အပိုင်း ၆၄
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၄ -  အ၀တ်များချုပ်ခြင်းနှင့် အပ်ချုပ်စက်




စုယွဲ့မှာ ကိုယ်ဝန်ရှိတယ်လို့ မသိသေးခင်က ခံတွင်းပျက်ရုံသာ ဖြစ်သော်လည်း ကိုယ်ဝန်ရှိသည်ကို သိပြီးနောက်တွင်တော့ ခလုတ်တစ်ခုအား နှိပ်ကာ ဖွင့်လိုက်သကဲ့သို့ ခံတွင်းပျက်ရုံသာမကတော့ဘဲ အန်ပါအန်လာတော့သည်။ စုယွဲ့၏ လက္ခဏာများက  ဆိုးဝါးလွန်းလှသည်။ အစားအသောက်အနံ့များနှင့် ဆီနံ့များရသည်နှင့် အန်နေသဖြင့် အမြဲလိုလို အရသာမရှိသည့် ဆန်ပြုတ်များကိုသာ သောက်နေရသည်။ 


ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းမှာပဲ စုယွဲ့က ကိုယ်အလေးချိန်များ ကျသွားကာ မျက်နှာလေးမှာလည်း ချောင်ကျသွားတော့သည်။ မသိပါက လေတိုက်လျှင်တောင် လဲကျသွားတော့မတက် ဖြစ်နေရှာသည်။ ဟန်အိုက်ကောက စိုးရိမ်ပြီး သူကိုယ်တိုင် အရသာရှိမည့်အစားအစာများကို ချက်ပြုတ်ပေးသော်လည်း စုယွဲ့ကတော့ ဘာမှကို မစားနိုင်ပေ။ 


စုယွဲ့က အားနည်းကာ အထိခိုက်မခံ ဖြစ်လွန်းနေပြီး သူမကိုယ်သူမ ရှီကျီဟုဆိုကာ စနောက်နေခဲ့သည်။ 


အပေါ်ထပ်မှ မာချွေ့ယွင် လာလည်သည့်အခါ စုယွဲ့ကို မြင်ပြီး လန့်သွားတော့သည်။ "ညီမလေး၊ နေမကောင်းဘူးလား။ " 


စုယွဲ့ အစ်မမာအား ရေတစ်ခွက်ချပေးကာ ဧည့်ခံလိုက်သည်။ " နေမကောင်းတာမဟုတ်ဘူး။ ဘာမှကို စားလို့မရနေတာ။ စိတ်ညစ်ဖို့တော့ ကောင်းတယ်။ "


မာချွေ့ယွင်က ကလေးနှစ်ယောက်မွေးထားသည့် မိခင်တစ်ဦးဖြစ်၍ ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။ စုယွဲ့ ဗိုက်ကို ကြည့်ကာ ပြုံးလျက် မေးခဲ့သည်။ " သတင်းကောင်းရှိနေပြီလား။ " 


ဤအရပ်၏ ဓလေ့အရ ကိုယ်ဝန်သုံးလ မပြည့်သေးလျှင် ထုတ်မပြောရသော်လည်း ရင်းနှီးသည့်သူများကိုတော့ ဖုံးကွယ်ထားစရာမလိုသဖြင့် စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " သိတာတောင် သိပ်မကြာသေးဘူး။ အခုမှ တစ်လကျော်ပဲ ရှိသေးတာ။ "


" သတင်းကောင်းပဲ။ " ဟုဆိုလိုက်ကာ မာချွေ့ယွင်သည် စုယွဲ့၏ ဖြူဖျော့နေသည့် မျက်နှာကိုကြည့်ပြီး စိုးရိမ်သွားခဲ့သည်။ " တစ်လကျော်လေးပဲ ရှိသေးတာတောင် လက္ခဏာတွေက ပြနေပြီလား။ အဲ့လိုသာဆို ဘယ်လောက်ထိ ကြာအောင် ခံစားနေရမလဲ မပြောတက်ဘူး။ မီးဖွားခါနီးအထိ ဒီလိုမဖြစ်နေပါစေနဲ့ပဲ ဆုတောင်းရတော့မှာပဲ။ "


စုယွဲလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ " ကိုယ်ဝန်ဆောင်ရတာက ဒီလောက်ထိ ပင်ပန်းမယ်လို့ ညီမလည်း မထင်ထားခဲ့ဘူး။ အခုမှပဲ သေချာသိတော့တယ်။ " အမြဲတစေ အန်နေရခြင်းက လုံးဝအဆင်မပြေပါ။ 


" ကိုယ်ဝန်ဆောင်သည်တွေက ဒီလိုပဲ။ " မာချွေ့ယွင်သည် သူမကိုယ်ဝန်ဆောင်စဉ်က ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြခဲ့သည်။ " အစ်မတုန်းကလည်း ကိုယ်ဝန်ဆောင်ထားရတုန်းက ဘာမှစားမ၀င်ဘူးလေ။ အဲ့တုန်းက ရွာမှာပဲရှိသေးတော့ ယောက္ခမနဲ့ အတူနေရတာဆိုတော့ ကြက်ဥကိုတောင် မစားနိုင်လို့ဆိုပြီး အပြောခံရသေးတယ်။ ဒုတိယကလေးကြတော့မှ အိမ်ခွဲနေကြတာလေ။ ရှောင်ထောင်းဇီလေးကို လွယ်ထားတော့လည်း တူတူပဲ ဘာမှမစားနိုင်ခဲ့ဘူး။ စားချင်လို့ဆိုပြီး စားလည်း စားမကောင်းတော့ ဒေါသထွက်လိုက်ရတာဆိုတာ ပြောမနေနဲ့။ " 


စုယွဲ့ ရယ်မိတော့သည်။


ထို့နောက် မာချွေ့ယွင်က တစ်ခုခုကို သတိရသွားကာ ပေါင်ကို ပုတ်လိုက်ရင်း ပြောခဲ့သည်။ " အရင်တုန်းက အစ်မလည်း ဘာမှမစားနိုင်ပေမယ့် ချဉ်တာတွေကိုတော့ စားရတာ ကြိုက်တယ်။ အထူးသဖြင့် အချဉ်ထည့်ထားတဲ့ မုန်လာဥချဉ်ကိုပဲ။ အဲ့တာကိုတော့ စားလို့ရတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အချဉ်ထည့်ထားတဲ့ မုန်လာဥချဉ်တွေ အိမ်မှာရှိသေးတယ်။ ည်ီမလေး ခဏစောင့်နေဉ်ီး။ စားကြည့်လို့ရအောင် သွားပြန်ယူလိုက်ဦးမယ်။ "


ပြောပြီးသည်နှင့် ထပြန်သွားကာ ခဏကြာပြီးနောက် မာချွေ့ယွင်က မုန်လာချဉ် အိုးကြီးတစ်အိုးကို သယ်လျက် ပြန်ရောက်လာခဲ့သည်။ " အစ်မက ဒါကို အချဉ်ထည့်တုန်းက မတော်တဆ အရမ်းချဉ်အောင် လုပ်မိသွားလို့ အိမ်ကလူကြီးနဲ့ ကလေးတွေက မကြိုက်ကြဘူးလေ။ ညီမလေး၊ စားကြည့်ပါလား။ "


စုယွဲ့က မုန်လာချဉ်အိုးမှ ချဉ်စုတ်နေသည့် အနံ့ကို ရသော်လည်း ထူးဆန်းစွာဖြင့် အခြားအစားအသောက်များကိုရလျှင် ဖြစ်တက်သည့် မူးဝေခြင်းများ ဖြစ်မလာ၍ စိတ်ဝင်စားသွားတော့သည်။ မုန်လာချဉ်တစ်ချောင်းကို ယူလိုက်ကာ စားကြည့်လိုက်သည့်အခါ စုယွဲ့သည် ချဉ်တယ်လို့ လုံးဝမထင်ခဲ့ပေ။ ဆန့်ကျင်စွာဘဲ ကြွပ်ဆတ်ဆတ်လေးဖြင့် စားလို့ကောင်းသည်ဟု ထင်ကာ ခံတွင်းတွေ့သွားခဲ့သည်။ 


" အစ်မမာ၊ ဒါက အရသာရှိတယ်နော်။ လုံးဝ မချဉ်ပါဘူး။ " စုယွဲ့ မျက်လုံးများ အရောင်တောက်လာကာ နောက်တစ်ခုထပ်ယူ၍ စားခဲ့သည်။ 


" မချဉ်ဘူးလား?" မာချွေ့ယွင်က ထိုသည်ကို ကြည့်ကာ ရယ်တော့သည်။ " အစ်မကတော့ ချဉ်လွန်းလို့ မစားနိုင်ဘူး။ ညီမလေးက ကိုယ်ဝန်ရှိနေလို့ ချဉ်တယ်လို့မထင်ဘဲ စားရတာ အဆင်ပြေနေတာ။ အငယ်မလေးကို လွယ်ထားတုန်းက အစ်မလည်း အဲ့အတိုင်းပဲ။ နောက်မှ အိမ်မှာရှိတဲ့ မုန်လာချဉ်တွေကိုပါ ထပ်ယူလာပေးဉီးမယ်။ ဆန်ပြုတ်နဲ့ တွဲစားလို့ ရအောင်။ ကိုယ်ဝန်ရှိနေတော့ မစားဘဲ နေလို့တော့ မဖြစ်ဘူး။ "


စုယွဲ့လည်း မအန်ဘဲနှင့် စားနိုင်သည့် အစားအသောက်မှာ သိပ်မရှိ၍ ယဉ်ကျေးမနေတော့ဘဲ လက်ခံလိုက်တော့သည်။ " အဲ့လိုဆို ညီမ အားနာမနေတော့ဘူး။ အစ်မမာ။ ညီမ သက်သာသွားပြီဆိုရင် မုန်လာချဉ်တွေ ပြန်ထည့်ပေးပါ့မယ်။ "


မာချွေ့ယွင်က ဂရုမစိုက်ဘဲ ပြောခဲ့သည်။ " ဘာလို့ ပြန်ထည့်ပေးနေဦးမှာတုန်း။ မုန်လာဥတွေက အဲ့လောက် တန်ဖိုးမရှိဘူး။ "


စုယွဲ့က မာချွေ့ယွင် ၀တ်ထားသည့် လက်ရာကောင်းသည့် ဆွယ်တာအင်္ကျီကို ကြည့်ကာ သူမ ၀ယ်လာသည့် ပိတ်စများကို ချုပ်ရန် တက်ကျွမ်းသူကို ဆရာတင်ကာ သင်ခိုင်းရမည်ဟု တွေးနေခဲ့သည်။ ယခုတော့ ကလေးလေးက ဘာလေးဖြစ်မလဲကို မသိရသေးတာကြောင့် အင်္ကျီများကိုတော့ ကြိုချုပ်ထား၍ မဖြစ်လောက်သေးပါ။ 


စုယွဲ့ ပြောကြည့်လိုက်သည်။ " အစ်မမာ၊ အင်္ကျီတွေ ချုပ်တက်တာလား။ ညီမ ကလေးဖို့ အင်္ကျီတွေချုပ်မယ်ဆိုပြီး ပိတ်စတွေဝယ်လာတာ။ ဒါပေမယ့် ဘယ်လိုချုပ်ရမလဲဆိုတာကို မသိလို့ အစ်မမာ အားရင် ညီမကို သင်ပေးပါလား။ "


မာချွေ့ယွင်လည်း လက်ခံခဲ့သည်။ " အင်္ကျီချုပ်ရတာက လွယ်ပါတယ်။ ပိတ်စတွေ ယူခဲ့လေ။ အစ်မသင်ပေးမယ်။ "


စုယွဲ့ လွန်ခဲ့သည့်ရက်က ၀ယ်လာသည့် ပိတ်စများကို ထုတ်လာပေးလိုက်သည်။ မာချွေ့ယွင်က ချက်ချင်း သင်ပေးခဲ့သည်။ ပထမဆုံး ပေါင်ဒါမှုန့်ကိုသုံးပြီး ပိတ်စပေါ်တွင် လိုင်းများဆွဲခဲ့သည်။ ပြီးနောက် ကတ်ကြေးဖြင့် လိုင်းများကို လိုက်ညှပ်ကာ ပိတ်စကို ဖြတ်ပြသည်။ 


" ဒါပဲ၊ ပြီးရင် အပ်ချည်နဲ့ အပ်ကိုသုံးပြီး ချုပ်လိုက်ရုံပဲ။ လွယ်ပါတယ်။ "


စုယွဲ့ မာချွေ့ယွင်အား လေးစားသွားမိသည်။ ဒီခေတ်က အမျိုးသမီးတွေက အကုန်လုပ်တက်ကြတာပဲ။ အ၀တ်လည်း ချုပ်တက်တယ်၊ ဆွယ်တာလည်း ထိုးတက်တယ်၊ ဖိနပ်လည်း လုပ်တက်ကြတာပဲ။ စုယွဲ့သာဆိုပါက အင်္ကျီ၊ ဆွယ်တာနှင့် ဖိနပ်များလုပ်ရန် လပေါင်းများစွာ ကြာလောက်သည်။ တကယ်ကို ကွာခြားကြတာပဲ။ 


မာချွေ့ယွင် ချုပ်ပြသည်ကို ကြည့်ပြီးနောက် စုယွဲ့သည် ဘယ်လိုချုပ်ရမည်ကို အနည်းငယ် နားလည်သွားပြီး ကိုယ်တိုင်ယူလိုက်ကာ လိုက်ချုပ်ကြည့်ခဲ့သည်။ အမြဲတစေ သူများ၏ အကူအညီယူကာ ချုပ်ခိုင်းနေ၍ မဖြစ်ဘဲ သူမကိုယ်တိုင် ချုပ်တက်ထားမှ ဖြစ်မည့် အတွက်ပင်။ 


မာချွေ့ယွင် ချုပ်တုန်းက မြန်လည်းမြန်၊ လှလည်းလှဆိုသော်ငြား စုယွဲ့သည် ကိုယ်တိုင်ချုပ်ကြည့်မှသာ မည်မျှခဲယဉ်းကြောင်း နားလည်သွားတော့သည်။ သူမသည် ဖြောင့်ဖြောင့်တန်းတန်း မချုပ်နိုင်သည့်အပြင် ချုပ်ထားသည်မှာလည်း တွန့်ခေါက်နေကာ ကျိုးတို့ကျဲတဲဖြစ်နေခဲ့သည်။ သူမအား ပို၍ စိတ်ညစ်သွားစေသည်မှာ ချုပ်နေရင်း ချည်က ခဏခဏ ထုံးသွားခြင်းဖြစ်သည်။ သို့ဖြစ်၍ သူမမှာ ချည်ထုံးကို ပြန်ဖြည်ကာ အသစ်ပြန်ပြန်၍ စနေရသည်။ 


မာချွေ့ယွင်က စုယွဲ့ ချုပ်နေတာကို ကြည့်ကာ ပြောခဲ့သည်။" တစ်ခါမှ အင်္ကျီမချုပ်ဖူးဘူးနဲ့ တူတယ်နော်။ " သူမအိမ်မှ ရှစ်နှစ်အရွယ် သမ်ီးလေးတောင် ထိုထက်လှအောင် ချုပ်တက်သေးလေသည်။ 


စုယွဲ့ ရှက်ရှက်ဖြင့် ခေါင်းကုတ်မိသည်။ သူမသည် လက်မှုပညာများ၌ လုံးဝမတော်ပေ။ 


မာချွေ့ယွင်သည် စုယွဲ့၏ လက်ထဲမှ အ၀တ်များကို ပြန်ယူမည့်ပုံ ပြခဲ့သည်။" ညီမလေး၊ အစ်မချုပ်ပေးမယ်။ ခဏလောက်ဆို ပြီးသွားလိမ့်မယ်။ " 


စုယွဲ့ကတော့ လက်ခါပြကာ ငြင်းခဲ့သည်။ " ညီမဘာသာပဲ လုပ်ပါ့မယ်။ နောင်လည်း ချုပ်ရမှာပဲဆိုတော့ ရအောင်သင်ထားမှ ဖြစ်မှာလေ။ အမြဲ သူများကို အားကိုးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ " 


မာချွေ့ယွင်လည်း နောင်အခါ အိမ်ရှိ အ၀တ်များအပြင် အိပ်ရာခင်းများကိုပါ ချုပ်ရမည်ဆိုသည်ကို စဉ်းစားမိသဖြင့် စုယွဲ့အား စိတ်ရှည်စွာဖြင့် ဘယ်လိုဘယ်ပုံ ချုပ်ရမည်ကို သင်ပေးတော့သည်။ 


စုယွဲ့လည်း သေချာဂရုတစ်ိုက် နားထောင်ကာ လိုက်ချုပ်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ သူမ၏ ချုပ်ရိုးများမှာ ကျိုးတို့ကျဲတဲ လျော့တိလျော့ရဲ ဖြစ်နေခဲ့သည်။ သူမ လုံးဝပြင်မရသည်က အပ်ချည်ကြိုး ခဏခဏ ထုံးသွားခြင်းဖြစ်သည်။ ပြန်ဖြည်၍ မရသည့်အခါမျိုးဆို အပ်ချည်ကြိုးအား ကိုက်ဖြတ်ကာ အသစ်ပြန်စရသည်။ ထိုသို့ ဖြစ်နေ၍ တစ်နေ့လုံးချုပ်နေသည်တောင် အ၀တ်.တစ်ဝက်ပင် ချုပ်၍မပြီးခဲ့ပေ။ 


စုယွဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်သွားသည်။ ဘာလို့ အဲ့လောက်တောင် အသုံးမကျရတာလဲ။


ဟန်အိုက်ကော ပြန်လာသည့်အခါ ဆိုဖာပေါ်တွင် ထိုင်နေပြီး မျက်နှာမသာမယာဖြစ်နေသော စုယွဲ့ကို တွေ့လိုက်ရသဖြင့် သူမဆီသို့ လျှောက်လာကာ ပွေ့ဖက်လိုက်သည်။ သူမလက်ထဲရှိ အ၀တ်စအား မြင်သည့်အခါ မျက်၀န်းများထဲတွင် ပြုံးရိပ်များ ဖြတ်သန်းသွားတော့သည်။ " ကလေးအတွက် အင်္ကျီချုပ်နေတာလား။ "


စုယွဲ့သည် ချုပ်လက်စ အင်္ကျီစအား ကိုယ်နောက်သို့ကွယ်ကာ ၀ှက်လိုက်မိသည်။ မသပ်မရပ်ဖြစ်နေသည့် ချုပ်ရိုးများအား ဟန်အိုက်ကောကို မမြင်စေလို၍ ဖြစ်သည်။ သို့သော်လည်း ဟန်အိုက်ကောကတော့ ထိုမညီမညာ ချုပ်ရိုးများကို မြင်ပြီးသွားပြီ ဖြစ်သဖြင့် စိတ်ထဲတွင် ကြိတ်ရယ်လိုက်မိသည်။ သူ့မိန်းမက ဟင်းချက်ရာတွင်တော့ အလွန်တော်သော်ငြား အပ်ချုပ်ရာတွင်တော့ ပါရမီမရှိသည့်ပုံပင်။ 


ဟန်အိုက်ကော၏ မျက်၀န်းများကြားမှ ရယ်လိုစိတ်အား မြင်သည့်အခါ စုယွဲ့ ရှက်သွားတော့သည်။ " ကျွန်မက ဖြည်းဖြည်းချင်း သင်နေရုံပါ။ ကိုးလတောင် ကျန်သေးတာပဲဟာကို။ သင်လို့ ရပါသေးတယ်။ ကလေးမွေးပြီးတဲ့ အချိန်ကြရင်တော့ ချုပ်တက်နေလောက်ပါပြီနော်။ "


ဟန်အိုက်ကောက " အင်း " ဟုဆိုကာ စုယွဲ့လက်ထဲမှ ချုပ်လက်စ အင်္ကျီကို ယူပြီး အပ်နှင့် အပ်ချည်ကိုပါ ယူကယ စုယွဲ့ချုပ်ထားသည့်နေရာမှ ဆက်၍ ချုပ်ပေးရင်းဖြင့် ပြောခဲ့သည်။" တစ်နေ့လုံး ချုပ်ရတာ ပင်ပန်းနေမှာပေါ့၊ ခဏလောက်နားလိုက်ဦး။ ကိုယ်ဆက်ချုပ်ထားပေးမယ်။ " 


စုယွဲ့က ရှင့်လို ယောက်ျားရင့်မာကြီးတစ်ယောက်က ကျွန်မလောက်တောင် ချုပ်တက်မှာ မဟုတ်ပါဘူးဟု ပြောချင်တာဖြစ်သော်ငြား ဟန်အိုက်ကော၏ ကျွမ်းကျင်းစွာ ချုပ်သွားသည့် သေသေသပ်သပ် ချုပ်ရိုးများကို မြင်သည့်အခါ ပြောချင်သည့်စကားများကို  ပြန်၍မျိုချလိုက်ရတော့သည်။ 


ဘုရားရေ ဒီလူက အပ်ချုပ်လည်း ရတာပဲလား။ ချုပ်ရိုးတွေကလည်း သူမချုပ်တာထက် ပိုသေသပ်သေးတယ်။ သူမတို့ နှစ်ယောက်မှာ တကယ်ပဲ ဘယ်သူက မိန်းကလေးလဲ။ 


စုယွဲ့သည် ဟန်အိုက်ကော၏ အပ်ချုပ်လက်ရာကြောင့် အံ့အားသင့်နေကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးခဲ့သည်။ " ရှင်၊ ရှင်က ဘာလို့ အပ်ချုပ်တက်နေရတာလဲ။" 


ဟန်အိုက်ကောက ဆက် ချုပ်နေရင်းဖြင့် ပြန်ဖြေပေးခဲ့သည်။ " တပ်ထဲမှာ အကြာကြီးနေလာတာဆိုတော့ ပြဲတာတွေရှိရင် ကိုယ့်ဘာသာပဲ ချုပ်ရတာလေ။ အဲ့တော့ ချုပ်တက်နေတာပေါ့။ "


စုယွဲ့ ဟန်အိုက်ကောအား လေးစားမိသွားသည်။ အကုန်လုံး လုပ်တက်နေတော့တာပဲ၊ မိုက်လိုက်တာ။ 


အဆုံးတွင် ဟန်အိုက်ကောက ညတွင်းချင်းပဲ အင်္ကျီလေးအား ချုပ်ပြီးသွားတော့သည်။ တကယ်တမ်း ချုပ်ရမည့်သူဖြစ်သည့် စုယွဲ့ကတော့ ဘာမှ လုပ်စရာမရှိ၍ မုန်လာချဥ်ကို စားရင်းဖြင့် ဟန်အိုက်ကောချုပ်နေသည်ကိုသာ ထိုင်ကြည့်နေခဲ့သည်။ 


တော်သေးသည်က အပြင်လူများ ဤမြင်ကွင်းကို မြင်မသွားကြ၍ပင်။ မဟုတ်ပါက ဟန်အိုက်ကောအနေနဲ့ သေချာပေါက် အစခံရတော့မည် ဖြစ်သည်။ ဘယ်ယောကျ်ားလေးက ယခုကဲ့သို့ လုပ်ပေးမှာမို့လို့လဲ။ တစ်ချို့ယောက်ျားတွေဆို မ်ီးဖိုခန်းထဲ ခြေထောက်ပင်ချကြသည် မဟုတ်ချေ။


စုယွဲ့ အပြစ်ရှိသလို ခံစားမိသည်။ တစ်နေ့လုံး တပ်ထဲတွင် လေ့ကျင့်ရေးဆင်းနေရပြီး အိမ်ပြန်ရောက်သည့်အခါတွင်လည်း အိမ်မှုကိစ္စများကိုပါ လုပ်နေရသည့်အပြင် ယခုတော့ အ၀တ်များပါ ကူချုပ်ပေးနေရပြီဖြစ်ကာ အရမ်း ပင်ပန်းနေတော့မှာပဲဟု တွေးနေမိသည်။


သို့ဖြစ်၍ စုယွဲ့ ဟန်အိုက်ကောနှင့် တိုင်ပင်လိုက်သည်။ " အပ်ချုပ်စက်တစ်လုံးလောက် ၀ယ်ကြရအောင်။ နောင်ကြရင် ကလေးတွေနဲ့ဆိုတော့ အင်္ကျီတွေက အများကြီးလိုလာမှာပဲလေ။ လက်ချုပ်က ကျွန်မလည်း မချုပ်တက်တော့ ရှင့်ကိုပဲ အမြဲချုပ်ခိုင်းနေလို့လည်း မဖြစ်ဘူး။ စက်ချုပ်စက်နဲ့တော့ ကျွန်မ ချုပ်တက်တော့ အင်္ကျီတွေလည်း ကြည့်ရဆိုးမှာ မဟုတ်တော့လောက်ဘူး။ "


ဟန်အိုက်ကောက တွေဝေနေခြင်းမရှိဘဲ လက်ခံခဲ့သည်။ "  တပ်ထဲက ရဲဘော်တွေကို မေးကြည့်လိုက်မယ် ။ တစ်ယောက်ယောက်ဆီမှာများ အပ်ချုပ်တာနဲ့ဆိုင်တဲ့ လက်မှတ်ရှိမလားလို့။ ရှိတယ်ဆိုရင် ခဏငှားသုံးပြီး ပြီးမှ ပြန်ပေးလိုက်မယ်။ "


ဟန်အိုက်ကောက ဆက်ပြောခဲ့သည်။ " ဒီနေ့ အိမ်ကို စာပို့ပြီး အမေ့ကို မင်းရဲ့ကိုယ်၀န်အကြောင်း ပြောပြလိုက်သေးတယ်။ အမေတော့ ပျော်နေတော့မှာပဲ။ "


စုယွဲ့သည် ထိုသို့ကြားသည့်အခါ ၀မ်းသာသွားမိသည်။ " ရှင့အချိန်ရရင် အမေနဲ့ စတုတ္ထကလေးကို ဒီကို အလည်ခေါ်လိုက်ဦး။ မတွေ့ရတာ ကြာနေပြီ။ ဒါပေမယ့် အမေက အားပါ့မလားမသိဘူး။ တတိယယောင်းမက မီးဖွာခါနီးဆိုတော့ အမေလည်း လုပ်ကိုင်ပေးနေရဦးမယ် ထင်တယ်။ "


နောက်ရက်အနည်းငယ် အကြာတွင် ရွာမှပြန်စာရောက်လာခဲ့သည်။ စာကိုရေးထားသူမှာ ဟန်အိုက်မင်ဖြစ်သည်။ စာထဲတွင် ရေးထားသည်က ဟန်အိုက်ကော၏ အမေသည် စုယွဲ့ကိုယ်၀န်ရှိနေသည်ကို သိသည့်အခါ အရမ်း၀မ်းသာသွားသည်ဟုပင်။ ကြက်ဥများကိုလည်း စုထားကာ ယူလာပေးချင်နေပြီဖြစ်သော်လည်း ချွေးမဖြစ်သူက နှစ်လကြာလျှင် မီးဖွားတော့မည်ဖြစ်၍ ပြုစုလုပ်ကိုင်ပေးရဦးမည်ဖြစ်သဖြင့် ပြီးမှသာ စုယွဲ့ဆီသို့ လာရောက်လုပ်ကိုင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပါသည်။ 


ထို့အပြင် ဟန်အိုက်မင်သည် သူ့အကြောင်းများကိုပါ ရေးထားခဲ့သည်။ ယခုဆို သူသည် ရွာရှိ မူလတန်းကျောင်းတွင် ငါးတန်းတက်နေပြီဖြစ်ကာ အတန်းထဲတွင်လည်း ပထမရပြီး ခြောက်လပိုင်းတွင် ငါးတန်းပြီးမည်ဖြစ်ပြီး ကိုးလပိုင်းတွင် ကျန်းရှန့်ကွန်မြူနတီမှ အလယ်တန်းကျောင်းတွင် တက်ရတော့မည်ဖြစ်သည်။ ညစဥ်တိုင်းလည်း ကြာပန်းလေးအား စာသင်ပေးကာ ကြာပန်းလေးကလည်း ကြိုးကြိုးစားစား လိုက်လုပ်သည်ဟုလည်း ပါသည်။ 


စုယွဲ့သည် စာကို ဖတ်ပြီးသည့်အခါ အတော်လေးပျော်သွားတော့သည်။ စာကိုရေးထားသည့် ဟန်အိုက်မင်၏ လက်ရေးများသည်လည်း သူမ ထွက်မလာခင်ကထက် ပိုကောင်းမွန်နေပြီဖြစ်သည်။ သူမတကယ်ပဲ ဟန်အိုက်မင်အား အိမ်တွင် ခေါ်ထားကာ သင်ကြားပေးချင်မိသည်။ 


ရက်အနည်းငယ်ကြာပြီးနောက်တွင် ဟန်အိုက်ကောသည် ရဲဘော်တစ်ယောက်ဆီမှ ချုပ်လုပ်ခြင်းဆိုင်ရာ လက်မှတ်ကို ငှားလာပေးခဲ့သည်။ ထိုရဲဘော်သည် အစကတော့ ဇနီးလောင်းအတွက် ၀ယ်ပေးဖို့ရန် ပြင်ဆင်ထားတာဖြစ်သော်ငြား ဇနီးလောင်းသည် အခြားတစ်ယောက်နှင့် ချစ်ကြိုက်သွား၍ စေ့စပ်ပွဲပျက်သွားသည့်အတွက် အပ်ချုပ်စက်လည်း မ၀ယ်ဖြစ်တော့ဘဲ ဒီအတိုင်းရှိနေခဲ့တာဖြစ်သည်။ အခုတော့ ဟန်အိုက်ကောအား ပေးပစ်လိုက်သည်။


စုယွဲ့ ထိုလက်မှတ်အားယူကာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနသို့ သွား၍ အရောင်း၀န်ထမ်းလေးအား အပ်ချုပ်စက်ရှိလားဟု မေးလိုက်သည်။ အရောင်း၀န်ထမ်းက လောလောဆယ် ပစ္စည်းပြတ်နေပြီး နှစ်ရက်နေရင် အသစ်ရောက်မည်ဖြစ်ကယ ၀ယ်ချင်ပါက ကြိုတင်မှာယူသွားနိုင်ကာ ရောက်လျှင် ရောင်းပေးမယ်လို့ ပြောခဲ့သည်။


ထိုသည်ကို ကြားသည့်အခါ စုယွဲ့သည် အရောင်း၀န်ထမ်းအား လက်မှတ်ကိုပေးလိုက်ကာ သူမကြိုတင်မှာယူထားသည်ကို မှတ်သားထားသည့် စာရွက်အား ပြန်ပေးခိုင်းလိုက်သည်။ 


ပြီးနောက် စုယွဲ့သည် အရောင်း၀န်ထမ်းအား ကျေးဇူးတင်စကားပြောကာ ပြန်သွားတော့သည်။ ထိုသည်ကို ရုံးထဲမှ ထွက်သည့် ဖန်းရှောင်းလီက မြင်သွားကာ အရောင်း၀န်ထမ်းအား မေးခဲ့သည်။" ခုနက ထွက်သွားတဲ့ တစ်ယောက်က ဘာလာလုပ်တာလဲ။ " 


ဖန်းရှောင်းလီက ထိုနေရာတွင် အလုပ်လုပ်နေသည့် စာရင်းစစ်ဖြစ်ကာ မိသားစုကြီးမှ လာသူဖြစ်၍ ခေါင်းဆောင်များနှင့်လည်း ရင်းနှီးနေသဖြင့် ၀န်ထမ်းများသည် သူမအား ရိုသေကာ ကြောက်ရွံ့ကြသည်။ " သူမက ဒီကို အပ်ချုပ်စက်၀ယ်ဖ်ို့ လာတာပါ

 တစ်ခုကို ကြိုမှာသွားတယ်။ " လို့ အမှန်အတိုင်း ပြန်ဖြေခဲ့သည်။


ဖန်းရှောင်းလီ မျက်လုံးများ၌ ကောက်ကျစ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ " ငါ မှတ်မိသလောက်တော့ အပ်ချုပ်စက်နှစ်လုံးက နောက်နှစ်ရက်နေရင် ရောက်မှာထင်တယ်။ တစ်ခြားဌာနက ခေါင်းဆောင်တွေကလည်း ၀ယ်ချင်တယ်လို့ ပြောနေသလားလို့။ သူတို့ လာ၀ယ်လို့ မရှိတော့ရင် စိတ်ဆိုးသွားကြဦးမယ်။ သာမန်လူတွေကို ရောင်းမှာလား။ ခေါင်းဆောင်တွေကို ရောင်းမှာလား။ နင် ဘယ်လိုထင်လဲ။ "


အရောင်း၀န်ထမ်းက အကဲခတ်မြန်သူဖြစ်ပြီး ဖန်းရှောင်းလီ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။ " အဲ့လိုလား။ ကျွန်မ မေ့နေတာ။ စာရင်းစစ်ဖန်းက သတိပေးလို့သာပေါ့။ အပ်ချုပ်စက်ကို သူမကို မရောင်းတော့ဘဲ လက်မှတ်ပဲ ပြန်ပေးလိုက်ပါ့မယ်။ "


ဖန်းရှောင်းလီ ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် စကားအနည်းငယ်ပြောကာ ပြုံးလျက်ပင် ပြန်ထွက်သွားတော့သည်။


အရောင်း၀န်ထမ်းသည် စုယွဲ့အား အားနာမိသော်လည်း မရောင်းရန်သာ ဆုံးဖြတ်လိုက်သည်။ ၀ယ်မယ့်သူမရှိရင်တောင် သူမကိုတော့ ရောင်းလို့ လုံး၀မဖြစ်ပါ။ ဘယ်သူက သူမကို စာရင်းစစ်ဖန်းနဲ့ ပြဿနာဖြစ်ခိုင်းလို့လဲ။ စာရင်းစစ်ဖန်းအား အာခံ၍ မဖြစ်သဖြင့် သူမအား ရောင်းရန်မဖြစ်နိုင်ပါ။ 


စုယွဲ့သည် သူမပြန်ပြီးနောက် ဖြစ်သွားသည်များကို မသိသဖြင့် အိမ်ပြန်ရောက်ပြီးနောက် မျှော်လင့်ကြီးစွာ စောင့်နေခဲ့သည်။ အချိန်ကျသည့်အခါ အပ်ချုပ်စက်ကို ယူရန် စျေးကွက်ရှာဖွေရေးဌာနသို့ သွားသည့်အခါတွင်တော့ အပ်ချုပ်စက်အစား လက်မှတ်ကိုသာ ပြန်ရလိုက်လေသည်။ အရောင်း၀န်ထမ်းသည် စုယွဲ့အား မထီမဲ့မြင်ပြုကာ ပြောခဲ့သည်။ " အပ်ချုပ်စက် နှစ်လုံးလုံး ရောင်းထွက်သွားလို့ နောက်တစ်ခါမှ ပြန်လာခဲ့။ "


စုယွဲ့  - " ဒါပေမယ့် အရင်က ပြောတုန်းကကြ ကြိုတင်မှာထားရင် ရတယ်ဆို။ လက်မှတ်ကိုလည်း ယူထားပြီးတော့ ဘာလို့ အခုကြမှ မရတော့ဘူးလို့ ပြောနေတာလဲ။ "


အရောင်း၀န်ထမ်းသည် နှာခေါင်းရှုံ့ကာ ပြန်ပြောခဲ့သည်။ " နင် ကြိုမှာထားသလို တခြားသူတွေလည်း ကြိုမှာထားနိုင်တာပဲလေ။ နင့်အရင် တခြားတစ်ယောက်က ကြိုမှာသွားရင် နင်မရတော့မှာ အသေအချာပဲလေ။ "


စုယွဲ့က မယုံပေ။ " အရင်က ပြောတော့ စက်ကနှစ်လုံးရောက်မှာဆို။ ကျွန်မထက် အရင်ကြိုမှာထားတဲ့သူရှိရင် အရင်တစ်ခေါက်တည်းက ဘာလို့ မပြောလဲ။ ဘာလို့ ကျွန်မမှာတာကို လက်ခံထားလိုက်လဲ။ ကျွန်မကို တမင် မရောင်းတာမလား။  "


အရောင်း၀န်ထမ်းက စိတ်မရှည်တော့ဟန်ဖြင့် သူမအား မောင်းထုတ်တော့သည်။ " ငါပြောမယ်၊ ဒီမှာလာပြီး ဆူညံဆူညံလုပ်မနေနဲ့။ ဒီနေရာက ဆူညံချင်တိုင်း ဆူညံလ်ို့ရတဲ့ နေရာမဟုတ်ဘူး။ မြန်မြန်ထွက်သွားလိုက်တော့။ မသွားသေးဘူးဆိုရင် လူခေါ်ပြီး ဆွဲထုတ်သွားခိုင်းလိုက်မယ်။ "


တဖြည်းဖြည်းနှင့် လူများအုံလာကာ ၀ိုင်းကြည့်နေကြသော်လည်း တစ်ယောက်ကမှ ၀င်မပြောပေးကြဘဲ ဌာနမှ ခေါင်းဆောင်များကိုလည်း မတွေ့ရပေ။ 


စုယွဲ့က မဲ့ကာ ပြောလိုက်သည်။ " ခေါင်းဆောင်တွေ ဘယ်မှာလဲ။ ကျွန်မ ခေါင်းဆောင်နဲ့ စကားပြောချင်တယ်။ "


အရောင်း၀န်ထမ်းက ရွံရှာဟန်ဖြင့် မျက်လုံးလှန်ပြကာ စုယွဲ့အား ထရိုက်တော့မတက်ပင် လုပ်ပြခဲ့သည်။ " နင်က ဘာမို့လို့လဲ။ နင်တွေ့ချင်တာနဲ့ တွေ့နိုင်ရအောင် ခေါင်းဆောင်တွေက အားနေတာမို့လို့လား။ မြန်မြန်ထွက်သွားလိုက်တော့။ ပြီးမှ ငါ့အဆိုးမဆိုနဲ့။ " 


ပြီးနောက် အရောင်း၀န်ထမ်းက လုံခြုံရေးများကို တကယ်လှမ်းခေါ်ခဲ့သည်။ 


စုယွဲ့က ဒေါသထွက်သော်လည်း သူမ ဘယ်လောက်ပြောပြော အသုံးမ၀င်တော့သည်ကို သိသည်။ သူမအား မောင်းထုတ်နေကာ ခေါင်းဆောင်ကလည်း ပြဿနာကို ဖြေရှင်းပေးရန် ထွက်လာမည်မဟုတ်၍ သူမဘာမှ မတက်နိုင်တော့ချေ။ 


ထို့အပြင် သူမ၌ ရင်သွေးလေးလည်း လွယ်ထားရသဖြင့် သူမကိုသာ တကယ်ကြီး တွန်းထုတ်လိုက်ပါက ကလေးအား ထိခိုက်သွားမည်ကိုလည်း စိုးရိမ်ရသည်။ 


ထိုသို့တွေးကာ စုယွဲ့သည် စိတ်လျှော့လိုက်ရပြီး လက်မှတ်ကိုယူကာ လှည့်ပြန်လာလိုက်တော့သည်။ သူမကို မရောင်းချင်လို့ တမင်လုပ်နေတားလား၊ တကယ်ပဲ ရောင်းထွက်သွား၍လားဆိုသည်ကို စုယွဲ့ သိချင်မိသည်။ 


တမင်လုပ်တာဆိုရင် ဘာလို့လဲ။ အရင်နေ့တုန်းကကြ အဲ့လို မဟုတ်ဘဲနဲ့။


အရောင်း၀န်ထမ်း ပြောပုံအရ ကြည့်ရသည်မှာ အရောင်း၀န်ထမ်းသည် သူမထပ်သွား၀ယ်လျှင်လည်း ရောင်းပေးမည့်ပုံမပေါ်ပေ။ ထိုသည်ကို သေချာသိချင်ပါက တစ်ခြားတစ်ယောက်အား သွား၀ယ်ခိုင်းကြည့်ရမည့်ပုံပင်။ သ်ို့ဖြစ်၍ စုယွဲ့သည် ပြန်ရောက်သည့်အခါ မာချွေ့ယွင်အား လက်မှတ်ပေးကာ ဖြစ်ခဲ့သည်များကို ပြောပြ၍ သွား၀ယ်ကြည့်ပေးရန် ပြောလိုက်သည်။


မာချွေ့ယွင်လည်း လက်ခံခဲ့သည်။ နောက်နေ့တွင် လက်မှတ်ရော ပိုက်ဆံကိုပါ ယူကာ ဘာမှမသိဟန်ဖြင့် အပ်ချုပ်စက်သွား၀ယ်ခဲ့သည်။ အရောင်း၀န်ထမ်းသည် စုယွဲ့နှင့် ပြဿနာဖြစ်သည့်သူပင် ဖြစ်ပြီး ရောင်းထွက်သွားပြီဟု မပြောဘဲ မာချွေ့ယွင်အား ခဏစောင့်ခိုင်းကာ တစ်နေရာသို့ ထွက်သွားသည်။ 


ခဏအကြာတွင် အရောင်း၀န်ထမ်းသည် ပြန်ထွက်လာကာ မျက်နှာကြောတင်းတင်းဖြင့် ပြောခဲ့သည်။" အပ်ချုပ်စက်တွေက ရောင်းထွက်သွားပြီ။ ဒါကြောင့် ပြန်နိုင်ပြီ။ "


မာချွေ့ယွင်က တစ်ခုခုမှားနေသည်ကို ခံစားမိပြီး ပြန်အော်ခဲ့သည်။ " မရှိရင် ခုနကတည်းက မရှိဘူးလို့ ဘာလို့ မပြောလဲ။ ထွက်သွားပြီး ပြန်လာမှ မရှိဘူးလို့ ပြောတာက ဘာသဘောလဲ။ ငါ့ကို တမင် မရောင်းတာလား။ "


အရောင်း၀န်ထမ်းသည် ကောင်တာအား လက်ဖြင့်ရိုက်ကာ ပြန်အော်ခဲ့သည်။ " မရှိလို့ မရှိဘူးပြောတာပေါ့။ နှစ်ခုပဲ ရှိတာလေ။ အခုမရှိတော့လို့ပေါ့။ ဒါလေးတောင် နားမလည်ဘူးလား၊ တောသူမရဲ့။ မြန်မြန် ပြန်တော့။ ငါအလုပ်လုပ်နေတာကို လာမနှောင့်ယှက်နဲ့။ မဟုတ်ရင် လူခေါ်ပြီး မောင်းထုတ်ခိုင်းလိုက်မယ်! "


မာချွေ့ယွင်က ဒေါသထွက်ကာ အရောင်း၀န်ထမ်းနှင့် သူတစ်ခွန်း ငါတစ်ခွန်း ပြန်အော်သော်လည်း အဆုံးတွင် အပ်ချုက်စက်အား ၀ယ်၍ မရခဲ့ပဲ အိမ်သို့သာပြန်လာရကာ စုယွဲ့အား ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။ 


"အဲ့အရောင်း ၀န်ထမ်းက ပြဿနာရှိနေတာပဲ။ အစကတော့ ရောင်းချင်နေတဲ့ပုံနဲ့ကို ပျောက်သွားပြီး ပြန်ပေါ်လာတော့ အချိုးက ပြောင်းသွားတော့တာ။ "


စုယွဲ့လည်း ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်တော့ချေ။ နှစ်ယောက်လုံး ၀ယ်မရမှတော့ သူမလည်း ဘာမှ မတက်နိုင်တော့ပါ။ " အစ်မမာ၊ ထားလိုက်ပါတော့။ နောက်တစ်ခါ အသစ်ရောက်လာမှပဲ သွား၀ယ်ကြည့်ကြတာပေါ့။  " 


မာချွေ့ယွင်က မကျေနပ်သေးသည့်ဟန် ရှိသည်။ " ၀ယ်မရလည်း လက်နဲ့ပဲ ချုပ်လိုက်ပေါ့။ ကလေးအင်္ကျီတွေက ချုပ်ရတာ မခက်ပါဘူး။ ဟိုတစ်ခေါက်က ချုပ်တဲ့ အင်္ကျီလေးဆို တော်တော်လေး အဆင်ပြေသားပဲဟာ။ တိုးတက်လာပြီပဲ မဟုတ်ဘူးလား။ " 


စုယွဲ့ - " ........ " အဲ့တာတွေက ကျွန်မ ချုပ်ထားတာမဟုတ်ဘူး။ ကျွန်မတို့ မိသားစုက ဟန်အိုက်ကောချုပ်ထားတာ။ ဒါပေမယ့် အဲ့လိုလည်း ထုတ်ပြောလို့ကလည်း မဖြစ်ပြန်ဘူး။