အပိုင်း ၆၃
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၃ - ကိုယ်၀န်




သို့သော်လည်း စုယွဲ့က ချောင်ရှူးများကို လေးလုံးခန့်သာစားပြီးနောက် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရပြီး ကျန်သည်များကို အမှိုက်ပုံးကြီး ဟန်အိုက်ကောထံသို့ ထိုးပေးလိုက်တော့သည်။ " ရဲဘော် ဟန်အိုက်ကော၊ ကျွန်မ မစားနိုင်တော့ဘူး။ ရှင်ပဲ စားလိုက်တော့။ "


ဟန်အိုက်ကောက သူမ ပန်းကန်လုံးထဲသို့ ကြည့်လိုက်သည့်အခါ တစ်၀က်မျှ ကျန်နေသေးသဖြင့် မျက်မှောင်ကြုံ့သွားလေသည်။ အစကတည်းက အများကြီး မထည့်ထားတာကိုတောင် မကုန်ဘူးလား။ " မင်း နေမကောင်းဘူးလား။ ဘာလို့ သိပ်မစားတော့တာလဲ။ အခုတလော နည်းနည်းလေးပဲ စားနေတယ်။ " 


စုယွဲ့လည်း သတိထားမိကာ ပြောခဲ့သည်။ " ဟုတ်တယ်၊ ကျွန်မကိုယ်တိုင်ကိုက သိပ်မစားချင်နေတာ။ "


ဟန်အိုက်ကောက ကိုင်ထားသည့် တူကိုချလိုက်ကာ စုယွဲ့ နဖူးကို စမ်းကြည့်ရင်း စိုးရိမ်စွာ ပြောခဲ့သည်။ " အရင်က ဖက်ထုပ်ဆို ခုနစ်ခု ရှစ်ခုလောက်ထိ စားနိုင်ပါတယ်။ အခုကျ နည်းနည်းလေးပဲ စားနိုင်တယ်။ မနေ့ကလည်း ဟော့ပေါ့ကို နည်းနည်းလေးပဲ စားတယ်။ ယွဲ့အာ နေကောင်းရဲ့လား။ "


စုယွဲ့ ပြန်စဥ်းစားကြည့်လိုက်သည့်အခါတွင်လည်း ဟုတ်သလိုပင်။ ဘာမှကို သေချာမစားချင်နေတာဖြစ်ပြီး နှစ်လုပ်လောက်စားရင်ကို ဗိုက်ပြည့်နေပြီဖြစ်သည်။ သူမ စားချင်စိတ်ဖြစ်၍ စားလိုက်သည့်အခါတွင်လည်း အရသာကမရှိ ဖြစ်နေတက်ပြီး ယခင်က ဤသို့တစ်ခါမှ မဖြစ်ဖူးပါ။ 


စားသောက်ခြင်းသည်သာ ပြဿနာရှိနေသည်မဟုတ်ဘဲ အခုတလော စိတ်လည်းဆတ်လာသလိုပင်။ ဘာမဟုတ်တာလေးနှင့် စိတ်ဆိုးတက်လာသည်။ မနေ့ညက ဟန်အိုက်ကောကို ရုတ်တရက် ထစိတ်ဆ်ိုးသွားမိသည်။ နေ့လယ်တုန်းက သဘာ၀မြေသြဇာ အနံ့ကိုရတော့လည်း အန်ပါအန်သေး၍ စုယွဲ့မှာ ကိုယ့်ကိုယ်ကို ဇီဇာကြောင်တယ်လို့ ထင်နေခဲ့တာဖြစ်သည်။ 


တွေးရင်းဖြင့် စုယွဲ့ တစ်ခုခုက်ို သဘောပေါက်လာသလိုလို ရှိသည်။ သူမ ထင်နေခဲ့သည်က ပတ်၀န်းကျင်အပြောင်းအရွှေ့ကြောင့် ထိုကဲ့သို့ ဖြစ်နေသည်ဟုပင်။ သို့သော်လည်း...ယခု စဥ်းစားကြည့်လိုက်တော့ အတွေးတစ်ခုက စိတ်ထဲ ပေါ်လာတော့သည်။ 


သူမ ကိုယ်၀န် ရှိနေတာများလား။


တွေးကြည့်ရရင် ဒီလအတွက် အန်တီ(ရာသီ)လည်း မလာဘဲ နောက်ကျနေသည်မှာ ဆယ်ရက်ကျော်ရှိနေပြီဖြစ်သည်။ ယခင်ကလည်း အန်တီသည် လာသည့်ရက် အတိအကျမရှိဘဲ စောချင်လည်းစောကာ နောက်ကျချင်လည်း နောက်ကျတက်တာကြောင့် စုယွဲ့ သတိမပြုခဲ့မိတာ ဖြစ်သည်။ 


သူမ တကယ်ကိုယ်၀န်ရှိနေလို့ အန်တီ မလာတာများလား။ 


စုယွဲ့ စိတ်ထဲတွင် အတွေးများသွားကာ စိတ် လှုပ်ရှားလာတော့သည်။ 


ဟန်အိုက်ကောက စုယွဲ့၏ မျက်နှာမကောင်းသည်ကို တွေ့သည့်အခါ ချက်ချင်းကောက်ပွေ့လိုက်ပြီး အိပ်ခန်းထဲသို့ ချီသွားပေးကာ ခုတင်ပေါ်တွင် လှဲစေခဲ့သည်။ " နေလို့ မကောင်းဘူးလား။ " 


စုယွဲ့က ဟန်အိုက်ကော လက်ကိုဆွဲယူကာ သူမဗိုက်ပေါ် တင်ပေးရင်း မသေချာသည့် အသံဖြင့် သူမတွေးနေသည်များကို ပြောပြလိုက်သည်။ " ရဲဘော်ဟန်၊ ကျွန်မထင်တာတော့ ... ကျွန်မမှာ ကိုယ်၀န်ရှိနေတာလား မသိဘူး။ " 


" ဘာ " ဟန်အိုက်ကောက သေချာမကြားလိုက်ရသည့်နှယ် ပြန်မေးခဲ့သည်။ 


စုယွဲ့လည်း နောက်တစ်ခေါက် ရှင်းလင်းစွာ ထပ်ပြောပြရတော့သည်။ "အခုတလော ခံတွင်းလည်း ပျက်တယ်။ မူးလည်း မူးတယ်။ စိတ်လည်း ဆတ်လာတယ်။ နေ့လယ်တုန်းကဆို အစ်မကြီး တစ်ယောက်ယူလာပေးတဲ့ မစင်ပုံးကြောင့် အန်ပါအန်မိသေးတယ်။ အဲ့ဒါတွေက ကိုယ်၀န်ရှိရင် ဖြစ်တာတွေနဲ့တူနေလို့။ ဒါပေမယ့် ကျွန်မလည်း မသေချာသေးဘူး။ "


ဟန်အိုက်ကောက တစ်ခဏကြာသည်ထိ ဘာမှမပြောဘဲ စုယွဲ့၏ ဓမ္မတာရက်များကို ပြန်တွက်ကြည့်ခဲ့သည်။ တွက်ကြည့်ပြီးနောက်တွင် ထခုန်ခဲ့သည်။ " ယွဲ့အာ၊ မင်းရဲ့ ရက်ကလည်း ဆယ်ရက်ကျော်တောင် နောက်ကျနေတယ်မလား။ အရင်က အဲ့လောက်ထိ နောက်မကျဖူးတော့ ....ဟုတ်များဟုတ်နေမလား။ "


စုယွဲ့ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ဖြေခဲ့သည်။ "ကျွန်မလည်း မသိတော့ဘူး။ " 


ဟန်အိုက်ကောက သူမကို ဂရုတစိုက် ပွေ့ချီလိုက်ပြန်ကာ အိပ်ခန်းထဲမှ ထွက်ရင်း ပြောခဲ့သည်။ " ဆေးရုံကို သွားရအောင်။ ဆေးရုံသွားပြီး ဆရာ၀န်နဲ့ ပြကြည့်ကြမယ်။ " 


ဟန်အိုက်ကော၏ အလျင်လိုနေမှုကို ကြည့်ကာ စုယွဲ့ သူ့ရဲ့ ရင်ဘတ်ကို ထုရိုက်လိုက်မိသည်။ " နေဦးလေ၊ ဘယ်အချိန်ရှိနေပြီလဲ။ ဒီလောက် နောက်ကျနေတာကို ဘယ်ကိုသွားဦးမလို့လဲ။ "


ဟန်အိုက်ကော - " ဒါပေမယ့် ကိုယ်က အခုချက်ချင်း သိချင်နေတာလေ။ "


စုယွဲ့က ဟန်အိုက်ကော ပါးများကို ခပ်ဖွဖွဆွဲကာ ချော့ပြောရတော့သည်။ " တကယ် ကိုယ်၀န်ရှိနေတာဆိုရင် တစ်ညလောက် စောင့်လိုက်ရုံနဲ့ ကလေးက ထွက်ပြေးသွားမှာမှ မဟုတ်တာ။ မနက်ဖြန်မှ စစ်ကြည့်လည်း ရပါတယ်။ ပြီးတော့ သားဖွားမီးယပ်ဌာနကလည်း ညအထိ ရှိမှာမှ မဟုတ်တာ။ အခုချိန်သွားလည်း ဆရာ၀န်တွေရှိမှာမဟုတ်ဘူး။ "


ဟန်အိုက်ကောက ထိုသို့ကြားမှသာ အသိပြန်၀င်သွားပြီး စုယွဲ့ကို ဖြည်းဖြည်းချင်း အိပ်ရာပေါ်သို့ ပြန်ချပေးကာ စောင်ကိုပါ ခြုံပေးပြီး ခေါင်းအုံးကိုလည်း သေချာနေရာချပေးခဲ့သည်။ မသိပါက စုယွဲ့မှာ ကျကွဲသွားနိုင်သည့် ကြွေရုပ်လေးသဖွယ်ပင်။


စုယွဲ့လည်း ရယ်ချင်မိတော့သည်။ ယောကျာ်းဖြစ်သူ၏ လက်ကိုဆွဲကာ ပြောခဲ့သည်။ " မနက်ဖြန်ကြရင် ခေါင်းဆောင်ယွီတို့အိမ်က အစ်မရွှီးချန်ကို သွားတွေ့လိုက်မယ်။ အစ်မရွှီးချန်က ဆေးရုံက သားဖွားမီးယပ်ဆရာ၀န်ပဲဆိုတော့ သူမကို ပြလိုက်ရင် ရလောက်ပါပြီ။ "


ဟန်အိုက်ကောက ထိုအခါမှ ရွှီးချန်ကို သတိရသွားကာ ချက်ချင်း ပြောလာခဲ့သည်။ " ဒါဆိုလည်း အခုသွားတွေ့မယ်လေ။ " ဟုဆိုကာ စုယွဲ့အား ပွေ့ချီမည် လုပ်ပြန်သည်။ 


" ဟန်အိုက်ကော၊ တော်သင့်ပြီနော်။ " စုယွဲ့ လက်ဆန့်ထုတ်ကာ ပါးကို အားရပါးရဆွဲလိုက်တော့သည်။ " နောက်ကျနေပြီလေ။ သူတို့လည်း အိပ်နေကြလောက်ရောပေါ့။ အခုချိန် သွားရင် အားနာစရာကြီး။ အရေးပေါ်အခြေအနေလည်း မဟုတ်ဘဲနဲ့ဟာ။ ကျွန်မ ပြောပြီးပြီလေ ကလေးက ထွက်ပြေးသွားမှာမှ မဟုတ်တာလေနော်။ " 


ဟန်အိုက်ကောက စုယွဲ့ လက်ကို ပြန်ဆုပ်ကိုင်လိုက်ကာ သွားမည်ဟု မဆိုတော့သော်ငြား မျက်၀န်းများထဲတွင်တော့ မကျေနပ်သေးသည့် အရိပ်အယောင်များ ရှိနေသေးသည်။


စုယွဲ့မှာ ရယ်ချင်သော်လည်း မရယ်ရက်ပေ။ ဒီလူက ပုံမှန်ဆို တည်တည်ငြိမ်ငြိမ်ရှိကာ ဤကဲ့သို့ စိတ်လှုပ်ရှားနေသည်မှာ ရှားသည်။ ပြောရရင် သူက သုံးဆယ်ပင် ပြည့်တော့မည်ဖြစ်သည်။ ညီဖြစ်သူရဲ့ ကလေးတွေတောင် အတော်လေး အရွယ်ရောက်နေကြပြီဖြစ်သည်။ ဟန်အိုက်ကောက ကလေးချစ်တက်သူဖြစ်သော်လည်း ယခင်က အခွင့်အရေးမရခဲ့၍ ဖြစ်ပြီး အခု ဤမျှပျော်နေသည်မှာ မထူးဆန်းတော့ပေ။ 


ထိုသို့တွေးမိသည့်အခါ စုယွဲ့မှာ စိတ်ပျော့သွားတော့သည်။ ဟန်အိုက်ကော၏ မျက်နှာအား ကိုင်ရင်း ချော့ပြောခဲ့သည်။ " ဟုတ်ပါပြီ။ အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ တကယ်ရှိနေတာဆိုရင် ဘယ်မှ ထွက်မပြေးသွားဘူး။ အခုတော့ ညစာသွားစားတော့။ ကြာရင် အေးကုန်တော့မယ်။ "


ဟန်အိုက်ကောက ညစာ မစားချင်တော့ဘဲ စုယွဲ့ ဘေးတွင်သာ နေချင်သော်လည်း စုယွဲ့၏ အကြည့်များကို မခံစားနိုင်၍ မီးဖိုးခန်းထဲသို့ ပြန်သွားကာ ညစာစားရတော့သည်။ 


စားပြီးနောက်တွင်လည်း စုယွဲ့အား အိပ်ရာထဲမှ မထွက်ခိုင်းပဲ သူ့ဘာသာပင် သန့်ရှင်းရေးလုပ်တော့သည်။ ထို့နောက် ရေနွေးတည်ကာ အိပ်ခန်းထဲသို့ ယူလာပေးခဲ့သည်။ စုယွဲ့သည် ခြေထောက်များကို ရေနွေးစိမ်ကာ ဆေးကြောရန် ငုံ့မည်လုပ်သည့်အခါတွင်လည်း အလုပ်မခံချေ။ သူကိုယ်တိုင်သာ ဆောင့်ကြောင့်ထိုင်ကာ ဆေးကြောပေးခဲ့သည်။ 


စုယွဲ့ ရင်ထဲတွင် ကြိတ်ပျော်နေမိသည်။ လုပ်ခရရန် လယ်ကွင်းများထဲတွင် မီးဖွာခါနီးအချိန်ထိ အလုပ်လုပ်နေရဆဲ အမျိုးသမီးများနှင့် ယှဥ်ပါက သူမက ကံကောင်းလွန်းသည်။ သို့သော်လည်း ကိုယ်၀န်သည် တကယ်ဟုတ်၊ မဟုတ် မသေချာသေးဘဲ ဟန်အိုက်ကော စိတ်ပျက်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။ အစကတော့ စုယွဲ့၌ ကိုယ်၀န်အတွက် မျှော်လင့်ချက်အများကြီးမရှိပါ။ ဒီအတိုင်း ကံကိုသာ ယုံထားလိုက်မည်ဟု တွေးထားတာဖြစ်သော်လည်း ဟန်အိုက်ကော၏ မျှော်လင့်တကြီးဖြစ်ကာ ပျော်ရွှင်နေမှုကြောင့် သူမလည်း မျှော်လင့်နေမိသည်။ တကယ်သာဆို ဟန်အိုက်ကော ဘယ်လောက်တောင် ပျော်သွားလိုက်မလဲ။ 


စုယွဲ့ကို ဆေးကြောပေးပြီးသည့်နောက် ဟန်အိုက်ကောလည်း ဆေးကြောသန့်စင်ခဲ့သည်။ အရင်လို စာအုပ်ဖတ်ရမည့်အစား ဟန်အိုက်ကောက စုယွဲ့ကို ရင်ခွင်ထဲထည့် ဖက်ထားရင်း သူမ ဗိုက်အား ပွတ်သပ်ပေးနေခဲ့သည်။ 


အရင်လိုသာဆို ဟန်အိုက်ကောက သူမ၏ ထူးခြားသည့်နေ့ရက်များမှ လွဲကာ နေ့တ်ိုင်းတောင်းဆိုနေတက်သူဖြစ်သော်လည်း ဒီနေ့ညတွင်တော့ ငြိမ်နေပြီး သူမ၏ ဗိုက်ကို ပွတ်သပ်ပေးနေသည်ကလွဲ၍ ဘာမှမလုပ်ပေ။ 


စုယွဲ့သည် သူမကိုယ်သူမ စေတာ၏ ကလေးအားလွယ်ထားရသလိုပင် ခံစားမိသွားသည်။ စေတာသည် သားဖြစ်သူအား ကာကွယ်ရန် မိခင်ဖြစ်သူ၏ လုံခြုံရေးကို အရိပ်ထဲမှ နေကာ ကာကွယ်ပေးနေရသည့် ဒဏ္ဍာရီကို အမှတ်ရသွားမိသည်။ 


စုယွဲ့ ပြုံးလိုက်ကာ ခေါင်းမော့၍ ဟန်အိုက်ကောအား နမ်းကာ နှုတ်ခမ်းများကို လျှာဖြင့် သပ်ပြလိုက်သည်။ ပြီးနောက် ရီဝေနေသည့် မျက်၀န်း၀ိုင်းများဖြင့် ကြည့်ကာ " ရဲဘော်ဟန် ~ " ဟုခေါ်လိုက်သည်။ 


သူမထံမှ ခေါ်သံကြောင့် ဟန်အိုက်ကော၏ အသက်ရှုသံများ ပြင်းလာကာ ခန္ဓာကိုယ်သည်လည်း တောင့်သွားခဲ့သည်။ 


အရင်လိုသာဆို စုယွဲ့ ဤသို့ လုပ်ရဲမည်မဟုတ်ချေ။ အကြောင်းမှာ သူမ ဘာမှမလုပ်ရင်တောင် ဒီလူက အချိန်တိုင်း ဆာလောင်နေတက်၍ပင်။ ယခုလိုသာ လုပ်ပါက သူမ သေချာပေါက် မနက်ထိ အစားခံရမည်ဖြစ်လောက်သည်။ ယခုတော့ ဒိုင်းကာလေးလည်း ရှိနေ၍ သူမ ဤသို့ ခေါ်ကာ စရဲတာဖြစ်သည်။ အခုတော့ သူ ဘာမှမလုပ်ရဲတော့ဘူးမလား။ ဟားဟားဟား။


ဟန်အိုက်ကောသည် သူမ၏ အကြံအား မသိဘဲ ဘယ်နေပါ့မလဲ။ ချက်ချင်းဆိုသလို အပြစ်ပေးလိုက်ချင်သောလည်း ဒီကောင်မလေးကို ဘယ်သူကများ အခုချိန်မှာ ကလေးရှိနေခိုင်းလိုက်တာလဲ။ မဆင်မခြင်လုပ်မိလျှင် ကလေးကို ထိခိုက်သွားမည်ဆိုး၍ ဟန်အိုက်ကောက ခံစားချက်များကို ထိန်းချုပ်လိုက်ကာ စုယွဲ့၏ ဆံပင်များကို သပ်ပေးလိုက်ပြီး " လိမ္မာစမ်းပါ။ " ဟူ၍ ပြောလိုက်ရသည်။ 


ဟန်အိုက်ကော၏ မကျေမနပ်ထိန်းချုပ်နေရသည့်ပုံကို ကြည့်ကာ စုယွဲ့က ရယ်ခဲ့သည်။ ဘယ်သူက သူ့ကို အရင်တုန်းက အဲ့လောက်ကြမ်းတမ်းခိုင်းလို့လဲ။ အားချင်းမမျှတာကို အခွင့်ကောင်းယူပြီး သူမကို အနိုင်ကျင့်နေခဲ့ပြီး ရပ်ခိုင်းရင်တောင် မရပ်ပေးခဲ့ဘူး။ အခုတော့ လုပ်လို့လည်း မရတော့ဘူး။


ထိုညတွင် စုယွဲ့က ပျော်ရွှင်စွာ အိပ်ပျော်သွားခဲ့သည်။ 


နောက်တစ်နေ့ နံနက်ထသည့်အခါတွင် လန်းဆန်းနေခဲ့သည်။ စောစောအိပ်ကာ စောစောနိုးလာ၍ အချိန်ကို ကြည့်သည့်အခါ လွန်းပြန်ယာဥ်အား မီနိုင်၍ ကွန်မြူနတီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ 


သို့ဖြစ်၍ အိပ်ရာမှထကာ မစားချင်သော်လည်း ဆန်ပြုတ်ကို ကြိတ်မှိတ်စားလိုက်ပြီးနောက် ကားစောင့်ရန် ဂိတ်သို့ထွက်လာလိုက်သည်။ 


ဂိတ်သို့ ရောက်သည့်အခါ ရွှီးချန်နှင့် နီနီကိုပါ တွေ့လိုက်ရသည်။ စုယွဲ့ကို တွေ့သည့်အခါ ရွှီးချန်က မေးခဲ့သည်။ " ညီမလေး စုယွဲ့ ကွန်မြူနတီကိုသွားမလို့လား။ "


စုယွဲ့ ပြန်ပြုံးပြကာ နီနီ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ပြန်ဖြေခဲ့သည်။ " ဟုတ်တယ်။ အစ်မကို တွေ့ဖို့ သွားမလို့လေ။ " 


ရွှီးချန်သည် ကြားလိုက်သည်ကို နားမလည်ခဲ့ပေ။ " အစ်မကို တွေ့ဖို့လား? အစ်မက ဒီမှာရှိတာပဲ။ ပြောစရာရှိရင် ပြောလေ။ "


စုယွဲ့ ရယ်လိုက်မိသည်။ ဒီအစ်မက တကယ်ရယ်ရတာပဲ။ ပြီးနောက် နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။ " ဆရာ၀န်နဲ့ ပြချင်လို့ အစ်မကို တွေ့ချင်တာ။ " ဟုဆိုလိုက်ပြီး ဗိုက်လေးကို ပုတ်ပြလိုက်သည်။ 


ရွှီးချန်သည် အံ့သြသွားကာ ခဏကြာမှ စုယွဲ့ပြောချင်သည်ကို သဘောပေါက်သွားပြီး " ဪ " ဟုဆိုရင်း  ပြုံးစိစိဖြင့် ထပ်မေးခဲ့သည်။ "  ရှိနေပြီလား "


စုယွဲ့ - " သေတော့ မသေချာသေးဘူး။ အန်တီ မလာတာ ဆယ်ရက်ကျော်နေပြီးတော့ အခုတလော ခံတွင်းလည်းပျက်ပြီး စိတ်လည်းဆတ်လာလို့။ "


ရွှီးချန်က ထိုသို့ကြားသည့်အခါ သေချာသည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိသည်ဟု ပြန်ဖြေမည်အလုပ် " ဘာတွေ ပြောနေကြတာလဲ။ " လို့ မေးသံက်ို အရင်ကြားလိုက်ရသည်။


မေးလာသူမှာ ဘေးအိမ်မှ ဖန်းရှောင်းလီဖြစ်သည်။ ထူးထူးဆန်းဆန်း ဒီနေ့မှ စကားစပြောနေပါလား။


စုယွဲ့က သူမ၏ ကိုယ်ရေးကိုယ်တာများအကြောင်းကို ပြန်မပြောချင်သလို ရွှီးချန်လည်း မပြောလိုသည့်ပုံပင်။ ရွှီးချန်က ပြုံးပြကာ " ဒီအတိုင်းပါပဲ " ဟုပြန်ဖြေခဲ့သည်။


ဖန်းရှောင်းလီက မယုံသော်လည်း ဘာမှ မပြောနိုင်၍ ပြုံးလျက်ဖြင့် ရွှီးချန်အား ပြောခဲ့သည်။ " အစ်မ၊ မကြာသေးခင်က ကျွန်မတို့ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနကို ပိတ်စအသစ်တွေရောက်လာတယ်။ တော်တော်လေး အသားကောင်းပြီး အဆင်လေးတွေလည်းလှတယ်။ အဲ့တာ တော်တော်လေး လူကြိုက်များကြတယ်လေ။ အစ်မများ လိုချင်ဦးမလားလို့။ လိုချင်ရင် ကျွန်မ နည်းနည်းလောက် ယူပေးမယ်လေ။ "


ဖန်းရှောင်းလီသည် ပြောနေစဥ်တွင် စုယွဲ့အား မမြင်သလို လျစ်လျူရှုထားကာ စုယွဲ့ကို ပိတ်စတွေလိုချင်သေးလား ဟူ၍လည်း မမေးပေ။ 


သာမန်လူသာဆို ဒေါသထွက်နေလောက်သော်လည်း စုယွဲ့ကတော့ စိတ်ထဲပင် မထားပါ။ သူမမှာ ပစ္စည်းများ ၀ယ်ရန် တစ်ခြားလူကို ကပ်ဖားနေမည့် စိတ်ကူးမရှိသဖြင့် သူမလည်း ပြန်ကာ ဥပေက္ခာပြုထားလိုက်သည်။ 


ရွှီးချန်က ပြန်ပြုံးပြကာ ခေါင်းခါပြီး ငြင်းခဲ့သည်။ "ဟင့်အင်း။ ပိတ်စတွေကို လွန်ခဲ့တဲ့ နှစ်ရက်သုံးရင်ကမှ ၀ယ်ထားသေးလို့၊ မယူတော့ဘူး။ ကျေးဇူးပဲနော်။ "


ရွှီးချန်က ပျော်ရွှင်စွာ လက်ခံလိမ့်မည်ဟု ဖန်းရှောင်းလီက တွက်ထားတာဖြစ်ပြီး တစ်ဖက်လူကလည်း သူမနှင့် ရင်းနှီးနေချင်လောက်သည်ဟု ထင်ထားတာဖြစ်သည်။ သူမသာ လက်ခံလိုက်ပါက စုယွဲ့ကိုလည်း ပညာပြပြီးသား ဖြစ်သွားမှာပဲဟု တွေးထားသော်လည်း တစ်ဖက်လူက ငြင်းဆိုလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။ အငြင်းခံလိုက်ရ၍ ရှက်သွားကာ  သည်းခံနေရချိန်တွင် ဘေးမှ အမျိုးသမီးတစ်ဦးသည်လည်း ကြားသွားကာ ဝင်ပြောခဲ့သည်။ " ကျွန်မကိုရော ယူပေးလို့ရမလား။ လတ်တလော ပိုက်ဆံလေးလည်း စုမိထားလို့ ကလေးတွေအတွက် အင်္ကျီချုပ်ပေးချင်လို့ပါ။ "


ပုံမှန်အချိန်သာဆိုပါက ဖန်းရှောင်းလီသည် အဆောင်ထဲမှ အခြားအမျိုးသမီးများကို ဂရုစိုက်မည်မဟုတ်သော်လည်း ယခုတွင် အရှက်ကွဲသည်ကို ပြန်အဖက်ဆယ်ရမည်ဖြစ်၍ ပြုံးကာ ပြောခဲ့သည်။ " ကောင်းပြီလေ။ ဒီနေ့ ယူလာပေးမယ်။ အိမ်မှာလာယူလိုက်ပေါ့။ "


ထိုအမျိုးသမီးက ပျော်သွားကာ ကျေးဇူးတင်ခဲ့သည်။


ကားရောက်သည့်အခါ ဖန်းရှောင်းလီက ယခင်ကဲ့သို့ ရပ်စောင့်မနေဘဲ အရင်တက်သွားပြီး အကောင်းဆုံးနေရာကို ရွေးကာ ၀င်ထိုင်သည်။


စုယွဲ့နဲ့ ရွှီးချန်က အရင်တစ်ခေါက်ကလို အတူတူထိုင်ခဲ့သည်။ နီနီက ရွှီးချန်၏ ပေါင်ပေါ်တွင် ထိုင်ခဲ့သည်။ 


ရွှီးချန်က စုယွဲ့ လက်ကို ဆွဲကာ လက်ကောက်၀တ်ကို ကိုင်၍ သွေးခုန်နှုန်းစမ်းပေးခဲ့သည်။ စုယွဲ့သည် ရွှီးချန်က သွေးခုန်နှုန်းလည်း စမ်းတက်နေမည်ဟု မထင်ထားခဲ့သော်လည်း သွေးခုန်နှုန်းစမ်းနေသည်ကိုတော့ ငြိမ်၍နေပေးလိုက်သည်။ 


ငါးမိနစ်လောက်ကြာပြီးမှသာ ရွှီးချန်က စုယွဲ့၏ လက်ကို ပြန်ချပေးပြီး ပြုံးလျက် ခေါင်းညိတ်ပြကာ မျက်စိတစ်ဖက်ကိုလည်း မှိတ်ပြခဲ့သည်။


စုယွဲ့သည် ပျော်သွားကာ တိုးတိုးလေး ပြန်မေးခဲ့သည်။ " ရှိနေတာလား။ "


ရွှီးချန်က ခေါင်းညိတ်ပြခဲ့သည်။ " အဘိုးဆီကနေ တိုင်းရင်းဆေးအကြောင်း နည်းနည်းပါးပါး သင်ဖူးတယ်လေ။ သွေးခုန်နှုန်းအရ ပျော်ရွှင်ခြင်း သွေးခုန်နှုန်းဖြစ်လောက်တယ်။ ဒါပေမယ့် သေချာအောင် ဆေးရုံမှာ သွေးစစ်ကြည့်လိုက်ဦး။ "


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ ဗိုက်ပေါ်သို့ လက်တင်ထားရင်း နှလုံးခုန်များပင် မြန်လာသယောင်ပင်။


ဆေးရုံသို့ ရောက်သည့်အခါ ရွှီးချန်က စုယွဲ့အား ဆေးစစ်ဖို့ ကူညီပေးခဲ့သည်။ ဆေးစစ်ချက်က မကြာခင်ပဲ ပြန်ထွက်လာခဲ့သည်။ ရွှီးချန်က စုယွဲ့ကို ၀မ်းသာအားရ ဂုဏ်ပြုပေးခဲ့သည်။ " ဂုဏ်ပြုပါတယ်၊ စုယွဲ့ရေ။ "


" တကယ်လားဟင်။ " စုယွဲ့က မယုံရဲသေးပေ။ သူမ မနေ့ညကလို တည်ငြိမ်မနေနိုင်တော့။ သူမ ဗိုက်ထဲမှာ သူမနဲ့ ဟန်အိုက်ကောတို့ ရင်သွေးလေး ရှိနေပြီတဲ့။ ပျော်စရာကောင်းလိုက်တာ။


သူမက မိခင်တစ်ဦးဖြစ်လာတော့မည် ဖြစ်ကာ သူမဗိုက်ထဲရှိ အသားလုံးလေးက ဆယ်လအကြာတွင် အပြင်လောကသို့ ထွက်လာတော့မည်ဖြစ်သည်။ 


တွေးကြည့်ရုံနှင့်ပင် သူမ အရမ်းပျော်သည်။ 


" အစ်မ ရွှီးချန်၊ ကျေးဇူးပါနော်။ " စုယွဲ့က ပျော်ပျော်ရွှင်ရွှင်ပဲ ကျေးဇူးတင်စကား ဆိုမိသည်။ 


ရွှီးချန် - " ကျေးဇူးတင်ဖို့ မလိုပါဘူး။ မသိတာရှိရင် အိမ်ကိုလာပြီး အစ်မကို လာမေးလို့ရတယ်နော်။ "


ထိုသို့ ပြောပြီးသည့်အခါ ရွှီးချန်၏ မျက်၀န်းထဲတွင် ၀မ်းနည်းရိပ်များ ဖြတ်ပြေးသွားကာ သူမ ဗိုက်အား ကိုင်လိုက်ရင်း ကြေကွဲနေသည့်ဟန် ဖြစ်သွားခဲ့သည်။ 


စုယွဲ့က အပျော်လွန်နေ၍ ရွှီးချန်၏ အမူအရာကို သတိမထားမိလိုက်ပေ။ ကိုယ်၀န်ဆောင်စဥ်အတွင်း လိုက်နာရမည်များကို မေးမြန်းပြီးနောက် ဆေးရုံမှ ပြန်ထွက်သွားခဲ့သည်။ 


စုယွဲ့က ပြန်ဖို့ အလျင်မလိုဘဲ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနသို့သွားကာ  ၀က်နံရိုးပေါင်း လုပ်ရန် ၀က်နံရိုးများကို၀ယ်ခဲ့သည်။ ၀က်နံရိုးစွပ်ပြုတ်က အာဟာရရှိကာ ကယ်လ်စီယမ်ဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်သည်။ သူမသည် ယခုတလော ကောင်းကောင်းမစားနိုင်ခဲ့သဖြင့် သူမတစ်ယောက်တည်းသာဆို အဆင်ပြေလောက်သော်လည်း ကလေးမှာ အာဟာရများ ချို့တဲ့နေမည်ကို မဖြစ်စေလို၍ပင်။ 


နံရိုးများ ၀ယ်ပြီးသည့်အခါ ကြက်ဥများကို ၀ယ်လိုက်ပြီး အခြားအတိုအထွာလေးများကိုပါ ၀ယ်လိုက်သည်။ အ၀တ်ဆိုင်ရှေ့မှ ဖြတ်သွားသည့်အခါတွင်လည်း ချည်ထည်များကိုတွေ့၍ ကလေးအတွက်လည်း သင့်တော်ကာ သူမကိုယ်တိုင်လည်း ၀တ်၍ အဆင်ပြေလောက်သဖြင့် ၀ယ်ပြန်ခဲ့သည်။ 


ချည်ထည်များက ယခုခေတ်တွင် သိပ်၍ အသုံးမတွင်ကျယ်သေးသဖြင့် စျေးသိပ်မရှိပေ။ လု၀ယ်စရာမလိုဘဲ ပိုက်ဆံရှိပါက ၀ယ်နိုင်သည်ဖြစ်၍ တစ်ခါတည်းနှင့် စုယွဲ့ အများအပြား ၀ယ်လာလိုက်သည်။ 


ကလေးလေးက တစ်လသားအရွယ်သာ ရှိသေးကာ သူမကိုယ်တိုင်လည်း အ၀တ်တွေမချုပ်ရသေးပေ။ စောစော၀ယ်ထားကာ အိမ်တွင် ချုပ်ထားလိုက်လျှင် ကလေးမွေးလာသည့်အခါ အသင့်ဖြစ်နေလောက်သည်။ 


သို့သော်လည်း အိမ်တွင် အပ်ချုက်စက်မရှိပါ။ ရှိခဲ့လျှင်  လက်ဖြင့် ချုပ်ရသည်ထက် ပို၍ အဆင်ပြေလွယ်ကူလောက်သည်။ သူမအတွက်တော့ စက်နှင့်ချုပ်ရသည်က ပိုလွယ်သည်။


_ _ _ _


ညနေခင်းတွင် စုယွဲ့ နံရိုးများကို အိုးထဲထည့်ကာ ပြုတ်လိုက်ပြီးနောက် အသားများကို ဖယ်ထုတ်ကာ ဟန်အိုက်ကော ကြိုက်သည့် ၀က်သားနီချက် လုပ်လိုက်သည်။ ခေါက်ဆွဲနှင့် ဂေါ်ဖီများကို ရောကာ ခေါက်ဆွဲပါ ကြော်လိုက်သည်။ မီးဖိုခန်းထဲတွင် ဟင်းနံ့များ မွှေးနေတော့သည်။ 


ဟန်အိုက်ကောက ပုံမှန်အချိန်ထက် ငါးမိနစ်စောကာ ပြန်ရောက်လာသည်။ ချွေးများလည်း ထွက်နေကာ အနည်းငယ် မောဟိုက်နေသည်။ ကြည့်လိုက်သည်နှင့် ပြေးလာမှန်း သိသာလှသည်။ 


စုယွဲ့ လက်ကိုင်ပု၀ါဖြင့် ချွေးများကို သုတ်ပေးလိုက်သည်။ "'ဘာလို့ ပြေးလာတာလဲ။ "


ဟန်အိုက်ကောက တခြား ဘာကိုမှ ဂရုမစိုက်ဘဲ စုယွဲ့၏ ဗိုက်ပေါ်သို့ လက်တင်ကာ မေးခဲ့သည်။" ဘာတဲ့လဲ။ ဘာပြောလိုက်လဲ။ " 


စုယွဲ့က ဟန်အိုက်ကော လည်ပင်းကို သိုင်းဖက်လိုက်သည်။ " ရဲဘော် ဟန်အိုက်ကော၊ အဖေဖြစ်သွားလို့ ဂုဏ်ပြုပါတယ်။ " 


ဟန်အိုက်ကောက တစ်ခဏ ဘာမှပြန်မပြောနိုင်ဖြစ်သွားကာ ပြီးမှသာ အပျော်လွန်ကာ စုယွဲ့အား ခါးမှ ပွေ့ချီကာ မြှောက်လိုက်ရင်း သူမနှုတ်ခမ်းအား တစ်ဖွဖွနမ်းခဲ့သည်။ " ကိုယ်တကယ် အဖေဖြစ်တော့မှာလား။ တကယ်လား။ "


" အရူး " စုယွဲ့က ဟန်အိုက်ကော နှာခေါင်းအား လိမ်ဆွဲခဲ့သည်။ " ဒါမျိုးကို လိမ်စရာလား။ "


ဟန်အိုက်ကောက အရူးတစ်ယောက်လို ပြုံးခဲ့သည်။ 


စုယွဲ့လည်း အတူပြုံးလိုက်မိသည်။ ဟင်းအိုးဆူနေသည်ကို တွေ့သည့်အခါ သူ့ ပုခုံး ပုတ်ပြီး " မြန်မြန် ပြန်ချပေးဦး။ ဟင်းတွေ အများကြီးချက်ထားတယ်။ ဂုဏ်ပြုပွဲလုပ်ကြရအောင်။ "


" မလှုပ်နဲ့တော့။ ကိုယ်ပဲ လုပ်ပေးမယ်။ " ဟန်အိုက်ကောက စုယွဲ့ကို စားပွဲဘေးတွင် ချပေးကာ ထိုင်စေခဲ့သည်။ သူကိုယ်တိုင်ကတော့ မီးဖိုထဲ ပြန်ပြေးကာ ပန်းကန်လုံးများကို သယ်လာပေးသည်။ " စွပ်ပြုတ်လည်း ရှိတော့ ဒီနေ့တော့ ပိုစားရမယ်နော်။ သိပ်မစားတော့ နည်းနည်းတောင် ပိန်သွားသလိုပဲ။ "


စုယွဲ့လည်း ကောင်းကောင်းစားရမည်ဟု တွေးထားတာဖြစ်သော်လည်း စွပ်ပြုတ်အား ခပ်လိုက်သည်နှင့် စိတ်ကြောင့်ပဲလားတော့ မသိပါဘဲ မူးနောက်နောက်ဖြစ်လာကာ ပန်းကန်လုံးအား ချထားခဲ့ပြီး ရေချိုးခန်းထဲ ပြေး၀င်ပြီး အန်ရတော့သည်။ 


ဟန်အိုက်ကောသည် သူမအား ပွေ့၍ တွဲထားပေးကာ စိုးရိမ်စွာမေးခဲ့သည်။ " ဘာလို့ ဒီလောက် အန်နေရတာလဲ။ နေရတာ မသက်သာဘူးလား။ "


စုယွဲ့က ဘာမှ ပြန်မဖြေနိုင်ဘဲ အန်ပဲအန်နေခဲ့သည်။ အတော်လေးကြာပြီးမှသာ အအန်ရပ်သွားကာ ဟန်အိုက်ကောက သူမအား ထမင်းစားပွဲဆီ ပြန်ချီလာပေးသော်လည်း စုယွဲ့ကတော့ ထမင်းစားပွဲကို မြင်သည်နှင့် အန်ချင်လာပြန်သည်။


သို့ဖြစ်၍ ဟန်အိုက်ကောက စုယွဲ့ကို ဆိုဖာပေါ်ပဲ ခေါ်သွားပေးကာ ရေတိုက်ခဲ့သည်။ ထိုအခါမှသာ စုယွဲ့သည် နည်းနည်းသက်သာသွားတော့သည်။ 


ဟန်အိုက်ကောကတော့ စိုးရိမ်နေဆဲပင်။ " ဘာလို့ အဲ့လောက်ထိ ပြင်းထန်နေရတာလဲ။ "


မိသားစုထဲတွင် အကြီးဆုံးဖြစ်၍ ဟန်အိုက်ကောသည် မိခင်ဖြစ်သူ ဒုတိယကလေး၊ တတိယကလေးများကို လွယ်ထားသည်ကို မြင်ဖူးသည်။ မိခင်ဖြစ်သူလည်း တတိယကလေးအား လွယ်ထားရစဥ်က မူးဝေကာ အော့အန်တက်သော်လည်း စုယွဲ့ကဲ့သ်ို့ လုံး၀မစားနိုင်တော့သည်အထိတော့ မဟုတ်ပါ။ ဒီလိုပဲ ဆက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုပဲ မစားနိုင်ဘူးဆိုရင် ဗိုက်ထဲက ကလေးမပြောနဲ့ လူကြီးဆိုရင်တောင် တောင့်ခံနိုင်မည် မဟုတ်ပေ။ 


စုယွဲ့က အခြေအနေကို အရမ်းကြီး စိုးရိမ်မနေစေဖို့ စနောက်ခဲ့သည်။ " လူတိုင်းရဲ့ တုံ့ပြန်တာက ဘယ်တူပါ့မလဲ။ ကျွန်မက တစ်ခြားသူတွေထက် ပိုပြီး အထိခိုက်မခံလို့နေမှာပေါ့။ ဒီကလေးလေးကတော့ ထွက်လာမှ ရိုက်ပစ်ဦးမယ်။ " ထူးတော့ ထူးဆန်းသည်။ စိတ်ကြောင့်ပဲလားတော့မသိပါ။ ကိုယ်၀န်ရှိမှန်း မသိခင်က ခံတွင်းပျက်ကာ မူးဝေရုံသာဖြစ်ခဲ့ကာ ကိုယ်၀န်ရှိမှန်းသိပြီးသည့်အခါကြတော့ စအန်တော့သည်။ ကိုယ်၀န်ဆောင်သည်တိုင်း ဒီလိုပဲ ဖြစ်ကြတာလား။


ဟန်အိုက်ကောက စုယွဲ့၏ ဗိုက်လေးအား ကိုင်ထားရင်း မျက်မှောင်ကြုံ့နေခဲ့သည်။ " ဒီလိုပဲ ဖြစ်နေမယ်ဆို ဘယ်လိုလုပ်ကြမလဲ။ နည်းနည်းတော့ စားမှရမှာပေါ့။ ဘာစားချင်လဲ။ စားချင်တာရှိရင် ပြော။ ကိုယ်လုပ်ပေးမယ်။ "


စုယွဲ့ - " အခုတော့ တကယ် မစားနိုင်သေးဘူး။ စားချင်တဲ့အချိန်ကြမှ ပြောမယ်လေ။ အရင်ညစာသွားစားလိုက်ဦး။ မဟုတ်ရင် အေးကုန်တော့မယ်။ "


ဟန်အိုက်ကောက စုယွဲ့အား အိပ်ရာထဲတွင် လှဲပြီး နားနေစေခဲ့သည်။ သူ ညစာစားပြီး ပြန်လာချိန်တွင် စုယွဲ့က မျက်နှာ ဖြူဖျော့လျက် အိပ်ပျော်နေပြီဖြစ်သည်။