အပိုင်း ၅၇
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၅၇ - ပရိဘောဂများအား နေရာချခြင်း 




ဟန်အိုက်ကောက နောက်နေ့ နံနက်စောစောတွင် တပ်ထဲသို့ ထွက်သွားရသည်။ စုယွဲ့က သူဘယ်ချိန်က ထွက်သွားမှန်းကိုတောင် မသိလိုက်ပေ။ သူမ နိုးသည့်အချိန်တွင် ကိုးနာရီပင် ထိုးတော့မည်ဖြစ်သည်။ 


မီးဖိုခန်းထဲသို့ ၀င်လိုက်သည့်အခါတွင် ဆန်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီနှစ်လုံးပြင်ထားသည်ကို တွေ့လိုက်ရသည်။ ဟန်အိုက်ကော အစောကြီးထကာ ပြင်သွားပေးခဲ့တာ ဖြစ်လောက်၍ စုယွဲ့ ပြုံးလိုက်မိသည်။ ဆန်ပြုတ် သောက်ကာ ပေါက်စီတစ်လုံးပါ စားလိုက်ပြီးမှ စုယွဲ့ အလုပ်စရန် ပြင်တော့သည်။ 


မနေ့တုန်းက ရှောင်း၀မ်ရွာမှ ၀ယ်လာသည့် မုန်ညင်းထုပ်များကို ရေဆေးလိုက်ကာ အတူ၀ယ်လာခဲ့သည့် ဖန်ပုလင်းထဲတွင် ထည့်ကာ ဆားသိပ်၊ အဖုံးပိတ်ပြီး အချဥ်တည်ထားလိုက်သည်။ ခဏကြာလျှင် အရန်ဟင်းအနေဖြင့် စားလို့ရလောက်ပြီဖြစ်သည်။ 


မုန်ညင်းချဥ်သိပ်ပြီးသောအခါတွင် ၀မ်ရှန့်မှ ၀ယ်လာသော အသားများကို ဆားနယ်ကာ နှပ်ထားလိုက်သည်။ နောက်ရက်နည်းနည်းကြာ ဆားနယ်ထားတဲ့ အသားတွေကို ထုတ်လှန်းလိုက်လျှင် အသားခြောက်ရမည်ဖြစ်သည်။ ထမင်းနှင့် တွဲဖက်စားသည့်အခါ အနံ့ အတော်သင်းကာ ဟန်အိုက်ကော ကြိုက်သည့်ဟင်းဖြစ်သည်။ 


အားလုံးပြီးသွားသည့်အခါ စုယွဲ့သည် ဂျုံမှုန့်များကို ထုတ်ကာ မုန့်လုပ်တော့သည်။ ပဲနီလေး အစာသွပ်ကိတ်ကိုလည်း လုပ်လိုက်သေးသည်။ 


မုန့်များကို ကြည့်ကာ စုယွဲ့ သက်ပြင်းချလိုက်မိသည်။ အရင်က သူမသည် တပ်ထဲရောက်လျှင်  မုန့်ရောင်းကာ ၀င်ငွေလေးရှာချင်တာဖြစ်သော်ငြား တကယ်တမ်းရောက်လာသည့် အခါတွင်တော့ မဖြစ်နိုင်တော့သည့် စိတ်ကူးလေးသာ ဖြစ်သွားတော့သည်။ တပ်စခန်းသည် အတော်လေး ချောင်ကျသည့် နေရာတွင်ရှိပြီး သူမ ရောင်းလျှင်လည်း ၀ယ်မည့်သူမရှိပေ။ အဲ့လ်ိုဆိုပြီး အဆောင်နေ မိသားစုများကိုလည်း ရောင်း မရပေ။ 


တစ်ယောက်ယောက်ကများ မနာလိုဖြစ်ကာ တိုင်လိုက်ပါက ပွဲသိမ်းသွားမှာပင်။ 


ဤနေရာ၌ မရောင်းနိုင်လို့ဆိုပြီး ၀မ်ရှန့် ကွန်မြူနတီတွင် ရောင်းမည်ဆိုပါကလည်း လွန်းပြန်ယာဥ်စီးကာ ခေါက်တုံ့ခေါက်ပြန်သွားရမှာပင်။ ကားပေါ်တွင် မုန့်များကို သယ်သွားပါက အခြားသူများလည်း သတိထားမိကြလိမ့်မည်။ သူမ ဘာလုပ်နေသည်ကို သိသွားကြပါက အန္တရာယ်များပေသည်။ 


အတိုင်ခံရလျှင် ဟန်အိုက်ကောသည်လည်း အပြစ်မလွတ်နိုင်ကာ ရာထူးမှ နှုတ်ထွက်သွားရနိုင်သည်။ ဟန်အိုက်ကော၏ စစ်တပ်အပေါ် စွဲလမ်းမှုအား စုယွဲ့ သေချာသိနေ၍ ပိုက်ဆံရှာချင်တာလေးအတွက်နှင့် ခင်ပွန်းဖြစ်သူ၏ အနာဂတ်အား အလဲအထပ်လုပ်ရမှာကို မလိုလားပါ။ 


မုန့်ရောင်းကာ အလုပ်မလုပ်နိုင်မှတော့ သူမ လုပ်နိုင်သည်က ဟန်အိုက်ကော၏ ဘေးတွင်နေကာ ထိုင်စားနေခြင်းသာရှိတော့သည်။ တော်သေးသည်က သူမ အရင်က ပိုက်ဆံတွေ တော်တော်လေး ရှာထားတာမလို့ပင်။ အခုတော့ ထိုပိုက်ဆံတွေနဲ့တင် သုံးဖို့ လုံလုံလောက်လောက် ရှိသေးသည်။ 


လေ့ကျင့်ရေးမှ ဟန်အိုက်ကော ပြန်လာချိန်တွင် စုယွဲ့၏ မုန့်များသည် အအေးခံထားပြီးဖြစ်ကာ စားရန်အသင့်ဖြစ်နေပြီဖြစ်၍ ပြောခဲ့သည်။ " ဘေးအိမ်ကို သွားနှုတ်ဆက်ရအောင်။ " 


ဟန်အိုက်ကောက လက်ဆောင်ပေးမည့် ပစ္စည်းများကို ယူလိုက်ကာ ပြန်ဖြေခဲ့သည်။ " သွားမယ်လေ၊ သွားနှုတ်ဆက်ပြီး ပြန်လာမှ ညစာစားကြတာပေါ့။ " 


သူတို့နှစ်ဦး ဘေးအိမ်သို့ ရောက်သည့်အခါ အထဲမှ အသံအား အရင် နားစွင့်လိုက်ကြသည်။ အထဲတွင် လူသံကြားရမှာသာ တံခါး ခေါက်လိုက်သည်။  အထဲမှ လူတစ်ယောက်ထွက်လာကာ ဟန်အိုက်ကောအား တွေ့သည့်အခါ ၀မ်းသာအားရပြောခဲ့သည်။ " အချစ်ရေ၊ ထွက်ခဲ့ဦး။ ဒီမှာ ကိုယ့် အသိညီလေး လာတယ်။ လာနှုတ်ဆက်လိုက်ဦး။  " 


စုယွဲ့လည်း ပြုံးကာ နှုတ်ဆက်စကား ဆိုလိုက်သည်။ 


ဟန်အိုက်ကောသည် ယူလာသည့် မုန့်ခြောက်များကို ဖုန်းကျွင်းဝေ လက်ထဲ ထည့်ပေးလိုက်သည်။ " ဒါ ကျွန်တော့်ဇနီး လုပ်ထားတဲ့ မုန့်တွေပါ။ သုံးဆောင် ကြည့်ပါဦး။ " 


ဖုန်းကျွင်းဝေက ယူကာ ပြောခဲ့သည်။ " ဘာလို့ ယဥ်ယဥ်ကျေးကျေး လုပ်နေရတာလဲ။ လာလည်တာပဲ ဒီလိုတွေ ယူလာဖို့ မလိုပါဘူးကွာ။ နောက်တစ်ခါကျရင် ယူမလာနဲ့တော့။ "


ပြီးနောက် သူတို့ နှစ်ယောက်အား ထိုင်ခုံတွင် ထိုင်ခိုင်းကာ ထိုင်ခုံတွင် ဘာမှလည်း မပြောဘဲ ထိုင်နေသည့် ဖန်းရှောင်းလီအား လှမ်းပြောခဲ့သည်။ " သွားဦးလေ၊ ရေနှစ်ခွက်လောက် သွားထည့်ခဲ့ဦး။ "


ဖန်းရှောင်းလီသည် မျက်ခုံးပင့်ကာ ဟန်အိုက်ကောနှင့် စုယွဲ့အား ကြည့်ခဲ့သည်။ ပြီးမှသာ မလုပ်ချင်လုပ်ချင်ဟန်ဖြင့် ရေသွားထည့်သည်။ ရေချပေးသည့်အခါတွင်လည်း ဘာစကားမှ မဆိုဘဲ ချရုံသာချပေးလေသည်။ 


ဖုန်းကျွင်းဝေသည် အနည်းငယ် ရှိုးတို့ရှန်းတန်းဖြစ်သွားကာ စကားစပြောတော့သည်။ " ရဲဘော်ဟန် း၊ အိမ်မှာပဲ ညစာစားသွားလေ။ အခုလေးတင်ပဲ ချက်လို့ပြုတ်လို့ ပြီးတာ။ "


သူပြောပြီးသည်နှင့် ဖန်းရှောင်းလီက ဖုန်းကျွင်းဝေ ခါးကို လိမ်ဆွဲခဲ့သည်။ သူ အော်မိမလိုဖြစ်သွားသော်လည်း သူစိမ်းများရှိနေ၍ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ ဟန်အိုက်ကောနှင့် စကားဆက်ပြောခဲ့သည်။


စုယွဲ့သည် ဖန်းရှောင်းလီ၏ လုပ်ရက်အားတွေ့လိုက်ကာ ရယ်ချင်မိသွားသည်။ သူမတို့ရုပ်တွေက သူများအိမ်မှာ အရှက်မရှိ ညစားစားမယ့်ပုံများ ပေါက်နေလို့လား။ ဖိတ်တိုင်းလည်း သူစိမ်းအိမ်တွင် ညစာ၀င်စားသွားကြမည့်သူမှာ များများစားစား ရှိကြသည်မှ မဟုတ်ဘဲ။ 


အရမ်းတွေ စိုးရိမ်နေတာလား။ 


ဖန်းရှောင်းလီက ကပ်စေးနည်းလို့တော့ ဟုတ်ပုံမရဘဲ သူမတို့ကို မကြိုဆိုချင်၍သာ ဖြစ်လောက်သည်။ သူမတို့က အခုမှ ပြောင်းလာရုံရှိသေးတာကို ဘာလို့ အဲ့လိုဖြစ်နေရတာလဲ။ 


စုယွဲ့သည် နားမလည်နိုင်သော်လည်း သူတို့ကို မကြိုဆ်ိုမှတော့ သူမကလည်း မနေချင်ဘူး။ သို့ဖြစ်၍ ထရပ်လိုက်ကာ " ဆရာဖုန်းရေ၊ အိမ်မှာလည်း ညစာပြင်ထားခဲ့ပြီးပြီမို့လို့ အိမ်ပြန်ပြီးပဲ စားလိုက်ပါ့မယ်။ ကျေးဇူးပါနော်။ " 


ဟန်အိုက်ကောသည်လည်း ထရပ်လိုက်ကာ ဖုန်းကျွင်းဝေ၏ တိုက်တွန်းနေမှုများကို လက်မခံဘဲ စုယွဲ့နှင့် အတူပြန်ထွက်လာလိုက်တော့သည်။ 


တကယ်တော့ သူလည်း ဖန်းရှောင်းလီက သူတို့အား သဘောမကျဖြစ်နေသည်ကို ခံစားမိသည်။ 


ဖုန်းကျွင်းဝေသည်လည်း ရွေးချယ်စရာ မရှိပဲ ပြန်လွှတ်ရတော့သည်။ ဧည့်သည်များ ပြန်သွားမှကာ ဖန်းရှောင်းလီအား ဒေါသဖြင့် ပြောခဲ့သည်။ " ဖန်းရှောင်လီ၊ မင်း ဘာဖြစ်နေတာလဲ။ ကိုယ့်အိမ်ကို ဧည့်သည်လာတဲ့ဟာကို ဘယ်လိုဧည့်ခံရမလဲ မသိဘူးလား။ ရေတောင် သေချာမတိုက်ဘူး။ ငါ့ရဲဘော်ကို ငါ့ဘာသာ ညစာစားဖို့ ဖိတ်တာကို ဘာလို့ လာဆိတ်ဆွဲနေရတာလဲ။ " 


ဖန်းရှောင်းလီ၏ မျက်နှာမှာလည်း သိပ်မကောင်းချင်တော့ချေ။ " ညစာကို နှစ်ယောက်စာပဲ ချက်ထားတာလေ။ သူတို့ကို ကျွေးရင် ကျွန်မတို့က ဘာစားကြမှာလဲ။"


" နည်းနည်းလောက် ထပ်လုပ်လိုက်ပေါ့။ ကပ်စေးနည်းမနေနဲ့လေ။ "


" ဖုန်းကျွင်းဝေ ရှင်က အစားအသောက်တွေကို အလကားရနေတယ် ထင်လို့လား။ ရှင့်ရဲ့ လစာတစ်ပဲခြောက်ပြားလေးနဲ့ သုံးရတာ လောက်နေတယ်ထင်လို့လား။ ကျွန်မ လစာလည်း ရှိနေလို့သာ ဟန်မပျက် နေနိုင်နေတာလေ။ အရမ်းတွေ ရက်ရောပြမနေနဲ့။ "


ဖုန်းကျွင်းဝေလည်း ဒေါသထွက်လာကာ ဆံပင်များကို ဆွဲဖွလိုက်တော့သည်။ " ဖန်းရှောင်းဝေ မင်း မဟုတ်တာတွေ ပြောမနေနဲ့။ မင်း ရဲဘော်ဟန်တို့ လင်မယားကို အထင်သေးနေလို့ အဲ့လိုတွေလုပ်နေတာ မဟုတ်ဘူးလား။ "


သူ့ဇနီးအကြောင်းကို သူလည်း သေချာသိတာပေါ့။ သူမက မြို့သူဖြစ်ကာ စျေးကွက်ရှာဖွေရေးဌာနတွင် အလုပ်လုပ်နေသူဖြစ်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေကာ ကျေးတောရွာမှသူများအား အထင်သေးနေသူဖြစ်လေသည်။ သူမသည် မြို့ပေါ်မှ အာဏာရှိသည့် သူဌေးများနှင့်သာ အဆက်အဆံလုပ်ရသည်ကို သဘောကျသူဖြစ်လေသည်။ 


ဖန်းရှောင်းလီသည် သူမ၏ အတွေးများ ပေါ်သွား၍ လှည့်သွားကာ ပြောခဲ့သည်။ " ရှင်နဲ့ စကားမပြောချင်တော့ဘူး " 


ဖုန်းကျွင်းဝေသည် နောင်တွင်လည်း ရဲဘော်ဟန်တို့ လင်မယားအား ဤသို့သာ ဆက်ဆံနေမည်ကို ဆိုး၍ ချော့ပြောခဲ့သည်။ " ရှောင်းလီ လူတွေကို ဘယ်ကလာတယ်ဆိုတာကိုပဲ ကြည့်ပြီး ခွဲခြားနေလို့ မရဘူး။ ဘယ်ကပဲလာလာ သူတို့လည်း တိုးတက်ပြီး ချမ်းသာချင် ချမ်းသာသွားကြမှာပဲ။ တောက လာတယ်ဆိုပြီး နှိမ်မနေပါနဲ့။ " 


ဖန်းရှောင်းလီသည် နှုတ်ခမ်းဆူကာ ပြန်ပြောခဲ့သည်။ " ဟန်အိုက်ကောဆိုတဲ့လူက ဘယ်နားက တိုးတက်လာမယ့်သူနဲ့ တူနေလို့လဲ။ သူက စစ်သားဖြစ်တာ ဆယ်နှစ်ကျော်နေပြီဆို၊ ဒါတောင် တပ်ရင်းမှုးပဲ ဖြစ်နေသေးတဲ့ဟာကို။ ရှင်တောင် နှစ်ဆယ့်ခြောက်နှစ်နဲ့ တပ်ခွဲမှူးဖြစ်နေပြီလေ ။ အဲ့ကတည်းက သူ အသုံးမကျတာ သိသာနေတာပဲဟာ။ ဘယ်မှာလဲ တိုးတက်မယ့်သူက။ " 


ဖုန်းကျွင်းဝေသည် ဘေးအိမ်မှ ကြားသွားမည်ကို စိုးရိမ်ကာ မိန်းမဖြစ်သူအား လှမ်းဟန့်လေသည်။ သူသည်လည်း အသံတိုးတိုးဖြင့်သာ ပြောခဲ့သည်။ " ဟန်အိုက်ကောရဲ့ အထက်အရာရှိအနေနဲ့ သူနဲ့ အလုပ်တူတူလုပ်လာတာ နှစ်တွေ ဒီလောက်ကြာနေပြီကို ငါက သူ့မှာ အရည်အချင်း ရှိမရှိ မသိပဲနေပါ့မလား။ သူ့အရည်အချင်းက မင်းပြောစရာ မလိုလောက်အောင်ကို ကောင်းတယ်ကွ၊ သိရဲ့လား။ ငါ့အရည်အချင်းကသာ သူများတွေ ပြောသလောက် မကောင်းရင် မကောင်းမှာ။" 


ဖန်းရှောင်းလီကတော့ မယုံပါ။ " အမယ်လေးလေး တကယ်သာ အရည်အချင်းရှိတယ်ဆိုရင် အခုချိန်ထိ တပ်ရင်းမှူးပဲ ဖြစ်နေမှာတဲ့လား။ " 


ဖုန်းကျွင်းဝေသည် မိန်းမဖြစ်သူအား ကယ်မရတော့ဟု တွေးမိသွားတော့သည်။ သူမသည် ရေတိုကိုပဲ မြင်ကာ ရေရှည်ကို မကြည့်တက်ပေ။ " သူက အရည်အချင်းရှိပေမယ့် ကံမကောင်းလို့သာ ဒီလိုဖြစ်နေတာ။ တပ်ထဲမှာလည်း သူစွမ်းဆောင်ထားတာတွေက အများကြီးရှိတယ်၊ မင်း မသိဘဲ လျှောက်ပြောမနေနဲ့။ "


ဖန်းရှောင်းလီသည် ထိုသို့ကြားသော်လည်း လက်မခံချင်သေးပေ။ ခဏကြာမှ ပြောပြန်ခဲ့သည်။ " အဲ့လိုဆိုရင် တော်နေလည်း ဘာထူးမှာလဲ။ အခုတောင် ရာထူးမတိုးတာကို နောင်ရော ရာထူးတိုးလာမယ် ထင်လို့လား။ သူ ရာထူးတိုးမယ်လို့ရော ရှင်ဘယ်လိုသိလဲ။ " 


ဖုန်းကျွင်းဝေလည်း ဘာပြန်ပြောရမည်ကို မသိတော့ချေ။ ဟန်အိုက်ကော၏ ပုံစံနှင့်ဆို တကယ်လည်း ရာထူးတိုးဖို့ရန်မှာ ခက်ခဲလောက်ပေသည်။ 


_ _ _ _


စုယွဲ့နှင့် ဟန်အိုက်ကောတို့ကတော့ ထိုကိစ္စအား စိတ်ထဲ ထားမနေပါ။ သူတို့၏ နေ့စဥ်ဘ၀များအား အနှောင့်အယှက်မဖြစ်သွားစေပေ။ ရက်အနည်းငယ်ကြာသွားသည့်အခါ လက်သမားဆရာဆီမှ ပရိဘောဂများ သွားယူရမည့်ရက်သို့ ရောက်လာတော့သည်။ ဟန်အိုက်ကောသည် လေ့ကျင့်ရေးဆင်းနေရ၍ အချိန်မပေးနိုင်၍ စုယွဲ့သည် ရဲဘော်လေးနှင့်သာ အတူသွားလိုက်လေသည်။ 


စုယွဲ့နှင့် ကျူးကျစ်သည် ကွန်မြူနတီသို့ အရင်သွားလိုက်ကာ အသားဆိုင်မှ အသားများကို ဦးစွာ၀ယ်လိုက်ပြီးနောက် အသားမပါသည့် ဖက်ထုပ်များနှင့် အမဲရိုးများကိုပါ ၀ယ်လိုက်သည်။ ၄င်းတို့အပြင် အခြားသော ပါ၀င်ပစ္စည်းများနှင့် လိုအပ်သည်များကိုပါ ၀ယ်ခြမ်းပြီးမှသာ ရှောင်း၀မ်ရွာသို့ အပြန်တွင် ၀င်လိုက်ကြသည်။ 


စုယွဲ့သည် လက်သမားဆရာ၀မ်၏ အိမ်ထဲသို့ ၀င်သွားသည့်အခါ ဆရာကြီး၀မ်သည် သူမအား ချက်ချင်း မှတ်မိခဲ့သည်။ အိမ်ထဲတွင် ဆိုဖာခင်းထားသည့် သစ်သားထိုင်ခုံအား အထင်ရှားဆုံးနေရာတွင် ချထားသည်ကို စုယွဲ့တွေ့လိုက်ရသည်။ 


စုယွဲ့သည် အံ့သြသွားတော့သည်။ ထိုမျှ ကောင်းကောင်းမွန်မွန် ထွက်လာမည်ဟု သူမ မထင်ထားခဲ့ပါ။ ဆိုဖာက အတော်လေး ကောင်းမွန်လှသည်။ ထိုင်ရမည့်နေရာတွင် လှပသည့် ပိတ်သားကိုသုံးကာ ခင်းထားပေးပြီး သစ်များကို အ၀ါဖျော့ရောင်သုတ်ထား၍ အရမ်းလည်းမတောက် အရမ်းလည်း မမှိန်ဘဲ အရမ်းကြီးလည်း ရှေးဆန်နေခြင်းမရှိကာ လက်ရာမြောက်လေသည်။ 


ခုံတန်းရှည်အပြင် ထိုင်ခုံနှစ်ခုသည်လည်း ပုံစံအတူတူပဲဖြစ်ကာ အလှတင် စားပွဲတစ်ခုပါ ပါသည်။ 


စုယွဲ့က လက်သမားဆရာ၀မ်အား ကျေးဇူးတင်စကား ပြောခဲ့သည်။ " ဆရာကြီး၀မ်က တကယ် လက်ရာကောင်းတာပဲ။ ကျေးဇူးပါနော်။ " 


စုယွဲ့ သဘောကျသည်ကို မြင်သည့်အခါ လက်သမား၀မ်သည်လည်း ကျေနပ်သွားတော့သည်။ သူ အချိန်ပေးပြီး လုပ်ထားရကျိုးနပ်တာပေါ့။ 


စုယွဲ့သည်လည်း လက်သမားဆရာကြီး၏ လက်ရာအား အတော်လေးချီးကျူးမိတော့သည်။ တကယ်ကိုပဲ နာမည်ကျော်နေသည်နှင့် ထိုက်တန်ပေသည်။ လက်ရာက တကယ် ကောင်းမွန်တယ်။ 


စုယွဲ့သည် တက်တက်ကြွကြွ ဖြစ်လာကာ သူမဆွဲထားသည့် ဒီဇိုင်းအား အိတ်ထဲမှ ထုတ်လိုက်ကာ လက်သမားဆရာအား ပြလိုက်သည်။ " ဆရာကြီး၀မ်၊ ကျွန်မ တစ်ခုလောက် ပြလို့ရမလား။ "


ဆရာကြီး၀မ်သည် ပုံအား ကြည့်လိုက်သည့်အခါ တစ်ခါမှ မမြင်ဖူး၍ ပြန်မေးလာတော့သည်။ " ဒါက ဘာလဲ။ ဗီရိုလား။ ပုတိုတိုနဲ့ဆိုတော့ ဗီရိုနဲ့လည်း မတူသလို စားပွဲခုံအသေးလေးနဲ့လည်း ဟုတ်ပုံမရဘူး။ " 


စုယွဲ့ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။ " မဟုတ်ပါဘူး။ ဒါက ဖိနပ်တွေထည့်တဲ့ ဖိနပ်စင်ပါ။ ကျွန်မ ဘာသာဆွဲထားတာပါ။ ကြည့်ကြည့်ပါ။ ဒီအထပ်တွေကိုတော့ ဖိနပ်ထည့်ဖို့သုံးပြီး ဘေးနေရာကိုတော့ ထီးတွေ သော့တွေနဲ့ တခြားအတိုအထွာလေးတွေ ထည့်ဖို့ သုံးလို့ရတယ်။ "


စုယွဲ့၏ ပုံသည် လှပသည်ဟု မဆိုနိုင်သော်လည်း ဘယ်လိုဘယ်ပုံရှိသည်ကိုတော့ တိတိကျကျ မြင်နိုင်လေသည်။ စုယွဲ့ဆွဲထားသည်မှာ ခေတ်သစ်သုံး ဖိနပ်ဗီရိုဖြစ်သည်။ အိမ်၀တွင် ထားချင်၍ ဆွဲထားတာဖြစ်လေသည်။ သို့မှသာ အပြင်ထွက်ခါနီးနှင့် အိမ်ထဲ၀င်ခါးနီးတွင် ဖိနပ်များလဲလိုလျှင် လွယ်ကူသွားမည်ဖြစ်သည်။ 


စုယွဲ့သည် အိမ်၀တွင် ဒီအတိုင်း ဖိနပ်များကို ချွတ်ထားသည်မှာ ကြည့်မကောင်းဟု ထင်မိသည်။ ဖိနပ်ဗီရိုလေးရှိလျှင် အဆင်ပြေသွားမည်ပင်။ 


လက်သမား၀မ်သည် ဖိနပ်ဗီရိုဟူသည်အား ပထမဆုံးမြင်ဖူးတာဖြစ်ကာ စုယွဲ့၏ စကားကို ကြားသည့်အခါ စိတ်၀င်စားသွားတော့သည်။ ကြည့်လေကြည့်လေ သဘောကျလေဖြစ်လာကာ ပြောခဲ့သည်။" လက်ခံတယ်၊ လုပ်ပေးမယ်။ " 


" ဘယ်လောက်လောက် ကြာမလဲရှင့်။ "


လက်သမား၀မ်က ခဏမျှ တွေးကာ ပြန်ဖြေခဲ့သည်။ " တခြားဖောက်သည်တွေက ဒီကို လာပြီး ရွေး၀ယ်ကြတာ။ ဒါပေမယ့် မင်းတို့ကတော့ မှာပြီး လာယူကြတာဆိုတော့ ခဏခဏ ပြန်လာနေရရင် အဆင်မပြေဖြစ်နေမှာစိုးလို့ အလျင်မလိုရင် တစ်ခါတည်း စောင့်သွားလိုက်လေ။ နေ့၀က်လောက်ပဲ ကြာမှာ။ ပြီးမှ တစ်ခါတည်း ယူသွားလိုက်။ ဒါနဲ့ ပြန်ရောက်ရောက်ချင်း ဆိုဖာကို မသုံးပစ်နဲ့ဦး။ ဆေးတွေ အရင် အခြောက်ခံထားလိုက်ဦး။ " 


နေ့ခင်းလည်း မရောက်သေး၍ စုယွဲ့လည်း စောင့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ မဟုတ်ရင် ကားတစ်ခါငှားကာ ထပ်လာနေရဦးမည်။ 


" ဒါဆိုလည်း စောင့်နေလိုက်ပါ့မယ်။ ကူပေးစရာရှိရင်လည်း ပြောပါနော်။ "  


လက်သမားဆရာကြီးသည် လက်ခါပြရင်း ငြင်းခဲ့သည်။ " မလိုပါဘူး၊ မလိုပါဘူး။ မင်းကြောင့်သာ ငါလည်း အသစ်အဆန်းတွေ လုပ်ခွင့်ရတာပါကွာ။ " ဆရာကြီးက အသစ်အဆန်းများအား ပြုလုပ်ရသည်ကို သဘောကျနေခဲ့သည်။ 


ပြောပြီးနောက် ဆရာကြီးသည် စိတ်ပြောင်းသွားပြန်သည်။ " စောင့်နေရင်းနဲ့ ဒါဆိုလည်း ကူချင်ကူပေါ့။ လာကိုင်ထားပေးပြိီး လိုတာလေးတွေ ကမ်းပေး။ အဲ့တာဆို မြန်မြန်ပြီးတာပေါ့။ " 


ရဲဘော်လေးပါ အတူလာကူပေးခဲ့သည်။ လက်သမားဆရာကြီး၏ တပည့်နှစ်ယောက်ကပါ ၀င်ကူညီပေး၍ လူအများ၏ လုပ်အားဖြင့် လျင်လျင်မြန်မြန်ပဲ ညနေ သုံးနာရီခွဲလောက်တွင် ဖိနပ်ဗီရိုအား ရိုက်လို့ပြီးသွားတော့သည်။ 


ဆရာကြီး၏ တပည့်နှစ်ယောက်သည် ဆိုဖာနှင့် ခုံများအား ကားပေါ်သို့ ကူတင်ပေးကာ ဖိနပ်ဗီရိုလေးပါ တင်ပေးခဲ့သည်။ ပြီးနောက် ကျူးကျစ်သည် စုယွဲ့ကို ခေါ်ကာ တပ်အဆောင်သို့ ပြန်သွားကြတော့သည်။


ဤတစ်ခေါက် ပရိဘောဂများ ရွှေ့ပြောင်းခြင်းက အဆောင်ထဲတွင် ပွက်လောရိုက်သွားစေသည်။ တချို့ အမျိုးသမီးများသည်လည်း ထွက်ကြည့်ကြကာ အချင်းချင်း တီးတိုးပြောနေကြသည်။ စပ်စုသူတစ်ချို့က စုယွဲ့အား တိုက်ရိုက်လာမေးကြသည်။ 


အသက်သုံးဆယ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦးက ကလေးအား ချီထားကာ လာမေးခဲ့သည်။ " ညီမလေးတို့အိမ်က ပရိဘောဂတွေ ရွှေ့နေပြန်ပြီလား။ ဟိုတစ်နေ့ကပဲ ရွှေ့ထားသေးတယ်မဟုတ်ဘူးလား။ " 


မေးပြီးနောက် ဆိုဖာနှင့် ဖိနပ်ဗီရိုလေးအား မြင်သည့်အခါ ထပ်မေးပြန်သည်။ " ဒါလေးက ထူးဆန်းတယ်တော့။ အဲ့တာက ဘာလေးတွေတုန်း။ တစ်ခါမှ မတွေ့ဖူးဘူး။ " 


စုယွဲ့ ပြန်ရှင်းပြလိုက်သည့်အခါတွင် သူမက ထပ်ပြောလာပြန်သည်။" ဒီက ဆိုဖာနဲ့ ဖိနပ်ဗီရိုတွေက အရမ်းစျေးကြီးမယ့်ပုံပဲ။ ဟုတ်တယ်မလား။ သာမန်လူတွေ တက်နိုင်တဲ့တော့ မဟုတ်လောက်ဘူးထင်တယ်။ ညီမလေးတို့ မိသားစုက ချမ်းသာကြတာလား။ ဒါပေမယ့် ညီမလေးယောက်ျားက တောကမဟုတ်ဘူးလား။ သူက တပ်ရင်းမှူးလေးတစ်ယောက်ပဲဟာက်ို ဘာလို့ ဒါတွေ ၀ယ်နိုင်ရတာလဲ။ အစ်မတို့ကြ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတဲ့ဟာကို။ "


ပြီးနောက် စုယွဲ့အား လက်မှဆွဲကာခေါ်ရင်း အရမ်းရင်းနှီးသယောင် ပြုမူခဲ့သည်။ " ညီမလေး၊ အစ်မကိုလည်း ပြောပြ။ ပိုက်ဆံရှာတဲ့ နည်းလေးဘာလေးများ ရှိရင်လည်း မျှပါဦး။ "


စုယွဲ့သည် ထိုသို့ကြားသည့်အခါ မပျော်တော့ချေ။ ဘာလို့ ဒီလိုတွေ လာမေးနေရတာလဲ။ 


ငါ့မိသားစုက ဘယ်လို ပိုက်ဆံရှာရှာ သူနဲ့ ဘာဆိုင်လို့တုန်း။ ပြီးတော့ ဒီလောက် လူတွေအများကြီးရှေ့မှာ အဲ့လို မေးစရာလား။ 


စုယွဲ့သည် ပြန်မဖြေချင်တော့၍ မသိချင်ယောင်ဆောင်လိုက်ကာ လုပ်စရာရှိသည်များကိုသာ လုပ်နေလိုက်တော့သည်။ 


အမျိုးသမီးသည် သူမအား စုယွဲ့မှ လျစ်လျူရှုသွားသည်ကို မြင်သည့်အခါ မကျေမနပ်ဖြစ်သွားခဲ့သည်။  "ဟဲ့ စကားပြောနေတာကို ဘာလို့ အဖက်မလုပ်တာလဲ။ ပိုက်ဆံရှိတာနဲ့ပဲ ငါတို့ကို အထင်သေးနေတာလား။ စစ်သားမိန်းမဖြစ်ပြီး မဟုတ်တာတွေ လုပ်နေရင် ပြဿနာတက်သွားမယ်နော်။ " 


စုယွဲ့သည် သူမအား စွပ်စွဲ၍ပါ ပြောလာ၍ လှည့်ကာ ပြန်ရန်တွေ့တော့မည်အပြုတွင် အခြားတစ်ယောက်က ၀င်ပြောလာခဲ့သည်။ " ၀မ်လျန်ယင်း၊ သူ့ဘာသာ ပရိဘောဂ၀ယ်တာက နင်နဲ့ ဘာဆိုင်လို့လဲ။ သူ့ဘာသာ ပိုက်ဆံရှိတာကရော နင်နဲ့ ဘာဆိုင်လဲ။ နင်က မဟုတ်တာတွေပြောနေမှတော့ နင့်ကို ဘယ်သူက အဖက်လုပ်ချင်မှာလဲ။ ငါဆိုလည်း အဖက်မလုပ်ဘူး။ " 


စုယွဲ့ လှည့်ကြည့်လိုက်သည့်အခါ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်ပဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမသည် သာမန်သာ ၀တ်ဆင်ထားကာ လက်ထဲတွင်လည်း ဆွယ်တာထိုးလက်စ ချည်များကို ကိုင်ထားလေသည်။ ပြောသွားသည်မှာ မြန်လွန်း၍ စုယွဲ့ပင် အံ့သြသွားတော့သည်။ 


စုယွဲ့သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုအစ်မကြီးသည် သဘောကောင်းကာ ပွင့်လင်းသူဖြစ်မည်ကို သိလိုက်သည်။ 


၀မ်လျန်ယင်းဟူသည့် အမျိုးသမီးသည်လည်း ခါးထောက်ကာ ပြန်ရန်တွေ့တော့သည်။ " မာချွေ့ယွင် ငါက နင့်ကိုပြောနေတာလည်း မဟုတ်ဘဲနဲ့ နင်က ဘာဖြစ်နေတာလဲ။ ငါကို့ စပ်စုတယ်ပြောရအောင် နင်ကရော မစပ်စုလို့လား။ "  


မာချွေ့ယွင်က ပြုံးလျက်သာ ပြန်ပြောခဲ့သည်။ " နင်ကသာ တခြားလူတွေ အကြောင်းကို နားမလည်နေတာလေ။ သူတို့ဘာသာ ဘာစီးပွားရေးလုပ်လုပ် ဘာပရိဘောဂ၀ယ်၀ယ် နင့်ကို ပြောပြနေရဦးမှာလား။ အားနေရင် ကိုယ့်အိမ်ကိုပြန်ပြီး သန့်ရှင်းရေးသာ လုပ်နေစမ်းပါ။ အဲ့တာမှ နင့်ယောက်ျားက နင့်ကို အိမ်သန့်ရှင်းရေးလုပ်ဖို့ နေ့တိုင်း မပြောနေရတော့မှာလေ။ "


အဆောင်ရှိလူတိုင်း ထိုသည်ကို သိကြသည်။ ၀မ်လျန်ယင်း၏ ယောက်ျားသည် သူမအား အမြဲတစေ သန့်ရှင်းရေးလုပ်ရန် ပြောနေတက်သည်။ ၀မ်လျန်းယင်းသည် အတင်းပြောကာ အခြားသူများနှင့် ပြဿနာဖြစ်တက်သည့်အပြင် သူမသက အပျင်းကြီးသူလည်းဖြစ်သည်။ သို့ဖြစ်၍ သူတို့အိမ်မှာ ၀က်ခြံကြီးလို ဖြစ်နေကာ မြင်မကောင်း ရှုမကောင်းပေ။ သူမ၏ ယောက်ျားက သည်းမခံနိုင်သောကြောင့် ထရန်ဖြစ်ကြသည်မှာ အခါခါပင်။ 


လင်မယားနှစ်ယောက် ရန်ဖြစ်သည့်အခါတိုင်းတွင် ၀မ်လျန်ယင်းက အော်ကြီးဟစ်ကျယ် အော်ငိုတက်သည်။ 


ဤသည်ကို အားလုံးသိကာ အများပြက်ရယ်ပြုကြသည့် ကိစ္စလည်း ဖြစ်သည်။ 


" နင်! " ၀မ်လျန်ယင်းသည် ဘာမှ ပြန်မပြောနိုင်တော့၍ ကလေးချီလျက်ဖြင့်ပင် ပြေးချတော့မည့်ပုံ ပြုတော့သည်။ " မာချွေ့ယွင် ငါ နင့်ကို ဆွဲလုပ်မိတော့မယ်နော်! "'


ကလေးက လန့်သွားကာ အော်ငိုသော်လည်း ၀မ်လျန်ယင်းကတော့ ဂရုမစိုက်။ 


သူမ ရန်ဖြစ်တော့မည်ကို မြင်သည့်အခါ အခြားသူများသည် ၀ိုင်းဆွဲကြတော့သည်။ " စိတ်လျှော့ပါ၊ စိတ်လျှော့။ ပြောစရာရှိရင် ပါးစပ်နဲ့ပဲ ပြောကြ။ ၀မ်လျန်ယင်း နင့်ယောက်ျားအတွက်လည်း တွေးဦး။ အရင်တစ်ခါလို ဖြစ်ချင်လို့လား။ "


တစ်ခါတစ်ရံတွင် မိန်းမများ၏ ပြဿနာကြောင့် ယောက်ျားများပါ အမှုပတ်တက်ကြသည်။ 


၀မ်လျန်ယင်းသည် ထိုမှသာ အရင်တစ်ခေါက်တွင် တပ်ခေါင်းဆောင်ထံမှ ခေါ်ကာ အဆူခံရသည့် ကိစ္စကို ပြန်သတိရသွားသည်။ သူမ အခြားမိသားစုများနှင့် ရန်ဖြစ်၍  ယောက်ျားဖြစ်သူသည်လည်း ခေါ်ကာ အဆူခံခဲ့ရသည်။ ပြန်လာသည့်အခါတွင် ယောက်ျားဖြစ်သူက သူမအား ဆူပူ ရိုက်နှက်ခဲ့သည်။


သူမ တွေးကာ လန့်သွား၍ ဆက်မတိုးတော့ဘဲ ဟန်ကိုယ်ဖို့ရန် မာချွေ့ယွင်အား တံတွေးဖြင့် ထွေးလိုက်ကာ ပြောလိုက်သေးသည်။ " ငါ့ကလေး ငိုနေလို့သာ မဟုတ်ရင် ငါနင့်ကို တကယ်လုပ်မှာ။ " ဟု ပြောပြီးသည်နှင့် လှည့်ကာ အဆောင်ပေါ်သို့ ပြန်တက်သွားတော့သည်။ 


မာချွေ့ယွင်သည် တံတွေးဖြင့် အထွေးခံလိုက်ရ၍ ဒေါသထွက်သွားကာ လက်ထဲတွင် ကိုင်ထားသည်များကို ပစ်ချပြီး နောက်မှလိုက်ရန် ပြင်နေ၍ စုယွဲ့သည် ဆွဲထားကာ တားရတော့သည်။ " အစ်မမာ၊ မလုပ်ပါနဲ့တော့။ ဟိုမှာ တပ်သားတွေလည်း ရပ်ကြည့်နေကြပြီ။ လွန်ကုန်ရင် အစ်မယောက်ျားအတွက်လည်း မကောင်းပါဘူး။ "


မာချွေ့ယွင်သည်လည်း တပ်သားများ လာကြည့်နေကြသည်ကို တွေ့၍ စိတ်လျှော့လိုက်တော့သည်။ 


စိတ်၀င်တစားကြည့်နေကြသည့် ကျန်အမျိုးသမီးများသည်လည်း ဘာမှ ကြည့်စရာမရှိတော့သည်ကို တွေ့သည့်အခါ အသီးသီး ပြန်၀င်သွားကြတော့သည်။ 


တပ်သားလေးများသည် ပရိဘောဂများအား လာရောက်ကူညီ၍ ၀ိုင်းရွှေ့ပေးကာ ပြန်သွားကြသည်။ 


ဘယ်သူမှ မရှိတော့ဘဲ မာချွေ့ယွင်သာ ကျန်ခဲ့၍ စုယွဲ့သည် သူမအား အိမ်ထဲသို့ ဖိတ်လိုက်သည်။ " အစ်မမာ အိမ်ထဲ ၀င်ထိုင်သွားပါဦး။ " 


မာချွေ့ယွင်သည်လည်း မငြင်းဘဲ စုယွဲ့နောက်သို့ လိုက်လာသည်။ စုယွဲ့သည် သူမနှင့် ပေါင်းလို့ရလောက်ပေသည်။ ထိုမိန်းကလေးသည် အတော်လေးလှကာ တစ်ချက်ကြည့်ရုံဖြင့် သာမန်မိန်းကလေးမဟုတ်သည်ကို ပြောနိုင်သည်။ ဘာလို့ရယ်တော့ မသိပေမယ့် မာချွေ့ယွင်သည် သူမတို့နှစ်ဦးက အတော်လေး ရင်းနှီးမည့်သူများ ဖြစ်လာမည်ဟု ထင်နေခဲ့သည်။