၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၆၅ - လှေကားထက်မှ အကြောက်တရား
အပ်ချုပ်စက် ၀ယ်၍မရသည်ကို ဟန်အိုက်ကော သိသွားသည့်အခါ အပ်နှင့်အပ်ချည်ကိုယူကာ သူ့ဘာသာပဲ အ၀တ်များကို ချုပ်တော့သည်။ စုယွဲ့ကို နှစ်သိမ့်ပေးဖို့လည်း မမေ့ခဲ့ပေ။ " ရပါတယ်၊ ကိုယ်ချုပ်ပေးမယ်လေ။ ကလေးလေး မမွေးခင်အထိ ညတိုင်းချုပ်ပေးမယ်။ ကိုယ်ကောင်းကောင်းချုပ်တက်ပါတယ်။ "
စုယွဲ့သည် ကျေနပ်သွားကာ ဟန်အိုက်ကော လည်ပင်းကိုဖက်ပြီး ပြင်းရှရှအနမ်းတစ်ပွင့် ပေးလိုက်ပြီးနောက် ချွဲ့နွဲ့ကာ ပြောခဲ့သည်။ " ယောက်ျား၊ ရှင်က ဘာလို့ အဲ့လောက် စိတ်ထားကောင်းရတာလဲ။ ချစ်လွန်းလို့ သေတော့မှာပဲ ~ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးခင်ပွန်းပဲ၊ ပြန်ငြင်းခွင့် မပေးဘူး။ "
ဇနီးချောလေးရဲ့ ချွဲနွဲ့မှုအောက်တွင် မထိန်းချုပ်နိုင်သော ဟန်အိုက်ကောသည် ဒီနတ်သမ်ီးလေးအား သူ့အောက်တွင် ဖိထားကာ စားပစ်လိုက်ချင်သော်လည်း ဗိုက်ထဲရှိကလေးလေးအား တွေးပြီး သည်းခံနေရသည်။ ကိုယ်၀န်ရှိကာစ သုံးလကို အတော်လေးဆင်ခြင်ရမည်ဖြစ်၍ ဟန်အိုက်ကောမှာ အပ်ချုပ်ခြင်းကိုသာ အာရုံစိုက်နေရကာ စိတ်ထဲမှလည်း စစ်တပ်ရေးရာ စည်းမျဥ်းဥပဒေသများကို တွေးရင်း အတွေးညစ်များကို ချိူးနှိမ်နေရတော့သည်။
စုယွဲ့လည်း သတိထားမိကာ ထိုလူ၏ အောက်တစ်နေရာအား ကြည့်လိုက်မိသော်လည်း ပြဿနာမရှာရဲပေ။ တကယ်ကြီး မထိန်းနိုင်တော့ပါက ကိုယ်၀န်ဆောင်သည်လေး သူမမှာ ဒုက္ခများရလိမ့်မည်။ သို့ဖြစ်၍ စကားလမ်းကြောင်းလွှဲတော့သည်။ " ကလေးရေ ကြည့်ပါဦး။ ဖေဖေက အင်္ကျီတွေကို သေချာအာရုံစိုက်ပြီး ချုပ်ပေးနေတာ။ မေမေက အသုံးမကျတော့ ကလေးလေးရဲ့ အ၀တ်တွေက ဖေဖေ့ကိုပဲ အားကိုးနေရတာပေါ့။ ဒါကြောင့် အပြင်ကို ထွက်လာရင် ဖေဖေ့ကို အာဘွာကြီးကြီး ပေးရမယ်နော်။ ဖေဖေ့ကို ကျေးဇူးတင်ကြောင်း ပြရမယ် ဟုတ်ပြီလား။ " ဗိုက်ချပ်ချပ်လေးကို ကိုင်ပြီး စုယွဲ့က ပြောလိုက်သည်။
" ကလေးလေး မင်းအဖေကိုလည်း ကြည့်ပါဦး။ ဖေဖေက ဘယ်လောက်တောင် တော်လဲဆိုတာကို။ တစ်ခြားမိသားစုက အဖေတွေဆို ပန်းကန်တောင် ဆေးကြတာမဟုတ်ဘူး။ မင်းဖေဖေကြတော့ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်မှအိမ်ပြန်လာရတာတောင် မေမေ့က်ို ချက်ပြုတ်ပေးပြီး အိမ်မှုကိစ္စတွေပါ လုပ်ပေးသေးတယ်။ ပြီးတော့လည်း အင်္ကျီတွေပါ ကူချုပ်ပေးသေးတယ်။ တကယ့်ကို တစ်ရာမှာ တစ်ယောက်ပဲရှိတဲ့ ခင်ပွန်းကောင်း၊ အဖေကောင်းတစ်ယောက်ပဲနော် ဟုတ်တယ်မလား။ မေမေတော့ မင်းအဖေနဲ့ အိမ်ထောင်ကျတာ တကယ်ကံကောင်းတာပဲ။ "
ဤသို့ဖြင့် စုယွဲ့နှင့် ကြားရပြီလား မကြားရသေးဘူးလား မသေချာသေးသည့် ဗိုက်ထဲမှ ပဲပင်ပေါက်လေးတို့က ဟန်အိုက်ကောကို မြှောက်ပင့်ချော့မော့၍ ပြောဆိုနေခဲ့ကြသည်။ စကားချိုချိုလေးနဲ့ အားပေးနေမှ အလုပ်လုပ်နေသူလည်း ပိုပြီးကောင်းကောင်းလုပ်နိုင်မှာ မဟုတ်လား။
ပြောရရင် ယောက်ျားသားများက မြှောက်ပင့်ခံရသည်ကို သဘောကျကြသည်။
ဟန်အိုက်ကောသည် နံဘေးရှိ ကိုယ်၀န်ဆောင်သည်လေးအား စွေကြည့်ကာ မနေနိုင်ပါဘဲ ပြုံးလိုက်မိသည်။
ထိုသို့ဖြင့် သူတို့ဇနီးမောင်နှံနှစ်ဦးသည် အ၀တ်များအား လက်ဖြင့်သာချုပ်နေခဲ့ကြသည်။ ဖန်းရှောင်းလီကတော့ ရတက်မအေးဖြစ်နေရှာသည်။ အကြောင်းမှာ စုယွဲ့က သူမနှင့် ခဏခဏတွေ့နေပါသော်လည်း ခေါင်းညိတ်ကာ နှုတ်ဆက်ပြရုံလောက်ကလွဲ၍ ဘာအကူအညီမှ တောင်းဆိုခြင်းမပြုလာ၍ပင်။
ဘာလို့ စုယွဲ့က အပ်ချုပ်စက်၀ယ်ဖို့ သူမကို အကူအညီလာမတောင်းတာလဲ။
အပ်ချုပ်စက်ကို အသည်းအသန်လိုချင်နေတာ မဟုတ်ဘူးလား။ အပ်ချုပ်စက်၀ယ်ဖို့ အပေါ်ထပ်က မာချွေ့ယွင်ကိုတောင် သွား၀ယ်ခိုင်းသေးတာပဲ မဟုတ်ဘူးလား။ သူမ လှမ်းမြင်လိုက်လို့တောင် မာချွေ့ယွင်ကို မရောင်းဖို့ အရောင်း၀န်ထမ်းလေးကို ပြောလိုက်သေးတာကို။ သူမ၏ ရည်ရွယ်ချက်မှာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနမှ ပစ္စည်းများအား ၀ယ်ယူရန်မလွယ်ကူကြောင်းကို စုယွဲ့အား သိစေချင်တာဖြစ်သည်။ ၀ယ်ချင်ပါက သူမအား အကူအညီလာတောင်းရမည်ဖြစ်ကာ သူမကိုလည်း ကျေးဇူးကြွေးတင်သွားပေလိမ့်မည်။ ဒါပေမယ့် ဘာလို့ အခုထိ အကူအညီလာမတောင်းသေးတာလဲ။ လုပ်နည်းအတိုင်းလုပ်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။
စုယွဲ့က အစားအသောက်တွေ ချက်ပြုတ်ပြီး အပေါ်ထပ်က မာချွေ့ယွင်နဲ့ ခေါင်းဆောင်ယွီတို့အိမ်က ရွှီးချန်ကို သွားပို့ပေးနေတာကို သူမ မသိဘူးမထင်နဲ့။ သူမကိုပဲ မပေးတာဖြစ်ပြီး အနံ့တွေပဲ ရနေရကာ မစားရသဖြင့် သူမ မကျေနပ်ပေ။
ဖန်းရှောင်းလီ ဘယ်လိုပဲ တွက်ချက်ထားပါစေ၊ ရက်အနည်းငယ်ကြာအောင် စောင့်ပြီးတာတောင် တစ်ဖက်လူသည် အကူအညီတောင်းရန် ရောက်မလာသဖြင့် တမင်တကာ တံခါးဖွင့်တိုင်း ဆုံချင်ယောင်ဆောင်ပြနေသည်ကိုလည်း တစ်ဖက်လူမှ ဘာမှမပြော၍ ဖန်းရှောင်းလီမှာ ပို၍ စိတ်မရှည်ဖြစ်လာတော့သည်။ စုယွဲ့ကိုလည်း ပို၍မုန်းတီးလာကာ တမင်ဟန်ဆောင်ပြနေတာလို့ တွေးနေခဲ့သည်။
စုယွဲ့လည်း ထူးဆန်းတယ်လို့ တွေးနေမိသည်။ ယခင်က ဖန်းရှောင်းလီနှင့် တံခါးဖွင့်လျှင် ဆုံသည်မှာ ရှားသော်လည်း အခုတလော နေ့တိုင်းလိုလို ဆုံနေသဖြင့် ဖြစ်သည်။ ထို့အပြင် ဖန်းရှောင်းလီ၏ အပြုအမူမှာလည်း မူမမှန်ပေ။ ယခင်ကတော့ မတူမတန်ပြုမူကာ နှုတ်ဆက်လိုခြင်းတောင် မရှိဘဲ အိမ်ထဲသို့ ချက်ချင်းပြန်၀င်သွားတက်ခဲ့သော်ငြား အခုတလောကြ အလျင်လိုနေသည့်ပုံ မရှိပေ။ အထဲသို့လည်း အကြာကြီးနေတာတောင် ပြန်မ၀င်ဘဲ ဘာလုပ်နေမှန်းလည်းမသိ၍ စုယွဲ့မှာထူးဆန်းသည်ဟု ခံစားနေရသည်။ လျစ်လျူရှုထားလျှင်လည်း မကောင်းသလို နှုတ်ဆက်ရန်ကြတော့လည်း ဘာပြောရမည်ကို မသိသဖြင့် ခေါင်းညိတ်ပြရုံလောက်သာ စုယွဲ့ နှုတ်ဆက်နေမိသည်။
သို့သော် စုယွဲ့ စိတ်ထဲတော့ သိပ်မထည့်ပါ။ သူမသည် ဖန်းရှောင်းလီနှင့် ရင်းရင်းနှီးနှီးနေရန် စိတ်မကူးထားသဖြင့် တစ်ဖက်လူက ထူးဆန်းနေလည်း သူမနဲ့ မသက်ဆိုင်ပေ။ သူမမှာ တစ်ပါးသူကိစ္စအား စပ်စုနေနိုင်ရန် အချိန်မရှိပါ။
ဘာအကြောင်းကြောင့် အချိန်မရှိရသလဲ ဆိုတော့ကား ကိုယ်၀န်ကြောင့်ပင် ဖြစ်သည်။ စုယွဲ့သည် အန်ရုံသာမဟုတ်ပါဘဲ အန်ပြီးလျှင်လည်း နုန်းခွေနေတက်ကာ မနက်ခင်းဆိုလည်း နေမြင့်သည်အထိ အိပ်နေတက်ပြီး နေ့လည်စာ စားပြီးပြန်လျှင်လည်း တစ်ရေးပြန်အိပ်နေ၍ပင်။ အချိန်အများစုကို အိပ်၍သာ ကုန်ဆုံးနေကာ ကျန်ချိန်များကိုတော့ ဟန်အိုက်ကောအတွက် ချက်ပြုတ်ပေးကာ ဟင်းရွက်ခင်းအား ဂရုစိုက်နေရ၍ ဖြစ်သည်။
ဟင်းရွက်များမှာ အစေ့မှ အပင်ပေါက်နေကြပြီဖြစ်ကာ နေ့လယ်ခင်း တစ်မှေးအိပ်ပြီးနောက်တွင် စုယွဲ့က မာချွေ့ယွင်နှင့်အတူ ဟင်းရွက်ခင်းအား သွားလေ့ရှိသည်။ အချို့ ပျိုးပင်များမှာ နေ့တိုင်း ရေလောင်းရန်လိုအပ်ကာ အပင်ကြီးရန် အချိန်သိပ်မလိုပေ။ စားပင်များဆီမှ အာဟာရများအား လုယူမသွားနိုင်ရန် ပေါင်းပင်များကိုလည်း နှုတ်ပေးဖို့လိုသည်။
ခရမ်းချဥ်သီးပင်ငယ်လေးများဆိုပါက အမှီပြုနိုင်ရန် တုတ်ချောင်းလေးများကို ထောက်ပေးရန် လိုသည်။ မဟုတ်ပါက အသီး၏ အလေးချိန်ကို မခံနိုင်၍ အပင်ကျိုးသွားနိုင်ပေသည်။
စုယွဲ့က အဲ့ဒါတွေကို နားမလည်ပေ။ မာချွေ့ယွင် သင်ပေးထားတာသာ ဖြစ်သည်။ မာချွေ့ယွင်သည် တကယ်တော်သည့် စိုက်ပျိုးရေးသမားဖြစ်ကာ အားလုံးကို သိသည်။ သူမ စိုက်လိုက်သည့် အပင်တိုင်းကလည်း ရှင်ကာ အသီးထွက်လည်း ကောင်းသည်။
စုယွဲ့လည်း ဆရာ မပြ နည်းမကျဟူသည့် စကားပုံက မှန်သည်ဟု ထင်မိသည်။ မည်သည့်ပညာရပ်တွင်မဆို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို လိုအပ်သည်။
ယနေ့လည်း ဟင်းရွက်ခင်းမှ ရေလောင်းပြီး ပြန်လာသည့်အခါတွင် လှေကားထိပ်တွင် ကလေးလေးနှစ်ယောက်သည် ကြမ်းပေါ်တွင် ငုတ်တုပ်လေးထိုင်နေကြသည်။ စုယွဲ့တို့နှစ်ဦးလည်း အရေးမစိုက်ဘဲ ကိုယ့်လမ်းကိုယ်သာ တက်သွားလိုက်ကြသည်။ စုယွဲ့သည် တံခါးဖွင့်ရန် သော့ကိုထုတ်လိုက်ပြီးနောက် ခြေထောက်အောက်မှ တစ်စုံတစ်ရာအား တက်နင်းမိကာ ခြေချော်သွားပြီး အရှိန်မထိန်းနိုင် ဖြစ်သွားတော့သည်။
စုယွဲ့မှာ လိပ်ပြာလွင့်မတက် လန့်သွားမိသည်။ လှေကားထိပ်တွင် ဖြစ်၍ သူမသာ ပြုတ်ကျသွားပါက လွယ်ကူမည်မဟုတ်ပေ။ ဗိုက်ထဲ၌ ကလေးလေးလည်း ရှိနေသေးသဖြင့် စုယွဲ့သည် သစ်သားလက်ရန်းအား အားဖြင့်ဆွဲထားလိုက်သဖြင့် အောက်ထိပြုတ်ကျမည်ကို တားလိုက်နိုင်သော်ငြား လက်ရန်းဖြင့်တော့ တိုက်မိသွားသေးကာ လက်များလည်း ပွန်းပဲ့နာကျင်သွားသည်။
စုယွဲ့၏ အော်သံကြောင့် အပေါ်ထပ်သို့ ဆက်တက်သွားသည့် မာချွေ့ယွင်က ချက်ချင်းပြန်လှည့်လာကာ သူမအား မြင်သည့်အခါ လန့်သွားပြီး အမြန်လာတွဲပေးလေသည်။ " ညီမလေး၊ အဆင်ပြေရဲ့လား။ "
စုယွဲ့က နှလုံးခုန်လည်း မြန်နေသေးကာ လက်များမှာလည်း တုန်ယင်နေသေးသော်ငြား သူမ၏ ဗိုက်လေးအား ကိုင်ကြည့်ကာ ကလေးလေးများ တစ်ခုခုဖြစ်သွားသေးလားဟု စမ်းကြည့်လိုက်သည်။
သို့သော်လည်း စုယွဲ့သည် အလွန်ထိတ်လန့်သွားသဖြင့် မျက်နှာမှာ ဖြူဖျော့နေကာ ခြေထောက်များလည်း မခိုင်တော့သဖြင့် အားမသုံးနိုင်ပေ။ မာချွေ့ယွင်ရှိနေလို့သာ တော်တော့သည်။ မာချွေ့ယွင်က စုယွဲ့ကို ပွေ့၍ တွဲထားပေးခဲ့သည်။
မာချွေ့ယွင်က စုယွဲ့ကို စိုရိမ်သွား၍ နမောနမဲ့နိုင်ရမလားလို့ ဆူပူတော့သည်။ " ဘာလို့ သေချာဂရုမစိုက်ရတာလဲ။ လှေကားပေါ်က ပြုတ်ကျတော့မလို့။ တကယ်သာ ပြုတ်ကျသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါက ပေါ့သေးသေးကိစ္စမဟုတ်ဘူး။ နောက်ဆို သတိထားပြီး လျှောက်။ "
စုယွဲ့ ခေါင်းခါပြကာ အသက်ရှုသံကိုလည်း မနည်းငြိမ်အောင် ထိန်းနေရင်း ပြောခဲ့သည်။ " အစ်မမာ၊ ညီမ ခုနက တစ်ခုခုကို နင်းမိပြီး ခြေချော်သွားတာ။ ဘာလဲဆိုတာ တစ်ချက်လောက် ရှာကြည့်ပေးပါလား။ "
ထိုသို့ကြားသည့်အခါ မာချွေ့ယွင်သည် ရှာကြည့်ပေးခဲ့သည်။ ထိုအခါ ကလေးများဆော့နေကြ ဂေါ်လီလုံးတစ်လုံးကို တွေ့လိုက်ရသည်။
မာချွေ့ယွင် ဘာတွေဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်သွားတော့သည်။ လှေကားထိပ်တွင် ကစားနေဆဲဖြစ်သည့် ကလေးနှစ်ယောက်ကို ကြည့်ကာ မေးခဲ့သည်။ " ဒီဂေါ်လီက မင်းတို့ ကစားနေကြတဲ့ဟာလား။ "
ကလေးနှစ်ဦးက ညစ်ပတ်ပေရေနေကြသည်။ အထူးသဖြင့် ဒူးထောက်ကာဆော့ထားကြ၍ ဒူးများသည် မည်းညစ်နေကာ တစ်ပုံစံတည်းတူသည့် ဂေါ်လီလုံးများကိုလည်း ကိုင်ထားကြသည်။ ခုနက ဂေါ်လ်ီအား ဘယ်သူ့ဟာလဲ မေးစရာပင်မလိုတော့ပါ။ သေချာပေါက် ဤကလေးနှစ်ဦး၏ ကစားစရာဖြစ်လိမ့်မည်။ ခုနက ထိုကလေးနှစ်ယောက်သည် ဂေါ်လီလုံး လှိမ့်ကာ ကစားနေကြတာပဲ ဖြစ်ရမည်။
မာချွေ့ယွင်မှာ ဒေါသထွက်လာကာ အော်ဟစ်မာန်မဲမိတော့သည်။ " ဘာလို့ လှေကားမှာ ဂေါ်လီလုံးတွေနဲ့ ဆော့နေကြတာလဲ။ တက်နင်းမိရင် လှေကားပေါ်က ချော်ကျကုန်လိမ့်မယ်။ ပြုတ်ကျသွားရင် ဘာတွေဖြစ်ကုန်မလဲဆိုတာကို မသိဘူးလား။ ဘယ်သူက မင်းတို့ကို ဒီမှာဆော့ခွင့်ပေးထားတာလဲ! "
မာချွေ့ယွင်၏ မျက်နှာမှာ ဒေါသကြောင့် ကြည့်ရဆိုးနေကာ ဆူပူနေမှုမှာလည်း ကြောက်စရာဖြစ်နေကာ ဆူနေသည်မှာလည်း ကျယ်လောင်လှ၍ မျက်နှာများပေရေနေသည့် ကလေးတစ်ယောက်မှာ အော်ဟစ်ငိုယိုသွားခဲ့သည်။ အနည်းငယ် သန့်သန့်ပြန့်ပြန့်ရှိသေးသည့် ကောင်လေးက မာချွေ့ယွင်အား မကျေနပ်ဟန်ဖြင့် ပြန်ခံပြောခဲ့သည်။ " အဒေါ်ကြီးက ဘယ်သူမို့လို့ ဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီး လာပြောနေရတာလဲ။ အမေ့ကို တိုင်ပြောပြီး အဒေါ်ကြီးရဲ့ ပါးစပ်ကိုဆွဲဖြဲခိုင်းလိုက်မယ်! "
ကလေးနှစ်ဦးထဲမှ ငိုနေသောတစ်ယောက်သည် ၀မ်လျန်ယင်း၏ သားဖြစ်သည်က်ိုသာ မာချွေ့ယွင်သိသည်။ အခြားတစ်ယောက်ကတော့ ဘယ်မိသားစုမှဖြစ်သည်အား သူမ မသိသော်လည်း လက်တောင့်လောက်လေးထံမှ ပြန်ပြောခံလိုက်ရ၍ မာချွေ့ယွင်မှာ သွေးတက်လာတော့သည်။ စုယွဲ့အား တွဲထားရ၍သာ မဟုတ်ပါက ထိုကလေးအား သွားရိုက်ပြီးလောက်နေပြီဖြစ်သည်။ " သွားခေါ်လိုက်စမ်းပါ နင့်အမေကို! ငါ့ပါးစပ်ကို ဘယ်လိုဆွဲဖြဲမလဲ ကြည့်ချင်မိသား! နင်တို့လို့ စည်းမရှိကမ်းမရှိလေးတွေကို မှတ်လောက်သားလောက်ရှိအောင် ဒီနေ့ပညာပြမှကိုဖြစ်မှာ။"
ထိုကဲ့သို့ ဆူဆူညံညံဖြစ်နေ၍ အပေါ်ထပ်၊ အောက်ထပ်မှ လူများသည် အပြေးလာကြည့်ကြတော့သည်။ ဘာဖြစ်နေသည်ကို သိသွားကြသည့်အခါ ပြန်မထွက်သွားကြသလို ချက်ပြုတ်ရဦးမည်ဟူသည်ကိုလည်း ဂရုမစိုက်ဘဲ စိတ်၀င်စားစွာရပ်ကြည့်နေကြတော့သည်။
ထိုထဲမှ ပြဿနာများဖြစ်သည်ကို သဘောမကျသည့် အမျိုးသမီးတစ်ဦးသည် ကလေးများက ဘယ်သူဖြစ်သည်ကို ပြောပြလာခဲ့သည်။ " ကလေးတွေထဲက တစ်ယောက်က ၀မ်လျန်ယင်းရဲ့ကလေးပဲ။ နောက်တစ်ယောက်က ဖုန်းမိသားစုက ကလေးထင်တယ်။ ဒီနေ့မှ အဘိုးဆီကနေ သွားခေါ်လာတာလို့ ကြားတယ်။ "
တပ်ခွဲမှုးဖုန်း? ဖန်းရှောင်းလီရဲ့ သား?
ထိုသည်ကို မာချွေ့ယွင်ကြားသည့်အခါ ပို၍ ဒေါသထွက်သွားသည်။ " သွားစမ်း၊ နင့်အမေ ဖန်းရှောင်းလီကို သွားခေါ်လာခဲ့။ လာပြီး ရှင်းပြချက်ပေးခိုင်းလိုက်စမ်းပါ! "
ဖန်းရှောင်းလီ၏သားသည် ခေါင်းပု၀င်သွားကာ တံခါးဆီသို့ ကြောက်ကြောက်ဖြင့်ပြန်ပြီး အော်ခေါ်ခဲ့သည်။ " အမေရေ လာပါဦး၊ သားကို ရိုက်မလို့တဲ့။ "
ထိုသို့အော်လိုက်သည့်အခါ ဖန်းရှောင်းလီက မျက်နှာပျက်ပြီး အသည်းအသန် အိမ်ထဲမှ ထွက်လာတော့သည်။ " ဘယ်သူလဲ၊ ဘယ်သူက ရိုက်မယ်ပြောတာလဲ။ "
ကောင်လေးက မာချွေ့ယွင်နဲ့ စုယွဲ့ကို ညွှန်ပြခဲ့သည်။ " သူတို့က သားကိုရိုက်မယ်လို့ပြောတယ်၊ အမေ့ကိုလည်း ခေါ်ခိုင်းတယ်။ "
ဖန်းရှောင်းလီက မျက်မှောင်ကြုံ့ကာ ဒေါသတကြီးပြန်မေးခဲ့သည်။ " နင်တို့က ဘာလို့ ငါ့သားကို ရိုက်မယ်လေး ဘာလေးနဲ့ ပြောနေတာလဲ။ "
မာချွေ့ယွင်လည်း သည်းခံနေရန် ဆန္ဒမရှိပေ။ ကြမ်းပေါ်မှ ဂေါ်လီလုံးများအား ထိုးပြကာ ပြန်ပြောလိုက်သည်။ " နင့်သားက လှေကားမှာလာပြီး ဂေါ်လီတွေနဲ့ ကစားနေတာလေ၊ စုယွဲ့ တက်နင်းမိပြီး လှေကားပေါ်က ပြုတ်ကျသွားတော့မလို့။ ဒါက လှေကားလေ ပြုတ်ကျသွားရင် ဘာဖြစ်မလဲ နင်မသိဘူးလား။ အဲ့တာကို ဘာလို့ လှေကားမှာ ကစားခွင့်ပြုထားရတာလဲ။ "
ဖန်းရှောင်းလီက စုယွဲ့ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုံ့ကာ ပြောခဲ့သည်။" အခု ဘာမှမဖြစ်ဘူးမလား။ လူကြီးဖြစ်နေပြီး လမ်းကိုတောင် ကြည့်မလျှောက်တက်ဘူးလား၊ တစ်ခြား ဘယ်သူမှ မနင်းမိဘဲ သူပဲနင်းမိတာ။ "
မာချွေ့ယွင်က အတော်လေး ဒေါသထွက်သွားတော့သည်။ " နင်ကမှ ဘာမှမသိတာဟဲ့။ နင့်ကလေးက အမှားလုပ်နေတာ အသေအချာကြီးကို တစ်ခြားလူကို လမ်းမကြည့်ဘူးဆိုပြီး ပြန်အပြစ်တင်နေတာလား။ ပြောရဲလိုက်တာ၊ အရှက်မရှိဘူးလား! "
စုယွဲ့လည်း ဖန်းရှောင်းလီကို ပြန်ပြောခဲ့သည်။ " အစ်မပြောသလိုသာဆို ကျွန်မ လှေကားမှာ ဂေါ်လီတွေပစ်ချထားလည်း အစ်မချော်လဲရင် ကျွန်မကို အပြစ်မတင်ဘူးပေါ့နော်။ အစ်မဘာသာ လမ်းကို ကြည့်မလျှောက်လို့ ဖြစ်တာပဲလို့ တွေးမှာမလား။ "
ဖန်းရှောင်းလီက စုယွဲ့ စကားများကြောင့် တစ်ခဏဆွံ့အသွားတော့သည်။ " ငါ့သားက ကလေးမို့လို့လေ။ နင်က လူကြီးဖြစ်နေပြီး အဲ့လိုလုပ်စရာလား၊ ကလေးနဲ့ ပြိုင်တုနေရအောင် အရှက်မရှိဘူးလား။ ဘာလဲ အလျော်လိုချင်နေသေးတာလား။ တကယ်ပဲ အရှက်မရှိလိုက်တာ !"
" ဟုတ်တယ်၊ နင်တို့လူကြီးနှစ်ယောက်က ကလေးတွေကို ခြောက်ပြီးတာတောင် မလုံလောက်သေးဘူးလား။ ငါ့သားကို ငိုအောင် ခြောက်ထားပြီးတာတောင်လေ။ ဘာထပ်လိုချင်သေးလို့လဲ။ ဘာလဲ တကယ်ပဲ ပိုက်ဆံအလျော်လိုချင်လို့ မျက်လုံးထဲ ဘာမှမမြင်တော့ဘူးလား။ နင်အခု ဘာမှမဖြစ်ဘူးမလား ။ ဘယ်အလျော်ကို လိုချင်နေသေးတာလဲ။ " သတင်းကြားပြီး ရောက်လာသည့် ၀မ်လျန်ယင်းက ရောက်လာသည်နှင့် ဖန်းရှောင်းလီဘက်မှ ၀င်ပြောတော့သည်။
စုယွဲ့ ထိုသို့သော မိဘများအား တစ်ခါမှမမြင်ဖူးပါ။ ကလေးက အမှားလုပ်ထားသည်ကို အမှန်ပြင်ပေးရမည့်အစား အမှားလုပ်သည်ကိုသာ ကာကွယ်ပြောဆိုပေးနေကြသည်။ ဒီလိုသာဆို ဘယ်ကလေးက လိမ္မာပါတော့မလဲ။
မာချွေ့ယွင်လည်း စုယွဲ့လိုသာ တွေးနေခဲ့သည်။ " စုယွဲ့က ကိုယ်၀န်ရှိနေတာဟဲ့။ ဒီနေ့ ပြုတ်ကျသွားခဲ့ရင် ဘာတွေဘယ်လိုဖြစ်သွားမလဲ သိရဲ့လား။ နင်တို့ကလေးတွေက အမှားလုပ်ထားတာကို အမှန်ဖြစ်အောင် မသင်မပြပေးတဲ့အပြင် ဒီလိုတွေ ပြောပြီး ကာကွယ်ပေးနေကြတာလား! "
စုယွဲ့ ကိုယ်၀န်ရှိနေသည်အား ကြားသည့်အခါ ရပ်ကြည့်နေကြသူများမှာ စုယွဲ့နှင့် မာချွေ့ယွင် ဘာလို့ ဒီလောက်ဒေါသထွက်နေသည်ကို နားလည်သွားကြတော့သည်။ တကယ်သာ ကလေးရှိနေပြီး ဂေါ်လီလုံးတက်နင်းမိ၍ ပြုတ်ကျသွားပါက လူကြီးသည် ဘာမှမဖြစ်နိုင်သော်လည်း ကလေးကတော့ ပျက်ကျသွားနိုင်ပေသည်။ အသေအချာပင်၊ ပြန်တောင်းပန်သင့်သည်။
ဖန်းရှောင်းလ်ီက စုယွဲ့ ကိုယ်၀န်ရှိရှိ၊ မရှိရှိ ဂရုမစိုက်ပါ။ မာချွေ့ယွင်၏ စကားများကို ဒေါသတကြီး ပြန်ရန်တွေ့လေသည်။ " ငါ့ကလေးကို ဘယ်လိုသင်သင် နင့်အပူပါလား။ ငါ့ကလေးက နောင်ကြရင်လည်း နင့်ကလေးတွေထက် တော်ဦးမှာ။ နင့်သမီးနှစ်ယောက်ကိုသာ ပူနေစမ်းပါ။ အဲ့လိုဆို လင်ကောင်းသားကောင်းရပြီး နင့်လို ဆင်းဆင်းရဲရဲနေရတော့မှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း နင့်သမီးတွေကို ယူမယ့်သူက ရှိပါ့မလား! "
" နင့် ပါးစပ်အစုတ်အပဲ့ကို ပိတ်ထားစမ်း! " မာချွေ့ယွင်မှာ ဒေါသများအား ထိန်းမထားနိုင်တော့သဖြင့် စုယွဲ့အား အခြားအမျိုးသမီးတစ်ယောက်ထံ လွှဲပေးကာ တွဲစေလိုက်ပြီး ဖန်းရှောင်းလီနှင့် ရန်သတ်ရန်ပြင်တော့သည်။ ဖန်းရှောင်းလီလို မိန်းမမျိုးနဲ့ စကားပြောနေတာက အပိုပဲ။ ထရိုက်ပစ်လိုက်တာက အကောင်းဆုံးပဲ။
စုယွဲ့သည် အားနည်းနေသေးသော်လည်း မာချွေ့ယွင်အား ဆွဲကာ တားနေခဲ့သည်။ " အစ်မမာ စိတ်လျှော့ပါ၊ အဲ့လိုမလုပ်ပါနဲ့ "
" ဒီလို မိန်းမမျိုးက အရိုက်ခံရမှ အသိ၀င်မှာ! " သူမ သမီးနှစ်ယောက်ကို ဖန်းရှောင်းလီ စော်ကားပြောဆိုခဲ့တာကြောင့် မာချွေ့ယွင်က စိတ်လျှော့လိုသည့် ဆန္ဒမရှိချေ။ စုယွဲ့၏ ဆွဲထားမှုမှ ရုန်းထွက်ကာ ဖန်းရှောင်းလီနှင့် ပုတ်ခတ်ကာ ရန်ဖြစ်တော့သည်။
မာချွေ့ယွင်က တောရွာမှလာသူဖြစ်ကာ အလုပ်လည်းလုပ်ဖူးသူဖြစ်ပြီး သန်မာသူလည်းဖြစ်သော်ငြား ဖန်းရှောင်းလီက ငယ်စဥ်ထဲက အလိုလိုက်ခံထားရသူဖြစ်ကာ ဘယ်လိုများ ယှဥ်နိုင်မလဲ။ သို့ဖြစ်၍ ဖန်းရှောင်းလီသည် မြေပေါ်သို့ ဖိချခံလိုက်ရကာ ခုခံနိုင်ခြင်းမရှိဘဲ မာချွေ့ယွင်ထံမှ အရိုက်ခံနေရတော့သည်။
" နင်က ငါ့ကို ရိုက်ရဲတယ်လား။ ငါ ပြန်မလုပ်ရဲဘူး မထင်နဲ့! " ဖန်းရှောင်းလီသည်လည်း ဒေါသထွက်ကာ မာချွေ့ယွင်ကို ပြန်လုပ်တော့သည်။ အမျိုးသမီးနှစ်ဦးမှာ သူတစ်ခါ ငါတစ်လှည့်ဖြင့် ပုတ်ခတ်ရန်သတ်နေကြတော့သည်။
စုယွဲ့သည် စိုးရိမ်သဖြင့် ရှေ့တိုးကာ အနည်းငယ် ဆွဲကြည့်ပါသော်လည်း မဆွဲနိုင်ဖြစ်နေကာ သူမကိုပင် အနည်းငယ် ရိုက်ပုတ်မိသွားသေးသည်။
အခြားသူများက ရန်ဖြစ်နေကြသည်ကို မြင်သော်လည်း ၀င်မဆွဲရဲကြဘဲ ဘေးမှသာ အော်၍ ဖျောင်းဖြနေကြသည်။
အခြေအနေများ ပို၍ ရုန်းရင်းဆန်ခတ်ဖြစ်လာနေစဥ်တွင် " ဘာတွေဖြစ်နေကြတာလဲ! လမ်းဖယ်ပေးကြပါဦး! " ဟူသည့်အော်သံအား အောက်ထပ်မှကြားလိုက်ရသည်။
လှည့်ကြည့်ကြသည့်အခါ တပ်သားများ လေ့ကျင့်ရေးမှပြန်လာကြတာဖြစ်သည်ကို တွေ့လိုက်ရကာ ပြောလိုက်သူမှာ ဖန်းရှောင်းလီ၏ ခင်ပွန်း ဖုန်းကျွင်းဝေဖြစ်သည်။
ဖုန်းကျွင်းဝေက လှေကားအား နှစ်ထစ်သုံးထစ်ဆီ ခွကျော်ကာ အမြန်တက်လာပြီး ရန်ဖြစ်နေကြသည့် အမျိုးသမီးနှစ်ယောက်အား အားသုံး၍ လူခွဲစေလိုက်ပြီး ဖန်းရှောင်းလီကို အော်ခဲ့သည်။" ပြောစရာရှိရင် ပါးစပ်နဲ့ပဲ ပြောလေ၊ ဘာလို့ လက်ပါနေကြတာလဲ! "
မာချွေ့ယွင်၏ ယောက်ျားဖြစ်သူ စွန်းချန်းဖူလည်း ရောက်လာကာ မိန်းမဖြစ်သူကို ဆွဲထားခဲ့သည်။
ဖန်းရှောင်းလီက မာချွေ့ယွင်ထံမှ အနည်းငယ် ဆိုးဆိုး၀ါး၀ါး အရိုက်ခံထားရသည်။ ဆံပင်များလည်း ရှုပ်ပွနေကာ အင်္ကျီများမှာလည်း ဖရိုဖရဲဖြစ်နေနေပြီး ပါးထက်တွင်လည်း လက်၀ါးရာများ ရှိနေသည်။ ဖန်းရှောင်းလ်ီက ငယ်စဥ်ကတည်းက ယခုကဲ့သို့ မခံခဲ့ဖူးတာကြောင့် ရှက်လည်းရှက် ဒေါသလည်းထွက်နေတော့သည်။ ဖုန်းကျွင်းဝေမှ ဆွဲချုပ်ထားသည်ကို ရုန်းကာ မာချွေ့ယွင်အား ရိုက်ရန်လုပ်နေသေးသော်လည်း မရုန်းနိုင်၍ ဒေါသဖြင့် ငိုတော့သည်။ " ဖုန်းကျွင်းဝေ၊ သူ့ကို သတ်ပစ်လိုက်စမ်း! ကျွန်မကို ရိုက်ရဲတဲ့ဟာမ! သူ့ကို သတ်ပစ်ချင်တယ် ! "
ဖုန်းကျွင်းဝေက မိန်းမဖြစ်သူအား လျစ်လျူရှုကာ ဘေးရှိလူများအား ဘာဖြစ်ကြသည်ကိုသာ မေးမြန်းခဲ့သည်။
ရပ်ကြည့်နေသူများကလည်း အတိအကျကို ပြန်ဖြေပေးကြသည်။
ဟန်အိုက်ကောလည်း ဖုန်းကျွင်းဝေနှင့် အတူပါလာတာဖြစ်ကာ ဘာတွေဖြစ်နေသည်အား မေးမြန်းရန်ပင် စိတ်မ၀င်စားဘဲ စုယွဲ့၏ မျက်နှာမကောင်းနေသည်ကို သတိထားမိပြီး သူမထံသို့သွားကာ ပွေ့ တွဲပေးလိုက်သည်။ " ယွဲ့အာ၊ ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်လို့လား။ "
ဟန်အိုက်ကော ပြန်လာသည်ကို တွေ့သည့်အခါ စုယွဲ့သည် တင်းထားသည့်စိတ်များကို လျှော့ချလိုက်သဖြင့် ဟန်အိုက်ကော၏ ရင်ခွင်ထဲသို့ ပြိုလဲကျသွားတော့သည်။ " ယောက်ျား၊ ကျွန်မ မရပ်နိုင်တော့ဘူး။ "
ဟန်အိုက်ကော စုယွဲ့အား ချက်ချင်းကောက်ပွေ့လိုက်ကာ အိမ်ထဲသို့ ၀င်သွားလိုက်ပြီး ခုတင်ပေါ်တွင် လှဲစေလိုက်သည်။ နဖူးအား စိုးရိမ်တကြီး စမ်းကြည့်ရင်းဖြင့် မေးခဲ့သည်။" ဘယ်လိုနေသေးလဲ။ အခုပဲ ဆေးရုံသွားလိုက်ကြမလား။ "
စုယွဲ့ ခေါင်းခါကာ ငြင်းလိုက်ပြိး ဖြစ်ပျက်သွားသည်များကို ရှင်းပြလိုက်သည်။ " အရမ်း ကြောက်သွားတာ။ ဒီတစ်ခေါက် တကယ်ကို အားမရှိတော့ဘူးလို့ ခံစားလိုက်ရတယ်။ ခဏနားလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။ ဗိုက်ကိုလည်း မထိသွားဘူး။ မစိုးရိမ်နဲ့။ "
ဖြစ်ပျက်သွာသည်များကို သိသွားသည့်အခါ ဟန်အိုက်ကော၏ မျက်နှာအမူအရာသည် ကြောက်ဖွယ်ကောင်းလာတော့သည်။ စုယွဲ့၏ လက်ကို ယူကြည့်လိုက်သည့်အခါ လက်ဖ၀ါးနှစ်ဖက်သည် နီရဲနေကာ သွေးခြည်များပင်ဥနေပြီဖြစ်သည်။ လက်ရန်းအား အတော်လေး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ရ၍ ဖြစ်သည်။
အင်္ကျီလက်အား ခေါက်တင်၍ ကြည့်ပြန်သည့်အခါတွင်လည်း ညာဘက်လက်မောင်းတစ်လျှောက်သည် လက်ရန်းနှင့် တိုက်မိခဲ့၍ မဲပြာနေပြီဖြစ်သည်။ တိုက်မိသည့် အားမှာ မည်မျှပြင်းကြောင်း သိသာပေသည်။
ဟန်အိုက်ကော ကြောက်သွားမိသည်။ စုယွဲ့သာ လက်ရန်းကို မကိုင်ထားနိုင်လိုက်လျှင် သားမိနှစ်ယောက်လုံး ဘယ်လိုဖြစ်သွားမည်ကို သူမတွေးရဲပါ။
ဟန်အိုက်ကော မျက်နှာ ပျက်သည်ထက်ပျက်လာသည်အား တွေ့သည့်အခါ စုယွဲ့သည် ရင်ခွင်ထဲသို့ တိုး၀င်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။ " ကျွန်မ အဆင်ပြေပါတယ်။ နားလိုက်ရင် ရမှာပါ။ အရမ်း စိတ်မပူပါနဲ့။ "
ဟန်အိုက်ကောက သူမအား တင်းတင်းကြပ်ကြပ် ပြန်ပွေ့ဖက်ထားကာ နှုတ်ခမ်းနှင့် နဖူးအား ခပ်ဖွဖွ အနမ်းခြွေလိုက်သည်။ သူမလေးအား နှစ်သိမ့်နေရင်း ကိုယ့်ကိုယ်ကိုလည်း ဖြေသိမ့်သည့်သဘောပင် ဖြစ်သည်။
ထိုအချိန်တွင် အိမ်ခန်းအပြင်မှ ကလေးငိုသံနှင့် ဖန်းရှောင်းလီ၏ အော်ဟစ်သံများကိုပါ ကြားလိုက်ရသည်။ " ဖုန်းကျွင်းဝေ၊ ဘာလို့ ကလေးကို ရိုက်နေတာလဲ! လွှတ်စမ်း၊ ကျွန်မကို လွှတ်ပေး။ ကျွန်မသားကို မရိုက်နဲ့! ကျွန်မသားကို ရိုက်ခွင့်မပြုဘူး။ ဖုန်းကျွင်းဝေ ရပ်တာ့လို့! "
ထိုသည်များကို ကြားသည့်အခါ ဖုန်းကျွင်းဝေက သားဖြစ်သူအား ဆုံးမနေခြင်းဖြစ်မည်ဟု စုယွဲ့နားလည်လိုက်သည်။ အိမ်ထဲတွင် မဆုံးမဘဲ အပြင်တွင်ဆုံးမနေခြင်းမှာ အခြားသူများ ကြားစေရန်ဖြစ်ကာ သူမတို့ကို အားနာပြီး တောင်းပန်ချင်တာလည်း ဖြစ်လောက်သည်။