အပိုင်း ၅၆
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၅၆ - ကြင်စဦးအိမ်သို့ ရွှေ့ပြောင်းခြင်း




တစ်နာရီကျော်မျှ မောင်းနှင်ပြီးသည့်အခါတွင်တော့ တပ်စခန်းသို့ ရောက်သွားတော့သည်။ 


စုယွဲ့က လမ်းများကို သေချာ လိုက်ကြည့်လာခဲ့တာဖြစ်သည်။ ဟန်အိုက်ကောတို့ တပ်ရင်းက အတော်လေး ချောင်ကျသည်။ ဘတ်စ်ကားပေါ်မှ ဆင်းသည့် မှတ်တိုင်မှစကာ လမ်းကျဥ်းလေးတစ်ခုသာရှိပြီး လမ်းတစ်လျှောက်တွင်လည်း ရွာလေးတစ်ရွာကိုသာ တွေ့ခဲ့ရသည်။ တပ်နှင့် နီးလေလေ ပို၍ လူခြေတိတ်လာလေပင်။ တပ်သို့ရောက်သည့် အခါ စုယွဲ့ ကြည့်လိုက်တော့လည်း တောတောင် ရှုခင်းများနှင့် မြစ်များကိုသာ တွေ့ရကာ အနီးတွင် ရွာဟူသည် မရှိဘဲ ကမ္ဘာကြီးမှ ခွဲထွက်ကာ တစ်သီးတစ်သန့် တည်ရှိနေသလိုပင်။ 


စုယွဲ့ အနာဂတ် အတွက်တွေးကာ ရင်လေးနေမိတော့သည်။ အပြင်ထွက်ကာ လိုအပ်သည်များ ၀ယ်ချင်လျှင်တောင် အဆင်မပြေလောက်ပေ။ 


စုယွဲ့ မည်သည်ကို စိုးရိမ်နေသည်အား သိနေသည့်အလား ကျူးကျစ်က ရှင်းပြလာခဲ့သည်။ " မရီး၊ ကျွန်တော်တို့နေရာက နည်းနည်းတော့ ချောင်ကျပေမယ့် ဒီက မိသားစုတွေ အဆင်ပြေအောင် တပ်က လွန်းပြန်ယာဥ်တွေ စီစဥ်ပေးထားတယ်။ ရွာနဲ့ စစ်တပ်ကို တစ်နေ့ နှစ်ခေါက်ဆွဲပေးတယ်လေ။ မနက်တစ်ခေါက် ညနေတစ်ခေါက်ပေါ့။ တချို့ မိသားစုက မရီးတွေကျတော့ ရွာထဲမှာ အလုပ်လုပ်ကြတာမျိုးလည်း ရှိတော့ အဲ့လွန်းပြန်ယာဥ်နဲ့ပဲ အသွားအပြန်လုပ်ကြတာပေါ့။ " 


ထိုသို့ ကြားသည့်အခါ စုယွဲ့ မျက်လုံးလေးများက အရောင်တောက်လာတော့သည်။ လွန်းပြန်ယာဥ်ရှိတယ်ပေါ့လေ။ အဲ့လိုဆို သူမ လိုချင်တာ ထွက်၀ယ်ရင် လမ်းလျှောက်သွားစရာ မလိုတော့ဘူးပေါ့။ 


ရဲဘော်လေးသည် ကားကို စစ်တပ်ရှိ လူနေဆောင်ထိ တစ်ခါတည်း မောင်းသွားခဲ့သည်။ အဆောင်မှာ ငါးထပ်ဆောင်ဖြစ်ကာ ဘိလပ်မြေခင်းထားပြီး ထူးထူးခြားခြား လှပနေတာမဟုတ်သော်ငြား ဒီခေတ်တွင်တော့  အတော်လေးကောင်းသည့်နေရာဟု ဆိုရပေမည်။ နှစ်ခြမ်းပါရှိကာ တံခါးများအားလုံးသည် အနီရောင် ဆေးသုတ်ထားပြီး အလယ်တွင် လှေကားရှိလေသည်။ 


မြေညီထပ်ရှေ့တွင် ခြံ၀င်းသေးသေးလေး တစ်ခုလည်းရှိသေးကာ ခြံထဲတွင် ကြိုးများတန်းထားပြီး အ၀တ်များလှန်းထားကြလေသည်။ ကြည့်ရသည်မှာ ဤအဆောင်တွင် နေကြသူများအားလုံး ခြံထဲတွင် အ၀တ်များလှန်းနိုင်ကြသည်ထင်သည်။ 


လှန်းထားသော အ၀တ်အစားများကို ကြည့်ပါကလည်း နေထိုင်သည့်လူ မနည်းသည့်ပုံပင်။ 


ရဲဘော်လေးသည် ဟန်အိုက်ကောအား လက်ဆွဲအိတ်များကို ကူဆွဲပေးကာ တတိယထပ်ဆီသို့ တက်ကြပြီး ဘယ်ဘက်ခန်းရှေ့သို့ အရောက်တွင် သူ့အိတ်ကပ်ထဲမှ အဆောင်သော့လေးကို ထုတ်ကာ ဟန်အိုက်ကောထံ ပေးခဲ့သည်။ "'တပ်ရင်းမှူး ဒီမှာ အခန်းသော့ပါ။ ကိုယ်စားလှယ်ခေါငးဆောင် ပြောတာကတော့ အလုပ်ပြန်မ၀င်ခင် အိမ်သန့်ရှင်းရေး အရင်လုပ်ပါတဲ့။ "  


ဟန်အိုက်ကော ခေါင်းညိတ်ကာ " ကျေးဇူးပဲ " ဟုပြန်ပြောလိုက်သည်။ 


ရဲဘော်လေးသည် ခေါင်းကုတ်ရင်း " တပ်ရင်းမှူး၊ မြို့ထဲမှာ ပစ္စည်းတွေ ၀ယ်ဖို့သွားမယ်ဆိုရင် ကျွန်တော်တို့ကို ခေါ်ဖို့ အားနာမနေနဲ့နော်။ ကျွန်တော်တို့က ကူညီဖို့ အဆင့်သင့်ပဲ။ သိတယ်မလား၊ ကျွန်တော်တို့က တခြားဘာမှ မတက်ပေမယ့် အားတော့ သန်ကြတယ်လေ။ "


ဟန်အိုက်ကောက ပြုံးကာ ပုခုံးပုတ်ပေးရင်း ပြန်ဖြေလိုက်သည်။ " သိပါတယ်ကွာ ၊ ငါလည်း အားနာမနေပါဘူး။ "


သော့ဖွင့်ပြီးနောက် စုယွဲ့သည် အိမ်ထဲရှိ အခြေအနေအား တစ်ချက်ကြည့်လိုက်သည်။ အခန်းနှစ်ခန်းပါရှိပြီး ဟောခန်းအကျယ်ကြီးတစ်ခု ပါသည်။ နံရံများကိုတော့ မီးခိုးရောင်သုတ်ထားကာ အလင်းရောင်တော့ ကောင်းကောင်းရပေသည်။ သို့သော်လည်း အိမ်ထဲတွင် ဘာပရိဘောဂမှ မရှိဘဲ ထိုင်ဖို့ ခုံတန်းလေးတစ်ခုပင် မရှိပေ။ 


စုယွဲ့သည် ရဲဘော်လေးအား အိမ်ထဲသို့ ၀င်ရန် ဖိတ်ခေါ်ချင်သော်လည်း ခေါ်၍ မဖြစ်နိုင်တော့ပေ။ " ကျူးကျစ်ရေ အိမ်မှာက ဘာမှမရှိသေးတော့ ရေနွေးကြမ်းတွေ ဘာညာတွေလည်း မလုပ်ရသေးဘူး၊ အဲ့တော့ အိမ်ထဲ၀င်ဖို့ မဖိတ်တော့ဘူး။ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးမှပဲ အိမ်ကို လာလည်ဖို့ ဖိတ်တော့မယ်နော်။ "


ဤနေရာရှိ ဓလေ့အရ အိမ်သစ်တက်ပွဲလုပ်ရဦးမည်။ ၄င်းက ဧည့်သည်များကို ဖိတ်ခေါ်ကာ ညစာကျွေးပြီး ဂုဏ်ပြုပွဲလုပ်မည့် သဘောပင်။ 


ကျူးကျစ်သည် ရိုးရိုးသားသား ပြန်ပြုံးပြခဲ့သည်။ " မရီးရေ၊ အဲ့တာဆိုလည်း အိမ်တက်ပွဲမှ ဖိတ်တော့ပေါ့ဗျာ။ နောက်ကျ တစ်ခုခုလိုအပ်ရင်လည်း ကျွန်တော့်ကို ခေါ်ခိုင်းလို့ ရတယ်နော်။ " 


စုယွဲ့ သက်ပြင်း ချလိုက်မိသည်။ တပ်ထဲမှ စစ်သားများသည် တကယ်ကို ရိုးအေးလွန်းကြသည်။ ထိုသို့ လူမျိုးများနှင့် ပေါင်းသင်းရသည်မှာ အတော်လေး စိတ်အေးချမ်းရသည်။ ထိုသို့ လူများ ပြည့်နေသည့် ဤတပ်ကြီးအား ဟန်အိုက်ကော ချစ်ခင်စွဲလမ်းနေသည်မှာ မထူးဆန်းတော့ချေ။ 


ကျူးကျစ်သည် ကိုယ်စားလှယ်ခေါင်းဆောင်အား သတင်းပို့ရမည်ဟု ဆိုကာ ဘာမှ ကူပေးစရာလည်း မရှိတော့၍ ပြန်သွားတော့သည်။ 


ဟန်အိုက်ကောသည်လည်း ရှင်းလင်းနေသည့် အိမ်အား ကြည့်လိုက်မိသည်။ လက်ဖက်ရည်သောက်ဖို့ မပြောနှင့် ထိုင်စရာ နေရာပင် မရှိချေ။ အိမ်တွင် နေလည်း ဘာမှ လုပ်နိုင်တာ မရှိ၍ ဟန်အိုက်ကောက ပြောခဲ့သည်။ " ထောက်ပို့ ဌာနကနေ ကိုယ် ကားသွားငှားလိုက်ဦးမယ်။ မြို့ထဲသွားရအောင်။ ၀ယ်စရာရှိတာ ၀ယ်ပြီး ညကျမှ ချက်ပြုတ်ကြတာပေါ့။  "


စုယွဲ့သည် နားမလည်၍ ပြန်မေးခဲ့သည်။ " ပရိဘောဂတွေရော ဘယ်မှာ၀ယ်လို့ရလဲ။ အိပ်ရာ၊ ဗီရိုတွေ၊ စားပွဲတွေနဲ့ တခြားဟာတွေရော အားလုံးရနိုင်ရဲ့လား။ " ယခုခေတ်သည် အနာဂတ်လို အပြင်ထွက်လျှင် ၀ယ်လိုသည့်ဟာ အားလုံး၀ယ်နိုင်သည့် ခေတ်မဟုတ်သေးချေ။ 


ဟန်အိုက်ကော - "  ဒီကို အလာလမ်းမှာတုန်းက ရွာလေးကို တွေ့ခဲ့လား? "


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " အင်း၊ တွေ့ခဲ့တယ်လေ။ ဘာလို့လဲ။ " 


" အဲ့ရွာက ရှောင်း၀မ်ရွာလေ။ အဲ့မှာ လက်ရာကောင်းတဲ့ လက်သမားတစ်ယောက်ရှိတယ်။ ဒီကို ပြောင်းလာကြတဲ့ သူအများစုက သူ့ဆီကပဲ ပရိဘောဂတွေ မှာကြတာ။ "


စုယွဲ့ အံ့သြသွားတော့သည်။ " ဒါဆို ကျွန်မတို့လည်း သူ့ဆီကပဲ ပရိဘောဂတွေ မှာရမှာလား။ " 


ဟန်အိုက်ကောသည် ပြုံးပြရင်း ပြန်ဖြေပေးခဲ့သည်။ " လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ကိုယ် ကြေးနန်းပို့ပြီး ရဲဘော်လေးကို အဲ့ဆရာကြီးဆီက ပရိဘောဂတွေ မှာခိုင်းထားပြီးပြီ။ အခုဆို ရနေလောက်ပြီ၊ ကိုယ်တို့က  သွားယူရုံပဲ။ " 


စုယွဲ့သည် တစ်ခဏမျှ ကြက်သေသေသွားသော်လည်း ခဏအကြာတွင် ဟန်အိုက်ကောပေါ်သို့ ခုန်တက်လိုက်ကာ လည်ပင်းကို ဖက်၍ တစ်ချက် ဖက်နမ်းပစ်လိုက်သည်။ "'ရဲဘော် ဟန်အိုက်ကော ဘာလ်ို့ အဲ့လောက် အံ့သြဖို့ကောင်းရတာလဲ။ အကုန် ကြိုပြီး စီစဥ်ထားတာပဲနော်!  " 


ဟန်အိုက်ကောသည် အခန်းပြင်သို့ အလန့်တကြား လှမ်းကြည့်တော့သည်။ တော်သေးတာပေါ့၊ ဘယ်သူမှ မရှိလို့။ မဟုတ်ရင် အစခံရတော့မှာ။ ထိုမှသာ စုယွဲ့အား ပြန်ပွေ့ချီလိုက်ကာ သူမ၏ တင်ပါးအား ခပ်ဖွဖွ တစ်ချက်ရိုက်လိုက်ရင်း ပြောခဲ့သည်။ " တံခါး မပိတ်ထားဘူးလေ၊ သူများတွေ မြင်သွားရင် ဘယ်ကောင်းမလဲ။ " 


စုယွဲ့ နှာခေါင်းရှုံ့ပြလိုက်ကာ ဟန်အိုက်ကော၏ နှာခေါင်းအား ခပ်ဖွဖွကိုက်ရင်း တမင်စနောက်ဟန်ဖြင့်မေးလိုက်သည်။  " တံခါး မပိတ်ထားရင် ဒီလိုလုပ်လို့ မရဘူးလား။ " 


ဟန်အိုက်ကောက သည်းမခံနိုင်တော့တာဖြစ်နိုင်သည်။ စုယွဲ့၏ နှုတ်ခမ်းအား အားပါးပါး နမ်းလာတော့သည်။ " တံခါးပိတ်ထားရင် ကိုယ့်ကို ဂုတ်ခွစီးချင်ရင်တောင် ရတယ်။ " 


စုယွဲ့ မထိန်းနိုင်ဘဲ ရယ်မိတော့သည်။ 


နှစ်ဦးသည် ဤသို့ဖြင့် ရယ်ကာမောကာဖြင့်ပင် ထောက်ပို့ ဌာနသို့သွားကာ ကားငှားလိုက်ကြသည်။ ထောက်ပို့ဌာနမှ လူများသည်လည်း ဟန်အိုက်ကောသည် ပရိဘောဂများ သယ်ရန် ကားလာငှားသည်ကို သိသည့်အခါ ရိက္ခာသယ်သည့် ထရပ်ကားအကြီးကြီးအား ငှားပေးလိုက်သည်။ 


စုယွဲ့သည် ထရပ်ကားကြီးအား ကြည့်ရင်း ဘယ်သူမောင်းမှာလဲဟု တွေးနေမိသည်။ သို့သော်လည်း ဟန်အိုက်ကောက ထရပ်ကားမောင်းတက်မည်ဟု ထင်မထားခဲ့ပေ။ ဟန်အိုက်ကောသည် မောင်းသူနေရာတွင် ၀င်ထိုင်လိုက်ကာ ကျွမ်းကျင်စွာ မောင်းတော့သည်။


စုယွဲ့သည် အံ့သြသွားရပြန်သည်။ " ရဲဘော် ဟန်အိုက်ကော၊ ရှင်က ထရပ်ကားလည်း မောင်းတက်တယ်လား။"  


" ကိုယ်က တပ်ထဲမှာ နေတာကြာပြီလေ၊ အဲ့တော့ ကားမောင်းတက်တာပေါ့။ ကိုယ် စစ်ထဲ ၀င်ခါစက ထောက်ပို့ဌာနမှာလေ။ အဲ့တုန်းက ရိက္ခာတွေ သယ်ဖို့ ကားမောင်း သင်ခဲ့ရတာ။ " 


" ရိုးရိုးကားတွေရော မောင်းတက်လား။ "


ဟန်အိုက်ကောက ခေါင်းညိတ်ပြခဲ့သည်။ " သဘောတရား တူတူပဲလေ။ " 


စုယွဲ့  - " တခြား ဘယ်ကားတွေရော မောင်းတက်သေးလား။ " 


ဟန်အိုက်ကောက တွေးကာ ပြန်ဖြေခဲ့သည်။ " တင့်ကားမောင်းတာကိုရော ထည့်တွက်လား။ " 


စုယွဲ့ မျက်လုံးပင် ပြူးသွားတော့သည်။ " ရဲဘော် ဟန်အိုက်ကော၊ ရှင်က တကယ် ဘက်စုံတော်တာပဲနော်။ လေးစားပါတယ်ရှင့် ။ " 


ဟန်အိုက်ကောသည် ရယ်ကာ သူမအား ခေါင်းကို ပုတ်ပေးခဲ့သည်။ " ကိုယ် နားလည်တာတွေပဲ ပြောစမ်းပါ။ "


စုယွဲ့ တခစ်ခစ်သာ ရယ်ပြလိုက်တော့သည်။


နှစ်နာရီနီးပါး မောင်းပြီးသွားသည့်အခါတွင်တော့ ၀မ်ရှန့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမ၀ါယမသို့ ရောက်သွားတော့သည်။ စုယွဲ့တွင် ပိုက်ဆံတော်တော်လေး ပါလာသည်။ ထို့အပြင် သူမ ထွက်မလာခင်ကလည်း ယောက္ခမဖြစ်သူက သူမ စုထားသည့် ပိုက်ဆံများအား စုယွဲ့ထံ ထည့်ပေးလိုက်သေးသည်။ ယွမ်တစ်ထောင်မျှရှိကာ လိုအပ်သည်များ ၀ယ်ရဦးမည်ဖြစ်၍ ပိုက်ဆံမရှိမည်ကို စိုး၍ ထည့်ပေးလိုက်တာဖြစ်သည်။ 


စုယွဲ့သည် အိမ်တွင် ဘာမှမရှိ၍ လိုအပ်သည်များအားလုံးကို ၀ယ်တော့သည်။ ထင်း၊ ဆန်၊ ဆီ၊ ဆား၊ နေ့စဥ်သုံး ပစ္စည်းများနှင့် လိုအပ်သမျှ အားလုံးနီးပါးအား အကုန် ၀ယ်ပစ်လိုက်သည်။ မီးဖိုတစ်လုံးကိုလည်း စျေးကြီးပေးကာ ၀ယ်လိုက်သေးသည်။ 


အိမ်ပြန်လမ်းတွင် ရှောင်း၀မ်ရွာကို ဖြတ်ရသည့်အခါ ဟန်အိုက်ကောသည် လက်သမားအိမ်သို့ လမ်းကြုံ မောင်းသွားလိုက်သည်။ ရွာထဲမှ ကလေးများသည် ရွာထဲသို့ ကားကြီးတစ်စင်း ၀င်လာသည်ကို မြင်သည့်အခါ စပ်စုလို၍ ကားဘေးသို့ စုပြုံလာကြတော့သည်။ ပတ်ကာကြည့်ရင်း ဟိုက်ိုင်သည်ကိုင်လုပ်နေကြလေသည်။ 


ဟန်အိုက်ကောကတော့ ဘာမှမပြောပဲ ခွင့်ပြုထားသည်။ စုယွဲ့ကို ခေါ်ကာ လက်သမားအိမ်သို့ သွားလိုက်သည့်အခါ ခြံထဲတွင်  လုပ်လက်စ ပရိဘောဂများကိုလည်း တွေ့ရကာ ထိုအပုံများကြားထဲတွင် လူတစ်ယောက်စာ ၀င်ဆံ့ရုံ လမ်းလေးသာရှိလေသည်။ 


ဟန်အိုက်ကောက အော်ခေါ်ခဲ့သည်။ " လက်သမား၀မ် ရှိလားဗျို့။ "


" ရှိတယ်ဗျို့! " အိမ်ထဲမှ ပြန်အော်သံကို ကြားရလိုက်ကာ အသက်ငါးဆယ်အရွယ်လူတစ်ယောက် ထွက်လာသည်။ လက်ထဲတွင်လည်း လုပ်လက်စ သစ်သားတစ်ခုကို ကိုင်ကာ အလုပ်လုပ်နေဆဲ ဖြစ်ပုံရသည်။ 


" ပရိဘောဂ ၀ယ်ချင်လို့လား။ " 


ဟန်အိုက်ကော - " ကျွန်တော်က ဟန်အိုက်ကောလို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က ပရိဘောဂမှာထားတာပါ။ လုပ်ပြီးပြီးလား သိချင်လို့ပါ။ အခုက လာယူတာပါ။ " 


လက်သမား၀မ်က ပြန်ဖြေခဲ့သည်။ " မှတ်မိပြီ။ တပ်ထဲက ဟုတ်တယ်မလား။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တပ်သားလေးတစ်ယောက် ရောက်လာပြီး ပရိဘောဂတွေ လာမှာသွားတာလေ။ ပြီးပြီ၊ ပြီးပြီ ။ ယူသွားလို့  ရပြီ။ " 


ပြီးသည့်နောက် လက်သမား၀မ်သည် ခြံထဲမှ ဘယ်ဘက်ခြမ်းရှိ ပစ္စည်းများအား ညွှန်ပြကာ ပြောခဲ့သည်။ " အဲ့ဘက်ခြမ်းက ဟာတွေ အကုန် မင်းဟာတွေချည်းပဲ။ "


စုယွဲ့လည်း လိုက်ကြည့်လိုက်သည့်အခါ ပစ္စည်းတွေက တောတော်လေးများသည်ကို တွေ့လိုက်ရသည်။ 


လက်သမားဆရာကြီးက ပြောခဲ့သည်။ " ကြည့်ကြည့်ဦး၊ မှာထားတဲ့ဟာတွေ ဟုတ်ရဲ့လားလို့။ ခုတင်နှစ်ခု၊ စားပွဲသေးလေး နှစ်ခု၊ ထမင်းစား စားပွဲတစ်ခုံ၊ ကုလားထိုင် ရှစ်လုံးနဲ့ စားရေးစားပွဲ တစ်ခုံ၊ အ၀တ်ဗိီရို နှစ်လုံး၊ ကြောင်အိမ်တစ်လုံးနဲ့ ရေချိုးဇလုံကြီး တစ်လုံးပဲ၊ ဟုတ်ရဲ့လား။  " 


ဟန်အိုက်ကောက ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်ပါတယ် ဆရာကြီး။ ဘယ်လောက်ကျလဲ မသိဘူး။ "


လက်သမား၀မ်သည် တန်ဖိုးများကို တွက်ပြကာ ဟန်အိုက်ကောက ပိုက်ဆံရှင်းပေးရန် နှစ်ဦးသည် ထွက်သွားကြလေသည်။ 


စုယွဲ့ကတော့ ရပ်ကျန်နေခဲ့ကာ ခြံထဲရှိ ပရိဘောဂများကို ကြည့်လိုက်သည်။ ဒီခေတ်ရှိ ပရိဘောဂများအားလုံးသည် အတူတူတွေချည်းပင်။ ဘာမှ ထူးခြားဆန်းသစ်နေခြင်းမရှိ၊ သူမ လိုချင်သည့် ပုံစံများလည်း မရှိပေ။ 


ပြောရရင် တပ်ထဲမှ အဆောင်ခန်းလေးသည် ဟန်အိုက်ကောနှင့် သူမတို့၏ ပထမဆုံးအိမ်လေးပင်။ သို့ဖြစ်၍ စုယွဲ့သည် ယင်းအိမ်လေးအား လှလှပပ နွေးနွေးထွေးထွေးရှိစေရန် ပြင်ဆင်ချင်ခဲ့သည်။ ၂၁ရာစုမှ ဒီဇိုင်းများအတိုင်း အလှဆင်ချင်သော်လည်း ဧည့်ခန်းသည် အရမ်းမကျယ်၍ အလှစားပွဲတစ်လုံးနှင့် ဆ်ိုဖာတစ်လုံးလောက်သာ ဆန့်လောက်ပေသည်။ 


လက်သမားဆရာကြီးက ဆိုဖာလုပ်တက်လားဆိုတာလည်း သူမ မသိပေ။ 


စုယွဲ့ လှမ်းမေးလိုက်သည်။ " ဆရာကြီးရှင့်၊ ဆရာကြီး၊  ဆိုဖာ ဘယ်လိုလုပ်ရမလဲဆိုတာ သိလားရှင့်။ " 


လက်သမားဆရာ၀မ်သည်  သူမက ဆိုဖာလိုချင်နေသည်ကို ကြားသည့်အခါ အံ့သြသွားတော့သည်။ များသောအားဖြင့် ဆိုဖာဟူသည့် ပစ္စည်းများအား မြို့ပေါ်မှ သူဌေးများသာ သုံးကြတာဖြစ်လေသည်။ သာမန်လူများကတော့ ပိုက်ဆံဖြုန်းသည်ဟုထင်ကာ မသုံးကြပေ။ ပုံမှန်အားဖြင့် ဧည့်ခန်းတွင် အလှစားပွဲတစ်လုံးနှင့် ကုလားထိုင်များသာ ထားလေ့ရှိကြတာပင်။ 


သူသည် ဒီရွာ၌ လက်သမားလုပ်လာသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ယောက်ကမှ ဆိုဖာလုပ်ပေးဖို့ မှာယူခဲ့ခြင်းမရှိပေ။ 


အရင်က မလုပ်ဖူးတာနဲ့ပဲ သူ မလုပ်တက်ဘူးလို့တော့ မဆိုလိုချေ။ လက်သမားတစ်ယောက်လုပ်နေမှတော့ အားလုံးနီးပါးကို လုပ်တက်ထားရမည်ပင်။ အခြားနေရာများတွင်တော့ သူ ဆိုဖာလုပ်ပေးသည်ကို မြင်ခဲ့ဖူးသည်။ 


လက်သမားဆရာ၀မ်က ပြောခဲ့သည်။ " မြို့ပေါ်မှာ လုပ်တဲ့ ဆိုဖာတွေကိုတော့ မြင်ဖူးတယ်။ သစ်သားခုံရှည်ပေါ်မှာ ၀ါဂွမ်းတွေ ခင်းထားတာမျိုးကို ပြောတာမလား၊ အဲ့လိုမျိုးဆိုရင်တော့ မခက်ဘူး။ အဘိုး လုပ်တက်တယ်။ ဒါပေမယ့် စျေးတော့ ကြီးလိမ့်မယ်။ တကယ် ယူမှာ သေချာလား။ "


စုယွဲ့သည် လက်သမားဆရာကြီး ပြောသည်က လက်ရှိ တရုတ်ရိုးရာဒီဇိုင်းများဖြစ်သည့် သစ်သားဆိုဖာမျိုးကို ပြောတာဖြစ်သည်ကို သိလိုက်သည်။ ၂၁ရာစုမှ ရေမြှုပ် ဆိုဖာများကတေည့ နောင် နှစ်အနည်းငယ်မှ ပေါ်လာမည့်ပုံပင်။ 


" ဟုတ်ပါတယ်၊ ဆရာကြီး၀မ်။ အဆင်ပြေမယ်ဆိုရင် ဆိုဖာတစ်လုံးအပြင် ပန်းကန်ထည့်ဖို့ ဗီရိုသေးတစ်လုံးလောက်ပါ လိုချင်တယ်။ "


လက်သမားဆရာ၀မ်သည်လည်း လက်ခံခဲ့သည်။ သူသည် ယခင်က ဆိုဖာမလုပ်ပေးဖူးသော်လည်း ယခုသာ လုပ်ပေးလိုက်ပါက အခြားသူများလည်း မြင်သွားကြကာ လိုချင်လာကြမည်ပင်။ အဲ့လိုသာဆို စျေးကွက်တစ်ခု ပေါ်လာတော့မှာ မဟုတ်ဘူးလား။ 


" လိုချင်ရင် တခြားဟာတွေက်ို ခဏ နောက်ဆုတ်ထားပြီး မင်းလိုချင်တာကို အရင်လုပ်ပေးမယ်လေ။ နောက်ငါးရက်လောက် နေရင် လာယူလိုက်။ "


" ကျေးဇူးတင်ပါတယ်။ " 


_ _ _ _


 ပရိဘောဂများကို သယ်ကာ စစ်တပ်ရှိ အဆောင်သို့ ပြန်မောင်းလာလိုက်ကြသည်။ ဟန်အိုက်ကောသည် တပ်သားလေး နှစ်ယောက်သုံးယောက်ကို ခေါ်ကာ ပရိဘောဂများအား ၀ိုင်းသယ်ခိုင်းခဲ့သည်။ 


ရွှေ့ပြောင်းကြသည့်အသံမှာ ကျယ်လွန်း၍ သူမတို့၏ ဘေးခန်းမှ တံခါးဖွင့်ကာ ကြည့်လာတော့သည်။ နှစ်ဆယ့်ခြောက်နှစ် နှစ်ဆယ့်ခုနစ်နှစ်အရွယ် ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးတစ်ဦးသည် ဒေါက်ဖိနပ်စီးထားပြီး အနီရောင် လည်စီးအား လည်ပင်းတွင် ပတ်ထားလျက် ထွက်လာသည်။ အတော်လေး ဖက်ရှင်ကျသည့် အမျိုးသမီးဖြစ်ပြီး ထွက်လာကာ စပ်စု၍ ရပ်ကြည့်နေလေသည်။ 


စုယွဲ့သည် ဘေးခန်းတွင် နေသည့် အိမ်ထောင်ရှင်မ ဖြစ်မည်ဆိုတာကို သိ၍ အိမ်နီးချင်းတွေပါပဲလေ ဟူသော စိတ်ကူးဖြင့် ဦးစွာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ " မင်္ဂလာပါနော် အစ်မ။ ကျွန်မတို့က ဒီနေ့မှ ပြောင်းလာတာပါ။ စုယွဲ့လ်ို့ ခေါ်ပါတယ်။ "


ယင်းအမျိုးသမီးသည် စုယွဲ့အား အကဲခတ်သလို ပြန်ကြည့်ခဲ့သည်။ စုယွဲ့ ၀တ်ထားသည့် အ၀တ်အစားများနှင့် ပုံစံမှာ အတော်လေး ခေတ်မီသည့်ဟန်ဖြစ်ပေသည်မို့ တောသူမတော့ မဟုတ်လောက်ဟု တွေးကာ ပြုံး၍ ပြန်နှုတ်ဆက်လာသည်။ " မင်္ဂလာပါ၊ စုယွဲ့။ ငါက ဖန်းရှောင်းလီပါ။ ခင်ပွန်းဖြစ်သူကရော ဘယ်သူများလဲ။ "


စုယွဲ့  ပြုံးလျက်ပဲ ပြန်ဖြေပေးလိုက်သည်။ " ခင်ပွန်းကတော့ ဟန်အိုက်ကောလို့ ခေါ်ပါတယ်။ "


ဖန်းရှောင်းလီသည် သူမ၏ ခင်ပွန်းဖြစ်သူပြောဖူးသည့် မနှစ်တုန်းက ဒဏ်ရာရလို့ နေရပ်ပြန်သွားသည့် တပ်ရင်းမှူးဟန်ဆိုတာများ ဖြစ်နေမလားဟု တွေးနေလေသည်။ 


ဟန်အိုက်ကောဆိုတာက အိမ်ကလူကြီး ပြောတဲ့တစ်ယောက်များလား။ 


ဒါပေမယ့် ခြေထောက်တွေက သုံးမရတော့ဘူးလို့ ပြောဖူးတယ် မဟုတ်ဘူးလား။ ဟန်အိုက်ကောက အဲ့တာဆို တောသားပေါ့လေ။ ဒါဆို ဘာလို့ သူ့မိန်းမကကျ တောသူမပုံ ပေါက်မနေရတာလဲ။ 


ဖန်းရှောင်းလီသည် ပြုံးပြကာ ပြန်မေးခဲ့သည်။ " အရင်ကတော့ အိမ်ကလူပြောပြောနေတာ ကြားဖူးသလိုပဲ။ ဆိုတော့ မေးကြည့်ပါဦးမယ်။ ဟန်အ်ိုက်ကောဆိုတာ ခြေထောက်ထိသွားတဲ့ တစ်ယောက်လား။ "


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်ပါတယ်။ အခုတော့ ခြေထောက်တွေက သက်သာသွားပါပြီ။ "


ဟန်အိုက်ကောဆိုတာ မှန်နေတာပေါ့လေ။ 


ဖန်းရှောင်းလီက ပြောပြန်သည်။ " ညီမလေးက အတော်လေး လှတယ်နော်။ ရဲဘော်ဟန်က ညီမလေးကို ရတာ တကယ်ကံကောင်းတာပဲ။ သူနဲ့ ဘယ်လိုများ ဆုံခဲ့ကြတာလဲ။ " 


စုယွဲ့က သဘောရိုးဖြင့်သာ ပြန်ဖြေပေးလိုက်သည်။ "ညီမတို့က တစ်ရွာတည်းသားတွေလေ။ "


ဖန်းရှောင်းလီမှာ နှုတ်ခမ်းဆူသွားတော့သည်။ စုယွဲ့ကလည်း တောကပဲပေါ့လေ နည်းနည်းလေး ပိုလှနေတော့ ဒီက မြို့သူထင်နေတာကို။ 


" ကောင်းတာပေါ့။ " ဖန်းရှောင်းလီသည် ခေါင်းညိတ်ကာဆိုရင်း တစ်ဖက်လူအား သိပ်စိတ်မ၀င်စားတော့သဖြင့် လုပ်စရာရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပြန်၀င်သွားတော့သည်။ " ညစာချက်ရဦးမှာမို့လို့ ပြန်၀င်တော့မယ်နော်။ နင်တို့လည်း အလုပ်များနေကြတာမလား။ "


ပြောပြီးသည်နှင့် အခန်းတံခါးအား ဘုန်းခနဲမြည်အောင် ပိတ်ကာ ပြန်၀င်သွားသည်။ 


စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ ရုတ်တရက်ကြီး အေးစက်သွားသလိုပဲ။ သူမပဲ စိတ်ထင်နေတာလား။ 


သို့သော်လည်း ယခုမှ ပထမဆုံးတွေ့ဖူးခြင်းသာဖြစ်တာမို့ စိတ်ထဲ သိပ်ထားမနေတော့ပေ။ ထိုအစ်မ၏ အကျင့်ကိုက ဒီလိုပဲမို့လို့ နေလိမ့်မည်။ 


စုယွဲ့လည်း အတွေးများမနေတော့ဘဲ ကိုယ့်အိမ်ထဲ ကိုယ်၀င်ကာ လုပ်စရာရှိသည်များ လုပ်နေလိုက်တော့သည်။ 


တပ်သားလေးများက လျင်လျင်မြန်မြန်ပဲ သယ်လို့ ပြီးသွားကြသည်။ အိမ်ထဲတွင်လည်း နေရာချသွားပေးကြလေသည်။ စုယွဲ့ ဘာမှပင် လုပ်စရာမလိုလိုက်ပေ။ 


တပ်သားလေးများသည် ကိစ္စပြီးသည်နှင့် ချက်ချင်းပြန်ကြတော့မည် လုပ်နေ၍ စုယွဲ့သည် သူမ၀ယ်လာသည့် သကြားလုံးများအား ထုတ်ကာ တစ်ယောက်လျှင် လက်တစ်ဆုပ်စာစီ လှမ်းပေးလိုက်သည်။ " ကျေးဇူးပါနော်၊ အားလုံး ပင်ပန်းသွားကြပြီ။ လောလောဆယ်တော့ ဒါလေးတွေပဲ ရှိလို့ပါနော်။ စိတ်မရှိကြနဲ့။ " 


တပ်သားလေးများထဲမှ အချို့သည် ဆယ်ကျော်သက်လေးများသာ ရှိသေး၍ စိတ်ဓာတ်ရေးရာမှာ သိပ်မကြံ့ခိုင်သေးကြပဲ စုယွဲ့၏ ချိုသာသော အသံလေးကြောင့် မျက်နှာများ ရဲလာကြတော့သည်။ " ရပါတယ်၊ မရီး။ ဒီသကြားလုံးတွေကို မပေးလည်း ရပါတယ်။ ကိုယ့်ဘာသာပဲ ယူထားလိုက်ပါ။ " 


သကြားလုံးများက ယခုခေတ်တွင်တော့ စျေးအတော်ရှိသည့် သရေစာဖြစ်သည်။ သို့ဖြစ်၍ လက်မခံနိုင်ပါ။ တချို့လူများသည် မင်္ဂလာဆောင်များတွင်သာ ကမ်းတက်ကြကာ အချို့ကတော့ အိမ်သို့ ဧည့်သည်လာမှသာ ချကာ ဧည့်ခံကြတာဖြစ်သည်။ သို့သော်လည်း တပ်ရင်းမှူးကတော်ကတော့ သူတို့အား လက်တစ်ဆုပ်စာစီပေးနေ၍ တပ်သားလေးများမှာ ယူရမည်ကို အားနာနေလေသည်။ 


စုယွဲ့ကတော့ အတင်းပေးခဲ့သည်။ " ယူကြပါ၊ အားနာမနေကြနဲ့။ အခုတော့ အိမ်က ဘာမှ သေချာနေရာမချရသေးလို့၊ နောက်ကျ နေရာကျသွားရင် အားလုံးကို ထမင်းစားဖိတ်လိုက်မယ်နော်။ "


ဟန်အိုက်ကောသည်လည်း ၀င်ပြောလာတော့သည်။ " မင်းတို့မရီးကို အားနေဖို့ မလိုဘူး။ ယူသွားလိုက်ကြလေ။ "


ထိုအခါမှသာ တပ်သားလေးများက လက်ခံကြတော့သည်။ စိတ်ထဲတွင်လည်း တပ်ရင်းမှူးဟန်ရဲ့ ကတော်က အတော်သဘောကောင်းပြီး ရက်ရောတာပဲဟုတွေးနေကြတော့သည်။ အရင်တုန်းက သူတို့သည် ဒီလိုပဲ ရွှေ့ပြောင်းပေးခဲ့ဖူးသော်လည်း တံတွေးမျိုချကာသာ ပြန်လာခဲ့ရလေသည်။ ဘယ်သူကမှ သူတို့အား အရေးတယူ ဧည့်၀တ်ပြုကြတာမျိုး မရှိခဲ့ကြချေ။ 


မကျေနပ်တာမျိုး မဟုတ်ဘဲ ယခုကဲ့သို့ ကူညီပေးတာကို အသိအမှတ်အပြုခံရသည်ကိုသာ ပျော်နေကြတာဖြစ်သည်။ 


တပ်သားလေးများက ပျော်ရွှင်စွာ ပြန်သွားကြတော့သည်။ စုယွဲ့နှင့် ဟန်အိုက်ကောသည် ယူလာသည့် လက်ဆွဲအိတ်များကို ထုတ်ကာ နေရာချတော့သည်။ အလုပ်များနေသော  ဟန်အိုက်ကောအား စုယွဲ့ မေးလိုက်မိသည်။ " ဘေးအိမ်က ဘယ်သူတွေလဲဟင်? ဘေးအိမ်က အစ်မကြီးနဲ့ ခုနက စကားပြောခဲ့သေးတယ်။ သူ့အမျိုးသားက ဘယ်သူလဲဆိုတာတော့ မပြောသွားလို့။ "


" ဘေးအိမ်က ဖုန်းကျွင်းဝေလို့ခေါ်တဲ့ တပ်ခွဲမှူးရဲ့အိမ်လေါ ကိုယ်တာ၀န်ကျတဲ့ တပ်ကပဲ။ အဲ့တော့ နေရာချပြီးရင် သွားနှုတ်ဆက်ကြတာပေါ့။ နောင်ဆို အိမ်နီးချင်းတွေ ဖြစ်လာကြမှာပဲ။ "


ဟန်အိုက်ကောရဲ့ အထက်လူကြီးပေါ့လေ။ အဲ့တော့ ဆက်ဆံရေးကောင်းအောင် ကြိုးစားရတော့မှာပေါ့။ 


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " မနက်ဖြန်ကျရင် မုန့်တွေ လုပ်ထားလိုက်မယ်။ ပြီးရင် မုန့်ပို့ရင်း သွားကြတာပေါ့။ " စောနက အစ်မကြီးသည် သူမတို့အား သိပ်မကြည်သလိုဆိုပေမယ့် နဂိုစရိုက်ကိုက အဲ့လိုပဲနေလိမ့်မည်။ နောက်ကျရင်လည်း ခေါင်းငုံ့ပြီးပဲ သည်းခံနေလိုက်တာပေါ့။ အထက်လူကြီးဆိုမှတော့ ဆက်ဆံရေးက ကောင်းနေမှ ဖြစ်မှာ။ ပြောင်းလာတဲ့သူက အရင်သွားနှုတ်ဆက်ရမှာကလည်း ပုံမှန်ပဲ မဟုတ်ဘူးလား။ 


အားလုံး ပြီးစီးသွားချိန်တွင် ရှစ်နာရီပင် ရှိနေပြီဖြစ်သည်။ တစ်နေကုန် အလုပ်ရှုပ်ထား၍ နှစ်ဦးမှာ ခြေကုန်လက်ပန်းကျနေကြပြီဖြစ်၍ စုယွဲ့က လွယ်လွယ်ကူကူ ခေါက်ဆွဲလေးပဲ ကြော်လိုက်တော့သည်။ နှစ်ဦးသည် ထမင်းစားပွဲတွင် ထိုင်ကာ အတူညစာစားကြလေသည်။ ရိုးရှင်းသော်လည်း ဤသို့ ရောက်ပြီးနောက် ပထမဆုံးစားသည့် ညစာဖြစ်၍ နွေးနွေးထွေးထွေးရှိလေသည်။ 


ဤနေရာက သူတို့နှစ်ဦး၏ အိမ်ဖြစ်သည်။ 


ဟန်အိုက်ကောသည် မွှေးပျံ့ပျံ့ ခေါက်ဆွဲကြော်အား စားနေရင်း ပြောခဲ့သည်။ " မနက်ဖြန် ကိုယ်က တပ်ထဲသွားရမှာ။ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရမှာဆိုတော့ ပျင်းရင် အောက်ဆင်းပြီး တခြား ညီအစ်မတွေနဲ့ စကားသွားပြောပေါ့။ တစ်ဆောင်တည်း နေနေကြတာပဲဟာ။ " 


စုယွဲ့ အတွေးထဲတွင် အမျိုးသမီးများ ၀ိုင်းဖွဲ့ကာ လက်ဖက်ရည်သောက်ပြီး ဟိုအကြောင်းအတင်းပြော ဒီအကြောင်းအတင်းတုပ် လုပ်နေသည်မြင်ကွင်းများ ပေါ်လာတော့သည်။ သူမကတော့ ထိုသို့ မလုပ်ချင်ပါ။ " အခုက မရင်းနှီးကြသေးဘူးလေ၊ ရင်းရင်းနှီးနှီးဖြစ်သွားတော့မှ မုန့်လေးဘာလေး လုပ်ထားပြီး အစ်မတွေကို အိမ်ကို ဖိတ်လိုက်မယ်လေ။ အခုတော့ လုပ်စရာတွေ အများကြီးရှိသေးတယ်။ အိမ်သန့်ရှင်းရေးလုပ်ရမယ်၊ ပန်းကန်တွေ ခွက်တွေလည်း ဆေးရဦးမယ်၊ မုန့်လေးဘာလေးလည်း လုပ်ထားရဦးမယ်။ ရှင့်ရဲ့ ရဲဘော်တွေကို ဖိတ်ဦးမှာဆို ဧည့်ခံဖို့တော့ တစ်ခုခုလုပ်ထားရဦးမယ်မလား။ "


" အဲ့လိုဆိုလည်း ဟုတ်ပါပြီ ၊ မင်းမပျင်းဘူးဆိုရင်လည်း ကောင်းပြီလေ။ တစ်ခုခု၀ယ်ချင်တယ်ဆိုရင်လည်း လွန်းပြန်ယာဥ်က ဒီအဆောင်၀ကနေပဲ ဆွဲတာနော်။ မနက် ခြောက်နာရီတိုင်းပဲ။ " 


" နောက်ငါးရက်လောက်နေရင် လက်သမားဆရာ၀မ်အိမ်ကို ပြန်သွားဦးမှာမလား။ အဲ့ကျမှပဲ လိုတာရှိရင် လိုက်၀ယ်တော့မယ်လေ၊ အသားတွေလည်း ၀ယ်ရဦးမယ်။ အဲ့နေ့ကျမှပဲ ရှင့်ရဲဘော်တွေကို တစ်ခါတည်း ဖိတ်ကျွေးလိုက်မယ်။ " 


"  ကောင်းပြီလေ၊ အဲ့လိုဆို အဲ့နေ့ကိုပဲ ဖိတ်လိုက်တော့မယ်နော်။ "