အပိုင်း ၅၈
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၅၈ - ညစာစားရန် ဖိတ်ခေါ်ခြင်း




မာချွေ့ယွင် အိမ်ထဲ ၀င်လိုက်သည့်အခါတွင် တံခါး၀တွင် ထားထားသော ဖိနပ်ဗီရိုအား တွေ့သွားပြီး မနေနိုင်ဘဲ ကိုင်ကြည့်မိခဲ့သည်။ ပြီးနောက် အားကျနေသည့်အသံဖြင့် ပြောခဲ့သည်။ “ ညီမလေး၊ ဒီဖိနပ်ထားတဲ့ ဗီရိုလေးက တကယ်ကောင်းတာပဲ။ နေရာလည်း အကျယ်ကြီးမယူပဲ ထားရတာလည်း အဆင်ပြေတယ်နော်။ “ 


“ အစ်မမာ သဘောကျရင် အစ်မလည်း တစ်ခုလောက် ရိုက်ခိုင်းလိုက်လေ။ လက်သမားဆရာ၀မ်ကို လုပ်ခိုင်းလို့ ရတယ်၊ ဘယ်လောက်မှ မကျဘူး။ “ 


မာချွေ့ယွင်က စုယွဲ့ စကားများကြောင့် ပျော်သွားကာ သူမအိမ်တွင်လည်း တစ်ခုလောက်တော့ ထားရမည်ဟုတွေးနေတော့သည်။ “ ဒါဆိုလည်း အိမ်ပြန်ပြီး အိမ်ကလူကြီးနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်။ “ 


မာချွေ့ယွင်သည် ဧည့်ခန်းထဲတွင် ဆိုဖာကို တွေ့သည့်အခါတွင်လည်း မျက်လုံးများတောက်လာကာ အံ့သြသွားပြန်တော့သည်။ “ ညီမလေးမှာ ဆိုဖာလည်း ရှိတာပဲလား။ အရမ်းလှတာပဲ။ စျေးလည်းကြီးမယ့်ပုံပဲနော်။ ဆိုဖာရှိနေလို့လားတော့ မသိဘူး အိမ်က ပြောင်းလဲသွားသလ်ိုပဲ။ “


စုယွဲ့သည်လည်း ဤပရိဘောဂများကြောင့် အိမ်၏ အဆင့်အတန်းမှာ ပြောင်းလဲသွားသည်ကို သတိထားမိသည်။ အနည်းဆုံးတော့ တောရွာမှ စာရင်းငှားအိမ်မှ ယာပိုင်ရှင်အိမ်အဆင့်သို့ ပြောင်းသွားသလ်ိုပင်။ စုယွဲ့လည်း ကျေနပ်နေတာဖြစ်သည်။ 


မာချွေ့ယွင်အား ဆိုဖာတွင် ထိုင်စေကာ စုယွဲ့သည် ရေတစ်ခွက်ချပေးရင်း ဧည့်ခံလိုက်သည်။ “ အစ်မမာ၊ ခုနက အစ်မကြီးနဲ့ ရန်ငြှိုးရှိလို့လား။ “ 


မာချွေ့ယွင်က ၀မ်လျန်ယင်း၏ အကြောင်းကို ကြားသည့်အခါ ဒေါသမပြေသေးဟန်ဖြင့် ပြောလာတော့သည်။ “ အဲ့လို မဟုတ်ဘူး။ ဒီတစ်ဆောင်လုံးမှာ အစ်မ ကြည့်မရဆုံးက အဲ့၀မ်လျန်ယင်းဆိုတဲ့ တစ်ယောက်ပဲ။ အစ်မ ပြောပြမယ်၊ သိလား။ နောက်ဆို သူမနဲ့ ဝေးဝေးရှောင်။ သူမက တစ်နေကုန် လျှောက်လည်ပြီး အတင်းပြောတက်တဲ့သူမျိုး၊ အဲ့တာအပြင်ကို ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်ပြောတက်တဲ့သူပဲ။ “ 


“ အစ်မ ဒီကို စပြောင်းလာခါစကလည်း အကြောင်းမသ်ိသေးတော့ ၀မ်လျန်ယင်းက စကားတွေဘာတွေ လာပြောရင် ရိုးရိုးသားသား ပြန်ပြောမိတာပေါ့။ သဘောရိုးနဲ့ လာတယ်ထင်တာကိုး။ သူက အစ်မပြောတာတွေကို အကုန်အတင်းပြန်ပြောပြီး ချဲ့ကားပြောပစ်မယ်လို့ ဘယ်ထင်မလဲ။ အစ်မက တစ်ခြားသူတွေကိုလည်း ဒီအတိုင်းပဲ ပြောတဲ့အခါကြ တစ်ခြားသူတွေက ကွယ်ရာမှာ လှောင်ကြတော့တာပေါ့။ အစ်မက လိမ်နေတယ် ထင်ပြီးလေ။ ဥပမာပြောရရင် အစ်မမှာက သမီးလေး နှစ်ယောက်ရှိတယ်ကွယ်။ အဲ့တာကို သူ့ပါးစပ်ထဲရောက်သွားတော့ အစ်မက သားမမွေးပေးနိုင်လို့ ယောက္ခမက အစ်မနဲ့ အစ်မယောက်ျားကို ကွာရှင်းခိုင်းနေတာ ဖြစ်သွားရော။ ညီမပဲ စဥ်းစားကြည့်လေ၊ အစ်မ စိတ်မဆိုးဘဲ နေမလား။ “ 


အဲ့လို လူမျိုးလည်း ရှိတာပဲလား။ အစ်မမာ ၀မ်လျန်ယင်းဆိုသူကို ကြည့်မရဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သူမသာဆိုရင်လည်း စိတ်ဆိုးမှာပဲ။ 


“ အစ်မမာ ပြောသလိုသာဆို ကျွန်မလည်း သတိထားမှရတော့မယ် ထင်တယ်။ “ 


“ ထားရမှာပေါ့။ သူမကို အဖက်ကို လုပ်မနေနဲ့။ “ ပြီးနောက် မာချွေ့ယွင်သည် နဖူးအား လက်ပြန်ရိုက်လိုက်ကာ ပြောလာလေသည်။ “ ငါ့နှယ့် မေ့နေလိုက်တာ ကြည့်စမ်းပါဦး။ အစ်မ အမျိုးသားအကြောင်း မပြောရသေးဘူးမလား။ အစ်မအမျိုးသားက စွန်းချန်းဖူလေ။ ညီမလေးအမျိုးသား ဟန်အိုက်ကောနဲ့ တပ်ရင်းတစ်ခုတည်းကပဲ။ အစ်မတို့က ညီမလေးတို့ရဲ့ အပေါ်ထပ်မှာနေတာ။ “


“ ခေါင်းဆောင်စွန်းပေါ့လေ။ အိမ်က အမျိုးသားကလည်း ပြောဖူးတယ်။ ရင်နှီးကြတယ်တဲ့လေ။ “ မနေ့ညက ဟန်အိုက်ကော ပြောသွားသည့် ဒီည ညစာစားရန်ဖိတ်ထားသည့် ရဲဘော်ရဲဖက်များထဲမှ တစ်ယောက်သည် စွန်းချန်းဖူဖြစ်သည်။ အစ်မမာရဲ့ အမျိုးသားဖြစ်နေတာကတော့ တိုက်ဆိုင်သွား၍သာ ဖြစ်သည်။ 


မာချွေ့ယွင်သည် စုယွဲ့၏ လက်အား လှမ်းကိုင်လိုက်ကာ “ ဒါက ရေစက်ကြောင့်ပဲ နေမှာ။ ညီမလေး တစ်ခုခုလိုတာရှိရင် အစ်မဆီ လာပြောလို့ရတယ်နော်။ အိမ်မှာ ပျင်းနေရင်လည်း အစ်မဆီ လာလည်ပေါ့။ အစ်မလည်း တစ်ယောက်တည်း ပျင်းနေတာ။ “ 


စုယွဲ့လည်း ပြုံးကာ လက်ခံလိုက်သည်။ “ ကောင်းပါပြီ။ ညီမလည်း အိမ်မှာနေရင် ဘာမှလုပ်စရာမရှိလို့ ပျင်းနေတာ။ အားရင် အပေါ်ထပ်ကိုလာလည်မယ်နော်။ အစ်မမာလည်း ပျင်းရင် အောက်ဆင်းခဲ့ပေါ့။ “ 


မာချွေ့ယွင်က ၀မ်းသာသွားကာ သူမ ပေါင်အား ပြန်ရိုက်လိုက်သည်။ “ ကောင်းလိုက်တာ၊ အစ်မလည်း အခုမှပဲ အဖော်ရတော့တယ်။ ညီမလေး မသိလို့ အစ်မက အောက်ထပ်က ပါးစိပါးစပ်များတဲ့ မိန်းမတွေနဲ့ စကားမပြောချင်ဘူး။ သူများအကြောင်းလည်း အတင်းမပြောချင်ဘူး သိလား။ ညီမလေးကတော့ ကြည့်လိုက်တာနဲ့ အဲ့လိုလူမဟုတ်တာ သိသာတယ်လေ၊ တော်သေးတာပေါ့။” 


စုယွဲ့သည်လည်း အတူတူပင်ဖြစ်သည်။ သူမသည်လည်း အရပ်တကာလှည့် အတင်းပြောနေသည်ကို သဘောမကျပါ။ 


နာရီကို ကြည့်မိသည့်အခါ ငါးနာရီပင်ထိုးတော့မည်ဖြစ်၍ စုယွဲ့ လန့်သွားတော့သည်။ “ အစ်မမာ၊ ဒီည အိမ်မှာ ညစာလားစားနော်။ ညီမလည်း ညစာပြင်ဖို့ ချက်ပြုတ်လိုက်ဦးမယ်။ ခေါင်းဆောင်စွန်းကလည်း ဒီည ဒီကိုလာမှာဆိုတော့ တူမလေးတွေကိုပါ ခေါ်ပြီးအတူလာခဲ့လိုက်နော်။ အစ်မမာ ညစာချက်မနေနဲ့တော့။” 


မာချွေ့ယွင်က အားနာ၍ ငြင်းခဲ့သည်။ “ ရပါတယ်၊ တစ်မိသားစုလုံးစာဆို အများကြီးချက်နေရမှာပေါ့။ အစ်မတို့ မလာတော့ဘူး။ “


စုယွဲ့ - “ အစ်မမာ အားနာနေဖို့ မလိုဘူး။ ညကြရင် လာခဲ့လိုက်ပါ။ တကယ်ခင်တယ်ဆို မငြင်းပါနဲ့။ “ 


စုယွဲ့ စိတ်ရင်းဖြင့် ဖိတ်ခေါ်နေသည်ကို ခံစားမိ၍ မာချွေ့ယွင်လည်း မငြင်းတော့ချေ။ “ ဟုတ်ပြီလေ၊ ဒါဆို အစ်မလည်း ဒီနေ့ အနားရသွားတာပေါ့။ အစ်မလည်း ၀ိုင်းကူပေးမယ်၊ လိုတာရှိရင်ပြောလေ အားမနာနဲ့နော်။ “ 


စုယွဲ့သည်လည်း အားမနာတော့ဘဲ ပြောခဲ့သည်။ “ ဒါဆိုလည်း ကူညီပေးပါဦး။ “ 


“လာပြီ၊ လာပြီ။ “ မာချွေ့ယွင်သည် အင်္ကျီလက်များကို ခေါက်တင်ကာ စုယွဲ့အား ကူညီပေးရန် ပြင်တော့သည်။ 


နှစ်ဦးသည် ဟင်းပွဲများ ပြင်ဆင်ရင်း စကားစမြည်ပြောနေခဲ့ကြသည်။ စကားပြောကြည့်ပြီးသည့်အခါ မာချွေ့ယွင်သည် စုယွဲ့အား ပို၍သဘောကျလာတော့သည်။ သူမအမြင်တွင် စုယွဲ့သည် စိတ်သဘောထားဖြောင့်မတ်ကာ ရိုးသားပြီး အနေအထိုင်ပိရိသူ ဖြစ်သည်။ 


စုယွဲ့အား ခင်မင်မိ၍ မာချွေ့ယွင်သည် သူမအား သတိပေးထားစရာရှိသည်များကိုပါ ပြောပြခဲ့သည်။ “ ညီမလေး၊ ဘေးအိမ်က တစ်ယောက်ကိုရော တွေ့ပြီးပြီလား။ “ 


စုယွဲ့သည်လည်း အကြောင်းရှိ၍သာ မေးလာသည်ကို သိ၍ ခေါင်းညိတ်ပြလိုက်သည်။ “ တွေ့ပြီးသွားပြီ အစ်မမာ။ ဘေးအိမ်က အစ်မဖန်းရှောင်းလီက ညီမကို သိပ်သဘောမကျတဲ့ပုံပဲ။ “ 


“ ငါ သိသားပဲ။ “ မာချွေ့ယွင်လည်း ပြောခဲ့သည်။ “ သူက ညီမလေးကိုပဲ သဘောမကျတာမဟုတ်ဘူး။ ဒီအဆောင်က တော်တော်များများကို သဘောမကျနေတာလေ။ အစ်မတို့နဲ့ဆို လုံး၀စကားမပြောဘူး။ “


“ ဘာလို့လဲ?” 


“ သူမက မြို့သူလေ။ သူမတို့ မိသားစုကလည်း အဆင်ပြေကြတယ်၊ သူ့အဖေကလည်း တပ်ထဲကပဲ။ သူမ ကိုယ်တိုင်ကလည်း စျေးကွက်ရှာဖွေရေးဌာနမှာ လုပ်နေတာဆိုတော့ အစ်မတို့လို တောကလာတဲ့ သူတွေဆို အထင်သေးနေတာ။ ပြီးတော့ သူ့ယောက်ျားကလည်း တပ်ခွဲမှုးဆိုတော့ အစ်မတို့ယောက်ကျားတွေထက် တစ်ဆင့်မြင့်တယ်လေ။ အဲ့တော့ ပိုတောင် အထင်သေးနေတော့တာပဲ။ “


“ ဒါပေမယ့် သူမက မြို့ကလာတဲ့ သူတွေကိုကျ အရမ်းဖော်ရွေပြတာ။ တပ်ရင်းဗိုလ်မှူးကတော်တို့၊ အရာရှ်ိကတော်တို့ဆိုရင်ကျ မျက်နှာကတစ်မျိုးဖြစ်သွားပြန်ရော။ မြို့ကလာတာပဲဖြစ်ဖြစ် အာဏာရှိရင်ပဲဖြစ်ဖြစ် အဲ့လိုဆိုရင်တော့ သူမက ဖော်ဖော်ရွေရွေပဲ။ “


စုယွဲ့သည် ထိုမှသာ ဖန်းရှောင်းလီ၏ သူမနှင့် ဟန်အိုက်ကောအပေါ်ထားသည့် သဘောထားကို နားလည်သွားတော့သည်။ သူမတို့ကို တောကလာတယ်ဆိုပြီး အထင်သေးနေတာပဲ။ 


မာချွေ့ယွင် - “ ဒါပေမယ့်လည်း သူက အထင်သေးနေတယ်ဆိုတာကို သိကြလည်း သူ့ကို ဖားနေကြတဲ့သူတွေက အများကြီးရှိနေတုန်းပဲ။ အဆိုးဆုံးကတော့ ၀မ်လျန်းယင်းပေါ့။ တခြားသူတွေကိုသာ အတင်းပြောရဲရင် ပြောရဲမယ်။ ဖန်းရှောင်းလီအကြောင်းကိုတော့ အတင်းမပြောရဲဘူးလေ။ “ 


“ ဘာလို့လဲ။ “ စုယွဲ့လည်း စိတ်၀င်စားလာတော့သည်။ 


“ ဘာလို့လဲဆိုတော့ သူမက ရိက္ခာထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနမှာ လုပ်တာမို့လို့လေ။ အဲ့နေရာတွေက ပစ္စည်းတွေကို အတွင်းလူတွေက အရင်ရကြတာ။ အပြင်လူတွေ ၀ယ်ချင်တယ်ဆိုရင် တန်းစီပြီး ၀ယ်ရတာလေ၊ အဲ့တာတောင် ရချင်မှရတာ။ တချို့ဆို လက်မှတ်မရှိလို့ ၀ယ်မရကြတာမျိုးလည်း ရှိတယ်။ ဖန်းရှောင်းလီကြတော့ လွယ်လွယ်၀ယ်နိုင်တယ်လေ။ အဲ့တော့ ဒီအဆောင်က မိန်းမအများစုက သူ့ဆီကနေ တစ်ဆင့်၀ယ်လို့ရချင်တော့ သူမကိုဖားနေကြရတာပေါ့။ “


အဟုတ်ပင်။ ရိက္ခာထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ကြသူများက ယခုခေတ်တွင် အတော်လေး ခေတ်စားသည်။ သူတို့သည် ကိုယ့်ကိုယ်ကို ဂုဏ်မောက်နေတက်ကြကာ သွားလေရာ ထုတ်ကြွားတက်သေးသည်။ စုယွဲ့ကတော့ ကပ်ဖားနေရန် စိတ်ကူးမရှိပေ။ ရရင် ၀ယ်လိုက်မယ်။ မရရင် မ၀ယ်ရုံပင်။ 


မာချွေ့ယွင်သည်လည်း စုယွဲ့ကဲ့သို့သာ တွေးသူဖြစ်၏ ။ “ အစ်မကတော့ သူမကို ကပ်မနေဘူး။ ကိုယ့်ဘာသာပဲ သွား၀ယ်တာပဲ။ ဒီနေ့မရရင် နောက်နေ့ထပ်သွား၀ယ်လိုက်တာပဲ။ သူမ မျက်နှာကို မကြည့်ချင်လို့လေ။ သူက တောကလာတဲ့သူတွေဆို အထင်သေးပြီး အဖက်ကို မလုပ်ချင်နေတာ။ ဆယ်ယောက်လောက်သွားပြီး အကူအညီတောင်းရင်တောင် သူစိတ်ပါမှ တစ်ယောက်လောက် ကူညီပေးတာ။ “ 


စုယွဲ့  -  “ ကောင်းတယ်။ ညီမလည်း ကိုယ့်ဘာသာပဲ ၀ယ်မှာ။ အများကြီးမရှိတော့ရင် အလျင်လိုနေတဲ့သူကို ပေးလိုက်ရုံပေါ့။ နောက်မှပြန်၀ယ်လည်း ရတာပဲဟာ။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ “ 


မာချွေ့ယွင်သည်လည်း ပြုံးကာ ထောက်ခံခဲ့သည်။ “  အမှန်ပဲ။ “


နှစ်ဦးသည် စကားတပြောပြောဖြင့် ချက်ပြုတ်နေကြရင်း အချိန်ကုန်လို့ ကုန်မှန်းပင် မသိလိုက်ပဲ ညနေ ခြောက်နာရီခွဲသို့ ရောက်သွားတော့သည်။ ထိုအချိန်မှာပဲ တံခါးအပြင်မှ ခြေသံများကို ကြားလိုက်ရကာ အစိမ်းရောင် စစ်တပ်ယူနီဖောင်းများဖြင့် ယောက်ျားသားတစ်စု ၀င်လာကြလေသည်။ 


စုယွဲ့သည် မီးဖိုခန်းထဲမှ ထွက်ကာ နှုတ်ဆက်ရတော့သည်။ စုယွဲ့အား မြင်သည့်အခါ ထိုလူများက သံပြိုင်အော်ကာ နှုတ်ဆက်ခဲ့ကြသည်။  “ တွေ့ရတာ ၀မ်းသာပါတယ်၊ မရီး။ “ 


အစ်မမာ အမျိုးသားကဲ့သို့ အသက်အနည်းငယ်ကြီးသူများကတော့ စုယွဲ့အား “ ခယ်မလေး “ ဟုခေါ်ကာ နှုတ်ဆက်ခဲ့သည်။ 


မာချွေ့ယွင်၏ ခင်ပွန်းဖြစ်သူသည် ကြည့်ပျော်ရှုပျော် ရုပ်ရည်သာရှိသော်လည်း ရိုးသားသူဖြစ်မှန်း မြင်ရုံဖြင့် သိနိုင်သည်။ မာချွေ့ယွင်အား တွေ့သည့်အခါ ခေါင်းကုတ်ရင်း နားမလည်သည့်ဟန်ဖြင့် မေးခဲ့သည်။ “ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။” 


မာချွေ့ယွင်သည် မျက်လုံးလှန်ပြရင်း ပြန်ဖြေခဲ့သည်။ “ ညီမလေးစုက ဖိတ်ထားလို့လေ၊ ဘာလဲ ရှင်ကြလာလို့ရပြီး ကျွန်မကြလာလို့မရဘူးလား။ “


စွန်းချန်းဖူသည် ပြုံးပြကာ ပြန်၍ရှင်းပြရတော့သည်။ “ မိန်းမရာ၊ ကိုယ်က မေးကြည့်ရုံပါ။ တခြားသဘောမဟုတ်ပါဘူးကွ။ “ 


စွန်းချန်းဖူ၏ မိန်းမကြောက်ပုံကြောင့် အားလုံးက ရယ်ကြတော့သည်။ 


စုယွဲ့သည် ဟန်အိုက်ကောအား ထမင်းစားစားပွဲနှင့် ထိုင်ခုံများအား ဧည့်ခန်းထဲတွင် ချကာ နေရာပြင်ခိုင်းလိုက်သည်။ အိမ်တွင် ထိုင်ခုံများ မလောက်တော့၍ မာချွေ့ယွင်၏ အိမ်မှသွား ယူမှသာ လောက်သွားတော့သည်။ 


အချို့ရဲဘော်လေးများသည် ၀ိုင်ပုလင်းအနည်းငယ်ကို ယူလာခဲ့သည်။ ဘယ်ကဘယ်လို ရလာသည့် အရာများ ဖြစ်သည်ကိုတော့ မသိပေ။ 


လူမစုံသေး၍ စုယွဲ့သည် ဧည့်ခန်းထဲတွင်သာ ထိုင်ခိုင်းထားလိုက်ကာ အရင်စကားပြောနေစေလိုက်သည်။ ပြီးနောက် ဖရဲစေ့များ၊ သကြားလုံးများနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုပ်ထားသည့် မုန့်ခြောက်များကိုပါ ချကာ ဧည့်ခံထားလိုက်သည်။ “ အရင် ဒါလေးတွေ သုံးဆောင်ထားကြပါဦး။ ခဏနေမှ ညစာစားကြတာပေါ့။ “ 


ဧည့်သည်တစ်စုမှာ အံ့သြသွားကြတော့သည်။ ဖရဲစေ့များ၊ သကြားလုံးများနှင့် မုန့်ခြောက်များသည် စျေးကြီးသည့် သရေစာများဖြစ်သည်။ အဲ့လောက် စျေးကြီးတာတွေကို ဧည့်သည်တွေကို ချကျွေးနေတာလား။ 


သူတို့ကို သူတို့တောင် မယုံနိုင်ပါ။ 


ဟန်အိုက်ကောသည်လည်း ပြုံးပြရင်း ဧည့်ခံခဲ့သည်။ “ စားကြလေ၊ အားမနာနဲ့နော်။ ကျွန်တော့်  ဇနီးကိုယ်တိုင် လုပ်ထားတာတွေ။ သူမက လက်ရာကောင်းတယ်။ မြည်းကြည့်ကြဦး။ “


ထိုသည်ကို ပြောနေသည့် ဟန်အိုက်ကော၏ အကြည့်များနှင့် အသံမှာ ဇနီးသည်အား ဂုဏ်ယူနေဟန် အပြည့်ဖြစ်နေသည်။ 


ထိုအခါမှသာ ဧည့်သည်များသည် စားပွဲပေါ်မှ မုန့်များကို ယူကာ မြည်းကြည့်ကြတော့သည်။ စားပြီးသွားမှသာ ဟန်အိုက်ကော ဘာလို့ အဲ့လိုဂုဏ်ယူပြနေတာလဲဆိုတာကို သဘောပေါက်သွားကြတော့သည်။ အပိုပြောနေတာ မဟုတ်ဘူး။ တကယ် စားကောင်းတာ။ 


လက်ရာကတော့ ရှယ်ပဲ။ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနတွင် ရောင်းသည့် စျေးအကြီးဆုံး သကြားလုံးများ၊ ဖရဲစေ့များထက်ပင် အရသာရှိလေသည်။ မုန့်ခြောက်လေးမှာလည်း ကြွပ်ရွနေကာ အနံ့လေးလည်း သင်းနေပြီး ၀ါးလို့လည်း ကောင်းသည်။ 


ရဲဘော်တစ်စုမှာ အကြိုက်တွေ့သွားကြကာ ဟန်မဆောင်နိုင်ဘဲ အားပါးတရ စားကြတော့သည်။ 


ဖုန်းကျွင်းဝေသည် ဖန်းရှောင်းလီနှင့်အတူ ၀င်လာသည့်အခါ ထိုမြင်ကွင်းကို မြင်သွားပြီး ရယ်ကာ စနောက်တော့သည်။ “ မရှက်ကြဘူးလားကွ၊ လူကြီးတွေဖြစ်ပြိီး သရေစာတွေကို အငမ်းမရ စားနေကြရလား။ “ 


ကျူးကျစ်က အရင် ပြန်ဖြေသူဖြစ်သည်။ “ တပ်ခွဲမှုး၊ ဒါတွေက တပ်ရင်းမှုးဟန်ရဲ့ ဇနီးကိုယ်တိုင်လုပ်ထားတာတွေလေ။ အတော်စားလို့ကောင်းတာဗျ။ လာမြည်းကြည့်ပါလား။ “ 


ဖုန်းကျွင်းဝေသည်လည်း စုယွဲ့၏ လက်ရာသည် အတော်ကောင်းသည်ကို သိပေသည်။ လွန်ခဲ့သည့်နှစ်ရက်က လာပို့သွားသည့် မုန်က အလွန်အရသာရှိသည်။ တစ်လုပ်နှစ်လုပ်ပဲစားတက်တဲ့ သူကိုယ်တိုင်တောင် အများကြီးစားမိသွားသည့်အပြင် အစားရွေးလွန်းသည့် သူ့မိန်းမသည်ပင် နောက်ထပ်တစ်ပွဲထည့်စားသည်။ 


သို့ဖြစ်၍ ဖုန်းကျွင်းဝေသည် ရှေ့သို့တိုးကာ မုန့်ခြောက်လေးတစ်ခုအား ပါးစပ်ထဲ ကောက်ထည့်လိုက်တော့သည်။ ကြွပ်ရွနေမှုက လျှာထဲစွဲသွားစေ၍ နောက်တစ်ခုပင် ထပ်ယူမိတော့သည်။ 


ဖန်းရှောင်းလီသည် နောက်မှနေကာ သူ့အား ခါးကို လှမ်း၍ဆိတ်ဆွဲတော့သည်။ 


ဖုန်းကျွင်းဝေသည် မိန်းမဖြစ်သူ ဘာဖြစ်ချင်သည်ကို သဘောပေါက်၍ မုန့်ခြောက်နောက်တစ်ခုကို လှမ်းယူကာ ပေးလိုက်သည်။ 


ဖန်းရှောင်းလီသည်လည်း ယူလိုက်ကာ ပါးစပ်ထဲသို့ မထည့်ချင်ထည့်ချင်ဟန်ဖြင့် ထည့်လိုက်သော်လည်း တကယ့်တကယ်ကြ ၀ါးသည့်နှုန်းမှာ မနှေးပေ။ တစ်ခုစားပြီးနောက် မနေနိုင်တော့ဘဲ နောက်ထပ် မုန့်ခြောက်တစ်ခုနှင့် သကြားလုံးနှစ်ခုကို ယူလိုက်ကာ ထိုင်စရာရှာကာ ထိုင်ချရင်း စားတော့သည်။ 


ပြီးမှသာ ဧည့်ခန်းထဲရှိ ဆိုဖာနှင့် ထိုင်ခုံများကို တွေ့သွားတော့သည်။ တစ်ခဏမျှ သဘောကျသွားသော်လည်း ခဏအကြာတွင် မျက်မှောင်ကြုံ့သွားတော့သည်။ 


ဒီလိုဆိုဖာမျိုးက ချမ်းသာတဲ့လူတွေပဲ တက်နိုင်တဲ့ဟာမဟုတ်ဘူးလား။ သူမ၏ မိဘအိမ်တွင်ရှိသော်လည်း သူမအိမ်တွင်တော့ မရှိပေ ။ အကြောင်းမှာ လက်သမားသည် ဘယ်တုန်းကမှ ဆိုဖာများ ရိုက်မရောင်းခဲ့၍ မ၀ယ်နိုင်ခြင်း ဖြစ်သည်။ 


ဟန်အိုက်ကောလို တပ်ရင်းမှုးလေးတစ်ယောက်ရံ့ အိမ်မှာ ဘာလို့ ရှိနေရတာလဲ။ သူမသည် လက်ရန်းများအား ကိုင်ကြည့်သည့်အခါ ကိုင်ကြည့်လေလေ သဘောကျလေလေဖြစ်လာတော့သည်။ ကျော်မှီလိုက်သည့်အခါတွင်လည်း သက်သောင့်သက်သာ ရှိလွန်း၍ အလုပ်ကပြန်လာတိုင်း ဒီလို မှီလို့ရရင် ကောင်းမှာပဲဟုတွေးနေလေသည်။ 


ထိုသို့ဖြင့် သူမအိမ်တွင်လည်း ဆိုဖာတစ်လုံးလောက် ရှိချင်မိသွားသည်။ 


စုယွဲ့နှင့် မာချွေ့ယွင်သည် မီးဖိုးခန်းထဲတွင် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြသည်။ စုယွဲ့သည် ချက်ပြုတ်နေကာ မာချွေ့ယွင်က ၀ိုင်းကူပေးနေတာဖြစ်သည်။ စစ်သားများသည် စားနိုင်ကြသူများဖြစ်သည်ကို စုယွဲ့သိ၍ ဟင်းပွဲများကို ပေါပေါများများ ပြင်ဆင်ထားခဲ့သည်။ အသ်ီးအရွက်နှင့် အသားများကိုလည်း လိုက်ဖက်အောင် အမျိုးမျိုးချက်ပြုတ်ထားသည်။ ၀က်သားပေါင်း၊ ၀က်သားပြားကြော်၊ ၀က်သားလုံးကြော်၊ ၀က်ခေါက်ဟင်း အစရှိသဖြင့်လည်း ချက်ထားသေးသည်။ 


၀က်သားဟင်းများအပြင် မနက်ခင်းက ၀ယ်ထားသည့် ၀က်နံရိုးများကို သုံးကာ ၀က်နံရိုးချိုချဥ်ဟင်းနှင့် ပြောင်းဖူးနံရိုးစွပ်ပြုတ်ကိုလည်း ချက်ထားသည်။ အသားများနှင့် ၀က်နှလုံးကိုလည်း ပါးပါးလှီးကာ သုပ်ထားလိုက်သေးသည်။ 


အသားဟင်းများပြီးတော့ အသီးအရွက်များကို ပြင်ဆင်ခဲ့သည်။ ဆန်မုန့်နှင့် ကြာစွယ်များကို ကြော်ကာ၊ ငါးအရသာ တို့ဟူးဟင်း၊ ဂေါ်ဖီနှင့် ကြာဇံကြော်၊ အရွက်စုံသုပ် စသဖြင့်ဖြစ်သည်။ 


စုယွဲ့သည် ၀ယ်လို့ရသမျှ ပါ၀င်ပစ္စည်းများကိုသုံးကာ စားပွဲအပြည့် ဟင်းပွဲများ ပြင်ဆင်တော့သည်။ 


မာချွေ့ယွင်ရ စုယွဲ့၏ ကြော်လှော်ချက်ပြုတ်နေမှုကို ကြည့်ကာ အံ့အားသင့်နေခဲ့သည်။ အလျင်မှာ မြန်လွန်း၍ ကြည့်နေသူပင် လိုက်မမီနိုင်ဖြစ်နေ၏။ ဘယ်ဘက်တွင် ချက်လိုက် ညာဘက်လှည့်ချက်လိုက်ဖြင့် အလုပ်များနေကာ ဘာချက်နေသည်ကို မသိခင်မှာပဲ ဟင်းကကျက်သွားလေပြီ။ 


ပုံမှန်အားဖြင့် လူအများစာအတွက် ချက်ရသည်မှာ နှစ်နာရီမက ကြာနိုင်သော်လည်း စုယွဲ့ကတော့ ခဏလေးအတွင်းမှာပဲ ချက်ပြသွားလေသည်။ ဟင်းပွဲများသည် ဖြစ်ကတ်ကဆန်းလည်း ဖြစ်မနေဘဲ အနံ့ရရုံဖြင့် သွားရည်ကျလာအောင် ဆွဲဆောင်နေခဲ့သည်။ 


မာချွေ့ယွင်က ဤမျှ ဟင်းချက်ကျွမ်းကျင်သူအား ပထမဆုံးတွေ့ဖူးတာဖြစ်သည်။ တံတွေးမြိုချရင်း စုယွဲ့အား စနောက်တော့သည်။ “ ညီမလေးရေ၊ နင်ဟင်းချက်နေတာက အစ်မအတွက်တော့ ပြပွဲကို ကြည့်နေရသလိုပဲ။ “ 


စုယွဲ့သည် ထိုစကားများကြောင့် လိုက်ရယ်မိသော်လည်း သူမ၏ လုပ်လက်စများကိုတော့ ရပ်တန့်လိုက်ခြင်းမရှိချေ။ “ အစ်မမာ၊ နောက်မှ ထပ်ကြည့်ပါတော့။ အခုတော့ ညီမကို ဟင်းပွဲတွေ ကူပြင်ပေးပါဦး။ စောင့်နေရတာ ကြာတော့ ပျင်းနေကြလောက်ပြီ။ “ 


ထိုအခါမှသာ မာချွေ့ယွင်လည်း အပြင်မှ ဧည့်သည်များကို သတိရသွားတော့သည်။ “ မြန်မြန်လာကြတော့။ ချက်လို့ ပြီးတော့မယ်။ ရှင်တို့တော့ ကံကောင်းတာပဲ။ တပ်ရင်းမှူးဟန်ရဲ့ ဇနီးက ဟင်းချက်အရမ်းကောင်းတာနော်။ “ 


မာချွေ့ယွင်၏ အသံကိုကြားသည့်အခါ စစ်သားတစ်စုသည် စားနေကြသည်များကို လက်စသတ်လိုက်ကာ စားပွဲကို ပြန်ရှင်း၍ မီးဖိုခန်းထဲမှ ဟင်းပွဲများကို ကူသယ်ပေးကာ နေရာချပေးကြလေသည်။ အားလုံးပြီးသည့်အခါ ၀ိုင်းဖွဲ့၍ ထိုင်လိုက်ကြပြီး တူများကိုကိုင်ကာ စတင်စားသောက်ကြတော့သည်။ 


စားပြီးသွားကြသည့်အခါတွင် ထိုယောက်ျားတစ်စုမှာ ဟန်အိုက်ကောအား အလွန်အားကျသွားကြတော့သည်။ ယူထားတဲ့ ဇနီးက ချောမောပြီး သဘောကောင်းနေရုံတင်မကဘူး၊ ဟင်းချက်လက်ရာကလည်း ကောင်းသေးတယ်။ နေ့တိုင်း ဒီလိုဟင်းတွေသာ စားနေရရင် သေပျော်ပြီ။ 


အားလုံးသည် ဟန်အိုက်ကောအား အားကျကြောင်း ပြောကြသည့်အခါ ဟန်အိုက်ကောကတော့ ဂရုမထားဟန် ပြုံးရုံသာပြုံးပြသော်လည်း မျက်၀န်းထဲမှ ပျော်ရွှင်နေမှုများကိုတော့ ဖုံးကွယ်၍မရချေ။


ဖုန်းကျွင်းဝေသည်ပင် ဟန်အိုက်ကောအား အားကျနေလေသည်။ ဒီကောင်က အရင်ကတော့ ကံမကောင်းပေမယ့် ဘာလို့ မိန်းမရတာကြ အဲ့လောက်ကံကောင်းရတာလဲ။ ဒီကောင့်မိန်းမရဲ့ ဟင်းချက်လက်ရာမျိုးက တစ်ရာမှာ တစ်ယောက်တောင် ရှိကြမှာ မဟုတ်ဘူး။ သူ့မိန်းမလည်း အဲ့လိုသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။ 


ဖုန်းကျွင်းဝေသည် သူ့ဘေးတွင် ထိုင်နေသည့် မိန်းမဖြစ်သူအား ကြည့်ကာ စိတ်ထဲမှ စားဖို့ပဲသိတယ်ဟု အပြစ်တင်နေမိသည်။ 


ဟင်းပွဲသည် စုစုပေါင်း ဆယ့်လေးပွဲရှိကာ အလျှံအပယ် ဖြစ်၍ တစ်ပွဲလျှင် သုံးယောက်မျှ စားလို့ရနိုင်ကာ အများကြီး ကျန်လောက်သော်လည်း အဆုံးမှာတော့ ပြောင်ရှင်းနေအောင် စားသွားကြသည်။ စွပ်ပြုတ်အရည်လေးပင် မကျန်တော့သည်အထိကို စားကြတာဖြစ်သည်။


ပြောင်သလင်းခါနေသည့် ပန်းကန်များကို ကြည့်ကာ စုယွဲ့မှာ ငိုရမည်လား ရယ်ရမည်လားကို မပြောတက်တော့ပေ။ 


ဤသည်က သူတို့ သူမလက်ရာအား ကြိုက်ကြတယ် ဆိုလိုနေတာ ဟုတ်တယ်မလား။ စားဖိုမှူးတစ်ယောက်အတွက်တော့ သူချက်ပြုတ်ထားသည်များကို မြိန်ရည်ရှက်ရည်စားကြသည်ကို မြင်ရခြင်းသည် အကောင်းဆုံးသော ချီးမွမ်းခံရခြင်းဖြစ်သည်။ 


စားလို့ပြီးသည်နှင့် ဖန်းရှောင်းလီသည် အကြောင်းပြချက်ပေးကာ ပြန်တော့မည်လုပ်နေ၍ ဖုန်းကျွင်းဝေသည် ရှက်သွားရတော့သည်။ 


အခြားသူများကတော့ ဘာမှစိတ်ထဲမထားဘဲ စုယွဲ့အား ကူညီကာ သိမ်းဆည်းပေးခဲ့ကြသည်။ ပန်းကန်းများကို ဆေးပေးကာ စားပွဲများကိုလည်း ပြန်သန့်ရှင်းပေးပြီး ကြမ်းကိုလည်း ပြန်တိုက်ပေးကြလေသည်။ တပ်သားလေးများသည် သူမအား ပန်ကန်းများကိုပင် ကူ၍သုတ်ပေးလေသည်။ စုယွဲ့သည် အားနာသော်လည်း အတင်းကူညီပေးနေကြ၍ လွှတ်ထားလိုက်ရတော့သည်။ ပြီးမှသာ မာချွေ့ယွင်သည် သူမအား ကူညီကာ ပန်းကန်ခွက်ယောက်များကို ပြန်၍သိမ်းဆည်းပေးသည်။ 


ယနေ့ညစာစားပွဲအပြီးတွင် တပ်သားလေးများသည် စုယွဲ့အား ပို၍ သဘောကျနှစ်သက်လာကြတော့သည်။ 


တပ်ရင်းမှုးဟန်ကို လူဘယ်နှစ်ယောက်ကများ အားကျနေမလဲ တွေးကြည့်ကြစမ်းပါ။ သူတို့လည်း တပ်ရင်းမှုးကတော်လို မိန်းမတစ်ယောက်လောက် ရရင်လိုချင်တယ်။


မာချွေ့ယွင်၏ သမီးလေးနှစ်ယောက်မှာလည်း စားသောက်ပြီးသည့်နောက် ဗိုက်လေးများ ဖောင်းကားနေကြတော့သည်။ အငယ်မလေးသည် သုံးနှစ်သာရှိကာ ရှောင်ထောင်းဇီ ဟုခေါ်သည်။ ကလေးမလေးသည် စုယွဲ့အား ခေါင်းမော့ကာ ကြည့်ရင်း မေးခဲ့သည်။ “ ဒေါ်လေး၊ နောက်နေ့ကျရင်ရော ဒေါ်လေးတို့အိမ်မှာ ညစာလာစားလို့ရလားဟင်၊ ဒေါ်လေး ချက်တာက အမေ့ထက် အများကြီး ပိုကောင်းတယ်။ “


မာချွေ့ယွင်သည် စိတ်ဆိုးသွားကာ သမီးဖြစ်သူအား ရိုက်ပစ်လိုက်ချင်သော်လည်း တကယ်ကြီး စုယွဲ့ဆီ အပြေးလာကာ ညစာစားနေမည်ကို စိုး၍ ခြောက်ပြောရတော့သည်။ “ သမီးက အများကြီးစားတော့ ဒေါ်လေးက ဘယ်တက်နိုင်မှာလဲ။ ဒေါ်လေးတို့ အိမ်မှာတောင် သူ့ဟာနဲ့သူ မလောက်ဘူး။ “ 


ကလေးမလေးသည် စဥ်းစားသွားကာ ပြန်ပြောလာခဲ့သည်။ “ ဒါဆိုလည်း သမီးကိုယ့်ဘာသာ ယူလာပြီး ဒေါ်လေးကို ချက်ခိုင်းလိုက်မယ်လေ။ အဲ့လိုဆို ရပြီမလား။ “ 


ကလေးမလေးက သူ့ဝေစု သူခွဲနေသည်ကို ကြည့်ကာ မာချွေ့ယွင်နှင့် စွန်းချန်းဖူမှာ ဆွံ့အသွားတော့သည်။ 


စုယွဲ့သည်လည်း ကလေးမလေး၏ အပြောက်ို သဘောကျသွား၍ ပါးလေးအား ညှစ်လိုက်မိတော့သည်။ “ ရတယ်၊ ရှောင်ထောင်းဇီသာ လာစားချင်တယ်ဆို ဒီအတိုင်းလာစားလည်းရတယ် ဟုတ်ပြီလား။ “ 


ထိုနောက် ရှောင်ထောင်းဇီက ပျော်သွားကာ ခုန်ပေါက်၍ ထွက်သွားတော့သည်။