အပိုင်း ၅
Viewers 9k

Chapter 5
စုန့်ရန်က ဟယ်ကျစ်ယွမ်၏အသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
အသံက တိုးတိုးသာဖြစ်သော်လည်း ဆွဲဆောင်မှုရှိကာ အသံဩဇာဖြင့်ပြည့်စုံလွန်းနေသည်။ အသံပိုင်ရှင်က ယခုမှ အိပ်ရာနိုးလာခြင်းဖြစ်၍ ပျင်းရိပျင်းတွဲအသံပေါက်နေသော်လည်း ဩရှရှဖြစ်နေသည်။ ထိုသို့သောအသံဖြင့် စကားလုံးမျကို သူ့နားထဲတွင် တိုက်ရိုက်ကြားလိုက်ရ၍ နွေးထွေးသောအသံရှုသံတစ်သံက နားစည်ကို ရိုက်ခတ်သွားပြီး စုန့်ရန်၏ အကာအကွယ်ကင်းမဲ့သောနှလုံးသားလေးထဲတွင် စိတ်လှုပ်ရှားမှုများဖြစ်ပေါ်လာစေသည်။
“…”
သူ့ရင်ခုန်သံများ နှစ်ဆခန့် မြန်ဆန်လာပြီး ဦးနှောက်ထဲတွင် အောက်ဆီဂျင် ပြတ်လတ်သွားကဲ့သို့ ခံစားလိုက်ရသည်။
စုန့်ရန်၏ ဦးရေပြားများ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ပြန်ဖြေရန်မပြောနှင့် သူ၏ မိသားစုအမည်ကိုပင် မမှတ်မိတော့ပေ။
......
ပထမနေ့ ည ၉ နာရီ 🖌️
နံနက်ခြောက်နာရီအချိန်တွင် ဆည်းဆာဇုန်က ပစိဖိတ်သမုဒ္ဒရာကိုကျော်ဖြတ်၍ ဖြည်းညှင်းစွာဖြတ်သန်းသွားသည်။ ယနေ့၏ ပထမဆုံးနေရောင်ခြည်က မြောက်အမေရိက၏ အနောက်ဘက်ကမ်းရိုးတန်းသို့ရောက်ရှိရန် နောက်ထပ် နာရီဝက်ခန့် ကြာမည်ဖြစ်သည်။
Palo Alto မြို့ငယ်လေးသည် အလွန်ဆိတ်ငြိမ်ပြီး အုံ့ဆိုင်းနေသည်။ လမ်းဆုံလမ်းခွများတွင် အနီရောင်နှင့် အစိမ်းရောင်မီးများက တစ်လှည့်စီအရောင်ပြောင်းနေပြီး ဖြတ်သွားဖြတ်လာကားများလည်း အလွန်နည်းပါးနေသည်။
( T/N - Palo Altoမြို့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက မြို့တစ်မြို့နာမည်ပါ )
အရှေ့ပိုင်းခရိုင်တစ်ခုတွင် အိမ်တစ်အိမ်၏ ပြတင်းပေါက်မှ အလင်းရောင်က တောက်ပနေသည်။ ပြတင်းပေါက်လိုက်ကာကို ဖြတ်သန်း၍ကြည့်လိုက်မည်ဆိုပါက မီးခိုးရောင် ဖလန်နယ်ဝတ်ရုံကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ ပုံသဏ္ဍာန်ကို ခပ်ဖျော့ဖျော့မြင်တွေ့နိုင်မည်ဖြစ်သည်။
သူ့ဆံပင်က အနည်းငယ်ရှုပ်ပွနေပြီး မေးစေ့တွင်လည်း မရိတ်ထားရသေးသော မုတ်ဆိတ်မွေးစစရှိနေသည်။ သူ့ခေါင်းကိုငုံ့ထားပြီး နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးညွတ်နေသည်။
ပင်လယ်ပြင်ကိုဖြတ်ကျော်၍ ကီလိုမီတာတစ်သောင်းအကွာအဝေးတွင်ရှိသောနေရာမှ သူတစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသော အိမ်နီးချင်း၏ အထစ်ထစ်အငေါ့ငေါ့အသံက ဖုန်းထဲမှတစ်ဆင့် သူ့ထံသို့ရောက်လာသည်။
" ကျွန်... ကျွန်တော် အိမ်အပြင်ထွက်လိုက်တဲ့အချိန် မျက်နှာချင်းဆိုင်အိမ်က ... ဟွမ်ကွေ့ဟွားက သူ့ဇာတိကို ပြန်သွားတယ်ဆိုပြီး စာကပ်သွားတာတွေ့လို့ ..."
" အင်း..."
ကောင်တာပေါ်မှ ကော်ဖီစက်က ဖြည်းဖြည်းချင်းဆူလာသည်။ အညိုရင့်ရောင်အစက်များက ကြွေခွက်ထဲသို့ တစ်စက်ချင်း ကျဆင်းလာသည်။
ခွက်၏ဘေးတွင် " SwordArc " ဟူသော လိုဂိုတစ်ခုကို ရိုက်နှိပ်ထားသည်။
စာလုံးများအားလုံးက မိုးပြာရောင်ဖြစ်ပြီး ရှေ့ဆုံးမှ Sစာလုံးနှင့် နောက်ဆုံးမှ Cစာလုံးတို့က စာလုံးစောင်းများဖြစ်သည်။
" ကျွန်တော် ညစာအတွက် ပုစွန်ဆန်ပြုတ်ပြုတ်ထားတာပါ... အသီးအရွက်ရောအသားတွေရော ပါပါတယ် အဲ့ဒါကြောင့်မို့ ပုပုစားဖို့ တစ်ပန်းကန်ထည့်ပေးလိုက်တာပါ... သူ သူကလည်း အရသာရှိတယ်ပြောပါတယ်..."
ဟယ်ကျစ်ယွမ် ပြုံးလိုက်မိသည်။
" ကျေးဇူးတင်ပါတယ်..."
" ရပါတယ် ရပါတယ် ကျွန်တော်တို့က အိမ်နီးချင်းတွေပဲမလား ကူညီရမှာပေါ့..."
တစ်ဖက်မှဖုန်းကိုင်ထားသည့် လူငယ်လေးမှာ ပို၍စိတ်လှုပ်ရှားသွားသည့်ပုံပေါ်ပြီး အသံပိုကျယ်လာသည်။
" ပုပုက တော်တော်လိမ္မာပါတယ်... ထမင်းစားချိန်မှာလည်း တခြားလူတွေက ခွံ့ကျွေးဖို့မလိုဘူး... ကျွန်တော် သူစားဖို့ ပန်းကန်တွေ ဇွန်းတွေ ပြင်ပေးထားရုံပါပဲ...ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး..."
ဟယ်ကျစ်ယွမ် ‌ပြန်ဖြေလိုက်သည်။
" ဒိလိုဆိုရင်လည်း ကျေးဇူးတင်ပါတယ်..."
ခွက်ထဲတွင် ကော်ဖီများဖြင့် ပြည့်လုနီးပြီဖြစ်သည်။ ဇကာအောက်ရှိအရည်များက ပို၍ နှေးကွေးစွာ စုဝေးလာပြီး အစက်တစ်စက်စီ ကျဆင်းရန် အချိန်အတော်ကြာသည်။
ကော်ဖီရနံ့ကိုရချိန်တွင် ဟယ်ကျစ်ယွမ်၏အပြုံးမျက ပိုမိုထင်ရှားလာသည်။ ခွက်လက်ကိုင်မှ ကိုင်လိုက်ပြီး လက်ဖြင့် အသာအယာခါလိုက်ကာ သကြားတစ်တုံးထည့်လိုက်သည်။
ဒီနေ့ကော်ဖီကတော့ နည်းနည်းချိုသွားလည်းရပါတယ်...
တစ်ဖက်လူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ခက်ခက်ခဲခဲဆက်ပြောနေသည်။
" ပြီး... ပြီးတော့ ကျွန်တော် သူ့ကို ပုံပြင်ပြောပြပြီးတော့ စတော်ဘယ်ရီသီးနည်းနည်း စားကြပါတယ်... ဒါပေမဲ့ သိပ်မများပါဘူး ညကိုးနာရီထိုးခါနီးပြီဆိုတော့လေ..."
" အင်း..."
ဟယ်ကျစ်ယွမ်က မေးခွန်းထုတ်သည့်လေသံဖြင့် "အင်း" ကို အသံရှည်ဆွဲပြောလိုက်ပြီး ခွက်ထဲမှ ကော်ဖီများကို မွှေနေသည်။
" ညကိုးနာရီထိုးတော့ ဘာဖြစ်လို့လဲ..."
" ဟမ် ညကိုးနာရီက... အမ်..."
တစ်ဖက်လူက ရုတ်ချည်းငြိမ်ကျသွားပြီး တစ်စုံတစ်ရာကို အလေးအနက်တွေးတောနေသကဲ့သို့ ငြိမ်ကျသွားသည်။ ခဏအကြာတွင် ထိုလူငယ်လေးကလိပ်ပြာမလုံသကဲ့သို့ ခံစားလိုက်ရပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
" ကိုးနာရီက အိပ်ရာဝင်ချိန် မဟုတ်ဘူးလား..."
ဟယ်ကျစ်ယွမ်မှာ ရှားရှားပါးပါးအနေဖြင့် တစ်ခဏတာ ချုပ်တည်းမှု ကင်းမဲ့သွားပြီး ရယ်မောသံ ထွက်ပေါ်လာသော်လည်း အမြန်ရပ်လိုက်သည်။ ထို့နောက် လည်ချောင်းရှင်းပြီး အခိုင်အမာပြောလိုက်သည်။
" ဟုတ်တာပေါ့... အဲ့အချိန်က အိပ်သင့်တဲ့အချိန်ပဲလေ မင်းသေချာတွေးထားတာပဲ..."
" ဟုတ်..."
တစ်ဖက်လူက မှင်သက်သွားပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းငြိမ်ကျသွားသည်။
ထိုအိမ်နီးချင်းလေးက အလွန်ချစ်စရာကောင်းသည်ဟု ဟယ်ကျစ်ယွမ်၏စိတ်ထဲတွင် တွေးလိုက်မိသည်။ ထိုလူငယ်လေးက သူ့အတွက် ကိစ္စကြီးတစ်ခုကို ကူညီခဲ့သော်လည်း အလွန်စိတ်လှုပ်ရှားလွန်း၍ စကားကို ခက်ခက်ခဲခဲပြောနေသည်မှာ ကလေးကို ပြန်ပေးဆွဲထားပြီး လူမိသွားသည့်ပုံ ဖြစ်နေသည်။ ဟယ်ကျစ်ယွမ်က အက်စ်မြို့သို့ လျှပ်စစ်သံလိုက် အချက်ပြမှုမှတစ်ဆင့် ချက်ချင်းပြန်လာပြီး သူ့ကို တစ်ကိုက်တည်း ကိုက်စားပစ်တော့မည်ကို ထိုလူငယ်လေးက ကြောက်နေပုံရသည်။
တင်...
ဧည့်ခန်းထဲမှ အီးမေးလ်အသစ်တစ်ခုရောက်သည့်နိုတီသံ ထွက်ပေါ်လာသည်။
ဟယ်ကျစ်ယွမ်က ကော်ဖီခွက်ကိုင်၍ အပြင်ထွက်လာသည်။ ခွက်ကို စားပွဲပေါ်တင်ပြီးနောက် လက်ပ်တော့ကို ဖွင့်လိုက်သည်။ အီးမေးလ်ပေါ်ရှိအကြောင်းအရာက လိုရင်းတိုရှင်းသာဖြစ်သည်။ ၎င်းက လော့စ်အိန်ဂျလိစ်တွင် လာမည့်အင်္ဂါနေ့၌ ပြုလုပ်မည့် ဒေတာလုံခြုံရေးညီလာခံအတွက် မှတ်ပုံတင်အတည်ပြုချက်ဖြစ်သည်။
မေးလ်ကို အောက်အထိဆွဲကာ ဖတ်လိုက်ပြီးသည်နှင့် ပြန်ပိတ်လိုက်သည်။
တစ်ဖက်မှ လူငယ်လေးက အချိန်အတော်ကြာအထိစောင့်နေပြီးမှ အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။
" လူကြီးမင်းဟယ်..."
ဟယ်ကျစ်ယွမ်က လက်ပ်တော့ကို ပြန်ပိတ်လိုက်ပြီးနောက် ဆိုဖာပေါ်မှီကာ မျက်လုံးများကို မှတ်ထားလိုက်သည်။
" ကိုယ် တောင်းပန်ပါတယ်... ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေက တကယ်ဆို ကိုယ့်တာဝန်တွေပါ... ကျွန်တော် ကလေးထိန်းရှာတဲ့အချိန်က ‌ပေါ့ပေါ့ဆဆလုပ်မိပြီး စည်းကမ်းလည်း မတင်းကျပ်ထားမိတော့ ဒီအခြေအနေထိ ရောက်သွားရတာပါ... မင်း ကိုယ့်ကလေးကို မကယ်ထားခဲ့ဖူးဆိုရင် ကလေးက တစ်ညလုံးဗိုက်ဆာနေမှာ... ဒီလိုလုပ်မလား မနက်ဖြန်မနက်အိမ်မှုကိစ္စကူညီပေးတဲ့ ကုမ္ပဏီဖွင့်တာနဲ့ ကိုယ် သူတို့ကို ချက်ချင်းဆက်သွယ်ပြီးတော့ ကလေးထိန်းအန်တီအသစ်တစ်ယောက် မြန်မြန်ပို့ခိုင်းလိုက်ပါ့မယ်..."
" အမ်..."
တစ်ဖက်မှလူငယ်လေးက ထူးထူးဆန်းဆန်း ငြိမ်ကျသွားပြန်သည်။
ဟယ်ကျစ်ယွမ် မေးလိုက်သည်။
" ဘာဖြစ်လို့လဲ..."
" ဘာမှမဖြစ်ပါဘူး... လူကြီးမင်းဟယ်ဆီမှာ ပုပုကို အပ်ထားလို့ရလောက်တဲ့ ယုံကြည်ရတဲ့ အသိမိတ်ဆွေတစ်ယောက်ယောက်များ ရှိမလားလို့ တွေးနေတာပါ..."
လူငယ်လေး၏အသံက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။
" ကျွန်တော်ပြောချင်တာက ပုပုက ခုမှ လေးနှစ်သားပဲ ရှိသေးတာလေ... ဒီအရွယ်ကလေးလေးတွေက တစ်ခါတစ်လေကျရင် အထိမခံဖြစ်တတ်တယ်... ကလေးထိန်းအန်တီတွေက သူတို့နဲ့ ရင်းရင်းနှီးနှီးနေရတဲ့လူတွေဆိုတော့ ခဏခဏလူပြောင်းမယ်ဆိုရင် ကလေးက စိတ်မလုံခြုံသလိုမျိုး ခံစားသွားရမယ်ထင်တယ်..."
လူငယ်လေးက အရေးကြီးသည့်ကိစ္စတစ်ခုခုပြောမည်ဟု ထင်လိုက်မိသော်လည်း သူ့စကားကိုကြားရသည့်အခါ ဟယ်ကျစ်ယွမ် ပြုံးလိုက်မိသည်။
" အဆင်ပြေပါတယ် ပုပုက နေသားကျနေပါပြီ..."
" အဲ့လိုဆိုရင်လည်း..."
ယခင်ကကဲ့သို့ပင် လူငယ်လေး၏အသံက လျှာကိုက်မိသွားသကဲ့သို့ တိုးဝင်သွားသည်။
လူငယ်လေးက ဖျောင်းဖျပြောဆိုချင်သော်လည်း သူက ဖျောင်းဖျ၍ရမည့် အနေအထားတွင် မရှိသည်ဟု ခံစားသွားရသည်ကို သူ့အသံကြားရုံဖြင့် ဟယ်ကျစ်ယွမ် ပြောနိုင်ပေသည်။
သူတို့တွေတော့ ဒီလူငယ်လေးကို ပြဿနာရှာမိပြီပဲ...
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် အိမ်နီးချင်းသူစိမ်းတစ်ယောက်က ကိုယ်ကျိုးမငဲ့ပဲ သူ့ကလေးကို လိုလိုလားလားကြည့်ပေးမည်ဆိုသည်ကို ကြည့်ခြင်းဖြင့် ထိုလူငယ်လေးက ကြင်နာတတ်သူဖြစ်ကြောင်း သိနိုင်သည်။ ဟယ်ကျစ်ယွမ် စိတ်လှုပ်ရှားသွားမိသော်လည်း အနည်းငယ်ရယ်ရသည်ဟုလည်း ထင်မိသည်။
ဒီလိုမနေပါနဲ့ ကြင်နာတတ်တဲ့ အိမ်နီးချင်းလေးရေ... ကိုယ်က ပုပုကို လေးနှစ်တောင် စောင့်ရှောက်လာတာပါ... ပုပုကို ကိုယ်နားလည်တာထက် မင်းက ပိုပြီး နားလည်ပါ့မလား...
ပုပုက အခြားကလေးများနှင့် ကွဲပြားပေသည်။
လုံးလုံးလျားလျားပင် ကွဲပြားခြင်းဖြစ်သည်။
သူက အမှီအခိုကင်းပြီး အလိုက်သိသော ကလေးတစ်ယောက်ဖြစ်ကာ ထမင်းစားချိန်တွင်လည်း ကိုယ်တိုင်စတတ်ပြီး တစ်ယောက်တည်း အိမ်ဆောက်တမ်း ကစားတတ်သည့် ကလေးမျိုးဖြစ်သည်။ သူ့နှလုံးသားထဲတွင် ထူးခြားပြီးအေးချမ်းနေသော အစိတ်အပိုင်းတစ်ခု ရှိနေသကဲ့သို့ ဆူညံပွက်လောရိုက်နေခြင်းလည်းမရှိပေ။ သူက ပြီးပြည့်စုံပြီး လက်တွေ့ကျကျ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ဖြစ်သည်။ မည်သည့်ကလေးထိန်းအန်တီကိုမဆို သဘောကျသကဲ့သို့ ကလေးထိန်းတိုင်းကလည်း သူ့ကိုသဘောကျသည်။
သို့ဖြစ်၍ အခြားသော single- parent မိသားစုများက အလုပ်နှင့်ဘဝဟန်ချက်ညီအောင် ထိန်းသိမ်းရန် ခက်ခက်ခဲခဲ ရုန်းကန်နေရစဉ်တွင် ဟယ်ကျစ်ယွမ်တစ်ယောက်တည်းကသာလျှင် သူ့ကလေးကို အက်စ်မြို့တွင် လွတ်လပ်စွာ ထားခဲ့ပြီး သူ၏ အသက်မွေးဝမ်းကြောင်းကို နှောင့်နှေးခြင်းမရှိပဲ လုပ်ဆောင်နိုင်နေခြင်းဖြစ်သည်။
စုန့်ရန်က ဖုန်းကိုင်ထားဆဲဖြစ်သော်လည်း တစ်ဖက်မှ အသက်ရှုသံညင်းညင်းကိုသာ ကြားရတော့သည်။ လူကြီးမင်းဟယ်က စကားဆက်မပြောတော့၍ သူတို့၏စကားဝိုင်းက ကိရို့ကားယားဖြင့် အဆုံးသတ်သွားရသည်။
မမှန်ကန်သည့် ထင်မြင်ချက်တစ်ခု ဖြစ်နိုင်သော်လည်း တစ်ဖက်လူပြောသွားသည့် နောက်ဆုံးစကားတစ်ခွန်းတွင် စိတ်မရှည်မှု အရိပ်အမြွက်အချို့ကို စုန့်ဟယ် ခံစလိုက်ရသည်။
သူ့စိတ်ထဲ ကသိကအောက်ဖြစ်သွားမိပြီး အခြားလူများ၏ကိစ္စကို မသိပဲဝင်ပါမိပြီး စကားများများပြောသည့်အတွက် သူ့ကိုယ်သူ အပြစ်မတင်ပဲ မနေနိုင်တော့ပေ။ အဝါရောင်တောက်တောက် ကာတွန်းရုပ်နှင့် ဖုန်းလေးကို ပုပုလက်ထဲပြန်ထည့်ပေးလိုက်ပြီး အိုးခွက်ပန်းကန်များကို ဆက်လက်ဆေးကြောနေသည်။
" ပါပါးရေ ပုပု ဖုန်းပြန်ကိုင်လိုက်တာပါ..."
ပုပုက သူ၏ ဖြူဖြူဖွေးဖွေးပါးပြင်လေးကို ဖုန်းနှင့်ထိထားပြီး ပျော်ရွှင်စွာဖြင့် ကခုန်လျက် ဖုန်းပြောနေသည်။
စုန့်ရန် ဘုံပိုင်ခေါင်းကိုဖွင့်လိုက်ပြီး ပန်းကန်များကိုဆေးကြောလိုက်သည်။ ပန်းကန်ပြားများပေါ်မှ အဖြူရောင်ဆပ်ပြာမြှုပ်များ ပြောင်စင်သွားချိန်တွင် အောက်သို့စီးဆင်းသွားသည့် ရေများကို ငေးငိုင်ကြည့်နေမိသည်။
သူ အခုပဲ လူကြီးမင်းဟယ်ကို စော်ကားလိုက်မိတာလား...
သူ တော်တော်ရိုင်းတာပဲ...
သူက လွန်ခဲ့သည့်နှစ်နာရီခန့်ကအထိ ပုပုနှင့် မသိသေးသော အပြင်လူတစ်ယောက်ဖြစ်သည်။
သူက ကလေးကိုလည်းမသိ၊ မိဘတွေကိုလည်းမသိပဲနဲ့ အဲဒီလိုမျိုး ပြစ်တင်သံပါတဲ့စကားတွေကို ဘာလို့သွားပြောမိပါလိမ့်... တစ်ဖက်လူရဲ့အမြင်ဘက်ကကြည့်ရင်တော့ ဘယ်မိဘမဆို ကလေးကို စိတ်ချလက်ချနဲ့ ထားခဲ့နိုင်မှာမဟုတ်ဘူးလေ... လူကြီးမင်းဟယ်ကလည်း အလုပ်များတဲ့သူနေမှာ... တခြားတစ်ယောက်ယောက်နဲ့သာ အပ်ထားလို့ရရင် ကလေးကိုကြည့်ဖို့ ကလေးထိန်းတစ်ယောက် ငှားထားခဲ့မှာ မဟုတ်သလို ကလေးကလည်း အခန်း8012Aရဲ့ရှေ့မှာ ရောက်လာမှာမဟုတ်ဘူး...
ကလေးမရှိတဲ့ အိုတာခုတစ်ယောက်က တခြားလူတွေရဲ့ မိသားစုကိစ္စထဲ ဘာလို့အဲ့လိုကြီး ဝင်ပါမိပါလိမ့်...
စုန့်ရန်က ဘေစင်မှရေကို ပိတ်လိုက်ပြီးနောက် မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူ့ပါးသူ ပြန်ရိုက်မိနေသည်။
လက်ကိုခြောက်အောင်သုတ်ပြီးသည့်နောက် မီးဖိုချောင်ထဲမှ ထွက်လာသောအခါ ပုပုက ပျော်ရွှင်စွာကခုန်နေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။ သူက ထမင်းစားစားပွဲဘေးတွင် ရပ်နေပြီး နူးညံ့သည့် မျက်ခုံးနှစ်ဖက်က အိကျနေကာ ယခင်ကကဲ့သို့ လိမ္မာပြီး အလိုက်သိသည့် ပုံစံ ပြန်ဖြစ်သွားသည်။
" အိပ်ရာဝင်တဲ့ကိစ္စကို ကိုယ့်ဘာသာကိုယ်လုပ်ရမယ်ဆိုတာ ပုပုနားလည်ပါတယ်... ပါပါး စိတ်မပူပါနဲ့ ပုပုက အရမ်းသတ္တိရှိတယ်၊ ပုပု အမှောင်ကိုမကြောက်ပါဘူး တစ်ယောက်တည်း အိပ်ရဲပါတယ်..."
ကလေးလေးက ဖုန်းပြောနေဆဲဖြစ်သည်။
တစ်ယောက်တည်းအိပ်မယ်တဲ့လား...
စုန့်ရန် ချက်ချင်းပင် အံ့အားသင့်သွားမိသည်။
ဘာကို ဆိုလိုတာလဲ...အိမ်မှာလည်း လူကြီးတစ်ယောက်မှ မရှိပဲနဲ့ သူတစ်ယောက်တည်း ဘယ်လိုအိပ်မှာလဲ...
Xxxxxx