အပိုင်း ၇
Viewers 9k

Chapter 7
ဤသို့ဖြင့် သူ၏ ပထမဆုံး တစ်ရက်တာကို အချည်းနှီး ကုန်ဆုံးလိုက်ရတော့သည်။ ဒုတိယနေ့ နေ့လည်ခင်းတွင်မူ ကျိမြန်က သူ့ကို "ကံကောင်းခြင်းရေစင်" ရုံးချူပ်သို့ ခေါ်ဆောင်လာခဲ့သည်။ တည်ထောင်သည့်သက်တမ်း ဆယ်နှစ်ပင် မပြည့်သေးသည့်တိုင် "ကံကောင်းခြင်းရေစင်" သည် နာမည်ကြီးကုမ္ပဏီ အများအပြားကို ဖိနှိပ်ကာ ထိပ်ဆုံးကုမ္ပဏီသုံးခုစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ ရုံးချုပ်မှာ မြို့လယ်ခေါင်တွင် တည်ရှိကာ ဖိုင်နယ်ပွဲကိုမူ အနီးရှိ လူ‌ငါးထောင်နီးပါးဆန့်သော အားကစားကွင်းထဲတွင် ကျင်းပမည်ဖြစ်သည်။
"ကျိကောက မိတ်ကပ်ပြင်ဖို့ လိုသေးတယ်ဆိုတော့ ဒီမှာပဲ ထိုင်စောင့်နေ ကြားလား ဟိုသွားဒီသွား လျှောက်မသွားနဲ့ ..."
ဖန်ခွင်းက ခမ်းနားထည်ဝါလှသော ပွဲအပြင်အဆင်ကို မျက်စိသူငယ်၊ နားသူငယ်ဖြင့် လှည့်ပတ်ကြည့်နေသော ရှောင်ကျားရှုအား မှာကြားလိုက်သည်။
"အိုကေပါ ..."
သူက ဝင်ပေါက်အနီးရှိ ဆိုဖာ‌တစ်ခုပေါ် ထိုင်ချလိုက်သည့်တိုင် ဦးနှောက်ထဲတွင်မူ အစောပိုင်းက မြင်တွေ့ခဲ့သည့် စတိတ်စင်ကသာ နေရာယူထားပေသည်။
အရမ်းကို ဟိတ်ကြီးဟန်ကြီးနိုင်ပြီး ကျယ်ပြောလိုက်တာ အောက်မှာ အားပေးနေတဲ့ ပရိသတ်တွေကလည်း လူပင်လယ်ကြီး ကျနေတာပဲ အဲဒီ့လိုနေရာမှာ တက်ပြီး ဘယ်လိုများ သီချင်းဆိုရဲကြလဲ မသိဘူး ...
သို့သော် အဖြေကို သူ့တစ်ဘဝလုံး ရှာဖွေလျှင်ပင် မတွေ့နိုင်လောက်သည့်အတွက် စိတ်ကူးယဉ်ရုံမျှသာ ရှိတော့သည်။
ကျိမြန်မှာ အလွန်ပင်ပန်းနေဟန်ပင်။ မျက်လုံးကို မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ငိုက်မျဉ်းသွားသည့်အတွက် မိတ်ကပ်ပြင်ပေးသူ၏ လှုပ်ရှားမှုတို့မှာ အသက်ရှုသံကိုပင် ပြန်ကြားနိုင်လောက်သည်အထိ ပိုမို ညင်သာသွားတော့သည်။ နာရီဝက်ခန့်အကြာ ပြင်ဆင်မှုအားလုံး ပြီးစီးသွားချိန်တွင် ဒိုင်များအားလုံး တက်တက်ကြွကြွ ထွက်ပေါ်လာကာ ပြိုင်ပွဲဝင်တို့၏ သီဆိုကခုန်မှုတို့ကို စတင်လိုက်ကြတော့သည်။
ရှောင်ကျားရှုက အကဲဖြတ်စင်မြင့်၏ ဘေးနားတွင် ကင်မရာမန်းအုပ်စုနှင့်အတူ ထိုင်နေကာ ဖန်ခွင်းကမူ ခြေတစ်လှမ်းတိုးလိုက်ရုံဖြင့် ကျိမြန်ကို စကားလှမ်းပြောနိုင်လောက်သည့် နေရာတွင် ရပ်နေသည်။ နောက်ဆုံးဆန်ကာတင်အဆင့်အထိ ကျန်ရစ်နေခဲ့သည့် ပြိုင်ပွဲဝင်အားလုံးမှာ အလွန်အရည်အချင်းရှိလှကာ တင်ဆက်မှုများမှာလည်း အမျိုးမျိုး အထွေထွေ ဆန်းပြားလှပေသည်။ ပရိသတ်၏ သောင်းသောင်းဖျဖျ ‌အားပေးသံများမှာ အဆက်မပြတ် ထွက်ပေါ်လာသည့်အတွက် လေထုတစ်ခုလုံး လှုပ်ရှားတက်ကြွနေပေသည်။
ရှောင်ကျားရှုမှာလည်း ထိုလေထု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည့်အတွက် လည်စည်းကို ‌ဖြေလျှော့လိုက်တော့သည်။ တည်ငြိမ်နေသည့် အကြည့်တို့မှာလည်း မီးဝင်းဝင်းတောက်လာကာ သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာပြီဟုပင် ခံစားလိုက်ရတော့သည်။
စင်ပေါ်သို့ တက်လာသည့် နောက်ဆုံးပြိုင်ပွဲဝင်မှာ အလွန်လှပသည့်အပြင် နူးညံ့သော အကျင့်စရိုက်ကိုလည်း ပိုင်ဆိုင်ထားသော်ငြား သီချင်းဆိုလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ အသံမှာ ပေါက်ကွဲထွက်တော့မည့်နှယ် အားမာန်အပြည့်ဖြင့် စူးရှနေတော့သည်။ သူမသည် အကျော်ကြားဆုံး ပြိုင်ပွဲဝင်ဖြစ်ကာ အားပေးသူအမြောက်အများ ပိုင်ဆိုင်ထားသည့်အတွက် အကယ်၍ ဤပွဲတွင် အနိုင်မရသည့်တိုင် အနာဂတ်ကတော့ ကောင်းနေပြီဖြစ်သည်။
ပရိသတ်၏ စိတ်အားတက်ကြွမှုမှာ မိုးထိမတတ် မြင့်မားလာသော်ငြား ရှောင်ကျားရှုမှာမူ နေရာတွင်ပင် အေးခဲသွားတော့သည်။ ပြိုင်ပွဲဝင်မိန်းကလေးထံ ကပ်ငြိနေသော သူ့အကြည့်တို့မှာ ခန့်မှန်းရ ခက်နေပြီး သူမ၏ အသံမှတစ်ဆင့် မမေ့ဖျောက်နိုင်၊ သည်းမခံနိုင်လောက်သည့် ဟိုးယခင်က အမှတ်တရများထံ ပြန်ရောက်သွားတော့သည်။
ပြိုင်ပွဲဝင်နှစ်ဦးလုံးမှာ အလွန်သန်မာကြသူများ ဖြစ်သည့်အတွက် ရလဒ်များမှာ သံသယဖြစ်ဖွယ် ကောင်းလှပေသည်။ နောက်ဆုံးပွဲစဉ်အတွင်းရှိ ပြိုင်ပွဲဝင်နှစ်ဦးလုံး၏ မဲများမှာ တူညီလုနီးပါးအထိ နီးကပ်နေကြသော်ငြား နောက်ဆုံးတွင်တော့ သာလွန်သော အရည်အချင်း၊ နူးညံ့သည့် ရုပ်ဆင်းပိုင်ရှင် ပြိုင်ပွဲဝင်မိန်းကလေးကသာ သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။ ဟိုးယခင် ပြိုင်ပွဲများတွင်မူ ပွဲပြီးဆုံးသွားချိန်တိုင်း ပွဲကျင်းပသူများမှာ နောက်ကွယ်တွင် ကြိုးကိုင်မှုများ၊ ထုတ်ပြော၍ မရသည့် စည်းမျဉ်းများ ရှိနေသည်ဟု စွပ်စွဲခံရသော်ငြား ဤပြိုင်ပွဲ၏ ရလဒ်ကိုမူ လူတိုင်းက လိုလိုလားလား လက်ခံကြပေသည်။
ချန်ပီယံဖြစ်သွားတဲ့ တစ်ယောက်က အရမ်းကို သန်မာတာလေ အနိုင်ရသွားတယ်ဆိုတာ ဖြစ်သင့်တာပေါ့ ...
ကျိမြန်က သူမကို ဆုချီးမြှင့်ကာ ပွေ့ဖက်ရင်း အားပေးစကားတို့ ပြောကြားလိုက်သည်။ သူမကလည်း မျက်ရည်လည်ရွှဲဖြင့် အထပ်ထပ်အခါခါ ခေါင်းငြိမ့်ပြလိုက်တော့၏။
ဤသို့ဖြင့် ပြိုင်ပွဲတစ်ခု ဆုံးခန်းတိုင်သွားတော့သည်။ ခန်းမထဲတွင် ပရိသတ်များ တစ်ဖြည်းဖြည်း နည်းပါးသွားသော်ငြား ပွဲကြည့်စင်၏ နောက်ထဲတွင်မူ လူစည်ကားနေဆဲဖြစ်သည်။ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်များ၊ သတင်းထောက်များနှင့် ပရိုဂရမ်၏ တာဝန်ရှိသူများက အောင်ပွဲခံညစာစားပွဲ ကျင်းပရန် စုရုံးနေကြသည့်အတွက် ရှောင်ကျားရှုမှာ ချန်ပီယံ၏ဘေးသို့ ရောက်နိုင်ရန် အတော် တိုးဝှေ့လာလိုက်ရသော်ငြား သူမကို စကားပြောရန် ကြိုးစားချိန်တိုင်း မြောက်များစွာသော လူများ၏ ကြားဖြတ်နှောင့်ယှက်ခြင်းကိုသာ ခံလိုက်ရတော့သည်။ ယနေ့ည၏ အဓိကဇာတ်ဆောင် တစ်ဖြစ်လဲ အမျိုးသမီးပြိုင်ပွဲဝင်မှာ သူမကို ဂုဏ်ပြုပေးရန် ရောက်လာကြသည့် ဆွေမျိုးသားချင်း သူငယ်ချင်းများ၊ သတင်းထောက်များနှင့် ကုမ္ပဏီအသီးသီးမှ ကင်းထောက်များ၏ ဝိုင်းရံထားခြင်းကို ခံနေရပေသည်။
(ကင်းထောက်ဆိုတာက k pop နဲ့ အကျွမ်းတဝင်ရှိရင်တော့ ဒီစကားလုံးကို မစိမ်းလောက်ပါဘူး အောင်မြင်နိုင်မယ်လို့ အလားအလာရှိတဲ့ ကလေးတွေကို လိုက်ရှာတဲ့ entertainmentကုမ္ပဏီက အဖွဲ့မျိုးပါ )
ဖန်ခွင်းက မိတ်ကပ်ပြင်ပေးသည့် အခန်းတံခါးဝတွင် မှီနေရင်း သရော်လိုက်သည်။
"ဘာလို့များ သခင်လေးရှောင်ကို ရှာမတွေ့ပါလိမ့်လို့ စဉ်းစားနေတာ သူက ကောင်မလေးတွေနောက်ကို လိုက်နေတာကိုး သူ့ကြည့်ရတာ လီကျားကို မျက်စိကျနေတဲ့ပုံပဲ သူမအနားကို ဇွတ်အတင်း တိုးနေတာလေ ဒါပေမယ့် သူ့လုပ်ပုံမျိုးနဲ့ကတော့ စကားတစ်လုံးတောင် ပြောခွင့်ရလိုက်မှာ မဟုတ်ဘူး ..."
ဖန်ခွင်းမှာ ရှောင်ကျားရှု၏ ကသိကအောက်ဖြစ်ဖွယ် အခြေ‌အနေကို ဖရဲစေ့ကိုက်ရင်း ပွဲကြည့်လိုဟန်ပင်။
"သူ့ကို လှမ်းခေါ်လိုက် မင်းလည်း လီကျားရဲ့ အခြေအနေကို သိသားပဲ သူမက ဒီလိုပြဿနာမျိုးကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်ဘူး ..."
ကျိမြန်က ပက်လက်ကုလားထိုင်တွင် တစ်ရေးတစ်မော အိပ်နေရာမှ ပြောလိုက်သည်။ မိတ်ကပ်ပြင်ပေးသူက သူ့မျက်နှာပေါ်ရှိ မိတ်ကပ်များကို ဂရုတစိုက် ဖျက်ပေးနေသည်။
"ဟုတ်ပြီ သူ့ကို ခေါ်ခိုင်းလိုက်မယ် ..."
ဖန်ခွင်းက ရှောင်ကျားရှုကို လှမ်းခေါ်ပေးရန် လက်ထောက်တစ်ဦးကို ညွှန်ကြားလိုက်သည်။ တစမဖက်သူက လက်ကိုယမ်းကာ ငြင်းလိုက်သည့်အခါတွင်တော့ မကျေနပ်မှုတို့ ပေါက်ကွဲထွက်လာတော့သည်။
"ဒီ ဒုတိယမျိုးဆက် လူချမ်းသာတွေကတော့ တစ်နေကုန် ကောင်မလေးတွေနောက် တစ်ကောက်ကောက် လိုက်ရုံကလွဲလို့ ဘာမှ ရည်မှန်းချက်လည်း မရှိ၊ အဓိပ္ပါယ်လည်း မရှိဘူး ..."
ထိုသို့ ပြောရသည်မှာလည်း အကြောင်းပြချက် ရှိပေသည်။ လီကျား ဖိုင်နယ်အဆင့်သို့ ရောက်ပြီးနောက် ဖန်ခွင်းက သူမ၏ အရည်အချင်းကို သဘောကျသဖြင့် ထမင်းတစ်နပ် ဖိတ်ကျွေးခဲ့ဖူးသေးသည်။ သူမအကြောင်း ပိုပြီး သိလာလေလေ သူမကို ပိုပြီး သဘောကျမိလာလေပင်ဖြစ်သည်။
ဒီကလေးက အသက်နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးပေမယ့် သူမရဲ့ကျောင်းက ဒုတိယမျိုးဆက် လူချမ်းသာက လိုက်လိုက်နှောင့်ယှက်နေလို့ အထက်တန်းကျောင်းကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတယ် အဲဒီ့သူရဲ့ အနိုင်ကျင့်မှုတွေကြောင့် လုံခြုံရေးအတွက် ကျောင်းထွက်လိုက်ရုံကလွဲလို့ ရွေးစရာ မရှိခဲ့ဘူး ဒါပေမယ့် ဟိုလူချမ်းသာလေးက ဒီမှာတင် ရပ်မသွားဘဲ သူမကို နည်းမျိုးစုံနဲ့ လိုက်နှောင့်ယှက်နေတုန်းပဲ သူမရဲ့မိဘတွေကိုပါ အလုပ်ပြုတ်သွားအောင် လုပ်ခဲ့လို့ သူမလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေရှာဖို့ လုပ်ငန်းခွင်ထဲ ဝင်ခဲ့ရတာ ကြုံခဲ့ရတဲ့ အခက်အခဲတွေက ပြောပြလို့ မကုန်နိုင်လောက်အောင်ကို အများကြီးပဲ ...
ဒါနဲ့တင် မပြီးသေးဘူး ဒီလို ခက်ခဲမှုတွေကို ကြုံနေရတဲ့အချိန်မှာပဲ သူမရဲ့ အဖေက အိမ်ကပိုက်ဆံတွေအကုန် ယူပြီး ထွက်ပြေးသွားသေးတယ်တဲ့ အဲဒါကြောင့် သူမရဲ့ အမေကလည်း စိတ်ဓာတ်ကျပြီး နာတာရှည်ရောဂါသည်အဖြစ်နဲ့ ဆေးရုံတက်နေရပြန်ရော ဒါပေမယ့် သူမက ဒီလို ကိစ္စတွေကြောင့် ဘဝကို အရှုံးမပေးဘဲ ခွန်အားတက်တက်ကြွကြွ၊ အကောင်းမြင်စိတ်အပြည့်နဲ့ ရှေ့ဆက်လျှောက်လာခဲ့တယ် ဟိုလူချမ်းသာလေးက တစ်မိသားစုလုံး နိုင်ငံခြားပြောင်းသွားလို့ တော်သေးတာပေါ့ အဲဒါကြောင့်သာ ဒီနှစ်နှစ်အတွင်း သူမရဲ့ဘဝက နည်းနည်းလေး ချောင်ချိလာတာ ...
သူမနှင့် ဆုံတွေ့ပြီးနောက် ဖန်ခွင်းက ထိုကိစ္စ အလုံးစုံကို ကျိမြန်အား မကွယ်ဝှက်စတမ်း ရှင်းပြခဲ့သည့်အတွက် ကျိမြန်လည်း သူမကို လိုအပ်သည့် အထောက်အပံ့နှင့် လမ်းညွှန်မှုအလုံးစုံကို ပေးအပ်ခဲ့တော့သည်။ ထိုသည်သာမက သူမနှင့် စာချုပ်ချုပ်ရန်ပင် ဆွေးနွေးခဲ့ပြီး အပြီးသတ် မဆွေးနွေးရသေးသည့်တိုင် နှစ်ဖက်လုံးမှာ သဘောတူရန် အလားအလာ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လီကျားမှာ "တော်ဝင်သရဖူ" ၏ တရားဝင်အနုပညာရှင် မဟုတ်သေးသည့်တိုင် သူတို့တွင် သူမကို ကာကွယ်ပေးရမည့်တာဝန် ရှိနေပြီဖြစ်သည်။
ပြန်မလာလို၍ ပေကပ်နေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ ဖန်ခွင်းက သူကိုယ်တိုင် သွားပြီး ဇွတ်အတင်း ဆွဲခေါ်လာလိုက်တော့သည်။
"မင်းက လီကျားကို စိတ်ဝင်စားနေတာလား ..."
မိတ်ကပ်ပြင်သည့်အခန်းတံခါးကို ပိတ်ပြီးနောက် ဖန်ခွင်းက အပြုံးမမည်သည့် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။
"အဲဒါက သူမရဲ့ အနုပညာနာမည်လားသူမရဲ့ နာမည်အရင်းက ဘာတဲ့လဲ မိဘတွေကရော ဘယ်ဇာတိကလဲ ..."
ရှောင်ကျားရှုက မေးခွန်း တစ်သီတစ်တန်းကြီး ထုတ်မေးလိုက်သည်။
"မင်းက သူမရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းနေတာလား ..."
ဖန်ခွင်းက သတိပေးလိုက်သည်။
"သူမက သိပ်မကြာခင် တော်ဝင်သရဖူနဲ့ စာချုပ်ချုပ်တော့မှာ သူမအပေါ်မှာ မဟုတ်တဲ့အတွေးမျိုး တွေးနေရင်လည်း စောစောစီးစီးကတည်းက လက်လျော့လိုက်တော့ ကောင်မလေးတွေနဲ့ ကစားချင်ရင် အပြင်မှာပဲ သွားကစားနေ ရုံးထဲမှာတော့ လာပြီး ဇယားမရှုပ်နဲ့ ..."
"ကျွန်တော်လည်း ဘာမှ မလုပ်ပါဘူး ..."
ဖန်ခွင်းက သူ့ကို ဤကဲ့သို့ ထင်နေလိမ့်မည်ဟု တစ်ခါမှပင် မတွေးခဲ့မိဖူးချေ။ ရှောင်ကျားရှုမှာ မှားယွင်းစွပ်စွဲခံရသည့်နှယ် ခံစားလိုက်ရတော့သည်။
"မင်းသာ ဒီလိုအတွေးမျိုး မရှိဘူးဆိုရင်တော့ ကောင်းတာပေါ့ ..."
မိတ်ကပ်ဖျက်ပြီးသွားသော ကျိမြန်က ဝင်ပြောလိုက်သည်။
"လီကျားမှာ အလားအလာကောင်းတွေ အများကြီး ရှိနေတယ် အဲဒါကြောင့် သူမကို ကောင်းကောင်း လေ့ကျင့်ပေးမှာ ဖြစ်တဲ့အတွက် ရည်းစားကိစ္စနဲ့ သတင်းထွက်လာမှာမျိုးကို လုံးဝ လက်ပိုက်ကြည့်မနေနိုင်ဘူး မင်းအနေနဲ့ သူမကို သဘောကျလို့ရတယ် ဒါပေမယ့် သူမရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်ကို လုံးဝ နှောင့်ယှက်လို့ မရဘူး ငါ့ရဲ့တောင်းဆိုမှုက အရမ်း တစ်ဖက်စောင်းနင်းနိုင်လွန်းရာ မကျဘူး မဟုတ်လား ..."
"ကျွန်တော် သူမကို မကြိုက်ပါဘူး ..."
ရှောင်ကျားရှု၏ ဆိုလိုရင်းကို မည်သူကမှ သဘောမပေါက်သည့်အတွက် သူ့မျက်နှာထက်တွင် မနှစ်မြို့ဟန် အမူအယာတစ်ခု ထွက်ပေါ်လာတော့သည်။
ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"‌တော်ဝင်သရဖူ စတူဒီယိုက သရဖူခေတ်ရဲ့ လက်အောက်ခံစတူဒီယို ဆိုပေမယ့် အုပ်ချုပ်ခွင့်က ငါ့လက်ထဲမှာပဲ အပြည့်အဝရှိတာ တကယ်လို့ မင်းအနေနဲ့ ငါနဲ့ အလုပ်လုပ်ရတာကို မပျော်ရွှင်ဘူးဆိုရင် အချိန်မရွေး တစ်ခြားဌာနကို ပြောင်းလိုက်လို့ ရတယ် ..."
"မဟုတ်တာ မပျော်မရွှင် မဖြစ်ပါဘူး ..."
ရှောင်ကျားရှုမှာ ထိုသူများနှင့် စကားဆက်ပြောချင်စိတ်ပင် မရှိတော့။
သူ ဘာများ အမှားလုပ်မိလို့လဲ သူမနဲ့ စကားနည်းနည်းပါးပါး ပြောချင်ရုံလေးတင်လေ ဘာလို့များ ရိုးသားတဲ့ကောင်မလေးကို အပျော်မယ်ဇာတ်သွင်းတော့မယ့်လူလိုမျိုး ပြောနေကြတာလဲ ကျိမြန်က အချက်အလက်တွေထဲကနဲ့ မတူဘဲ တော်တော်အတ္တကြီးတယ်လို့ ခံစားနေရတယ် ...
ထိုသို့ တင်းမာနေသည့် အခိုက်အတန့်ကို တံခါးခေါက်သံတစ်ချက်က ချိုးဖျက်လိုက်သည်။ လက်ထောက်လေးက တံခါးကို အသာဖွင့်ကြည့်ကာ တီးတိုးပြောလိုက်သည်။
"ခွင်းကော လီကျားရောက်နေပါတယ် ..."
"သူမကို ဝင်လာခိုင်းလိုက် ..."
ဖန်ခွင်းက အပြုံးတစ်ပွင့်ကို ချိတ်ဆွဲရင်း ပြောလိုက်သည်။
"ကျားအာ အင်တာဗျူးတွေ ပြီးသွားပြီလား ချက်ခြင်း မပြန်နဲ့ဦး ခဏလောက်နေရင် ငါတို့နဲ့အတူတူ ထမင်းသွားစားရအောင် စားရင်းနဲ့ပဲ စာချုပ်ကိစ္စ ဆွေးနွေးကြမယ်လေ ..."
(ကျားအာ ဆိုတာက သူ့နာမည်ကို အဖျားဆွတ်ပြီး ရင်းနှီးတဲ့ပုံစံနဲ့ ခေါ်တာပါ ကျားလေးလို့ရေးရင်ကျ တစ်မျိုးကြီးဖြစ်နေလို့ ကျားအာလို့ပဲ သုံးပါ့မယ်နော်)
"ဟုတ်ကဲ့ပါ ခွင်းကော ..."
လီကျားက ကျိမြန်အနားသို့သွားကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
"ကျိကော ကျွန်မကို မဲပေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီလိုမျိုး ချန်ပီယံဖြစ်လာဖို့ဆိုတာ ကျွန်မဘဝမှာ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ကိစ္စပါ ..."
"ဒါက မင်းနဲ့ ထိုက်တန်လို့ပါ ..."
ကျိမြန်က ခပ်ဖျော့ဖျော့ပြုံးကာ လက်ကို ယမ်းပြလိုက်သည်။
"သွားစားကြ‌ရအောင် အရင်ရက်တွေက မင်းလည်း တော်တော်ပင်ပန်းခဲ့မှာပဲ ..."
"လုံးဝ မပင်ပန်းပါဘူး ဒါတွေက ကျွန်မဘဝရဲ့ အလှပဆုံး အချိန်တွေပါပဲ တစ်သက်လုံး မမေ့ဖျောက်နိုင်တော့မယ့် အမှတ်တရတွေပါ ..."
သူမက ထိုသူနှစ်ဦးနှင့်အတူ ကားပါကင်ရှိရာသို့ လျှောက်လာစဉ် သူမတို့အကြား တိုးဝှေ့ကာ ကားထဲဝင်ထိုင်လိုက်သည့် သခင်လေးရှောင်ကို တွေ့လိုက်ရတော့သည်။ သိလိုသည့် အရိပ်အယောင်တို့ ဖြတ်သန်းသွားသော်ငြား အလျင်စလို မမေးလိုက်။
ဒီလိုမျိုး ချောမောခန့်ညားတဲ့ လူငယ်လေးက ပွဲဦးထွက်ဖို့ ပြင်နေတဲ့ လူသစ်လေးပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ...
သူတို့နောက်သို့ အရှက်မရှိ ကပ်လိုက်လာသည့် သခင်လေးရှောင်ကို တွေ့လိုက်ရသည့်အခါ ဖန်ခွင်း၏ နှုတ်ခမ်းတို့မှာလည်း တွန့်ကွေးသွားတော့သည်။ သူက မကျေမနပ်ဖြင့် မိတ်ဆက်ပေးလိုက်၏။
"ဒါက ကျိကောရဲ့ လက်ထောက် ရှောင်ကျားရှုတဲ့ ..."
လီကျားက ချိုမြိန်စွာ ပြုံးပြလိုက်သည်။
"ရှောင်ကော တွေ့ရတာ ဝမ်းသာပါတယ် ..."
"ကျွန်တော်က ဒီနှစ်မှ အသက် ၂၀ ပြည့်မှာပါ ဒီဖက်ကရော ..."
ရှောင်ကျားရှုက မျက်နှာသေဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"... ကျွန်မက ... ၂၁ နှစ်ပါ ..."
လီကျား၏ အပြုံးတို့မှာ စက္ကန့်ဝက်ခန့် အေးခဲသွားတော့သည်။
ရှောင်ကျားရှု "...အိုး ..."
ဘရို မင်းက လူတစ်ယောက်ရဲ့ နှလုံးသားကို ခြေမွလိုက်တာပဲကွ ကောင်မလေးတွေနဲ့ ဘယ်လို စကားပြောရမလဲဆိုတာ မသိဘူးလား မသိရင်လည်း ဒီကားပေါ်က ထွက်သွားတော့လေ ဘာလို့ မျက်စိနောက်စရာ ကောင်းလောက်အောင် ဆက်နေနေသေးတာလဲ ...
ဖန်ခွင်းမှာ ဒေါသထွက်လွန်း၍ ခန္ဓာကိုယ်ပင် တဆတ်ဆတ် တုန်ရီလာတော့သည်။ သူက ရှောင်ကျားရှုကို လှည့်ကြည့်လိုက်ပြီး အမူအယာ ထိန်းချုပ်ရာတွင် အကောင်းဆုံးဟု ပြောစမှတ်ပြုခံရသည့် ကျိမြန်ပင်လျှင် မျက်ခုံးတို့ကို တွန့်လိုက်မိတော့၏။
အခြေအနေကို သဘောမပေါက်သေးသည့် ရှောင်ကျားရှုကမူ စကားကို လက်စမဖြတ်နိုင်သေးချေ။
"ပလက်စတစ် ဆာဂျရီရော လုပ်ထားသေးလား မင်းရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ အောက်မေးရိုးတွေက တော်တော်ကြီးကို သဘာဝမကျဘူး ဖြစ်နေသလိုပဲနော် ..."
လီကျား "..."
Xxxxxxx