အပိုင်း ၅၅
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၅၅ - သူခိုးဖမ်းကြခြင်း




ရထားပေါ်သို့ တက်လိုက်သည်နှင့် စုယွဲ့ ခံစားနေရသည့် အိမ်နှင့် ခွဲခွာရသော ၀မ်းနည်းနေခြင်းများက ချက်ချင်းပျောက်ကွယ်သွားကာ မမြင်နိုင်သည့် ရန်သူကြောင့် စိုးရိမ်စိတ်သာ ကျန်ရှိတော့သည်။  


အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည်များသည် ဤရထားပေါ်တွင် ဖြစ်ပျက်ခဲ့ခြင်းပင်။ 


ဟန်အိုက်ကောသည် စုယွဲ့သည် အိမ်နှင့် ခွဲရ၍ ၀မ်းနည်းနေသည်ဟုသာ ထင်နေပြီး သူမ၏ ပါးလေးကို ကိုင်ကာ နှစ်သိမ့်ပေးခဲ့သည်။ " ၀မ်းနည်းမနေပါနဲ့၊ နောက်ကျရင် ကိုယ်တို့ စာရေးပြီး ပို့လို့လည်း ရသလို အားလပ်ရက်ရရင်လည်း ဆွေမျိုးတွေဆီ ထပ်ပြီး လာလည်လို့ရတယ်။ "


စုယွဲ့က " အင်းပါ "  ဟုသာပြန်ဖြေလိုက်ပြီး သူ့နောက်ကနေ ရထားစင်္ကြံတစ်လျှောက် လိုက်သွားလိုက်သည်။ သူမတို့ အိပ်ရန် အခန်းဆီသို့ ရောက်သည့်အခါတွင် အိပ်မက်ထဲတွင် မြင်ခဲ့သည့် လူလတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်ကို တွေ့လိုက်ရသည်။ 


သူတို့ပဲ။ 


လူလတ်ပိုင်းအရွယ် ယောက်ျားကြီးသည် အိပ်စင်၏ အပေါ်ထပ်တွင် လှဲနေကာ မျက်လုံးများကိုလည်း မှိတ်၍ထားသဖြင့် အိပ်ပျော်နေသည့်ဟန် ရှိသော်လည်း မျက်မှောင်များကြုံ့ထားကာ မသက်မသာဖြစ်နေသည့်ပုံ ရှိသည်။ ထိုလူက နာမကျန်းဖြစ်နေ၍ ဆိုသည်ကို စုယွဲ့ သိသည်။ 


အမျိုးသမီးကြီးက အိပ်စင်၏ အောက်ထပ်တွင် ထိုင်နေကာ အခြားသူများကဲ့သ်ို့ လှဲကာ အနားယူနေရမည့်အစား စိုးရိမ်နေသည့်ဟန်ဖြင့် ထိုင်နေခဲ့သည်။ သူမ၏ အိတ်ဟောင်းလေးကိုလည်း ပိုက်ထားကာ မျက်နှာထက်တွင် ပူပန်စိတ်များ ရှိနေသည်က အတိုင်းသားပေါ်နေခဲ့သည်။ စုယွဲ့နှင့် ဟန်အိုက်ကောတို့ ၀င်လာသည်ကို မြင်သည့်အခါ နောက်သို့ ရို့သွားကာ အိတ်ကို ပို၍ တင်းတင်းကြပ်ကြပ် ပိုက်လိုက်သည်။ 


စုယွဲ့သည် ထိုအချင်းအရာများကို သတိမထားမိဟန် ဆောင်လိုက်သော်ငြား တကယ်တော့ သူမ စိတ်ညစ်သွားတာဖြစ်သည်။ ထိုအစ်မကြီးသည် လာပြီး ပြစ်မှုကျူးလွန်လှည့်ပါဟု လက်ယပ်ကာ ခေါ်နေသည့်ပုံဖြစ်နေလေသည်။ သူမ မျက်နှာတွင် ပေါ်နေသည်က " ငါ့မှာ ပိုက်ဆံတွေ ပါလာလ်ို့ တခြားသူတွေ ခိုးသွားမှာကို စိုးရိမ်နေရတယ် " ဟူ၍ ရေးမထားရုံတမယ် ဖြစ်သည်။ ထိုသို့ ဖြစ်နေမှတော့ ရာဇ၀တ်သားများအား ငါ့မှာ ငွေတုံးသုံးရာ မရှိဘူးဟု ပြန်ဖြေနေသည်နှင့် မတူပေဘူးလား။ 


သို့ဖြစ်၍လည်း သူမအား ပစ်မှတ်ထားကြတာ ဖြစ်မည်ထင်သည်၊ ဟုတ်တယ်မလား။ အမှန်ဆိုလျှင် ထိုလင်မယားနှစ်ယောက်သည် တောမှ တက်လာကြသူများ ဖြစ်ပုံရကာ အ၀တ်အစားများမှာလည်း ချုပ်ရာထေးရာ အထပ်ထပ်နှင့် ဖြစ်သည်မို့ သူခိုးများသည် သူတို့အား ပစ်မှတ်ထားကြမည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာနိုင်သည်မှာ အမျိုးသမီးကြီး၏ မျက်နှာထားကြောင့်သာ ဖြစ်ရပေမည်။


နေ့လယ်ခင်း ရောက်နေပြီဖြစ်သဖြင့် ဟန်အိုက်ကောသည် အ၀တ်အစားထုပ်များနှင့် အခြားသော လက်ဆွဲအိတ်များကို အိပ်စင်အောက်သို့ ထည့်လိုက်ကာ အရေးကြီးသည့် အထုပ်အပိုးများကိုတော့ အိပ်စင်အပေါ်ထပ်တွင် ထားလိုက်ပြီး စုယွဲ့ကိုခေါ်ကာ အောက်ထပ်တွင် အတူ၀င်ထိုင်လိုက်ကြသည်။ ပြီးနောက် ဟန်အိုက်ကောသည် ထည့်လာခဲ့သည့် ပေါင်မုန့်နှင့် ပေါက်စီကို ထုတ်ကာ စုယွဲ့ကို ပေးခဲ့သည်။ " စားလိုက်ဦး၊ ပေါက်စီတွေက အခုထိ ပူနေတုန်းပဲ။ နည်းနည်းလောက် စားထားနှင့်လိုက်၊ ပြီးရင် ကိုယ် ရေနွေးသွားယူပေးမယ်။ " 


ပြောပြီးသည့်နောက် ဟန်အိုက်ကောသည် ပါလာသည့် ကြွေခွက်လေးအား ထုတ်လိုက်ကာ ရထားပေါ်ရှိ ရေနွေးပေးသည့် နေရာတွင် ရေနွေးသွားယူရန် ထွက်သွားခဲ့သည်။ စုယွဲ့သည် ပေါက်စီနှစ်လုံးအား ယူလိုက်ပြီး တစ်ဖက်ခြမ်းတွင် ထိုင်နေသည့် အမျိုးသမီးအား လှမ်းပေးလိုက်သည်။ " အစ်မကြီး၊ ဒါတွေက အိမ်က လုပ်လာတဲ့ ပေါက်စီတွေပါ။ ပူပူလေးပဲ ရှိသေးတယ်။ စားပါဦး။" 


အမျိုးသမီးကြီးသည် စုယွဲ့သည် ယခုမှ တွေ့သည့်သူအား ကိုယ်တိုင်လုပ်ထားသည့် ပေါက်စီကို မျှကျွေးပေးမည်ဟု မထင်၍ တစ်ခဏလောက် ကြောင်သွားသော်လည်း လက်ရမ်းပြကာ ငြင်းခဲ့သည်။ " မလိုပါဘူး၊ ညီမလေးရယ်။ ကိုယ့်ဘာသာပဲ စားလိုက်ပါ။ အစ်မတို့က ညစာစားပြီးပြီ။ " 


စုယွဲ့သည် ထိုသည်က ဟန်လုပ်ကာ ငြင်းနေခြင်းဖြစ်သည်ကို သိ၍ အတင်းတိုးကာ အမျိုးသမီးကြီး၏ လက်ထဲသို့ ပေါက်စီများက်ို ထည့်ပေးလိုက်သည်။ " အစ်မကြီး၊ အားမနာပါနဲ့ ။ အပြင်ထွက်ဖို့ကလည်း မလွယ်ဘူးလေ။ ကြုံရင်းဆုံရင်း မိတ်ဖွဲ့တယ်လို့ပဲ သဘောထားလိုက်ပါ။ အစ်မကြီးတို့ ရထားပေါ်က ဆင်းဖို့လည်း ကြာဦးမယ်ထင်တယ်။ ရထားပေါ်က အစားအသောက်တွေက စျေးကြီးလွန်းတယ်။ ယူလာတာတွေကလည်း ရာသီဥတု အေးတော့ အေးကုန်လောက်ပြီ ဟုတ်တယ်မလား။ ညီမတို့က အပိုတွေ ထည့်လာသေးတာမို့လို့ အားနာမနေပါနဲ့။ " 


အမျိုးသမီးကြီးသည် သူမလက်ထဲသို့ ရောက်လာသည့် ပေါက်စီများမှ အနံ့မွှေးမွှေးလေးကို ချက်ချင်း ရလိုက်ကာ ထိုအနံ့က တစ်ကိုယ်လုံး ပျံ့သွားသလိုပင် ခံစားလိုက်ရသည်။ သူမသည် တံတွေးများသာ မြိုချလိုက်မိသည်သာမကပဲ သူမ၏ ဗိုက်မှာလည်း ဂွီခနဲ မြည်လာတော့သည်။ 


အမျိုးသမီးကြီးသည် ရှက်သွားကာ မျက်နှာများ ရဲလာပြီး စုယွဲ့အား မကြည့်ရဲတော့ပေ။ 


စုယွဲ့က ပြုံးကာ ပြောလိုက်သည်။  " အစ်မကြီး၊ အားနာမနေပါနဲ့၊ စားလိုက်ပါ။ "


အမျိုးသမီးကြီးသည် အမှန်တကယ်တွင် အတော်လေး  ဆာလောင်နေခဲ့တာ ဖြစ်သည်။ ပိုက်ဆံချွေတာချင်၍ ရထားပေါ်မှ အစားအသောက်များကိုလည်း ၀ယ်မစားဖြစ်သကဲ့သို့ ထည့်လာသည့် အစားအစာများမှာလည်း အားလုံးစားပြီးသွား၍ ရထားပေါ်မှ ဆင်းသည်အထိ တောင့်ခံထားမည်ဟုသာ တွေးထားခဲ့တာဖြစ်သည်။ ယခုတော့ စားစရာ ရလာပြီလေ။ ထိုမိန်းကလေးသည် ဤမျှ သဘောကောင်းကာ သူမ၏ စျေးကြီးသော ပေါက်စီဖွေးဖွေးလေးအား မျှပေးလာမည်ဟု သူမ မထင်ထားခဲ့ရုံသာ။ 


ပေါက်စီတစ်လုံးသည် အပြင်တွင်တော့ စျေးသက်သာသည့် အစားအစာမျိုး မဟုတ်ပေ။ 


အားနာသော်လည်း ဗိုက်ဆာနေသည်ကို သည်းမခံနိုင်တော့၍ အမျိုးသမီးကြီးသည် လက်ခံလိုက်ကာ စုယွဲ့အား ကျေးဇူးတင်ကြောင်း ပြောလေသည်။ " ကျေးဇူးပါနော်၊ ညီမလေးရယ်။ ညီမလေးက တကယ် သဘောကောင်းတာပဲ။ " 


စုယွဲ့က လက်ခါပြရင်း ပြန်ပြောခဲ့သည်။ " ကျေးဇူးတင်စရာ မလိုပါဘူး၊ အစ်မကြီးရယ်။ ပူတုန်းလေး စားလိုက်နော်။ "


အမျိုးသမီးကြီးသည် အပေါ်ထပ်တွင် အိပ်နေသည့် သူမ၏ အမျိုးသားအား နှိုးကာ ပေါက်စီတစ်လုံးကို ခွဲပေးလိုက်သည်။ အမျိုးသားဖြစ်သူသည်လည်း စုယွဲ့ပေးထားတာဖြစ်မှန်း သိ၍ သူမအား အားတင်းကာ ကျေးဇူးတင်ကြောင်း ပြုံးပြလာသည်။ ပြီးနောက် ပေါက်စီအား တစ်ကိုက်ချင်းကိုက်ကာ စားတော့သည်။ 

ပေါက်စီ၏ အနံ့က အလွန်မွှေးသည်။ 


ယင်းကိစ္စအပြီးတွင် အမျိုးသမီးကြီးသည် စုယွဲ့အား ယခင်ကလို သတိထားနေသည့် ဟန်မရှိတော့ဘဲ စကားများ ပြောလာတော့သည်။ သူမ၏ မျိုးရိုးသည် စု ဖြစ်ကြောင်းနှင့် နေမကောင်းနေသည့် အမျိုးသားဖြစ်သူအား ဆေးကုပေးရန် ထွက်လာတာဖြစ်ကြောင်း ပြောပြလေသည်။ 


စုယွဲ့လည်း သူမ၏ အကြောင်းများကို အကျဥ်းချုံးကာ ပြန်ပြောလိုက်သည်။ 


စုယွဲ့နှင့် စကားပြောပြီးသွားသည့်နောက် အစ်မကြီးစုသည် ယခင်ကလောက် စိုးရိမ်နေသည့်ဟန် မရှိတော့ဘဲ လက်ထဲတွင် ပိုက်ထားသည့် အိတ်ကိုလည်း အရမ်းကြီး ဆုပ်ကိုင်မထားတော့ပေ။ 


အချိန်က ကုန်သွားတာ မြန်သည်။ တဖြည်းဖြည်း မှောင်ရိပ်သန်းလာကာ သူခိုးများ လှုပ်ရှားမည့် အချိန်လည်း ရောက်တော့မည်ဖြစ်၍ စုယွဲ့ ရင်ထဲတွင် စိုးရိမ်လာတော့သည်။ 


ထိုသူခိုးများသည်လည်း ရထားတွဲပေါ်တွင်ပဲ ဖြစ်လောက်ကာ ဘယ်အတွဲပေါ်တွင် ပါလာသည်ကိုပဲ မသိရတာဖြစ်သည်။ သိပ်တော့ မဝေးလောက်ပေ။ မဟုတ်ပါက ပြစ်မှုကျူးလွန်ရန် မသင့်လျော်ပေ။ လက်တုံ့ပြန်ရန် လာခဲ့ကြသည့် နောက်လူနှစ်ဦး၏ မျက်နှာများအား စုယွဲ့ မမြင်လိုက်သော်လည်း သူတို့ ဘယ်လိုအင်္ကျီကို ၀တ်ဆင်ထားသည်ကို သူမ မှတ်မိသည်။ ပိုက်ဆံလာခိုးသည့် သူခိုးနှစ်ဦးကိုလည်း မြင်ရုံနှင့် သူမ အတပ်ပြောနိုင်သည်။ 


မှန်းကြည့်ရပါက လက်တုံ့ပြန်ရန် လာသည့် နှစ်ယောက်နှင့် ပိုက်ဆံလာခိုးသည့် သူခိုးနှစ်ယောက်သည် အတူထိုင်ကြတာ ဖြစ်လောက်သည်။ 


ထိုလူများအား သွားရှာကြည့်ရန် စုယွဲ့ ဆုံးဖြတ်လိုက်ပြီး ဟန်အိုက်ကောအား တိုးတိုးလေးကပ်ကာ ပြောလိုက်သည်။" အိမ်သာ ခဏသွားဦးမယ်။ "


ဟန်အိုက်ကော - " ကိုယ် လိုက်ခဲ့ပေးမယ်။ " 


စုယွဲ့က ခေါင်းခါကာ ငြင်းလိုက်သည်။ " အိမ်သာက သိပ်မဝေးဘူး။ လိုက်မနေနဲ့တော့။ ဒီမှာပဲ အထုပ်တွေကို ကြည့်ထားလိုက်လေ။ ပိုက်ဆံတွေလည်း ပါတော့ ကြည့်မယ့်သူမရှိဘဲ ထားခဲ့လ်ို့ ဘယ်ဖြစ်မလဲ။ " 


ဟန်အိုက်ကောသည် တွေဝေသွားသော်လည် အဆုံးတွင်တော့ ခေါင်းညိတ်ကာ " ဂရုစ်ိုက်သွား " ဟုသာပြောခဲ့သည်။ 


စုယွဲ့က ထွက်သွားကာ ရထားတွဲများ၏ ဘယ်ညာနှစ်ဖက်လုံးအား လိုက်ကြည့်ဟန်ဆောင်နေလိုက်သည်။ အများအမြင်တွင် သူမသည် ရှုခင်းများ ကြည့်နေသည်ဟု ထင်ရသော်လည်း တကယ်က လူရှာနေတာဖြစ်သည်။ သူမ တစ်တွဲပြီးတစ်တွဲ သေချာလိုက်ရှာနေခဲ့တာဖြစ်သည်။ 


အခြားခရီးသွားများက သူမ အကြည့်ကို မြင်သော်လည်း ညအိပ်ရထား တစ်ခါမှမစီးဖူး၍ ဖြစ်ရမည်ဟုသာ ထင်ကြကာ သံသယမ၀င်ကြပေ။ 


စုယွဲ့က ရှာမတွေ့တော့ဘူးဟု ထင်နေစဥ်မှာပဲ နောက်ဆုံးတွဲထဲတွင် သူမ အိပ်မက်ထဲတွင် တွေ့ခဲ့သည့် သူခိုးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူခိုးနှစ်ယောက်သည် အိပ်စင် အောက်ထပ်တွင် ထိုင်နေကာ သူတို့၏ မျက်နှာချင်းဆိုင်တွင်လည်း လူနှစ်ယောက်ထိုင်နေကြသည်။ ထိုလေးဦးသည် ပိုကာ ကစားနေကြတာဖြစ်ပြီး ဂိမ်းထဲတွင်သာ စျာန်၀င်နေကြပြီး စုယွဲ့၏ ထူးဆန်းသည့် အကြည့်များကို သတိမထားမိခဲ့ကြပေ။ 


ညာဘက်ရှိ နှစ်ဦးသည် ဒီညတွင် လှုပ်ရှားကြမည့် သူခိုးနှစ်ယောက်ဖြစ်သည်ကို စုယွဲ့ သေချာသိသည်။ ဘယ်ဘက် နှစ်ယောက်က သူမနှင့် ဟန်အိုက်ကောအား လက်စားချေရန် လာကြသူများဖြစ်ကာ ဟန်အိုက်ကောအား ဓားနှင့်ထိုးသွားသည့် အိပ်မက်ထဲမှ လူများဖြစ်လေသည်! သူမ သေချာသိနေရခြင်းမှာ ထိုနှစ်ယောက် ၀တ်ထားသည့် အ၀တ်များသည် အိပ်မက်ထဲတွင် မြင်ခဲ့သည်နှင့် တစ်ထပ်တည်းကျနေ၍ ဖြစ်သည်။ 


စုယွဲ့က မုန်းတီးမှုကြောင့် လက်များပင် ယားလာတော့သည်။ သူမသာ စိတ်ရှိတိုင်း လုပ်၍ ရပါက ရဲခေါ်ကာ ၄င်းရာဇ၀တ်သား လေးဦးအား ချက်ချင်း ဖမ်းခိုင်းလိုက်မှာပင်။ သို့ပေမယ့်လည်း ခိုးရာပါပစ္စည်းမရှိဘဲ သူခိုးဖမ်း၍ မရသည်ကို စုယွဲ့သိသည်။ ရဲများသည်လည်း သက်သေမရှိဘဲ ဖမ်းချင်းတိုင်း မဖမ်းနိုင်သည့်အပြင် သူတို့သည်လည်း ၀န်ခံကြမည်မဟုတ်သကဲ့သို့ ကျန်တစ်ဖွဲ့သည်လည်း လက်စားချေရန် ရောက်လာနိုင်ပေသည်။ လေးယောက်လုံးအား တစ်ခါတည်း ဖမ်းဆီးချင်ပါက အရင် ပိုက်ဆံခိုးတဲ့ အထိ စောင့်ရမည်။


ထို့မှသာ ငြင်း၍ မရတော့မှာပင်။ 


စုယွဲ့က စိတ်အေးအေးထားကာ ဖြစ်လာနိုင်သည့် အန္တရာယ်များကို ချင့်တွက်လိုက်သည်။ ထိုလေးယောက်အား ဂရုမထားနေတော့ဘဲ အိမ်သာသို့သွားကာ ခဏလောက်နေလိုက်ပြီး အိမ်သာသုံးချင်ယောင် ဆောင်လိုက်သည်။ 


ဒီခေတ်ရဲ့ ရထားများပေါ်မှ အိမ်သာများသည် ရွံဖို့ကောင်း၍ စုယွဲ့ ခေါင်းမူးလာတော့သည်။ နောင်အခါတွင် ရထားပေါ်ရောက်လျှင် အိမ်သာတက်ရမည်ကို ရှောင်ရန် ရေနည်းနည်းသာ သောက်ဖို့ ဆုံးဖြတ်လ်ိုက်တော့သည်။ 


အိပ်ခန်းသို့ ပြန်ရောက်သည့် အခါ စုယွဲ့သည် ဟန်အိုက်ကော၏ နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ " အစ်ကို၊ အိမ်သာသွားတုန်းက မသင်္ကာစရာကောင်းတဲ့ လူလေးယောက်ကို တွေ့ခဲ့တယ်။ " 


စုယွဲ့သည် မဟုတ်မမှန် မပြောတက်သည်ကို ဟန်အိုက်ကော သိ၍ ခါးမတ်ကာ ထိုင်လိုက်ပြီး ပြန်ပြောခဲ့သည်။ " ဘာက မသင်္ကာစရာ ကောင်းတာလဲ၊ ပြောကြည့်။ " 


စုယွဲ့သည် တစ်ဖက်ခြမ်းရှိ အစ်မကြီးစုကို တစ်ချက်ကြည့်ကာ ပြောပြလိုက်သည်။ " အဲ့လူလေးယောက် ပြောနေကြတာကို အမှတ်မထင်ကြားလာတာ။ သူတို့ ပြောနေတာက အဲ့မိန်းမကြီးရဲ့ ယောက်ျားက အတော် နေမကောင်းဖြစ်နေတဲ့ပုံပဲ။ ကြည့်ရတာ ဆေးသွားကုမလို့ ထင်တယ်။ အဲ့တော့ ပါလာတဲ့ ပိုက်ဆံက နည်းမှာ မဟုတ်လောက်ဘူး၊ ဒီည လှုပ်ရှားလိုက်ကြရအောင်။ အဲ့လိုပြောနေကြတာ။ သူတို့တွေက အစ်မကြီးစုရဲ့ ပိုက်ဆံတွေကို ပစ်မှတ်ထားနေတာလို့ အစ်ကို ထင်လား။ "


ဒါပေါ့ ။ ထိုစကားများသည် စုယွဲ့ လုပ်ကြံပြောလိုက်တာ ဖြစ်သည်။ ထိုသို့ ပြောမှသာ ဟန်အိုက်ကောသည် သတိရှိကာ ကြိုတင် ခုခံနိုင်ပြီး ထိုလူမိုက်လေးဦးအား ရင်ဆိုင်ပြီး ပွဲသိမ်းပစ်လိုက်နိုင်မှာ မဟုတ်လား။ 


အသေအချာပင်။ ထိုသည်ကို ကြားသည့်အခါ ဟန်အိုက်ကော၏အကြည့်များ ပြောင်းသွားကာ ချက်ချင်းဆိုသလို သတိအနေအထား ဖြစ်သွားတော့သည်။ ပြီးနောက် အစ်မကြီးစုတို့ လင်မယားအား ကြည့်ကာ စုယွဲ့အား တိုးတိုး ပြန်ပြောခဲ့သည်။ " အဲ့လေးယောက်က ဂိုဏ်းတစ်ခုခုက သူခိုးတွေ ဖြစ်လောက်တယ်။ ရထားတွေပေါ်မှာ လုပ်စားနေကြကောင်တွေပဲနေမှာ။ ပိုက်ဆံခိုးဖို့ လုပ်နေတာကို လက်ပိုက်ကြည့်နေလို့တော့ မဖြစ်ဘူး။ "


" ဒါဆို အခု ဘယ်လို လုပ်ကြမလဲ။ "


ဟန်အိုက်ကောက တွေးကာ ပြန်ဖြေခဲ့သည်။ " သက်သေလည်း မရှိတော့ ဒီအတိုင်း ဖမ်းလို့တော့ မဖြစ်လောက်ဘူး။ သူတို့ ပြစ်မှု ကျူးလွန်တော့မှ သက်သေနဲ့ လက်ပူလက်ကြပ်ဖမ်းကြတာပေါ့။ "


စုယွဲ့လည်း ထိုသို့တွေးနေတာဖြစ်ပြီး သူမတို့ နှစ်ဦးက တစ်ထပ်တည်း တွေးမိကြတာဖြစ်သည်။ " သူတို့သာ တကယ့် သူခိုးတွေဖြစ်ရင် ဒီညပဲ လှုပ်ရှားကြလောက်တယ်။ ကျွန်မတို့ အိပ်ချင်ယောင်ဆောင်နေပြီးမှ သူတို့ ရောက်လာရင် တစ်ခါတည်း ဖမ်းကြတာပေါ့။ " 


သူတို့သည် လေးဦးဖြစ်သော်လည်း နှစ်ယောက်သာ လာခိုးကြမှာဖြစ်သည်။ နှစ်ဦးကို ဖမ်းပြီးလျှင်တောင် အခြားနှစ်ယောက်ကို အလွတ်ပေးလိုက်၍ မဖြစ်ပေ။ ဟန်အိုက်ကော၏ အရည်အချင်းနှင့်သာဆို သူခိုးနှစ်ယောက်အား ဖမ်းခြင်းသည် လုံး၀ကို ပြဿနာ မရှိပေ။ 


သူမတို့နှစ်ဦး တိုင်ပင်ကြပြီးနောက် မူမပျက်နေနေလိုက်ကြသည်။ စုယွဲ့တို့နှစ်ဦးသည် ညရောက်သည့်အခါတွင် ပေါက်စီစားကာ ရေနွေးသောက်ပြီးနောက် စကားပြောရင်း သတင်းစာဖတ်နေလိုက်ကြသည်။ ညနက်လာသည့်အခါတွင်တော့ ဟန်အိုက်ကောသည် စုယွဲ့အား အပေါ်ထပ်တွင် အိပ်ခိုင်းလိုက်ကာ သူကိုယ်တိုင်ကတော့ အထုပ်အပိုးများနှင့်အတူ အောက်ထပ်တွင် အိပ်လေသည်။ 


စုယွဲ့သည်လည်း သူမ ပင်ပန်းလွန်းနေသည်ဆိုသည်ကို သိကာ အောက်တွင် နေနေပါက ၀န်ပိုသာဖြစ်မည်စိုး၍ ဟန်အိုက်ကော နောက်ဆံတင်းခြင်းမရှိဘဲ ကိုင်တွယ်နိုင်ရန် အပေါ်ထပ်သို့ တက်လိုက်ကာ လှဲလျောင်းရင်း အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။ 


အစ်မကြီးစုသည် တစ်နေကုန် ထိုင်နေရ၍ ညနက်လာသည့်သည့်အခါတွင်တော့ သူမ၏ အိတ်အား ပိုက်လျက်ဖြင့်ပင် လှဲအိပ်တော့သည်။ 


ထိုသည်ကို တွေ့သည့်အခါ ဟန်အိုက်ကောသည်လည်း လှဲလိုက်ကာ မျက်လုံးများကို မှိတ်ထား၍ အသက်ရှူသံအား ထိန်းကာ အိပ်ပျော်နေချင်ယောင်ဆောင်လိုက်သည်။ 


အိပ်ချင်ယောင်ဆောင်နေခြင်း တစ်နာရီကျော်မျှ ကြာသွားသည့်အခါတွင် စုယွဲ့၏ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ ခဏအကြာတွင် သေချာနားထောင်မှ ကြားနိုင်မည့် လှုပ်ရှားသံများကို ကြားလိုက်ရသည်။ တကယ်က သူမသည် သေချာနားထောင်နေခြင်းမဟုတ်ပါဘဲ သူမ၏ အကြားအာရုံက စူးရှလွန်းနေ၍သာ ဖြစ်သည်။ 


စုယွဲ့ ခပ်တိုးတိုး ပြောလိုက်မိသည် - ရောက်လာကြပြီ ! 


ဦ်းဆောင်လာသည့် လူသည် ဓားမြှောင်ဖြင့် အစ်မကြီးစု ပိုက်ထားသည့် အိတ်အား ထိုးဖြဲလိုက်ကာ ပိုက်ဆံများကို ယူလိုက်ပြီး ထွက်သွားတော့မည် အလုပ်တွင်  ခေါင်းအုံးဘေးရှိ ဟန်အိုက်ကော၏ အိတ်ကို တွေ့သွား၍ အိပ်နေသည့် ဟန်အိုက်ကောအား အကဲဖြတ်သလို ကြည့်ခဲ့သည်။ ဟန်အိုက်ကောနှင့် စုယွဲ့တို့၏ အ၀တ်အစားများမှာ ကောင်းမွန်သည့် အ၀တ်အထည်များဖြစ်၍ ဂွင်ကြီးကြီးပဲ ဖြစ်ရမယ်ဟု တွေးနေကာ အစိုးရ၀န်ထမ်း ဒါမှမဟုတ် အစိုးရ၀န်ထမ်း၏ သားဖြစ်မည်ဟု ထင်သွားသည်။ အဲ့လိုဆို သူတို့မှာ ပိုက်ဆံပိုရှိကြမှာ မလား။ အဲ့ပိုက်ဆံတွေကိုသာ ရရင် ....


ထိုသို့တွေးကာ ယင်းလူသည် ဟန်အိုက်ကော၏ ခေါင်းအုံးရှိရာသို့ ခြေလှမ်းလာတော့သည်။ ပြီးနောက် ဓားမြှောင်ကို မြှောက်ကာ ဟန်အိုက်ကော၏ အိတ်ကို ခွဲ၍ အဖိုးတန်သည်များကို ယူဖို့ ကြံတော့သည်။


သို့သော်လည်း ဓားမြှောင်သည် အိတ်ကို ထိလိုက်သည်နှင့် သူ့လက်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရ၍ လန့်သွားတော့သည်။ မကောင်းတော့ဘူးဆိုသည်ကို သိ၍ ရုန်းကန်ကာ ထွက်ပြေးဖို့ ကြံလိုက်သော်ငြား ဟန်အိုက်ကောသည် သူ့လက်အား ဂျွတ်ခနဲမြည်အောင် လိမ်ချိုးလိုက်လေသည်။ 


" အား --" သူခိုးသည် နာလွန်း၍ အော်မိသွားကာ ထိုအသံကြောင့် ရထားပေါ်ရှိ အခြားခရီးသည်များပါ နိုးသွားကြတော့သည်။ 


ကျန်သူခိုးသည် ပေါ်သွားပြီဆိုသည်ကို တွေ့သည့်အခါ ထွက်ပြေးမည် လုပ်သော်လည်း ဟန်အိုက်ကောသည် လက်ဦးကာ ထိုလူအား ကန်လိုက်၍ လွင့်သွားကာ နံရံသို့ ဘုန်းခနဲ တိုက်သွားတော့သည်။ ပြီးနောက် နာလွန်း၍ အောဟစ်နေရပြီး ကြမ်းပေါ်တွင်ပဲ လှဲနေရကာ မထနိုင်တော့။ 


စုယွဲ့သည် အော်ဟစ်တော့သည်။ " သူခိုးရှင့်၊ သူခိုး! " 


ထိုအော်သံကြောင့် ရထားပေါ်ရှိ ခရီးသည်များမှာ ဘာတွေဖြစ်နေသည်ကို နားလည်သွားကြကာ လာကြည့်ကြတော့သည်။ အစ်မကြီးစုသည်လည်း နိုးလာတော့သည်။ သူမ၏ အိတ်သည် အဖောက်ခံထားရသည်ကို တွေ့လိုက်ရကာ အိတ်ထဲရှိ ငွေများလည်း မရှိတော့၍ မျက်နှာသည် ဖြူလာတော့ကာ အော်ငိုတော့သည်။ " ငါ့ပိုက်ဆံတွေ! ငါ့ပိုက်ဆံတွေက်ို ခိုးသွားကြပြီ! " 


ဟန်အိုက်ကောသည် လူငယ်လေးတစ်ယောက်အား ရထားပေါ်ရှိ အရာရှိများကို ခေါ်ပေးရန် အကူအညီတောင်းလိုက်သည်။ ပြီးနောက် သူခိုး၏ အိတ်ကပ်ထဲမှ ပိုက်ဆံများကို နှိုက်ယူလိုက်ကာ အစ်မကြီးစုထံ ပြန်ပေးလိုက်သည်။ " အစ်မကြီး၊ ပိုက်ဆံတွေက ဒီမှာပါ။ " 


အစ်မကြီးစုသည် ပိုက်ဆံများကို အမြန်လှမ်းယူလိုက်ကာ လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်ရည်များ ကျလာတော့သည်။ သူမ အတော်လေး လန့်သွားခဲ့သည်ပင်။ 


ခဏအကြာတွင် ရထားပေါ်မှ အရာရှိများ ရောက်လာကာ နောက်တွင်လည်း ရဲနှစ်ယောက် ပါလာလေသည်။ တိုက်ဆိုင်စွာပင် အလုပ်ခရီးမှ ပြန်လာသည့် ရဲနှစ်ယောက်လည်း ရထားပေါ်တွင် ပါလာ၍ သတင်းကြားသည့်အခါ ရထားအရာရှိများနှင့် အတူလိုက်လာကြတာဖြစ်သည်။ 


ဟန်အိုက်ကောသည် ရဲနှစ်ယောက်အား ဖြစ်ပျက်သွားသည်များကို သေချာရှင်းပြလိုက်သည်။ ဟန်အိုက်ကောသည် စစ်သားဖြစ်သည်ကို သိသည့်အခါ သူ့စကားများကို ယုံသွားကြသည်။ ၄င်းအပြင် အစ်မကြီးစု၏ အဖောက်ခံထားရသော အိတ်နှင့် သူခိုးနှစ်ယောက် ကိုင်ထားသည့် ဓားမြှောင်များလည်း ရှိနေ၍ သက်သေများ လုံလောက်သဖြင့် သူခိုးနှစ်ဦးသည် ကြိုးချည်ခံလိုက်ရကာ ရထားပေါ်မှ ဆင်းလျှင် ရဲစခန်းသို့ ခေါ်သွားခံရတော့မည် ဖြစ်သည်။ 


စုယွဲ့ကအမြန် ၀င်ပြောလိုက်သည်။ " ရဲသားကြီးရှင့်၊ သူတို့မှာ ကြံရာပါတွေ ရှိပါသေးတယ်။ သူတို့နဲ့ အတူ စီးလာတဲ့ လူနှစ်ယောက်ရှိပါသေးတယ်။ နေ့လယ်က သူတို့တွေ ဒီည လှုပ်ရှားကြမယ်လို့ ပြောနေကြတာကို ကျွန်မ ကြားခဲ့ပါတယ်။ ကြံရာပါ နှစ်ယောက်ရှိသေးလို့ သူတို့ကိုပါ လွှတ်ထားလို့ မဖြစ်ပါဘူး! " 


အဖမ်းခံထားရသည့် သူခိုးနှစ်ဦးက မျက်လုံးပြူးသွားကာ စုယွဲ့အား ပြန်မေးတော့သည်။ " ကောင်မ၊ နင် ဘာမဟုတ်တာတွေ ပြောနေတာလဲ။ ငါတို့က ဘယ်တုန်းက အဲ့လို ပြောခဲ့လို့လဲ ။ " 


စုယွဲ့သည် ကြောက်သွားယောင်ဆောင်လိုက်ကာ ဟန်အိုက်ကော၏ နောက်သို့ ၀င်ပုန်းလိုက်သည်။ " ရှင်တို့နှစ်ယောက်ရဲ့ အဖော်တွေဆိုတာကို ကျွန်မကြားခဲ့တယ်။ ငြင်းမနေနဲ့ ။ ရဲသားကြီး၊ ကျွန်မပြောတာကို မယုံရင် အဲ့လူနှစ်ယောက်ကို ဖမ်းပြီး စစ်ဆေးကြည့်လိုက်ပါ။ "


ရဲနှစ်ဦးသည် ရထားအရာရှိကို ခေါ်ကာ ကျန်နှစ်ယောက်ရှိသည့် ရထားတွဲသို့ သွားကာ ကျန်သူခိုးနှစ်ယောက်ကို ဖမ်းလိုက်သည်။ သူတို့ထံတွင်လည်း ယခင်နှစ်ယောက်နှင့် တူညီသော ဓားမြှောင်များကို တွေ့လိုက်ရ၍ ထိုနှစ်ယောက်ကိုပါ ကြိုးချည်လိုက်က စစ်ဆေးရန်အတွက် ဖမ်းခေါ်သွားတော့သည်။ 


စုယွဲ့သည် သူခိုးလေးယောက်လုံးအား ဖမ်းပြီးသွားသည်ကို မြင်မှသာ စိုးရိမ်နေသည့် စိတ်များကို လျှော့လိုက်နိုင်တော့သည်။ 


အခု ဖြေရှင်းပြီးသွားပြီပြီဆိုတော့ အိပ်မက်ထဲကလို လက်စားလာချေတာလည်း ရှိတော့မှာ မဟုတ်ဘူး။ ဟန်အိုက်ကောလည်း ဒဏ်ရာရတော့မှာ မဟုတ်ဘူး။ 


အရမ်းကောင်းတယ် .... 


စုယွဲ့သည် သူမ၏ တင်းထားသော စိတ်များကို လျှော့ချလိုက်၍ တစ်ကိုယ်လုံး ပျော့ခွေသွားကာ အိပ်ယာပေါ်တွင် ထိုင်နေရာမှပင် ပြန်မထနိုင်တော့ချေ။ 


ဟန်အိုက်ကောသည် သူမအား စိုးရိမ်စွာ ကြည့်ကာ မေးတော့သည်။ " ဘာဖြစ်လို့လဲ။ အရမ်း လန့်သွားတာလား။"


စုယွဲ့သည် သူ့အား မော့ကြည့်လိုက်ကာ သူဘာမှမဖြစ်တာ သေချာသွားမှသာ ပြန်ပြုံးပြလိုက်သည်။ " ဟုတ်တယ်။ လန့်သွားတာ။ " 


အပြင်လူတွေ ရှိနေသည်ကို ဂရုမစိုက်တော့ဘဲ ဟန်အိုက်ကောသည် စုယွဲ့အား ဖက်လိုက်ကာ ကျောလေးအား ပုတ်ပေးလေသည်။ " မကြောက်နဲ့တော့နော်။ ကိုယ်ရှိနေတာမို့ ဘာမှ မဖြစ်တော့ဘူးနော်။ "


အစ်မကြီးစုသည်လည်း နှစ်ဦး၏ ချစ်ခင်ပြနေမှုကို ကသိကအောက်ဖြစ်နေတာမျိုး မရှိပေ။ သူမတွင် စုယွဲ့နှင့် ဟန်အိုက်ကောအား ကျေးဇူးတင်စိတ်သာ ရှိနေ၍ ဘာလုပ်လို့ ဘာကိုင်ရမည် မသိဖြစ်ကာ ကျေးဇူးတင်စကားသာ အထပ်ထပ်ဆိုနေသည်။ 


စုယွဲ့ကတော့ လက်ခါကာ ငြင်းခဲ့သည်။ " အစ်မကြီး၊ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်မ ခင်ပွန်းက စစ်သားတစ်ယောက်ပါ။ လူတွေကို ကယ်ရမှာ သူ့အလုပ်ပဲ။ "


အစ်မကြီးစုသည် မျက်ရည်များကို သုတ်လိုက်ကာ ပြောခဲ့သည်။ " စစ်သားကောင်းတစ်ယောက်ပဲ။ ညီမလေး၊ ခင်ပွန်းရ ကံကောင်းတာပဲ။ " 


အစ်မကြီးစုသည် ကျန်လမ်းတစ်လျှောက်လုံးလည်း ကျေးဇူးတင်ကြောင်း တစ်ဖွဖွပြောနေခဲ့သည်။ မနက်ခင်းတွင် သူတို့ လင်မယားနှစ်ယောက် ရထားပေါ်မှ မဆင်းခင်တွင်လည်း ကျေးဇူးတင်ကြောင်း ထပ်ပြောသွားခဲ့သေးသည်။ 


စုယွဲ့သည် တစ်ညလုံး မအိပ်ခဲ့ရ၍ ဟန်အိုက်ကောသည် သူမဖို့ ရထားပေါ်တွင်ရသည့် မနက်စာပူပူလေး ၀ယ်ပေးကာ စားခိုင်းပြီးမှ အောက်ထပ်တွင်ပဲ အိပ်ခိုင်းလိုက်ကာ သူကိုယ်တိုင်ကတော့ သူမဘေးတွင်သာ နေကာ စောင့်ပေးခဲ့သည်။ 


သူခိုးများလည်း မရှိတော့သလို ဟန်အိုက်ကောကပါ စောင့်ပေးနေ၍ စုယွဲ့သည် စိုးရိမ်စိတ်များ မရှိတေ့ာဘဲ မျက်လုံးများ မှိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။ 


သူမ အိပ်နေသည်မှာ အတော်လေး ကြာသွားခဲ့ကာ ဟန်အိုက်ကော လာနှိုးမှသာ နိုးတော့တာဖြစ်သည်။ သူမတို့ ဆင်းရမည့် ဘူတာရောက်ပြီဖြစ်၍ ဆင်းရန်ဖြစ်လေသည်။ 


နှစ်ဦးသည် ရထားပေါ်မှ ဆင်းလိုက်ကာ ဘတ်စ်ကားဂိတ်သို့ သွား၍ လက်မှတ်နှစ်စောင်၀ယ်ကာ စစ်တပ်နှင့် အနီးဆုံး ၀မ်ရှန်းမှတ်တိုင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုမှတစ်ဆင့် တပ်ရင်းသ်ို့ ပြန်ကြမည် ဖြစ်သည်။ 


ဘတ်စ်ကားပေါ်တွင် လူကျပ်ကာ ဆူညံနေကြသည့်အပြင် ကြက်ချေး၊ ဘဲချေးနှင့် ငန်းချေးများပါ ရှိနေသော်လည်း စုယွဲ့သည် ရထားပေါ်မှ ချောချောမွေ့မွေ့ ဆင်းလာနိုင်ကာ ဘတ်စ်ပေါ်သို့ အဆင်ပြေပြေတက်လာနိုင်၍ ရှုခင်းများအား လိုက်ကြည့်ရင်း စိတ်ကြည်နေတော့သည်။ ကားပေါ်မှ လူအများ၏ စကားသံများအား နားထောင်နေရသည်မှာ နှစ်နာရီမျှ ကြာသွားပြီးနောက်တွင်တော့ သူတို့သည် မှတ်တိုင်သို့ ရောက်လာတော့သည်။ 


စုယွဲ့သည် ဟန်အိုက်ကော၏ နောက်မှလိုက်ကာ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်။ ဆင်းဆင်းချင်းမှာပဲ သူတို့သည် အော်ခေါ်သံကို ကြားလိုက်ရ၍ အံ့သြသွားတော့သည်။ 


" တပ်ရင်းမှူး! ပြန်လာပြီပဲ! " 


အသံအဆုံးတွင် ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးသည် ခုန်ပေါက်ကာ ပြေးလာပြီး ဟန်အိုက်ကောအား အားပါပါ ဖက်လိုက်သည်။ 


ဟန်အိုက်ကောသည် လက်ထဲရှိ လက်ဆွဲအိတ်များကို ချလိုက်ကာ ပြန်ဖက်ပေးလိုက်သည်။ ဟန်အိုက်ကောသည်လည်း ပျော်နေသည့်ပုံပင် ။ " ကျူးကျစ်၊ ငါပြန်လာပြီ။" 


လှမ်းအော်လိုက်သည့် ကောင်လေးသည် ဟန်အိုက်ကောအား ခေါင်းဖျားမှ ခြေဖျားထိ ကြည့်ကာ ခြေထောက်များကိုတော့ အတန်ကြာ စိုက်ကြည့်ခဲ့သည်။ "  ခြေထောက်တွေ ပြန်ကောင်းသွားပြီလား။ ကျွန်တော် အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား။ တပ်ရင်းမှူးရဲ့ ခြေထောက်တွေက သုံးမရတော့လို့ တပ်ထဲက ထွက်ရတော့မယ်လို့ ပြောနေကြလို့။ အဲ့တာကြောင့် တပ်ထဲကလူတွေ အတော်လေး စိတ်မကောင်းဖြစ်နေကြတာ။ "


ဟန်အိုက်ကောသည် ကောင်လေး၏ ပုခုံးအား ပုတ်ပေးလိုက်သည်။ " ဘာလို့ ငိုနေတာလဲကွ။ ငါ့ခြေထောက်တွေက တကယ် ပြန်ကောင်းသွားတာပါ။ "


ကောင်လေးသည် နှာခေါင်းရှုံ့လိုက်ကာ ငိုချင်သည်ကို ထိန်းလိုက်ပြီးနောက်မှသာ သူ့ဘေးရှိ စုယွဲ့ကို သတိထားမိသွားသည်။ " သူမက? "


ဟန်အိုက်ကောက မိတ်ဆက်ပေးလိုက်သည်။ " ဒါက မင်းရဲ့ မရီး။ " 


ကျူးကျစ်သည် သူတို့၏ တပ်ရင်းမှူးကခြေထောက်တွေတင် ကောင်းသွားတာမဟုတ်ဘဲ လက်ပါလက်ထပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အတော်လေး လှသည့် ဇနီးကို လက်ထပ်လာနိုင်တာလည်း ဖြစ်နေသေးသည်။ ခဏမျှသာ အံ့သြနေကာ ပြီးနောက် စုယွဲ့အား အလေးပြုရင်း ကျယ်ကျယ်အော်ကာ နှုတ်ဆက်လေသည်။ " တွေ့ရတာ ၀မ်းသာပါတယ်၊ မရီး! " 


စုယွဲ့သည် ခေါင်းညိတ်ကာ ပြုံးပြရင်း ပြန်နှုတ်ဆက်လိုက်သည်။ " တွေ့ရတာ ၀မ်းသာပါတယ်၊ ကျူးကျစ်။ "


ကောင်လေးသည် စုယွဲ့၏ အပြုံးတွင် မျောသွားကာ သူတို့ရဲ့ တပ်ရင်းမှူး၏ ဇနီးဖြစ်သူသည် ချောလွန်း၍ ကြာကြာပင် မကြည့်ရဲတော့ဟု တွေးနေမိသည်။ သို့ဖြစ်၍ လက်ဆွဲအိတ်များကို ကူဆွဲပေးလိုက်ကာ တပ်ထဲမှ ယူလာသည့် ကားပေါ်တွင် တင်လိုက်ပြီး ပြောခဲ့သည်။ " တပ်ရင်းမှူး၊ မရီး အမြန်ပြန်ကြရအောင်။ ရဲဘော်တွေကလည်း တပ်ရင်းမှူးတို့ကို တွေ့ရဖို့ စောင့်နေကြတာ။ "