အပိုင်း ၃
Viewers 9k

Chapter 3
ပထမနေ့ ည ၇နာရီ ၁၁မိနစ် 🖌️
အခန်း 8012Bအပေါ် စုန့်ရန်၏ အထင်ကြီးမှုများက အနည်းငယ် ကျဆင်းလာပြီဖြစ်သည်။ သူတို့မိသားစုက ပန်းပင်လေးများကို ဂရုမစိုက်သည့်အပြုအမူကို သူ ခွင့်လွှတ်ပေးနိုင်သော်လည်း ကလေးလေးကို ပြုစုပျိုးထောင်သည့်နည်းလမ်းကလည်း ဖြစ်ကတတ်ဆန်းနိုင်လွန်းသည်။
ည ၇နာရီထိုးခါနီးပြီဖြစ်သော်လည်း မိဘနှစ်ပါးက အလုပ်ခရီးမှ ပြန်ရောက်သေးသည့်ပုံမပေါ်ပေ။ သူတို့နှင့် အတူနေသော ကလေးထိန်းကလည်း ကလေးကို လျစ်လျူရှု့ထားသည်။ သူမက သူတို့အိမ်တံခါးအရှေ့တွင် သူမနာမည်နှင့်အတူ စာအချို့ကိုသာရေးပြီး ချိတ်ဆွဲသွားခဲ့သည်။
( ဇာတိမှာအရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ပြန်သွားပါတယ် – ဟွမ်ကွေ့ဟွား )
ကလေးလေးက ယခုမှ လေးနှစ်သာ ရှိသေးသည်။ သူငယ်တန်းကျောင်းဆင်းချိန်တွင် ကလေးထိန်းက လာကြိုမည်ကို မစောင့်နိုင်တော့၍ လမ်းပေါ်တွင် နှစ်နာရီခန့် ယောင်ပေပေဖြစ်နေပြီးနောက် တိရစ္ဆာအရောင်းဆိုင်ရှေ့တွင် Gold Retriever ( ရွှေရောင်အမွေးထူထူရှိသောခွေး )နှင့် တစ်နာရီခန့် အထိ ဆော့ကစားနေခဲ့ပြီး ရုပ်ရှင်ရုံသို့သွားကာ Disneyကာတွန်းကားtrailerကို နာရီဝက်ကျော်အထိ ထပ်ခါထပ်ခါ ထိုင်ကြည့်နေခဲ့သည်။
ဤသို့ဖြစ် သူ အချိန်မြန်မြန်ကုန်အောင် နေခဲ့ရသည်။ လမ်းပေါ်မှ လူများနှင့် ကားများကို မကြာခဏကြည့်ပြီး သူ့ကို အိမ်ပြန်ပို့မည့်လူတစ်ယောက်ယောက် လာမလားဟု ဆက်တိုက် စောင့်နေခဲ့သည်။ သို့ရာတွင် တဖြည်းဖြည်းနှင့် နေဝင်ချိန်ရောက်လာပြီး အပြင်ဘက်မှ လမ်းမီးများလည်း တစ်ခုပြီးတစ်ခု ထွန်းသည့်အချိန် ရောက်လာသည်။
သူ မဝံ့မရဲဖြင့် ကျောက်စိမ်းပင်လယ်အော်အဆောက်အဦးသို့ လျှောက်လာခဲ့သော်လည်း မှောင်မည်းနေသည့်အိမ်ထဲဝင်ရန် သတ္တိမရှိပေ။ သူအပြင်ဘက်တွင်သာရပ်နေပြီး ခဏအကြာတွင် ဗိုက်ဆာလာသောကြောင့် အခန်း8012A ရှေ့မှ ရှဉ့်ပုံစံခြေသုတ်ဖုံလေးရှေ့တွင်ထိုင်ပြီး အသက်မဲ့နေသည့်ရှဉ့်ရုပ်လေးကို စကားပြောနေလျက် မျက်ရည်များ စီးကျလာသည်။
အကယ်၍ စုန့်ရန်က အပင်များကိုရေဖြန်းရန် အခန်းအပြင်ဘက်သို့ ထွက်မလာခဲ့ပါက ထိုကလေးလေးမှာ တစ်ညလုံး တံခါးဝတွင် ထိုင်နေရတော့မည်ဖြစ်သည်။
ကြင်နာတတ်သောလူငယ်လေး၏စိတ်ထဲတွင် ကြင်နာသနားမှုနှင့် မခံမရပ်နိုင်ဖြစ်မှုတို့ ပေါက်ကွဲထွက်လာသည်။ သူ တွန့်ဆုတ်ခြင်းမရှိပဲ သနားစရာကလေးငယ်လေးကို အိမ်ထဲ ချက်ချင်းခေါ်လိုက်သည်။
အိမ်အပြင်တွင်ရပ်နေသော ကလေးလေး၏ မိသားစုနာမည်က "ဟယ်" ဖြစ်သည်။ နာမည်အပြည့်အစုံက ဟယ်ယွဲ့ယန်ဖြစ်ကာ နာမည်ပြောင်က ပုပုဖြစ်သည်။ ယခုလက်ရှိအချိန်တွင် သူက စုန့်ရန်၏ ညစာစားသည့်စားပွဲတွင်ထိုင်နေကာ ရင်ဘတ်ပေါ်တွင် အဝတ်စလေးတစ်ခုရှိပြီး ထိုအဝတ်စလေးကို ‌လည်ပင်းနောက်တွင် လှပသေသပ်စွာထုံးထားသည်။
သူက ခေါင်းမော့ပြီး မီးဖိုချောင်ဘက်ကို စိတ်အားထက်သန်စွာဖြင့်ကြည့်နေသည်။
အစားအစာ၏ မွှေးရနံ့က ပျံ့လွင့်နေသည်။ သို့သော် စုန့်ရန်က အိုးကိုကွယ်နေသောကြောင့် သူ သေချာမမြင်ရပေ။ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်လာပြီး သူ့ခန္ဓာကိုယ်ပိစိလေးကို လှုပ်ရှားလိုက်သည်။ ခုံတွင် ဖယောင်းများကပ်ထားသကဲ့သို့ သူငြိမ်ငြိမ်မနေနိုင်တော့ပေ။ မနီးမဝေးရှိဆိုဖာပေါ်တွင် Ragdollကြောင်လေးက ပက်လက်လှန်အိပ်နေပြီး သူ၏အမြှီးကို လှုပ်ရမ်းလျက် ကလေးလေးကို စူးစမ်းနေသည်။
" ကိုကြီး ပုပုဗိုက်ဆာနေပြီ စားချင်‌လာပြီ..."
သူက စုန့်ရန်ကို ငိုသံလေးဖြင့် ပြောလိုက်ပြီး သူအလွန်ဗိုက်ဆာနေကြောင်း ပြသသည့်ပုံဖြင့် ဗိုက်လုံးလုံးလေးကို ပွတ်လိုက်သည်။
စုန့်ရန်က မီးဖိုကိုဖွင့်ပြီး ဆီအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် ဒယ်ပြားထဲသို့ ကြက်ဥတစ်လုံးကို ခွဲထည့်လိုက်သည့်အခါ ရှဲခနဲအသံထွက်လာသည်။ ထို့နောက် ခြေလှမ်းအနည်းငယ်ခန့်နောက်ဆုတ်ပြီး မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာကာ ပြောလိုက်သည်။
" ခဏလေးစောင့်ဦးနော် ပြီးရင် တူတူညစာစားကြမယ်..."
ထို့နောက် ကြက်ဥအခွံကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
" အိုး..."
ပုပုက ခေါင်းငုံ့လိုက်ပြီး ပဝါစကို ပါးစပ်ဖြင့်ကိုက်နေသည်။ သူ့ပါးဖောင်းဖောင်းလေးက လှုပ်စိလှုပ်စိဖြစ်နေပြီး ခြေထောက်များကို လှုပ်ရှားနေသည်။
မီးဖိုချောင်ကောင်တာပေါ်တွင်မူ ကညွတ်နှင့် ပုစွန်ဆန်ပြုတ်ကို ပန်းကန်လုံးထဲထည့်ကာ အအေးခံထားသည်။ ဒယ်ပြားထဲတွင်မူ အဝါရောင်ကြက်ဥကြော်ကို သစ်သားယောက်ချိုဖြင့် လှန်လိုက်သည်။
ကလေးလေးက ကြီးထွားနေဆဲအရွယ်ဖြစ်၍ ဆန်ပြုတ်တစ်မျိုးတည်းသောက်ပါက အာဟာရမဖြစ်မည်စိုးသောကြောင့် စုန့်ရန်က
ကြက်ဥကို နှစ်မိနစ်ခန့်ကြော်လိုက်သည်။ အကာများကိုသာ ကျက်ရုံကြော်လိုက်ပြီးနောက် အနှစ်က မကျက်တကျက်ဖြစ်နေချိန်တွင် အပေါ်မှ ဆားအနည်းငယ်ဖြူးလိုက်သည်။ ထို့နောက် ကြက်ဥကြော်ကို ပန်းကန်ပြားပေါ်တင်၍ ဆန်ပြုတ်ပန်းကန်လုံးနှင့်အတူ ယူလာလိုက်သည်။
သူ ဆန်ပြုတ်တစ်ဇွန်းကိုခပ်လိုက်ပြီး အေးအောင်မှုတ်ပေးသည်။ ထို့နောက် ပုပုကို ခွံ့ကျွေးတော့မည့်အချိန်တွင် စိတ်ထဲတွင် အတွေးတစ်ခု ရောက်လာ၍ ဇွန်းပြန်ချထားလိုက်သည်။
" အရင်တုန်းက ပုစွန်စားဖူးလား..."
ပုပုက ခေါင်းငြိမ့်ပြလိုက်သည်။
" သား စားဖူးတယ်..."
ဒါဆို တော်သေးတာပေါ့ ပင်လယ်စာအလက်ဂျစ်မရှိဘူးပဲ...
စုန့်ရန်က စိတ်အေးလက်အေးဖြစ်သွားပြီး သူ့ကိုခွံ့ကျွေးလိုက်သည်။ ပုပုက ပါးစပ်ကျယ်ကျယ်ဟထားပြီး ဆန်ပြုတ်တစ်ဇွန်းလုံး ပါးစပ်ထဲ ရောက်သွားချိန်တွင် တခစ်ခစ်ရယ်လိုက်သည်။ သူ အတော်ကြာအောင်ရယ်ပြီးမှ ဇွန်းကို လွှတ်ပေးလိုက်ပြီး ဆန်ပြုတ်ကို တပျော်တပါးဖြင့်စားနေသည်။
စုန့်ရန်က ပဝါစဖြင့် ကလေးလေး၏နှုတ်ခမ်းထောင့်များကို သုတ်ပေးလိုက်သည်။ ထို့နောက် ပုစွန်တစ်ကောင်ကို ခပ်ထည့်ပေးပြီး ခွံ့မည်အပြုတွင် ပုပုက ခေါင်းခါလိုက်ပြီး ပါးစပ်မဟတော့ပေ။
ပုပုက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
' သားဘာသာစားတတ်တယ် ကိုကြီး..."
ဇွန်းအသေးလေးနှင့် ပန်းကန်လုံးတို့ထိလိုက်ချိန်တိုင်းတွင် တ တင် တင် အသံများထွက်နေသည်။
စုန့်ရန်က သူကိုယ်တိုင်အတွက်လည်း ဆန်ပြုတ်တစ်ပန်းကန် ခပ်ထည့်လိုက်ပြီး ဘေးနားတွင်ထိုင်ကာ ပုပုစားနေသည်ကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်။
ကလေးလေး၏ လှုပ်ရှားမှုများက မမြန်ဆန်သော်လည်း တိကျပြီးဂရုတစိုက်ရှိသည်။ ကြက်ဥကြော်တစ်လုံး၏ ပမာဏခန့်ရှိသော ပုစွန်ဆန်ပြုတ်က ကုန်ဆုံးသွားပြီဖြစ်သည်။
၁၅မိနစ်ခန့် ကြာသောအခါ ကျန်ရှိနေသည့် ကြက်ဥအကာနှင့်အတူ အနှစ်များကိုပါ တစ်ခါတည်းစားလိုက်သည်။ သူ စိတ်ကျေနပ်စွာဖြင့် လေတက်လိုက်ပြီးနောက် ကြက်ဥကြော်အစအနများက နှုတ်ခမ်းနားတွင် ကပ်နေသည်။
ပန်းကန်လုံးထဲတွင် ဆန်ပြုတ်အနည်းငယ်သာ ကျန်ရစ်တော့သည်။ စုန့်ရန်က ပုပုကို သန့်ရှင်းရေးလုပ်ပေးရန်အတွေးဝင်လာချိန်၌ ပုပုက ရုတ်တရက် စိုးရိမ်ပူပန်လာသည်။ သူ မတ်မတ်ထိုင်လိုက်ပြီး ပန်းကန်လုံးကို သူ့ရင်ခွင်ထဲတွင် ပိုက်ထားလိုက်ကာ ဇွန်းတစ်ဝက်ခန့်သာ ခပ်စားနေသည်။
ဤတစ်ကြိမ်တွင်မူ သူ အလွန်ဂရုတစိုက်ဖြင့် စားနေသည်။ တစ်ဇွန်းစီတွင် ဆန်စေ့ နှစ်စေ့ သုံးစေ့များသာပါဝင်ပြီး တဖြည်းဖြည်းဝါးနေသည်မှာ ထိုဆန်စေ့များက အထူးအရသာတစ်မျိုး ရှိနေသည့်ပုံပေါ်သည်။
စုန့်ရန် သူ့ကိုမေးလိုက်သည်။
" အရသာရှိလား..."
ပုပု ခေါင်းငြိမ့်ပြလိုက်သည်။
စုန့်ရန် ထပ်မေးလိုက်ပြန်သည်။
" ဒါဆိုရင် ‌ဗိုက်ဝပြီလား..."
ပုပုက ဆန်ပြုတ်ပန်းကန်လေးကို အမြန်ဖက်ထားလိုက်ပြီးနောက် ဒရမ်တီးသကဲ့သို့ ခေါင်းကိုခါယမ်းနေသည်။
သူ ဗိုက်ပြည့်သွားပြီလို့ ဘယ်ဖြေရဲပါ့မလဲ... စားပြီးရင် ဒီကိုကြီးအိမ်မှာ နေဖို့ အကြောင်းရှိတော့မှာမဟုတ်ဘူးလေ... သူ လိမ်လိမ်မာမာနေမှ မှောင်မည်းနေတဲ့ သူ့အခန်းကြီးထဲကို မပြန်ရမှာ... အဲ့မှာ သူတစ်ယောက်တည်းနေရမယ်ဆိုရင် ဒီနေရာလိုမျိုး တောက်ပပြီး နွေးထွေးနေမှာ မဟုတ်ဘူး...
နောက်ထပ် နှစ်ပန်းကန်ပဲ ထပ်စားမယ်...
နှစ်ပန်းကန်ထပ်စားပြီးရင် ကြာကြာနေလို့ရပြီ...
ကလေးများ၏မျက်ဝန်းများက ကြည်လင်သည့်ဖန်စများသဖွယ်ဖြစ်ပြီး လိမ်ညာမပြောတတ်ကြပေ။ စုန့်ရန်က သူ၏စိုးရိမ်ကြောင့်ကြမှုအားလုံးကို သဘောပေါက်သင့်သလောက် သဘောပေါက်သည်။ သူ ပြုံးပြလိုက်ပြီးနောက် ပုပုကို ညင်သာစွာပြောလိုက်သည်။
" အရမ်း ဗိုက်တင်းသွားအောင်မစားလည်းရပါတယ် ခဏနေရင် သစ်သီးစားဖို့ ဗိုက်ထဲမှာ နေရာချန်ထားဦးလေ..."
ပုပုက ထွက်သွားရန်မလိုအပ်တော့သည်ကို ကြားလိုက်၍ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဇွန်းကို ပန်းကန်ထဲသို့ ချွင်ခနဲချထားလိုက်သည်။
ညစာစားပြီးသည့်အခါ စုန့်ရန်က ပုပု၏လည်ပင်းမှ ပဝါစကို ဖယ်ပေးလိုက်သည်။ ပုပုကို ရေချိုးခန်းထဲသို့ ခေါ်သွားပြီး ပလုပ်ကျင်းကာ လက်ဆေးပေးလိုက်သည်။ အဖြူရောင်တာဝါဖြင့် လက်တစ်ချောင်းချင်းစီကို သုတ်ပေးပြီး hand creamလိမ်းပေးလိုက်သည်။
အစမှ အဆုံးအထိ ပုပုက အလွန်လိမ်မာသည်။ သူ့လက်ဆယ်ချောင်းလုံးကို စုန့်ရန်၏ရှေ့တွင် ဖြန့်ပေးထားပြီး တစ်လက်မမှ မလှုပ်ရှားပေ။ အားလုံးသုတ်ပေးပြီးသည့်အခါ သူ ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ကိုကြီး..."
သိတတ်တဲ့ ကလေးလေးပဲ...
သို့ရာတွင် သူ၏ သိတတ်လိမ္မာမှုထဲတွင် ချုပ်ထိန်းထားရသည့်အရာတစ်ခုရှိနေသည်ကို စုန့်ရန် အမြဲခံစားမိသည်။ အထူးသဖြင့် သူ၏အကြည့်များက စိုးရိမ်ကြောင့်ကြမှုများဖြင့်ပြည့်နေပြီး သေသေချာချာထိန်းကျောင်းပေးထားသည့် ခွေးပေါက်စလေးတစ်ကောင်နှင့် တူနေသည်။ အကယ်၍ သင့်တော်သည့်အချိန်တွင် သင့်တော်သည့်ကိစ္စကို မဆောင်ရွက်ပေးပါက သူ့သခင်ထံမှ ဆုလဒ်မရရှိတော့မည့်ပုံစံဖြစ်နေသည်။
ဘာလို့ပါလိမ့်...
သူစိမ်းတစ်ယောက်ရဲ့ အိမ်ဖြစ်နေလို့ ပုံမှန်ထက်ပိုပြီး လိမ္မာအောင် နေနေတာလား... ဒါမှမဟုတ် အတွေးလွန်နေတာများလား...
စုန့်ရန်ထံတွင် သေချာသည့် အဖြေတစ်ခု မရှိပေ။
သို့ရာတွင် သူတို့ ဧည့်ခန်းထဲ ရောက်လာချိန်တွင် ပုပုက ဝိုးခနဲ အသံပြုလိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး စုန့်ရန်မျှော်လင့်ထားခဲ့သည့် ကလေးဆန်သောအမူအရာများ ပေါ်လာခဲ့သည်။
" ကိုကြီးမှာ နတ်သမီးပုံပြင်စာအုပ်တွေ အများကြီးရှိတာပဲ..."
သူ့လက်ကိုဆန့်လိုက်ပြီး ကော်ဖီစားပွဲကို စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးထိုးပြကာ ခေါင်းမော့၍ စုန့်ရန်ကို ကြည့်နေသည်။
ဇာတ်လမ်းတစ်ပုဒ်တည်းပါဝင်သော ရုပ်ပြများသာမက ဇာတ်လမ်းတွဲများ၊ ပြည်တွင်းပြည်ပဇာတ်လမ်းများဖြင့် ကလေးပုံပြင်စာအုပ်ပေါင်းတစ်ရာခန့်က ဧည့်ခန်းထဲမှ ဆိုဖာ၊ ကော်ဖီစားပွဲနှင့်ကြမ်းခင်းများပေါ်တွင် ပြန့်ကျဲနေသည်။
စုန့်ရန်က ကျောက်စိမ်းပင်လယ်အော်သို့ ပြောင်းရွှေ့လာပြီးချိန်မှစ၍ ကျယ်ဝန်းတောက်ပသည့် ဧည့်ခန်းထဲတွင် နေရပြီဖြစ်၍ အခန်းကျဉ်းထဲတွင် ကျပ်ကျပ်သိပ်သိပ်ဖြင့် ပန်းချီဆွဲရန် မလိုအပ်တော့ပေ။ သူ့ပန်းချီဆွဲသည့်နေရာကို ဧည့်ခန်းနံဘေးမှ ပြင်သစ်စတိုင်ပြတင်းပေါက် အနားသို့ ရွှေ့လိုက်သည်။ ပုံမှန်အချိန်တွင် ကိုးကားရန် တစ်ခုခု လိုအပ်ပါက သူနှစ်သက်ရာစာအုပ်ကို ဆွဲယူလိုက်ရုံသာဖြစ်သည်။ အိမ်သို့လာလည်သူလည်း တစ်ယောက်မှ မရှိသောကြောင့် သန့်ရှင်းရေးလုပ်ရန်ကို အာရုံမရခဲ့ခြင်းဖြစ်သည်။
ရုပ်ပြစာအုပ်များ၊ သူ၏ ပန်းချီကားများ၊ စုတ်တံနှင့် ဆေးများ အားလုံးက စုန့်ရန်၏ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်သည့်ပစ္စည်းများဖြစ်သည်။
များပြားလှသော ပုံပြင်စာအုပ်များကို တစ်ပေါင်းတစ်စည်းတည်း မြင်တွေ့လိုက်ရသည့်အခါ ပုပု၏မျက်လုံးများက ဆန်တွင်းထဲကျသွားသည့် ကြွယ်သဖွယ် အရောင်တောက်ပလာသည်။ သူက ဦးတည်ချက်မရှိတော့ပဲ ဤနေရာတွင်ပင် တစ်သက်လုံးနေသွားရန် စီစဉ်ထားသည့်ပုံ ဖြစ်လာသည်။ တောက်ပနေသည့် စာအုပ်ပေါင်းတစ်ရာနီးပါးခန့်တွင် " ရှဉ့်ကလေး၏အိမ်မက် " ဟူသည့် စာအုပ်က သူ့အကြည့်များကို ဖမ်းစားသွားသည်။
ဤကမ္ဘာဂြိုလ်ပေါ်တွင် ရှဉ့်ပေါင်းမြောက်များစွာ တည်ရှိသော်လည်း ပုပုအတွက်မူ ဤရှဉ့်လေးက ပြိုင်ဘက်ကင်းဖြစ်သည်။
၎င်းက ပုပု၏ သူငယ်ချင်းဟောင်းဖြစ်သည်။
လွန်ခဲ့သည့်တစ်လခန့်က အခန်း8012A၏ တံခါးဝတွင် ဤရှဉ့်လေးက မှော်ဆန်ဆန်ထွက်ပေါ်လာခဲ့ပြီး မနက်တိုင်းအိမ်မှ စောစောထွက်ခွာလာသည့် ပုပုနှင့် တွေ့ခဲ့သည်။ ၎င်း၏ကျောပြင်ထက်တွင် သစ်အယ်သီးရောင် အစင်းကျားများ၊ သေးငယ်သည့်လက်သည်းလေးများ၊ အနက်ရောင်ပဲစေ့ကဲ့သို့သော မျက်လုံးလေးများနှင့် အလွန်အမင်းဖောင်းကားနေသည့် ပါးမို့လေးနှစ်ခုတို့ရှိသည်။ သူက ထင်းရှူးသီးပုံနားတွင် ထိုင်နေကာ နောက်ခံက အရွက်‌လေးများဖြစ်သည်။
ပုပုက ထိုရှဉ့်ရုပ်လေးကို သဘောကျသွား၍ ထိုအကြောင်းကိုသာ နေ့နေ့ညညတွေးတောနေသည်။
မနက်ပိုင်း ကျောင်းတက်မည့်အချိန် အိမ်ကထွက်သည်နှင့် ထိုရှဉ့်လေးကို " ငါ ကျောင်းသွားပြီ " ဟု ဦးစွာနှုတ်ဆက်လေ့ရှိပြီး ညနေဘက် အိမ်ပြန်ရောက်လာချိန်တွင်လည်း " ငါ ပြန်လာပြီ " ဟု မှန်မှန် နှုတ်ဆက်သည်။ ရံဖန်ရံခါ သူ့အဖေ အိမ်တွင်မရှိချိန်တွင် ပုပုက အထီးကျန်နေတတ်သည်။ ကလေးထိန်းကလည်း သူ့ကို ဂရုမစိုက်သည့်အချိန်တွင် အိမ်အပြင်သို့ခိုးထွက်ပြီး ရှဉ့်လေးဘေးနားသို့ သွားနေလေ့ရှိသည်။ ၎င်းက နူးညံ့သော အမွေးများကိုထိကာ ၎င်းထံမှ နှစ်သိမ့်မှုများ ရယူလေ့ရှိသည်။
သားမွေးက နူးညံ့လွန်းပြီး ၎င်းအပေါ်မှ ရှဉ့်လေး၏ပုံစံက အစစ်နှင့် တူလွန်းလှသည်။
ပုပုက သူ့ထံတွင် ရှဉ့်အစစ်လေးရှိပါက ၎င်း၏အမွေးလေးကလည်း ထိုသို့နူးညံ့နေမည်ဟုပင်ထင်မိလာသည်။
ထိုရှဉ့်ရုပ်လေးက သူ့အတွက် စိတ်ဝင်စားစရာကောင်းပြီး ထိုနေရာတွင် ၂၄နာရီ ၇ရက်လုံးရှိနေသည့်အတွက် အားကိုးထိုက်သည့်အဖော်ကောင်းဖြစ်လာသည်။ သူ့အမွေး အရောင်က စိုနေပြီး အမြဲတစေ တက်ကြွသည့်ပုံစံမျိုးဖြစ်သည်။ ‌‌၎င်း၏ဘေးတွင် စား၍မရသော ထင်းရှုးသီး အပုံလိုက်ကြီးရှိကာ နောက်ခံအရောင်ကလည်း ဆောင်းဦးနေ့ရက်တစ်ခုတွင် နေရောင်ခြည်များ ဖြာကျနေပုံဖြစ်သည်။
ခြေသုတ်ဖုံပေါ်မှ ရှဉ့်ရုပ်လေးက နောက်သို့လှန်ကြည့်၍ မရသော စာအုပ်အဖုံးကဲ့သို့ ဖြစ်နေသည်။
ပုပုက ထိုရှဉ့်လေးအကြောင်း စာအုပ်ကို ဖတ်ချင်ခဲ့မိသည်။
ယနေ့ညတွင်မူ စာအုပ်အဖုံးကို လှန်လိုက်နိုင်ပြီဖြစ်သည်။ ရှေ့ဆုံးစာမျက်နှာတွင် သူနှင့် ရင်းနှီးနေသောသူငယ်ချင်း‌ရှဉ့်လေးက ပုံစံတစ်မျိုးဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။ ထိုစာမျက်နှာတွင် ရှဉ့်လေးက မတ်တပ်ရပ်နေပြီး လက်ဖဝါးထဲတွင် ထင်းရှူးသီးလေးကိုပိုက်ထားကာ အဝေးသို့ လှမ်းကြည့်နေသည်။
ရှဉ့်လေး လှမ်းကြည့်နေသော စာမျက်နှာတွင် ပုံနှိပ်စာလုံးနှင့် လက်မှတ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
စုန့်ရန်...
လက်ရှိအချိန်တွင် ပုပုက စာမတ်နိုင်သေး၍ သူ့အာရုံက ရှဉ့်လေးအပေါ်တွင်သာရှိနေပြီး အနာဂတ်တွင် အကြိမ်ပေါင်းများစွာ ခေါ်လာရမည့် ရင်းနှီးနေသော်နာမည်ကို ကျော်သွားမိခဲ့သည်။ သူ နောက်တစ်မျက်နှာကို လှန်လိုက်သည်။
နောက်စာမျက်နှာတစ်ခုက ဇာတ်လမ်းလေးက အစနေရာဖြစ်သည်။
ရွှေရောင်ထင်းရှူးရွက်လေးများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သေးငယ်သောရှဉ့်လေးတစ်ကောင်က ဆောင်းဦးရာသီ၏ နေရောင်ခြည်အောက်တွင် လှဲနေသည်။
သူ ဘယ်လို ထူးဆန်းတဲ့အရာတွေ လုပ်မှာပါလိမ့်...
ပုပု အမှန်တကယ်ပင် သိချင်နေမိသည်။
ပုပု သတ္တိမွေးလိုက်ပြီးနောက် ပုံပြင်စာအုပ်လေးကိုဖက်ထားပြီး စုန့်ရန်ကို မေးလိုက်သည်။
" ကိုကြီး ပုပုကို ဒါလေးဖတ်ပြလို့ရလား..."
စုန့်ရန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြေလိုက်သည်။
" ရတာပေါ့..."
ပန်းကန်ခွက်ယောက်များက နောက်မှ ဆေးကြောသိမ်းဆည်း၍ရပေသည်။ သစ်သီးများကိုလည်း နောက်မှ ဆေး‌၍ရသည်။ အဖိုးတန်ကလေးလေးတစ်ယောက် ပုံပြင်နားထောင်ချင်သည်မှာ ယခုချိန်၌ အရေးကြီးဆုံးသောကိစ္စဖြစ်သည်။
Xxxxxxx