အပိုင်း ၆၂
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း  ၆၂ - ဟော့ပေါ့နှင့် ချောင်ရှုး




ဟန်အိုက်ကောက ဟင်းရည်အိုးရှေ့မှာ ထိုင်လိုက်ပေမယ့် တူများကို ကိုင်ကာ စမစားသေးဘဲ စုယွဲ့၏ ပတ်တီးစည်းထားသော လက်ကိုယူကာ အရင်ကြည့်ခဲ့သည်။ " အနာက ဘယ်လိုနေသေးလဲ။ ကိုယ့်ကို ပြကြည့်။ "


အနာသေးသေးလေးကိုတောင် ဤမျှစ်ိုးရိမ်နေ၍ စုယွဲ့ရယ်ချင်မိသော်လည်း ပတ်တီးကိုဖြည်ပြလိုက်သည်။ " ကြည့်လေ။ "


ဟန်အိုက်ကော တွေ့သည့်အခါ အံ့အားသင့်သွားတော့သည်။ လက်ညှိုးအား လှည့်ကာပြုကာ ကြည့်နေသော်လည်း အနာကိုမမြင်ရတော့ဘဲ ယခင်အတိုင်းပဲ ရှိနေကာ အနာရွတ်ပင် ကျန်မနေခဲ့ချေ။ ဓားရှခဲ့သည့် အရိပ်အယောင်လုံး၀ မရှိတော့ဘဲ ဟန်အိုက်ကော ကိုယ်တိုင်မြင်ရ၍သာ မဟုတ်ပါက ယုံမိမည်မဟုတ်ပေ။ စုယွဲ့ ဓားကိုယူကာ ကိုယ့်လက်ကိုယ်လှီးနေသည့်မြင်ကွင်းကို သူမြင်ခဲ့တာ သေချာရဲ့လားတောင် မသိတော့ပေ။


" အဆင်ပြေရဲ့လား။ " ဟန်အိုက်ကော အသံက မယုံကြည်နိုင်သေးသလို ဖြစ်နေခဲ့သည်။ ပုံမှန်ဆိုပါက အနာဘယ်လောက်သေးသေး ပျောက်ရန် အချိန်တစ်ခုတော့ ကြာတက်သည်။


စုယွဲ့က ဂုဏ်ယူနေသည့်ဟန်ဖြင့် ပြုံးပြရင်း ပြန်ဖြေလိုက်သည်။ " အဆင်ပြေသွားပါပြီဆို။ အနာရှိခဲ့မှန်းတောင် မသိသာတော့ဘူးမလား။ မိုက်တယ်နော်။ "


ဟန်အိုက်ကောတောင် ခေါင်းညိတ် လက်ခံရတော့သည်။ ထူးဆန်းလွန်းသည့် မျက်လှည့်လို ဆေးဖြစ်ကာ နှစ်ရက်အတွင်း အနာပျောက်နိုင်ပြီး အနာဖြစ်ခဲ့မှန်းတောင် မသိနိုင်တော့သည်အထိ အစွမ်းထက်သည်။ ဆေးရုံက ဆေးတွေတောင် ဒီဆေးလောက်မကောင်းဘူးဆိုတာ ဟန်အိုက်ကော အတပ်ပြောနိုင်သည်။


ဒီလောက် ကောင်းတဲ့ ဆေးကို စုယွဲ့ဘယ်က ရလာတာလဲ။ ဟန်အိုက်ကော သိချင်မိသော်လည်း စုယွဲ့၏ လျှို၀ှက်ချက်ဖြစ်နေ၍ မေးတော့မမေးဖြစ်ချေ။


စုယွဲ့သည်လည်း ဆေး၏ အာနိသင်ကို ကျေနပ်နေခဲ့သည်။ အာနိသင် ဤမျှကောင်းသည်ကို သိပြီးဖြစ်၍ စုယွဲ့ ဟန်အိုက်ကောအား ယုံကြည်ချက်ရှိရှိ ပေးရဲသွားသည်။ သို့ဖြစ်၍ ချက်ချင်းပင် အံဆွဲထဲမှ ဆေးပုလင်းလေးအား ထုတ်ကာ ဟန်အိုက်ကော လက်ထဲထည့်ပေးလိုက်သည်။ " ဒီဆေးက ရှင့်အတွက် ဖော်ထားတာ

ဆိုတော့ ရှင်ပဲ ယူထားလိုက်။ အထူးသဖြင့် လေ့ကျင့်ရေးဆင်းရင် ယူသွားဖ်ို့ မမေ့နဲ့။ အသက်အန္တရာယ်ကြုံရင် သုံးလို့ရတယ်! သေချာသိမ်းထား။ လောလောဆယ်တော့ ဒီတစ်ပုလင်းပဲရှိသေးပေမယ့် အခွင့်ရရင် နောက်တစ်ပုလင်းလုပ်ပေးမယ်။ "


ဟန်အိုက်ကောက ဆေး၏ အစွမ်းထက်ပုံကို မျက်မြင်တွေ့ထားပြီး အသက်အန္တရာယ်ကြုံလျှင် ဒီဆေးရှိနေပါက အသုံး၀င်မည်ကိုသိ၍ ယူလိုက်ကာ အိတ်ကပ်ထဲထည့်၍ သိမ်းထားလိုက်သည်။ " အင်းပါ။ ကိုယ်သေချာ သိမ်းထားပါ့မယ်။ "


စုယွဲ့လည်း ထိုမှသာ သက်သာရာရတော့သည်။ " ဟုတ်ပြီလေ၊ စားကြရအောင်။ ဒီညစားမယ့် ဟော့ပေါ့က အရသာရှိတယ်ဆိုတာကို အာမခံတယ်။ ရှင် မစားဖူးဘူးမလား။ "


ဟန်အိုက်ကောက စားပွဲပေါ်ရှိ ပန်းကန်လေးများစွာကို ကြည့်ကာ မရဲတရဲ မေးခဲ့သည်။ " ဒါတွေကို ဟင်းရည်ထဲ ထည့်ပြုတ်ပြီး စားရမှာလား။ " 


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်တယ်။ တစ်ခါတည်းတော့ အကုန်မထည့်နဲ့။ အသီးအရွက်တွေ အရင်ထည့်လိုက်။ ဟော့ပေါ့က တစ်ခါထည့် တစ်ခေါက်စား လုပ်ရတာ။ ကျွန်မ အချဥ်လုပ်ပေးမယ်။ အချဥ်နဲ့တွဲစားရင် ပိုကောင်းတယ်။ "


ပြောပြီးသည်နှင့် စုယွဲ့က မီးဖိုခန်းထဲသို့ ပြေး၀င်ကာ ပန်းကန်းလုံးလေးနှစ်ခုကိုယူပြီး အချဥ်စပ်ခဲ့သည်။ ဟန်အိုက်ကောက အစပ်ကြိုက်သူဖြစ်တာကြောင့် သူ့အတွက် စပ်စပ်လေးလုပ်ပေးလိုက်သည်။ 


ပြန်ထွက်လာသည့်အခါတွင် ဟင်းရည်ထဲမှ အစာများက ကျက်နေပြီဖြစ်ပြီး အသားဖက်များကိုဆယ်ကာ ဟန်အိုက်ကောအတွက် အချဥ်တွင် နှစ်ပြီး ခွံ့ကျွေးလိုက်သည်။ " ဘယ်လိုနေလဲ စားကြည့်ကြည့်။ "


ဟန်အိုက်ကောက ခွံ့ကျွေးသည်ကို ပါးစပ်ဟ၍ စားလိုက်သည့်အခါ မျက်လုံးများအရောင်တောက်သွားတော့သည်။ ပြီးနောက် စုယွဲ့လုပ်ပြသည့်အတိုင်း လိုက်လုပ်ကာ ကိုယ့်ဘာသာ စားတော့သည်။ တစ်လုပ်နှစ်လုပ်စားပြီးသည့်အခါတွင်တော့ ချွေးများပြန်လာတော့သည်။ စားရသည်မှာ အတော်လေး လတ်လတ်ဆတ်ဆတ်လည်း ရှိသည်။ 


ဟန်အိုက်ကော သဘောတကျစားနေသည်ကို တွေ့သည့်အခါ စုယွဲ့လည်း ပျော်သွားတော့သည်။ အသားတစ်ဖက်ကို ဆယ်ယူလိုက်ကာ စားလိုက်သော်လည်း စုယွဲ့၏ ပါးစပ်ထဲတွင် အရသာမရှိသလို ခံစားနေရသည်။ လုံး၀ကို အရသာမရှိတာပင်။


စုယွဲ့ စိတ်ပျက်သွားသဖြင့် အသားကိုထပ်မစားတော့ဘဲ အသီးအရွက်များကို တစ်လှည့်စားကြည့်လိုက်ပြန်သည်။ သို့သော်လည်း တစ်လုပ်နှစ်လုပ်ပဲ စားပြိိီးနောက်တွင် သူမ ထပ်မစားချင်တော့ပေ။ သို့ဖြစ်၍ တူများကိုချကာ ဟန်အိုက်ကောစားနေသည်ကိုသာ ကြည့်နေလိုက်သည်။ ဟန်အိုက်ကောစားနေသည်ကို ကြည့်ရခြင်းအား စုယွဲ့နှစ်ခြိုက်ကာ သူမကိုယ်တိုင်စားနေရသည်ထက်ကို ပိုသဘောကျသည်။ ဤသည်က စားဖိုမှုးများအားလုံး၏ စိတ်ပင်ဖြစ်လောက်သည်။ 


စုယွဲ့ မစားတော့သည်ကို မြင်သည့်အခါ ဟန်အိုက်ကောက မျက်မှောင်ကြုံ့ခဲ့သည်။ " ဘာလို့မစားတော့တာလဲ။ တစ်လုပ်နှစ်လုပ်ပဲ စားရသေးတာလေ။

 ခေါက်ဆွဲရော မစားဘူးလား။ "


စုယွဲ့ ခေါင်းခါပြလိုက်သည်။ " ဗိုက်ပြည့်သွားပြီ။ ရှင်ပဲစားလိုက်တော့။ "


ဟန်အိုက်ကောသည် ဟော့ပေါ့အိုးထဲမှ အသားတစ်ဖက်ကို ဆယ်လိုက်ကာ စုယွဲ့ကို ခွံ့ကျွေးဖို့ လုပ်ခဲ့သည်။ " တခြားဟာတွေ မစားတော့ရင်တောင် အသားလေး နည်းနည်းလောက်စားလိုက်။ အခုတောင် ပိန်နေတာကို များများစားရမယ်။ "


စုယွဲ့က အသားကို ကြည့်ကာ မျက်နှာလွှဲလိုက်ပြီး မျက်မှောင်ကြုံ့လ်ိုက်မိသည်။ သူမ ဗိုက်ကို ကိုင်ထားရင်း ငြင်းခဲ့သည်။ " တော်ပြီ တော်ပြီ။ ဗိုက်ပြည့်နေပြီ။ ထပ်မစားနိုင်တော့ဘူး။ " 


" နည်းနည်းလောက်ပဲ ထပ်စားလိုက်လေ။ ညကြရင် ဗိုက်ဆာနေဦးမယ်။ " ဟန်အိုက်ကောက ချော့မော့၍ ကျွေးနေဆဲပင်။ 


စုယွဲ့သည် စ်ိတ်မရှည်ဖြစ်လာကာ ဟန်အိုက်ကော၏ လက်အား တွန်းထုတ်လိုက်သည်။ " မစားချင်တော့ဘူးလို့ ပြောနေတယ်လေ။ ဘာလို့ အတင်းလိုက်ကျွေးနေတာလဲ ။ စိတ်ရှုပ်ဖို့ ကောင်းအောင်လ်ို့။ "


စုယွဲ့ ရုတ်တရက် စိတ်ဆိုးသွားမယ်လို့ ဟန်အိုက်ကော မထင်ထား၍ တူပေါ်မှ အသားဖက်သည် စုယွဲ့၏ တွန်းထုတ်လိုက်မှုကြောင့် ပြုတ်ကျသွားတော့သည်။ 


ထိုသည်ကို မြင်သည့်အခါ စုယွဲ့လည်း ငိုင်သွားကာ နောင်တရသွားလေသည်။ သူမကိုယ်သူမလည်း ဘာဖြစ်နေမှန်း မသိတော့ပေ။ ဘာတွေ ဖြစ်နေတာလဲ။ ဟန်အိုက်ကောက သူမကို ပိုပြီးစားစေချင်ရုံလေးကို ဘာလို့ စိတ်ဆိုးသွားရတာလဲ။ ဘာလဲ သူမက အလိုလိုက်ခံထားရလို့ ရောင့်တက်လာတာလား။ ပိုဆိုးလာတာလား။


စုယွဲ့ ဟန်အိုက်ကော၏ လက်ကို ကိုင်ကာ ပြန်တောင်းပန်တော့သည်။ " တောင်းပန်ပါတယ်နော် ယောက်ျား၊ ကျွန်မ တမင်လုပ်တာမဟုတ်ပါဘူး။ စိတ်မဆိုးနဲ့နော်။ "


တောင်းပန်ပြီးနောက် စုယွဲ့က ကြမ်းပေါ်မှအသားအား ကောက်မည်လုပ်သော်လည်း ဟန်အိုက်ကောက ပြောခဲ့သည်။" ကိုယ်ကောက်လိုက်မယ် နေ နေ ။ " 


ဟန်အိုက်ကောသည် ကြမ်းပေါ်မှ အသားဖက်အားကောက်လိုက်ကာ မီးဖိုချောင်ထဲသို့ ၀င်၍ ရေသန့်နှင့်ဆေးပြီး ပြန်စားရန် ကြံလိုက်သည်။ ယခုခေတ်တွင်  အသားဆိုတာ ၀ယ်ရလွယ်သည့် အရာမဟုတ်သဖြင့် နောင်တစ်ချိန်လို လွယ်လွယ်လွှင့်ပစ်ကြမည် မဟုတ်ပေ။ 


စုယွဲ့ လှမ်းတားရတော့သည်။ " ယောက်ျား မစားနဲ့တော့။ ညစ်ပတ်နေပြီ။ ၀မ်းသွားကုန်လိမ့်မယ်။ "


ဟန်အိုက်ကော တွေဝေသွားတော့သည်။ အသားကို ရေဆေးပြီးလျှင် ပြန်စားလို့ ရသေးကာ လွှင့်ပစ်ရမည်မှာ နှမြောစရာဖြစ်သော်လည်း ဇနီးလေး၏ စိုးရိမ်နေသည့် အမူအရာကြောင့် အမှိုက်ပုံးထဲသို့ ပစ်လိုက်ကာ ပြုံးပြီး ပြောခဲ့သည်။ " ဟုတ်ပြီ၊ မစားတော့ဘူး။ " 


စုယွဲ့မှာ ပို၍ အပြစ်ရှိသလို ခံစားသွားရပြီး ဟန်အိုက်ကော ရင်ခွင်ထဲ၀င်ကာ ခါးကိုဖက်ပြီး ချွဲလိုက်မိသည်။ " တောင်းပန်ပါတယ်နော် ယောက်ျား၊ နောက်မလုပ်တော့ပါဘူး။ "


ဟန်အိုက်ကောက သူမ ခေါင်းအား ပုတ်ပေးလိုက်သည်။ " ဘာဖြစ်လဲကွာ၊ စိတ်ဆိုးတာပဲ စိတ်ဆိုးလို့ ရပါတယ်။ ကိုယ်က စိတ်ထဲမထားဘူး ဟုတ်ပြီလား။ စိတ်ဆိုးချင်ရင် ဆိုးပစ်လိုက်။ ယောက်ျားတွေအတွက်က နည်းနည်းလောက် ကြမ်းပေးမှ ရချင်ရတာလေ၊ မဟုတ်ဘူးလား။" 


စုယွဲ့က ရယ်ကာ ဟန်အိုက်ကော ရင်ဘတ်အား ထုလိုက်သည်။ " ကျွန်မက အပေါက်ဆိုးတဲ့ ဇနီးမဟုတ်ပါဘူးနော်။ ပေါက်ကရတွေ မပြောနဲ့။ ကျွန်မလောက် သဘောကောင်းတဲ့ မိန်းမကို ရှာကြည့်ဦး။ "


ဟန်အိုက်ကောလည်း ပြုံးမိသွားတော့သည်။ " ဟုတ်ပါပြီ။ မင်းကသာ သဘောအကောင်းဆုံးပဲ၊ ကျေနပ်ပြီလား။ "


စုယွဲ့ စကားထပ်မဆိုတော့ဘဲ ဟန်အိုက်ကောအား ပြောလိုက်သည်။ " ရှင် မြန်မြန်လေး စားလိုက်ဦး။ ကျွန်မကတော့ တော်ပြီ။ တကယ် မစားချင်တော့ဘူး။ " 


ဟန်အိုက်ကောလည်း စုယွဲ့အား ထပ်စားရန် မတိုက်တွန်းတော့ပေ။ ကျန်နေသည့် ဟင်းလျာများအားလုံးက်ို သူ့ဘာသာပဲ စားတော့သည်။ ခေါက်ဆွဲလည်း နှစ်ပွဲစားကာ ဗိုက်ကားနေအောင် စားတော့သည်။ အားလုံးစားပြီးသည့်နောက် ပြောင်ရှင်းနေသည့် ပန်းကန်များသာ ကျန်ခဲ့တော့သည်။ 


ပန်းကန်လုံးကို ၀ါးစားလို့ရပါက ပန်းကန်လုံးများကိုပါ ၀ါးစားမလားတောင် မသ်ိပေ။


စုယွဲ့ကတော့ ဟန်အိုက်ကော၏ အာသီသကို အံ့သြမိသည်။ ဒီလောက်ထိ စားတာတောင် ဒီလူကကြ ဘာလို့ ၀မလာတာလဲ။ နေ့တိုင်းနေ့တိုင်း အများကြီးစားနေလည်း ကြွက်သားတွေနဲ့ အရိုးပဲရှိတယ်။ အရပ်လည်းရှည် သွယ်လည်းသွယ်တော့ လုံး၀ကို စံပြခန္ဓာကိုယ်ပဲ။ 


အမှန်တိုင်း ပြောရရင် စုယွဲ့ အားကျမိသည်။ သူမသာ နေ့တိုင်း ဒီလောက်စားနေရင် အခုလောက်ဆို ၀တုတ်ကြီးဖြစ်နေလောက်ပြီ။ 


စားပြီးနောက်တွင် စုယွဲ့က ဟန်အိုက်ကောအား အဆောင်နောက်တွင် အသီးအရွက်များစိုက်ရန် အကြောင်းကို ပြောပြလိုက်သည်။ သူမက မြေသြဇာ ၀ယ်ချင်နေသည်ကို သိသည့်အခါ ဟန်အိုက်ကောက ထောက်ပို့ဌာနကို သွားပေးမယ်လို့ ပြောခဲ့သည်။ ထောက်ပို့ ဌာနသည်လည်း အသီးအရွက်များ စိုက်ပျိုးသဖြင့် သူတို့တွင် မြေသြဇာများ ၀ယ်ယူရန် ခွင့်ပြုချက်ရှိသည်။ ယခုအခေတ်၌ မြေသြဇာများကို ကိုယ့်ဘာသာ ၀ယ်ယူဖို့ ခက်ခဲသေးသည်။ 


နောက်တစ်နေ့ နေ့လယ်တွင် ဟန်အိုက်ကော နေ့လယ်ခင်း၌ ပြန်လာကာ အခြေခံ မြေသြဇာများကို လာပို့ပေးသဖြင့် စုယွဲ့သည် အဆောင်နောက်သို့ သွားကာ မြေများအား မြေသြဇာ ထည့်တော့သည်။ 


ထိုအချိန်တွင် အဆောင်မှ အခြားသူများလည်း စိုက်ခင်းထဲတွင် ဟင်းရွက်များ စိုက်ပျိုးနေကြသည်။ စုယွဲ့ မြေသြဇာများ ထည့်နေသည်ကို မြင်သည့်အခါ အမျိုးသမီးများသည် လာရောက်မေးမြန်းကြတော့သည်။ " ညီမလေး စုယွဲ့၊ ဘာတွေ ထည့်နေတာလဲ။"


စုယွဲ့ ရိုးရိုးသားသား ပြန်ဖြေပေးလိုက်သည်။ " ဓာတ်မြေသြဇာတွေ ဖြူးနေတာလေ။ အပင်မစိုက်ခင် မြေကြီးကို အရင် မြေသြဇာကျွေးနေတာ။ အဲ့လိုဆို အပင်ထွက်လည်း ပိုကောင်းတယ်လေ။ "


အဆောင်မှ ဇနီးသည်အများစုသည် တောရွာများမှ လာကြသူများဖြစ်၍ သူတို့အိမ်တွင် စိုက်ပျိုးနေကြဖြစ်၍ ဓာတ်မြေသြဇာများအကြောင်းကို သိကြသည်။ သို့သော်လည်း ဓာတ်မြေသြဇာများအား စိုက်ခင်းကျယ်ကြီးများတွင် အမြောက်အများ စိုက်ပျိုးကြတော့မှသာ သုံးကြတာဖြစ်ကာ ဘယ်သူကမှ တစ်ပိုင်တစ်နိုင်စိုက်ခင်းများတွင် မသုံးကြပေ။ အိမ်ရှိ အပေါ့အလေးအိုးများမှ အညစ်အကြေးများကိုသာ မြေသြဇာအဖြစ်သုံးကြတာဖြစ်သည်။ 


အမျိုးသမီးတစ်ယောက်သည် စုယွဲ့က ဘယ်လိုစိုက်ပျိုးရမည်ကို မသိတာဖြစ်မည်ဟု ထင်သွားခဲ့သည်။ " ညီမလေးက တကယ်ရယ်ရတာပဲ။ ဟင်းရွက်စိုက်တာလေးကို ဓာတ်မြေသြဇာတွေ သုံးနေရတယ်လို့။ ဒါတွေက ရှားတဲ့ဟာကို။ ဒီအတိုင်း အပေါ့၊ အလေး တွေကိုပဲ မြေသြဇာအနေနဲ့ သုံးပါလား။ " 


စုယွဲ့သည် ထိုနံစော်နေသည်များကို သုံးရမည်ကို မကြိုက်၍ မသုံးတာဟု ပြန်ဖြေ၍ မဖြစ်သည်ကို သိသည်။ ပြောရရင် ဒီခေတ်မှာ အကုန်လုံး အဲ့လိုပဲ လုပ်နေကြတာမလား။ သူမ အမှန်အတိုင်းပြောလိုက်ပါက စိတ်ဆိုးသွားကြမည်စိုး၍ တုံးအဟန်သာဆောင်လိုက်တော့သည်။ " အိမ်မှာ အဲ့လိုမျိုး လုပ်ထားတာမရှိလို့ပါ။"


အများစုသည် အိမ်၌ အပေါ့အိုး၊ အလေးအိုးများကို ထားတက်ကြသည်။ ရက်အတော်ကြာသည်အထိ သွန်မပစ်ကြဘဲ စိုက်ခင်းများထဲတွင် မြေသြဇာအဖြစ်ပြန်သုံးကြတာဖြစ်သည်။ စုယွဲ့ကတော့ ထိုသို့ မလုပ်လိုပါ။ အိမ်တွင် ထိုသို့ ထားခြင်းသည် မသန့်ရှင်းဟု ထင်၍ဖြစ်သည်။ ထားပါကလည်း စုယွဲ့ အစားပင် စားနိုင်တော့မည် မထင်ပေ။ 


ပြောပြသည့် အမျိုးသမီးသည် အကူအညီပေးချင်ဟန်ဖြင့် ပြောခဲ့သည်။ " ဪ အိမ်မှာမရှိလို့လား။ ကိစ္စမရှိဘူး။ အစ်မမှာ အများကြီးရှိတယ်။ အစ်မလည်း အများကြီး မသုံးနိုင်တော့ အစ်မဆီက ယူသုံးလေ။ ဒီ ဓာတ်မြေသြဇာတွေကတော့ သုံးပစ်ရမှာ နှမြောစရာချည်းလေ။ "


ပြောပြီးသည်နှင့် ထိုအမျိုးသမီးက အလေးအိုးအား စုယွဲ့ဆီ သယ်လာပေးခဲ့သည်။ သူမသည် အလေးအိုးအား ဇွန်းအကြီးကြီးတစ်ဇွန်းဖြင့်ပါ မွှေပြနေသေးသည်။ စုယွဲ့သည် ကြည့်ရင်းဖြင့် စိတ်ထဲတွင် ပျို့တက်လာကာ မူးပါမူးဝေလာတော့သည်။ မထိန်းထားနိုင်တော့ဘဲ ငုတ်တုပ်ထိုင်ကာ စားထားသမျှ အစာအားလုံးအား ပြန်အန်ထုတ်မိတော့သည်။ 


ဘေးရှိ အမျိုးသမီးများမှာ စုယွဲ့ကြောင့် လန့်သွားကြတော့သည်။ အထူးသဖြင့် အလေးအိုးအား ပေးလာသည့် အမျိုးသမီးပင်။ စုယွဲ့အား ကျောကို သပ်ပေးရင်း " ဘာဖြစ်တာလဲ ညီမလေးရဲ့။ ဇီဇာကြောင်လှချည်လား။ အနံ့ကို မခံနိုင်ဘူးလား။ "


ထိုသည်ကို မြင်သည့်အခါ အခြားအမျိုးသမီးများသည်လည်း အတွေးထဲ၌ ဤသို့တွေးနေကြတော့သည်။ ဒီစုယွဲ့ဆိုတဲ့ တစ်ယောက်က ချောပေမယ့် သူမကလည်း ရွာကလာတာပဲ မဟုတ်ဘူးလား။ အဲ့ဒါက်ို ဘာလို့ ဇီဇာကြောင်ပြနေတာလဲ။ ဒီအနံ့လေးကိုတောင် မခံနိုင်ဘူးတဲ့။ မြို့သူတွေတောင် သူမလောက် အဖြစ်သည်းမှာ မဟုတ်ဘူး။ ငါတို့တွေလည်း ဒီဟာကိုပဲသုံးပြီး ဟင်းရွက်တွေစိုက်လာတာပါနော်။ 


စုယွဲ့သည် အန်ပြီးနောက်တွင်တောင်မှ အနံ့ကိုရနေသေး၍ မူးဝေနေဆဲဖြစ်ကာ မတ်မတ်မရပ်နိုင်၍ တိုင်ကိုသာ မှီ၍ ရပ်နေရသည်။ ရနေသည့် အနံ့ကို ရှောင်ချင်လို၍ နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး မျက်နှာလွှဲထားရသည်။ 


အပေါ့အလေး မြေသြဇာအိုးအား ယူလာပေးသည့် အမျိုးသမီးသည် စုယွဲ့၏ အပြုအမူကို မြင်သည့်အခါ မျက်နှာပျက်သွားတော့သည်။ သူမ၏ ကြင်နာမှုကို တစ်ဖက်လူက ဤသို့ တုန့်ပြန်ကာ ပလိပ်ရောဂါလို ရှောင်ချင်နေလိမ့်မည်ဟု မထင်ထား၍ ဖြစ်လောက်သည်။ အကုန်လုံး တောက တက်လာတာခြင်း အတူတူကို စုယွဲ့ကာ ပိုနုပြနေသည်ဟု ထင်သွားကာ မြေသြဇာအိုးအား ပြန်ယူပြီး စိတ်ဆိုးစွာ ထွက်သွားတော့သည်။


စုယွဲ့လည်း ထိုသို့ ဖြစ်သွားစေချင်၍ မဟုတ်ပါ။ မထိန်းနိုင်တော့လို့သာ အန်မိသွားခြင်းဖြစ်သည်။ ဟန်ကျားရွာမှ တောအိမ်သာများကို သူမသည် သုံးရတိုင်း မသတီသော်လည်း ယနေ့လိုအထိတော့ အန်ထွက်သည်အထိ မဖြစ်ခဲ့ဖူးပေ။ 


မဟုတ်မှ သူမ ဒီနေရာကို ရောက်ပြီးနောက် တောမှအိမ်သာများကို မသုံးရတော့၍ ၂၁ရာစုကလို ဇီဇာပြန်ကြောင်တက်လာတာများလား။ 


အနည်းငယ် အဆင်ပြေလာသည့်အခါမှ စုယွဲ့သည် ခုနက အကူအညီပေးလာသည့် အမျိုးသမီးထံသို့ ပြန်သွားကာ တောင်းပန်ရတော့သည်။ " အစ်မကြီး၊ ကျွန်မ ဗိုက်မကောင်းနေတာ နှစ်ရက်ရှိနေပြီမို့လို့ပါ။ ရုတ်တရက် မူးလာလို့ အန်လိုက်တာပါ အစ်မကြီးကို တမင်လုပ်တာ မဟုတ်ပါဘူး။ ကူညီပေးတာကို ကျေးဇူးတင်ပါတယ်။ "


စုယွဲ့ စိတ်ရင်းဖြင့် တောင်းပန်နေသည်ကို တွေ့သည့်အခါ ထိုအမျိုးသမီးသည်လည်း စိတ်ပြေသွားကာ ရပါတယ် ဟုပြောခဲ့သည်။ 


အဆင်ပြေသွားသည့်အခါ  စုယွဲ့သည် မြေများကို ဖွကာ ဟင်းရွက်များစိုက်ရန် မြောင်းများဖော်လိုက်သည်။ တစ်မြောင်းတွင် ဟင်းရွက်တစ်မျိုးစိုက်လိုက်၏။ နွေဦးလည်း ရောက်နေပြီဖြစ်သဖြင့် စိုက်ပျိုးနိုင်သည့် ဟင်းရွက်များစွာရှိသည်။ ခရမ်းသီး၊ ငရုပ်သီး၊ ခရမ်းချဥ်သီးများကိုလည်း စိုက်နိုင်ကာ မုန်လာဥနှင့် ဂေါ်ဖီထုပ်များကိုပါ စိုက်ပျိုးနိုင်သည်။ ရာသီဥတု ကောင်းမွန်ပါက ရက်နှစ်ဆယ်အတွင်း စိုက်ပျိုးထားသည်များကို စားနိုင်ပြီဖြစ်သည်။ ခြောက်သွေ့လေလေ ဟင်းရွက်များကို ပိုစိုက်နိုင်လေလေဖြစ်ကာ ဆောင်းရာသီလို မဖြစ်ထွန်းခြင်းတော့ မရှိတက်ပေ။


ဆောင်းရာသီတွင် မုန်လာဥနှင့် ဂေါ်ဖီထုပ်များ ကောင်းစွာ မဖြစ်ထွန်း၍ စားရသည်မှာ မရသာမရှိဖြစ်တက်သည်။


တစ်နေကုန်လုပ်ပြီးမှသာ စုယွဲ့ အားလုံးကို စိုက်ပျိုးပြီးသွားသည်။ ပြီးနောက် အပင်မြောင်းများကို ရေလောင်းလိုက်ပြီး ညစာပြင်ရန် အိမ်သို့ပြန်လာလိုက်သည်။ 


တစ်နေ့လုံး ပင်ပန်းထား၍ စုယွဲ့ ကိုယ်လက်များညောင်းကိုက်နေပြီဖြစ်သဖြင့် နားချင်၍ ညစာကို ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်တော့မည်ဟု စိတ်ကူးထားခဲ့သည်။ အိမ်တွင် ၀က်သားအနည်းငယ် ကျန်နေသေးသဖြင့် အကြာကြီးလည်း မခံလောက်တော့၍ အကုန်ချက်ပစ်တော့မည်ဟု တွေးထားသည်။ ၀က်သားဖက်ထုပ်လုပ်ရန် ဖြစ်ကာ ယခင်ကလည်း မချက်ကျွေးဖူး၍ ချက်ကျွေးရမည်ဟု ဆုံးဖြတ်ထားသည်။ 


ထိုအကြံဖြင့် ၀က်သားများကို နုတ်နုတ်စဥ်းကာ ကြက်သွန်မြိတ်၊ ချင်း ( ဂျင်း )၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုပ်ကောင်း၊ ကော်မှုန့်နှင့် ကြက်ဥတို့ထည့်ကာ ရောနယ်လိုက်ပြီး အ၀တ်ဖြင့် အုပ်ကာ နာရီ၀က်ခန့် နှပ်ထားလိုက်သည်။ 


အသားနှပ်ထားချိန်တွင် စုယွဲ့ ဂျုံမှုန့်များကို ထုတ်ကာ နယ်လိုက်ပြီး ဖက်ထုပ်လိပ်ရန် အရွက်လေးများ လုပ်လိုက်သည်။ ပြီးနောက် နှပ်ထားသော ၀က်သားကိုထည့်ကာ ဖက်ထုပ်လေးများလုပ်လိုက်သည်။ အလုံးငါးဆယ်ခန့်နီးနီး လုံးပြီးမှသာ ရပ်လိုက်သည်။ 


သူမက ခုနစ်လုံး ရှစ်လုံးလောက်သာ စားနိုင်ကာ ကျန်တာက ဟန်အိုက်ကောအတွက် ဖြစ်သည်။ 


ပြီးနောက်တွင် ဟင်းခတ် အမွှေးအကြိုင်များ တွဲဖက်စားရန် ဆော့စ် လုပ်လိုက်သည်။ လုပ်နည်းက လွယ်ကူသည်။ ပဲငံပြာရည်၊ ဆီ၊ နှမ်းနှင့် နှမ်းဆီများကိုရောမွှေလိုက်ရုံသာ ဖြစ်သည်။ 


ဟန်အိုက်ကော ပြန်လာတော့မည့် အချိန် နီးနေပြီဖြစ်၍ စုယွဲ့ ဖက်ထုပ်လုံးများကို ထည့်ပြုတ်လိုက်တော့သည်။ ဂေါ်ဖီရွက် အနည်းငယ်ကိုပါ အတူထည့်ပြုတ်လိုက်၍ အဆီများကို စုပ်သွားသဖြင့် အအီတော့ သက်သာသွားလောက်သည်။ ကျက်သွားသည့်အခါ ဖက်ထုပ်လုံးများနှင့် အရွက်များကို ဆယ်ယူပြီး ဆော့စ်ထဲသို့ ထည့်လိုက်သည်။ 


စုယွဲ့သည် စိတ်ထဲမှ စနစ်၏ အချက်ပေးသံကို စောင့်နေစဥ်တွင် ဟန်အိုက်ကောက အိမ်ထဲသို့ ၀င်လာတော့သည်။ မနေ့ကနှင့် မတူသည့် မွှေးရနံ့ကို ရသည့်အခါ ဟန်အိုက်ကော မထိန်းနိုင်ဘဲ ပြုံးမိသွားပြီး မီးဖိုခန်းထဲသို့ ချက်ချင်း၀င်သွားလိုက်သည်။ ဇနီးလေးအား နောက်မှ သိုင်းဖက်လိုက်ကာ လည်ပင်းကြားသို့ ခေါင်းငုံ့၍ ကိုယ်ရနံ့အား တစ်၀ကြီး ရှိုက်လိုက်ကာ ဆိုလေသည်။ "ဘာတွေ လုပ်နေတာလဲ။ "


" ရှောင်ရှုးလေ စားဖူးလား။ "


ဟန်အိုက်ကောသည် ခေါင်းခါပြသည်။ " ဖက်ထုပ်နဲ့ တူတယ်နော်။ ဒါပေမယ့် ဖက်ထုပ်တွေက ဒီလောက် မသေးဘူးလားလို့။ အပြင်လွှာကလည်း သိပ်မပါးဘူး။ ဒါကဘာခေါ်လဲ။ " 


စုယွဲ့ ရယ်လိုက်မိသည်။ ဤဟင်းအား မူလက ၀မ်ထွမ်ဟု ခေါ်ကာ နေရာဒေသပေါ်မူတည်၍ အခေါ်များ ကွဲပြားသွားသည်။ အချို့နေရာများတွင်တော့ ဖက်ထုပ်ဟုပဲ ခေါ်ကြသည်။ နာမည်အများအပြားရှိသည်မို့ ဘယ်လိုပဲ ခေါ်ခေါ်အရေးမကြီးပါ။ အရသာရှိနေဖို့ကသာ အဓိကပင်။ 


စုယွဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်အခါ ဟန်အိုက်ကောက နားလည်ပြီ လို့ ပြောခဲ့သည်။ ဤဟင်းသည် အတော်လေးတော့ ကောင်းမှာပဲဟု ပြောသော်လည်း သူ့လို မီးဖိုချောင်အကြောင်း ဘာမှမသိသည့်သူက ဘယ်လိုလုပ် တကယ်နားလည်ပါ့မလဲ။ မိန်းမချက်ကျွေးတာဆို ဘာဖြစ်ဖြစ် စားမယ်ဆိုသည့် ခံယူချက်သာရှိသူဖြစ်သည်။ 


ဟင်းထည့်ထားသည့် ပန်းကန်လုံးနှစ်လုံးအား ထမင်းစားစားပွဲပေါ်သို့ နေရာချလိုက်ကာ စုယွဲ့ ၀င်ထိုင်လိုက်သည်နှင့် ဟန်အိုက်ကောက ချက်ချင်းဆိုသလို မြည်းကြည့်တော့သည်။ အမှန်မှာ ဟန်အိုက်ကောအတွက် တစ်နေ့တာလုံးတွင် အမျှော်လင့်ဆုံးအချိန်ကို ပြောပါဆိုပါက ညစာစားချိန်ဟု ဖြေမိမှာပင်။ အကြောင်းမှာ အိမ်တွင် သူ့အား ဖွယ်ဖွယ်ရာရာချက်ပြုတ်ကာ စောင့်နေမည့် ဇနီးလေးရှိနေ၍ ဖြစ်သည်။ ဤလိုနေ့မျိုးကား ယခင်က သူ အိပ်မက်ပင် မမက်ခဲ့ဖူးသော နေ့ရက်မျိုးဖြစ်သည်။ 


စုယွဲ့ ချက်ပြုတ်ပေးသည်များကို စားပြီးကတည်းက ဟန်အိုက်ကောအတွက် တပ်ထဲရှိ ကန်တင်းမှ အစားအစာများသည် လုံး၀အရသာမရှိတော့ချေ။ ဇနီးဖြစ်သူအား အစောကြီးမထစေချင်၍ မနက်စောစောထကာ ကိုယ့်ဘာသာပဲ ပြင်ဆင် စားလိုက်ပြီး နေ့လယ်စာကိုတော့ ကန်တင်းထဲတွင် သည်းခံ၍ စားရသည်။ ညစာကိုတော့ မိန်းမဖြစ်သူ ချက်ကျွေးသည်များကို စားချင်၍ ပြန်ချိန်ဆိုလျှင် သူများထက် မြန်မြန်လျှောက်ကာ ပြန်လာတက်နေပြီဖြစ်သည်။ မသိပါက ကျောင်းလွှတ်သည့်အခါ အိမ်သို့ အပြေးပြန်သည့် ကလေးများလို ဖြစ်နေပြီး ဟန်အိုက်ကောက ကိုယ့်ကိုယ်ကို တွေးကာ ရယ်မိတော့သည်။ 


စားနေရင်း ပြုံးနေတာကြောင့် စုယွဲ့က မေးခဲ့သည်။ " ဘာတွေ တွေးပြီး ပြုံးနေတာလဲ။ "


ဟန်အိုက်ကော ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။ " အရသာရှိလွန်းလို့ပါ။ ဒိီတပ်ထဲက လူတွေက ကိုယ့်လောက် ညစာကောင်းကောင်းစားရမှာ မဟုတ်ဘူးလို့ တွေးမိလို့။ "


ဟန်အိုက်ကောသည် ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောသည်မှာရှား၍ စုယွဲ့က ပြန်စခဲ့သည်။ " ရဲဘော်ဟန်အိုက်ကောရေ အရမ်းမမြှောက်လည်း ရပါတယ်နော်။ "


ဟန်အိုက်ကောက ခေါင်းညိတ်ပြကာ ညစာကိုပဲ ဆက်စားနေတော့သည်။ ခေါင်းမဖော်တမ်းစားနေ၍ မည်မျှ အရသာရှိသည်ကို မပြောလည်း သိနိုင်ပေသည်။