အပိုင်း ၈
Viewers 9k

Chapter 8


သို့ရာတွင် ဟယ်ကျစ်ယွမ်က စိတ်မဆိုးသည့်အပြင် ပြုံးလိုက်မိသည်။


သူ့ရှေ့၏ ဖန်သားပြင်ပေါ်တွင် ပြသနေသည်က လူသူကင်းမဲ့နေသည့် အိပ်ခန်းတစ်ခန်းဖြစ်သည်။ မူလက သူစိတ်ပူသွားမိသော်လည်း သူ့ကလေးက မျက်နှာချင်းဆိုင်မှ တိုက်ခန်းတွင် အိပ်မောကျနေသည်ကို အတည်ပြုပြီးသွားသည့်အခါ စိတ်အေးလက်အေးဖြစ်သွားသည်။ မောက်စ်ကို တစ်ချက်နှိပ်လိုက်ပြီး SwordArc(စက်ရုပ်) ၏ ညအချိန်ကင်းလှည့်သည့်လုပ်ဆောင်ချက်ကို ပိတ်ပြီး ဆိုဖာပေါ် ပြန်လှဲနေလိုက်သည်။


" ပုပုက မရင်းနှီးတဲ့အိပ်ရာမှာဆို မအိပ်ပျော်တတ်ဘူး... မင်းအိမ်မှာ ကောင်းကောင်းအိပ်နေရဲ့လား..."


" ခင်ဗျားက မေးခွန်းအမှန်ကို မေးလိုက်တာပဲ... ပုပုက နစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ... ဒီလို ညအလယ်ခေါင်ကြီးမှာ ဆူညံနေတဲ့ ဖုန်းသံကြောင့် ကျွန်တော် အကြိမ်ရှစ်ရာလောက် နိုးလာပေမယ့် သူကတော့ တစ်ချက်မှ နိုးမလာဘူး..."


စုန့်ရန်မှာ အိပ်ပျော်နေစဉ်နှောင့်ယှက်ခံလိုက်ရ၍ စိတ်မကြည်တော့ပေ။ မျက်လုံးမှိတ်ထားပြီး ဆိုဖာပေါ်လှဲနေကာ ခေါင်းအုံးကို ဖက်ထားပြီး သူ့အသံထဲမှ မကျေမနပ်ဖြစ်မှုများကို ဖုံးကွယ်မထားနိုင်တော့ပေ။ 


" လူကြီးမင်းဟယ်... အခုက ဒီမှာ မနက်သုံးနာရီနော်... ကျွန်တော်လည်း တစ်နေကုန် ပင်ပန်းထားတာ... ပုပုလည်း သက်တောင့်သက်သာနဲ့ပဲ အိပ်ပျော်နေတာပါ... တစ်ခုခုပြောချင်တယ်ဆိုရင် နည်းနည်းလောက် စိတ်ရှည်ပေးလို့ မရဘူးလား... အနည်းဆုံး မနက်မိုးလင်းတဲ့အချိန်ထိတော့ စောင့်ပေးပါလား..."


ထိုအကြောင်းပြောနေစဉ် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားသည်။


ဟုတ်သားပဲ အခုက မနက်သုံးနာရီလေ... လူကြီးမင်းဟယ်က ဘယ်လောက်ပဲ အလိုက်မသိပါစေ ဒီအချိန် ပုပုကို ဖုန်းခေါ်စရာအကြောင်းမရှိဘူး... မဟုတ်မှလွဲရော..."


စုန့်ရန် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။


" ပုပု အိပ်မပြန်ဘူးဆိုတာကို ခင်ဗျားသိတယ်ပေါ့..."


ဟယ်ကျစ်ယွမ် ပြန်ဖြေလိုက်သည်။


" ဟုတ်တယ်လေ..."


စုန့်ရန်က ပို၍ စိတ်ရှုပ်ထွေးလာရသည်။


" ဒါ... ဘယ်လိုလုပ်သိတာလဲ..."


" ကိုယ့်အိမ်မှာ CCTV ကင်မရာရှိတယ်... မင်း မြင်ခဲ့တဲ့ ပိုးလုံးအိမ်လိုဟာ အကြီးကြီးမှာလေ..."


ဟယ်ကျစ်ယွမ်က ပြုံးလျက် ရှင်းပြလိုက်သည်။


ပထမတစ်ခွန်းကို ကြားချိန်တွင် စုန့်ရန်၏ မျက်နှာထက်တွင် 'ဒီလိုကိုး သဘောပေါက်ပြီ' ဟူသော အမူအရာမျိုး ဖြစ်ပေါ်သွားပြီး ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်မိသည်။ သို့ရာတွင် ဒုတိယတစ်ခွန်းကို ဆက်ပြောချိန်၌ သူ အလွန်အမင်း လန့်ဖျပ်သွားပြီး လက်ထဲတွင် ဖက်ထားသော ခေါင်းဦးနှင့်အတူ လူပါ ကြမ်းပေါ် ပြတ်ကျသွားသည်။


အဲ့လူက ဘာလို့ ဒီလောက်ထိ အသေးစိတ်ကျကျ သိနေရတာလဲ...


သူနဲ့ အဲဒီပိုးလုံးအိမ်ကြီးက အကြည့်ချင်းဆုံခဲ့တာ အများဆုံးမှ ဆယ်စက္ကန့်လောက်ပဲလေ... အဲ့လူကြီး သိသွားစရာအကြောင်းမှ မရှိတာ...


ယခုလက်ရှိတွင် ဟယ်ကျစ်ယွမ်က SwordArcဌာနချုပ်မှ သူ့ရုံးခန်းထဲတွင် ထိုင်နေသည်။ ယခုချိန်က နေ့ခင်း ၁၂နာရီအတိဖြစ်၍ နေရောင်ခြည်က အလွန်လင်းလက်တောက်ပနေပြီး ပြင်သစ်စတိုင်ပြတင်းပေါက်အပြင်ဘက်ရှိ အပူပိုင်းအပင်များမှာလည်း တက်ကြွစွာ ပွင့်လန်းနေသည်။ တစ်ချိန်တည်းမှာပင် ဧရာမပိုးလုံးအိမ်ပုံစံ စက်ရုပ်က ၎င်း၏ ညဘက်ကင်းလှည့်သည့် လုပ်ဆောင်ချက်ကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် စောင့်ကြည့်အချက်ပြမှုမှာလည်း ရပ်သွားကာ မျက်နှာပြင်က ကိုးစက္ကန့်ကြာသည့် ဗီဒီယိုအပိုင်းတစ်ခုကို ပြန်လည်ပြသနေသည်။


ဗီဒီယိုကို စတင်ပြသချိန်၌ အဖြူအနီအကွက်ပုံစံ ဧပရွန်ကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်က အခန်း 8012Bမှ တံခါးကိုမှီ၍ ရပ်နေပြီး ကင်မရာမှန်ဘီလူးကို မသေချာ မရေရာစွာ ကြည့်နေသည်။ မှန်ဘီလူးက တဖြည်းဖြည်းနီးကပ်လာချိန်တွင် လူငယ်လေးက အနည်းငယ်စိုးရိမ်သွားပုံပေါ်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ရုတ်တရက် ပုပုက ဖန်သားပြင်၏ ဘယ်ဘက်မှ ရုတ်တရက်ပေါ်လာပြီး အဝတ်အပုံလိုက်ကြီးကိုကိုင်ကာ ပြေးဝင်လာသည်။ လူငယ်လေးက သူ့ကို အချိန်မှီဖမ်းလိုက်၍ ကလေးလေးက သူ့ရင်ခွင်ထဲ ရောက်သွားသည်။


ထိုဗီဒီယိုအပြင် ဒေတာဘေ့စ်တွင်လည်း သက်ဆိုင်ရာ မှတ်တမ်းအသစ် သုံးခုကိုလည်း ထည့်သွင်းထားသည်။


ပထမဆုံး ဝင်ရောက်မှု - အနီရောင်အဆင့်၊ သံသယဖြစ်ဖွယ်ဝင်ရောက်မှု မှတ်ပုံတင်ခြင်းသတိပေးချက်၊ ဧပြီလ ၃ရက်နေ့ ည ၉နာရီ ၁၇မိနစ် ၃၆စက္ကန့်။


ဒုတိယဝင်ရောက်မှု - အဝါရောင်အဆင့်၊ အန္တရာယ်အဆင့် လျော့ကျသွားသည်၊ ရန်လိုမှုကိုကြိုတင်ခန့်မှန်းထားခြင်း မရှိ၊ ဧပြီလ ၃ရက်နေ့ ည ၉နာရီ ၁၇မိနစ် ၄၀စက္ကန့်။


တတိယဝင်ရောက်မှု - အစိမ်းရောင်အဆင့်၊ လုံခြုံသောဝင်ရောက်မှုအဆင့်စာရင်းသွင်းခြင်း ၊ ဧပြီလ ၃ရက်နေ့ ည ၉နာရီ ၁၇မိနစ် ၄၅စက္ကန့်။


နောက်ဆုံးမှတ်တမ်းဝင်ရောက်မှုကို ဖမ်းယူထားချိန်က ပုပုက သူ့ကိုယ်သူ စုန့်ရန်၏ရင်ခွင်ထဲ ပစ်ဝင်လိုက်ချိန်နှင့် တိုက်ဆိုင်နေသည်။ 


ဗီဒီယိုက ဤနေရာတွင် ရပ်တန့်သွားသည်။


သံသယဖြစ်ဖွယ်အရာအဖြစ် ကနဦးသတ်မှတ်ခြင်းမှ ဘေးကင်းလုံခြုံသောအရာအဖြစ် သတ်မှတ်ခြင်းအထိ SwordArcက အကဲဖြတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်ဆယ့်နှစ်ခုကို အကောင်အထည်ဖော်ထားခဲ့သည်။ စံသတ်မှတ်ချက်များအတွင်း အမြင့်ဆုံး ဦးစားပေးသည့် အချက်သုံးချက်မှာ နံပါတ်တစ် - ကလေး၏ အပြုအမူ (ဆန္ဒအရ ရုပ်ပိုင်းဆိုင်ရာ နီးစပ်မှုဖြင့် ဆုံးဖြတ်ခြင်း)၊ နံပါတ်နှစ် - ကလေး၏စိတ်ခံစားမှု (အနီအောက်ရောင်ခြည်အပူဓာတ်ကို အသုံးပြု၍ ပျော်ရွှင်မှု/ စိတ်အခြေအနေကို ခန့်မှန်းခြင်း ) ၊ နံပါတ်သုံး - တစ်ဖက်လူ၏အပြုအမူကို စောင့်ကြည့်ခြင်း (၎င်းတို့၏ရမှတ်သည် အစမှအဆုံးအထိ ခွင့်ပြုထားသော အမြင့်ဆုံးအခွင့်အရေးသတ်မှတ်ချက်အောက်တွင် ရှိမရှိစစ်ဆေးခြင်း )။


စုန့်ရန်က တိုတောင်းသော အချိန်ကိုးစက္ကန့်အတွင်းတွင် အထောက်အထားနံပါတ်အသစ်ကို ရရှိရုံသာမကဘဲ ပိုးလုံးအိမ်ကြီး၏ ဘေးကင်းသောလူစာရင်းတွင်ပါ၀င်ခဲ့သည်။ ထို့အပြင် အခြေခံဒေတာဘေစ့်စုဆောင်းမှုထဲတွင်လည်း ပါဝင်ခဲ့ပေသည်။


အရပ်အမြင့် : ၁၇၇ စင်တီမီတာ ;


ဆံပင်အရောင် : အနက် ;


ပုံပန်းသွင်ပြင် : မူရင်းဗီဒီယိုမှ သူ၏ပုံစံscreenshotကို အရည်အသွေးမြင့်မားသော ရုပ်ထွက်ဖြင့် သိမ်းဆည်းထားပြီး ၎င်း၏ မျက်နှာအသွင်အပြင်များကိုလည်း ရှင်းရှင်းလင်းလင်းပြသထားသည်။ ထို့အပြင် မျက်နှာမှတ်သားမှုဆိုင်ရာ အချက်အလက်အစုံကိုလည်း ၎င်းမှ ထုတ်နုတ်ထားသည်။


ဘေးကင်းမှုကိန်းဂဏန်းအညွှန်း : ၀.၆၇၂ 


သူ၏ ဘေးကင်းမှုကိန်းဂဏန်းအညွှန်းက အလွန်မမြင့်သေးသော်လည်း SwordArcက အစားအသောက် ပစ္စည်းပို့ဆောင်သူ တစ်ယောက်အဖြစ် ခေတ္တခွဲခြားထားပြီး တံခါးပေါက်မှ တစ်စတုရန်းမီတာအတွင်း ဝင်ရောက်ပါက ကာကွယ်ရေးစက်ကိရိယာကို ဖွင့်လိမ့်မည် မဟုတ်ပေ။ အနာဂတ်တွင် သူက ပိုးလုံးအိမ်ကြီး၏ မြင်ကွင်း၌ ပေါ်လာချိန်တိုင်း သူနှင့် သက်ဆိုင်ရာဒေတာများကို အဆင့်မြှင့်သွားမည်ဖြစ်ကာ မူလ ဘေးကင်းမှုကိန်းဂဏန်းအညွှန်းကလည်း သူ့အပြုအမူအရ တိုးမြှင့်သွားခြင်းနှင့် လျော့ကျသွားခြင်းတို့ ဖြစ်လာစေနိုင်ပေသည်။


သူ၏ ဘေးကင်းမှုကိန်းဂဏန်း တိုးမြှင့်လာသည်နှင့် သူ့ကို ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး/ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းအဖြစ် သတ်မှတ်ခွဲခြားလိုက်မည်ဖြစ်ပြီး အခန်း 8012B၏ ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် လသာဆောင်သို့ ဝင်ထွက်ခွင့်ပြုမည်ဖြစ်သည်။ သူက ပို၍ ရှုပ်ထွေးသော လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကာ အချိန်အတန်ကြာအထိ အိမ်ကို ဝင်ထွက်ခွင့်ရရှိမည်ဖြစ်သည်။  


တိုးမြင့်လာသော အနေအထားအရ ကာကွယ်ရေးစက်ကိရိယာကို မပွင့်စေဘဲ သူ့ကိုဝင်ခွင့်ပြုမည့် အခန်းအရေအတွက် တိုးလာမည်ဖြစ်ပြီး ခွင့်ပြုထားသည့် လုပ်ဆောင်ချက်များနှင့် ကန့်သတ်ချက်များ အများစုက ပြေလျော့သွားမည်ဖြစ်ကာ အိမ်ထဲတွင် သူနေထိုင်ခွင့်ရမည့်အချိန်ပမာဏလည်း တဖြည်းဖြည်း တိုးလာမည်ဖြစ်သည်။


ဘေးကင်းလုံခြုံသောအရာ အမျိုးမျိုးထဲမှ အဆင့်အမြင့်ဆုံးကို 'မိသားစုဝင်များ' ဟုခေါ်သည်။


၎င်းတို့က SwordArc ၏ အဓိကကာကွယ်ထားသည့်အရာများဖြစ်ပြီး အခန်း8012B အတွင်း လုပ်ပိုင်ခွင့်အပြည့်ရှိသည်။ အိမ်အတွင်း ထူးဆန်းသောအရာတစ်ခုပေါ်လာပြီး 'မိသားစုဝင်များ' နှင့်ထိတွေ့ပါက ၎င်းတို့၏အပြုအမူဆိုင်ရာတုံ့ပြန်မှုက ဘေးကင်းမှုကိန်းဂဏန်းတွက်ချက်မှုအတွက် SwordArc ၏စံသတ်မှတ်ချက်များအားလုံးတွင် အမြင့်ဆုံးရှိမည်ဖြစ်သည်။


လက်ရှိအချိန်တွင် အခန်း8012B၏ 'မိသားစုဝင်များ' က နှစ်ယောက်သာရှိသည်။ 


စုန့်ရန် ထှိုင်းမှိုင်းတွေဝေစွာဖြင့် တဖြည်းဖြည်းပြန်ထလာပြီး အမှောင်ထဲမှ ခေါင်းအုံးနှင့် ဖုန်းကို ပြန်ကောက်လိုက်သည်။ တစ်ဖက်လူက အရာရာကို သိရှိနေသည့်မျက်လုံးကို မည်သို့ပိုင်ဆိုင်ထားသည်ကို မမေးရစဉ်တွင် ဟယ်ကျစ်ယွမ်က စကားစပြောလာသည်။


" ကိုယ် မင်းကို ဘယ်လိုခေါ်ရမလဲ..."


" စုန့်... စုန့်... စုန့်ရန်ပါ "ချီးကျူးခြင်း" ဆိုတဲ့ "စုန့်" နဲ့ " ပင်ကို" ဆိုတဲ့ "ရန်" ပါ..."


သူ့ကိုယ်သူ အလိုလိုမိတ်ဆက်ပြီးသား ဖြစ်သွားသည်။


" စုန့်ရန်ပေါ့..."


ဟယ်ကျစ်ယွမ်က ကီးဘုတ်ကို တတောက်တောက်နှိပ်လိုက်ပြီး SwordArc၏ ဒေတာဘေစ့်များတွင် အဆင့်မြှင့်လိုက်သည်။ ကော်ဖီခွက်ကိုယူ၍ တစ်ငုံသောက်လိုက်ပြီးမှ မှတ်ချက်ပေးလိုက်မိသည်။


" မြင်နေကျ မိသားစုနာမည်မျိုးတော့ မဟုတ်ဘူးနော်..."


" ဟုတ်တယ်... နယ်မြေရဲစခန်းကတောင် ကျွန်တော် နေထိုင်ခွင့်လျှောက်ထားတာကို ခွင့်မပြုလောက်တဲ့အထိဖြစ်သွားသေးတယ်..."


စုန့်ရန်က တစ်ဖက်မှပြောသည်ကို အလိုက်အထိုက် ပြန်ပြောနေရသော်လည်း သူ့မျက်ခွံများက လေးလံလာသည်။ သူ ပြန်အိပ်ပျော်တော့မည်ဖြစ်သည်။


ဟယ်ကျစ်ယွမ်က ရယ်လိုက်သည်။


" မြင်နေကျမဟုတ်တဲ့မိသားစုနာမည်တွေမှာလည်း ကောင်းကျိုးတွေ ရှိပါတယ်..."


စုန့်ရန် မျက်လုံးများပွင့်လာပြန်သည်။


" ဘယ်လိုမျိုးလဲ..."


" ဘယ်တော့မှ မမေ့နိုင်တာမျိုးပေါ့..."


" ကျွန်တော့်ကို ဟာသလုပ်နေတာလား... အဲ့ဒါက ဘယ်လိုလုပ်ကောင်းမှာလဲ..."


စုန့်ရန် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ သူ့မျက်လုံးများမှိတ်သွားပြီး ဆိုဖာပေါ် ပြန်လှဲလိုက်သည်။


" ကျွန်တော် ဘယ်နေရာသွားသွား ကလောင်နာမည်လားလို့ အမေးခံရတယ်... ဒီလို စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကို "ဟယ်" ဆိုတဲ့ စာလုံးနဲ့ ပုံမှန်မိသားစုနာမည်ရှိတဲ့လူ‌တွေကတော့ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး..."


ဟယ်ကျစ်ယွမ်က အားပါးတရမရယ်ပဲ မနေနိုင်တော့ပေ။


ဖန်သားပြင်ပေါ်တွင် windowနောက်တစ်ခုကို ပြောင်းလိုက်ပြီဖြစ်သည်။ အမိန့်ပေးစာကြောင်းတွင် 'စုန့်ရန် ဟူသော စကားလုံးနှစ်လုံးနောက်တွင် အစိမ်းရောင် ကာဆာက တောက်ပလာသည်။ သူ့ လက်ချောင်းများက returnခလုတ်နှင့် စင်တီမီတာအနည်းငယ်သာကွာနေပြီး နှိပ်လိုက်ရန် တွန့်ဆုတ်နေမိသည်။ သုံးစက္ကန့်အကြာတွင် သူစိတ်ပြောင်းသွားသည်။ SwordArc၏ ဒေတာဘေစ့် မျက်နှာပြင်သို့ ပြန်ပြောင်းလိုက်ပြီး ကော်ဖီခွက်ကိုယူကာ ရုံးခန်းထဲမှ ထွက်လာသည်။


အမှန်တွင် သူပြောချင်သည့် ကောင်းကျိုးဟူသောအရာက နာမည်ကို မမေ့နိုင်ခြင်းမျိုးမဟုတ်ပဲ ပို၍ထူးခြားသောနာမည်ဖြစ်လေ အင်တာနက်ပေါ်တွင် သဲလွန်စများကို ရှာဖွေရန် ပိုလွယ်လေဟု ‌ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ လိုအပ်လာပါက စုန့်ရန်၏အကြောင်း ၉၀%ခန့်သာမက သူ မပြောပြထားသည့် ကိုယ်ရေးကိုယ်တာ လှုပ်ရှားမှုများကိုပါ အင်တာနက်ပေါ်တွင် တစ်မိနစ်အတွင်း ရှာဖွေနိုင်မည်ဖြစ်သည်။


သို့ရာတွင် ဟယ်ကျစ်ယွမ်က လိုသို့ပြုလုပ်ရန် မလိုအပ်ဟု တွေးလိုက်မိသည်။


ဤလူငယ်လေးက သူ့ကို မဖော်ပြနိုင်သည့် စိတ်အေးချမ်းမှုတစ်မျိုးပေးနေသည်။ စာကြောင်းလေးအနည်းငယ်ကြောင့်နှင့် သူ့ကိုခြွင်းချက်မရှိယုံကြည်ရန် ဆန္ဒရှိနေမိသည်။


ဟယ်ကျစ်ယွမ် ခြွင်းချက်မရှိယုံကြည်မှုချင်နေသော ကမ္ဘာတစ်ဖက်ခြမ်းမှ စုန့်ရန်မှာမူ အလွန်အမင်းအိပ်ငိုက်နေပြီဖြစ်သာ်။ သူ ဆိုဖာပေါ်မှီထားပြီး အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။


" လူကြီးမင်းဟယ် တခြားကိစ္စပြောစရာ မရှိတော့ဘူးမလား... ဒါဆိုရင်ကျွန်တော်..."


ဟယ်ကျစ်ယွမ်ကပြောလိုက်သည်။


" ကိုယ် ပြောစရာရှိသေးတယ်..."


" အိုး... ကျေးဇူးပြုပြီး ပြောပါ..."


စုန့်ရန် စိတ်ညစ်သွားသည်။


ဟယ်ကျစ်ယွမ်က အပြင်ဘက်ရှိပန်းခြံနားမှ ရေပန်းတွင်ထိုင်လိုက်သည်။ ထိုနေရာက အလွန်တိတ်ဆိတ်သည့်နေရာဖြစ်၍ ယနေ့ကိစ္စကိုဆွေးနွေးရန် သင့်တော်ပေသည်။ 


" စုန့်ရန် ကိုယ်အလေးအနက်ထားစဉ်းစားကြည့်လိုက်တော့ မင်းပြောတာ မှန်တယ်ဆိုတာ ဝန်ခံပါတယ်... ပုပုက ငယ်သေးတာဆိုတော့ ကလေးထိန်းတွေ ခဏခဏပြောင်းနေတာ မသင့်တော်ဘူး..."


စုန့်ရန် ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။


" ဟုတ်ကဲ့..."


လူတစ်ယောက်က သူ့အမှားကိုသူသိပြီး ပြောင်းလဲသွားနိုင်ခြင်းထက ကောင်းမွန်သည့်အရာ မရှိနိုင်တော့ပေ။


ပါပါးဟယ်ကလည်း မိဘကောင်းတစ်ယောက်ဖြစ်ဖို့ အသိတရားရှိပုံပါပဲ...


" ဒါပေမဲ့ ကိုယ့်အကြောင်းကို ပြောရမယ်ဆိုရင်တော့ အသိမိတ်ဆွေတစ်ယောက်ရှာရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး... မင်းကတော့ ကိုယ့်ရဲ့အခြေအနေကို နားမလည်လောက်တာလည်း ဖြစ်နိုင်ပါတယ်... ကိုယ့်မိဘတွေရော အတန်းဖော်တွေရောက အက်စ်မြို့မှာ မရှိကြဘူး... ကိုယ် ဒီနေရာမှာ အခြေချလိုက်ရတာက ကုမ္ပဏီကို ပြည်တွင်းမှာ ရေရှည်တိုးချဲ့မှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့်ပါ အဲ့အတွက် အက်စ်မြို့က နေရာကောင်းဖြစ်နေတယ်...


ဒါကြောင့်မို့ ဒီနေရာတစ်ဝိုက်မှာ ယုံကြည်ရလောက်တဲ့လူတွေမရှိဘူး... ကိုယ့်မှာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေတော့ရှိပေမယ့် ပုပုကို သူတို့ဆီမှာ ယုံယုံကြည်ကြည်နဲ့ အပ်ထားဖို့ကို စိတ်မချနိုင်ဘူး..."


" အဲ့တော့..."


အဲ့တော့ သူ့ကို ကျွန်တော်နဲ့ပဲ အပ်ထားလိုက်ပါ... 


စုန့်ရန် စိတ်လှုပ်ရှားစွာဖြင့် ထထိုင်လိုက်ပြီး ထိုစကားများကို ပြောထွက်လုနီးပါး ဖြစ်သွားမိသည်။ ဟယ်ကျစ်ယွမ်က သူ့ကို တစ်ခုခုပြောရန် အခွင့်အရေးမပေးပဲ ဆက်ပြောနေသည်။


" ကိုယ် သင့်တော်တဲ့လူတစ်ယောက်တော့ ရှာတွေ့ထားပါတယ် ဒါပေမဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုပြောရမလဲ... အရမ်း ရင်းနှီးတယ်လို့ မသတ်မှတ်နိုင်သေးဘူးလေ..."


" အိုး..."


စုန့်ရန်၏စိတ်အခြေအနေက တစ်ခဏအတွင်းမှာပင် ချဉ်တူးသွားမိပြီး ဆိုဖာပေါ်တွင် ကွေးကွေးလေး ပြန်လှဲလိုက်သည်။ 


သူတို့က အရမ်းမရင်းနှီးသေးဘူးဆိုရင်တောင်မှ နည်းနည်းတော့ ရင်းနှီးသွားပြီလေ... 


စုန့်ရန်က သူနှင့်လုံးဝ မရင်းနှီးသော အိမ်နီးချင်းတစ်ယောက် ဖြစ်နေ၍ အိုးထဲတွင် ထည့်မနွေးရသေးသည့် အေးနေသောဟင်းတစ်ပန်းကန်ဟု သတ်မှတ်နိုင်ပေသည်။ ကလေးတစ်ယောက်အတွက် အခြားလူများနှင့် မျက်နှာပြောင်စွာ ပြိုင်ဆိုင်နေသည်မှာလည်း မသင့်တော်လှပေ။ ပါပါးဟယ်က မည်မျှ အရိပ်အကဲမသိသူဖြစ်သော်လည်း ကလေးတစ်ယောက်ကို သူစိမ်းတစ်ယောက်ကို ပျိုးထောင်ရန်ပေးလိုက်သည်အထိ တုံးအမည့်ပုံမပေါ်ပေ။


Xxxxxxx