အပိုင်း ၂
Viewers 9k

စကားမဆုံးမီတွင် ငွေမှင်ရောင်ကားတစ်စီးက သူ့မြင်ကွင်းထဲရောက်လာပြီး အဆောက်အဦးနံပါတ်ငါး၏ ပါကင်နေရာထဲ ဝင်လာသည်။
ရက်ပေါင်း ၄၀ခန့်ကြာသွားခဲ့ပြီဖြစ်သော်လည်း စုန့်ရန်က ထိုနေ့မှ အခိုက်အတန့်တိုင်းကို မှတ်မိနေခဲ့သည်။
ကားပြတင်းမှန်ကို ချလိုက်ချိန်တွင် နေရောင်ခြည်က အတွင်းကိုဖြာကျသွားသောကြောင့် ယာဉ်မောင်းနေရာမှလူကိုမြင်ရရန် ကြိုတင်အကွက်ချစီစဉ်ထားသည်ဟုပင် ထင်ရသည်။ ထိုလူက ခါးမတ်မတ်ထိုင်နေပြီး ယောက်ျားပီသသည့်ကိုယ်နေဟန်ထားဖြစ်ကာ ဘယ်ဘက်လက်မှ ကားစတီယာရင်ကိုကိုင်ထားပြီး အပြာနုရောင်ရှပ်အင်္ကျီကို ဘယ်ဘက်လက်တွင် ကြယ်သီးဖြုတ်ထားကာ ခေါက်တင်ထားသည်။
သူ့မျက်နှာ အချိုးအစားကလည်း ပြစ်မျိုးမှဲ့မထင်ဖြစ်နေကာ နှာ‌တံမြင့်မြင့်နှင့် မျက်ခုံးထူထူဖြစ်သည်။
ထိုလူက ခေါင်းအနည်းငယ်စောင်းလိုက်သည်။ ဦးခေါင်းကို ထိုင်ခုံနောက်မှီနှင့်ထိသွားချိန်တွင် နှုတ်ခမ်းများ ကွေးညွတ်ပြီး ကားနောက်ခုံတွင်ထိုင်နေသည့်လူနှင့် စကားလှမ်းပြောနေသည်။ သူ အလွန်ပျော်ရွှင်စွာ စကားပြောနေခြင်းဖြစ်၍ သူ့အပြုံးကလည်း အလွန်သဘာဝကျနေပြီး တစ်လောကလုံးက နွေးထွေးသည့်မျက်ဝန်းတစ်စုံကိုသာ အာရုံစိုက်ထားသည်ဟုာထင်ရပေသည်။
ကားပါကင်ထဲဝင်ခါနီးတွင် ညာဘက်လက်ကို ပြတင်းပေါက်မှန်ကို တင်ထားပြီး ကား‌ကိုနောက်ဆုတ်လိုက်သည်။ ထိုလူက ဂီယာပြောင်းထိုးပြီး နောက်ကြည့်မှန်ကိုတစ်ချက်ကြည့်ကာ ကျွမ်းကျင်စွာဖြင့်ကားကို နောက်တဖြည်းဆုတ်လိုက်လေသည်။
နေရာအပြောင်းအလဲဖြစ်သွားသောကြောင့် ထိုလူ၏ မျက်နှာကို ရှေ့တည့်တည့်မှ မြင်လိုက်ရသည်။ ထိုလူ၏ ချောမောခံ့ညားသော မျက်နှာပုံပန်းနှင့် နှစ်လိုဖွယ်အပြုံးများက စုန့်ရန်၏ မျက်ဝန်းထဲတွင် ထင်ဟပ်လာသည်။
စုန့်ရန်က သစ်သားတံတားလေးပေါ် ရပ်နေဆဲဖြစ်ပြီး သူ့ဆွယ်တာအင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလာသည်ဟု ခံစားလိုက်ရသည်။
ယခင်ကမူ သူ့အကြည့်များက မရေမတွက်နိုင်အောင်ဆွဲဆောင်မှုရှိသည့်အရောင်များအပေါ်တွင်သာ ရှိခဲ့သော်လည်း ယခုချိန်တွင်မူ သူ့ကို ထိုလူက ဖမ်းစားသွားခဲ့သည်။
အတိတ်တွင်မူ စုန့်ရန်က စာအုပ်တိုက်မှ အစ်မကြီးများနှင့်အတူ အတင်းအဖျင်းမဂ္ဂဇင်းများကို ဖတ်လေ့ရှိသည်။ မဂ္ဂဇင်းထဲမှ 'ယောကျာ်းများပြုလုပ်နိုင်သည့် ဆွဲဆောင်မှုအရှ်ိဆုံးအရာ' တွင် ထိပ်ဆုံး၌ ရှိနေသည်မှာ 'ကားနောက်ဆုတ်ချိန်' ဟူ၍ ဖြစ်သည်။
အစ်မကြီးများက ထိုမဂ္ဂဇင်းများဖတ်ပြီး သဘောတူထောက်ခံနေကြချိန်တွင် စုန့်ရန်က မျက်နှာသေကြီးဖြင့် ထိုင်နေပြီး သူ့ခေါင်းထဲသို့ မေးခွန်းပေါင်းများစွာ ဝင်ရောက်လာသည်။
အဲ့လိုကားနောက်ဆုတ်တဲ့အပြုအမူက ဘယ်နေရာကများ ခံ့ညားနေလို့လဲ...
သို့ရာတွင် ယခုချိန်၌ ထိုကားကိုကြည့်နေစဉ်တွင် အသက်ရှုမှားမတတ်ဖြစ်သွားပြီး သွေးများပြောင်းပြန်စီးဆင်းလာပြီး နှလုံးခုန်နှုန်းများပြောင်းပြန်ဖြစ်လာမှ ထိုအချိန်ကအစ်မကြီးများ၏ ခံစားချက်ကို သဘောပေါက်သွားခဲ့သည်။
အထာကျကျ ကားနောက်ဆုတ်တတ်တဲ့‌ ယောက်ျားတွေက တကယ်ကို ဆက်ဆီကျတာပဲ...
ကားစက်သံရပ်သွားပြီဖြစ်သော်လည်း မျက်နှာချင်းဆိုင်မှ သစ်သားတံ‌တားလေးပေါ်တွင်ရပ်နေသည့် စုန့်ရန်၏နှလုံးသားက မီးမြိုက်လိုက်သကဲ့သို့ လောင်ကျွမ်းသွားပြီဖြစ်သည်။
နှစ်ဆယ့်သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ သူစောင့်ဆိုင်းနေခဲ့ရတဲ့ အချစ်က ပထမဆုံးအကြိမ်အဖြစ် နိုးထလာခဲ့ပြီပေါ့လေ...
ထိုလူက ကားသော့ကိုဆွဲထုတ်လိုက်ပြီး တံခါးဖွင့်ကာ ကားထဲမှထွက်လာသည်။
၁.၈၆မီတာ...
မဟုတ်သေးဘူး ၁.၈၇မီ‌တာလောက် ရှိမယ်ထင်တယ်...
သူ့နေရာမှကြည့်မည်ဆိုပါက စုန့်ရန်က ထိုလူ၏အရပ်ကို အတိအကျခန့်မှနိးနိုင်ခြင်းမရှိပဲ ထိုလူက အရပ်အမောင်းကောင်းသူတစ်ယောက်ဟုသာ သိနိုင်ပေသည်။ သူ့ပုံစံက တစ်နေတာကုန်ဆုံးသွားပြီးသော်လည်း သေသပ်သန့်ရှင်းနေဆဲဖြစ်သည်။ ပြန့်ပြူးနေသည့်တီရှပ်အောက်မှ ရင်အုပ်ကြွက်သားနှင့် ဝမ်းဗိုက်ကြွက်သားများကို အသေးစိတ်မြင်နေရပြီး အင်္ကျီစကိုလည်း ဘောင်းဘီရှည်ထဲတွင် သေသေသပ်သပ် ခေါက်ထည့်ထားသည်။ ထိုလူက ချောမောခံ့ညားသူတစ်ယောက်၏ စံနမူနာပင်ဖြစ်ပေသည်။
သူ့ထံတွင် ခြေတံရှည်များရှိသည်။ စုန့်ရန်၏အပြင်တွင်မူ ထိုခြေတံသွယ်များက ဘုရင့်တောင်ဝှေးသဖွယ်
ဖြောင့်စင်းပြီး ကြီးကျယ်ခမ်းနားနေသည်။
ထိုလူက ကားနောက်ခန်းတံခါးကိုဖွင့်လိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်ကိုင်းလိုက်ပြီးနောက် ကားထဲမှ ပြန်ထွက်လာချိန်တွင် ရင်ခွင်ထဲ၌ ကလေးတစ်ယောက်ကိုချီထားသည်။ ထိုကလေးလေးက ခြေထောက်များကိုလှုပ်ရမ်းနေပြီး အဖေဖြစ်သူ၏ လက်မောင်းပေါ်တွင်ထိုက်နေသည်။ သူ၏ လက်သေးသေးလေးများဖြင့် လည်ပင်းကိုဖက်တွယ်ထားပြီး ကိုးကို့ကားယားဖြင့် ထိုလူ့မျက်နှာကို နမ်းလိုက်သည်။
စုန့်ရန်က ယခုမှ ချစ်မိသွားခြင်းဖြစ်သော်လည်း ထိုလူက ကလေးကိုချီလိုက်သည်ကို မြင်လိုက်ရချိန်တွင် အလွန်အမင်း အံ့အားသင့်သွားသည်။
ဒီလူက ပြီးပြည့်စုံနေတာပဲ...
မိသားစုရှိတဲ့လူပေါ့လေ...
ဖခင်တစ်ယောက်နှင့် ခင်ပွန်းတစ်ယောက်ဖြစ်ခြင်းကြောင့် ထိုလူက ရင့်ကျက်တည်ကြည်မှုရှိနေပြီး ဤမျှအထိ ဆွဲဆောင်မှုရှိနေခြင်း သို့မဟုတ် သူ့ပုံစံက ပျော်ရွှင်သည့်မိသားစုတစ်စုကို ကိုယ်စားပြုနေသောကြောင့် စုန့်ရန်၏ရင်တွင်းမှ မိသားစုလိုချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုထင်နေခြင်းလားကိုာသူ့စိတ်ထဲတွင် ခက်ခက်ခဲခဲ ခွဲခြမ်းစိတ်ဖြာနေရသည်။
စုန့်ရန်တွင် မိသားစုမရှိပေ။
သူက ငယ်ရွယ်စဉ်တည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့သူဖြစ်၍ တစ်ယောက်တည်းသာဖြစ်သည်။
ယခုချိန်တွင် သူက သစ်သားတံတားလေးပေါ်တွင်ရပ်နေပြီး မျက်နှာချင်းဆိုင်မှလူက ကလေးလေးကို အပေါ်သို့မြှောက်လိုက် ပြန်ဖမ်းယူလိုက်ဖြင့် ပျော်ရွှင်စွာဆော့ကစားနေသည်ကို ကြည့်နေသည်။ သူတို့က ဧည့်ခန်းမသို့ လျှောက်သွားရာ လမ်းတစ်လျှောက်လုံးတွင်လည်း ပျော်ရွှင်စွာဆော့ကစားနေခဲ့ကြသည်။ စုန့်ရန် တစ်ဖက်သို့လှည့်လိုက်ပြီး အန်တီကျီ၏လက်ထဲမှသော့ကို ယူလိုက်သည်။
သူ ဤနေရာတွင် နေချင်မိသည်။
အဘယ့်ကြောင့်ဆိုသော် ဤအဆောက်အဦး၏ အလွှာတစ်ခုတွင် ပြီးပြည့်စုံသော မိသားစုတစ်ခုနေထိုင်သည်ဖြစ်ရာ သူနေထိုင်မည့် ၁၂လွှာနှင့်လည်း နီးကပ်နေနိုင်သည်။ သူတို့က စုန့်ရန်အမြင်ချင်ဆုံးသော မြင်ကွင်းတစ်ခုကို ကိုယ်စားပြုနိုင်လိမ့်မည်ဖြစ်သည်။ နံရံနှင့် ကြမ်းပြင်မျာမှတစ်ဆင့် မမြင်နိုင်မကြားနိုင်သော ပျော်ရွှင်နေသံများနှင့်ရယ်သံများက စုန့်ရန်၏နှလုံးသားထဲတွင် နားခိုနေနိုင်မည်ဖြစ်သည်။
လူကောင်းတစ်ယောက်က သူနှင့် ထပ်တူထပ်မျှကောင်းမွန်သည့် မိသားစုတစ်ခုကို ပိုင်ဆိုင်ရန် ထိုက်တန်ပေသည်။ ရံဖန်ရံခါတွင် လောကကြီး၏ စည်းမျဉ်းများကလည်း အလွန်ဆိုးရွားမနေပေ။
စုန့်ရန်သည်လည်း ထိုသို့သာတွေးသည်။
သူက အိမ်နီးနားချင်းများ၏ဘဝထဲသို့ ကျူးကျော်လိုခြင်းမဟုတ်ပေ။ ထိုလူများ၏ ပျော်ရွှင်မှုနှင့် အိမ်တစ်အိမ်၏ နွေးထွေးသောလေထုလေးကို သူနေထိုင်ရာအနားတစ်ဝိုက်တွင် ရစ်ဝဲနေစေလိုခြင်းဖြစ်သည်။ ထိုလူများက သူ၏ နတ်သမီးပုံပြင်ထဲတွင် ရှိနေသည်။
မည်သူတစ်ဦးတစ်ယောက်မှ နတ်သမီးပုံပြင်ကမ္ဘာထဲသို့ မဝင်ရောက်နိုင်သော်လည်း ၎င်းတို့၏ တည်ရှိမှုကို ယုံကြည်နေသရွေ့ သူသည်လည်း ပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်သည်။
( T/N - အပေါ်ကစာတွေက သူပြောင်းမလာခင်အချိန်က တွေ့ခဲ့တာတွေကို ပြန်စဉ်းစားနေတာပါ အခုတော့ သူ ဓာတ်လှေကားထဲကထွက်ပြီး အိမ်ထဲဝင်ခါနီးအချိန် ပြန်ရောက်သွားပါပြီ...)
ဓာတ်လှေကားက ၁၂လွှာတွင် ရပ်သွားသည်။ စုန့်ရန်၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်သွားမိပြီး ဓာတ်လှေကားထဲမှထွက်လိုက်သည်။
ကျောက်စိမ်းပင်လယ်အောက်အဆောက်အဦးများတွင် တစ်ထပ်၌ ယူနစ်နှစ်ခုစီရှိသည်။ ဓာတ်လှေကား၏ညာဘက်က ယူနစ်အေဖြစ်ပြီး ဘယ်ဘက်က ယူနစ်ဘီဖြစ်သည်။ အများသုံးဧရိယာက ခရင်မ်အရောင်‌စကျင်ကျောက်ကြမ်းပြင်ဖြစ်ပြီး သီးသန့်နေရာများမှာ တံခါးဝရှိ ခြေသုတ်ဖုံမှစတင်ပြီး ဖိနပ်စင်နှင့် ပန်းအိုးတင်သည့်ခုံရှိသည်။
စုန့်ရန်၏ ခြေသုတ်ဖုံက ထူးထူးခြားခြားကြီးမားလှသည်။ ၎င်းကို နူးညံ့သည့် သိုးမွေးတစ်မျိုးဖြင့် ပြုလုပ်ထားကာ ကျောတွင် အဖြူအစင်းပါသည့်ရှဉ့်လေးက ထင်ရှုးသီးများထဲ နစ်မြုပ်နေသည့်ပုံဖော်ထားသည်။ ယမန်နှစ်က ရှဉ့်ကလေး၏အိမ်မက်ဟူသည့်စာအုပ်ကို ရေးဆွဲခဲ့ဖူး၍ ကြော်ငြာအနည်းငယ်ဖြင့် အောင်မြင်မှုရရှိသွားခဲ့သောကြောင့် ဇာတ်လမ်းအဆက်များ ထုတ်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။ စုန့်ရန်မှာ မူလက အရုပ်ကို လိုချင်ခဲ့ခြင်းဖြစ်သည်။ ကံဆိုးသည်မှာ စာအုပ်တိုက်မှ အန်တီကြီးအားလုံးတွင် မြေးလေးများရှိကြသည်။ သူတို့က အရုပ်ကိုရရှိရန် အသည်းအသန်ပြိုင်ဆိုင်နေကြ၍ စုန့်ရန်က ကလေးများဆော့ကစားသည့် ဖျာတစ်ချပ်ကိုသာ ယူနိုင်ခဲ့သည်။ ၎င်းကို မည်သည့်နေရာတွင် ထားရမည်ကိုမသိ၍ အပြင်ဘက်တွင်ထုတ်ထားပြီး ခြေသုတ်ဖုံအဖြစ် ထားလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ယူနစ်ဘီဘက်မှ ခြေသုတ်ဖုံက ထောင့်မှန်စတုဂံပုံစံ မီးခိုးရောင်ဖိုက်ဘာစမျိုးနှင့် အဆင့်မြင့်သည့်ပုံပေါ်၍ ပိုင်ရှင်၏ ခိုင်မာပသောပင်ကိုစရိုက်ကို ပေါ်လွင်စေသည်ဟုပင် ထင်ရပေသည်။
‌စုန့်ရန်က ရှူးဖိနပ်ကိုချွတ်လိုက်ပြီးနောက် ဖိနပ်စင်ပေါ် ညီညာစွာစီထားလိုက်သည်။ ထို့နောက်သော့ကတ်ကိုအပေါက်ထဲထည့်လိုက်သည့်အခါ ပီခနဲအသံဖြင်ြ သော့ပေါက်ကို မြင်လိုက်ရသည်။
သူ့အိတ်ထဲမှသော့ကိုထုတ်ပြီး တံခါးကိုဖွင့်လိုက်သည်။ သို့ရာတွင် အထဲသို့မဝင်မီ ပန်းအိုးတင်သည့်ခုံပေါ်မှ အပင်များကိုကြည့်လိုက်သည်။
ခေါင်းလောင်းပန်းနှင့် နေကြာပန်းများက ကောင်းမွန်စွာ ပွင့်လန်းနေပြီး နေရောင်ခြည်အောက်တွင် အရောင်မျိုးစုံဖြင့် သက်ဝင်လှုပ်ရှားနေသည်။ မြေကြီးက စိုစွတ်နေသောကြောင့် လက်ရှိအချိန်တွင် ရေလောင်းရန်မလိုအပ်သေးပေ။
ထို့နောက်တစ်ခုခုကိုာသတိရသွားပုံဖြင့် တစ်ဖက်တိုက်ခန်းတံခါးမှ ပန်းပင်စိုက်သည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ ခေါင်းစောင်းပြီးကြည့်လိုက်ချိန်တွင် လီလီပန်းများက ခြောက်ခါ‌နီးဖြစ်နေကာ ဈေးကြီးပုံရသည့် မြေဆီလွှာကလည်း ခမ်းခြောက်လုနီးပါးဖြစ်နေသည်။
လွန်ခဲ့သည့်လ ဤနေရာသို့ ပြောင်းလဲစဉ်ကျည်းက လီလီပန်းများက ခြောက်စပြုနေပြီဖြစ်သည်။ ၎င်းတို့ကို သူ ပစ်မထားနိုင်၍ နှစ်ပတ်ခန့် ရေလောင်းပေးခဲ့သည်။ ရလဒ်အနေဖြင့် သူနှင့် မျက်နှာချင်း‌ဆိုင်မှ အိမ်နီးချင်းများက ထိုအပင်ကိုရေ‌လောင်းရန်မလိုအပ်သည့် ကန္တာရဆူးပင်ဟု သဘောထားပြီး ဂရုမစိုက်သည့်ပုံပေါ်သည်။
စုန့်ရန်က ယူနစ်အေမှ အပင်များ ရှိရာဘက်သို့ကြည့်ကာ မျက်နှာမဲ့လိုက်ပြီး သူ့အိမ်ထဲကို ဝင်လာခဲ့လိုက်သည်။
ခြောက်ကီလိုခန့်လေးသည့် အမွေးလုံးလေး ပူသို့သို့( ကြောင်နာမည် )က တံခါးဝတွင် စောင့်ဆိုင်းနေသည်။ စုန့်ရန်ဝင်လာသည်ကို မြင်သည့်အခါ ‌ကြမ်းပြင်ပေါ် ပက်လက်လှန်လိုက်သည်။ ၎င်း၏ ဝမ်းဗိုက်ဖြူဖြူလေးကို ပြသနေကာ မြောင်ဟုအော်မြည်ပြီး ပွတ်သပ်ရန် တောင်းဆိုနေပုံရသည်။
စုန့်ရန်က ကြောင်လေးကို အလိုလိုက်၍ ပွတ်သပ်ပေးလိုက်ပြီးနောက် ၎င်းကို ရေနှင့်အစာများထည့်ပေးလိုက်ပြီး သူ့အတွက် ညစာချက်ရန် ပြင်လိုက်သည်။
ရေခဲသေတ္တာထဲတွင် လတ်ဆတ်သည့်ကညွတ်နှင့် ပုစွန်အနည်းငယ် ရှိနေဆဲဖြစ်သည်။ စုန့်ရန် ဧပရွန်ဝတ်လိုက်ပြီးနောက် ပါဝင်ပစ္စည်းများကို ရေခဲများကွာကျလာအောင် အပြင်ထုတ်ထားလိုက်သည်။ ပုစွန်ကို ဟင်းချက်ဝိုင်ဖြင့် ပန်းကန်လုံးလေးထဲတွင် စိမ်ထားလိုက်ပြီးနောက် ကညွတ်ကို စဉ်းတီတုံးပေါ်တင်၍ လှီးနေစဉ်တွင် မြေအိုးထဲမှ ဆန်ပြုတ်များ ဆူပွက်လာသည်။ သူက ဆန်ပြုတ်များ တပွက်ပွက်ဆူလာသံကို အလွန်သဘောကျပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် စားစရာများက တေးသီနေသည်နှင့်တူ၍ အချက်အပြုတ်ပစ္စည်းများကို တတောက်တောက်ခေါက်ပြီး သံစဉ်လိုက်ညှိနေတတ်သည်။
ပါဝင်ပစ္စည်းများကို မီးပြင်းပြင်းနှင်ဘကြော်ပြီးသွားသည့်အခါ ဆန်ပြုတ်အိုးထဲ ရောထည့်လိုက်သည်။ အရောင်ကဆွဲဆောင်မှုမရှိဟု စုန့်ရန် ထင်လိုက်မိသည်။ သို့ဖြစ်၍ ပင်လာ်စာပဲငံပြာရည်အနောက် တစ်ဇွန်းစာကို ဆန်ပြုတ်ထဲထည့်လိုက်သည်။
အိုးထဲမှ အငွေ့များတက်လာပြီးနောက် ပဲငံပြာရည်အနောက်၏ ရနံ့က နှာသီးဖျားထဲဝင်ရောက်လာ၍ စားချင်စိတ်ဖြစ်ပေါ်လာစေသည်။
ဆန်ပြုတ်ကိုချက်ပြုတ်ပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးချိန်၌ ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကြီးမှာ မှောင်မည်းနေပြီဖြစ်သည်။
အပင်များကို ရေဖြန်းရမည်ကို စုန့်ရန်သတိရသွား၍ ရေဖြန်းသည့်ပုလင်းထဲသို့ ဘေစင်မှ ရေအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် ခြေညှပ်ဖိနပ်ကို စီးလိုက်သည်။
တံခါးကိုကျွီခနဲဖွင့်လိုက်ချိန်တွင် ပုံမှန်နှင့်မတူပဲ တစ်ခုခုကွဲပြားနေသည်ကို ခံစားမိသည်။ တံခါးကို တစ်ခုခုဖြင့် ခုထားသောကြောင့် အားအနည်းငယ်သုံး၍တွန်းဖွင့်လိုက်ရသည်။ အပြင်ဘက်ရှိ အမှောင်ထုထဲတွင် ကလေးတစ်ယောက် ငိုစံကိုကြားလိုက်ရလေသည်။
ထိုကလေးစငိုသည်နှင့် အများသုံးဧရိယာမှ မီးကလင်းသွားသည်။
စုန့်ရန် တံခါးကြားမှ ခေါင်းပြူကြည့်လိုက်ချိန်တွင် ကလေးပေါက်စလေးတစ်ယောက်က ရှဉ့်ပုံစံခြေသုတ်ဖုံအနားတွင်ထိုင်နေကာ ဘယ်ဘက်လက်က ကျောပိုးအိတ်လေးတစ်လုံးကို ကိုင်ထားပြီး ညာဘက်ဘက်က ကြမ်းပြင်ကိုထောက်ထားကာ သူ့ကို မကျေမနပ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မည်းနက်နေသောမျက်လုံးရွှဲကြီးများမှ သလင်းကျောက်သဖွယ်ကြည်လင်နေသည့် မျက်ရည်စက်များ ကျဆင်းလာသည်။
စုန့်ယန်က စိတ်လှုပ်ရှားသွား၍ ပုလင်းထဲမှ ရေများဖြင့် သူ့ကို မတော်တဆဖြန်းမိသွာသည်။
" ကလေးလေး... မင်း ဘယ်အိမ်ကလဲ..."
Xxxxxx