အပိုင်း ၆၀
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၀ - ၀န်ခံခြင်း၊ ဆေးဖော်ခြင်း




စုယွဲ့က ရလာသည့် ဆေးပင်ခုနစ်မျိုးကို ယူကာ အိမ်သို့ ပြန်လာလိုက်သည်။ ကျန်သည့် လေးမျိုးကိုတော့ အစ်မရွှီးချန်ထံမှ သတင်းကို စောင့်နေရုံသာ ရှိတော့သည်။ ကံကောင်းချင်တော့ ရွှီးချန်သည် နောက်သုံးရက်ကြာတွင် ဆေးပင်လေးမျိုးနှင့်အတူ သူမဆီ ရောက်လာခဲ့သည်။ 


" အစ်မ အဘိုးမှာ ရှိတယ်ဆိုလို့ အစ်မလည်း ယူလာပေးတာ။ "ရွှီးချန်က ပြောခဲ့သည်။ 


စုယွဲ့က ၀မ်းသာသွားပြီး ကျေးဇူးတင်စကား ပြောခဲ့သည်။ " အစ်မရွှီးချန် ကျေးဇူးပါနော်။ အစ်မကြောင့်သာ မဟုတ်ရင် ဒ်ီဆေးပင်တွေကို ဘယ်လိုရှာရမလဲ မသိတော့ဘူး။ ဒါနဲ့ ဒါတွေက အရမ်းရှားတယ်မလား၊ ဘယ်လောက်ကျလဲဟင်။ ညီမပေးပါ့..."


စုယွဲ့က ပိုက်ဆံပြန်ပေးရန် ပြောသည့်အခါတွင် ရွှီးချန်သည် တားတော့သည်။ " မလိုပါဘူး။ အစ်မလည်း  ၀ယ်လာတာမဟုတ်ဘူး။ အဘိုးမှာ ရှိတယ်ဆိုလို့ အစ်မလည်း နည်းနည်းတောင်းလာတာ။ အဲ့ဒါကို ဘယ်လိုလုပ် ပိုက်ဆံပြန်တောင်းရမှာလဲ။ "


စုယွဲ့- ဘယ်လိုလုပ်ဖြစ်ပါ့မလဲ၊ အစ်မရယ်။ ဒါတွေက အရမ်းရှားတဲ့ဟာကို။ ဒီအတိုင်းယူလို့ ဘယ်ဖြစ်ပါ့မလဲ။"


ရွှီးချန်ကတော့ ငြင်းဆဲပင်။ " ရပါတယ်။ မိတ်ဖြစ်ဆွေဖြစ်လို့ပဲ သဘောထားလိုက်ပါ။ မိတ်ဆွေတွေကြားမှာ အားနာနေစရာ မလိုဘူးလေ၊ ဟုတ်တယ်မလား။ ဒါမှ မဟုတ်ရင်လည်း အရင်တစ်ခါ နီနီ့ကို ကျွေးတဲ့ ကိတ်မုန့်လေးပဲ ထပ်လုပ်ပေးလေ။ အစ်မ အဘိုးဆီယူသွားပေးလိုက်မယ်။ ဆေးပင်တွေရဲ့ အဖိုးအခအနေနဲ့ပေါ့၊ မကောင်းဘူးလား။ "


စုယွဲ့က ကျေးဇူးမသိတက်သူ မဟုတ်၍ ထိုသို့ကြားသည့်အခါ ၀မ်းမြောက်၀မ်းသာ လက်ခံခဲ့သည်။ " ရပါတယ်။ လုပ်ရတာလည်း ခက်တဲ့ဟာမှ မဟုတ်တာ။ ညီမ လုပ်ပေးပါ့မယ်။ ကိတ်မုန့်အပြင် တခြားဟာလေးတွေပါ လုပ်ပြီးမှပဲ တစ်ခါတည်း ပေးတော့မယ်နော်။ "


ရွှီးချန် - " အဲ့လိုဆို ပိုကောင်းတာပေါ့။ ပိုက်ဆံပြန်ပေးတာထက်တောင် အစ်မက ပိုသဘောကျသေးတယ်။ "


အမှန်တွင် သူမတို့ မိသားစု၌ ပိုက်ဆံပြတ်လပ်နေခြင်းမရှိပေ။ ပိုက်ဆံနှင့် ယှဥ်ပါက အရသာရှိသည့် အစားအစာများကိုသာ ပိုသဘောကျကြသည်။ ပြီးတော့ ယခုခေတ်တွင် ပိုက်ဆံရှိရုံနှင့် ၀ယ်လို့ရတာတွေကလည်း အများကြီးရှိမနေပေ။ စုယွဲ့လုပ်ပေးသည့် မုန့်များဆိုလျှင်လည်း အရသာရှိသော်ငြား အပြင်တွင် ၀ယ်၍မရနိုင်ချေ။ ထိုမျှ စားကောင်းသည့်မုန့်များအား လူကြီးများထံ လက်ဆောင်ပေးပါက မျက်နှာပန်းလှလေသည်။ သို့ဖြစ်၍ သူမအမြင်တွင် စုယွဲ့ပြုလုပ်ထားသည့် ကိတ်မုန့်များ၏ တန်ဖိုးမှာ မနိမ့်ကျပေ။ 


စုယွဲ့သည် ရွှီးချန်၏ ကြင်နာမှုကို တုံ့ပြန်ရန် ထိုနေ့မှာပဲ မုန့်များကို စလုပ်တော့သည်။ ယခင်တစ်ခေါက်က နီနီ့အား ပေးခဲ့သည့် ကိတ်မုန့်အပြင် ပဲနီပိုင်မုန့်၊ ကြက်ဥအနှစ်ပိုင်မုန့်များကိုပါ လုပ်လိုက်သည်။ အရသာရှိလှသည့် ၀ိုင်အရသာ မုန့်လိမ်လေးများကိုပါ လုပ်လိုက်သေးသည်။ 


ဟန်အိုက်ကော ပြန်လာချိန် သူမ မုန့် အများကြီးလုပ်နေတာကို မြင်ပြီး မေးတော့သည်။ " ဘယ်သူ့အတွက် လုပ်နေတာလဲ။ "


စုယွဲ့လည်း ဆေးပင်များရရန် ရွှီးချန်ကူညီပေးခဲ့ပုံများကို ပြန်ပြောပြလိုက်သည်။ 


ဟန်အိုက်ကော - " ဆေးပင်တွေ အများကြီး ၀ယ်ပြိိး ဘာလုပ်မလို့လဲ။ "


ကျီရွှယ့်စန်အား လုပ်ရသည့် ရည်ရွယ်ချက်မှာ ဟန်အိုက်ကောအတွက် ဖြစ်သည်။ လုပ်ပြီးသည့်နောက် သူ့လက်ထဲ ထည့်ပေးလိုက်ရမည်ဖြစ်၍ စုယွဲ့လည်း သူ့အား ကွယ်၀ှက်မထားဘဲ အမှန်အတိုင်း ဖြေပေးလိုက်သည်။ " ဆေးညွှန်းတစ်ခုရှိလို့လေ။ အဲ့ဒါကြောင့် လုပ်ကြည့်မလို့။ ကျီရွှယ့်စန်လို့ ခေါ်တယ်။ အနာပေါ် ဖြူးလိုက်တာနဲ့ သွေးတိတ်သွားပြီး အနာကျက်လည်း မြန်လာလိမ့်မယ်။ အဲ့ဒါကြောင့် နည်းနည်းလောက် လုပ်ထားမလို့။ ရှင် ဆောင်ထားပြီး လိုရင် ထုတ်သုံးလို့်ရတာပေါ့။ အခု ရှင်လုပ်နေရတာတွေက အန္တရာယ်များတဲ့ဟာတွေဆိုတော့ စိုးရိမ်လို့လေ။ "


ဟန်အိုက်ကောသည် စုယွဲ့အား အံ့သြတကြီး ကြည့်ကာ မသေချာဟန်ဖြင့် ပြန်မေးခဲ့သည်။ " ယွဲ့အာ၊ ဆေးညွှန်းကို ဘယ်ကရတာလဲ။ အရင်က တစ်ခါမှ မကြားဖူးသလိုပဲ။ "


ဟန်အိုက်ကော သံသယ၀င်မည်ကို စုယွဲ့သိထား၍ ကြိုတင်ကာ စိတ်ကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူ့အား ဆေးညွှန်းအကြောင်းပြောပြလိုက်ပါက ကျိန်းသေပေါက် မေးခွန်းများ မေးလာတော့မှာဖြစ်သည်။ သို့ဖြစ်၍ စုယွဲ့က ဘယ်လိုပြန်ဖြေရမည်ကို စဥ်းစားထားပြီးပြီဖြစ်သည်။ သူ့အား ခြေထောက်ကို ပြန်ကုပေးခဲ့စဥ်ကလိုပင် တစ်ခြားတစ်ဦးဆီမှ ရတာဖြစ်သည်ဟု ဖြေရန်စဥ်းစားခဲ့သေးသော်လည်း သူမ ထိုအကြံအား လက်လျှော့လိုက်သည်။ 


အကြောင်းမှာ ဟန်အိုက်ကောသည် ငတုံးတစ်ယောက်မဟုတ်၍ပင်။ သူ့ခြေထောက်အား ကုပေးစဥ်က ပထမဆုံးအကြိမ်ဖြစ်သည်မို့ သူသည် ယုံလောက်သော်လည်း နောက်တစ်ကြိမ်တွင်ပါ ယခုခေတ် ဆေးပညာများထက် သာလွန်နေသည့် ဆေးညွှန်းကို ထပ်တွေ့ပါက သာမန်လူသည်ပင် သံသယ၀င်ကြမည်သာ။ 


ပို၍ အရေးပါသည်က ဟန်အိုက်ကောသည် သူမနှင့် တစ်သက်လုံးအတူတူ ကုန်ဆုံးသွားရမည့် သူမ၏ ခင်ပွန်းဖြစ်၍ သူမ မလိမ်ချင်ပါ။ စနစ်သည် သူ့တည်ရှိမှုအား ဖော်ပြခွင့်မပြုသော်လည်း စုယွဲ့သည် ဟန်အိုက်ကောအား မလိမ်ညာချင်တော့ပါ။ 


" ရဲဘော်ဟန်၊ ကျွန်မကို ယုံတယ်မလား။ " စုယွဲ့ ကအကြည့်ချင်းဆုံကာ မေးလိုက်သည်။


ဟန်အိုက်ကော၏ မျက်နှာသည် တည်လာကာ စုယွဲ့၏ မျက်၀န်းများအား စိုက်ကြည့်ကာ ပြန်ဖြေပေးလေသည်။ " ကိုယ့်ရဲ့ အသက်ကို ပေးရဲတဲ့အထိကို ယုံတယ်။ " တွေဝေခြင်းမရှိဘဲ မင်းသာဆိုရင် ကိုယ့်ရဲ့ ဘ၀တစ်ခုလုံးကိုတောင် ပုံပေးနိုင်တယ်။ 


စုယွဲ့ ပြုံးပြကာ ဟန်အိုက်ကောအား ခပ်ဖွဖွ အနမ်းလေးပေးလိုက်မိသည်။ " ဒါဆို ကျွန်မ အမှန်အတိုင်း ပြောပြမယ်။ ဆေးညွှန်းက လျှို့၀ှက်တစ်နေရာကနေရလာတာ။ အဲ့ဒါကို ကျွန်မပဲ သိတယ်။ ရှင်အပါအ၀င် တစ်ခြား ဘယ်သူ့ကိုမှ ပြောပြလို့မရတာမို့ ကျွန်မကို ဆက်မမေးတော့လို့ ရမလား။ ဒါပေမယ့် စိတ်ချပါ။ ကျွန်မက မကောင်းတာ ဘာမှမလုပ်ပါဘူး။ ရှင့်ကိုလည်း ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။  "


ဟန်အိုက်ကောက သူမအား ရှုပ်ထွေးနေသည့် မျက်၀န်းများဖြင့် ကြည့်နေကာ တွေဝေနေပြီးမှ ထပ်မေးလာလေသည်။ " ယွဲ့အာ၊ ကိုယ့်ခြေထောက်တွေကို ကုပေးတဲ့ ဆေးညွှန်းကလည်း ရှေးတိုင်းရင်းဆေးဆရာဆီက ရလာတာ မဟုတ်ဘူးမလား။ "


စုယွဲ့သည် လန့်သွားတော့သည်။ " ရှင် .... ဘာလို့ အဲ့လိုမေးတာလဲ။ "


ဟန်အိုက်ကော - " ကိုယ် တစ်ယောက်ကို စုံစမ်းခိုင်းခဲ့ပေမယ့် မင်းပြောတဲ့ ရှေးတိုင်းရင်းဆေးဆရာဆိုတဲ့သူကို ရှာမတွေ့ခဲ့ဘူး။ ပြီးတော့ ဆေးညွှန်းကလည်း တိုင်းရင်းဆေးဆရာဆီက ရနိုင်တဲ့ ဟာမျိုးမဟုတ်တော့ မင်းဆီကပဲ ရတာလို့ ကိုယ်ထင်နေခဲ့တာ။ "


ဟန်အိုက်ကော ထိုမျှပါးနပ်နေခဲ့လိမ့်မည်ဟု စုယွဲ့မထင်ထားဘဲ သူမပြောတာကို ယုံကြည်သွားသည်ဟူ၍ပဲ အမြဲထင်နေခဲ့တာဖြစ်သည်။ ဒီလူက သူမအား အစတည်းက သံသယ၀င်နေခဲ့သော်လည်း ထုတ်မမေးခဲ့တာ ဖြစ်နေမည်ဟု ထင်မထားခဲ့မိပါ။ ဒီလူက သူမ ထင်ထားတာထက်ကို ပို၍ ထက်မြက်နေသည်ပင်။ 


စုယွဲ့ မငြင်းဘဲ အမေးသာ ပြန်ထုတ်လိုက်သည်။ " ဒါဆို ဘာလို့ အခုချိန်ထိ မမေးဘဲ နေခဲ့တာလဲ။ "


ဟန်အိုက်ကောက သက်ပြင်းချလိုက်ကာ သူမအား ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ့လျက် နမ်းခဲ့သည်။ " ဘာလို့ဆို ကိုယ်မင်းကို ယုံလို့ပေါ့။ မင်းက ကိုယ့်ကို မသိစေချင်မှတော့ ကိုယ်လည်း မမေးတော့ဘူးလေ။ မင်းကိုယ်တိုင် ပြောချင်တဲ့အချိန်ရောက်မှ ကိုယ့်ကို ပြောလာဖို့ကို စောင့်နေခဲ့တာ။ ကိုယ့်ရင်ထဲမှာ မင်းက အရေးအကြီးဆုံးပဲ။ မင်းမှာ လျှို့၀ှက်ချက်တွေ ရှိနေရင်လည်း ရတယ်။ ကိုယ့်ဘေးမှာ ရှိနေသ၍ ကိုယ်က မင်းရဲ့ လျှို့၀ှက်ချက်တွေကို ကူပြီး ထိန်းသိမ်းပေးမှာ။ "


စုယွဲ့မှာ ရုတ်တရက် အတွေးများသွားတော့သည်။ ဒီလူက သူမ ထင်သလို တုံးအနေခဲ့တာ မဟုတ်ဘူးပဲ။ အကုန်သိနေလျက်ဖြင့် ဘာမှမပြောဘဲ သူမအား စိတ်တိုင်းကျနေစေကာ ကာကွယ်ပေးနေခဲ့တာတဲ့လေ။ 


စုယွဲ့ သူ့ရင်ခွင်ထဲသို့ တိုးလိုက်ကာ တိုးတိုးလေး ပြောမိသည်။ " ဟန်အိုက်ကော၊ ကျေးဇူးပါ။ "


ဟန်အိုက်ကောက သူမ ကျောအား ပုတ်ပေးကာ စိုရိမ်နေသည့် အသံဖြင့်ပြောခဲ့သည်။ "'ဒါပေမယ့် ယွဲ့အာ မင်းထုတ်လာတဲ့ ပစ္စည်းတွေအကုန်လုံးက တန်ဖိုးကြီးတာတွေချည်းပဲ။ မင်းသိထားရမှာက လူတိုင်းက စိတ်ထားကောင်းကြတဲ့သူတွေ မဟုတ်ဘူး။ စိတ်သဘောထား ယုတ်ညံ့သူတွေသာ သိသွားရင် ကံကောင်းမှုကနေ ကံဆိုးမှုအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒါကြောင့် သတိထားမှရမယ်။ နောင်ကျ တစ်ခုခုလိုလာရင် ကိုယ့်ကိုပြော၊ ကိုယ်ရအောင် လုပ်ပေးမယ်။ တစ်ခြားသူတွေကို လွယ်လွယ်မပြောမိစေနဲ့။ "


ပြီးနောက် ထပ်ပြောပြန်ခဲ့သည်။ " ယွဲ့အာ၊ လူတိုင်းကို မယုံနဲ့နော်။ "


ဟန်အိုက်ကောက ဆယ့်ငါးနှစ်အရွယ်တွင် စစ်သားတစ်ဦးဖြစ်လာခဲ့သဖြင့် တောမှ မသိနားမလည်သည့် ကလေးတစ်ယောက် မဟုတ်တော့ချေ။ တပ်ထဲမှ ပတ်၀န်းကျင်အနေအထားသည် ရိုးစင်းသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တွင် ထိုသို့မဟုတ်ပါ။ ဆန့်ကျင်စွာဖြင့် ဒုက္ခများနှင့် ရာထူးအာဏာများက အစအဆုံးရှိနေကာ သူသည် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးပြီဖြစ်ကာ သူ့နောက်ကျောတွင်လည်း မမြင်ရသော မြှားများစွာ စိုက်၀င်နေခဲ့သည်။ ထိုသည်ကို သူ နာကျင်မှုများစွာ တာ၀န်များစွာကို ကြံ့ကြံ့ခံကာ ဖြတ်သန်းပြီးသော်လည်း တပ်ရင်းမှုးလေးတစ်ယောက်သာ ဖြစ်နေသေးသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ 


ဟန်အိုက်ကောသည် စစ်သားတစ်ယောက်ဖြစ်သော်လည်း ဘယ်သူ့ဘယ်သူဆီကမှ အရူးလုပ်မခံပါ။ သူကိုယ်တိုင် ဒုက္ခခံနိုင်သော်လည်း စုယွဲ့ကိုတော့ လုံး၀ဘေးမကျရောက်စေလိုပေ။ သူမသာ တစ်ခုခုဖြစ်သွားပါက သူ ဘာလုပ်ရမလဲကို မသိလောက်တော့ချေ။


စုယွဲ့လည်း ဟန်အိုက်ကော၏ စိုးရိမ်မှုများကို နားလည်၍ နှစ်သိမ့်သည့်အနေဖြင့် အနမ်းပေးလိုက်ကာ ပြောမိသည်။ " ကျွန်မ သိပါတယ်။ ကျွန်မကလည်း မအပါဘူး။ စိတ်မပူနဲ့။ အစ်မရွှီးချန်က်ို ဆေးပင်တွေရှာခိုင်းလိုက်ပေမယ့် ဘာအကြောင်းမှ မပြောလိုက်ဘူး။"


စုယွဲ့လည်း ဆေးညွှန်း၏ အရေးပါမှုကို သိသည်။ စျေးကွက်ထဲရောက်သွားပါက လူပေါင်းများစွာ လိုချင်ကြမည်ကိုလည်း သိသည်။ သာမန်လူများသည် အာဏာမရှိကြ၍ ဤဆေးညွှန်းအား လက်၀ယ်ထားပါက ရတက်မအေးရ၍ တစ်ခုတည်းသော အန္တရာယ်ကင်းသည့် နည်းလမ်းမှာ တိုင်းပြည်၏ စစ်တပ်အား အပ်နှံလိုက်ခြင်းသာ ဖြစ်သည်။


စုယွဲ့သည်လည်း ဆေးညွှန်းအား စစ်တပ်ထံ အပ်လိုက်ရမည်ကို မနှမြောပါ။ အနည်းဆုံးတော့ အဲ့လိုသာဆို လူအများအား ကူညီပေးနိုင်တယ် မဟုတ်လား။ အရင်တုန်းက ဟန်အိုက်ကော၏ ခြေထောက်အား ကုသပေးသည့် ဆေးညွှန်းလိုပင်။ အခြားသူများလည်း သက်သာသွားကြပါစေတော့ဟူသည့် ရည်ရွယ်ချက်ဖြင့် ဆရာ၀န်အား သူမ အလကားပေးပစ်ခဲ့သည်။ သို့သော်လည်း ကျီရွှယ်စန်ကတော့ ကွဲပြားပေသည်။ ဆေးပင် ဆယ့်နှစ်မျိုးလိုအပ်ကာ ဆယ့်တစ်မျိုးအား လွယ်လင့်တကူ ရှာတွေ့နိုင်သော်လည်း အရေးအကြီးဆုံးဖြစ်သည့် မျက်မမြင်ဟန်ရှုးမြက်က ဤလောက၌ မျိုးတုံးနေပြီဖြစ်သည်။ ရှာတွေ့နိုင်သည့် တစ်ခုတည်းသော နေရာမှာ စနစ်ကုန်တိုက်တွင်သာ ဖြစ်သည်။ 


သူမသည်လည်း ဟန်ရှုးမြက်အား လဲလှယ်ရန် အမှတ်များစုရဦးပေမည်။ တန်ဖိုးမှာ အမှတ်တစ်ထောင်ဖြစ်ကာ ဆေးညွှန်း၏ တန်ဖိုးနှင့် အတူတူပင် ဖြစ်သည်။ စျေးကြီးလွန်း၍ စုယွဲ့မှာ ရင်နာနာဖြင့် မသမာသော စနစ်ကိုသာ အပြစ်တင်နေမိတော့သည်။ ပို၍ စိတ်ညစ်ဖို့ကောင်းသည်က ၀ယ်ပြီးလျှင်တောင် ရလာမည့်ဆေးမှာ ကြွေပုလင်းလေးတစ်ပုလင်းစာသာဖြစ်၍ ထပ်လုပ်လိုပါက နောက်ထပ် ၀ယ်ယူရန် အမှတ်များ ထပ်စုရဦးမည်။ 


သည့်အပြင် သူမ စုထားသည်မှာ လအတော်ကြာပြီဖြစ်သော်လည်း အမှတ်နှစ်ထောင်ထိသာ စုမိပြီး တစ်ခါ၀ယ်ပြီးသည်နှင့် မွဲပြာကြပြီဖြစ်ကာ ထပ်မ၀ယ်နိုင်တော့ပေ။ သို့ဖြစ်၍ ယခုတစ်ခေါက်တော့ အများအပြားထုတ်လုပ်ဖို့ နေနေသာသာ ကြွေပုလင်းလေးတစ်ပုလင်းစာသာ လုပ်နိုင်လောက်သည်။ 


ကျိီရွှယ့်စန်အား ဤလောကရှိ လူအများအတွက် လုပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ ဤဆေးအား သူမလက်ထဲတွင် ဟန်အိုက်ကောအတွက် သုံးရန်သာ ထားရတော့မည် ဖြစ်သည်။ 


စုယွဲ့ စကားများကြောင့် ဟန်အိုက်ကောက သက်သာရာရသွားသလို သက်ပြင်းချခဲ့သည်။ " ဒါဆိုလည်း နောင် ဆေးပင်တွေလိုရင် ကိုယ့်ကိုယ့်ပဲပြော၊ ကိုယ်ရှာပေးမယ်"


စုယွဲ့သည် ဟန်အိုက်ကော လုပ်နေကြအတိုင်း အတုခိုးကာ အလေးပြုရင်း ပြောခဲ့သည်။" သိပါပြီ၊ ရဲဘော်! " ဘယ်လိုပဲဖြစ်ဖြစ် သိသွားပြီဆိုမှတော့ ဆေးပင်ရှာမယ်ဆို သူ့ကိုပြောရလည်း က်ိစ္စမရှိတော့ချေ။ 


အားလုံး ဖွင့်ပြောပြီးနောက် စုယွဲ့က အေးအေးဆေးဆေး သက်သက်သာသာ ဖြစ်သွားတော့သည်။ အဟုတ်ကိုပဲ အရင်းနှီးဆုံးသူနှင့် လျှို့၀ှက်ချက်များအား ဝေမျှရခြင်းသည် တကယ်ကို ကောင်းမွန်လှသည်။ နောင်ဆို ဟန်အိုက်ကော မသိအောင် ဟန်ဆောင်နေစရာ မလိုတော့ပေ။ 


အားလုံးပြောပြီးမှသာ စုယွဲ့သည် ရွှီးချန်၏ သရုပ်မှန်အား မသိသေးသည်ကို သတိရသွား၍ ဟန်အိုက်ကောအား မေးတော့သည်။ " အစ်မရွှီးချန်က ဘယ်သူ့ရဲ့ ဇနီးလဲသိလား။ ကျွန်မ မေးဖို့ မေ့နေလို့။ "


ဟန်အိုက်ကောက ရယ်ချင်သွားသည်။ သူ့မိန်းမက ပေါင်းသာပေါင်းနေတာ ဘယ်သူမှန်းတောင်မသိဘဲ ပေါင်းနေတာတဲ့။ အခုမှပဲ မေးဖို့ သတိရတော့တယ်။ ဘယ်လောက်တောင် တုံးလိုက်လဲ။ 


စုယွဲ့က နှုတ်ခမ်းဆူကာ ပြန်ပြောတော့သည်။ " ကျွန်မတို့ချင်း ခင်နေရင် ရပြီလေ။ သူ့ယောက်ျား ဘယ်သူဆိုတာက အရေးကြီးလို့လား။ "


ဟန်အိုက်ကောသည်လည်း မိန်းမဖြစ်သူက လူကိုသာ ကြည့်ပေါင်းတာဖြစ်ကာ နောက်ခံကို ကြည့်သူမဟုတ်သည်ကို သိ၍ သဘောကျသွားတော့သည်။ သူ့အတွက် အတင်းမိတ်ဆွေဖွဲ့ပေးနေမည်ကို သူလည်းသဘောမကျချေ။ သူမ ပျော်နေရင် ရပြီ။ 


" ကိုယ်ထင်တာ သူက ကိုယ်တို့တပ်ရင်းက ခေါင်းဆောင်းယွီရဲ့ ဇနိီးဖြစ်လောက်တယ်။ "


စုယွဲ့သည် ခေါင်းညိတ်ပြကာ ထပ်မမေးတော့ချေ။ ရွှီးချန်က ဘယ်သူ့ဇနီးဖြစ်ဖြစ် အရေးမကြီးပါ။ 


ကိတ်မုန့်များ လုပ်လို့ပြီးသွားသည့်အခါ ရွှီးချန်သည် နေ့ခင်းတွင် အိမ်မှာ မရှိလောက်သလို အခြားသူများက သူမ မုန့်များပို့ပေးသည်ကို မြင်သွားမည်ကိုလည်း မလိုချင်၍ စုယွဲ့က ညမှသာ ပို့ပေးတော့မည်ဟု တွေးထားသည်။ သို့ဖြစ်၍ ညစာစားပြီးမှသာ ထွက်လာလိုက်တော့သည်။ 


ရွှီးချန်၏ အိမ်သည် နောက်တစ်ဆောင်တွင်ဖြစ်၍ အနည်းငယ် လျှောက်သွားရန်လိုသည်။ ဟန်အိုက်ကောက စိတ်မချတာကြောင့် စုယွဲ့ကို အဆောင်အောက်ထပ်ထိ လိုက်ပို့ပေးခဲ့သည်။ သို့သော်လည်း သံသယများကို ရှောင်ရန် အပေါ်ထိတော့ မလိုက်ဘဲ အောက်တွင်သာ စောင့်နေခဲ့သည်။ 


ရွှီးချန်၏ အိမ်ရှေ့သို့ ရောက်သည့်အခါ စုယွဲ့ တံခါးခေါက်လိုက်သည်။ တံခါးဖွင့်ပေးလာသူမှာ သုံးဆယ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ တရုတ်မျက်နှာပေါက်မျိုးရှိကာ မျက်ခုံးထူထူ မျက်လုံး၀ိုင်း၀ိုင်းရှိလေသည်။ ရုပ်တည်ကြီးဖြင့် နေနေ၍ ဟန်အိုက်ကောနှင့် ခပ်ဆင်ဆင်ပင်။ 


ရွှီးချန်၏ ခင်ပွန်း ခေါင်းဆောင်ယွီဖြစ်လောက်၍ စုယွဲ့လာရခြင်း အကြောင်းကို ပြောပြလိုက်သည်။ " ခေါင်းဆောင်ယွီ၊ ကျွန်မ အစ်မရွှိီးချန်ကို တွေ့ဖို့လာခဲ့တာပါ။ အစ်မ အိမ်မှာရှိရဲ့လား။ "


ယွီဝေ့လျန်သည် စုယွဲ့အား အကဲခတ်နေကာ မိန်းမဖြစ်သူ အခုတလော တစ်ဖွဖွပြောနေသည့် စုယွဲ့ဆိုသူဖြစ်မည်ဟု သိလိုက်၍ အိမ်ထဲသို့ ဖိတ်လိုက်ကာ ရွှီးချန်အား လှမ်းခေါ်ခဲ့သည်။ " ရွှီးချန်၊ ဧည့်သည်လာတယ်။ "


ရွှီးချန်သည် အခန်းထဲမှ ထွက်လာကာ စုယွဲ့အား တွေ့သည့်အခါ ပျော်သွားတော့သည်။ " ညဘက်ကြီး ဘာကိစ္စရှိလို့ ရောက်လာတာတုန်း။ "


စုယွဲ့ ယူလာသည့် ခြင်းလေးအား ဖုံးထားသည့် အ၀တ်ကို ဖယ်ပြလိုက်သည်။ " ညီမ ဘာတွေ ယူလာလဲ ကြည့်ပါဦး။ "


ရွှီးချန်သည် အံ့သြသွားကာ ကလေးများကဲ့သို့ ဖြစ်သွားသည်။ " ၀ါး " " အနံ့လေးက မွှေးနေတာပဲ။ ဘာတွေလုပ်လာတာလဲ။ "


အခန်းထဲတွင် ဆော့နေသည့် နီနီသည်လည်း အနံ့မွှေးမွှေးလေးကြောင့် လက်ထဲမှ အရုပ်မလေးအား ပစ်ချကာ ပြေးထွက်လာတော့သည်။ စားပွဲပေါ်ရှိ မုန့်အပြည့်နှင့်ခြင်းအား တွေ့သည့်အခါ ၀မ်းသာသွား၍ အပြေးလာကာ တံတွေးမျိုချရင်း မေးခဲ့သည်။ " ဒေါ်ဒေါ်၊ ဒါတွေက အိမ်ဖို့လားဟင်။ " 


စုယွဲ့ ကလေးမလေး၏ ခေါင်းအား ပုတ်ပေးကာ ပြန်ဖြေပေးလိုက်သည်။ " ဟုတ်တယ်။ ဒါတွေက သမီးနဲ့ သမီးအမေဖို့။ "


" ၀ါး - " နီနီသည် ထိုသို့ကြားသည့်အခါ ချက်ချင်းဆိုသလို ခြင်းထဲမှ ကြက်ဥအနှစ်ပိုင်မုန့်လေးအား ယူလိုက်ကာ ပါးစပ်ထဲကောက်ထည့်လိုက်တော့သည်။ ပြီးနောက် အတော်လေး သဘောကျနေသည့်ဟန်ဖြင့် ပြောခဲ့သည်။ "စားလို့ကောင်းလိုက်တာ"


 ရွှီးချန်က သမီးဖြစ်သူ၏ လက်ထဲမှ မုန့်အား ပြန်လုလိုက်ကာ ဆူခဲ့သည်။ " လက်လည်း မဆေးရသေးဘဲနဲ့ မုန့်ယူစားရလား။ လက်က ဘတ်တီးရီးယားတွေ ဗိုက်ထဲ၀င်ကုန်ရင် ဗိုက်အောင့်လိမ့်မယ်။ "


ထိုအခါမှသာ နီနိီသည် ရေချိုးခန်းထဲသို့ ပြေးကာ လက်သွားဆေးတော့သည်။ ပြီးနောက် ပြန်ပြေးထွက်လာကာ မုန့်များကို ဆက်စားတော့သည်။ 


ရွှီးချန်သည်လည်း ဟန်ဆောင်မနေဘဲ တစ်ခုယူစားခဲ့သည်။ စားနေရင်းမှသာ စုယွဲ့အား ခင်ပွန်းဖြစ်သူနှင့် မိတ်မဆက်ပေးရသည်ကို သတိရ၍ မိတ်ဆက်ပေးလေသည်။ " ဒါက အစ်မယောက်ျားလေ။ ခဲအိုလို့ပဲ ခေါ်လည်းရတယ်။ "


စုယွဲ့သည် ခေါင်းဆောင်ယွီဟုသာ ခေါ်ကာ နှုတ်ဆက်လိုက်သည်။


ယွီဝေ့လျန်သည် စကားများများဆိုရသည်ကို မကြိုက်သူဖြစ်၍ ခေါင်းညိတ်ပြကာသာ နှုတ်ဆက်ကြောင်းပြခဲ့သည်။ 


ရွှီးချန်လည်း ခင်ပွန်းဖြစ်သူ၏ အကြောင်းအား သ်ိနေ၍ ဂရုစိုက်မနေတော့ဘဲ စုယွဲ့ကို ဧည့်ခန်းထဲသို့ ခေါ်ကာ စကားပြောနေလိုက်တော့သည်။ ဤသို့ဖြင့် အမျိုးသမ်ီးနှစ်ဦးနှင့် ကလေးမလေးတစ်ဦးတို့သည် စကားစမြည်ဆိုနေကြသည်။ ခဏအကြာတွင် ဟန်အိုက်ကောအား အောက်တွင်စောင့်ခိုင်းထားခဲ့မိ၍ စုယွဲ့က နှုတ်ဆက်ပြီး ပြန်လာလိုက်တော့သည်။ 


ရွှီးချန်သည် စုယွဲ့အား မပြန်စေချင်သေးသော်လည်း နောင်အချိန်ရရင် အိမ်လာလည်ဦးမည်ဟုဆိုကာ ပြန်လွှတ်လိုက်တော့သည်။ 


စုယွဲ့ ပြန်သွားမှသာ ရွှီးချန်က ယွီဝေ့လျန်အားပြောခဲ့သည်။ " သူမက တကယ်စဥ်းစားပေးတက်တာပဲ။ တမင်ကို ဒါတွေပို့ဖို့ ညမှလာတဲ့ပုံပဲ။ "


ဝေ့လျန်သည်လည်း အတူတူပဲ တွေးခဲ့သည်။ " လင်မယားနှစ်ယောက်လုံးက လူကောင်းတွေပဲ။ ဟန်အိုက်ကောလည်း သံသယ၀င်ကြမှာစိုးလို့ အပေါ်ထိလိုက်မလာဘဲ အောက်မှာနေခဲ့တာ ဖြစ်မယ်။ "


" ဘာ။ " ရွှီးချန် အံ့သြသွားခဲ့သည်။ " စုယွဲ့ ယောက်ျားရော ပါလာတာလား။ "


" ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တာ။ အောက်မှာပဲ မတ်တပ်ရပ်စောင့်နေတာလေ။ အပေါ်ထိ လိုက်မလာဘဲနဲ့။ "


" ဒါကြောင့် ညီမလေး စုယွဲ့က ပြန်ဖို့ အလျင်လိုနေတာကိုး။ ယောက်ျားက အောက်မှာ စောင့်ကျန်နေခဲ့လို့။ " ရွှီးချန်က ပြုံးလိုက်မိသည်။ " ကြည့်ရတာ အဲ့ကောင်မလေးက ကျွန်မနဲ့ ခင်တာ ကျွန်မတို့ မိသားစုကြောင့်တော့ မဟုတ်ဘူးထင်တယ်။ "


ဤအဆောင်တွင်းရှိ စစ်သားမိန်းမအမျာစုသည် သူမထံ စကားလာပြောတက်ကြကာ လက်ဆောင်များလည်း လာပေးတက်ကြသည်။ သူတို့သည် သူမနှင့် ခင်မင်ချင်ကြကာ ယောက်ျားဖြစ်သူများအား ရာထူးတိုးစေချင်ကြတာဖြစ်သည်။ သူမ အဲ့ဒါကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ သို့ဖြစ်၍ သူမသည် တဖြည်းဖြည်း တစ်သီးတစ်သန့်ဆန်လာခဲ့တာ ဖြစ်သည်။ အများစုက သူမနောက်တွင် သူမအား မာနကြီးသည်၊ ဘ၀င်မြင့်သည် ဟူ၍ အတင်းပြောကြသော်လည်း သူမကတော့ ဂရုစိုက်မနေပါ။ 


စုယွဲ့ကတော့ သူမအား အခြားရည်ရွယ်ချက်ဖြင့် ချဥ်းကပ်လာခြင်းမဟုတ်သည်ကို သူမ သိသည်။ သူမအား ရိုးရိုးသားသား ခင်မင်ခြင်းဖြစ်၍ ၀မ်းသာမိသည်။


_ _ _ _ 


နောက်တစ်နေ့တွင် စုယွဲ့သည် ဟန်ရှုးမြက်အား ဂရုတစိုက်ဖြင့် စနစ်ထဲတွင် စျေးကြီးပေးကာ လဲလှယ်လိုက်ပြီး ရွှေသားအား ကိုင်ထားသည်ထက်ပင် ဂရုတစိုက်ကိုင်ထားမိသည်။ 


ဂရုမစိုက်ဘဲ နေနိုင်ရော့လား။ စျေးက ဆေးညွှန်းနီးနီး စျေးကြီးနေသည့်ဟာကို။ ဒီမြက်လေးကြောင့် သူမ ငမွဲဖြစ်သွားရပြီး ဂရုမထားမိလို့ ပျက်စီးသွားပါက သူမ ထပ်မ၀ယ်နိုင်တော့ချေ။ ပျက်စီးသွားလျှင် ဆေးလည်း လုပ်နိုင်တော့မည် မဟုတ်ပါ။ 


အခြားသော ဆေးပင် ဆယ့်တစ်မျိုးကိုပါ ထုတ်ယူလိုက်ကာ ဆေးညွှန်းတွင် ပါသည့်အတ်ိုင်း သေချာလေး ဂရုတစိုက် လိုက်လုပ်လိုက်သည်။ အမှားသေးသေးလေးပင် မလုပ်ရဲ၍ မစခင်မှာ သေချာအောင် အခေါက်ပေါင်းမျာစွာ ဆေးညွှန်းအား ပြန်ကြည့်နေမိသည်။ သေချာအာရုံစိုက်နေရ၍ ဆောင်းတွင်းကြီးမှာတောင် ချွေးပြန်နေပြီဖြစ်သည်။ 


စိတ်လှုပ်ရှားလိုက်တာ ...


တစ်နေကုန် အချိန်ပေးပြီးနောက် ဆေးဖော်လို့ ပြီးသွားတော့သည်။ နဖူးပေါ်တွင် ချွေးများစို့နေသော်လည်း စုယွဲ့သည် လျစ်လျူရှုထားကာ ဆေးမှုန့်များအား ၀ယ်လာသည့် ကြွေပုလင်းထဲသို့ ထည့်ကာ အဖုံးကို ပိတ်လိုက်သည်။ နောက်ဆုံးတော့ ဆေးရပြီ။ 


သို့သော်လည်း ဘယ်လောက်ထိ အစွမ်းထက်သည်ကို သူမ မသိရသေးချေ။ စနစ်ထံမှ ထွက်လာတာဖြစ်၍ အရည်အသွေးကို သူမယုံကြည်သော်လည်း ဟန်အိုက်ကော၏ သေရေးရှင်ရေး အခြေအနေတွင် အသုံးပြုရမည့်အရာဖြစ်၍ ပေါ့ပျက်ပျက်လုပ်၍ မဖြစ်ပါ။ မသုံးခင် စမ်းကြည့်ထားမှ ဖြစ်မည်။


အိမ်တွင်လည်း အခြားသော သက်ရှိများ မရှိ၍ အိမ်ရှိ တစ်ခုတည်းသော သက်ရှိမှာ သူမကိုယ်တိုင်သာ ဖြစ်လေသည်။ 


စုယွဲ့သည် တွေဝေနေသော်လည်း အံကြိတ်ကာ မီးဖိုခန်းထဲသို့ သွား၍ မီးဖိုချောင်သုံး ဟင်းရွက်လှီးဓားကိုယူကာ လက်ညှိုးလေးအား လှီးလိုက်၍ သွေးများထွက်လာတော့သည်။ 


ထိုမြင်ကွင်းကို အိမ်သို့ပြန်လာသည့် ဟန်အိုက်ကောသည် မြင်သွားကာ မျက်နှာပျက်သွားတော့သည်။ ချက်ချင်းဆိုသလို စုယွဲ့ထံ အပြေးရောက်လာကာ အော်တော့သည်။ " ဘာလုပ်နေတာလဲ! "


စုယွဲ့က အပြစ်ရှိနေမှန်းသိ၍ ရယ်ပြလိုက်မိသည်။ " ရတယ်။ ဆေးရဲ့ အာနိသင်ကို စမ်းကြည့်ချင်လို့ လုပ်လိုက်တာ။ "


" မင်းရူးနေတာလား! " ဟန်အိုက်ကောက သူမ၏ လက်အားဆွဲယူကာ ပတ်တီးစည်းပေးရန် ပြင်တော့သည်။ စုယွဲ့သည် အမြန်လှမ်းတာကာ သူမလုပ်ထားသည့် ဆေးပုလင်းလေးအား ထိုးပေးလိုက်သည်။ "ပတ်တီးမစည်းနဲ့ဦး။ ဆေးထည့်ရဦးမယ်။ ဒါကိုသုံးကြည့်လိုက်။ "


" စုယွဲ့! " ဟန်အိုက်ကောက သူမအား ဆေးအာနိသင်စမ်းသပ်ရန် ဘယ်လိုလုပ်ပြီး ကူပေးရမှာတဲ့လဲ။ သူ ဒေါသထွက်ထွက်ဖြင့် အော်မိတော့သည်။ 


ဟန်အိုက်ကော မလုပ်ပေးတာကြောင့် စုယွဲ့က ကိုယ့်ဘာသာပဲ ယူလိုက်ကာ သွေးထွက်နေသည်အနာပေါ်သို့ ဖြူးလိုက်ရတော့သည်။ ဟန်အိုက်ကောမှာ တားချိန်ပင်မရလိုက်ချေ။ 


အနာပေါ်သို့ ဆေးမှုန့်များကျသွားသည်နှင့် စုယွဲ့၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။ ဟန်အိုက်ကောက လန့်သွားကာ စုယွဲ့အား ကောက်ပွေ့လိုက်ပြီး ဆရာ၀န်နှင့်ပြရန် စိုးရိမ်တကြီး ပြေးထွက်သွားတော့သည်။ 


အိမ်ထဲမှ မထွက်ရသေးခင် စုယွဲ့က ထအော်ခဲ့သည်။ " ယောက်ျား၊ ယောက်ျား။ လက်ကိုကြည့်။ "


ဟန်အိုက်ကော ငုံ့ကြည့်လိုက်သည့်အခါ လက်ညှိုးပေါ်မှ ရှရာက သွေးတိတ်သွားပြီဖြစ်ကာ အပေါ်တွင် ဒဏ်ရာကျက်ခြင်း၏ ရှေ့ပြေးဖြစ်သည့် သွေးရည်ကြည်လေးများစုနေသည့် အဖုလေးဖြစ်နေသည်။ 


ဟန်အိုက်ကောသည်လည်း အံ့သြသွားကာ ရပ်တန့်သွားတော့သည်။ 


စုယွဲ့က အံ့သြတကြီး ပြောခဲ့သည်။ " ဆေးက အရမ်းစွမ်းတာပဲ။ စက္ကန့်အနည်းငယ်ပဲ ကြာလိုက်တယ် သွေးက ချက်ချင်းတိတ်သွားတယ်။ အသားမာလည်း ချက်ချင်းတက်လာတယ်။ ကောင်းလိုက်တာ! " ဤဆေးသာ ရှိနေပါက ဘယ်လောက်ပဲ ဒဏ်ရာပြင်းပြင်း ကိစ္စမရှိနိုင်တော့ပေ။ 


ဟန်အိုက်ကောက စုယွဲ့အား ပြန်ချပေးလိုက်သော်လည်း သူမကဲ့သို့ ပျော်နေသည့် အမူအရာမျိုးမရှိဘဲ တည်ငြိမ်စွာဖြင့်သာ ပတ်တီးကိုယူကာ သူမ လက်ညှိုးအား စည်းပေးခဲ့သည်။ 


ပတ်တီးစည်းပြီးသည်အထိ ဟန်အိုက်ကောက ဘာတစ်ခွန်းမှ မဆိုပေ၊  စုယွဲ့ကိုလည်း မကြည့်ဘဲ မီးဖိုထဲသို့ ၀င်သွားကာ ရေနွေးအိုးတည်ခဲ့သည်။ 


စုယွဲ့လည်း ခေါင်းကုတ်မိတော့သည်။ စိတ်လှုပ်ရှားကာ ပျော်နေခြင်းများအစား ဘာလုပ်ရမည်မသိတော့သည်များသာ အစားထိုး၀င်လာတော့သည်။ 


သူမရဲ့ သဘောကောင်းမနောကောင်းတဲ့ ယောက်ျားဖြစ်သူကို စိတ်ဆိုးအောင် လုပ်မိသွားပြီ ထင်တယ်။