အပိုင်း ၆၆
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း  ၆၆ - မွေးနေ့ကိတ်




ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ဖုန်းကျွင်းဝေက မျက်လုံးများ ဖူးရောင်နေသည်အထိ ငိုနေသော သားဖြစ်သူကို ချီလျက်ရောက်လာပြီး ဟန်အိုက်ကောနဲ့ စုယွဲ့ကို တောင်းပန်စကားပြောခဲ့သည်။ “ ရဲဘော်ဟန်၊ ခယ်မလေး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်သားနဲ့ သူ့အမေရဲ့ အမှားကြောင့် မင်းတို့ကို အလန့်တကြားဖြစ်သွားစေမိလို့။ ကျွန်တော် သေချာဆုံးမပြီးပါပြီ။ အခုက သားဖြစ်သူကို ကိုယ်တိုင်တောင်းပန်ခိုင်းချင်လို့ လာခဲ့တာပါ။ “


ဖုန်းကျွင်းဝေက ဖန်းရှောင်းလီနှင့် မတူပေ။ သားဖြစ်သူကြောင့် စုယွဲ့ခြေချော်ကာ လှေကားပေါ်မှ ပြုတ်ကျမလိုဖြစ်ခဲ့သည်ကို သိပြီးနောက်တွင် အတော်ထိတ်လန့်သွားမိတာဖြစ်သည်။ ကိုယ်၀န်ဆောင်သည်တစ်ဦးသာ လှေကားပေါ်မှ ပြုတ်ကျသွားပါက ခန္ဓာတစ်ခုတည်းတွင် အသက်နှစ်သက်တည်နေတာဖြစ်၍ အတော်လေးဆိုး၀ါးသည်များ ဖြစ်သွားနိုင်ပေသည်။ ပြီးမှ တောင်းပန်လျှင်လည်း ဘာမှထူးလာမည်မဟုတ်ပါ။ ကံကောင်းလို့ ဘာမှဆိုးဆိုး၀ါး၀ါး ဖြစ်မသွားတာပင်။ 


ဖန်းရှောင်းလီသာ ပြေပြေပြစ်ပြစ် တောင်းပန်ခဲ့လျှင် စုယွဲ့လည်း ကလေးကို အပြစ်တင်ကာ စိတ်ဆိုးနေတော့မည် မဟုတ်လောက်သော်လည်း ဖန်းရှောင်းလီမှ သားဖြစ်သူအား မျက်လုံးစုံမှိတ်ကာ ကာကွယ်ပေးနေခဲ့သဖြင့် ဤအခြေအနေထိ ဖြစ်လာရခြင်းပင်။ 


သားဖြစ်သူအား အဘိုးအဘွားများက ကမ်းကုန်အောင် အလိုလိုက်ထားသဖြင့် သဘောမတူကြသည့်ကြားက သူအတင်းပြန်ခေါ်ခဲ့တာဖြစ်သည်။ မဟုတ်ပါက ကလေးသည် လုံး၀သွန်သင်ဆုံးမ၍ ရတော့မည်မဟုတ်ချေ။ သို့သော်လည်း ပြန်ခေါ်လာသည့် ပထမဆုံးနေ့မှာတင် ပြဿနာရှာပစ်လိုက်မယ်လို့တော့ ထင်မထားခဲ့ပေ။ တကယ် ဒေါသထွက်စရာပဲ! 


ဖုန်းကျွင်းဝေက တွေးလေဒေါသထွက်လေဖြစ်သဖြင့် သားဖြစ်သူအား တစ်ချက်ရိုက်ကာ ပြောခဲ့သည်။  “ မြန်မြန်လုပ်... တောင်းပန်လိုက်! “


ဖုန်းဇီထောင်မှာ တစ်အင့်အင့်ရှိုက်ကာ ငိုနေဆဲဖြစ်ကာ အဖေမှ ထပ်ရိုက်မည်ဆိုး၍ မပြောချင်ပြောချင်ဖြင့် ပြောခဲ့သည်။ “ တောင်းပန်ပါတယ်။ “


ဖုန်းကျွင်းဝေက စိတ်ရင်းဖြင့် တောင်းပန်သလို ကလေးအားလည်း ရိုက်နှင်၍ဆုံးမကာ ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်နေမှတော့ စုယွဲ့နှင့် ဟန်အိုက်ကောလည်း ဘာများပြောနိုင်တော့မှာလဲ။ သူများကလေးကို ကိုယ်တိုင်ခေါ်ပြီး ရိုက်နှက်ဆုံးမပစ်လို့လည်း ရမှမရတာ။ 


စုယွဲ့  - “ တပ်ခွဲမှုးဖုန်း၊ စိတ်ထဲမထားပါနဲ့။ ဒီနေ့ကိစ္စကို မေ့လိုက်ပါပြီ။ နောင်ကြရင် ကလေးကို လှေကားမှာ ဂေါ်လီတွေနဲ့သာ မဆော့ပါစေနဲ့တော့။ အန္တရာယ်များလို့ပါ။ “ 


“ သေချာတာပေါ့ဗျာ! “ ဖုန်းကျွင်းဝေက ချက်ချင်း သဘောတူခဲ့သည်။ “ ဒီကောင်လေး နောက်ထပ် လှေကားမှာ ဂေါ်လီလုံးတွေနဲ့ မဆော့ရဲတော့အောင် ကျွန်တော် သေချာဆုံးမထားပြီပါပြီ။ ထပ်လုပ်ရဲလိူ့ကတော့ ကျွန်တော် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။ “


စုယွဲ့ ထိုကိစ္စအား ဘာမှထပ်မပြောတော့ဘဲ ကလေးကို ဂရုစိုက်ဖို့ကိုသာ ပြော၍ ဖုန်းကျွင်းဝေတို့သားအဖအား နှုတ်ဆက်လိုက်သည်။ 


ဟန်အိုက်ကောက အစမှအဆုံးတိုင် ဘာမှ၀င်မပြောဘဲ ဒေါသထွက်နေဆဲဖြစ်မှန်း သိသာလှသည်။


စုယွဲ့က ဟန်အိုက်ကောကို စိတ်လျှော့သွားစေရန် ချော့ပြောရတော့သည်။ “ တော်ပြီ၊ ဒေါသမထွက်နဲ့တော့။ ကျွန်မ နောက်ဆို သေချာသတိထားပါ့မယ်။ ဒီလိုမျိုး ထပ်မဖြစ်စေရဘူး နော်။ အခုလည်း ကျွန်မ ဘာမှမဖြစ်ဘူးလေ။ ပြုံးပြပါဦးလို့ ~ “


ဟန်အိုက်ကောကတော့ မပြုံးပြနိုင်သေးပါ။ စုယွဲ့ကြုံတွေ့သွားနိုင်သည့် အန္တရာယ်ကိုတွေးမိလိုက်တိုင်း ရင်ထဲတွင် တင်းကြပ်နေကာ နေရထိုင်ရ အဆင်မပြေပေ။ 


စုယွဲ့ ခေါင်းမော့ကာ ဟန်အိုက်ကော လည်ဇလုပ်အား ခပ်ဖွဖွ အနမ်းတစ်ပွင့်ပေးလိုက်သည်။ “ အိုက်ယား ဒီလိုရုပ်တည်ကြီးနဲ့ဆို ဗိုက်ထဲက ကလေးလေးတော့ လန့်သွားတော့မှာပဲ။ ကလေးလေးမေမေလည်း လန့်နေပါပြီနော်။ ပြုံးပြပါလို့ဆ်ိုနေ ~” 


ဟန်အိုက်ကောက ထိုအခါမှသာ မပြုံးချင်ပြုံးချင်ဖြင့် ဖျစ်ညှစ်ကာ ပြုံးပြခဲ့သည်။ သို့သော်လည်း ရင်ထဲ၌ အပူမအေးသေးသဖြင့် စုယွဲ့အား အိပ်ရာထဲတွင် လှဲစေကာ စောင်ခြုံပေးပြီးနောက် ခေါင်းဆောင်ယွီ၏ အိမ်သို့သွားကာ ရွှီးချန်အား သွားခေါ်ဦးမယ်လို့ပြောခဲ့သည်။ 


ဆရာ၀န်နှင့် မပြရမချင်း ဟန်အိုက်ကော စိတ်ပူနေဦးမည်ဆိုသည်အားသိ၍ စုယွဲ့လည်း မတားမိပေ။ 


ခဏအကြာတွင် ဟန်အိုက်ကောက ရွှီးချန်ကိုခေါ်ကာ ပြန်ရောက်လာသည်။ 


ရွှီးချန်က စုယွဲ့၏ သွေးခုန်နှုန်းအား သေချာစမ်းသပ်ပေးခဲ့သည်။ “ ကလေးက အဆင်ပြေပါတယ်။ နည်းနည်းလောက် လန့်သွားလို့ အားလျော့သွားတာ။ နှစ်ရက်လောက် နားလိုက်ရင် ရမှာပါ။ စိုးရိမ်စရာ မရှိပါဘူး။ “


ထိုသို့ကြားမှသာ ဟန်အိုက်ကောက သက်ပြင်းချနိုင်တော့သည်။ ယခင်ကလောက် စိုးရိမ်နေခြင်းမရှိတော့ဘဲ သူမတို့နှစ်ဦးအား စကားပြော၍ နေစေခဲ့ပြီးနောက် ညစာချက်ရန်ထွက်သွားခဲ့သည်။ 


ရွှီးချန် - “ အစ်မလည်း အခုပဲ သိလာတာ။ တကယ် ကြောက်စရာကောင်းတာပဲ။ နောက်ဆို လမ်းလျှောက်ရင် သေချာကြည့်လျှောက်နော်။ ဒီအဆောင်ထဲမှာက ကလေးတွေများတော့ ဒီလိုပဲနေမှာပဲ။ နောက်ဆို ဗုံးတွေတောင် ဆော့နေဦးမလားမသိဘူး။ ဂေါ်လီလုံးလို လိမ့်တဲ့ဟာဆိုတော့လည်း ရှောင်ရခက်တာပေါ့။ ဒါပေမယ့်လည်း သတိတော့ထား။ ကိုယ်၀န်ဆောင်သည်ဆိုတာက ပေါ့ပေါ့တန်တန် နေလို့မရဘူး။  “


စုယွဲ့လည်း ကြုံဖူးသွားပြီသဖြင့် ထိတ်လန့်နေသေးသောကြောင့် တစ်ခါသေဖူး ပျဥ်ဖိုးနားလည် ဆိုသလိုပင် နာခံစွာပဲ ခေါင်းညိတ်ပြလိုက်သည်။ “ ညီမ သိပါပြီ။ ဒီတစ်ခေါက်က ညီမ သတိမထားလိုက်လို့လည်း ပါတယ်။ သတိထားပြီး သေချာမလျှောက်လိုက်မိတာ။ တော်သေးတာပေါ့၊ ဘာမှမဖြစ်သွားလို့။ နောက်ဆို သေချာလေး ဂရုစိုက်ပြီး လမ်းလျှောက်ရမယ်။ “


“ သတိထားရင် ရပါပြီ။ အရမ်းလည်း ကြောက်မနေနဲ့။ ဒီမှာကြည့်ဦး၊ အစ်မ ဘာတွေယူလာလဲလို့။ “ ရွှီးချန်သည် စုယွဲ့အား စည်သွပ်ဘူးလေးတစ်ဘူးအား ထိုးပေးခဲ့သည်။ “ ဒါက အစ်မအမေ ကိုယ်တိုင်စိမ်ထားတာ။ ဇီးသီးချဥ်က တကယ်ခံတွင်းတွေ့စေလိမ့်မယ်။ ကိုယ်၀န်ကြောင့် ခံတွင်းပျက်နေတဲ့ သူတွေအတွက် အသင့်တော်ဆုံးပဲ၊ အဲ့ဒါကြောင့် အစ်မလှမ်းမှာလိုက်တာ။ ဘာမှ စားလို့မရရင် ဒါလေးက်ို စားကြည့်ကြည့်။ “


စည်သွပ်ဘူးသည် ဇီးသီးချဥ်များဖြင့် ပြည့်နေကာ စုယွဲ့ချက်ချင်း အဖုံးဖွင့်ပြီး တစ်လုံးယူကာ စားကြည့်လိုက်သည်။ အရသာက ချိုချို ချဥ်ချဥ်လေးဖြစ်ကာ စားလို့ကောင်းလှသည်။


မုနလာဥချဥ်အပြင် သူမအရသာရှိရှိ စားလို့ရသည့် နောက်တစ်မျိုးသော အစားအစာဖြစ်ကာ စားပြီးလျှင်လည်း ပျို့လာခြင်းလုံး၀မရှိပေ။ 


စုယွဲ့ မထိန်းနိုင်ဘဲ နောက်တစ်လုံးယူကာ စားမိပြန်သည်။ တစ်မြုံ့မြုံ့၀ါးရင်း သဘောတကျ ပြုံးနေမိသည်။ 


ရွှီးချန်လည်း စုယွဲ့ တစ်လုံးပြီးတစ်လုံး အရသာရှိရှိစားနေသည်ကိုကြည့်ကာ သွားများကျိန်းလာပြီး မျက်လုံးများမှိတ်လိုက်မိသည်။ ကိုယ်၀န်ဆောင်သည်များ၏ ခံတွင်းမှာ အတော်လေးထူးဆန်းပေသည်။ ဒီလောက်ချဥ်တာတွေကို ဘယ်လိုများ စားနိုင်ကြပါလိမ့်။ 


ဆယ်လုံးနီးပါးလောက် တစ်ခါတည်း စားပြီးမှသာ စုယွဲ့က အဖုံး ပြန်ပိတ်ထားလိုက်သည်။ “ ကျေးဇူးပါနော် အစ်မရွှီးချန်၊ ဒါက အရမ်းစားလို့ကောင်းတယ်။ အန်တီ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး။ “


ရွှီးချန်က ဘာမှမဖြစ်ဘူးဟုဆိုကာ ပြီးမှ တစ်ခုခုအား သတိရသွားဟန်ဖြင့် ပြောခဲ့သည်။ “ အမေ့အကြောင်းပြောမှပဲ အစ်မကို တစ်ခုလောက်ကူညီပါဦး။ သိပ်မကြာခင် အစ်မအမေရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့ရှိတယ်လေ။ အဲ့တာ အစ်မ မွေးနေ့လက်ဆောင်လေး ပေးချင်လို့။ အမေက အကုန်ပြည့်စုံနေပြီး လိုအပ်တာလည်းမရှိတော့ ဘာပေးရမှန်းမသိဖြစ်နေတာ။ ဒါပေမယ့် ဟိုတစ်ခေါက်က ညီမလေးလုပ်ပေးတဲ့ မုန့်တွေကို ပို့ပေးလိုက်တာ အတော်လေးအရသာရှိတယ်ဆိုပြီး သဘောကျနေလို့။ အဲ့တာ အစ်မအိမ်ကို ယူသွားလို့ရအောင် မုန့်လေးနည်းနည်းလောက် လုပ်ပေးလို့ရမလားလို့ပါ။ “


စုယွဲ့ အနည်းငယ် တွေးကြည့်ကာ အကြံပေးခဲ့သည်။ “ အဒေါ့်ရဲ့ မွေးနေ့ပဲဟာ။ မုန့်လေး နည်းနည်းလောက်နဲ့ ဘယ်ဖြစ်ပါ့မလဲ ။ ဒီလိုလုပ်ပါလား၊ ညီမ မွေးနေ့ကိတ်လုပ်ပေးမယ်လေ။ မွေးနေ့လက်ဆောင်အနေနဲ့ အန်တီ့ကို ပေးလိုက်ပါလား။ “ 


“ မွေးနေ့ကိတ်လား? “ ရွှီးချန်က တစ်ခါမှ မစားဖူးသဖြင့် စိတ်၀င်စားသွားသည်။ “ မွေးနေ့ကိတ်က ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ “


ယခုအချိန်တွင် တရုတ်ပြည်၌ ကိတ်မုန့်များက မတွင်ကျယ်သေးသဖြင့် နိုင်ငံရပ်ခြားမှ ကရင်မ်ကိတ်များကိုလည်း မစားဖူးကြသေးပေ။ မွေးနေ့ကိတ်လိုအရာမျိုးအား မြင်ဖူးကြသူပင် များမျာစားစားမရှိကြဘဲ ရွှီးချန် မသိသည်မှာ မထူးဆန်းပါ။ 


စုယွဲ့ သေချာရှင်းပြပေးလိုက်သည်။ “ မွေးနေ့ကိတ်ဆိုတာက ကရင်မ်ကိတ်လိုပဲ၊ ၀ိုင်း၀ိုင်းလေးနဲ့ ပန်းကန်ပြားတစ်ချက်စာလောက် ကြီးပြီး အပေါ်မှာ ကရင်မ်တွေပါတယ်။ မွေးနေ့ပွဲကျင်းပတဲ့အခါ ဂုဏ်ပြုတဲ့အနေနဲ့ ကိတ်ခွဲကြတာ။ တစ်ခြားသူရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ပေးတဲ့ကိတ်မို့လို့ မွေးနေ့ကိတ်လို့ခေါ်တာပါ။  “


ထိုသ်ို့ကြားသည့်အခါ ရွှီးချန်၏ မျက်လုံးများမှာ အရောက်တောက်လာကာ စိတ်၀င်စားသွားပြီး ချက်ချင်းပင် စားချင်စိတ်ဖြစ်သွားသည့်ပုံပင်။ “ အရသာရှိမှာပဲ။ ဟုတ်တယ်မလား။ “


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ “ ဒါပေါ့ အစ်မရဲ့၊ မိန်းကလေးတွေနဲ့ ကလေးတွေ တော်တော်လေး သဘောကျကြတယ်။ “ ကိတ်မုန့်က ကယ်လိုရီများ၍ စားပြီးသည့်အခါ ၀လာနိုင်သဖြင့် မိန်းကလေးများ တော်ရုံမစားကြသည့် မုန့်များဖြစ်သည်။ သို့သော်လည်း ဒီခေတ်မှလူများအတွက်ကတော့ ထိုသို့ ပူစရာမလို၍ သဘောကျကြလောက်သည်။ 


“ ကောင်းပြီလေ! “ ရွှီးချန်က ရုတ်တရက် လက်ခုပ်တီးလိုက်ကာ ထိုသို့ လုပ်ပေးရန် တောင်းဆိုတော့သည်။ “ ဒါဆိုလည်း စုယွဲ့ အစ်မကို တစ်ခုလောက် လုပ်ပေးပါ နော် နော် ~ “


“ ကောင်းပါပြီ “ စုယွဲ့ သဘောတူလိုက်သည်။ “ သဘက်ခါကြရင် လုပ်ပေးမယ်လေ။ ကိတ်မုန့်က အကြာကြီးထားရင် မကောင်းလို့ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် လုပ်ပေးပါ့မယ်။ “


ရွှီးချန် သူမ၏ အိတ်ထဲမှ ပါ၀င်ပစ္စည်းများနှင့် ပိုက်ဆံကိုထုတ်လိုက်သည်။ ဂျုံသုံးဘူးနှင့် သကြားတစ်ဘူးဖြစ်ကာ ယွမ်သုံးယွမ်လည်းပါသည်။ “ ဒါက လောက်ပါ့မလားတော့ မသိဘူး။ မလောက်ရင် ပြောနော်။ အိမ်ပြန်ပြိး သွားယူပေးမယ်။ ကိတ်လုပ်တာကိုတော့ အစ်မလည်း မသိပေမယ့် ဂျုံနဲ့ သကြားက စျေးကြီးတော့ မလောက်ရင် ထပ်ပြော။ “


“ လောက်ပါတယ်။ လောက်ပါတယ်။ “ စုယွဲ့က ပေးလာသည်များကို မငြင်းဘဲ လက်ခံထားလိုက်သည်။ ပြောရရင် ယခင်လိုသာဆို သူမ အလကားလုပ်ပေးနိုင်သော်လည်း ဒီခေတ်၌ ကိတ်တစ်လုံးလုပ်ရန်အတွက် ဂျုံမှုန်းများစွာနှင့် သကြား၊ ကြက်ဥ၊ ဆီနှင့် အခြားအရာများပါ လိုသေးသည်။ ထိုအရာများက စျေးကြီးသည့်အရာများဖြစ်ကာ ကိတ်မုန့်တစ်လုံးလုပ်လိုက်ပါက တစ်လစာ ရိက္ခာများ အားလုံးကုန်သွားနိုင်ပြီး လက်မခံလိုက်ပါက သူမနှင့် ဟန်အိုက်ကောတို့ ဆန်ကြမ်းနှင့် ဆန်ပြုတ်ကိုသာ သောက်နေရလ်ိမ့်မည်။ 



နှစ်ရက်မျှ အိမ်တွင်နားပြီးနောက် စုယွဲ့၏ ခန္ဓာက်ိုယ်မှာ သက်သာသွားပြီဖြစ်ကာ ယခင်လို ပြန်ဖြစ်နေပြီဖြစ်၍ ရွှီးချန်အတွက် ကိတ်မုန့်ဖုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ 


ဒီခေတ်၌ အိမ်တွင် ကိတ်မုန့်ဖုတ်ရန် အာဗန် ( အလုံပိတ်မီးဖို )လည်း မရှိသလို အသင့်သုံးပစ္စည်းများလည်းမရှိသဖြင့် လက်ဖြင့်သာ အားလုံးကို လုပ်ရမည်ဖြစ်သည်။ အထူးသဖြင့် လက်ဖြင့် အားကုန်သုံးကာမွှေပြီး လုပ်ရမည့် ကရင်မ်ပင်။ စုယွဲ့မှာ လက်မောင်းပြုတ်မတက် မွှေပြီးနောက်မှသာ လိုချင်သည့် ကရင်မ်ကိုရတော့သည်။ ပြီးနောက် တဖြည်းဖြည်းချင်း ဟိုဟာထည့် ဒီဟာထည့်ဖြင့် အချိန်ပေးကာ အရသာအဆင်ပြေအောင် လုပ်လိုက်သည်။ 


ယခင်လိုသာဆို ကိတ်မုန့်တစ်လုံးလုပ်ရန် ခဏသာကြာသော်လည်း ယခုတော့ တစ်နေကုန်အချိန်ပေးလိုက်ရသည်။ ကိတ်မုန့်က ၂၁ရာစုမှ ကိတ်များကဲ့သို့ပင်ဖြစ်ကာ အရသာ အနည်းငယ်ကွာဟရုံသာရှိသည်။ မြည်းကြည့်ပြီးနောက် စုယွဲ့က သူမ လက်ရာကို ကျေနပ်သွားသည်။ 


ကိတ်မုန့်ပေါ်၌ ကရင်မ်ဖြင့် မွေးနေ့ဆုတောင်း ရေးပေးလိုက်ကာ သူမ၏ စိတ်ရင်းကို ဖော်ပြပြီးနောက် စတော်ဘယ်ရီယိုဖြင့် မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ အဒေါ်ကျန်း ဟူ၍ပါ ရေးလိုက်သည်။ 


ရွှီးချန်မိခင်၏ မျိုးရိုးမှာ ကျန်းဖြစ်သဖြင့်ပင်။ 


ကိတ်မုန့်အား လုပ်ပြီးသွားသည့်အခါ ကိတ်မုန့်ထည့်ရန်အလှဘူးလေးများမရှိသဖြင့် စုယွဲ့သည် အိမ်တွင်ရှိသော ကတ်ထူဘူးကိုသာယူ၍ ထည့်လိုက်ပြီး အပေါ်မှ အဖုံးဖုံးလိုက်သည်။ 


ရွှီးချန်က နောက်တစ်နေ့တွင် နီနီ့ကိုခေါ်ကာ ကိတ်မုန့်လာယူသည်။ စုယွဲ့ပေးလာသည့် ကတ်ထူဘူးအား ဖွင့်ကြည့်လိုက်သည့်အခါ ပြောခဲ့သည်။ “ ၀ါး “  “ လှလိုက်တာ၊ အနံ့လေးလည်း မွှေးနေတာပဲ။ အခုတောင် စားချင်လာပြိိ။ “


နီနီလေးသည်လည်း ခြေဖျားထောက်ကာ ကြည့်ရင်းဖြင့် နှာခေါင်းလေး တစ်ရှုံ့ရှုံ့လုပ်ကာ အနံ့ခံနေခဲ့သည်။ “ မေမေ သမီးလည်း ကိတ်မုန့်စားချင်တယ်။ “


သမီးဖြစ်သူ တကယ်ယူစားလိုက်မည်စိုးသဖြင့် ရွှီးချန် အဖုံး ပြန်ပိတ်လိုက်ကာ ပြောခဲ့သည်။ “ အခု စားလို့ မရသေးဘူး။ ဖွားဖွားအိမ်ရောက်မှ စားလို့ရမှာ။ အဲ့တော့မှ အကြီးကြီးခွဲပေးမယ်နော်။ “


နီနီလေးက ခေါင်းညိတ်ပြသော်လည်း မျက်လုံးများက ကိတ်မုန့်ပေါ်မှမခွာပေ။ 


ရွှီးချန်က ထိုအခါမှ စုယွဲ့ကို မေးခဲ့သည်။ “ အစ်မ ပေးတဲ့ပစ္စည်းတွေနဲ့ ပိုက်ဆံကလောက်ရဲ့လား။ မလောက်လောက်ဘူးမလား။ ဒီကိတ်မုန့်က အကြီးကြီးနဲ့ အရသာလည်း ရှိလောက်တော့ အများကြီးကုန်လောက်မှာ။ အစ်မကို အားမနာပဲ လိုတယ်ဆိုရင် ထပ်ပြောနော်။ “


“ လောက်ပါတယ်၊ လောက်ပါတယ်။ အစ်မပေးထားတာက များတောင်များနေသေးတာ။ ဒီကိတ်က အကြီးကြီးလို့ ထင်ရပေမယ့် ပွပွလေးမို့ အစ်မထင်သလောက်မကြီးပါဘူး။ “ စုယွဲ့ အမှန်အတိုင်း ပြောနေတာဖြစ်သည်။ သူမက အမြတ်ပင်ရလိုက်သေးသည်။ လကုန်တိုင်း ဟန်အိုက်ကော အပ်နိုင်သည့် ပိုက်ဆံမှာ အကန့်အသတ်ဖြင့်ဖြစ်ကာ စုယွဲ့သည် ယခင်ကလည်း မုန့်များစွာလုပ်လိုက်သဖြင့် သူမလက်ထဲတွင်လည်း ပိုက်ဆံသိပ်မကျန်တော့ပေ။ ချွေတာ နေရတော့မည်ကို ရွှီးချန်ပေးလာသည့် ပိုက်ဆံကြောင့်သာ  အနည်းငယ် အဆင်ပြေသွားတာဖြစ်သည်။ 


ထိုသို့ ကြားမှသာ ရွှီးချန်က နီနီ့ကိုခေါ်ကာ ပြန်သွားတော့သည်။ ရွှီးချန်က အမေဖြစ်သူ သေချာပေါက်သဘောကျမှာပဲဟု တွေးကာပျော်နေခဲ့သည် ။ 


ညနေခင်းမှာ ရွှီးချန်က စုယွဲဆီ ထပ်ရောက်လာခဲ့သည်။ စုယွဲ့ကို မြင်တဲ့အခါ ၀မ်းသာအားရ ပြောခဲ့တယ်။ “ စုယွဲ့၊ ဒီနေ့ပေးလိုက်တဲ့ ကိတ်မုန့်က တော်တော်လေး စားလို့ကောင်းတယ်သိလား။ စားလိုက်တဲ့သူတိုင်း အကြိုက်တွေ့သွားကြတာချည်းပဲ။ ကလေးတွေဆိုလည်း တော်တော်ကြိုက်ကြတယ်။ အဲ့လောက်အကြီးကြီးကို မလောက်တော့လို့ တစ်ယောက်တစ်စိတ်စီပဲ စားခိုင်းလိုက်ရတယ်။ “


ရွှီးချန်မှာ နောင်တရနေသည့်ဟန်ရှိသည်။ “ အစက အစ်မက နည်းနည်းချန်ထားဦးမလို့ကို၊ ဧည့်သည်တွေကို ချကျွေးရင်း အကုန်ကုန်သွားလို့ နီနီလေးဆို မွေးနေ့ကိတ်လိုချင်တယ်ဆိုပြီး အော်ငိုနေသေးတယ်။ “


စုယွဲ့ ပြုံးလိုက်မိသည်။ “ ဒါဆိုလည်း နီနီ့မွေးနေ့ကျရင် ညီမတစ်ခုထပ်လုပ်ပေးမယ်လေ။ “


ရွှီးချန် - “ နီနီတော့ ပျော်နေတော့မှာ။ အဲ့လိုသာဆို သူ့မွေးနေ့ ဘယ်တော့ရောက်မလဲ လက်ချိုးရေရင်း ထိုင်စောင့်နေမှာ အသေအချာပဲ။ “


ပြီးနောက် ရွှီးချန်က ပြုံးရင်း စုယွဲ့၏ အနားသို့ ကပ်ကာ တိုးတိုးလေးပြောခဲ့သည်။ “ ဒီနေ့ အမျိုးတစ်ယောက်က ကိတ်မုန့်ကိုစားပြီး ဘယ်က၀ယ်လာတာလဲ မေးနေတာနဲ့ အသိညီမလေးလုပ်ပေးတာလို့ ဖြေလိုက်တာလေ။ အဲ့ဒါ သူတို့မိသားစုထဲမှာလည်း မွေးနေ့ပွဲရှိလို့ သူတို့ကို တစ်ခုလောက်ရအောင် ကူညီပေးနိုင်မလား မေးခိုင်းလိုက်လိို့။ ပါ၀င်ပစ္စည်းတွေနဲ့ ကုန်ကျစရိတ်ကိုလည်း ပေးမယ်လို့ပြောတယ်။ “


ထိုသို့ကြားသည့်အခါ ပျော်သွားသော်လည်း စုယွဲ့ တုန့်ဆိုင်းနေမိသည်။ “ ဒါက... အဆင်ပြေပါ့မလား။ “ အပို၀င်ငွေရှာတာ ဖြစ်သွားဦးမယ်။ 


စုယွဲ့ ဘာကိုစိုးရိမ်နေမှန်း ရွှီးချန်သိသည်။ “ ကိစ္စမရှိပါဘူး။ အစ်မက တစ်ဆင့်ပေးပေးမှာပဲဟာ။ ၀ယ်တဲ့သူလည်း ညီမလေးကို သိမှာမဟုတ်ဘူးလေ။ သိသွားရင်တောင် ပါ၀င်ပစ္စည်းနဲ့ ကုန်ကျစရိတ်ပေးပြီး အကူအညီတောင်းတာမို့လို့ မိတ်ဆွေအချင်းချင်း ကူညီပေးတာပဲလေ၊ ရောင်းတာမှ မဟုတ်တာ။ ဘယ်သူမှ ဘာမှပြောလို့မရဘူး။ “


ရွှီးချန် စကားကို ကြားမှသာ စုယွဲ့သက်ပြင်းချလိုက်မိသည်။ ရွှီးချန်လည်း ပတ်သက်နေမှာပဲဟာ။ သူမရဲ့ နောက်ခံနဲ့သာဆို ဘာမှမဖြစ်လောက်ပါဘူး။ 


သို့ဖြစ်၍ စုယွဲ့လက်ခံလိုက်သည်။ အခြားစီးပွားရေးလုပ်ငန်းလည်း လုပ်စရာမှမရှိတာ။ ဒီနည်းနဲ့ဖြစ်ဖြစ် အပို၀င်ငွေလေးရရင်လည်း ကောင်းတာပဲ။ မဟုတ်ရင် ဟန်အိုက်ကောရဲ့ လစာတစ်ခုတည်းနဲ့ဆို လောက်ငှမည်မဟုတ်ပေ။ ကြာလာပါက ဆန်ကြမ်းနှင့် ဆန်ပြုတ်ကိုသာ သောက်နေရလိမ့်မည်။ 


ရွှီးချန်လည်း စုယွဲ့အား မမျှမတ မခံစားရစေလိုပါ။ “ သူ့ကို အစ်မပေးသလို ပါ၀င်ပစ္စည်းတွေနဲ့ ငါးယွမ်ထပ်ပေးခိုင်းလိုက်မယ်။ လောက်ရဲ့လား။ မလောက်ရင် အစ်မထပ်တောင်းပေးမယ်။ “


စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ “ လောက်ပါတယ်။ များတောင်များနေပါပြီ။ ဘယ်အချိန်လိုချင်တာတဲ့လဲ။ ညီမ တစ်ရက်ကြိုလုပ်ပေးပါ့မယ်။ “


“ နောက်ငါးရက်နေရင်လို့ ပြောတယ်။ ညီမလေး အဆင်သင့်ဖြစ်ရင် အစ်မကိုပြောလေ။ အစ်မ လာယူလိုက်မယ်။ “


“ ကောင်းပြီလေ အစ်မ။ ဒါဆို မနက်ဖြန် အပြင်သွားပြီး ဂျုံမှုန့်နဲ့ ကြက်ဥတွေ သွား၀ယ်လိုက်ဦးမယ်။ အိမ်မှာ ဆောင်ထားလို့ရအောင်။ “


“ ကိုယ်၀န်ကြီးနဲ့ကို အပြင်မထွက်နဲ့။ မတော်လို့ ကလေးကို ထိခိုက်သွားဦးမယ်။ ဘာလိုအပ်တာလဲပြော။ အစ်မ၀ယ်လာခဲ့ပေးမယ်။ ဘာပဲဖြစ်ဖြစ် အစ်မက  နေ့တိုင်းအလုပ်သွားနေရတာ။ “


ထိုသို့ဆိုလာသဖြင့် စုယွဲ့ လိုအပ်သည်များကို ချရေးလိုက်ကာ ရွှီးချန်ကိုသာ မှာလိုက်တော့သည်။ 


ဤသို့ဖြင့် စုယွဲ့မှာ ပိုက်ဆံရှာနိုင်မည့် နည်းလမ်းရှိသွားတော့သည်။ ဟင်းများချက်ကာ ရောင်းချခြင်းမပြုနိုင်သော်လည်း အိမ်တွင် ချက်ပြုတ်နိုင်သည်။ ပါ၀င်ပစ္စည်းများနှင့် ကုန်ကျစရိတ်ကိုပေးတာဖြစ်၍ မိတ်ဆွေများကို ကူညီပေးရုံသာဖြစ်ကာ အပို၀င်ငွေရှာတယ်ဟူ၍လည်း တိုင်တန်း၍ မဖြစ်နိုင်တော့ပေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အလုပ်ဟု ဆိုနိုင်ပေသည်။ 


၄င်းအပြင် အိမ်၌သာ လုပ်ကိုင်ရသည်ဖြစ်၍ အပြင်လည်းမထွက်ရသလို မပင်လည်းမပင်ပန်းသဖြင့် သူမအတွက် အတော်အဆင်ပြေ၏။


သို့ဖြစ်၍ ကိတ်မုန့်ဖုတ်ခြင်းကို စုယွဲ့ သေချာအာရုံစိုက်ကာ အရသာပိုကောင်းအောင် ကြိုးစား၍လုပ်သည်။ ကြည့်လို့လည်းလှ စား၍လည်းကောင်းဆိုမှသာ ပို၍အလုပ်အပ်သူများလာမှာ မဟုတ်လား။ စိတ်တိုင်းကျပုံစံများပါ လုပ်ခိုင်းလာပါက သူမအတွက် အတော်လေးအဆင်ပြေသွားလိမ့်မည်။ 


စုယွဲ့ တွေးရင်း တွက်ချက်နေမိသည်။ ပုံမှန်ဆိုပါက ကိတ်တစ်လုံးလျှင် ပါ၀င်ပစ္စည်း နှစ်ကတ်တီနှင့် ယွမ်လေးယွမ်ရသည်။ တစ်လမှာ ကိတ်ငါးလုံးပဲ လုပ်လျှင်တောင် သူမ ဆယ်ကတ်တီနှင့် ယွမ်နှစ်ဆယ်ရမည်ဖြစ်သည်။ မြို့ပေါ်၌ တစ်နေ့လုံးလုပ်လျှင်တောင် တစ်လနေမှ ယွမ်သုံးဆယ်သာရကာ သူမကတော့ အိမ်၌သာ ကိတ်ငါးလုံးလုပ်ရန် လိုအပ်သဖြင့် စုယွဲ့အကြိုက်တွေ့နေမိသည်။ 


စုယွဲ့မှ ထိုသို့အရသာရှိသည့် ကိတ်မုန့်များလုပ်နေသဖြင့် မွှေးရနံ့များသည် လှိုင်နေလေ့ရှိ၍ အနံ့ရသူများမှာ တံတွေးမျိုချနေရရှာသည်။ အထူးသဖြင့် ဘေးအိမ်မှ ဖန်းရှောင်းလီတို့ပင်။


ဖန်းရှောင်းလီ၏သား ဖုန်းဇီထောင်သည်လည်း အနံ့ရနေကာ မကစားတော့ဘဲ ဘယ်မှအနံ့ရနေသလဲဆိုသည်ကိုသာ စိတ်၀င်စားနေခဲ့သည်။ စုယွဲ့ အိမ်မှထွက်လာတယ်လို့ ထင်ပြီး တံခါး၀၌ ကပ်ကာ သေချာအောင် အနံ့ခံကြည့်ပြီးသည့်အခါ အိမ်သို့ပြန်ပြေးပြီး အမေဖြစ်သူအား ပူဆာခဲ့သည်။ “ မားမား သား အဲ့ဒီအရသာရှိတဲ့ အနံ့ရနေတဲ့မုန့်ကို စားချင်တယ်။ မားမား သွားတောင်းပေး။  “ 


ဖန်းရှောင်းလီ - “ ဘာစားချင်တာလဲ။ မားမား အလုပ်ကပြန်လာရင် ယူလာခဲ့ပေးမယ်။ “


ဖုန်းဇီထောင်က တံခါး၀ကို ညွှန်ပြခဲ့သည်။ “ ဘေးအိမ်က မုန့်ကိုစားချင်တာ။ အနံ့လေးက မွှေးနေတာပဲ။ စားလို့ကောင်းမယ့်ပုံပဲ။ မားမား သွားတောင်းပေး။ “


ဘေးအိမ်ဟူသည်ကို ကြားသည့်အခါ ဖန်းရှောင်းလီသည် လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ခဲ့သည်များကို ပြန်အမှတ်ရသွားခဲ့သည်။ စုယွဲ့ကြောင့် သားဖြစ်သူလည်း အရိုက်ခံရကာ သူမကိုယ်တိုင်လည်း ယောက်ျားဖြစ်သူထံမှ အဆူခံလိုက်ရပြီး မကျေမနပ်ဖြစ်နေသဖြင့် ချက်ချင်းကို ခေါင်းခါကာ ငြင်းခဲ့သည်။ “ သူတို့ ဘာလုပ်နေလဲ မားမားလည်း မသိဘူး၊ သိလည်း ပေးမှာ  မဟုတ်ဘူး! မနက်ဖြန်မှ စည်သွပ်ဘူးနဲ့ သကြားလုံးတွေကို အလုပ်က ပြန်လာရင် ယူခဲ့ပေးမယ်။ “


ဖုန်းဇီထောင်က ထိုအခါ ကြမ်းပေါ်၌ လှဲချပစ်လိုက်ကာ တွန့်လိန်နေပြီး အော်ဟစ်ငိုယိုကာ ကောက်တော့သည်။ “ မရဘူး၊ မရဘူး၊ မရဘူး၊ မရဘူးလို့ ဘေးအိမ်က လုပ်နေတဲ့ဟာပဲ စားချင်တာ။ စည်သွပ်ဘူးတွေက အဲ့လိုအနံ့မရဘူး။ သွားတောင်းပေး၊  သွားတောင်းပေးလို့! စားချင်တယ် စားချင်တယ်လို့ဆိုနေ! “


ဖန်းရှောင်းလီက သားဖြစ်သူကို ဆွဲထူသော်လည်း ခြေထောက်ဖြင့် ကန်ခြင်းကိုသာ ခံလိုက်ရ၍ ဒေါသထွက်သွားကာ ထူပေးမနေတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ သွားမတောင်းပေးနိုင်ချေ။ 


သူမနှင့် စုယွဲ့ကြား ရန်ငြှိုးက ဖွဲ့ပြီးနေပြီဖြစ်သည်။ ဘာလို့ သူမက အောက်ကျခံပြီး အရင်စကားစပြောပြီး တောင်းစားရမှာတဲ့လဲ။ စုယွဲ့က သူမကို လှောင်နေတော့မှာပေါ့။ 


ဖုန်းဇီထောင်က ကြမ်းပြင်တွင် လူးလှိမ့်ကာ အော်ဟစ်ငိုယိုနေပြီး အမေဖြစ်သူကိုလည်း ဆွဲထားကာ လွှတ်မပေးပေ။ နောက်ဆုံးတွင်တော့ စိတ်ကောက်သွားကာ အခန်းထဲ၀င်သွားပြီး တံခါးအားလော့ချထားကာ အပြင်ထွက်မလာတော့ချေ။ ဖန်းရှောင်းလီ သားဖြစ်သူအား ချော့မော့ကာ ညစာထွက်စားရန် ပြောသော်လည်း ဖုန်းဇီထောင်က အဖက်မလုပ်ခဲ့ပေ။ 


ဖုန်းကျွင်းဝေ အိမ်ပြန်ရောက်လာသည့်အခါ ထိုမြင်ကွင်းအား မြင်သွားပြီး စိတ်တိုသွားခဲ့သည်။ တံခါးကို အတင်းအကြပ်ဖွင့်ကာ အခန်းထဲ၀င်သွားပြီးနောက် သားဖြစ်သူအား အခန်းပြင်သို့ ဆွဲထုတ်လာခဲ့သည်။ ဖန်းရှောင်းလီ တားသော်လည်း မရဘဲ ဖုန်းကျွင်းဝေက သားဖြစ်သူအား ရိုက်နှက်ဆုံးမပြန်သည်။ 


ဖန်းရှောင်းလီက ထိုအခါ အော်ဟစ်ငိုယိုရင်း ဖုန်းကျွင်းဝေနှင့် ရန်ဖြစ်တော့သည်။ဆူပူကြိမ်းမောင်းနေသံများ၊ ငိုယိုနေသံများနှင့် အော်ဟစ်နေသံများကြောင့် ဘေးအိမ်မှ စုယွဲ့နှင့် ဟန်အိုက်ကောတို့လည်း နားမခံနိုင်ဖြစ်နေရသည်။