အပိုင်း ၄
Viewers 9k

Chapter 4
ပုပုက စုန့်ရန်၏ပေါင်ပေါ်ထိုင်လိုက်ပြီး သူ့လက်မောင်းများကို ဖက်တွယ်လိုက်ချိန်တွင် သားမွေးဆိုဖာက အနည်းငယ် အိကျသွားသည်။ ပုပုက သူ အချိန်အတော်ကြာစိတ်ကူးယဉ်ခဲ့ရသောစာအုပ်ကို ဖတ်ရန် စာရွက်လှန်လိုက်သည်။ အမွေးပွကြောင်လေး ပူသို့သို့က ထိုမြင်ကွင်းကိုတွေ့သည့်အခါ မနာလိုဖြစ်သွားပြီး သူ မှီနေသည့် လက်တင်အပေါ်မှ သူတို့နားသို့ရောက်လာသည်။
[ T/N - ကွင်းစကွင်းပိတ်နဲ့ ရေး‌ထားတဲ့စာပိုဒ်တွေက ပုံပြင်ဖတ်ပြတဲ့ နေရာတွေပါ ]
( တစ်ခါတုန်းက တောအုပ်အကြီးကြီးတစ်ခု ရှိပြီးတော့ အဲ့တောအုပ်ထဲမှာ ချစ်စရာကောင်းတဲ့ ရှဉ့်ကြားလေးတစ်ကောင်ရှိတယ်...)
စုန့်ရန် ပထမစာကြောင်းကို ဖတ်ပြသည်နှင့် ပုပုက ပုံပြင်ထဲ လုံးဝစိတ်နစ်သွားပြီး ရုပ်ပုံလေးများကို အသေးစိတ်လိုက်ကြည့်နေသည်။
စုန့်ရန်က ဤစာအုပ်မှ အကြောင်းအရာများနှင့် အလွန်ရင်နှီးနေပြီဖြစ်သောကြောင့် မျက်လုံးများ မှတ်လိုက်သည်နှင့် စာအုပ်ထဲမှ ပုံများနှင့် စာကြောင်းတစ်ကြောင်းစီတိုင်းက နွေရာသီညတစ်ညမှ ပိုးစုန်းကြူးလေးများကဲ့သို့ သူ့မျက်စိရှေ့တွင် ကခုန်နေသည်။
( ဤရှဉ့်ကြားလေးက ဆော့ကစားရသည်ကို နှစ်သက်ရုံမက အလွန်လည်း ပျင်းရိပေသည်။ )
( ဆောင်းဦးရောက်ရှိလာသည့်အခါ ၎င်း၏ သူငယ်ချင်း မီးခိုးရောင်ရှဉ့်လေးက ဆောင်းရာသီအတွက် ထင်းရှူးသီးများ ကြိုတင်စုဆောင်းထားသည်။ သို့ရာတွင် ရှဉ့်ကြားလေးက သစ်ကိုင်းပေါ်တွင်သာထိုင်နေပြီး ပေါက်ဖက်များကို စနောက်ကျီစယ်နေခဲ့သည်။ နောက်ဆုံးတွင် ဆောင်းဦးကုန်ဆုံးပြီး ‌ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သည်။ မီးခိုးရောင်ရှဉ့်လေးစုဆောင်းထားသော ထင်းရှူးသီးများက သူ့အိမ်တစ်ဝက်ခန့် ရောက်နေပြီဖြစ်သော်လည်း ရှဉ့်ကြားလေးကမူ သစ်ကိုင်းပေါ်တွင် တွဲလွဲခို၍သာ အမြီးကိုယမ်းပြီး ဆော့ကစားနေခဲ့သည်။ )
( တစ်ရက်တွင် မီးခိုးရောင်ရှဉ့်လေးက သူ့ကိုမေးလာသည်။
" မင်း ဘယ်တော့ ထင်းရှူးသီးတွေ စစုမှာလဲ..." )
( ရှဉ့်ကြားလေးက ပြန်ဖြေခဲ့သည်။
" စိတ်မပူပါနဲ့ စိတ်မပူပါနဲ့... ငါ့အိမ်မက်ထဲမှာလေ ကမ္ဘာပေါ်က အကြီးဆုံး ထင်းရှူးပင်ကြီးကို တွေ့ခဲ့တယ်ကွ... အဲ့က ထင်းရှူးသီးကြီး တစ်လုံးရမယ်ဆိုရင် ငါ ဆောင်းတွင်းတစ်တွင်းလုံး ဗိုက်ဆာတော့မှာတောင် မဟုတ်ဘူး..." )
( နောက်ဆုံးတွင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့သည်။ )
( ပထမဆုံးအကြိမ် နှင်းကျလာသည့်အခါ မီးခိုးရောင်ရှဉ့်လေး၏ အိမ်တစ်ခုလုံးတွင် ထင်းရှူးသီးများဖြင့်ပြည့်နေခဲ့သည်။
ရှဉ့်ကြားလေးကရော ဘယ်လိုဖြစ်နေပါလိမ့်...)
( ရှဉ့်ကြားလေး၏အိမ်ထဲတွင်မူ ထင်းရှူးသီးတစ်လုံးမှ မရှိပေ။ )
( သူ အလွန် ဆာလောင်လာသောကြောင့် ဒဏ္ဍာရီလာ ဧရာမထင်းရှူးသီးကြီးကိုရှာဖွေခဲ့သည်။
ဒါပေမဲ့ အပြင်ဘက်မှာ နှင်းတွေဒီလောက်ကျနေတာ ထင်းရှူးသီးရဲ့ အရိပ်ကိုတောင် ရှာတွေ့မယ်တဲ့လား...)
( ယုန်မိသားစုတွင် ထင်းရှူးသီးကြီးရှ်ိသည်ဟုကြားသောကြောင့် ရှဉ့်ကြားလေးက သူတို့အိမ်သို့ သွားလည်ခဲ့သည်။ သို့ရာတွင် ယုန်မိသားစုက ထင်းရှူးသီးကြီးကို လှပသောကြောင်အိမ်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားကာ မုန်လာဥများဖြင့် ဖြည့်ထားပေသည်။ )
( မဖြစ်သေးဘူး မဖြစ်သေးဘူး... သူများအိမ်က ကြောင်အိမ်ကြီးကို ငါဘယ်လိုလုပ် စားရမှာလဲ..." )
( ရှဉ့်ကြားလေးက ခေါင်းခါလိုက်ပြီး ဗိုက်ဆာဆာဖြင့် ထွက်သွားခဲ့သည်။ )
( ထို့နောက် ဖြူကောင်မိသားစုထံတွင် ထင်းရှူးသီးကြီးရှိသည်ဟုကြား၍ သူတို့အိမ်သို့ သွားလည်ပြန်သည်။ သို့ရာတွင် ဖြူကောင်မိသားစုက ထင်းရှူးသီးကို လှပသည့် ခရစ်စမတ်သစ်ပင်အဖြစ် ပြောင်းလဲထားပြီး ရောင်စုံလက်‌ဆောင်များဖြင့် အလှဆင်ထားသည်။ )
( မဖြစ်သေးဘူး မဖြစ်သေးဘူး... သူများအိမ်က ခရစ်စမတ်သစ်ပင်ကြီးကို ငါဘယ်လိုလုပ် စားရမှာလဲ..." )
( ရှဉ့်ကြားလေးက ခေါင်းခါလိုက်ပြီး ဗိုက်ဆာဆာဖြင့် ထွက်သွားပြန်သည်။ )
( ရှဉ့်ကြားလေးက အချိန်အတော်ကြာသည်အထိ ရှာဖွေခဲ့သော်လည်း အဆုံးတွင် ကမ္ဘာ့အကြီးဆုံး ထင်းရှူးသီးကြီးကို မရှာဖွေနိုင်ခဲ့ပေ။ အစာအိမ်က တဂွီဂွီမြည်လျက်ဖြင့်သာ အိမ်ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် သူ့အိမ်နီးချင်းဖြစ်သည့် မီးခိုးရောင်ရှဉ့်‌လေးရောက်လာပြီး အိမ်တံခါးကိုခေါက်ကာ ‌လာမေးသည်။
" မင်း အိမ်မက်တွေ တကယ်ဖြစ်လာလား..." )
( ရှဉ့်ကြားလေးက ရှက်ရွံစွာဖြင့် ခေါင်းခါလိုက်သည်။ )
( " နောက်နှစ် နောက်နှစ်ဆို‌ရင်တော့ ငါ့အိမ်မက်တွေ တကယ်ဖြစ်လာမှာကွ..." )
( သူက မီးခိုးရောင်ရှဉ့်လေးကို ကတိပေးလိုက်သော်လည်း ဗိုက်ထဲမှ တဂွီဂွီအသံက ပိုကျယ်လာသည်။ )
( မီးခိုးရောင်ရှဉ့်လေးက သူ့အနောက်ဘက်မှ ထင်းရှူးသီးကြီးကိုထုတ်ကာ ရှဉ့်ကြားလေး၏ရှေ့တွင် ထားပြီးပြောလိုက်သည်။
" ငါ မင်းကို ဒီထင်းရှူးသီးပေးမယ်... ‌ဒါက ‌ကမ္ဘာပေါ်မှာအကြီးဆုံး မဟုတ်သလို တောထဲက အကြီးဆုံးအသီးလည်းမဟုတ်ဘူး... ဒါပေမဲ့ ငါ့အိမ်က ထင်းရှူးသီးတွေထဲမှာတော့ အကြီးဆုံးပဲ..." )
( ရှဉ့်ကြားလေးက ထင်းရှူးသီးကြီးကိုရသည့်အခါ ဖက်ထားလိုက်ပြီး ကြောင်အိမ်ကြီးတစ်ခု၊ ခရစ်စမတ်သစ်ပင်တစ်ပင်၊ ကစားကွင်းတစ်ခုနှင့် အလွန့်အလွန် အဖိုးတန်လှသည့် သူငယ်ချင်းတစ်ယောက် ရရှိသွားသကဲ့သခံစားလိုက်ရသည်။ )
( ၎င်းက သူ့အတွက်မူ ကမ္ဘာပေါ်တွင် အကြီးဆုံးထင်းရှူးသီးဖြစ်သည်ဟု တွေးလိုက်မိသည်။ )
" ပြီးတော့ ဘာဆက်ဖြစ်လဲဟင်..."
ပုပုက နောက်စာမျက်နှာတစ်ခုကို လှန်လိုက်သည့်အခါ စာအုပ်က အဆုံးသတ်သွားပြီဖြစ်သည်။ ရှဉ့်လေး၏အမြီးပေါ်မှ ဘားကုတ်နှင့်အတူ စာအုပ်နောက်ကျောတွင် ပုံပြင်ပြီးဆုံးသွားကြောင်း ကြေညာထားသည်။
ပုပု၏စိတ်ထဲတွင် မေးခွန်းမျာကျန်ရှိနေဆဲဖြစ်၍ စုန့်ရန်ကို မေးလိုက်သည်။
" ကိုကြီး နောက်တော့ ရှဉ့်လေးက ထင်းရှူးသီးကြီးကို စားလိုက်တာလား..."
စုန့်ရန် ယခင်က ထိုမေးခွန်းအကြောင်း မတွေးထားခဲ့မိပေ။ သူ့မေးစေ့ကိုပွတ်၍ အချိန်အတော်ကြာသည်အထိ အလေးအနက်စဉ်းစားနေပြီးမှ ရိုးသားစွာဖြေလိုက်သည်။
" ကိုကြီးလည်းမသိဘူး ဒါပေမဲ့ အဲ့ထင်းရှူးသီးလေးက သူ့သူငယ်ချင်းဆီက လက်ဆောင်ဆိုတော့ သိမ်းထားမယ်ထင်တယ်..."
" ‌ဒါပေမဲ့ စားစရာကို မြန်မြန်မစားဘူးဆိုရင် မကောင်းတော့ပဲ ဖြစ်သွားလိမ့်မယ်... ဘာနဲ့တူလဲဆိုတော့..."
ပုပု အသည်းအသန်စဉ်းစားနေသည်။
" ဒိုးနက်လိုမျိုးပေါ့..."
သူက ကြုံရာ အင်္ဂလိပ်စကားလုံးတစ်လုံးကို ထုတ်ပြောလိုက်သည်။
" ဒါဆိုရင်တော့ သူ စားလိုက်မယ်ထင်တယ်... တကယ်တော့ သူ စားလိုက်တာဖြစ်ဖြစ် မစားလိုက်တာဖြစ်ဖြစ် အရေးမကြီးပါဘူး... သားမှာ သူငယ်ချင်းတွေရှိရင် လက်ဆောင်တွေကတော့အမြဲတမ်းရှိနေမှာပဲလေ..."
" ဟုတ်သားပဲ..."
စုန့်ရန်ပြောသည်က ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ပုပုထင်လိုက်သည်။ မီးခိုးရောင်ရှဉ့်လေးနှင့် သူငယ်ချင်းဖြစ်နေသရွေ့ ရှဉ့်ကြားလေးက အနာဂတ်တွင်လည်း ထင်းရှူးသီးများစွာကို လက်ဆောင်ရနေဦးမည်ဖြစ်သည်။
သူ စိတ်အေးလက်အေးဖြစ်သွားမိသည်။ "ရှဉ့်ကလေး၏အိမ်မက်" စာအုပ်ကို ပိုက်ထားလျက် စုန့်ရန်၏ရင်ခွင်ထဲ မှီနေလိုက်ပြီးနောက် မျက်လုံးများ မှေးကျဉ်းကာ ပြောလိုက်သည်။
" ကိုကြီးက ပုံပြင်ပြော အရမ်းကောင်းတာပဲ ဖွားဖွားထက် ပိုကောင်းတယ် ... ဖွားဖွားဆိုရင် သားကို ပုံပြင်ပြောပြရတာ သဘောမကျလို့ အမြဲတမ်း အမြန်ပဲပြောပစ်တာ... သူက စိတ်လည်းမရှည်ဘူး သား နားမလည်တဲ့စကားတွေကိုလည်း ပြောတယ်... ကိုကြီး သားကို ပုံပြင် ခဏခဏပြောပြပါလား..."
စုန့်ရန်က ခေါင်းကုတ်နေမိသည်။
" အမ် ရပါတယ်..."
အကြမ်းဖျင်း‌တွက်ကြည့်ပါက သူနောက်ဆုံးအကြိမ် ပုံပြင်ပြောပြခဲ့ဖူးသည်မှာ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ကဖြစ်သော်လည်း သူ၏စွမ်းရည်များက မလျော့ပါးသွားသေးပဲ ချီးကျူးခံရမည့် အနေအထားတစ်ခုတွင် ရှိနေသည့်ပုံပေါ်သည်။
ပုပုက သူ့ကိုယ်ပေါ်မှ ဆင်းသွားသည်။ "ရှဉ့်ကလေး၏အိမ်မက်" စာအုပ်ကို အနားတွင် ချထားလိုက်ပြီးနောက် စာအုပ်အသစ်တစ်အုပ်ကိုယူလာကာ မျှော်လင့်တကြီးဖြင့် စုန့်ရန်ကို ကမ်းပေးလာသည်။
" ကိုကြီး သားကို ပုံပြင်နောက်တစ်ပုဒ်ဖတ်ပြလို့ရလား..."
စုန့်ရန်က နံရံပေါ်မှ နာရီကိုလှမ်းကြည့်လိုက်သည့်အခါ ညကိုးနာရီထိုးခါနီးပြီဖြစ်သည်။ ကလေးလေးက ယခုချိန်တွင် အသက်လေးနှစ်သာရှိသေး၍ ရေချိုးပြီး အိပ်ရာဝင်သင့်သည့်အချိန်ရောက်ပြီဖြစ်သည်။
သူက စာအုပ်အဖုံးပေါ်မှ လမင်းကြီး၊ ပျံသန်းနေသည့်ကော်ဇောနှင့် မီးခိုးခေါင်းတိုင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
" ပုပု ဒါက အိပ်ရာဝင်ပုံပြင်နော်... ဒါကို အိပ်ရာမဝင်ခင်နားထောင်မှ အိမ်မက်ကောင်းလေးတွေမက်မှာပေါ့... သစ်သီးအရင်စားကြမယ်လေ ပြီးရင် အိပ်ရာပေါ်ရောက်မှ ဖတ်ကြတာပေါ့ ဟုတ်ပြီလား..."
ပုပု အံ့အားသင့်သွားခဲ့သည်။
သူ ပုံပြင်စာအုပ်လေးကိုဖက်ထားပြီး စုန့်ရန်ကို ငေးကြည့်နေမိသည်။ သူ့နားကိုပင် သူမယုံနိုင်ဖြစ်သွားရသည်။ အချိန်အတော်ကြာပြီးမှ စုန့်ရန်က သူ့ကိုညအိပ်ဝင်ရန်ဖိတ်ခေါ်နေကြောင်း သိသွားခဲ့၍ ဝမ်းသာအားရဖြင့် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
" သား သဘောပေါက်ပြီ..."
စုန့်ရန်က ကော်ဖီစားပွဲ၏ အံဆွဲထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ ၎င်းက Eric Carle၏ " အလွန်ဗိုက်ဆာနေသော ပေါက်ဖတ်လေး" ဖြစ်သည်။
( T/N - Eric Carleက အမေရိကန်က စာရေးဆရာ၊ ဒီဇိုင်နာ၊ ကလေးပုံပြင်စာအုပ်တွေဆွဲတဲ့လူပါ၊ သူ့ရဲ့ရုပ်ပြစာအုပ် The Very Hungry Caterpillar " အလွန်ဗိုက်ဆာနေသော ပေါက်ဖတ်လေး" စာအုပ်ကို ၁၆၉၆ ခုနစ်က ထုတ်ဝေခဲ့ပြီး ၆၆ဘာသာအထိ ဘာသာပြန်ဆိုခဲ့ပြီး စာအုပ်အရေအတွက် သန်း၅၀ကျော် ရောင်းချခဲ့ရပါတယ် )
စုန့်ရန်က သူ၏အစောပိုင်းလက်ရာအားလုံးကို ဝယ်ယူစုဆောင်းထားခဲ့ပြီး အချိန်ရသည်နှင့် ၎င်းတို့ကို ထုတ်ကြည့်လေ့ရှိသည်။ ဇာတ်လမ်းလေးက ရိုးရှင်းသော်လည်း ဂန္ဓဝင်ဆန်လှသည်။ ၎င်းက နေ့စဉ်နေ့တိုင်း အစားအစာမျိုးစုံကို စားသောက်တတ်သည့် ပေါက်ဖတ်ငယ်လေးတစ်ကောင်ဖြစ်သည်။ ၎င်းက တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ်နေ့တိုင်းစားသောက်နေပြီး နောက်ဆုံးတွင် ဧရာမလိပ်ပြာကြီးတစ်ကောင်ဖြစ်သွားခဲ့ရသည့်အကြောင်းဖြစ်သည်။
စုန့်ရန် ပုပုကိုမေးလိုက်သည်။
" ပုပု အင်္ဂလိပ်လို ဖတ်တတ်တယ်မလား..."
ပုပု ခေါင်းငြိမ့်ပြလိုက်သည်။
" ဖတ်တတ်တယ်..."
စုန့်ရန်က စာအုပ်ကို သူ့ပေါင်ပေါ်တင်ထားလိုက်ပြီး ပုပု၏ဆံပင်လေးကို ပွတ်သပ်ကာ ပြုံးပြလိုက်သည်။
" ကိုကြီး စတော်ဘယ်ရီသီးတွေ သွားဆေးလိုက်ဦးမယ်... ပေါက်ဖတ်လေးက စာအုပ်ကို ကိုက်စားသွားမှာစိုးလို့ ကြည့်ထားနော်..."
" ဟုတ် သားသေချာကြည့်ထားလိုက်မယ်..."
ပုပုက ချိုသာစွာပြန်ဖြေသည်။
ယခုက ည ၈နာရီ ၅၀မိနစ်ရှိပြီဖြစ်သည်။ မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်များအားလုံး၏ အသံများအပြင် ပူရှိန်းနံ့ ပန်းကန်ဆေးဆပ်ပြာရည်က နှင်းများသဖွယ်ဖြူဖွေးသည့် ပူစီဖောင်းများ ဖြစ်ပေါ်လာစေသည်။
ပုပုက ဆိုဖာပေါ်တွင် မှောက်လျက်လှဲနေပြီး တစ်ရွက်တစ်ရွက်ကိုလှန်လိုက်ပြီး စတော်ဘယ်ရီလုံးလေးကို ကိုက်နေသည်။ စာအုပ်ထဲမှ ပေါက်ဖတ်လေးက အလွန်အစားကြီးသူဖြစ်ကာ တနင်္လာမှ တနင်္ဂနွေအထိ နေ့တိုင်းစားသောက်နေတတ်သူဖြစ်သည်။ ထိုပေါက်ဖတ်လေး လိပ်ပြာအဖြစ်ပြောင်းမည့်စာမျက်နှာရောက်ခါနီးတွင် ဧည့်ခန်းထဲ၌ ချစ်စဖွယ်ကောင်းသော အသံတစ်သံမြည်လာသည်။
" ပီကာ – ပီကာ – ပီ ကာ ချူး – ပီကာ ပီကာ – ပီ – ကာ – ချူး ..."
(T/N - ဖုန်းသံပါရှင့် ဘာသာပြန်တဲ့လူ သူငယ်ပြန်သွားတာ မဟုတ်ပါဘူး T T )
ပုပု၏မျက်လုံးများ အရောင်လက်သွားသည်။
" အာ... အဲဒါ ဖေဖေပဲ..."
ဆိုဖာပေါ်မှ အမြန်ခုန်ချသွားပြီး ကျောပိုးအိတ်ထဲမှ ကလေးကိုင်သည့် ဖုန်းလေးကိုထုတ်လိုက်သည်။ ဖုန်းဖြေဆိုမည့်ခလုတ်ကိုနှိပ်ပြီးနောက် ပျားရည်သဖွယ်ချိုမြသည့်အသံဖြင့် ပြောလိုက်သည်။
" ကောင်းသောမနက်ခင်းပါ ပါပါး..."
ပါပါးတဲ့လား...
စုန့်ရန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
အခုလေးတင် "ဖေဖေ"လို့ခေါ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာကို "ပါပါး" ဖြစ်သွားတာပဲလား... ဒီကလေးက ဘယ်လိုချစ်စရာကောင်းအောင် နေရမယ်ဆိုတာ သိသားပဲ...
သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ပုပုက ဖုန်းကိုင်ထားပြီး ခုန်ဆွခုန်ဆွဖြင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။ အမွေးပွဘောလုံးလေး(ကြောင်လေး)ကလည်း အမြီးကိုထောင်ထားပြီး သူ့နောက်မှလိုက်နေသည်။ ကလေးပေါက်စလေးနှင့် ကြောင်လေးက စားပွဲနားတွင် ခုန်ဆွခုန်ဆွလုပ်နေပြီးနောက် ဒယိမ်းဒယိုင်ဖြင့် ဆိုဖာပေါ် ပြန်ပြုတ်ကျလာသည်။
စုန့်ရန်က ‌ပြုံးပြီး ခေါင်းခါလိုက်ကာ ပန်းကန်များကို တိုက်ချွတ်ဆေးကြောနေသည်။ သူ ပန်းကန်ဆေးနေစဉ်မှာပင် ပုပုက သူ့ကို ခေါင်းပြူကြည့်လိုက်သည်။
" ကိုကြီး သားတို့ခုနကစားတဲ့ အစိမ်းရောင်လေးတွေကို သေးသေးလေးတွေဖြစ်အောင်လှီးထားတာကို ဘယ်လိုခေါ်လဲဟင်..."
စုန့်ရန်က ပြန်ဖြေလိုက်သည်။
" အဲဒါကညွတ်လေ..."
" ကညွတ်တဲ့ ပါပါး ..."
ပုပုက သူ့အဖေကို အမြန်ပြန်ဖြေလိုက်ပြီးနောက် ထပ်မေးပြန်သည်။
" အနီလေးတွေကရော..."
" အဲဒါက ပုစွန်..."
" ပုစွန်တဲ့ ပုစွန်..."
ပုပုက အလွန်ပျော်ရွှင်နေပြီး သူ့အဖေ မကြားမည်စိုး၍ နှစ်ကြိမ်တိတိပြောလိုက်သည်။ ခဏအကြာတွင် သူ ထပ်ပြောနေသည်ကို ကြားလိုက်ရသည်။
" ဆန်ပြုတ်ပဲ မဟုတ်ဘူး... ကြက်ဥကြော်လည်းပါသေးတယ်... ကိုကြီးက သားဖို့သက်သက်ကြော်ပေးတာ... အဲဒါက အရမ်း အရမ်း အရသာရှိတာပဲ... ဖွားဖွားကြော်ပေးတာထက်တောင် အရသာရှိသေးတယ်..."
အခြားတစ်ဖက်မှမေးခွန်းမေးလိုက်သောကြောင့် ပုပုက ပြန်ဖြေရန် တွန့်ဆုတ်သွားပုံပေါ်သည်။ သူက မီးထဖိုချောင်ထဲ ပြေးဝင်လာပြီး ဖုန်းကို စုန့်ရန်ဆီသို့ပေးလိုက်သည်။
" ‌ပါပါးက သားကိုမေးနေတယ်... ‌ဒီနေ့ ဖွားဖွားအစား ကိုကြီးက ဘာလို့‌ဟင်းချက်ပေးတာလဲတဲ့..."
မေးတာ တော်သေးတာပေါ့...
စုန့်ရန်၏ နှလုံးသားထဲတွင် ချဉ်တူးနေမိသည်။
ခင်ဗျားတို့ရဲ့ကလေးထိန်း ဟွမ်ကွေ့ဟွားက လစ်သွားတာလေ... မိဘဖြစ်ပြီး ခုချိန်ထိမသိဘူးတဲ့ ငတုံးလားမသိဘူး...
သူ့လက်ထဲတွင် ဆပ်ပြာမြှုပ်များဖြင့်ပြည့်နေ၍ ဖုန်းမကိုင်နိုင်ပေ။ သို့ဖြစ်၍ ခါးကုန်းလိုက်ပြီး ပုပုကို သူ့ဖုန်းအား စုန့်ရန်၏ပခုံးပေါ်တင်ပေးရန် အချက်ပြလိုက်သည်။ ထို့နောက် လည်ပင်းကိုအနည်းငယ်စောင်းကာ ဖုန်းကို ပခုံးနှင့် နားကြားညှပ်ထားပြီး ပန်းကန်ဆက်ဆေးနေသည်။
" ဟဲလို တွေ့ရတာ ဝမ်းသာပါတယ်..."
သူက ဝတ္တရားအရ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
သုံးစက္ကန့်အကြာတွင်သူ့လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူ့လက်ထဲမှ ကြွေပန်းကန်လုံးက ကြမ်းပြင်ပေါ် ဂေါက်ခနဲ ပြုတ်ကျသွားသည်။
ပုပုက သတိပေးဟန်ဖြင့် အော်လိုက်သည်။
" ကိုကြီး..."
လျှပ်စီးကြောင်းဖြင့် ရှော့တိုက်ခံလိုက်ရသကဲ့သို့ လက်ထဲမှ စတီးအိုးကို ဘေးနားချထားလိုက်သည်။ အနားမှ တာဝါတစ်ခုကို အမြန်ယူလိုက်ပြီး လက်ကိုအကြမ်းဖျင်းသုတ်ကာ ဖုန်းကို သူ့နားရွက်အနားမှ ခွာလိုက်သည်။ သူစိတ်ရှုပ်ထွေးသွား၍ ဖုန်းကို ပစ်ချလိုက်သကဲ့သို့ဖြစ်သွားသောကြောင့် ဖုန်းက မီးဖိုချောင်ကောင်တာပေါ်တွင် လည်သွားသည်။
စုန့်ယန်က ဖုန်းကိုစိုက်ကြည့်နေစဉ်တွင် သွေးကြောများ ပေါက်ကွဲလုမတတ်ဖြစ်လာပြီး ပါးပြင်များ ပူနွေးလာကာ လည်တိုင်နှင့် နားရွက်များ လုံးဝနီရဲလာသည်။
တစ်ဖက်လူက စကားတစ်ခွန်းသာပြောလိုက်ခြင်းဖြစ်သည်။
" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဟယ်ယွဲ့ယန်ရဲ့အဖေပါ..."
Xxxxxxx