းများတွင်သာ နေထိုင်နိုင်ပေသည်။
စုန့်ရန် ယခင်က ငှားရမ်းနေထိုင်ခဲ့သည့် တိုက်ခန်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဆောက်လုပ်ထားခြင်းဖြစ်ပြီး အပူအအေးမရှိသည့်အပြင် လျှပ်စစ်မီးကလည်း မှိန်ဖျဖျသာဖြစ်သည်။
ထိုခေတ်မှ အဆောက်အဦးများမှာ နည်းပညာဆန်ဆန်တည်ဆောက်ထားခြင်းမဟုတ်၍ မျက်နှာချင်းဆိုင်တိုက်ခန်းနှစ်ခု၏ အရှေ့ဘက်တံခါးများက ကပ်နေပြီး လုံခြုံရေးတံခါးများကလည်း အဖွင့်အပိတ်လုပ်ရခက်နေသည်။ အိမ်နီးနားချင်းများ စကားများ၍ တံခါးဆောင့်ပိတ်လိုက်ပါက စုန့်ရန်၏ အခန်းတံခါးတွင်ညဂလောင်ဂလင်အသံများမြည်လာတတ်သည်။
ပန်းချီဆွဲနေချိန်တွင်လည်း စုန့်ရန်က အလုပ်တွင် အာရုံစိုက်နေချိန်၌ အပြင်ဘက်မှ ဆူညံသံများကြောင့် လန့်သွားလေ့ရှိသည်။ တံခါးဆောင့်ပိတ်လိုက်သည်နှင့် လန့်သွားပြီး လက်ကတွန့်ခနဲဖြစ်သွား၍ သူဆွဲနေသည့်ပန်းချီကား ပျက်စီးသွားလေ့ရှိသည်။ ရံဖန်ရံခါတွင် ထိုနေရာကို ဖာထေးပြီး ပြင်ဆင်လိုက်၍ ရသော်လည်း ပုံအများစုက ပျက်စီးသွား၍ အစမှပြန်စရသည်ပိုများသည်။
အပေါ်ထပ်မှ ကလေးကလည်း ငြိမ်ငြိမ်မနေပေ။ စုန့်ရန် ပန်းချီကားကို အောက်ခံအရောင်များထည့်ပြီး၍ အခြောက်ခံထားချိန်တွင် ထိုကလေးက ခြေထောကိကိုဆောင့်၍ ခုန်လိုက်သည့်အခါ မျက်နှာကြက်ပေါ်မှ အဖြူရောင်အမှုန့်များကျလာပြီး ဖုန်များနှင့်အတူ ရောယှက်ကုန်၍ မခြောက်သေးသည့် ရေဆေးများအပေါ် ကျလာသည်။ ပန်းချီဆွဲထားသည့် ရွက်ဖျင်ပေါ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပုံကို စိုက်ကြည့်နေမိသည်။ ထပ်ခါထပ်ခါတွေးတောပြီးသည့်အခါတွင် ဖြေရှင်းရန် နည်းလမ်းရှာမရတော့၍ ဆံပင်ကိုသာဆွဲဖွပြီး အိပ်ရာပေါ်တွင် ငေးငိုင်ကာ ထိုင်နေမိတော့သည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် စုန့်ရန်သည်လည်း ဤနေရာမှ အမြန်ပြောင်းချင်နေပြီဖြစ်သည်။ သို့ရာတွင် စတုရန်းမီတာနှစ်ရာခန့်ကျယ်ပြီး နေရာကောင်းတွင်ရှိနေသည့် တစ်လတွင် ၂၀၀၀သာပေးရသော တိုက်ခန်းတစ်ခုကိုရမည်ဆိုပါက အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်သည်ဟု ထင်လာသည်။
အန်တီကျီက အလွန်သဘောကောင်းသည့်လူဖြစ်သည်။ ညနေ ၅နာရီထိုးသောအခါ ပိုက်ဆံအိတ်ကိုယူ၍ စုန့်ရန်ကို တိုက်ခန်းလိုက်ပြသည်။
သူ၏ ပန်းချီပစ္စည်းများကို ပခုံးပေါ်တွင်တင်လျက် ကြောင်ပုံစံဆွယ်တာလေးကိုဝတ်ဆင်ထားသည့်စုန့်ရန်က အိပ်ရာ၏အဝင်ဝတွင်ရပ်နေပြီး အနားမှ ရံဖန်ရံခါ ဖြတ်သန်းသွားသည့် နာမည်ကြီးကားများကို ငေးကြည့်နေမိသည်။ ဤဆယ်မိနစ်အတွင်း သူတို့မှလွဲ၍ မည်သူမျှ ဤနေရာကို လမ်းလျှောက်ကာဖြတ်သန်းမသွားသည်ကို သတိပြုမိ၍ အံ့အားသင့်နေမိသည်။
ဤနေရာက သာမန်လူတန်းစားများအတွက် နေထိုင်ရန်နေရာ လုံးဝမဟုတ်ပေ။
သူ့ရဲ့ စက်ဘီးစုတ်လေးကို ဒီလိုကားအကောင်းစားကြီးတွေမဲ့ တစ်နေရာတည်းမှာ ပါကင်ထိုးထားဖို့ ဖြစ်နိုင်ပါ့မလား...
ထို့အပြင် ဤပတ်ဝန်းကျင်၌ ကုန်စုံဆိုင်များမရှိပေ။
မြေအောက်ရထားဘူတာရုံမှ ထွက်လာစဉ်တွင် ပြင်သစ်ဆရာဝန်တစ်ယောက်ကြီးကြပ်သော တိရစ္ဆာန်ဆေးကုန်ခန်းတစ်ခန်း၊ အနီရောင်မီးပုံးများ ချိတ်ဆွဲထားသည့် ဂျပန်စတိုင်ဘားတစ်ခု၊ ကြယ်ငါးပွင့်ဟိုတယ်အလား ထင်ရသည့် ရုပ်ရှင်ရုံတစ်ရုံနှင့်အတူ အော်ဂဲနစ်ပစ္စည်းကောင်းများကိုသာရောင်းချသည့် ဈေးဝယ်စင်တာတစ်ခုကို တွေ့ခဲ့သည်။ ကျောက်စိမ်းပင်လယ်အော်အိမ်ရာနားမှ အတောက်အဦးများက အလွန်အဆင့်မြင့်လွန်းလှပြီး လူအများတိုးဝှေ့ဝယ်ယူရသည့် ကုန်စုံဆိုင်များက လေး၊ငါးဘလော့အကွာရောက်မှ ရှိမည်ဖြစ်သည်။ လူချမ်းသာများက မည်သည့်အရာများစားသောက်နေထိုင်ကြသည်ကို သူ သိချင်မိသည်။
ယွမ်နှစ်ထောင်ဖြင့် စတုရန်းမီတာရာကျော်ကျယ်ဝန်းသည့် နေရာတွင် နေထိုင်ရမည့်အစား စုန့်ရန်က သူနှင့် လိုက်လျောညီထွေဖြစ်မည့် ပတ်ဝန်းကျင်တစ်ခုတွင်သာ နေထိုင်လိုသည်။ အနီးအနားတွင် လူအများဖြင့် စည်ကားနေသည့် ဈေးနေရာတစ်ခုရှိကာ မည်သည့်နေရာတွင်မဆို ဈေးခြင်းတောင်းများကိုင်ထားသည့် လူအိုကြီးများ လမ်းလျှောက်လာသည်ကို မြင်နေရသည့်နေရာမျိုးက သူနှင့်ပိုအဆင်ပြေသည်။
စုန့်ရန်က သူလိုချင်သည့်အရာကို ရှင်းလင်းစွာသိသော်လည်း ဤနေရာကို လက်မလျှော့ချင်ဖြစ်နေသည်။
တိုက်ခန်းကိုကြည့်ပြီးချိန်တွင် အန်တီကျီနှင့်အတူ ဓာတ်လှေကားစီး၍ အောက်သို့တူတူဆင်းလာပြီး အပြင်ဘက်မှ နှစ်မီတာကျယ်သော သစ်သားတံတားငယ်တစ်ခုကို ကျော်ဖြတ်ချိန်တွင် ရေတိမ်သည် ရေကန်ငယ်လေးတစ်ခုကို မြင်လိုက်သည်။ သူတစ်ခဏတာတွေးတောလိုက်ပြီးနောက် ယဉ်ကျေးစွာငြင်းဆန်ရန် စိတ်ကူးလိုက်ပြီး စကားစလိုက်သည်။
" ဒီလိုနေရာကောင်းတစ်ခုအတွက်ဆိုရင် ဈေးငက်သာလွန်းနေပါတယ် ကျွန်တော်ကလည်း ကြောင်မွေးဖူးတဲ့ အတွေ့အကြုံမရှိဘူးဆိုတော့ အန်တီ..."
စကားမဆုံးမီတွင် ငွေမှင်ရောင်ကားတစ်စီးက သူ့မြင်ကွင်းထဲရောက်လာပြီး အဆောက်အဦးနံပါတ်ငါး၏ ပါကင်နေရာထဲ ဝင်လာသည်။
ရက်ပေါင်း ၄၀ခန့်ကြာသွားခဲ့ပြီဖြစ်သော်လည်း စုန့်ရန်က ထိုနေ့မှ အခိုက်အတန့်တိုင်းကို မှတ်မိနေခဲ့သည်။