အပိုင်း ၆
Viewers 9k

Chapter 6




ဘာကို ဆိုလိုတာလဲ...အိမ်မှာလည်း လူကြီးတစ်ယောက်မှ မရှိပဲနဲ့ သူတစ်ယောက်တည်း ဘယ်လိုအိပ်မှာလဲ...


ပုပု ဖုန်းချလိုက်သည်။ သူ ဝမ်းနည်းစွာဖြင့် ခေါင်းငိုက်စိုက်ချလိုက်ပြီး ထိုနေရာတွင်ရပ်ကာ နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး တိတ်ဆိတ်စွာ ငိုရှိုက်နေသည်။ သူ့ပုံစံလေးကြောင့် စုန့်ရန်၏နှလုံးသားထဲတွင် နာကျင်လာမိသည်။ စုန့်ရန် သူ့ရှေ့တွင် ထိုင်ချလိုက်ပြီးနောက် အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည့် လက်ပိစိလေးများကို သူ့လက်ဖြင့်အုပ်ကိုင်ထားလိုက်သည်။


သူ နှစ်သိမ့်စကားအချို့ပြောတော့မည့်အချိန်တွင် ပုပုက ခေါင်းမော့လာပြီး ခက်ခက်ခဲခဲဖြင့်ပြုံးပြရန် ကြိုးပမ်းလိုက်သည်။


" ကိုကြီး ဒီနေ့ချက်ပေးတဲ့ဆန်ပြုတ်က အရမ်း အရသာရှိတာပဲ... ပုံပြင်လေးကလည်း နားထောင်လို့ကောင်းတယ်... ကျေးဇူးတင်ပါတယ်နော်... ပုပုက လူကြီးဖြစ်နေပြီဆိုတော့ ကိုကြီးကို မနှောင့်ယှက်တော့ပါဘူး... သား အိမ်ကိုပြန်ပြီး အိပ်တော့မယ်နော်..."


" ပုပု..."


စုန့်ရန် သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားရသည်။


ဒီကလေးလေး တကယ်ပြောနေတာလား...


အစောပိုင်းက ပုပုကို သူနှင့်အတူအိပ်ရန် ဖိတ်ခေါ်စဉ်က ပုပု၏ အမူအယာက အံ့အားသင့်ရာမှ သင်္ကာမကင်းဖြစ်သွားသည့်ပုံဖြစ်သွားသော်လည်း စိတ်ထဲတွင် ဝမ်းသာသွားသည့်ပုံပေါ်သည်။ ၎င်းက ကလေးလေး၏ စိတ်ရင်းအမှန်ဖြစ်မယ်ဆိုကြောင်းကို စုန့်ရန် ၁၀၀ရာခိုင်နှုန်း သေချာသိနေသည်။

ဒါပေမဲ့ ဘာလို့ ဒီလိုတွန့်ဆုတ်သွားရတာလဲ...


စုန့်ရန် ထိုကိစ္စအကြောင်း တွေးလိုက်ပြီးနောက် အရေးကြီးဆုံးအချက်ကိုသာ ပြောလိုက်တော့သည်။


" ပုပုရဲ့အဖေက အိမ်ပြန်အိပ်ဖို့ပြောလို့လား..."


"ဟုတ်..."


ပုပု ခေါင်းငြိမ့်ပြသည်။



စုန့်ရန် ထိုနေရာတွင်ပင် တိတ်တဆိတ်ဆဲရေးလိုက်ပြီး အထင်အမြင်သေးစွာဖြင့် မျက်ဆံလှန်လိုက်သည်။ ထိုလူကို စော်ကားမိသည်ဟု အစောပိုင်းက ထင်နေသည့် အတွေးများက ‌ချက်ချင်း အငွေ့ပြန်သွားသည်။


ဒီလောက် မှောင်မည်းနေတဲ့ညဘက်ကြီး လူမရှိတဲ့တိုက်ခန်းထဲကို လေးနှစ်အရွယ်ကလေးလေးကို တစ်ယောက်တည်း အိမ်ပြန်အိပ်ခိုင်းတယ်တဲ့... သူ့အဖေဆိုတဲ့လူရဲ့ တွေးခေါ်ပုံက နည်းနည်းတော့ ထူးဆန်းနေတာပဲ... ဦးနှောက်ထဲက အတွန့်တွေက တစ်တန်းတည်းဖြစ်နေလားမသိဘူး...


ပုပုတစ်ယောက်တည်းအိပ်မယ်ဆိုရင် ညလည်ခေါင်မှာ အိမ်မက်ဆိုးမက်ရင် ဘယ်သူက နှစ်သိမ့်ပေးမှာလဲ... အိပ်နေရင်း စောင်ကိုကန်မိသွားရင် ဘယ်သုက ပြန်ခြုံပေးမှာလဲ... အိမ်ထဲ သူခိုးဝင်လာရင် ဘယ်သူက သူ့ကို ကာကွယ်ပေးမှာတဲ့လဲ...


စုန့်ရ်းန်ထိုအတွေးများကို တွေးနေစဉ်ပင် ခေါင်းထဲ၌ ကလေးတစ်ယောက်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့်ကိစ္စများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။


ကလေးအတွက် အန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို စာရွက်ထဲတွင်ချရေးကာ ထိုစာရွက်အပုံကြီးဖြင့် ကလေးအဖေမျက်နှာကို ဖြတ်ရိုက်ပစ်ချင်စိတ် ပေါ်လာသည်။


အဲ့လူက ကျန်းမာရေးချို့တဲ့နေတာများလား...


သူတို့အိမ်က ကလေးက လောလောဆယ် နေစရာမရှိဖြစ်နေတာလေ... ဖြတ်သွားဖြတ်လာလူက ဘာအကျိုးလိုလားလို့မှမဟုတ်ပဲ ကလေးလေးကို အိမ်ထဲခေါ်ပြီး ညစာကျွေးပြီး တစ်ညသိပ်မယ့် စေတနာ့ဝန်ထမ်းလုပ်ထားတာလေ.. ဒီကိစ္စကို ကျေးဇူးတင်တာမတင်တာ မရေးမကြီးပေမယ့် ပစိဖိတ်သမုဒ္ဒရာရဲ့ ဟိုဘက်တစ်ခြမ်းကနေပြီးတော့ ကလေးဘာလုပ်လုပ် လိုက်ချုပ်ကိုင်နေတာတော့ မဟုတ်သေးဘူထင်တယ်...



ကိုယ့်ရဲ့ စီးပွားရေးကိစ္စတွေမှာသာ အာရုံစိုက်ထားစမ်းပါ ...


ဒီကလေးကို မလိုချင်ပဲရထားတယ်ဆိုရင်တောင်မှ ကြုံသလို ပြုစုပျိုးထောင်လို့ မရဘူးလေ...


သူက တကယ်ပဲ ဆွဲဆောင်မှုရှိတဲ့အသံကြောင့် ဆွဲဆောင်ခံလိုက်ရတာပဲ...


ဟယ်ကျစ်ယွမ်၏ ရယ်သံကို ပြန်တွေးမိသွားသည့်အခါ သူ့ပါးပြင်များ နီရဲလာပြီး ရှက်ရွံ့ခြင်းတစ်ဝက် ဒေါသထွက်ခြင်းတစ်ဝက် ဖြစ်ပေါ်လာသည်။


စုန့်ရန် သက်ပြင်းချလိုက်သည်။


သူ့အဖေလုပ်ပုံကတော့ အမှတ်ကို သုညပေးရင်တောင် မျက်နှာသာ ပေးထားသလို ဖြစ်နေဦးမယ်...


သူ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်ပြီး ပုပုကိုကြည့်နေချိန်တွင် သူ့ရင်ထဲမှ ခံစားချက်ကို မဖော်ညွှန်းပြနိုင်အောင် ဖြစ်နေသည်။


ပုပု ... ပုပု... မင်းက လိမ္မာတဲ့ ကလေးလေးဆိုတာ ငါသိပါတယ်... မင်းက သိုးလေးတစ်ကောင်လိုပဲ နာခံတတ်တယ်... ‌ဒါပေမဲ့ မင်းက လေးနှစ်ပဲရှိသေးတာလေ... မင်းအဖေက အိမ်မှာပြန်အိပ်ခိုင်းရင်တောင် မအိပ်ရဲဘူးဆိုပြီး ဂျီကျသင့်တာပေါ့...


ဂျီကျတတ်တဲ့ကလေးတွေက သကြားလုံး ပိုစားရတတ်တယ်... မင်းက ဒါလေးတောင်မသိရင် ဒီအစ်ကိုကြီးက ဘယ်လိုကူညီပေးရတော့မှာလဲ...


ပုပုက ဖုန်းလေးကို ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်ပြီးနောက် အိတ်ကို ပခုံးတစ်ဖက်တွင် ကပိုကယိုတင်ပြီး လွယ်ထားလိုက်သည်။ သူ တံခါးနားသို့သွားကာ အိမ်နေရင်းဖိနပ်မှ ရှူးဖိနပ်ကို ပြန်ပြောင်းစီးလိုက်ပြီး မကြာမီ ပြန်ဖြည်ရမည့် ဖိနပ်ကြိုးများကိုချည်နေသည်။  ထို့နောက် မတ်တပ်ရပ်ပြီး စုန့်ရန်ကို လက်ပြလိုက်သည်။


" ကိုကြီး ကောင်းသောညပါ..."


သူ ခြေဖျားထောက်ပြီး တံခါးလက်ကိုင်ဖုကို လှည့်လိုက်သည်။


ကလစ်...


စင်္ကြန်ဘက်သို့ရောက်သည့်အခါ မျက်နှာကြက်မီးများလင်းသွား၍ တံခါးအပြင်ဘက်လမ်းကို မီးထွန်းပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ ခေါင်းလောင်းပန်း၊ နေကြာပန်း၊ ပိတ်ထားသော ‌ဓာတ်လှေကားနှင့် ခရင်မ်အရောင် စကျင်ကျောက်ပြားများနှင့် တံခါးအောက်တွင် ရှဉ့်ကြားလေးတစ်ကောင်ပုံစံ ခြေသုတ်ဖုန်လေး ရှိနေသည်။


ပုပုက ရှဉ့်ကြားလေး၏ ဇာတ်လမ်းကို နားထောင်ပြီးပြီဖြစ်သောကြောင့် ဤသူငယ်ချင်းလေးကို အနည်းငယ်ပို၍ ရင်းနှီးလာမိသည်။


သူ့လက်ကို ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

" ပုပု သွားပြီနော်..."


လက်ပြပြီးသည်နှင့် ပုပုက ရှဉ့်ပုံစံ ခြေသုတ်ဖုံလေးမှ အမွေးများကို မတက်နင်းပဲ ခုန်ကျော်သွားသည်။ ထို့နောက် စင်္ကြန်ဘက်ကိုလျှောက်သွားပြီး အနက်ရောင်ဖိုက်ဘာ ခြေသုတ်ဖုံရှေ့တွင်ရပ်လိုက်ကာ အခန်း8012Bကိုဖွင့်ရန်သော့ကို အိတ်ထဲမှ ထုတ်နေသည်။


ပုပု မကြောက်နဲ့... ကြောက်လို့မရဘူး သတ္တိရှိရှိနေရမယ်... ပုပု အိမ်ပြန်မှဖြစ်မယ်...


သို့ရာတွင် သူတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် မိမိလက်ကိုပင် ပြန်မမြင်ရသည်အထိ ထူထပ်နေသော အမှောင်ထု တိမ်တိုက်ကြီးက အခန်းထဲတွင် နေရာယူနေပြီး ကလေးငယ်လေးကို ရစ်ပတ်လွှမ်းခြုံသွားသည်။


အရမ်း မှောင်ပြီး အရမ်းအေးတာပဲ...


တိုက်ခန်းက အလင်းရောင်တစ်စက်မှ ရှိမနေပေ။ သူ့အဖေသာမက ကလေးထိန်းဖွားဖွားကလည်း အိမ်တွင် ရှိမနေပေ။ နေရာတကာတွင် ပျံ့နှံ့နေသော ညအမှောင်ထုကြီးထဲတွင် မရေမတွက်နိုင်သည့် လူသားစားနတ်ဆိုးများ ပုန်းအောင်းနေသည်နှင့်တူသည်။ သူတို့က တံခါးနောက်၊ ‌အိပ်ရာအောက်နှင့် ဗီရိုများအောက်တွင်ရှိနေကာ တစ်ကောင်ချင်းစီက အစိမ်းရင့်ရောင်မျက်လုံးများနှင့် ချွန်ထက်သည့်အစွယ်များရှိမည့်ပုံပေါ်သည်။


ပုပု ဘာလုပ်ရမည်မသိဖြစ်သွားပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ သူ အိမ်ထဲသို့ မဝင်ရဲပေ။


သူ ထွက်ပြေးချင်စိတ် ပေါ်လာသည်။


သူ့အနောက်ဘက်မှ အိမ်က မီးများ တောက်ပစွာထွန်းထားသည်။ ဧရာမအမွေးဘောလုံးနှင့်တူသည့် ကြောင်တစ်ကောင်၊ အရောင်အသွေးစုံလင်လှသည့် ပုံပြင်စာအုပ်များသာမက ကြင်နာစွာပြုံးပြပြီး ပုံပြင်ပြောကောင်းသည့် အစ်ကိုကြီးတစ်ယောက် ရှိပေသည်။ သူ ပြန်ပြေးသွားပါက သူ့ရှေ့မှ ကြောက်စရာကောင်းသည့်အရာများကို ရင်ဆိုင်စရာ မလိုတော့ပေ။


ပုပု အလွန်နောင်တရနေပြီဖြစ်သည်။


သို့ရာတွင် သူတစ်ယောက်တည်းအိမ်ပြန်အိပ်မည်ဟု သူ့အဖေကို ကတိပေးထားပြီးပြီဖြစ်သည်။ ကတိဖျက်မိပါက သူကလိမ္မာသည့် ကလေးတစ်ယောက် ဖြစ်နိုင်တော့မည်မဟုတ်ပေ။


သူ လိမ္မာတဲ့ ကလေးတစ်ယောက် ဖြစ်မှရမယ်...


ပုပု သတ္တိမွေးလိုက်ပြီးနောက် ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထူထပ်သော အနက်ရောင်မြူခိုးများက သူ့ကို ချက်ချင်းရစ်ပတ်လွှမ်းခြုံသွားသည်။ သူ၏ ထိရှလွယ်သော ရဲတင်းမှုလေးက ဘောလုံးတစ်လုံးနှင့်တူပြီး အပ်ဖြင့်တစ်ချက်ထိုးလိုက်ရုံဖြင့် "ဖောက်" ခနဲ ပေါက်သွားနိုင်ပေသည်။


သူ၏ လှုပ်ရှားမှုများသာမက ခန္ဓာကိုယ်ကပါ တောင့်တင်းနေသည်။ အဘယ့်ကြောင့် ဤသို့ဖြစ်နေရခြင်းကို သူ နားမလည်နိုင်ပေ။ လိမ္မာသည့် ကလေးတစ်ယောက် ဖြစ်နေသော်လည်း သူ့ရင်ထဲတွင် မသက်မသာဖြစ်နေမိသည်။

လိမ္မာတဲ့ကလေးတွေအတွက် ဆုတွေဖြစ်တဲ့ သကြားလုံးတွေ ပန်းကုံးတွေ အဲဒါတွေက ဘယ်မှာလဲ...


ပုပုက ရှေ့ဆက်မတိုးရဲသကဲ့သို့ နောက်မဆုတ်ရဲလည်း ဖြစ်နေမိသည်။


သူ တံခါးဝတွင်ရပ်နေပြီး သူ့ရှေ့မှ အမှောင်ထုကြီးကိုစိုက်ကြည့်ကာ စိတ်မသက်မသာဖြစ်မှုက ပိုတိုးလာသည်။


အမှောင်ထုကြီးက ဘာလို့ အဆုံးမသတ်နိုင်ဖြစ်နေတာလဲ... မျက်စိတစ်ချက်မှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အချိန် ကောင်းကင်ကြီးက လင်းနေပြီဆိုရင် သူ ဒီအချိန်ကြီးကို ကျော်လိုက်ပြီး သူငယ်တန်းကို ပျော်ပျော်ရွှင်ရွှင်သွားတက်လို့ရပြီ...


သူ အပြစ်ကင်းစွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် မျှော်လင့်တကြီးဖြင့် ပန်းစိုက်သည့်စင်ဘေးမှ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သည်။


သို့ရာတွင် ကောင်းကင်ကြီးက မှင်ထက်ပို၍ မည်းနက်နေသည်။ ပြတင်းပေါက်မှန်တွင် ခြောက်သွေ့နေသော လီလီပန်းနှစ်အိုးရှိနေသည်။


သူ တဖြည်းဖြည်းဖြင့် မျက်လုံးမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။


သို့ရာတွင် ပြတင်းပေါက် အပြင်ဘက်တွင် မည်သည့်အရာမှ မပြောင်းလဲသွားပဲ မိုးလည်း မလင်းလာပေ။ ဆန့်ကျင်ဘက်အနေဖြင့် ညအချိန်က ဆက်မသွားပဲ ရပ်တန့်နေသည်ဟု ထင်ရသည်။


" ကိုကြီး..."


ပုပုက ဤအန္တရယ်ကြီးနှင့်ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့သွား၍ ငိုရှိုက်မိလာသည်။


" သား ဘာလုပ်ရမလဲ..."


၁၂လွှာတစ်ခုလုံးက အလွန်တိတ်ဆိတ်နေလွန်း၍ အပ်ကျသံလေးတမျှ သေးငယ်သည့် အသံ လေးကိုပင် စုန့်ရန် ချက်ချင်းကြားလိုက်မိသည်။ စုန့်ရန်၏ရင်ထဲတွင် အလွန်အမင်းနာကျင်သွားပြီး ထိုနေရာသို့ အပြေးတစ်ပိုင်းရောက်သွားကာ တခြားအကြောင်းအရာများကို မတွေးတောတော့ပဲ ပုပုကို ဖက်ထားလိုက်သည်။


" ပုပု ‌အစ်ကိုကြီးနဲ့ပဲနေလေ... အစ်ကိုကြီးအိမ်မှာ ညအိပ်လို့ရတာ‌ပဲ... အစ်ကိုကြီးက ပုပုကို ညအိပ်ရာဝင်ပုံပြင် ပြောပြမယ်လို့ ကတိပေးထားပြီးပြီလေ... ပုပုအိမ်ပြန်သွားရင် ဒီအစ်ကိုကြီးက ဘယ်သူ့ကို ပုံပြင်ပြောပြရတော့မှာလဲ..."


" ဒါပေမဲ့ သား ပါပါးကို ကတိပေးထားလိုက်ပြီဆိုတော့ အိမ်ပြန်ပြီးတစ်ယောက်တည်းအိပ်မှ ဖြစ်မှာ..."


ပုပုက ငိုရှိုက်ပြီး ပြောလိုက်သည်။


စုန့်ရန်က သူ့ဝှက်ဖဲကို ထုတ်သုံးရန်ပြင်လိုက်သည်။

" အစ်ကိုကြီးနဲ့ ပုပုရဲ့အဖေ နှစ်ယောက်ထဲက ဘယ်သူ့ကို အရင်ကတိပေးခဲ့တာလေ..."


" ကိုကြီးကိုအရင်ပေးတာ..."


" ဟုတ်တယ် အစ်ကိုကြီးကိုလေ... အစ်ကိုကြီးကို အရင်ဆုံး ကတိပေးထားတယ်ဆိုမှတော့ အဲ့နောက်ပိုင်း ပုပုအဖေနဲ့ပေးထားတဲ့ကတိကို ထည့်တွက်စရာမလို ‌တော့ဘူးလေ..."


" တကယ်လား ထည့်မတွက်ရတော့ဘူးလား..."


ပုပုက တောက်ပနေသောမျက်လုံးများဖြင့် ချက်ချင်းနောက်ပြန်လှည့်လာသည်။


စုန့်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။

" ထည့်မတွက်ရဘူးပေါ့..."


ပုပုက နှုတ်ခမ်းကိုက်ထားပြီး ခေါင်းလေးကိုစောင်းထားကာ သူ့ကိုမယုံသင်္ကာဖြင့် ကြည့်နေသည်။


စုန့်ရန် ရယ်လိုက်ပြီးနောက် သူ့နှာခေါင်းလေးကို တိလိုက်သည်။


" စိတ်အေးအေးထားပါ... ပုပုရဲ့အဖေက မေးလာရင် ပုပုက စကားနားထောင်တဲ့ ကလေးလေးလို့ ပြောပေးမှာပေါ့... ပုပုက လိမ်လိမ်မာမာနေပြီး တစ်ချိန်လုံးအိမ်ပြန်အိပ်မယ်ဆိုပြီးပြောပေမယ့် ကိုကြီးက စကားနားမထောင်ပဲ အတင်းခေါ်ထားတာဆိုပြီးပြောလိုက်မယ်... အစ်ကိုကြီးက ပုပုကို ပုံပြင်အရမ်းပြောပြချင်နေလို့ အိန်ပြန်မယ့်လမ်းတစ်ဝက်မှာတင် ပြန်ဆွဲခေါ်ထားလိုက်တာလို့ ပြောလိုက်မယ်လေ... ပုပုအဖေက တစ်ယောက်ယောက်ကို အပြစ်ပေးချင်တယ်ဆိုရင် အစ်ကိုကြီးကိုပဲ ပေးတော့မှာပေါ့ ဟုတ်တယ်မလား..."


ပုပုက မျက်ရည်ဝဲနေရာမှ ပြုံးလိုက်ပြီး စုန့်ရန်ရှေ့သို့ ခုန်ဝင်လာကာ သူ့လည်ပင်းကို ဖက်ထားလိုက်ပြီး အနမ်းများ အဆက်မပြတ်ပေးလိုက်သည်။


" ကိုကြီး ဘာလို့... ဘာလို့ အရမ်းသဘောကောင်းရတာလဲ..."



Xxxxxxx