အပိုင်း ၆၁
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း  ၆၁ - ဟန်အိုက်ကောအား ချော့ခြင်းနှင့် အသီးအရွက်များစိုက်ခြင်း




စုယွဲ့က ထမင်းစားပွဲဆီသို့ ဖြေးညှင်းစွာ လျှောက်သွားပြီး ဟန်အိုက်ကောနားတွင် ထိုင်ချလိုက်ကာ "ယောက်ျား"ဟု ချွဲ့ချွဲ့နွဲ့နွဲ့ ခေါ်လိုက်သည်။ အသံမှာ ထူးဆန်းလွန်းသောကြောင့် သူမကိုယ်တိုင် ကြက်သီးထလုမတတ်ဖြစ်သွားမိသည်။ သို့‌သော်လည်း ဟန်အိုက်ကောက သူမအား အဖက်မလုပ်ခဲ့ပေ။ 


ဤတစ်ခေါက်တွင် ဟန်အိုက်ကော အတော်လေး စိတ်ဆိုးသွားတာ ဖြစ်လောက်သည်။ သူမကို လျစ်လျူရှုထားကာ ညစာကိုပဲ ခေါင်းငုံ့ပြီး စားနေသည်။


စုယွဲ့ ကြိုတင်တွေးထားမိသော်လည်း စိတ်ညစ်မိသည်။


ထို့နောက် ဟန်အိုက်ကောအား လက်ဖြင့် ညင်သာစွာ ပုတ်ကာ လှိုက်လှိုက်လှဲလှဲပြုံးပြပြီး ပြောခဲ့သည်။ "စိတ်မဆိုးပါနဲ့တော့ ယောက်ျားရယ် နောက်တစ်ခါ မလုပ်တော့ပါဘူး" 


ဟန်အိုက်ကောက လျစ်လျူရှုထားဆဲပင် ဖြစ်ကာ စားပြီးလျှင်ပြီးချင်း ခါတိုင်းကဲ့သို့ စုယွဲ့အား စောင့်ပေးမနေဘဲ မီးဖိုခန်းထဲမှ ထွက်သွားတော့သည်။


စုယွဲ့က မျက်နှာပျက်လျက် ရှေးလူကြီးများ၏ စကားများသာ် မှန်ကန်ကြောင်း စဉ်းစားနေမိတော့သည်။ ပြောကြသလိုပင် ဒေါသမထွက်တတ်သောသူ စိတ်ဆိုးသွားပါက အလွန်ချော့ရခက်သည်။ ဒီလူသည် သူမအပေါ်  တစ်ခါမျှ ဒေါသထွက်ဖူးခြင်း မရှိခဲ့ဘဲ ယခုတွင် သူမအား လျစ်လျူရှုထား၍ ချော့ရန်မှာ ထင်သလောက် မလွယ်လောက်ချေ။


ဟန်အိုက်ကော သူမဘေးနားတွင် မရှိတော့၍ စုယွဲ့လည်း အနည်းငယ်စားပြီးသောအခါ ထပ်မစားချင်တော့ပေ။ စားရသည်မှာ အရသာမရှိတော့၍ စားပွဲပေါ်ရှိ ပန်းကန်များကို သိမ်းဆည်းလိုက်တော့သည်။


စုယွဲ့ မီးဖိုချောင်အား ရှင်းလင်းနေချိန်တွင် ဟန်အိုက်ကောက အခန်းတွင်း၌ ကိုယ်လက်သန့်စင်ပြီးပြီဖြစ်သည်။


စုယွဲ့လည်း အမြန်ဆေးကြောလိုက်ကာ အိပ်ခန်းတွင်းသို့ ခေါင်းတိုးကြည့်လိုက်သည်။ ဟန်အိုက်ကောသည် ခုတင်ပေါ်တွက် ကျောမှီထိုင်ကာ ကိုယ်တစ်ဝက်လှဲ၍ စစ်တပ်ရေးဆိုင်ရာစာအုပ်ကို စိတ်ဝင်တစားဖတ်နေသောကြောင့် သူမကို မမြင်ပေ။


ဟန်အိုက်ကော သူမအား တမင်လျစ်လျူရှုနေသည်ကို သိ၍ နှုတ်ခမ်းဆူမိတော့သည်။ သူမကိုယ်တိုင်က အပြစ်လုပ်ထားကာ သူ့ကို အပြစ်တင် မရတာကြောင့် စိတ်ညစ်မိသွားသည်။ 


သူမ မျှော်လင့်ကြီးစွာဖြင့် အခန်းထဲသို့ ဝင်လိုက်ကာ ဟန်အိုက်ကော၏ ကိုယ်ပေါ်သို့ ခွထိုင်လိုက်ပြီး ဖက်လက်စစာအုပ်အား ယူလိုက်ကာ ခုတင်းဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ပြုံးပြ၍ "ယောက်ျားရေ ညဘက်မှာ စာဖတ်တာက မျက်လုံးအတွက် မကောင်းဘူး။ မနက်ဖြန်မှ ဆက်ဖတ်တော့လေနော်။ ဒီနေ့လည်း ပင်ပန်းခဲ့မှာပဲကို ပုခုံးနဲ့ကျောတွေကို နှိပ်ပေးမယ်။ ကျွန်မက နှိပ်တာတော်တော့ ရှင့်ကို ကောင်းကောင်းလေး ဇိမ်ခံရအောင် လုပ်ပေးမယ်နော်။"


ဟန်အိုက်ကောက သူမအား လက်ခံသည် လက်မခံသည် မသိရသော မျက်နှာအမူအရာဖြင့် စကားတစ်ခွန်းမှ မပြောဘဲ ပြန်ကြည့်လာခဲ့သည်။


စုယွဲ့လည်း လက်ခံသည်ဟုသာ သတ်မှတ်ကာ သူ့ပုခုံးပေါ် လက်နှစ်ဖက်တင်၍ဃခန္ဓာကိုယ်ကို လှည့်ပေးလိုက်သည်။ အတော်ကြာအောင် အားသုံးကာ လှည့်ပေးနေသော်လည်း ဟန်အိုက်ကောသည် တုပ်တုပ်မလှုပ်တာကြောင့် ပြောရတော့သည်။ "ယောက်ျား ဟိုဘက်လှည့်ပေး။ ရှင့် မိန်းမရဲ့ အပြုအစုလေးကို ငြိမ်ခံပေးပါဦး။ " 


ဟန်အိုက်ကောက ထိုအခါမှသာ ခုခံမနေတော့ဘဲ လှည့်ပေးလိုက်ကာ အိပ်ရာပေါ်တွင် လှဲလိုက်ပြီး သူမအား ကျောပေးထားခဲ့သည်။


စုယွဲ့က အကြောနေရာများကို သေချာဂရုစိုက်ကာ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်နယ်ပေးနေလိုက်သည်။ ထိုအခါမှ ပုခုံးသားများသည် မာတောင့်နေ၍ သာမန်အားလောက်ဖြင့် နှိပ်နယ်၍မရကြောင်း စုယွဲ့ သတိပြုမိလေသည်။ အားထည့်ကာ ပုခုံးမှ လက်ကောက်ဝတ် လက်ကောက်ဝတ်မှ ပုခုံးသို့ အချိန်တော်တော်ကြာ အကြောများ ပြေလျော့သွားအောင် နှိပ်နယ်ပေးနေလိုက်သည်။ ထို့နောက် လက်သီးဆုပ်နေရာကိုလည်း နှိပ်ပေးလိုက်သည်။ သူမသည် အရင်တုန်းက ဟင်းချက်ရင်းနှင့် လက်ကောက်ဝတ်နှင့်ခါး ဒဏ်ဖြစ်ခဲ့ဖူးပြီး အချိန်ရလျှင် အနှိပ်ဆရာဆီသွား၍ အနှိပ်ခံဖူးခဲ့သောကြောင့် မည်သို့မည်ပုံနှိပ်နယ်ရသည်ကို အတော်အတန်သိနေခြင်း ဖြစ်ပေသည်။


ဆယ်မိနစ်ကြာမျှ နှိပ်နယ်ပြီးသည့်နောက်တွင် သူ့ဘေးတွင်ထိုင်၍နှိပ်နေရသည်မှာ အားအင်အပြည့်မသုံးနိုင်သလိုခံစားလာရသောကြောင့် စုယွဲ့က ဟန်အိုက်ကော ခါးပေါ်သို့ခွထိုင်လိုက်ကာ နှိပ်ပေးနေလိုက်သည်။ ဟန်အိုက်ကောက ဘာမှမပြောလာသေးသဖြင့် စုယွဲ့လည်း အားကြိုးမာန်တက် ဆက်လက်ကြိုးစား၍ နှိပ်ပေးနေလိုက်သည်။


စုယွဲ့သည် မျက်နှာကိုလည်း မမြင်ရ၍ အဆင်ပြေ မပြေသိရအောင် မေးခဲ့သည်။ "အဆင်ပြေရဲ့လား ယောကျာ်း"


ဟန်အိုက်ကောက "အင်း " ဟုသာ ပြန်ဖြေလာခဲ့သည်။


"အင်း" က ဘာကိုဆိုလိုတာလဲ။ စုယွဲ့က စိတ်ထဲတွင် မကျေမနပ်ပြောနေရင်း နှုတ်ခမ်းဆူလာမိတော့သည်။ နှိပ်ပေးတာ ကြာနေပြီကို အခုထိ သူမကို ခွင့်မလွှတ်ပေးသေးဘူးပေါ့လေ။ စိတ်ဆိုးတာကလည်း ကြာလိုက်တာ။ 


သူမ ဆက် မနှိပ်နိုင်တော့သောကြောင့် ဟန်အိုက်ကော မျက်နှာနားကပ်ပြီး သနားစရာ ကောင်းသည့် ပုံစံဖြင့် မေးလိုက်သည်။  "ယောကျာ်းရေ နှိပ်ပေးရတာ ကျွန်မလက်တွေတေညင် နာလာပြီ။ ရှင်ရော ကျွန်မကို ပြန်နှိပ်မပေးချင်ဘူးလား။ "


စုယွဲ့ ကသူမ၏ချစ်စဖွယ်အမူအရာကြောင့် ကိုယ်တိုင်ပင်လန့်သွားသည်။ သူမမှာ အဲ့လိုအရည်အချင်းမျိုးလည်း ရှိသေးတယ်လား။ နှစ်ယောက်တည်းရှိနေချိန်တွင် ယောင်္ကျားဖြစ်သူအား ပျော်အောင်လုပ်နိုင်လျှင်  မျက်နှာပူနေစရာမရှိပေ။


ဟန်အိုက်ကောက ထိုစကားကို ကြားသောအခါ ခေတ္တမျှရပ်သွားပြီး လက်နောက်ပြန်ကာ သူမပြုတ်ကျသွားမည်ကိုစိုး၍ ထိန်းပေးခဲ့သည်။ ပြီးနောက် ဖြည်းဖြည်းထလာက စကားမဆိုဘဲ သူမလက်ကိုကိုင်၍ နှိပ်နယ်ပေးတော့သည်။


နောက်ဆုံး တုန့်ပြန့်မှုရသွားမှ စုယွဲ့လည်း ပျော်နိုင်တော့သည်။ ထို့နောက် ရင်ခွင်ထဲသို့ သူမခန္ဓာကိုယ်ဖြင့် တိုးဝင်ကာ လည်ပင်းကို သိုင်းဖက်ထာလိုက်ပြီးနောက် မေးစေ့ကို ခပ်ဖွဖွလေးကိုက်ကာ ချော့ခဲ့သည်။ "ကျွန်မမှားသွားတာ သိပါတယ် ယောက်ျား စိတ်မဆိုးပါနဲ့တော့။ နော်။ ရှင်စိတ်ဆိုးပြီး လျစ်လျူရှုထားရင် ကျွန်မဝမ်းနည်းတယ်။" 


ဟန်အိုက်ကောက သူ့ မျက်နှာကို ဆက်ပြီး တင်းမထားနိုင်တော့ပေ။ သူသည် ယနေ့ညတွင် ဆက်စိတ်ဆိုးနေချင်သော်လည်း မဆိုးနိုင်တော့သောကြောင့် အကူအကယ်မဲ့စွာ သက်ပြင်းချမိခဲ့သည်။ ထို့နောက် သူမ မေးစေ့ကို ကိုင်လိုက်ကာ ပြောခဲ့သည်။" မင်းကတော့ တက်လည်းတက်နိုင်လွန်းတယ်။"


ထိုသူနူးညံ့ပြီး ပြုံးလာသောအခါမှ စုယွဲ့လည်း သက်ပြင်းချနိုင်တော့သည်။ သူမ နှုတ်ခမ်းများက မေးစေ့နေရာမှ ပါးဆီသို့ ကူးပြောင်းသွားပြီး ကတိပေးခဲ့သည်။ " ကျွန်မမှားသွားတာပါ။ နောက်ကို ဒီလိုမျိုးတွေ မလုပ်တော့ပါဘူး။" 


ဟန်အိုက်ကောက သူမလေးအား ပေါင်ပေါ်သို့ ဖြေးဖြေးပွေ့တင်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် မာကြောနေဆဲဖြစ်သည်။ "ဘယ်လိုလုပ်ပြီး ဆေးကို ကိုယ်တိုင်စမ်းသပ်ရတာလဲ။ ဒုက္ခရောက်သွားရင် ဘယ်လိုလုပ်မလဲ။ သွေးမတိတ်ဘဲ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ်ဘယ်လိုလုပ်ရမလဲ။ " 


စုယွဲ့က ဆေးသည် အာနိသင်ရှိကြောင်းနှင့် ဒဏ်ရာအသေးလေးမှ သွေးအများကြီး မထွက်နိုင်ကြောင်း ပြောချင်သော်လည်း ထပ်စိတ်ဆိုးမည်စိုး၍ မပြောတော့ချေ။ သူမ စနစ်ကို ယုံကြည်၍ ဂရုမစိုက်မိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ခုခုမှားယွင်းခဲ့လျှင် မလွယ်ပါ။ ထိုလူ အရမ်းဒေါသထွက်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။


အကယ်၍ သူမယောက်ျားသာ ဆေးကို ကိုယ်တိုင်စမ်းသပ်နေသည်ကို မြင်လျှင် သူမကိုယ်တိုင်လည်း ဒေါသထွက်မိမည်ပင် ဖြစ်ပြီး သူ့လောက်တော့ ဆိုးချင်မှဆိုးလိမ့်မည်သာ။


ထို့သို့တွေးမိသောအခါ စုယွဲ့သည် ပို၍အပြစ်ရှိသလို ခံစားလာရကာ မြန်မြန် ထပ်ပြောလိုက်သည်။

"တောင်းပန်ပါတယ် ကျွန်မ မလောခဲ့သင့်ဘူး။ ကိုယ်တိုင်မစမ်းဘဲ ကြက်တစ်ကောင်လောက်ဝယ်ပြီး စမ်းခဲ့သင့်တာ"


ယန်အိုက်ကောက သက်ပြင်းချကာ သူမနှဖူးကို နမ်းလျက် ပြောခဲ့သည်။ "ဟုတ်ပါပြီ။ နောက်တစ်ခါသာ မလုပ်မိစေနဲ့။ နောက်တစ်ခါဆိုရင်တော့ ကိုယ် တကယ်စိတ်ဆိုးတော့မှာ။" 


"ဒါဆို စိတ်မဆိုးတော့ဘူးမလား" စုယွဲ့က ခေါင်းမော့ပြီး ပြုံးကာမေးလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းကို အနမ်းတစ်ပွင့်ပေးလိုက်ကာ ပြောခဲ့သည်။ "ခွင့်လွှတ်ပေးလို့ ကျေးဇူးပါ။"


စုယွဲ့၏ ဆွဲဆောင်မှုများအောက်တွင် ဟန်အိုက်ကောက ဆက်ပြီး စိတ်မဆိုးနိုင်တော့ချေ။ ဟန်အိုက်ကောက ခေါင်းငုံ့ပြီး စုယွဲ့အား ပြင်းရှစွာ နမ်းခဲ့ကာ အ၀တ်များကိုလည်း ဆွဲချွတ်လိုက်သည်။


စုယွဲ့လည်း ယောက်ျားဖြစ်သူအား စိတ်ဆိုးအောင် လုပ်မိထား၍ ပြန်ချော့သည့်အနေဖြင့် သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားလိုက်သည်။ သုံးချီပြီးမှသာ သူမ လက်မြှောက်၍ အရှုံးပေးရတော့သည်။ 


_


စုယွဲ့သည် ရီဝေဝေဖြင့် တံခါးခေါက်သံကြောင့်နိုးလာကာ တစ်ယောက်ယောက်က သူမအား ခေါ်နေသလိုပင်။


" ညီမလေးစုယွဲ့ အိမ်မှာရှိလား"


စုယွဲ့ ထိုအသံကို ကြားသောအခါ အိပ်ရာမှနိုးလာပြီး နာရီကိုကြည့်လိုက်ပြီး ဆယ်နာရီထိုးနေပြီကိုတွေ့ရ၍ လန့်သွားခဲ့သည်။ နာကျင်နေသော သူမ၏ လက်ကောက်ဝတ်နှင့် ခြေထောက်များကို ဂရုမစိုက်နိုင်ဘဲ ပိုပိုကျယ်လာသော တံခါးခေါက်သံကြောင့် ထရတော့သည်။ " ညီမလေး စုယွဲ့၊ အိမ်မှာမရှိဘူးလား "


အပေါ်ထပ်မှ မာချွေ့ယွင်၏ အသံဖြစ်သည်ကို သိ၍ ဖိနပ်အမြန်စီး၍ ဖြေလိုက်ရသည်။"ရှိပါတယ်၊ လာနေပါပြီ" 


စုယွဲ့က နာကျင်မှုကို အံတုပြီး တံခါးဆီသို့ ပြေးသွားခဲ့သည်။ မျှော်လင့်ထားသလိုပင် မာချွေ့ယွင်အား တွေ့လိုက်ရသည်။ ဆောင်းဦးဝတ်စုံ၊ ဘောင်းဘီရှည်နှင့် ခေါင်းမဖြီး မျက်နှာမသစ်ရသော စုယွဲ့ကို တွေ့သောအခါ အံ့အားသင့်၍ မျက်လုံးများပြူးကျယ်လာကာ မေးခဲ့သည်။"ညီမလေး အခုထိ အိပ်နေသေးတာလား"


စုယွဲ့သည် ရှက်ရွံ့စွာ ခေါင်းကုတ်၍ သားရေပင်နှင့် ဆံပင်စည်းလိုက်ကာ ပြန်ဖြေခဲ့သည်။"ဟီးဟီး ဟုတ်တယ် နောက်ကျတဲ့ထိ အိပ်မိသွားလို့ "


ဆံပင်စည်းလိုက်သောအခါ သူမ၏သွယ်လျ၍ ဖြူပြသော လည်တိုင်ကို တွေ့လိုက်ရသည်။ အနီရောင်၊ ခရမ်းရောင် အမှတ်များလည်း ပေါ်သွားသဖြင့် မာချွေ့ယွင်သည် သူမအား ပြုံးစစဖြင့် စခဲ့သည်။ "အိုးး ညီမလေးကို ကြည့်ရတာ မနေ့ညက ပင်ပန်းခဲ့တဲ့ ပုံပဲ၊ ငယ်တုန်းဆိုတော့ သန်တုန်းမြန်တုန်းပေါ့လေ။ "


သူမစနောက်လိုက်သောအခါ စုယွဲ့ တစ်ခုခုလွဲနေတာ သိလိုက်ရပြီး လည်ပင်းအားကိုင်လျက် အခန်းထဲသို့ပြန်ဝင်ကာ မှန်ကြည့်လိုက်မိသည်။ ကြီးမားသော အမှတ်ရာကို တွေ့လိုက်ရ၍ ဟန်အိုက်ကောကို စိတ်ထဲမှ ကြိမ်ဆဲမိလေသည်။ သူသည် အိပ်ရာပေါ်တွင် အမြဲကြမ်းတမ်းသူ ဖြစ်ကာ သူမအား ခေါင်းအစ ခြေအဆုံး လုံး၀အလွတ်မပေးသူဖြစ်သည်။ သူမ၏ အရေပြားများပေါ်မှ နှုတ်ခမ်းများကို လုံး၀မခွာသူလည်းဖြစ်သည်။


ခန္ဓာကိုယ်ပေါ်တွင် ကိစ္စမရှိသော်လည်း လည်ပင်းပေါ်တွင်ဖြစ်နေ၍ ဖုံးထား၍လည်း မရနိုင်ချေ။ ယခင်ကတော့ ဟန်အိုက်ကောသည် မြင်သာသည့်နေရာများကို ရှောင်သော်လည်း မနေ့ညကကတော့ စိတ်လွတ်သွား၍လားမသိ သိသာသည့် နေရာများတွင် အမှတ်များချန်ခဲ့သည်။


မာချွေ့ယွင်သည် တံခါးကိုမှီ၍ စုယွဲ့ ညည်းသညူနေသည်ကို ကြည့်ကာ ပါးစပ်အုပ်လျက် ပြောခဲ့သည်။"ဟေ့ ဟန်အိုက်ကောက သိပ်ကြမ်းတယ်မလား။ ကြည့်ပါဦး။ ဒီအချိန်ထိ အိပ်ပျော်နေတာ မဆန်းတော့ဘူး။ မနေ့ညက ဘယ်အချိန်မှ အိပ်ရာဝင်ကြလဲမှ မသိတာ"


စုယွဲ့ မျက်နှာက နီရဲလာကာ ရှက်ရွံ့စွာ ပြောခဲ့သည်။"ဆက်မပြောပါနဲ့တော့ အစ်မမာ။  ကျွန်မ စိတ်ဆိုးမိတော့မယ်"


"ဟားဟားဟား " မာချွေ့ယွင်က အော်ရယ်ပြီး ပြောခဲ့သည်။ "ဘာရှက်စရာရှိလို့လဲ အစ်မကလည်း ငယ်တော့တာမှ မဟုတ်ဘဲ ညီမအရွယ်ကပဲ ကြီးလာခဲ့ရတော့ ဒါတွေကို နားလည်ပါတယ်။ " 


စုယွဲ့က အသက်အရွယ်ကြီးသော မိန်းမများက ကြောက်စရာကောင်းတယ်လို့သာ ထင်မိတော့သည်။ အရင်တုန်းက ရှေးခေတ်မှလူများက အားနာတတ်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ခင်မင်သွားသောအခါ အားနာနေခြင်းမရှိတော့ချေ။


ထိုအကြောင်းအား ထပ်မပြောစေဖို့ စုယွဲ့က အကြောင်းအရာပြောင်းပြီး မေးခဲ့သည်။ "အစ်မ ကျွန်မကို ဘာလို့လာရှာတာလဲ"


ထိုသို့မေးလိုက်သောအခါ မာချွေ့ယွင်က ခေါင်းကုတ်လျက် ပြောခဲ့သည်။"ဦးနှောက်ကလည်းနော် စကားပြောနေတာနဲ့ အဓိကအကြောင်းအရာကို မေ့နေတာ။ အပင်တွေ စိုက်ချင်လား မေးမလို့။ စိုက်ချင်တယ်ဆိုရင် မျိုးစေ့တွေ ပေးထားမလို့"


"အပင်စိုက်တယ်? ဘယ်လိုအပင်မျိုးလဲ"


မာချွေ့ယွင်က ပြောခဲ့သည်။" အစ်မတို့အိမ်နောက်မှာ မြေနေရာလွတ်ရှိတယ်လေ စစ်တပ်က အပင်စိုက်ဖို့ ပေးထားတာ။ မိသားစုတိုင်းလိုလိုမှာ ရှိတယ်။ နွေရာသီမဟုတ်ဘူးဆို အပင်စိုက်လို့ရတယ်။ မနှစ်က မျိုးစေ့တွေ သိမ်းထားတာ ရှိသေးလို့ အစ်မလည်း စိုက်မလို့ ညီမစိုက်မယ်ဆို တူတူစိုက်ကြမယ်လေ"


စုယွဲ့က ထိုအကြောင်း မသိခဲ့ချေ။ သူမသည် တစ်ခါတစ်လေ  ဟင်းသီးဟင်းရွက်များဝယ်ရန် ကွန်မြူနတီသို့သွားပြီး တခါတရံတွင်တော့ ရှောင်း၀မ်ရွာသို့သွားကာ ဟင်းသီးဟင်းရွက်များကို ရွာသားများထံမှ ဝယ်တက်သည်။ အိမ်ရှိ လသာဆောင်တွင်ပင် ဟင်းသီးဟင်းရွက်များ စိုက်ထားသေးသည်။ 


သူမ အိမ်နောက်ဘက်တွင် စိုက်ပျိူးရန်လယ်ကွင်းရှိသည်ကို မသိခဲ့၍သာ။ သိခဲ့လျှင် အစောကတည်းက စိုက်ပျိုးထားပြီးပြီဖြစ်လောက်သည်။


စုယွဲ့က ပြောခဲ့သည်။ "အစ်မမာ၊ အရွက်တွေစိုက်လို့ရတယ်ဆိုတော့ ဝယ်စရာမလိုတော့လို့ ကောင်းတာပေါ့။"


ထိုစကားကို မာချွေ့ယွင် ကြားသောအခါ စုယွဲ့ကို မျိုးစေ့များကိုပေးခဲ့သည်။  "ဒါတွေက မနှစ်ကကျန်တဲ့ မျိုးစေ့တွေ။ တစ်ဝက်ပေးမယ်။ နေ့လည်ကျရင် တူတူစိုက်ကြရအောင်။"


စုယွဲ့က အစေ့များကိုယူလိုက်ကာ ပြောခဲ့သည်။"ကျေးဇူးတင်ပါတယ်အစ်မ။ နေ့လယ်စာစားပြီးရင်လာခဲ့မယ်နော်။" 


မာချွေ့ယွင် - "ကောင်းသားပဲ ဒါဆိုအစ်မလည်း အိမ်ပြန်ပြီး အရင်ချက်ပြုတ်ထားဦးမယ်၊ နေ့လည်တောင် ရောက်တော့မှာပဲ" သူမလည်း ထိုသို့ပြောကာ ထွက်သွားလေသည်။


စုယွဲ့သည် ပန်းကန်တစ်ချက်ယူလာကာ ကိတ်မုန့်နှစ်စိတ်နှင့် ကြက်ဥပိုင်မုန့်ထည့်ပြီး မာချွေ့ယွင်အားပေးကာ ပြောလိုက်သည်။ "ခုနလေးတင်ပဲ လုပ်ထားတာ ရှောင်ထောင်းဇီနဲ့ တာ့နီတို့နဲ့တူတူစားလိုက်နော်။"


မာချွေ့ယွင်က လက်ခါပြပြီး ပြောခဲ့သည်။ "ထပ်မပေးပါနဲ့တော့ မလိုတော့ဘူး။ ညီမပဲစားပါ။ ကလေးတွေကို အမြဲပေးနေဖို့ မလိုဘူး "


စုယွဲ့ မုန့်ပန်းကန်ကို လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောခဲ့သည်။ "ကလေးတွေစားဖို့ လုပ်ထားတာပဲဟာ ငြင်းမနေပါနဲ့။ ညီမလည်း မျိုးစေ့တွေယူတုန်းက မငြင်းဘူး။ အားနာမနေပါနဲ့ အစ်မမာ။ " 


ထိုစကားကို ကြားသောအခါ မာချွေ့ယွင်က ပြုံးပြီး ပြောခဲ့သည်။ "ကလေးနှစ်ယောက်ကတော့ စားကောင်းသောက်ဖွယ်တွေကြောင့် ပျော်နေတော့မှာပဲ"


မာချွေ့ယွင် မုန့်များကိုကိုင်လျက် အပေါ်ထပ်သို့ ပြန်တက်လာစဉ် ဖန်းရှောင်းလီနှင့် တွေ့ခဲ့သည်။ ဖန်းရှောင်းလီ ကလည်း သူမကို တွေ့‌သော်လည်း သူမလက်ထဲမှ မုန့်များကိုကြည့်၍ မျက်နှာမသာမယာဖြစ်ကာ နှုတ်မဆက်ဘဲ အခန်းတွင်းသို့ ပြန်ဝင်သွားခဲ့သည်။


မာချွေ့ယွင်က နှုတ်ခမ်းမဲ့လိုက်မိသည်။ သူ့ပိုက်ဆံလည်း ချေးမထားဘဲနှင့် ဘာလို့ အကြွေးရှင်လို လာလုပ်နေရတာလဲ။


အမှန်တော့ ဖန်းရှောင်းလီသည် ကိတ်မုန့်များကို မြင်၍ မျက်နှာမသာမယာဖြစ်သွားခြင်းဖြစ်သည်။ သူမသည် စုယွဲ့ မုန့်လုပ်တိုင်း ဆွဲဆောင်မှုရှိသော အနံ့များကို သူမဘက်အခန်းမှ ရသည်။ အထူးသဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ် စုယွဲ့ ရွှီးချန်အတွက် မုန့်လုပ်ပေးချိန်က ဖြစ်သည်။ မွှေးရနံ့က သူမအစာအိမ်ကို လှုံ့ဆော်နေပြီး ထိုမုန့်များကို အလွန်စားကြည့်ချင်ခဲ့ကာ တံတွေးများပင် မြိုချနေရသည်။


သို့သော် သူမက စုယွဲ့ဆီမသွားဘဲ ပထမအကြိမ်ကဲ့သို့ပင် အိမ်သို့လာဖိတ်သည်ကို စောင့်မျှော်နေခဲ့သည်။ ထိုသို့စောင့်နေရခြင်းသည် သူမအဖို့ သက်သောင့်သက်သာ မရှိလှပါ။ အရသာရှိသောအစာများပြုလုပ်ပြီးသောအခါ အိမ်နီးချင်းဖြစ်သည့် သူမကို လာမပေးသောကြောင့် စုယွဲ့က မိတ်ဆွေကောင်းတစ်ယောက်မဟုတ်ဘူးလို့သာ တွေးနေခဲ့သည်။ ထို့ပြင် သူမယောက်ျား ဖုန်းကျွင်းဝေက ဟန်အိုက်ကောရဲ့ အထက်လူကြီးကို သူမက ဘာအချိုးချိုးနေတာလဲ။


မာချွေ့ယွင်က စုယွဲ့ အိမ်ထဲမှ မုန့်ကိုင်ပြီးထွက်လာတာကိုတွေ့လိုက်ရသောအခါ စုယွဲ့အား ပို၍ပင် အမြင်ကတ်သွားခဲ့သည်။ သူမကို မပေးဘဲ အခြားတစ်ယောက်ကို ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။


ဒါကြောင့် သူမလည်း စုယွဲ့ကို မျက်နှာသာမပေးဖို့ဘဲ ရှိချေတော့တယ်။


စုယွဲ့က မနက်က ဟန်အိုက်ကောလုပ်ပေးခဲ့သော ပေါက်စီကို စားလိုက်သည်။ ထို့နောက် ပူအိုက်နေသော်လည်း လည်ပင်းမှ အမှတ်အသားများကို မမြင်ကြစေရန် လည်စီးစီးလိုက်သည်။ ပြီးမှသာ မာချွေ့ယွင်ဆီသို့ သွားခဲ့သည်။ အဆောင်နောက်ဘက်ရှိဟင်းသီးဟင်းရွက်စိုက်ခင်းက အကန့်လိုက်ပိုင်းထားခဲ့သည်။ မိသားတစ်စုအတွက် အကန့်တစ်ခုဖြစ်ပြီး အများစုက ၎င်းတို့၏ မြေကွက်များကို ခြံစည်းရိုးခတ်ထား‌ခဲ့သည်။


စုယွဲ့ သူမမြေကွက်သို့ သွားကြည့်သည့်အခါ မြက်ပင်များပေါက်နေသည်ကို တွေ့လိုက်ရပြီး မာချွေ့ယွင်ထံမှငှားလာသော တံစဉ်းဖြင့်ရိတ်လိုက်ကာ မြေကြီးကို ထိုးဖွပေးလိုက်သည်။ ထို့နောက် မျိုးစေ့များစိုက်ရန် မြေကြီးများကိုချေ၍ အမှုန့်ဖြစ်အောင် လုပ်ခဲ့သည်။


ယခင်ကမူ စုယွဲ့ ဤသို့မလုပ်တတ်ပါ။ ဟန်အိုက်ကောနှင့် လက်ထပ်ပြီးနောက်တွင်မှ အဘွားဟန်ဆီမှ သင်ယူထားခြင်းဖြစ်သည်။


မြေသားဖွပြီးသွားသောအခါ ဘေးရှိ ရှောင်ဟယ်ကောဆီသွားကာ ယူလာသောရေပုံးဖြင့် ရေလောင်းလေတော့သည်။ ထို့နောက် နှုတ်ပြီးထားသော မြက်ပင်များကို မီးရှို့ကာ ထိုင်စောင့်နေလိုက်သည်။ လောင်ကျွမ်းသွားသောအပင်ပြာများကို မြေဩဇာအဖြစ် ပြန်အသုံးပြု၍ရသည်။ သို့သော်လည်း ဤမျှဖြင့် မလုံလောက်ပေ။ အခြားမြေဩဇာများလည်း လိုသေးသည်။ အချို့သူများက သူတို့၏မစင်များကို မြေဩဇာအဖြစ် အသုံးပြကြသည်။ ထိုအရာကို ပထမဆုံးအကြိမ် စုယွဲ့မြင်လိုက်တုန်းက စားမဝင်ဖြစ်သွားသေးသည်။ သို့သော်လည်း အချိန်ကြာလာသောအခါ ပတ်ဝန်းကျင်၏ တွန်းအားကြောင့် ထိုအရွက်များကိုပင် စားရတော့သည်။


ယခုတွင်မူ သူမစိုက်ပျိုးရမည့်အလှည့်ရောက်လာပြီဖြစ်သည်။ သူမကတော့ မစင်ကို အသုံးမပြုလိုပေ။ မနက်ဖြန်တွင် ဈေးဆိုင်သို့သွားကာ မြေဩဇာဝယ်ဖို့ စီစဉ်ထားသည်။


ထိုအချိန်တွင် မာချွေ့ယွင်၏ မြေကွက်သည်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အချိန်လည်း ၅ နာရီခွဲနေပြီဖြစ်သောကြောင့် နောက်နေ့ ဆက်စိုက်ပျိုးဖို့ မာချွေ့ယွင်နှင့် ချိန်းဆိုလိုက်သည်။


စုယွဲ့က သူမ၏ ကုန်ခါနီးအမှတ်များအကြောင်း စဉ်းစားနေမိသည်။ အရသာရှိသော အစားအသောက်များ မစားရသည်မှာ ကြာပြီဖြစ်ပြီး အိမ်တွင် အနည်းငယ်ကျန်သေးသည့် အသားများကို သုံးကာ ဟန်အိုက်ကောနှင့်တူတူ ညစာကို ဟော့ပေါ့စားလျှင်ကောင်းမည်ဟုတွေးနေသည်။ ပူလာသည်ကို စောင့်မနေသင့်ဘဲ ယခုလိုနေ့တွင် စားကြရမည်။


ဟန်အိုက်ကောလည်း ဟော့ပေါ့မစားဖူးသေးပေ။ 


စုယွဲ့က ကျန်ရှိနေသော ဝက်ဗိုက်သားကို အလွှာပါးလေးများဖြစ်အောင် လှီးလိုက်သည်။ ထို့နောက် ဝက်ပေါင်ခြောက်ကိုလည်း လှီးလိုက်ကာ ပန်းကန်တွင်းသို့ ထည့်လိုက်သည်။ ထို့နောက် တရုတ်ဂေါ်ဖီထုပ်နှင့် ဆလပ်ရွက်တို့ကို ဆေးပြီး မုန်လာဥ၊ အာလူးနှင့် မှိုတို့ကို လှီးကာ သီးသန့်ပန်းကန်တစ်ချပ်ထဲ ထည့်လိုက်သည်။


ယန်အိုက်ကော၏ အကြိုက်အရ စုယွဲ့သည် ဂျုံမှုန့်နှင့် မုန့်သားကိုနယ်ကာ လက်လုပ်ခေါက်ဆွဲပြုလုပ်ပြီး ဟော့ပေါ့အိုးတွင်းသို့ ထည့်လိုက်သည်။ ဟော့ပေါ့က အရသာရှိလောက်သည်။


တွေးကြည်းရင်းနှင့်ပင် သူမသည် တံတွေးမြိုချမိသည်။ ကျန်ရှိနေသော အရိုးစွပ်ပြုတ်ကို ဟင်းခတ်အ‌မွှေးအကြိုင်များထည့်၍ ဟင်းရည်လုပ်ရန် မစောင့်နိုင်တော့။ ဟင်းရည်ကောင်းလျှင် ဟော့ပေါ့က ကောင်းမြဲပင် ဖြစ်လေသည်။


ဟင်းရည်စပ်ပြီးသောအခါ မီးဖိုတွင်းသို့ ကျောက်မီးသွေးများ ထည့်လိုက်သည်။ ခဏအကြာတွင်ပင် မီးသွေးက မီးစွဲလာပြီး ဟင်းရည်သည်လည်း ဆူပွက်လာသည်။ မွှေးကြိုင်သော အရိုးစွပ်ပြုတ်နံ့က တစ်အိမ်လုံး ဖုံးလွှမ်းနေတော့သည်။


စုယွဲ့က အလွန်တိကျသည်။ ဟင်းရည်ဆူသည်နှင့် ဟန်အိုက်ကောလည်း ပြန်ရောက်လာခဲ့သည်။ ဟန်အိုက်ကော အိမ်တွင်းသို့၀င်လိုက်သည်နှင့် အလွန်မွှေးကြိုင်သောအနံ့ကို ရသည်။ ထို့နောက် ဆိုဖာနားသို့ ဟင်းအိုးသယ်သွားနေသော စုယွဲ့ကို ကြည့်ပြီး မေးခဲ့သည်။ "ဘာလုပ်မလို့လဲ"


စုယွဲ့က သူမရှေ့က အိုးကို ညွှန်ပြပြီး ပြောလိုက်သည်။ "ဒီညကို အသစ်အစမ်းအနေနဲ့ ဟော့ပေါ့စားကြမလားလို့။"