အပိုင်း ၅၉
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း  ၅၉ - ဆေးညွှန်း၊ သားမိနှစ်ဦး 




တစ်နေ့လုံး အလုပ်ရှုပ်နေတာကြောင့် စုယွဲ့က ပင်ပန်းနေပြီဖြစ်သည်။ စုယွဲ့က ကိုယ့်ကိုယ်ကို ငုံ့ကာ အနံ့ခံကြည့်လိုက်သည့်အခါ မီးဖိုခန်းထဲမှ ဆီနံ့များစွဲနေ၍ မသတီစရာဖြစ်နေသဖြင့် ရေချိုးဖို့ ကြံတော့သည်။ 


အိမ်တွင်လည်း ရေချိုးဇလုံ အကြီးကြီးရှိသည်မို့ ရေကောင်းကောင်းလေး ချိုးပစ်ရမယ်လို့ တွေးနေမိသည်။ 


စုယွဲ့သည် ဆိုဖာပေါ်တွင် သက်သောင့်သက်သာဖြစ်အောင် လှဲချလိုက်ကာ စားပွဲနှင့် ခုံများအား သိမ်းဆည်းနေသည့် ဟန်အိုက်ကောအား လိုက်ကြည့်နေလိုက်သည်။ ပြီးမှ မျက်လုံးများကို မှေးစင်းထားလိုက်ကာ ပြောလိုက်သည်။ " ယောက်ျား ~ ရေချိုးချင်တယ်~ "


ဟန်အိုက်ကောက ကြားသည့်အခါ သူမအား လှမ်းကြည့်လိုက်ပြီးနောက် လုပ်လက်စများကို ချထားခဲ့ကာ မီးဖိုခန်းထဲသွားပြီး ရေနွေးအိုးတည်လိုက်သည်။ ပြီးနောက် ရေချိုးခန်းထဲသို့၀င်ကာ ရေချိုးဇလုံကို ပြင်ဆင်ကာ ရေအရင်ဖြည့်လိုက်သည်။ ပြီးမှ ရေနွေးအား ထည့်ကာ ရောစပ်လိုက်သည်။ ရေဖြည့်လိုက် ရေနွေးဖြည့်လိုက်ဖြင့် လုပ်နေလိုက်ကာ ဇလုံပြည့်သည်အထိ ဖြည့်လိုက်သည်။ 


" ရပြီ၊ ရေချိုးလို့ရပြီ။ " 


စုယွဲ့သည် ဟန်အိုက်ကော လုပ်ကိုင်နေသည်များကို လိုက်ကြည့်နေခဲ့ကာ ကျေနပ်နေမိသည်။ ယောက်ျားဖြစ်သူနှင့်ဆိုလျှင် ကလေးဆိုးကြီးသာ လုပ်ချင်နေသဖြင့် စုယွဲ့သည် ရေချိုးခန်းကိုပင် လမ်းလျှောက်မသွားလိုတော့၍ လက်ကိုဆန့်ထုတ်လိုက်ကာ ပြောခဲ့သည်။ " ယောက်ျား ချီပါဦး။ " 


စုယွဲ့သည် ဤသို့တစ်ခါတစ်လေ ပြုမူနေကြဖြစ်၍ ဟန်အိုက်ကောသည်လည်း ကျင့်သားရနေပြီဖြစ်သည်။ သူမရှိရာသို့ လျှောက်သွားလိုက်ကာ ပွေ့ချီလိုက်သည့်အခါ စုယွဲ့သည် သူ့ ခါးကိုခြေထောက်ဖြင့်ခွကာ လည်ပင်းကို ပြန်ဖက်ခဲ့သည်။ ဟန်အိုက်ကောသည်လည်း ထိုအတိုင်းဖြင့်ပင် စုယွဲ့အား ရေချိုးခန်းထဲသို့ ချီသွားလိုက်သည်။ 


ရေချ်ိုးဇလုံထဲ ရပ်နိုင်ရန် ချပေးလိုက်သည့်အခါ စုယွဲ့သည် သူ့အား လည်ပင်းကိုဖက်၍ ပြင်းပြပြအနမ်းတစ်ခုအားပေးရင်း ပြောခဲ့သည်။"ကျေးဇူးပဲ၊ ယောက်ျား" 


ဟန်အိုက်ကောက သူမအား ဘာမှပြန်မပြောဘဲ ကြည့်ရုံသာကြည့်နေကာ အကြည့်များကတော့ နက်မှောင်လာခဲ့သည်။ 


စုယွဲ့သည် ထိုအကြည့်များ၏ အဓိပ္ပာယ်ကို သဘောပေါက်ပြီး ဟန်အိုက်ကောအား အပြင်ထွက်ရန် တွန်းထုတ်တော့သည်။ " ရပြီ၊ ရပြီ။ ကျွန်မ ရေချိုးတော့မှာ။ အပြင်ထွက်တော့။ "


ခေါ်ဖို့တော့ လွယ်သော်ငြား နှင်ထုတ်ရသည်ကတော့ ခက်သည်။ ဟန်အိုက်ကောက လုံး၀မလှုပ်ပေ။ သူမ ခါးအားကိုင်ထားသည့် လက်များမှာ တင်းကြပ်လာကာ အသံသည်လည်း ခပ်ရှရှလေး ဖြစ်လာတော့သည်။ " အတူချိုးရအောင်။ "


စုယွဲ့  - " ....ဟင့်အင်း၊ အတူတူ မချိုးချင်ပါဘူး။ "


" အတူတူချိုးရင် ရေကုန်သက်သာတယ်လေ။ " ဟန်အိုက်ကောက သူမ အ၀တ်များကိုပါ ချွတ်ပေးတော့သည်။ 


စုယွဲ့သည် ရေကုန်လည်း ဘာမှမဖြစ်ဘူးလို့ ပြောချင်သော်လည်း ဘာမှ ပြန်မငြင်းနိုင်လိုက်တော့ချေ။ အကြောင်းမှာ သူမ၏ အ၀တ်များအားလုံး ဆွဲချွတ်ခံလိုက်ရကာ ရေချိုးဇလုံထဲသို့ တွန်းချခံလိုက်ရတာကြောင့်ပင်။ သူမ ဘာမှ မလုပ်နိုင်သေးခင်မှာဘဲ ဟန်အိုက်ကောလည်း ၀င်လာခဲ့သည်။ ရေချိုးဇလုံထဲမှ ရေများသည် လူနှစ်ယောက်၏ အလေးချိန်ကြောင့် ဘေးသို့ လျှံထွက်ကုန်တော့သည်။ 


စုယွဲ့သည် အရှက်အကြောက်ကြီးသူ မဟုတ်သော်လည်း ယခုအခါတွင်တော့ ရှက်နေမိသည်။ သူမ.....သူမတို့ တကယ်ကြီး ရေအတူချိုးကြတော့မှာလား။ ဒီလို အကုန်ချွတ်ပြီးတော့လေ? 


ဟန်အိုက်ကောကတော့ စုယွဲ့လို ဖြစ်မနေဘဲ စုယွဲ့အား ဆွဲမကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်လေသည်။ ပြီးနောက် ရေချိုး၀တ်လေးတစ်ခုကို လှမ်းယူကာ သူမအား ဆပ်ပြာတိုက်ပေး ကြေးချွတ်ပေးဖြင့် အလုပ်ရှုပ်နေသည်။ လုပ်နေကြ လူတစ်ယောက်လိုပင် ကျွမ်းကျင်စွာကို လုပ်ပေးနေတာဖြစ်သည်။ သူမ အောက်မှာသာ အဲ့ဒီ့ မာနေတဲ့အရာ မရှိဘူးဆိုရင် စုယွဲ့လည်း ပျော်ပျော်ကြီး ဇိမ်ခံနေမိမှာ။ 


ကလေးလုပ်ချင်ရင်လည်း ပေးရမည့် တန်ကြေးကတော့ ရှိသည်။ တန်ကြေးကတော့ ဟန်အိုက်ကောထံမှ သန့်ရှင်းရေးလုပ်ပေးခြင်းခံရတာပင်။ ရေချိုးခန်းထဲမှနေကာ အိပ်ရာထဲထိ သန့်ရှင်းရေး လုပ်ပေးခြင်းခံလိုက်ရ၍ စုယွဲ့မှာ မထနိုင်တော့ဘဲ နောက်နေ့ နေ့လယ်ထိ အိပ်လိုက်သည်။ 


နာကျင်နေသည့် ခါးကို ကိုင်ထားရင်း စုယွဲ့ မကျေမနပ်ဖြင့် အိပ်ရာခင်းအား ပုတ်လိုက်မိသည်။ အခြားမိသားစု၀င်များ မရှိဘဲ နှစ်ယောက်တည်းပဲ ရှိနေတော့ ဟန်အိုက်ကောက ပိုပိုပြီး ဆိုးလာတာပဲ။ 


စုယွဲ့ သက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့။ သူမက အလုပ်သွားစရာ မလိုတော့လို့။ မဟုတ်ရင် အခုလို နေ့ခင်းထိ အိပ်နေပုံမျိုးနဲ့ဆို သူမ အလုပ်ထုတ်ခံရပြီးလောက်ပြီ။


ထပြိီးနောက်တွင် စုယွဲ့သည် ဟန်အိုက်ကော ပြင်ပေးခဲ့သည့် ဆန်ပြုတ်နှင့် ပေါက်စီများကို နည်းနည်းစားလိုက်သည်။ အားအနည်းငယ် ပြန်ပြည့်လို၍ ဖြစ်သည်။ ပြီးနောက် အမှတ်အကွက်ကို ထုတ်ကာ စစ်လိုက်သည်။ သူမ မကြည့်ဖြစ်တာ အတော်ကြာနေပြီ။ 


စနစ်ထဲမှ အမှတ်များအား သူမသည် ဟန်အိုက်ကော၏ ခြေထောက်များကို ကုသရန်အတွက် လဲလှယ်ခဲ့သည့် နောက်ဆုံး တစ်ခေါက်ပြီးနောက်တွင် အသုံးမပြုဖြစ်တော့၍ ယခုဆို အမှတ် နှစ်ထောင့်နှစ်ဆယ်ထိ စုမိနေပြီဖြစ်သည်။ 


စုယွဲ့ စိတ်ထဲမှ ပြောလိုက်သည်။ " စနစ်၊ ကုန်တိုက်ကို ဖွင့်လိုက်။ "


စနစ်သည် စုယွဲ့၏ စကားအတိုင်း ကုန်တိုက်ကို ဖွင့်ပေးလာ၍ စုယွဲ့တံခါးကိုဖွင့်ကာ အထဲသို့ လျှောက်၀င်လိုက်ရင်း ပစ္စည်းများကို ကြည့်နေလိုက်သည်။


စနစ်က မေးခဲ့သည်။ " host ဘာကိုလိုချင်တာလဲ။ ကျွန်တော် ရှာပေးပါ့မယ် "


" ဒဏ်ရာတွေကို ကုလို့ရမယ့် ဆေးတွေ ရှိလား။ ဥပမာပြောရရင် အနာဖြစ်လို့ သွေးထွက်ရင် ထည့်လိုက်တာနဲ့ ချက်ချင်းတိတ်သွားတာမျိုးလေ။ "


ယခုဆို ဟန်အိုက်ကောသည် တပ်ထဲတွင် နေ့စဥ်လေ့ကျင့်နေရ၍ အမြဲလိုလို ဒဏ်ရာများရလာတက်သည်။ ဟိုနေရာ ပွန်းလာလိုက် ဒီနေရာပဲ့လာလိုက်နှင့် ကြီးကြီးမားမား မဟုတ်သော်လည်း သူမကတော့ စိုးရိမ်နေရသည်။ ယခုမှသာ စုယွဲ့လည်း စစ်သားတစ်ယောက်ဖြစ်ရသည်မှာ မလွယ်ကူမှန်း သိလာတာဖြစ်သည်။ သူတို့၏ အောင်မြင်မှုတိုင်းသည် သွေးနှင့်ချွေးများ ရင်းထားပြီးမှ ရလာခြင်းဖြစ်ပေသည်။ တာ၀န်သိတက်မှုနှင့် တွဲဖက်နေကာ တာ၀န်သိတက်မှုနောက်တွင် နာကျင်မှုများကို ထမ်းပိုးထားရသည်။ 


ထိခိုက်ဒဏ်ရာ အနည်းငယ်အား မကုသပေးဘဲ ထားတက်ကြကာ အမှန်တကယ် ထိခိုက်လာပြန်ရင်လည်း မျက်နှာလွှဲခဲပစ် လုပ်တက်ကြသည်။ သာဓကပေးရလျှင် ဟန်အိုက်ကောမှာ ခြေထောက်ဒဏ်ရာကြောင့် သူ့စစ်သားဘ၀ အဆုံးသတ်သွားတော့မလို ဖြစ်ခဲ့သည်ပင်။ 


သို့ဖြစ်၍ စုယွဲ့တွေးထားသည်က သူမကိုယ်တိုင် ဆေး၀ါးများကို ကြိုတင် ပြင်ဆင်ထားသင့်သည်ဟူ၍ ဖြစ်သည်။ 


စုယွဲ့၏ စကားကိုကြားသည့်အခါ စနစ်သည် စုယွဲ့ရှေ့သို့ ပစ္စည်းတစ်ခုကို ထုတ်လာပေးသည်။ စုယွဲ့ ကြည့်လိုက်သည့်အခါ သူမရှေ့ရှိ စင်ပေါ်တွင် ပစ္စည်းတစ်ခုကို တွေ့လိုက်ရပြီး ဆေးညွှန်းလေးတစ်ခုကတော့ လေထဲတွင် ၀ဲနေခဲ့သည်။ 


စနစ်က ရှင်းပြခဲ့သည်။ " ဒါက သွေးထွက်ဒဏ်ရာတွေကို တိတ်စေတဲ့ ဆေးပါ။ ဆေးကိုတော့ ကျီရွှယ့်စန်လို့ ခေါ်တယ်။ ဆေးကတော့ အမှုန့်အမျိုးအစားပါ။ သွေးထွက်နေတဲ့ ဒဏ်ရာပေါ်ကို အနည်းငယ် ဖြူးလိုက်တာနဲ့ သွေးတိတ်သွားပြီး အနာကျက်တာလည်း မြန်လာလိမ့်မယ်။ "


စုယွဲ့ မျက်လုံးတွေက အရောင်တောက်လာတော့သည်။ သူမ လိုချင်နေတာနဲ့ ကွက်တိပဲ! 


ဒီဆေးသာ အဆင်သင့် ရှိနေမယ်ဆိုလျှင် ဒဏ်ရာက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အသက်အန္တရာယ်ထိခိုက်သည်အထိတော့ မဖြစ်နိုင်တော့ပါ။ အသက်ရှိနေသေးပါက ကျန်တာများကို ဆက်လုပ်ရန်မှာ လွယ်ကူသွားပြီဖြစ်သည်။ 


" ဆေးက အမှတ်ဘယ်လောက် ကျမှာလဲ။ "


" အမှတ် ၁၀၀၀ ပါ။ "


စုယွဲ့သည် ၀ယ်မည်ဟု ဆုံးဖြတ်လိုက်၍ အမှတ်များထဲမှ တစ်ထောင်လျော့သွားတော့သည်။ 


စုယွဲ့ ပါ၀င်ပစ္စည်းများအား ဂရုတစိုက်ကြည့်လိုက်သည့်အခါ သူမ တစ်ခါမှ မကြားဖူးသည့် အရာများဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒါတွေကို စုလို့ရရန် သူမ တစ်ခုခုကြံမှ ဖြစ်တော့မည်။ ကွန်မြူနတီထဲက ဆေးရုံမှာရော ရနိုင်မလား မသိပေ။ 


ထိုအကြံရှိနေ၍ နောက်နေ့ နံနက်စောစောတွင် စုယွဲ့သည် လွန်းပြန်ယာဥ်စီးသွားကာ ဆေးရုံသို့ သွားမည်ဟု စဥ်းစားထားသည်။ ဆေးရုံတွင် သူမ လိုချင်သည့် ဆေးများရနိုင်မလားကို စုံစမ်းချင်၍ ဖြစ်သည်။ 


စုယွဲ့ လွန်းပြန်ယာဥ်ဆွဲသည့် ဂိတ်သို့ ရောက်သည့်အခါ  အမျိုးသမီး တော်တော်များများ ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ အချို့ကတော့ စျေး၀ယ်ရန် အချို့ကတော့ အလုပ်သွားရန် ဖြစ်သည်။ 


ထိုထဲတွင် တစ်ကြိမ်သာ ဆုံဖူးသော ၀မ်လျန်ယင်းလည်း ပါကာ ဖန်းရှောင်းလီလည်း ရှိနေသည်။ သူမတို့ နှစ်ယောက်က စကားပြောနေကြသည်။ တကယ်က ၀မ်လျန်ယင်းကသာ ဦးဆောင်ကာ တရစပ်ပြောနေတာဖြစ်ပြီး ဖန်းရှောင်းလီကတော့ အင်းမလုပ် အဲမလုပ်ပင်။ 


၀မ်လျန်းယင်းသည် မျက်လုံးထောင့်မှနေ စုယွဲ့ လျှောက်လာသည်ကို တွေ့လိုက်ပြီး နှာခေါင်းရှုံ့ကာ ခေါင်းကို ချက်ချင်းလှည့်သွားပြီး မသိချင်ယောင်ဆောင်သည်။ 


ဖန်းရှောင်းလီသည်လည်း ၀မ်လျန်ယင်း၏ အမူအရာကြောင့် လှမ်းကြည့်ရာ စုယွဲ့ကို မြင်သွားခဲ့သည်။ စုယွဲ့သည် အိမ်နိးချင်းဖြစ်၍ နှုတ်ဆက်မည်ဟု ကြံလိုက်သော်လည်း ဖန်းရှောင်းလီသည်လည်း မျက်နှာလွှဲကာ သူမအား မသိချင်ယောင်ဆောင်သွားသည်။ 


စုယွဲ့က နှုတ်ဆက်ချင်စိတ်ကို ပြန်မျိုသိပ်လိုက်ရတော့သည်။ ဖန်းရှောင်းလီက တကယ်ရယ်ရတဲ့သူပဲ။ မနေ့တစ်နေ့ကပဲ သူမအိမ်တွင် ညစာလာစားခဲ့သေးတာကို အခုကျ မသိချင်ယောင်ဆောင်သွားတယ်ပေါ့လေ။ 


စုယွဲ့လည်း အဖက်မလုပ်ချင်တော့ပါ။ သူမအား နှိမ့်ချကာ အထင်သေးနေသူများအား သူမကလည်း ကပ်ဖားရပ်ဖား လုပ်နေမည်မဟုတ်ချေ။ သူမကို လျစ်လျူရှုပါက သူမကလည်း ပြန်၍ ဥပေက္ခာပြုထားလိုက်ရုံပင်။ 


စုယွဲ့လည်း သို့ဖြစ်၍ မသိချင်ယောင်ဆောင်ကာ သူတို့အား အကြည့်လေးပင် မစွန့်ကြဲနေတော့ပေ။ 


ခဏအကြာတွင် ဘတ်စ်ကားရောက်လာပြီး ခရီးသည်တစ်စုသည် နေရာမရမှာစိုးကြ၍ လုရက်ကာ တက်ကြတော့သည်။ စုယွဲ့ကတော့ နေရာမရမှာကိုလည်း မပူ၍ ရပ်သာစောင့်နေကာ အားလုံးတက်ပြီးမှသာ တက်ရန်ကြံထားသည်။ ဖန်းရှောင်းလီသည်လည်း သူမကဲ့သို့ပင် လူတိုးရမည်ကို မကြိုက်သဖြင့် ရပ်စောင့်နေသည်။ 


အဆုံးတွင် စုယွဲ့နှင့် ဖန်းရှောင်းလီသာ ရပ်ကာကျန်ခဲ့တော့သည်။ 


၀မ်လျန်ယင်းသည် ကားပြတင်းပေါက်မှ ခေါင်းထွက်ကာ လက်ရမ်းပြရင်း ဖန်းရှောင်းလီအား အော်ခေါ်လေသည်။ " ရှောင်းလီ ရှောင်းလီ တက်ခဲ့တော့လေ။ အစ်မ နေရာဦးထားပေးတယ်။ "


ဖန်းရှောင်းလီသည် ထိုသည်ကို ကြားသည့်အခါ မျက်မှောင်ကြုံ့သွားပြီး အသံအကျယ်ကြီးအော်နေ၍ အရှက်မဲ့လိုက်တာဟု တွေးနေသည်။ သို့သော်လည်း သည်းခံကာ ဘတ်စ်ပေါ်သို့ တက်သွားလိုက်ကာ ၀မ်လျန်ယင်း၏ ဘေးတွင် ထိုင်ရမည့်အစား နောက်ဆုံးတန်းသို့ လျှောက်သွားလိုက်ကာ ၀င်ထိုင်လိုက်သည်။ 


၀မ်လျန်ယင်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။ သူမသည် ဤခုံအား ဦးရန် ရန်ဖြစ်ရင်း လုထားရတာဖြစ်သည်။ ဘယ်သူ့ကိုမှ ထိုင်ခွင့်မပေး၍ အများစုက သူမအား အရှက်မရှိသူဟုထင်သွားကြသော်လည်း ဖန်းရှောင်းလီနှင့် အတူထိုင်ရရန် သည်းခံထားခဲ့တာဖြစ်သော်လည်း ဖန်းရှောင်းလီကတော့ ကျေးဇူးမတင်သည့်အပြင် သူမအား လျစ်လျူရှုသွားတယ်တဲ့လေ။ သူမက အရင်ထဲက အရှက်ကြီးသူ မဟုတ်သော်ငြား ယခုတော့ အတော်လေး ရှက်သွားမိသည်။ 


ဖန်းရှောင်းလီကတော့ တစ်ပါးသူအား အရှက်ခွဲသလို လုပ်မိသွားသည်ကိုလည်း ဂရုမစိုက်ဘဲ ပြတင်းပေါက်ကနေ အပြင်ကိုသာ ကြည့်နေခဲ့သည်။ 


ကားပေါ်မှ လူများသည် ၀မ်လျန်ယင်းအား အကြည့်မျိုးစုံဖြင့် ကြည့်နေကြသည်။ တစ်ချို့သည် လှောင်နေကြကာ တစ်ချို့က သနားနေကြသလို တစ်ချို့ကတော့ ဖြစ်တာတောင် နည်းသေးတယ်ဟူသော အကြည့်မျိုးဖြင့် ကြည့်နေကြတာဖြစ်သည်။ ၀မ်လျန်ယင်းသည် မခံချင်လို၍ တစ်ယောက်ချင်းစီအား ခပ်တင်းတင်းပဲ အကြည့်ချင်းဆုံအောင် ပြန်၍ လိုက်ကြည့်နေခဲ့သည်။ 


စုယွဲ့က နောက်ဆုံး တက်လာသူဖြစ်သည်။ သူမ ကားပေါ်သို့ ရောက်သည့်အခါ ကားထဲတွင် နေရာလွတ်အတွဲလိုက် မရှိတော့ပေ။ နှစ်နေရာသာ လွတ်နေကာ တစ်ခုံက ၀မ်းလျန်ယင်း၏ ဘေးတွင်ဖြစ်ကာ နောက်တစ်ခုံကတော့ ဖန်းရှောင်းလီ၏ ဘေးတွင်ဖြစ်လေသည်။ 


စုယွဲ့သည် နှစ်ဦးလုံး၏ အနားတွင် မထိုင်ချင်၍ ဘေးရှိခုံအား ကိုင်လျက်သာ ရပ်စီးရန် ကြံလိုက်တော့သည်။ 


ထိုသည်ကို မြင်သည့်အခါ ဖန်းရှောင်းလီက မျက်မှောင်ကြုံ့သွားတော့သည်။ 


စုယွဲ့ဆိုတဲ့ တစ်ယောက်က ဘ၀င်မြင့်နေတာပဲ။ သူမဘေးတွင် ထိုင်ရမည့်အစား ရပ်နေတာက ပိုကောင်းတယ်လို့ ထင်နေတာလား။ တခြားသူများကတော့ သူမ၏ ဘေးတွင် ထိုင်ရဖို့ကို မျှော်လင့်နေကြတာ။ ဘာလို့လဲ။ သူ့ရဲ့ တပ်ရင်းမှုးယောက်ျားက အရမ်းအာဏာကြီးနေတယ် ထင်လို့လား။ အဲ့ဒါကြောင့် သူမကို အထင်သေးနေတာလား။ ဒါဆိုလည်း နောင်ကြရင် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနက ပစ္စည်းတွေကို သူမဆီက တစ်ဆင့်ရနိုင်မယ်ထင်မနေနဲ့။ 


စုယွဲ့ကတော့ ဖန်းရှောင်းလီ ဘာတွေတွေးနေသည်ကို ဂရုမစိုက်ပါ။ ဖန်းရှောင်းလီလို စိတ်သဘောထားမဖြောင့်မတ်သူနှင့် စကားပြောရမည့်အစား နှစ်နာရီလုံးသာ ရပ်နေလိုက်မည်။ 


စုယွဲ့ ကိုင်ထားသည့် ထိုင်ခုံတွင် ထိုင်နေသည်က သားမိနှစ်ယောက်ဖြစ်လေသည်။ မိခင်သည် နှစ်ဆယ့်ခြောက်နှစ် နှစ်ဆယ့်ခုနစ်နှစ်အရွယ်ရှိကာ လှလည်းလှ သဘောလည်း ကောင်းမယ့်ပုံမျိုးဖြစ်ပြီး ကလေးမလေးကတော့ လေးနှစ် ငါးနှစ်အရွယ်ဖြစ်သည်။ ကလေးမလေးသည် ဆံပင်နှစ်ဖက်ကို ခွဲစီးထားကာ ပါးလေးများမှာလည်း နူးနူးညံ့ညံ့ဖြင့် ဖွေးဖွေးဥဥလေး ဖြစ်သည်။ ပန်းရောင်ဂါ၀န်လေးကိုလည်း ၀တ်ဆင်ထား၍ အလွန်ချစ်ဖို့ ကောင်းပေသည်။ 


တကယ်ကို ကြည့်ကောင်းတဲ့ သားမိနှစ်ယောက်ပဲ။ 


ထိုင်နေသည့် မိခင်ဖြစ်သူသည် စုယွဲ့ ရပ်နေသည်ကို မြင်သည့်အခါ သမီးဖြစ်သူအား ပေါင်ပေါ်တွင် ထိုင်စေလိုက်ကာ စုယွဲ့အား ပြုံးပြကာ ပြောလာလေသည်။ " ညီမလေး၊ ထိုင်လေ။ နှစ်နာရီတောင် စီးရမှာ။ " 


ကလေးမလေးကလည်း စုယွဲ့အား ပြုံးပြကာ ခေါ်ခဲ့သည်။ " ဒေါ်ဒေါ် ထိုင်၊ ထိုင်။ " 


စုယွဲ့သည် သားမိနှစ်ယောက်၏ စေတနာကို နားလည်၍ မငြင်းတော့ဘဲ ပြုံးပြကာ " ကျေးဇူးပါ " ဟု ပြောရင်း၀င်ထိုင်လိုက်သည်။ 


အမျိုးသမီးက လက်ခါပြလာခဲ့သည်။ " အားနာမနေပါနဲ့။ ဒါနဲ့ အရင်တုန်းက ညီမလေးကို မမြင်ဖူးဘူးနော်။ အခုမှ ပြောင်းလာတာလား။ "


စုယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ " ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခုမှ လွန်းပြန်ယာဥ်လည်း ပထမဆုံးစီးဖူးတာလေ။ အဲ့ဒါကြောင့် မမြင်ဖူးတာ ဖြစ်လောက်တယ်။ "


" ဒါကြောင့်ကိုး။ မိတ်ဆက်ကြမယ်လေ။ အစ်မနာမည်က ရွှီးချန်ပါ။ ဒါက အစ်မ သမီး နီနီ။ "


" စုယွဲ့ပါ။ " ဟုပြန်မိတ်ဆက်လိုက်ကာ စုယွဲ့သည် နီနီ၏ ပါးလေးအား ညှစ်လိုက်သည်။ ကလေးမလေးအား ခုံဖယ်ပေး၍ ကျေးဇူးတင်သည့် အနေဖြင့် အိတ်ထဲမှ စက္ကူပတ်ထားသည့် ကိတ်မုန့်ပိုင်းလေးအား ထုတ်ကာ ပေးလိုက်သည်။ " နီနီ ရော့၊ ဒါက ဒေါ်လေးက ကျေးဇူးတင်လို့ ပေးတာ။ "


နီနီလေးသည် ကိတ်မုန့်၏ အနံ့မွှေးမွှေးလေးကြောင့် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အနံ့ခံရင်း အမေဖြစ်သူအား မျှော်လင့်တကြီး မော့ကြည့်ခဲ့သည်။ 


ရွှီးယန်က သမီးဖြစ်သူ၏ နဖူးအား ခပ်ဖွဖွလေး တောက်ကာ ခွင့်ပြုပေးလိုက်သည်။ " အစားပုပ်မလေး၊ ဒေါ်ဒေါ့်ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ဦး။ " 


နီနီသည် အမေဖြစ်သူ ခွင့်ပြုပေးလိုက်၍ ၀မ်းသာအားရ ယူလိုက်ကာ ပါးချိုင့်လေးနှစ်ဖက်ပေါ်သည်အထိ ပြုံးပြရင်း ပြောခဲ့သည်။ " ကျေးဇူးတင်ပါတယ်၊ ဒေါ်ဒေါ်။ " 


ကလေးမလေးက ချစ်ဖို့ကောင်းလွန်း၏။ စုယွဲ့သည်ပင် သမီးတစ်ယောက်လောက် လိုချင်သွားတော့သည်။ ဒါကြောင့်မို့ သမီးလေးတွေက အနွေးထည်ဂျတ်ကတ်လေးတွေလို့ ပြောကြတာနေမှာ။


နီနီလေးသည် စာရွက်အား ဖွင့်လိုက်ကာ ကိတ်မုန့်လေးအား ဖဲ့ယူပြီး တစ်ကိုက်စားကြည့်တော့သည်။ ကိတ်လေးသည် သူမလေး၏ ပါးစပ်ထဲတွင် ပျော်ကြသွားပြီး ချိုလည်းချို နူးနူးညံ့ညံ့လည်းရှိကာ မွှေးလည်းမွှေး၍ ကလေးမလေးက သူမ အမေ၀ယ်ပေးသည့် သကြားလုံးများထက် စားကောင်းသည်ဟု တွေးနေတော့သည်။ 


ကလေးမလေးသည် သဘောကျသွားကာ ဖဲ့၍ အမေဖြစ်သူအား ခွံ့ကျွေးခြုြသည်။ " မေမေ၊ ဒေါ်လေးရဲ့ ကိတ်က အရမ်း စားလို့ကောင်းတယ်။ " 


ရွှီးချန်သည် သာမန်ကိတ်မုန့်ပဲဖြစ်မည်ဟု ထင်ထားတာဖြစ်သော်လည်း သမီးဖြစ်သူ ခွံ့ကျွေးလာသောအခါတွင် အံ့သြသွားတော့သည်။ ဘာလို့ အဲ့လောက် စားလို့ကောင်းနေတာလဲ။ အဲ့လောက် အရသာရှိတဲ့ ကိတ်မုန့်မျိုး တစ်ခါမှ မစားဖူးဘူး။ 


" ညီမလေး စုယွဲ့ ဒီကိတ်က အရမ်းအရသာရှိတာပဲ။ ဘယ်မှာ ၀ယ်လာတာလဲဟင်။ " ရွှီးချန်သည် နီနီစားရန်နှင့် မ်ိဘများစားရန် ၀ယ်ပေးမည်ဟုတွေးကာ မေးခဲ့သည်။ ကိတ်လေးသည် အရသာရှိရုံသာမကဘဲ နူးနူးညံ့ညံ့လေးလည်း ဖြစ်၍ လူကြီးများအတွက်လည်း သင့်တော်လေသည်။ 


စုယွဲ့က ပြုံးကာ ပြန်ဖြေပေးလိုက်သည်။ " ၀ယ်လာတာမဟုတ်ပါဘူး။ ညီမ ကိုယ်တိုင် လုပ်ထားတာ။ ၀ါသနာပါလို့လေ။ တခြားလုပ်စရာလည်း မရှိတာနဲ့ လုပ်ထားတာ။"


ရွှီးချန်သည် အံ့သြနေရာမှ အားကျသည့်အဖြစ်သို့ ပြောင်းသွားတော့သည်။ ဒီလောက် အရသာရှိတာကို ကိုယ်တိုင်လုပ်ထားတာတဲ့လား။ သူမကတော့ ထိုသို့ မဟုတ်။ ကိတ်လုပ်ဖို့ နေနေသာသာ ချက်ပြုတ်ရန်တောင် အနိုင်နိုင်ပင်။ 


လူတွေချင်းအတူတူကို ဘာလို့ အဲ့လောက် ကွဲပြားနေရတာလဲ။ 


စုယွဲ့သည် ရွှီးချန်၏ စိတ်ဓာတ်ကျနေသည့် အမူအရာကြောင့် နားမလည်ဖြစ်သွားတော့သည်။ " ဘာလို့လဲ။ ညီမလုပ်ထားတဲ့ မုန့်က စားမကောင်းလို့လား။ "


ရွှီးချန် ပြန်မဖြေရသေးခင်တွင် နီနီလေးက ၀င်ဖြေလေသည်။ " နီနီ သိတယ် နီနီသိတယ်။ မေမေ့ရဲ့ ဟင်းချက်လက်ရာက မကောင်းလို့ အဲ့လိုဖြစ်နေတာ။ " 


သမီးဖြစ်သူ၏ အပြောကြောင့် ရွှီးချန်မှာ ရှက်သွားကာ မျက်နှာကြီး ရဲတက်လာတော့သည်။ စိတ်ဆိုးသွားဟန်ဖြင့် သမီးဖြစ်သူအား ခြောက်ခဲ့သည်။ " ယွီနီနီ၊ ပန်းပွင့်ဂါ၀န်လေး မလိုချင်တော့ဘူးလား။ "


နီနီသည် ပါးစပ်လေးအား လက်လေးများဖြင့် အုပ်လိုက်ကာ ပါးစပ်ပိတ်ထားဟန်ဖြင့် စကားထပ်မပြောတော့ပေ။ 


စုယွဲ့  - ...ဖွီ ....


ဒီသားမိနှစ်ယောက်က တကယ်ရယ်ရတာပဲ။ အခုလို ရယ်ရတဲ့သူမျိုးကို တွေ့ဖို့က ခဲယဥ်းသည်။ 


သားမိနှစ်ဦးနှင့် စုယွဲ့တို့ ရယ်ကာမောကာ စကားပြောနေကြသည်ကို တွေ့သည့်အခါ ကားပေါ်မှ မိန်းမတစ်စုက အကြည့်ချင်း မျက်စပစ်ကာ တိုးတိုး တိုးတိုးပြောနေကြတော့သည်။ 


၀မ်လျန်ယင်းသည် ဘေးတွင် စကားပြောရမည့်သူမရှိ၍ မဲ့ရွဲ့ကာသာ တစ်ယောက်တည်း မကျေမနပ်ပြောဆိုနေတော့သည်။ စုယွဲ့က တကယ့်ကို အကပ်တော်တာပဲဟု တွေးနေကာ ခေါင်းဆောင် မိန်းမကိုမှ သွားကပ်ပြီး မျက်နှာလုပ်နေ၍ အရှက်မရှိဘူးဟု တွေးနေလေသည်။ 


ဖန်းရှောင်းလီလည်း မျက်နှာပျက်နေခဲ့သည်။ စုယွဲ့ နောက်ကျောအား ကြည့်ကာ လက်သီးတင်းတင်းဆုပ်၍ မကျေမချမ်းဖြစ်နေတော့သည်။ 


သူမဘေးကို လာမထိုင်ဘဲ သူမအား မျက်လုံးထဲ မထည့်သည်မှာ မထူးဆန်းတော့ပေ။ သူမက မျက်နှာလုပ်ချင်နေတဲ့သူ သပ်သပ်ရှိနေပြီးပြီ။ ဒါကြောင့် သူမကို လျစ်လျူရှုကာ တခြားသူကို မျက်နှာသွားလုပ်နေတာပေါ့။ 


ရွှီးချန်၏ ခင်ပွန်း ယွီက တပ်ရင်းအုပ်ချုပ်သူ ဖြစ်သည်သာ မဟုတ်ဘဲ မိသားစုကလည်း အာဏာရှိသည့်မိသားစုဖြစ်သည်။ သို့ဖြစ်၍ တော်ရုံလူ အနားမကပ်နိုင်ကြပေ။ စုယွဲ့လို တောသူမတစ်ယောက်ဖြစ်တဲ့ တပ်ရင်းမှုးလေးတစ်ယောက်ရဲ့ မိန်းမကကြ ဘာလို့ အဲ့လို အတူတူစကားတွေ ပြောနေနိုင်ရတာလဲ။ 


စုယွဲ့သည် အခြားသူများ ဘယ်လိုတွေးနေကြသည်ကို လုံး၀မသိဘဲ ရွှီးချန်နဲ့သာ စကားတွေပြောနေလေသည်။ နှစ်ယောက်သားသည် ထျန်းနန်မှ တိပေအထိ စကားတပြောပြောဖြင့် စီးလာကြ၍ ရောက်လို့ရောက်မှန်းပင်မသိ ဖြစ်သွားကြတော့သည်။ 


ကားပေါ်မှ ဆင်းသည်အထိ နှစ်ဦးသည် မနှုတ်ဆက်ချင်ကြသေး။ အထူးသဖြင့် ရွှီးချန်ပင်။ သူမနှင့် စိတ်တူကိုယ်တူလူမျိုးကို တွေ့ရန်မှာ မလွယ်၍ဖြစ်သည်။ သူမသည် သာမန်လူတန်းစားများကဲ့သို့ အပ်ချုပ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဥယျာဥ်စိုက်ခြင်းများကိုသာ စိတ်၀င်စားတာဖြစ်သည်။ ဥပမာအားဖြင့် သူမ ပတ်၀န်းကျင်ရှိ လူများသည် ဂီတအကြောင်းကိုသာ ပြောနေကြ၍ သူမမှာ စိတ်ညစ်နေခဲ့ရတာဖြစ်သည်။ 


စုယွဲ့ကတော့ သူမနှင့်အတူ အကုန်လိုက်ပြောနိုင်လေသည်။ အပ်ချုပ်ခြင်းနှင့် ဥယျာဥ်စိုက်ခြင်းများဆိုပါက သူမထက်ပင် ပို၍ သိနေသေးသည်။ 


စုယွဲ့ကလည်း သူမနှင့်အတူ ခေတ်သစ်မှအကြောင်းများကို ပြောနိုင်သည့်သူကို တွေ့ရ၍ ပျော်နေတော့သည်။ အချိန်သာ ရပါက သူမသည် ဆက်၍ စကားပြောချင်နေသေးသည်။ 


သို့သော်လည်း နှစ်ဦးလုံး၌ လုပ်စရာများရှိနေ၍ ကိုယ့်လမ်းကိုယ် သွားကြရမည်ဖြစ်ကာ နောက်တစ်ခေါက် ပြန်တွေ့မှသာ ပြောကြတာပေါ့ဟု တွေးထားကြတော့သည်။ 


နှစ်ဦးသည် နှုတ်ဆက်လိုက်ကြပြီးနောက် ထွက်လာကြသည့် အခါတွင်တော့ အနောက်ဘက်သို့ ဦးတည်ကာ တစ်လမ်းတည်းကို သွားနေကြတာဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ရွှီးချန်က ထူးဆန်းသွားပြီး အရှေ့ဘက်သို့ ညွှန်ပြကာ ပြောခဲ့သည်။ " စုယွဲ့၊ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနက ဟိုဘက်မှာ။ လမ်းမှားနေပြိီ။ " စုယွဲ့က စျေး၀ယ်ဖို့ ထွက်လာတာဖြစ်လောက်သည်ဟု ထင်နေ၍ ဖြစ်သည်။


စုယွဲ့  - " စျေး၀ယ်မလို့ မဟုတ်ပါဘူး။ ဆေးရုံကို သွားမလို့ပါ။ "


ရွှီးချန်က အံ့သြသွားကာ ရယ်လျက် ပြန်ပြောခဲ့သည်။  " တိုက်ဆိုင်လိုက်တာ။ အစ်မက ဆေးရုံမှာ လုပ်တာလေ။ "


" ဟမ်? " စုယွဲ့လည်း အံ့သြသွားခဲ့သည်။ " အစ်မရွှီးချန်က ဆရာ၀န်လား။ "


ရွှီးချန်က ခေါင်းညိတ်ပြခဲ့သည်။ " ဟုတ်တယ်။ အဲ့တော့ အစ်မတို့က တစ်လမ်းတည်းသွားကြမှာပဲဟာကို ခုနက ခွဲရမှာကို ၀မ်းနည်းနေကြတာပေါ့လေ။ လာ၊ အစ်မ လမ်းပြပေးမယ်။ "


စုယွဲ့သည်လည်း တိုက်ဆိုင်မှုကြောင့် အံ့သြနေခဲ့သည်။ သူမသည် ဆရာ၀န်နှင့် တွေ့ဖို့လာခဲ့တာဖြစ်ကာ ဆေးရုံမရောက်ခင် ဆရာ၀န်တစ်ယောက်နှင့် တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့မိ။ " အစ်မရွှီးချန်၊ အစ်မက ဘယ်ဌာနမှာ လုပ်တာလဲ။ "


" အစ်မက သားဖွားမီးယပ်ကလေ။ ညီမကရော၊ ဘာလို့လဲ။ နေမကောင်းလို့ ဆေးရုံကို လာပြတာလား။ "


စုယွဲ့ ခေါင်းခါပြလိုက်သည်။ " နေမကောင်းလို့ မဟုတ်ပါဘူး။ လိုချင်တဲ့ တိုင်းရင်းဆေးလေးတွေ ရှိလို့ ဆေးရုံမှာ ၀ယ်လို့ရမလား သိချင်လို့ လာတာ။ "


ဘာအတွက်သုံးမည်အထိ မပြော၍ ရွှီးချန်လည်း ထပ်မမေးဖြစ်တော့ချေ။ " ဒါဆိုလည်း အစ်မကို ပြကြည့်လေ ။ ဆေးရုံကနေ ရနိုင်မလား အစ်မကူကြည့်ပေးမယ်။ "


ထိုသို့ ကြားသည့်အခါ စုယွဲ့ ပျော်သွားကာ သူမရေးထားသည့် စာရင်းအား ထုတ်ပြလိုက်သည်။ 


ရွှီးချန်သည် ကြည့်ကာ ပြောခဲ့သည်။ " တချို့ဟာတွေကတော့ ရနိုင်တယ်။ တစ်ချို့ကိုတော့ အစ်မလည်း မသိဘူး။ မေးကြည့်ပေးမယ်လေ။ " 


စုယွဲ့ - " ဟုတ်ကဲ့ ။ ကျေးဇူးပါနော် အစ်မ ရွှီးချန်။ " 


အသိရှိနေ၍ စုယွဲ့အတွက် လွယ်ကူသွားသည်။ ရွှီးချန်သည် ခဏအကြာတွင် ပြန်ထွက်လာကာ ပြောပြခဲ့သည်။ " ဆေးရုံမှာ ရနိုင်တာက ခုနစ်မျိုးပဲရှိတယ်။ ကျန်တဲ့ လေးမျိုးကတော့ မရှိဘူး။ မှင်နဲ့၀ိုင်းထားတာတွေက မရတဲ့ဟာတွေ။ အဲ့လေးမျိုးက ရှားတော့ သာမန်ဆေးရုံတွေမှာ မရနိုင်လောက်ဘူး ထင်တယ်။ "


စုယွဲ့သည် လေးမျိုးတောင်မှ ရှာ၍ မရဖြစ်မည်ဟု မထင်ထားခဲ့၍ အနည်းငယ် စိတ်ပျက်သွားတော့သည်။ " ဒါဆိုလည်း အစ်မချန် ရတဲ့ ခုနစ်မျိုးကိုပဲ ၀ယ်ပေးလို့ရမလား။ ကျန်တာတွေကိုတော့ ညီမဘာသာ ရှာ၀ယ်လိုက်ပါ့မယ်။ "


ရွှီးချန်က ခေါင်းညိတ်ပြကာ စုယွဲ့အား ဆေး၀ယ်ပေးခဲ့သည်။ " ကျန်တဲ့ လေးမျိုးကရော အရေးတကြီး လိုနေတာလား။ အစ်မရဲ့ အဘိုးက တိုင်းရင်းဆေးဆရာလေ။ သူက ဆေးဆိုင်လည်း ဖွင့်ထားသေးတယ်။ သူကိုယ်တိုင်လည်း တောင်ပေါ်တက်ပြီး ဆေးပင်တွေရှာတက်တယ်။ သူ့ဆီမှာ ရှိရင် ရှိလောက်မှာ။ မေးကြည့်ပေးရမလား။ "


" အဲ့လိုဆို အဆင်ပြေတာပေါ့။ " စုယွဲ့က ကျေးဇူးတင်လွန်း၍ ဘာပြောရမည်ကိုပင် မသိတော့ချေ။ သူမ တကယ်ကံကောင်းတာပဲ။ ရွှီးချန်တို့ သားအမိကိုသာ မတွေ့ခဲ့ရင် ဆေးပင်များကို ဤမျှ လွယ်လွယ်နှင့် ၀ယ်နိုင်မည် မဟုတ်ပေ။