အပိုင်း ၆၇
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၇ - ဘေးအိမ်မှ အလုပ်အပ်ခြင်း




စုယွဲ့က ကိတ်မုန့် လုပ်နေရင်းဖြင့် ကိတ်သေးလေးတစ်ခုကိုပါ လုပ်လိုက်ပြီး သုံးပိုင်းပိုင်းလိုက်သည်။ တစ်ပိုင်းက ဟန်အိုက်ကောအတွက်ဖြစ်ကာ ကျန်နှစ်ပိုင်းက မာချွေ့ယွင်နဲ့ ရွှီးချန်တို့ရဲ့ ကလေးတွေအတွက် ဖြစ်သည်။ 


ကိတ်မုန့်ကို ပန်းကန်ပြားပေါ်တင်ကာ အပေါ်ထပ်မှ မာချွေ့ယွင်တို့ဆီ အရင်သွားပို့ဖို့ စုယွဲ့ ဆုံးဖြတ်လိုက်သည်။ အခန်းပြင်တွင် ဖန်းရှောင်လီ၏သား ဖုန်းဇီထောင်သည် ကြမ်းပေါ်၌ ငုတ်တုပ်ထိုင်ကာ ကစားနေသည်ကို တွေ့လိုက်ပြီး စုယွဲ့က ခြေထောက်အောက်သို့ သေချာပြန်ကြည့်လိုက်မိသည်။ ကြမ်းပေါ်ရှိ ဂေါ်လီများရှိနေပြီး တက်နင်းမိကာ ချော်လဲသွားမှာ စိုး၍ဖြစ်သည်။ 


ဖုန်းဇီထောင်လည်း စုယွဲ့မှ ထောပတ်ကိတ်ထည့်ထားသည့် ပန်းကန်ပြားကိုကိုင်၍ ထွက်လာသည်ကို တွေ့သွားသည်။ လေထဲရှိ ချိုအီနေသည့်အနံ့လေးကြောင့် နှာခေါင်းတရှုံ့ရှုံ့လုပ်နေကာ အနံ့ခံနေပြီးနောက် ထိုအနံ့သည် သူအမြဲတမ်းလိုလို ရနေသည့် အရသာရှိသည့်အနံ့ဖြစ်သည်ကို သ်ိသွားသည်။ 


သို့ဖြစ်၍ လက်ထဲရှိ အရုပ်အားချကာ စုယွဲ့ဆ်ိ ပြေးပြီး လက်ဖြန့်တောင်းတော့သည်။ " ဟေး လက်ထဲက ကိုင်ထားတာက ဘာလဲ။ သားကိုလည်း ပေး! " 


ကလေးက သူမကို အဒေါ်လို့ ခေါ်ရမယ်ဆိုတာတောင် သိပုံမပေါ်၍ စုယွဲ့ သဘောမကျမိပေ။ သို့ဖြစ်၍ လျစ်လျူရှုထားလိုက်တော့သည်။ ခြေထောက်အောက်၌ ဘာမှမရှိသည်ကို သေချာအောင်လုပ်ပြီးနောက် အပေါ်ထပ်သို့ တက်သွားရန်သာ ပြင်လိုက်သည်။ 


စုယွဲ့မှ သူ့အား အဖက်မလုပ်သည်ကို တွေ့သည့်အခါ ဖုန်းဇီထောင်သည် စုယွဲ့၏ ဘောင်းဘီစအား လှမ်းဆွဲကာ မသွားနိုင်အောင် တားခဲ့သည်။ စုယွဲ့က လှေကားပေါ် တက်နေတာဖြစ်၍ ထိုကလေး လှမ်းဆွဲလိုက်သည့်အခါ ဟန်ချက်ပျက်သွားတော့သည်။ လှေကားလက်ရန်းကို ကိုင်ထား၍သာ မဟုတ်ပါက သူမ ခြေချော်ကျသွားမှာ ဖြစ်သည်။ 


စုယွဲ့ ဒေါသထွက်လာတော့သည်။ သူမအား ဆွဲထားသော လက်ကို အားဖြင့် ဆွဲဖယ်လိုက်ကာ အော်လိုက်မိသည်။ " ဒီလိုထပ်လုပ်ရင် ငါရိုက်မှာနော်! ရိုက်ရုံတင်မကဘူး နင့်အဖေကိုပါ သွားတိုင်ပြီး ရိုက်ခိုင်းဦးမှာ! နင့်အဖေက နင့်ကို သေအောင်ရိုက်လိမ့်မယ် သိရဲ့လား! "


ဖခင်ဖြစ်သူထံမှ မကြာခဏ အရိုက်ခံနေရသည်ဖြစ်၍ ဖုန်းဇီထောင်က အဖေဖြစ်သူကို တိုင်မည်ဟု ကြားသည့်အခါ ကြောက်သွားကာ စုယွဲ့အား ထပ်မဆွဲထားတော့ချေ။ " ဒါဆိုလည်း မေးနေတာကို ဘာလို့ ပြန်မဖြေတာလဲ ပြောလေ။ "


ထိုသို့ မောက်မာလွန်းသည့် ကလေးများကို စုယွဲ့ သဘောမကျပါ။ သူမ စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် နင့်အပူပါလား! နင့်ကိုလည်း မပေးဘူး! "


ဖုန်းဇီထောင်က ဒေါသတကြီး ပြန်အော်ခဲ့သည်။ " ဘာလို့ သားကို မပေးတာလဲ! မပေးရင် အဘိုးနဲ့ တိုင်ပြောပြီး ပစ်သတ်ခိုင်းလိုက်မှာ! "


" ဒါဆိုလည်း နင့်အဘိုးကိုသွားခေါ်လေ၊ ငါစောင့်နေတယ်။ " ပြောပြီးသည်နှင့် စုယွဲ့ မျက်လုံးလှန်ကာ ထွက်လာလိုက်တော့သည်။ လူကြီးတစ်ယောက်က သွန်သင်ဆုံးမမှုမရှိတဲ့ ကလေးတစ်ယောက်နဲ့ ရန်ဖက်ဖြစ်နေတာက မသင့်လျော်တာကြောင့် အပေါ်ထပ်ကိုသာ မြန်မြန်တက်သွားကာ မာချွေ့ယွင်တို့ အိမ်ထဲသို့ ၀င်လိုက်ပြီး တံခါးအား အမြန်ပြန်ပိတ်လိုက်တော့သည်။ 


ဖုန်းဇီထောင်က လိုချင်သည့်အရာတိုင်း တောင်းဆိုလိုက်ရုံဖြင့် ရနေကြဖြစ်၍ သူ့အား ပထမဆုံးအနေဖြင့် စုယွဲ့မှ မပေးသည့်အတွက် စိတ်ဆိုးကာ မာချွေ့ယွင်တို့၏ အိမ်တံခါးအား အပြင်မှထုရိုက်နေခဲ့သည်။ ရိုက်၍ မောလာသည့်အခါ ခြေထောက်ဖြင့် ကန်ပြန်၏။ ဘုန်းခနဲ မြည်သည်အထိကန်လိုက်ကာ အော်ဟစ်နေသေးသည်။" တံခါးဖွင့်စမ်း! ထွက်လာခဲ့ကြ! လိပ်လို အခွံထဲ၀င်ပြီး ပုန်းမနေကြနဲ့! " 


အိမ်ထဲတွင် မာချွေ့ယွင်နဲ့ ကလေးနှစ်ယောက်လည်း ရှိနေကြကာ စုယွဲ့ကို ဘာတွေဖြစ်နေသည်ကို မေးလာကြတော့သည်။ " ဘာဖြစ်တာလဲ။ အဲ့ကလေးက အပြင်ကနေ ဘာလို့အဲ့လိုလုပ်နေရတာလဲ! "


စုယွဲ့ လက်ထဲမှ ကိတ်လေးအား တာ့နီနှင့် ရှောင်ထောင်းဇီတို့ကို ပေးလိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ " ကိတ်နည်းနည်းလုပ်ပြီး ကလေးတွေဖို့ ယူလာပေးတာကို ဖန်းရှောင်းလီရဲ့သားက မြင်သွားပြီး ပြဿနာလိုက်ရှာနေတာလေ။ ကလေးနဲ့ ဖက်ပြီး အငြင်းပွားနေရတာ အဆင်မပြေလို့ အစ်မတို့အိမ်ထဲ၀င်လာပြီး တံခါးပိတ်ထားလိုက်တာ။ အဲ့ကလေးက ဒါတောင် အပြင်ကနေ ပြဿနာရှာနေဦးမယ်လို့ မထင်ထားခဲ့မိဘူး။ "


အကြောင်းစုံကိုကြားသည့်အခါ မာချွေ့ယွင်က စိတ်ဆိုးသွားတော့သည်။ " အဲ့ကလေးကတော့ လွန်လာပြီ ! ဒီလိုနဲ့ အိမ်တံခါးကပျက်စီးတော့မယ်။ သွားပြီး ဆုံးမပစ်မှကို ရတော့မှာ။ "


ပြောရင်းဖြင့် မာချွေ့ယွင်က အ၀တ်ရိုက်တုတ်ကို ယူကာ အပြင်ရှိ ကလေးအား ထွက်ရိုက်တော့မလိုပင်။


စုယွဲ့ အမြန်တားရတော့သည်။ " သူများကလေးကို ရိုက်ရင် အကြောင်းအရင်းရှိရင်တောင် တာ၀န်ယူရလိမ့်မယ်နော်၊ အစ်မမာ။ တရားစွဲခံရတာလည်း ဖြစ်သွားနိုင်တယ်။ အစ်မမာကို ဖန်းရှောင်းလီကလည်း ကျေအေးပေးမှာမဟုတ်တော့ ကိစ္စတွေကြီးကုန်လိမ့်မယ်။ လွှတ်ထားလိုက်ပါ အဲ့ကလေးကို။ "


စုယွဲ့၏ စကားများကြောင့် မာချွေ့ယွင်လည်း စိတ်လျှော့သွားတော့သည်။ ဖန်းရှောင်းလီ၏ တဇွတ်ထိုးနိုင်ကာ အကျိုးသင့်အကြောင်းသင့် မစဥ်းစားတက်သော အကျင့်ကိုတွေးမိရင်း မာချွေ့ယွင် ခေါင်းကိုက်မလိုပင် ဖြစ်လို့လာ၍ လက်ထဲမှ တုတ်အား ပြန်ချလိုက်ကာ ပြောခဲ့သည်။ " ဒီနေ့တစ်နေ့တော့ ငါ သည်းခံပေးလိုက်မယ်။ " 


စုယွဲ့ - " ဟုတ်တယ် အစ်မမာ၊ လွှတ်ထားလိုက်ပါ။ ဘယ်သူမှ သူ့ကို အဖက်မလုပ်ရင် ပျင်းပြီး ပြန်သွားလိမ့်မယ်။"


အသေအချာပင်။ မိနစ်အတော်ကြာသည်အထိ ကန်ကြောက်နေသော်လည်း တစ်ယောက်မှ ထွက်မလာသဖြင့် ဖုန်းဇီထောင်က မောသွားကာ လှည့်ပြီး အိမ်သို့ပြန်သွားတော့သည်။ အိမ်သို့ပြန်ကာ တိုင်ပြောရန် ဖြစ်သည်။ 


အမေဖြစ်သူသည် နေ့ဘက်တွင် အလုပ်သွားနေရသဖြင့် အိမ်၌ ထိန်းမည့်သူမရှိမှာစိုး၍ ဖုန်းကျွင်းဝေက မိခင်ဖြစ်သူကို အိမ်သို့ခေါ်ထားခဲ့သည်။ ဖုန်းဇီထောင်က အဘွားဖြစ်သူ ပေါင်းဖက်ကာ တိုင်တောတော့သည်။ " အဖွား ဘေးအိမ်ကမိန်းမကြီးက သားကို မုန့်မကျွေးဘူး။ ဒါပေမယ့် သား စားချင်တယ်၊ သွားတောင်းပေး! "


ဖုန်းကျွင်းဝေ၏ မိခင် အဖွားဖုန်းမှာ ပညာမတက်သော်လည်း အသိဉာဏ်ရှိသူဖြစ်သည်။ သို့ဖြစ်၍ မြေးဖြစ်သူ ပြောစကားအား နားလည်အောင် ပြန်ရှင်းပြပေးသည်။ " သူတို့လုပ်ထားတဲ့ မုန့်က သူတို့ဖို့ပဲလေ။ ဘာလို့ သားကိုပေးရမှာလဲ။ အဲ့လို မတောင်းရဘူးလေ။"


ဖုန်းဇီထောင်သည် အဖွားဖြစ်သူက ထိုသို့ပြန်ဖြေမည်ဟု မထင်ထား၍ စိတ်ဆိုးသွားကာ တွန်းထုတ်ပစ်လိုက်သဖြင့် အဖွားဖုန်းမှာ လဲကျမတက်ဖြစ်သွားရှာသည်။ သို့သော်လည်း ဖုန်းဇီထောင်ကတော့ ဂရုမစိုက်ချေ။  ခြေထောက်ဆောင့်ကာ အဖွားဖြစ်သူကို လက်ညှိုးထိုးပြီး အော်ဟစ်ခဲ့သည်။ " မကောင်းတဲ့ မိန်းမကြီး၊ စုန်းမကြီး၊ ခင်ဗျားက သားအဖွားမဟုတ်ဘူး။ မားမားကို ပြောပြီး မောင်းထုတ်ခိုင်းပစ်မှာ။ " 


အဖွားဖုန်းမှာ ကြားရသည်ကို မယုံနိုင်ဖြစ်ကာ စိတ်လည်းဆိုးလာတော့သည်။ " နင် နင်၊ နင့်အမေဘက်က အဘိုးအဘွားတွေက အလိုလိုက်ထားလို့ ဒီလိုတွေဖြစ်နေတာ! "


ဖုန်းဇီဟောင်ကတော့ လုံး၀ ဂရုမစိုက်ချေ။ ခြေထောက်ကိုဆောင့်ကာ အခန်းထဲသို့ စိတ်ဆိုးမာန်ဆိုးဖြင့် ၀င်သွားတော့သည်။ အမေဖြစ်သူပြန်လာမှသာ အားကိုးရမယ့်သူတွေ့သွားသည်နှယ် ဖန်းရှောင်းလီ၏ ရင်ခွင်ထဲသို့ ပစ်၀င်ကာ ၀မ်းနည်းတကြီး တိုင်ပြောပြန်သည်။ " မားမား ဘေးအိမ်က မကောင်းတဲ့ မိန်းမကြီးက သားတို့ကိုကြ အရသာရှိတဲ့ မုန့်မပေးဘဲ အပေါ်ထပ်ကိုကြတော့ပေးတယ်။ မားမား သွားတောင်ပေး၊ သားစားချင်တယ်! "


အဖွားဖုန်းသည်လည်း စိတ်ဆိုးနေဆဲဖြစ်သည်။ " ရှောင်းလီ ကြည့်ပါဦး ရှောင်ထောင်က ဘယ်လိုအတက်တွေကို တက်နေလဲလို့။ ဘာလို့ သူများလုပ်ထားတာကိုပဲ တောင်းခိုင်းနေရတာလဲ။ အမေပြောတာလည်း လုံး၀နားမထောင်ဘူး။ သမီးက အမေတစ်ယောက်လေ၊ ကလေးကို သေချာလေး သွန်သင်ရမှာပေါ့။ သူများအိမ်ကဟာကို အဲ့လိုပဲ တောင်းခိုင်းနေလို့ မဖြစ်ဘူးလေ။  "


ဖန်းရှောင်းလီက သားဖြစ်သူကို မကောင်းပြောတာကို ယောက္ခမဆိုလျှင်တောင် လုံး၀သည်းမခံနိုင်သူဖြစ်၏။ ထို့အပြင် ယောက္ခမကိုလည်း သဘောမကျဘဲ အတူလည်းမနေချင်သည့်အပြင် ဖုန်းကျွင်းဝေသည် ကလေးကို သူမမိဘများထံမှ အတင်းအကြပ်ပြန်ခေါ်ကာ သူ့အမေဖြစ်သူအား ထိန်းခိုင်းသဖြင့် ဖန်းရှောင်းလီက အစတည်းက မကျေနပ်နေတာဖြစ်သည်။ ယခုတွင်လည်း ယောက္ခဖြစ်သူသည် သားဖြစ်သူအား ဆိုးသွမ်းသည်ဟုဆိုကာ တိုင်နေသဖြင့် ဒီလိုလူက ဘယ်လိုအဖွားမျိုးလဲလို့သာ တွေးနေခဲ့သည်။ 


ဖန်းရှောင်းလီက ဒေါသကို မထိန်းနိုင်ဘဲ ပြန်ခံပြောတော့သည်။ " အမေ၊ အမေပြောတာက မှားနေပြီ။ ရှောင်ထောင်က ငါးနှစ်ပဲရှိသေးတာ။ ကလေးက ဘာသိမှာမို့လို့လဲ။ မြင်မှတော့ စားချင်မှာပေါ့။ ဘေးအိမ်က မိန်းမက တမင်ပြနေတာလည်း ဖြစ်နိုင်တာပဲ။ အရသာရှိတာတွေလုပ်ပြီး ကလေးရှေ့မှာ ပြနေပြီးတော့ ကလေးက တောင်းတော့ကြ မပေးဘဲနဲ့။ ဘယ်လို အိမ်နီးချင်းက ဒီလိုလုပ်လို့လဲ။ "


အဖွားဖုန်းသည် ချွေးမ၏ စကားများကြောင့် ဘာမှပြန်မပြောတက်တော့ချေ။ မရိုးဖြောင့်သော ချွေးမဖြစ်သူအား ဘာလို့များ လက်ထပ်ခွင့်ပြုလိုက်မိတာလဲ ဟူ၍တွေးကာ နောင်တရနေခဲ့သည်။ ယောက်ျားသားများအတွက် မိန်းမကောင်းရမှသာ အိမ်ထောင်ရေးသာယာမည်ဟု သူမ ဒီလောက်ဆုံမခဲ့တာကို ဘာလို့များ သားဖြစ်သူက ဒီလိုချွေးမမျိုးကို ကောက်ယူလိုက်ရတာလဲ။ ဒီလိုဖြစ်နေမှတော့ အိမ်ထောင်ရေးက သာယာပါဦးမလား။ 


အဖွားဖုန်းက ချွေးမဖြစ်သူနှင့် ရန်ဖြစ်နေသည်ဟု လူအများထံမှ အလှောင်မခံလို၍ ပြောချင်သည်များကို ပြန်မျိုသိပ်လိုက်ရသည်။ 


ဖုန်းကျွင်းဝေပြန်လာသည့်အခါ ဖန်းရှောင်းလီသည် သားဖြစ်သူ၏ ဂျီကျနေမှုကို သည်းမခံနိုင်တော့၍ ယောက်ျားဖြစ်သူကို ပြောပြခဲ့သည်။ " ကျွင်းဝေ၊ ရှင့်သားက ဘေးအိမ်ကလုပ်တဲ့ မုန့်ကိုစားချင်လို့တဲ့။ ရှင် နည်းနည်းလောက် သွားတောင်းခဲ့ပါလား။ "


ထိုသို့ကြားသည့်အခါ ဖုန်းကျွင်းဝေက မျက်မှောင်ကြုံ့သွားခဲ့သည်။ " ဘာကို စားချင်နေတာလဲ! ဘာလို့ သူများအိမ်ကမုန့်ကို စားချင်နေတာလဲ။ အဲ့လိုတွေ ပြောမနေစေနဲ့။ ကလေးကို အရမ်းအလိုလိုက်မနေနဲ့! "


ဖုန်းကျွင်းဝေ၏ စကားကြောင့် ဖန်းရှောင်းလီမှာ စိတ်ဆိုးသွားကာ ပြန်ပြောပစ်ချင်သော်လည်း ယခုတလော လင်မယားနှစ်ဦး ရန်ဖြစ်နေသည်မှာ အတော်လေးများနေပြီဖြစ်၍ ဖုန်းကျွင်းဝေ သူမအား စိတ်ကုန်သွားမည်ကိုစိုး၍ စိတ်ပြန်လျှော့လိုက်သည်။ တစ်ခါတစ်လေတော့လည်း ချော့ပေးဦးမှပါဟု တွေးကာ အသံပျော့လေးဖြင့် ပြောခဲ့သည်။ " ကျွန်မလည်း ရှောင်ထောင်အတွက် ၀ယ်ကျွေးမလို့ပါပဲ၊ ဒါပေမယ့်လည်း ဘယ်မှာမှ မရောင်းတဲ့ဟာ။ ဘေးအိမ်ကလုပ်တဲ့ မုန့်နံ့လေးက မွှေးလွန်းလို့ ကျွန်မတောင် တံတွေးမြိုချနေရတာကို ရှောင်ထောင်လို ငါးနှစ်အရွယ် ကလေးသာဆို ဘယ်လိုနေမလဲ တွေးကြည့်ပါလား။ ရှင် နည်းနည်းလောက် သွားတောင်းပေးလိုက်စမ်းပါ။ "


ဖုန်းကျွင်းဝေက ငြင်းနေဆဲပင်။ "  သူများက အရသာရှိတာလုပ်နေတာနဲ့ သွားတောင်းရမှာလား၊ ရှက်ဖို့ကောင်းတယ်ကွ။ မသွားဘူး။ "


ဖန်းရှောင်းလီသည် ယောက်ျားဖြစ်သူ၏ လက်မောင်းကိုဆွဲကာ မျက်နှာငယ်လေးဖြင့် ထပ်ပြောပြန်သည်။ " ဒါပေမယ့် စုယွဲ့က အပေါ်ထပ်ကအိမ်နဲ့ ခေါင်းဆောင်ယွီတို့အိမ်ကိုကြ ပေးတယ်လေ။ ကျွန်မတို့က သူတို့နဲ့ အိမ်နိီးချင်းတွေပဲဟာကို တစ်ခါမှ မပေးဖူးဘူး။ နည်းနည်းလေး ပေးရင်တောင် ဖြစ်တဲ့ဟာကို၊ ကလေးက တွေ့လို့တောင်းတာကိုတောင် မပေးဘူးလေ။ "


ဖုန်းကျွင်းဝေက နှာမှုတ်ကာ ပြောခဲ့သည်။" အိမ်နီးချင်းတွေအပေါ် မင်းဆက်ဆံတဲ့ပုံကြတော့ရော? ငါသာ မင်းနဲ့ အိမ်နီးချင်းဆိုလည်း မင်းကို မပေးဘူး။" 


" ရှင်! " ဖန်းရှောင်းလီက စိတ်ဆိုးသွားတော့သည်။ " ဖုန်းကျွင်းဝေ ရှင်လွန်လာပြီနော်! "


ဖုန်းကျွင်းဝေကတော့ လျစ်လျူရှုထားကာ သတင်းစာကိုသာ ဆက်ဖတ်နေခဲ့သည်။ 


သူစားချင်သည်အား ဘယ်သူကမှ တောင်းမပေးသည်ကို တွေ့သည့်အခါ ဖုန်းဇီထောင်က " ၀ါးးးး " ခနဲအော်ကာ ငိုရင်း ယခင်လုပ်နေကြ အကျင့်များလုပ်ပြကာ ကောက်သွားတော့သည်။ ကြမ်းပေါ်၌ လှဲချကာ လူးလိမ့်နေရင်း အော်ဟစ်နေတော့သည်။ " စားချင်တယ်! စားချင်တယ်လို့! သွားတောင်းပေးကြလို့! " 


အမေဘက်မှ အဘိုးအဘွားအိမ်တွင် နေစဥ်အခါက သူဒီလို လုပ်ပြလိုက်တိုင်း လိုချင်တာမှန်သမျှ ရနေခဲ့၍ ဖုန်းဇီထောင်က ထိုသို့ လုပ်ပြနေတာဖြစ်သည်။ 


ဖုန်းဇီထောင်က အဖေဖြစ်သူကို လျှော့တွက်ထားမိတာပင်။ ဖုန်းကျွင်းဝေသည် လက်ထဲမှ သတင်းစာဖြင့် စားပွဲပေါ်သို့ ဘုန်းခနဲရိုက်ချလိုက်ပြီး သားဖြစ်သူကို ဆွဲထူလိုက်ကာ ဘောင်းဘီကိုချွတ်၍ တင်ပါးအား ခပ်နာနာရိုက်ပစ်လိုက်သည်။ ကလေး၏ တင်ပါးပေါ်၌ ချက်ချင်းဆိုသလို လက်၀ါးရာထင်သွားကာ နီရဲသွားတော့သည်။ ငိုချင်ယောင်ဆောင်နေသော ဖုန်းဇီထောင်က အတည်ငိုသွားကာ အဖေဖြစ်သူထံမှ လွတ်အောင် ရုန်းနေသော်လည်း မရုန်းနိုင်ဖြစ်နေရှာသည်။


ဖန်းရှောင်းလီလည်း စိတ်ညစ်လာကာ ယောက်ျားဖြစ်သူအား ဆွဲ၍တားသော်လည်း မတော်တဆ ဖုန်းကျွင်းဝေထံမှ အရိုက်ခံလိုက်ရလေသည်။ ရိုက်လိုက်သည့်အားမှာ ပြင်းလွန်းသဖြင့် ဖန်းရှောင်းလီ၏ ပါးထက်တွင် လက်၀ါးရာကြီး ပေါ်လာတော့သည်။ 


ဖန်းရှောင်းလီက မယုံကြည်နိုင်ဟန်ဖြင့် သူမ၏ ပါးအား ကိုင်ထားကာ " ဖုန်းကျွင်းဝေ၊ လူယုတ်မာ။ ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့လေ! ကျွန်မလည်း ပြန်ရိုက်မှာ! " ဟု အော်ကာ ဖုန်းကျွင်းဝေအား ကုတ်ဖဲ့၍ ရန်ဖြစ်တော့သည်။ 


ဤသို့ဖြင့် ဖုန်းမိသားစုမှာ ဗြောင်းဆန်နေကြသည်။ 


ဖုန်းကျွင်းဝေသည် ရူးနေသည့် ဖန်းရှောင်းလီအား မနည်းတွန်းထုတ်လိုက်ရသည်။ သူကိုယ်တိုင်လည်း ပင်ပန်းနေကာ နေ့တာရှည်လွန်းတယ်လို့ထင်နေပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ တစ်နေ့လုံး လေ့ကျင့်ရေးဆင်းနေရ၍ ပင်ပန်းနေသော်ငြား အိမ်ပြန်ရောက်လာလည်း မနားရမှတော့ တပ်ထဲမှာပဲ အိပ်လိုက်တာကမှ ကောင်းဦးမည်။ 


ဖန်းရှောင်းလီက အော်ဟစ်ငိုယိုရင်း ရန်တွေ့နေဆဲဖြစ်သည်။ " ဖုန်းကျွင်းဝေ၊ ရှင်က တပ်ထဲမှာကြ လူတက်ကြီးတစ်ယောက်လုပ်နေပြီး သားဖြစ်တဲ့သူက မုန့်လေးစားချင်တယ်ပြောတဲ့ဟာကို သားကိုရော မယားကိုပါ ရိုက်ရလား။ သားဖြစ်သူ ဖြစ်ချင်တာတောင် မလုပ်ပေးနိုင်တဲ့ ရှင်က ဘာအသုံးကျလို့လဲ! ရှင့်ကို လက်ထပ်ခဲ့မိတာ ကျွန်မ တကယ်နောင်တရတယ်! "


ဖုန်းဇီထောင်လည်း ငိုယိုနေကာ အဖွားအိမ်ပြန်မယ်ဟု အော်ဟစ်နေခဲ့သည်။ 


ဖုန်းကျွင်းဝေမှာ သားမိနှစ်ဦး၏ အသံများကြောင့် နားများပင် အူလာသလိုလိုပင်။ အဖွားဖုန်းမှာလည်း ခေါင်းများပေါက်ထွက်လာတော့မတက်ဖြစ်ကာ ခေါင်းကိုက်နေရှာသည်။ ဒီလိုသာဆို မဖြစ်တော့ဟုတွေးကာ သားဖြစ်သူအား ဖျောင်းဖြလိုက်သည်။ " ကျွင်းဝေ၊ ဒီလိုသာဆို အပေါ်ထပ်ကရော အောက်ထပ်က လူတွေပါ အိပ်လို့ရတော့မှာ မဟုတ်လောက်ဘူး။ ဘေးအိမ်ကိုသွားပြီး နည်းနည်းလောက် သွား၀ယ်ပေးလိုက်ပါလား။ ဒ်ီအတိုင်း မတောင်းဘဲနဲ့ ရှောင်ထောင်ဖို့ နည်းနည်းလောက်သွား၀ယ်ပေးလိုက်လေ။ အဲ့လိုဆို ကလေးလည်း ပျော်သွားမှာပါ။ "


ဖုန်းကျွင်းဝေလည်း ဒီအတိုင်းဆူညံနေလျှင် မဖြစ်သည်ကိုသိ၍ တစ်ခဏကြာပြီးနောက်တွင် ကူကယ်ရာမဲ့စွာ  မျက်နှာကိုပွတ်သပ်လိုက်ပြိီးနောက် ဘာမှမပြောတော့ဘဲ ဟန်အိုက်ကောတို့အိမ်သို့ တံခါးသွားခေါက်တော့သည်။ 


ဟန်အိုက်ကော တံခါးကိုဖွင့်လိုက်သည့်အခါ အံ့သြသွားတော့သည်။ " တပ်ခွဲမှူး ဘာကိစ္စရှိလို့လဲဗျ။ "


ဖုန်းကျွင်းဝေက အနည်းငယ်ရှက်မိသော်လည်း မပြော၍မဖြစ်သည်မို့ အံကြိတ်ကာ ပြောရတော့သည်။ " အခုတလော ခယ်မလေးက အိမ်မှာ အရသာရှိတာတွေ လုပ်နေတယ်ဆို? အနံ့လေးက အရမ်းမွှေးတော့ အိမ်ကသားက စားချင်တယ်ဆိုပြီး ပူဆာနေလို့ ငါလည်း မျက်နှာပူပူနဲ့ လာပြောတာကွာ။ နည်းနည်းလောက်၀ယ်ပေးလိုက်ရင် တိတ်သွားမလားလို့လေ။ "


ထိုအခါမှသာ ဘေးအိမ်က ဘာလို့အဲ့လောက် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ဟန်အိုက်ကော သဘောပေါက်သွားတော့သည်။ ကလေးက မုန့်စားချင်တယ်ဆိုပြီး ငိုယိုပြီး ပြဿနာရှာနေတာကြောင့်ကိုး။ 


စုယွဲ့လည်း ကြားနေရ၍ အားနာသွားကာ ထွက်လာပြီး ဖုန်းကျွင်းဝေကို တောင်းပန်လိုက်သည်။ " တပ်ခွဲမှုးဖုန်း၊ အဲ့ဒါက ကျွန်မ သူငယ်ချင်းဖို့ လုပ်ပေးလိုက်တဲ့ ထောပတ်ကိတ်ပါ။ ကျွန်မ အဲ့ဒါကို လိုက်ဝေပေးပြီးသွားပြီရှင့်၊ နည်းနည်းချန်ထားတာကိုလည်း ကျွန်မ စားပစ်လိုက်လို့ မရှိတော့လို့ပါ။ မဟုတ်ရင် ကျွန်မ ချက်ချင်း ပေးလိုက်ပါတယ်။ "


ဖုန်းကျွင်းဝေက ထောပတ်ကိတ်ဆိုသည်ကို မသိသော်ငြား စုယွဲ့တို့အိမ်ထဲမှ ရနေသည့် ချိုအီနေသည့် မွှေးရနံ့ကြောင့် စားချင်စိတ်ဖြစ်လာတော့သည်။ သူ့လို လူကြီးတစ်ယောက်တောင် စားချင်နေမှတော့ အိမ်ကကောင်စုတ်လေးလည်း စားချင်နေတာ မထူးဆန်းတော့ဘူး။ 


သို့ဖြစ်၍ ဖုန်းကျွင်းဝေက ပြောခဲ့သည်။  " ခယ်မလေး၊ အိမ်က ကလေးက ခေါင်းမာပြိိး စားချင်နေတာမို့လို့။ ကျွန်တော်တို့အိမ်ဖို့ တစ်ခုလောက် လုပ်ပေးနိုင်မလား။ ဘာတွေ လိုအပ်လဲသာပြောပါ၊ ကျွန်တော် အားလုံးပေးပါ့မယ်။ " 


စုယွဲ့ တွေဝေနေမိသည်။ သူမသည် ဘေးအိမ်နှင့် ပတ်သက်လိုစိတ်မရှိသော်ငြား ဖုန်းကျွင်းဝေကိုယ်တိုင် ရောက်လာကာ တောင်းဆိုနေတာဖြစ်၍ ငြင်းရမှာလည်း မကောင်းပါ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံလည်း ပေးမှာဆိုတော့ လက်ခံလိုက်ပါမယ်။ အားနာစရာလည်းမဖြစ်တော့သည့်အပြင် ပိုက်ဆံလည်း ရဦးမှာပဲဟာ။ 


ထို့ကြောင့် စုယွဲ့ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ " ဟုတ်ကဲ့ပါ၊ ကျွန်မ တစ်ခုလုပ်ပေးပါ့မယ်။ ဒါပေမယ့် ဒီကိတ်က ပါ၀င်ပစ္စည်းတွေနဲ့ ကုန်ကျစရိတ်က နည်းနည်းတော့များပါတယ်။ အဲ့ဒါ ...."


ဖုန်းကျွင်းဝေ - " ရပါတယ်၊ ရပါတယ်။ လိုအပ်တာကိုသာ ပြောပါ။ "


စုယွဲ့လည်း ယဥ်ကျေးမနေတော့ပေ။ " ဒါဆို ကျွန်မ အသေးစားကိတ်လေးတစ်လုံးလောက် လုပ်ပေးပါ့မယ်။ ဂျုံတစ်ပြည်၊ သကြားတစ်ပြည်နဲ့ ယွမ်နှစ်ယွမ်ကျမယ်နော်၊ ကျွန်မ မနက်ဖြန် လုပ်ပေးပါ့မယ် ။ "


ဖုန်းကျွင်းဝေက ကုန်ကျစရိတ်ကြောင့် အံ့အားသင့်သွားသော်လည်း မစားရပါက သားဖြစ်သူ ပြဿနာရှာနေဦးမည်ကို စိုးသဖြင့် ချက်ချင်းဆိုသလို ကုန်ကျငွေကို ထုတ်၍ စုယွဲ့အားပေးလိုက်သည်။ " ဒါဆိုလည်း ရဲဘော်ဟန်နဲ့ ခယ်မလေးတို့ကို တောင်းဆိုပါတယ်။ "


ဖုန်းကျွင်းဝေပြန်သွားပြီးနောက်တွင် စုယွဲ့ လက်ထဲရှိ ပိုက်ဆံကိုကြည့်ကာ ပျော်နေတော့သည်။ ဘေးအိမ်ကနေ ပိုက်ဆံရှာနိုင်လိုက်တာပဲ။ ဖန်းရှောင်းလီဆိီကနေ ပိုက်ဆံရအောင် လုပ်နိုင်လိုက်တာလို့လည်း ပြောလို့ရတယ်လေ။ ကိတ်မုန့်က ဒီလောက်စျေးကြီးတယ်ဆိုတာကိုသာ ဖန်းရှောင်းလီသိသွားရင် ဘယ်လိုနေမလဲမသိဘူး။ သေချာတာတော့ စိတ်ဆိုးပြီး ရူးသွားမလားပဲ။ 


စုယွဲ့ မျှော်လင့်ထားသလိုပင်။ ဖန်းရှောင်းလီသည် ကိတ်မုန့်၏ ကုန်ကျစရိတ်ကို သိသွားသည့်အခါ စုယွဲ့မှ ငွေညှစ်နေသည်ဟုထင်သွားပြီး ပြဿနာသွားရှာမည် လုပ်နေပြန်သည်။ 


ဖုန်းကျွင်းဝေမှာ တားရပြန်သည်။ " မင်း ပြဿနာသွားရှာလို့ ဘေးအိမ်က မုန့်မလုပ်ပေးတော့ဘူးဆိုလို့ကတော့ မင်းရဲ့သား ငိုယိုပြီး ပြဿနာရှာနေလည်း ငါဂရုမစိုက်တော့ဘူးနော်။ ကိုယ့်ဘာသာပဲ သွားရှာပြီး လုပ်ခိုင်းလိုက်တော့။ "


ထိုစကားများကြောင့် ဖန်းရှောင်းလီမှာ တန့်သွားတော့သည်။ ဖုန်းဇီထောင်က ဘေးအိမ်မှ ကိတ်မုန့်ကိုမစားရမချင်း ပြဿနာရှာနေဦးမည်မှာ အသေအချာဖြစ်နေ၍ ခေါင်းကိုက်မခံနိုင်သောကြောင့် ဖြစ်သည်။ 


ထားလိုက်တော့၊ ခဏစောင့်ကြည့်လိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် သားဖြစ်သူကြောင့် ကုန်တဲ့ပိုက်ဆံပဲဟာ။ 


နောက်နေ့ညတွင် စုယွဲ့အိမ်မှ ကိတ်မုန့်ကို သွားယူလာသည့်အခါ ဖန်းရှောင်းလီသည်ပင် စိတ်ထဲမှ ဤသို့တွေးနေခဲ့သည်။  'ဒါက စျေးကြီးနေတာမထူးဆန်းတော့ပါဘူး၊ ကြည့်လိုက်ရုံနဲ့ကို လုပ်ရတာလည်း လက်၀င်ပြီး ပစ္စည်းကောင်းတွေလည်း အများကြီးသုံးထားရမှန်း သိသာနေတာကို။ '


ကိတ်မုန့်ကိုမြင်သည်နှင့် ဖုန်းဇီထောင်က ဇွန်းကိုယူကာ ချက်ချင်းနှိုက်စားတော့သည်။ စားရသည်မှာ အရသာရှိလွန်းတာကြောင့် စကားပင်မပြောတော့ဘဲ တစ်ဇွန်းပြီးတစ်ဇွန်း ဆက်စားနေခဲ့သည်။ 


သားဖြစ်သူတစ်ယောက်တည်းနှင့် ကိတ်မုန့်က ကုန်သွားမည်စိုး၍ ဖုန်းကျွင်းဝေမှာ ဓားယူကာ တစ်စိတ်စီခွဲ၍ အမေဖြစ်သူနှင့် ဖန်းရှောင်းလီအား ထည့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း နှစ်ဇွန်းစားကြည့်ကာ စုယွဲ့၏ လက်ရာအား မချီုးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားမိသည်။ 


အဖွားဖုန်းလည်း စားကြည့်ပြီးနောက် ပြောခဲ့သည်။" ဒါက ဘာလို့ ဒီလောက်စားကောင်းရတာလဲ။ အမေ ဒီအသက်ဒီအရွယ်ထိ နေလာပြီးတာတောင် ဒီလောက်ကောင်းတာမျိုး တစ်ခါမှမစားဖူးဘူး။ ရှောင်ထောင်စားချင်နေတာ မထူးဆန်းတော့ဘူး။"  


ဖုန်းကျွင်းဝေလည်း ထောက်ခံခဲ့သည်။ " အစကတော့ စျေးကြီးလွန်းတယ်လို့ ထင်နေတာ၊ ဒါပေမယ့် စားကြည့်လိုက်တော့မှ စျေးက တော်တော်တန်မှန်း သိတော့တယ်။"


ဖန်းရှောင်းလီက ကိတ်မုန့်အား ဘာမှမပြော၊ ဘာမှလည်း မချီးကျူးသော်ငြား ဆက်တိုက်စားနေခဲ့သည်။ တစ်စိတ်စားပြီးနောက်တွင် ထပ်စားချင်သေးသော်လည်း ဖုန်းဇီထောင်က တစ်ခြားသူတွေကို.ခွဲမကျွေးချင်တော့ဘူးဟုဆို၍ ထိုစိတ်ကူးအား လွှင့်ပစ်လိုက်ရတော့သည်။ 


ဖန်းရှောင်းလီမှာ လျှာသပ်နေရင်း စားချင်သေးသည့်စိတ်ကို ချိုးနှိမ်နေရရှာသည်။ 


ကိတ်မုန့်လုပ်ပေးပြီးကတည်းက ဘေးအိမ်သည် အတော်လေး ငြိမ်းချမ်းသွားသည်ကို စုယွဲ့ သတိထားမိသည်။ ကလေးငိုသံကိုလည်း မကြားရတော့၍ အတော်လေး နားအေးသွားတယ်လို့ ဆိုရမည်။ 


သို့သော်လည်း ဘယ်နှစ်ရက်မှ မကြာပါ။ ကလေးငိုသံကို ထပ်ကြားလိုက်ရပြန်သည်။ မှန်းနေစရာ မလိုပေ။ ဘေးအိမ်မှ ဖုန်းဇီထောင်၏ ငိုသံပင်ဖြစ်သည်။ 


စုယွဲ့ ဟန်အိုက်ကောကို ကြည့်ကာ ပြုံးပြလိုက်သည်။ " ယောကျ်ား၊ ဘေးအိမ်က ကလေးက ဘာလို့ထပ်ငိုနေပြန်တာလဲ ခန့်မှန်းကြည့်ပါလား။ "


ဟန်အိုက်ကောက သူ့လက်ကို စုယွဲ့ ဗိုက်ပူပူလေးပေါ်တင်၍ ခပ်ဖွဖွလေး ပွတ်ကြည့်နေခဲ့သည် " ကိုယ်မသိဘူးလေ။ "


စုယွဲ့ ဟန်အိုက်ကော နှာခေါင်းအား ဆွဲညှစ်လိုက်ကာ ပြုံးပြလိုက်ပြန်သည်။ " ဒါပေမယ့် ကျွန်မ သိတယ်။ ကျွန်မရဲ့ ဆဋ္ဌမအာရုံအရ ဘေးအိမ်က နောက်တစ်ခေါက် ပိုက်ဆံလာပေးတော့မှာ။ "


ဟန်အိုက်ကောက " အင်း "ဟုသာဆိုသဖြင့် တစ်ပါးသူ၏ ကိစ္စများအား လုံး၀စိတ်မ၀င်စားကြောင်း သိသာလှသည်။ စုယွဲ့ ဗိုက်လေးကိုသာ ပွတ်သပ်ပေးနေကာ အင်္ကျီကိုလှန်၍ ဗိုက်ပူပူလေးအား တစ်မွမွ လိုက်နမ်းနေခဲ့သည်။ 


စုယွဲ့သည် အနမ်းကြောင့် ယားကျိကျိဖြစ်ကာ အော်ရယ်နေတော့သည်။ ဘေးအိမ်က ကိစ္စအား စိတ်ထဲထားမနေတော့ဘဲ သူမတို့၏ ကလေးအကြောင်းကိုသာ တွေးနေလိုက်တော့သည်။ " သူများတွေပြောတော့ ဗိုက်က လေးလလောက်မှ ပူတာဆို၊ အပျိုဗိုက်ဆို ပိုတောင် ကြာသေးတယ်ဆိုပြီး ဘာလို့ ကျွန်မကြ ဗိုက်ပူနေရတာလဲ။ လေးလတောင် မရှိသေးတာကို ဗိုက်ကပူနေသလိုပဲနော်။ "


ဟန်အိုက်ကောသည်လည်း သုံးလ ကိုယ်၀န်ဆောင်သည်တစ်ယောက်၏ ဗိုက်သည် ဘယ်လောက်ထိ ပူတက်သည်ကို မသိချေ။ သို့သော်လည်း စုယွဲ့က ဗိုက်ပဲ ပူလာက ကိုယ်အလေးချိန် တက်မလာ၍ စိုးရိမ်နေခဲ့သည်။ " ဗိုက်ထဲက ကလေးလေးက မင်းရဲ့ အာဟာရတွေကို စားနေလို့လားမသိဘူး၊ သူကကြ ကြီးလာပြီး မင်းကတော့ ပိန်ပိန်လာတယ်။ များများ စားဦးနော်။ "


စုယွဲ့၏ ကိုယ်၀န်ဆောင် လက္ခဏာများမှာ လနုစဥ်ကတည်းက ပြင်းထန်တာဖြစ်ပြီး ယခုထိလည်း သိသိသာသာ ကောင်းမွန်လာခြင်းမရှိသေးချေ။ နေ့တိုင်း နည်းနည်းစီသာ စားနေရတာဖြစ်၍ ၀လာရမည့်အစား စုယွဲ့က ပိန်လာလို့နေသည်။ စုယွဲ့လည်း စိုးရိမ်၍ စားနိုင်သလောက်စားသော်လည်း သူမ စားသမျှသည် ဗိုက်ထဲသို့သာ ရောက်နေ၍လားမသိ၊ သူမကတော့ ကိုယ်အလေးချိန်တက်မလာချေ။ 


ကြည့်ရတာ ဗိုက်ထဲက ကလေးလေးက တော်တော်လေး ကောင်းကောင်းစားနိုင်သည့်ပုံပင်။ 


ဟန်အိုက်ကော - " မင်းတားနေလို့သာ မဟုတ်ရင် ကိုယ်အမေ့ကို စားရေးပြီးလှမ်းခေါ်လိုက်မှာ။ ဘာပဲဖြစ်ဖြစ် အမေက ကိုယ်၀န်ဆောင်သည်တွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို အတွေ့အကြုံရှိပြီးသားလေ။ ကိုယ်ဂရုစိုက်ပေးနေတာထက်တော့ သာမှာပဲ မဟုတ်ဘူးလား။ "


စုယွဲ့ တွေးကြည့်လိုက်သော်လည်း ခေါင်းခါပြလိုက်သည်။ " အိမ်မှာက စတုတ္ထကလေးကလည်း ငယ်ငယ်လေးရှိသေးတာ။ အမေ အိမ်မှာမရှိရင် စတုတ္ထကလေးတစ်ယောက်တည်း ဘယ်လိုနေမလဲ။ ပြီးတော့ တတိယယောင်းမကလည်း မီးဖွားခါနီးနေပြီ။ ကျွန်မက အခုမှ ကိုယ်၀န်လေးလတောင် မပြည့်သေးတဲ့ဟာ။ တတိယယောင်းမတို့ မိသားစုကိုလည်း ဒုက္ခရောက်အောင် လုပ်လို့ မဖြစ်ဘူးလေ။ "


ဟန်အိုက်ကောလည်း ထိုသည်ကိုတွေးမိ၍ ၄င်းအကြံအား လက်လျှော့လိုက်တော့သည်။ စုယွဲ့ မီးဖွားခါနီးရင်တော့ အမေဖြစ်သူကို သေချာပေါက် ခေါ်ရမယ်လို့ တွေးနေခဲ့သည်။