အပိုင်း ၆၈
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၈ - အစားပုတ် ဘုရင်လေး




နောက်တစ်နေ့ စုယွဲ့နိုးလာသည့်အခါတွင် မနက်ဆယ်နာရီ ကျော်ပြီဖြစ်သည်။ စုယွဲ့က ဒီအချိန်ကို ကျင့်သားရနေပြီ။ အိပ်ချင်စိတ်က ပိုပိုများလာပြီး ပြင်လို့လည်း ရမှမရတာ။



ဟန်အိုက်ကောက တပ်ထဲသို့ မသွားခင်တွင် စုယွဲ့အတွက် ဆန်ပြုတ်ပြုတ်ထားပေးခဲ့လေ့ရှိကာ အိပ်ရာမှထသည်နှင့် အဆင်သင့်စားလိုက်ရုံသာဖြစ်သည်။ စုယွဲ့ မစားချင်သော်လည်း တစ်လုတ်ချင်း ကြိတ်မှိတ်စားနေစဥ်တွင် အိမ်တံခါးခေါက်သံကို ကြားလိုက်ရသည်။ 



တံခါးအား သွားဖွင့်ကြည့်လိုက်သည့်အခါ ဘေးအိမ်မှ အဖွားဖုန်းဖြစ်သည်ကို တွေ့လိုက်ရ၍ စုယွဲ့ အံ့သြသွားသော်လည်း မနေ့ညက ဖုန်းဇီထောင်၏ ငိုယိုနေမှုကို သတိရသွားပြီး လာရင်းအကြောင်းကို ခန့်မှန်းလိုက်နိုင်သည်။ 



စုယွဲ့၏ခန့်မှန်းခြင်း မှန်ကန်ကြောင်းကို အဖွားဖုန်း၏ ပြောစကားများအရ သိလိုက်ရသည်။ " သမီးရေ၊ အဒေါ်လာတာက အဒေါ်တို့အိမ်အတွက် ကိတ်မုန့်လေးနောက်တစ်လုံးလောက် လုပ်ပေးပါလားလို့ တောင်းဆိုချင်လို့ပါကွယ်။ အိမ်က မြေးလေးက ပူဆာနေလို့လေ။ "



စုယွဲ့ စိတ်ထဲမှ တွေးနေခဲ့သည်။ 'တွေ့လား ငါပြောတဲ့အတိုင်းပဲ။ ဘေးအိမ်က ပိုက်ဆံလာပေးတော့မှာပါဆို။ ငါ မှန်းထားတဲ့အတိုင်း တစ်ထပ်တည်းပဲ။'



" ဒေါ်လေး အပြင်မှာ ရပ်မနေပါနဲ့ ၊ အိမ်ထဲ ၀င်ပါဦး။ " အဖွားဖုန်းက လူကောင်းတစ်ယောက်ဖြစ်ပြီး ဖန်းရှောင်းလီကို ဆက်ဆံသလို မဆက်ဆံချင်သဖြင့် အိမ်ထဲသို့၀င်ထိုင်ရန် ဖိတ်ခေါ်လိုက်တာ ဖြစ်သည်။



အဖွားဖုန်းက စုယွဲ့တို့ အိမ်ထဲသို့၀င်လိုက်သည့်အခါ အံ့သြသွားခဲ့သည်။ အိမ်လေးက ကျဥ်းသော်ငြား လှလှပပ သပ်သပ်ရပ်ရပ် အလှဆင်ထားကာ ပရိဘောဂများ၊ ပန်းအိုးလေးများစီရီထားပုံ၊ လသာဆောင်နှင့် မီးဖိုခန်းတို့ကလည်း အပြစ်ဆိုစရာ တစ်ကွက်မရှိချေ။ ပန်းပင်လေးများနှင့် ခင်းထားသည့် ကောဇောတို့ကြောင့် အိမ်လေးမှာ သက်သောင့်သက်သာရှိကာ နေချင်ဖွယ်အတိဖြစ်လို့နေသည်။ တစ်အိမ်လုံးသည် အလင်းရောင်လည်း ကောင်းကောင်းရကာ နွေးနွေးထွေးထွေးလည်းရှိ၍ အဘွားကြီးတစ်ယောက်ဖြစ်သည့် သူမပင် ဒီလိုအိမ်မျိုးတွင် နေချင်ပေသည်။ 



ဒီလိုနေရာမျိုးမှာ နေမှတော့ စိတ်မချမ်းသာဘဲနေပါ့မလား။ ဒီစုယွဲ့ဆိုတဲ့ မိန်းကလေးက ရုပ်ရည်လေးပဲရှိတာမဟုတ်ဘဲနဲ့ အိမ်မှုကိစ္စလည်း နိုင်နင်းတဲ့ပုံပဲ။ ကြည့်လိုက်ရုံနဲ့ မိန်းမကောင်းလေးမှန်း သိသာတယ်။ 



အိမ်က ချွေးမကြတော့ အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ နေနေသာသာ အလုပ်ကပြန်ရောက်တာနဲ့ ပွစိပွစိလုပ်ကာ ဆူညံဆူညံသာ လုပ်နေတက်သည်။ သူ့သားသာ စုယွဲ့လို့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျခဲ့တာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ 



ယှဥ်မကြည့်ရင်တော့ သိပ်မသိသာသော်ငြား ယှဥ်ကြည့်လိုက်ပါက သည်းမခံနိုင်စရာဖြစ်တက်သည် ဟူသောစကားက တကယ်မှန်သည်။ 



အဖွားဖုန်းသည် အတွေးများသွားသော်လည်း မျက်နှာထက်တွင်တော့ မပေါ်စေဘဲ စုယွဲ့ ဧည့်ခံသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ လာရင်းအကြောင်းကိုသာ စကားစသည်။ သူမယူလာသည့် ကုန်ကျစားရိတ်နှင့် အစားအသောက်ဆိုင်ရာ လက်မှတ်များကို စုယွဲ့ထံ ထိုးပေးရင်း ပြောခဲ့သည်။ " ကိတ်လေး ထပ်လုပ်ပေးဖို့ သမီးကိုပဲ အားနာနာနဲ့ ပြောရတော့မှာပဲ။ အိမ်ကမြေးလေးက မစားရလို့ ဂျီကျနေတာကြောင့်လေ။ " 



အမှန်မှာ ဖုန်းဇီထောင်က ယခင်တစ်ခေါက်မှ ကိတ်မုန့်ကို စားပြီးသည့်နောက်နေ့တွင်လည်း ထပ်စားချင်နေခဲ့တာဖြစ်သည်။ သို့သော်လည်း ကိတ်မုန့်သည် စျေးကြီးလွန်းသဖြင့် မိသားစုအခြေအနေက အဆင်ပြေသည်ဆိုသော်ငြား နေ့တိုင်း၀ယ်ကျွေးနေရန်တော့ မဖြစ်သည်မို့ ကလေးကို ချော့ထားခဲ့တာဖြစ်သည်။ ဖုန်းဇီထောင်က ကိတ်မုန့်စားရရန် လိမ်လိမ်မာမာ နေခဲ့သော်လည်း နှစ်ရက်သုံးရက်သာ ကြာသည်။ ထို့နောက်တွင် ချော့ပြောလည်း မရတော့ဘဲ မနေ့ညက ပြဿနာရှာပြန်၍ အဖေဖြစ်သူထံမှ အရိုက်ခံခဲ့ရသည်။ 



အရမ်းငိုခဲ့၍လားမသိ ကလေးက မနက်ရောက်သည့်အခါ နုံးခွေနေကာ ဘာမှလည်း မစားချေ။ ဖန်းရှောင်းလီလည်း စိတ်ညစ်ကာ ယောက္ခမအား ယောက်ျားဖြစ်သူမသိအောင် ပိုက်ဆံပေးကာ စုယွဲ့ထံ ကိတ်မုန့်သွား၀ယ်ပေးရန် ပြောခဲ့တာဖြစ်သည်။ 



အဖွားဖုန်းက မြေးဖြစ်သူအတွက် စိတ်မကောင်း၍ သဘောတူလိုက်တာဖြစ်သည်။ 



" ဟုတ်ကဲ့ပါ ဒေါ်လေး။ ကျွန်မ ပြီးရင်လုပ်ပြီး လာပို့ပေးပါ့မယ်။ "



" ကျေးဇူးပါ သမီးရယ်။ " အဖွားဖုန်းသည် ခဏဆက်ထိုင်နေပြီးနောက် မြေးဖြစ်သူကို စိတ်မချ၍ ပြန်သွားတော့သည်။ 



တစ်ပါးသူထံမှ ပိုက်ဆံလက်ခံထားပြီးပြီဖြစ်သဖြင့် စုယွဲ့သည် ကိတ်မုန့်ကို သေချာလေးဖုတ်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမလည်း အိမ်မှာ ဘာလုပ်စရာမှ မရှိတာ။ မနက်စာစားပြီးနောက်တွင် စုယွဲ့ လုပ်ငန်းစလိုက်သည်။ ကလေးများအတွက်ဖြစ်သဖြင့် ကိတ်ပေါ်မှာ ချစ်ဖို့ကောင်းတဲ့ ခွေးပေါက်လေးပုံစံ လုပ်ပေးလိုက်သည်။ ဟန်အိုက်ကော ၀ယ်လာပေးသည့် လိမ္မော်သီးများလည်း အိမ်တွင်ရှိသဖြင့် အခွံများခွာလိုက်ကာ ကိတ်၏ ဘေးတွင် အလှဆင်ရန် အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် ကိတ်မုန့်လေးသည် ကလေးများအကြိုက်နှင့် ကွက်တိဖြစ်သွားတော့သည်။



ပြီးသွားသည့်အခါ စုယွဲ့ ဘေးအိမ်သို့ သွားပို့ပေးလိုက်သည်။ ထို့နောက် စုယွဲ့ စိတ်ထဲမှ တွက်ချက်နေခဲ့သည်။ ဒီလ သူမ ကိတ်မုန့်လုပ်တာ ခြောက်လုံးရှိနေပြီဖြစ်သည်။ တစ်လမှ ငါးလုံးလောက်သာ လုပ်နိုင်လောက်သည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဒီလောက်ထိလက်ခံရခဲ့သည်။ ဒီလအတွင်း ပိုက်ဆံကောင်းကောင်းရှာထားနိုင်၍ စုယွဲ့ ပိုက်ဆံမလောက်မှာကို စိုးရိမ်နေဖို့ မလိုတော့ချေ။ 



တပ်ထဲ၌ နေရတာသည် မဆိုးသော်လည်း တစ်လတစ်လရသည့် လက်မှတ်များသည် အကန့်အသတ်နှင့်ဖြစ်သည်။ အမြဲတစေ ဆန်ချောစားနိုင်ရန်အထိ အဆင်မပြေပါ။ အချို့သည် များသောအားဖြင့် ဆန်ကြမ်းကိုသုံးကာ ဆန်ပြုတ်ပြုတ်သောက်လိုက်၊ ကန်စွန်းဥ ပြုတ်စားလိုက်၊ ဟင်းရွက်ကြော်စားလိုက်ဖြင့် နေကြတာဖြစ်သည်။ စုယွဲ့က ထိုသို့ချက်မစား၍ သူမလက်ထဲရှိ လက်မှတ်များသည် မလောက်ငှချေ။ လ၀က်လောက်ကို ဆန်ကြမ်းစားခဲ့ရသော်လည်း ယခုတော့ ကိတ်မုန့်လုပ်ရာမှ ၀င်ငွေရှိနေသဖြင့် အရမ်းပူပန်နေစရာမလိုတော့သည့်အပြင် အပိုငွေကိုလည်း စုထားလို့ရသည်။ 



ထိုသို့တွေးကာ စုယွဲ့ စိတ်ပျော်နေလေသည်။ ပိုက်ဆံရှာကာ ၀ယ်ချင်တာတွေ ၀ယ်ပစ်ရမယ်လို့လည်း တွေးနေခဲ့သည်။ ဗိုက်ဖုံးအင်္ကျီလေးလည်း ချုပ်ချင်မိတယ်။ သူမ ဗိုက်မှာပူနေပြီဖြစ်၍ ယခင်အင်္ကျီများက မတော်ချင်တော့ချေ။ သို့ဖြစ်၍ စုယွဲ့က ၀တ်ရင်းပြဲသွားမလားကို စိုးရိမ်နေရသည်။ 



စုယွဲ့ အစားအသောက် တံဆိပ်ခေါင်းများကို မာချွေ့ယွင်ဆီမှ အထည် တံဆိပ်ခေါင်းများနှင့် လဲလိုက်သည်။ မာချွေ့ယွင်က ကလေးနှစ်ယောက်ရှိသောကြောင့် စားရေးသောက်ရေးမှာ ကြပ်တည်းသော်လည်း အ၀တ်များကိုတော့ တော်ရုံချုပ်မ၀တ်ပေ။ တာ့နီ၀တ်သည့်အ၀တ်များသည် မာချွေ့ယွင်၏ အင်္ကျီများကို ပြင်ချုပ်ထားတာဖြစ်သည်။ မာချွေ့ယွင်ကတော့ သူမ၏ အင်္ကျီဟောင်းလေးများကို ချုပ်တစ်ခါ ဖာတစ်လှည့်ဖြင့် ၀တ်နေတာဖြစ်သည်။ 



မာချွေ့ယွင်အတွက်တော့ ပိတ်စများသည် အစားအသောက်များလောက် အဖိုးမတန်ပါ။ ယခု စုယွဲ့မှ လဲချင်သည်ဟု ပြောလာသည့်အခါတွင် အိမ်တွင်ရှိသမျှ အထည် လက်မှတ်များကို ထုတ်ပေးခဲ့သည်။ စုယွဲ့ကလည်း အစားအသောက်ဆိုင်ရာလက်မှတ်များကို ပေါက်စျေးအတိုင်း လဲပေးလိုက်သည်။ 



နောက်တစ်နေ့တွင် စုယွဲ့သည် ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးဌာနသို့ သွားကြည့်သောအခါ အပြာရင့်ရောင် ချည်ထည်စကို တွေ့လိုက်ရ၍ ကိုယ်၀န်ဆောင်များ ၀တ်နေကြဖြစ်သည့် ဗိုက်ဖုံးဂါ၀န်ရှည်ကို မချုပ်တော့ဘဲ ကြိုးတပ်ဘောင်းဘီရှည်များကိုသာ ချုပ်ဖို့ဆုံးဖြတ်လိုက်သည်။ 



ဘောင်းဘီများက စကတ်များထက် ပို၍ သက်သောင့်သက်သာရှိကာ လှေကားတက်ရာတွင်လည်း လွယ်ကူသည့်အပြင် ဟင်းရွက်ခင်းထဲသို့ သွား၍ အလုပ်လုပ်ရန်လည်း အဆင်ပြေလောက်သည်။ 



ပိတ်စအနည်းငယ် ၀ယ်ပြီးသည့်အခါ စုယွဲ့ တီရှပ်နှစ်ထည်ချုပ်ရန် ၀ါဂွမ်းထည်များကိုပါ ၀ယ်လိုက်သည်။ ရှေ့လျှောက်လည်း ရာသီဥတုက ပူလာတော့မှာဆိုတော့  ၀တ်ရတာ အဆင်ပြေစေဖို့ဖြစ်သည်။ 



ပိတ်စများ ၀ယ်ပြီးနောက်တွင် စုယွဲ့ စာရွက်နှင့် ခဲတံကိုထုတ်ကာ သူမလိုချင်သည့် ဒီဇိုင်းကို ချဆွဲလိုက်သည်။ နောင်တစ်ချိန်တွင် ၀တ်ကြသည်များနှင့် အတူတူပင်ဖြစ်ကာ မတူသည်က နောက်ကျောတွင် တပ်ထားမည့် ကြိုးလေးပါနေခြင်းသာ။ ဗိုက်ပူလာရင် ကြိုးကိုလျှော့ထားနိုင်၍ တင်းတင်းကြပ်ကြပ် ခံစားနေရမည်မဟုတ်သလို မီးဖွားပြီးလျှင်လည်း ကြိုးကိုတင်းကာ ပြန်၀တ်လို့ရမည်ဖြစ်၍ အလွန်အသုံး၀င်လေသည်။ စုယွဲ့အမြင်တွင် အတော်လေးလည်း ဖက်ရှင်ကျသည်ဟု ထင်သည်။ 



စုယွဲ့၏ ပုံကိုတွေ့ပြီးနောက် မာချွေ့ယွင်က စုယွဲ့ရှင်းပြနေသည်ကို နားထောင်နေရင်းဖြင့် မျက်လုံးများအရောက်တောက်လာကာ စုယွဲ့ကို ချီးကျူးမိသွားသည်။ " ဉာဏ်ကောင်းလိုက်တာ စုယွဲ့ရေ ။ ဒီဘောင်းဘီတွေက ဗိုက်ဘယ်လောက်ပူပူ ၀တ်လို့ရသလို ကလေးမွေးပြီးရင်တောင် ပြန်ပြီးသီစရာမလိုတော့ဘူး။ အစ်မ ကိုယ်၀န်ကြီးနဲ့တုန်းကဆို အ၀တ်တွေကို အကြီးကြီးတွေ ချုပ်ထားတာ ။ ပြီးတော့ ပြန်၀တ်ဖို့ကြ မကောင်းတော့ဘူးလေ "



စုယွဲ့  - " ညီမ တွေးတော့ တွေးတက်ပေမယ့် သေချာမလုပ်တက်လို့ အစ်မမာကိုပဲ အလုပ်ရှုပ်အောင် လုပ်ရတော့မှာပဲ။  "



" ဘာအလုပ်ရှုပ်ရမှာလဲ။ " မာချွေ့ယွင်က ပြောခဲ့သည်။

 " အစ်မက လုပ်ပေးရမှာပေါ့။ လုပ်ပေးရင်းနဲ့ အစ်မလည်း ဘယ်လိုချုပ်ရမလဲဆိုတာကို ချုပ်တက်သွားတာပေါ့။ နောက်ကြရင် စုယွဲ့နဲ့တူအောင် အစ်မလည်း လိုက်ချုပ်ချင်ချုပ်နေရမှာ။ "



စုယွဲ့ မာချွေ့ယွင်ကိုကြည့်ကာ ပြုံး၍စလိုက်သည်။ " ဘာလဲ၊ အစ်မမာ တတိယ ကလေးယူတော့မှာလား။ "



မာချွေ့ယွင်က စိတ်မပါတစ်ပါ ပြန်ပြုံးပြခဲ့သည်။ " အစ်မကတော့ ကလေးနှစ်ယောက်ဆို လုံလောက်ပြီလို့ ယူဆပေမယ့် နှစ်ယောက်လုံးက မိန်းကလေးတွေချည်းပဲ ဖြစ်နေတော့ ယောက္ခမက သိပ်သဘောမကျဘူးလေ။ ပြီးတော့ အိမ်ကလူကြီးကလည်း တစ်ဦးတည်းသောသားဆိုတော့ ယောက္ခမက အစ်မသာ သားယောက်ျားလေးမမွေးနိုင်ရင် မျိုးဆက်ပြတ်တော့မယ်ဆိုပြီး စိုးရိမ်နေတာ။ အစ်မက နောက်တစ်ယောက်လိုချင်နေတယ်ရယ်လည်း မဟုတ်ပါဘူး။ ရှောင်ထောင်းဇီလေးကလည်း မငယ်တော့ဘူးလေ၊ လေးနှစ်တောင်ရှိနေပြီဆိုတော့။ အခုချိန်မှ ထပ်မယူရင် အစ်မလည်း အသက်ရလာရင် ယူလို့မရတော့မှာစိုးလို့။ "



ယခုခေတ်အခါ၏ အယူအဆများအား စုယွဲ့ပြောပြလည်း ပြင်ပေး၍ရမည်မဟုတ်သည်ကိုသိသည်။ မိသားစုတိုင်းမှာ ယူဆကြသည့် အယူတစ်ခုကတော့ ရှိကြသည်မို့ စုယွဲ့ ဘာမှပြန်မပြောဖြစ်တော့ချေ။ " ကောင်းပါတယ် အစ်မမာ။ တတိယကလေးကတော့ ယောက်ျားလေးဖြစ်လောက်မှာပါ။ "



မာချွေ့ယွင်က ယုံကြည်ချက်မရှိစွာ ခပ်ဖွဖွပြုံးပြရင်း စုယွဲ့၏ ဗိုက်ကိုကြည့်ကာ ပြောခဲ့သည်။ "ညီမလေးလည်း ပထမဆုံးကလေးက ယောက်ျားလေးဖြစ်ရင်ကောင်းမယ်။ အဲ့လိုဆို နောက်ပိုင်း ပူနေစရာမလိုတော့ဘူးပေါ့။"



စုယွဲ့ ပြန်ငြင်းလိုက်သည်။ " ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ပါ။ ညီမကတော့ မိန်းကလေးဆိုရင် ပိုကောင်းမယ်လို့ထင်တယ်။ ဟန်အိုက်ကောကလည်း မိန်းကလေးတွေကို ချစ်တယ်လေ။ "



မာချွေ့ယွင်က ပြန်မေးခဲ့သည်။ " ဒါဆို ယောက္ခမကရော? ယောက္ခမကလည်း မိန်းကလေးလိုချင်ဦးမှ ဖြစ်မှာပေါ့။ "



စုယွဲ့ - " ညီမရဲ့ ယောက္ခမက ယောက်ျားလေး လေးယောက်တောင်မွေးထားတာမို့လို့ မြေးယောက်ျားလေးမလိုချင်ဘဲ မြေးမလေးပဲ လိုချင်နေတာ။ ပြီးတော့ ဟန်အိုက်ကောရဲ့ ညီနှစ်ယောက်ကလည်း သားနှစ်ယောက်မွေးထားကြသေးတော့ အဆင်ပြေပါတယ်။ "



မာချွေ့ယွင်က အားကျသွားသည်။ " ကောင်းလိုက်တာ။ အဲ့လိုဆို ဘာဖိအားမှလည်းမရှိတော့ ဘာမှပူနေစရာလည်း မလိုတော့ဘူးပဲ။ "



စုယွဲ့လည်း သူမက ကံကောင်းသည်ဟုထင်သည်။ စိတ်ထားမမှန်ဘဲ ပေါင်းသင်းရခက်သည့် ယောက္ခမမျိုးရှိမနေလို့သာ တော်တော့သည်။ မဟုတ်ပါက မိသားစုစစ်ပွဲထဲတွင် သူမ ဘယ်လိုတောင် နေရမလဲမသိပါ။ 



မာချွေ့ယွင်က ချုပ်လုပ်ရာ၌ ကျွမ်းကျင်၍ ရက်အနည်းငယ်ကြာပြီးနောက်တွင် စုယွဲ့လိုချင်သည့် ဗိုက်ဖုံးအင်္ကျီကို ချုပ်လာပေးသည်။ စုယွဲ့ အဖြူရောင်လေးကို ယူ၀တ်ကြည့်လိုက်သည်။ တကယ်လှတာပဲ။ 



မာချွေ့ယွင်လည်း တစ်ခါမှ မမြင်ခဲ့ဖူးသော်ငြား ထိုအင်္ကျီသည် အတော်လေး ကြည့်လို့ကောင်းသည်ဟု တွေးနေမိသည်။ ကိုယ်၀န်ဆောင်သည်များအတွက် အတော်လေးသင့်တော်ကာ ၀တ်ရသည်မှာလည်း သက်သောင့်သက်သာရှိသည့်ပုံပင်။ 



စုယွဲ့သည် ထိုအင်္ကျီကို ချုပ်ခိုင်းရသည့် ရည်ရွယ်ချက်မှာ ဗိုက်အတော်လေးထွက်လာလျှင် ၀တ်နိုင်ရန်ဖြစ်သည်။ ရလဒ်ကတော့ တကယ်အသုံး၀င်သွားသည်။ ချုပ်ပြီး သိပ်မကြာခင်မှာပင် စုယွဲ့၏ ဗိုက်သည် ပူဖောင်းကြီးတစ်လုံးနှယ် ပူထွက်လာခဲ့သည်။ မသိသူများဆိုပါက သူမအား ငါးလ၊ ခြောက်လ ရှိနေသော ကိုယ်၀န်ဆောင်သည်ဟု ထင်သွားကြလောက်သည်။ အမှန်တကယ်က သူမကိုယ်၀န်မှာ ငါးလပင်မပြည့်သေးပေ။



ဗိုက်ထွက်လာပြီးနောက်တွင် စုယွဲ့၏ ခံတွင်းသည်လည်း အရသာပြောင်းသွားသလိုပင်။ ယခင်ကတော့ စားသမျှအန်နေတက်ကာ မုန်လာချဥ်များနှင့် ဇီးချဥ်ပေါင်းတို့ကိုသာ စားနိုင်ခဲ့တာဖြစ်သော်ငြား ယခုတော့ ခံတွင်းလုံး၀ရှင်းသွားသလိုဖြစ်ကာ မူးဝေအေ့ာအန်နေခြင်းလည်း မရှိတော့ချေ။ ထိုအစား ယခုတွင် အနံ့ရလိုက်သည်နှင့် သွားရည်ကျကာ မြင်သမျှစားချင်နေခဲ့သည်။



စုယွဲ့၏ ပြောင်းလဲသွားမှုကြောင့် ဟန်အိုက်ကောသည်လည်း အံ့သြနေခဲ့သည်။ တစ်ခါစားလျှင် ထမင်းသုံးပန်းကန်ထိစားနေသော စုယွဲ့ကြောင့် မျက်လုံးပြူးနေသည်။ ကိုယ်၀န်မရှိခင်ကဆို စုယွဲ့သည် တစ်ပန်းကန်ကျော်ကျော်သာ စားနိုင်ကာ ထိုမျှဆို ဗိုက်တင်းနေပြီဖြစ်သည်။ ယခုတွင် စုယွဲ့က သုံးပန်းကန်ထိစားပြီးတာတောင် ၀တယ်ဆိုရုံလေး ခံစားနေရသည်။ 



ကိုယ်၀န်ငါးလပြည့်ပြီးနောက်တွင် စုယွဲ့က ယခင်ထက်ပိုစားလာတော့သည်။ ထမင်းသုံးပန်းကန်စားပြီးသည်ကိုတောင် မ၀သဖြင့် ထမင်းအိုးအား မျက်စောင်းထိုးနေပြန်သည်။ စုယွဲ့မှာ သုံးပန်းကန်အထိ စားပြီးသွားသော်လည်း ဟန်အိုက်ကောမှာ စား၍ပင်မပြီးရှာသေးချေ။



စုယွဲ့၏ အလိုမကျဖြစ်နေဟန်ကြောင့် ဟန်အိုက်ကော မျက်မှောင်ကြုံ့လိုက်မိသည်။ သူမလေးအား ပွေ့ကာ ပေါင်ပေါ်၌ ထိုင်ခိုင်းစေပြီးနောက် ဗိုက်လေးအား ပွတ်သပ်ပေးလိုက်ကာ မေးခဲ့သည်။ " ဘာလို့လဲ ဗိုက်မ၀သေးလို့လား "



စုယွဲ့ နှုတ်ခမ်းဆူလိုက်မိသည်။ သူမလည်း မစားသင့်တော့ဘူးဆိုသည်ကို သိပေမယ့်လည်း သူမမှ မနေနိုင်တာ။ သို့ဖြစ်၍ ဟန်အိုက်ကော၏ လည်ပင်းကိုဖက်ကာ ချွဲလ်ိုက်သည်။ " ယောကျ်ားရေ...ဗိုက်ကမ၀သေးဘူး...ဗိုက်ဆာနေသေးတယ်လို့။ "



ဟန်အိုက်ကောသည် အံ့သြသွားကာ စိုးရိမ်နေသည့်ဟန်ဖြင့် မေးခဲ့သည်။ " ဒါပေမယ့် ထမင်းသုံးပန်းကန်အပြင် စွပ်ပြုတ်တစ်ပန်းကန်လုံးလည်း သောက်ထားတာလေ။ ထပ်စားနိုင်ပါ့မလား။ " 



စုယွဲ့မှာ ပို၍ စိတ်မကောင်းဖြစ်သွားကာ ဟန်အိုက်ကော၏ လည်ပင်းကြားတွင် မျက်နှာအပ်လိုက်သည်။ " ကျွန်မတော့ မကြာခင် ၀က်ဖြစ်လာတော့မယ်ထင်တယ်။ ဘာလို့ အမြဲဗိုက်ဆာနေတာလဲမသိဘူး။ ယောက်ျား၊ ဗိုက်ထဲက ကလေးက အစားကြူးတဲ့ ဘီလူးလေးလားမသိဘူး။ "



ဟန်အိုက်ကောက စုယွဲ့ စကားကို ဘယ်လိုပြန်ဖြေရမည်မသိ၍ ဗိုက်ပူပူလေးကိုတစ်လှည့် သူမ၏ သေးသွယ်သော ခြေတံလေးများကို တစ်ခါ ကိုင်ကြည့်နေကာ စိတ်ပူလာတော့သည်။ ဒီလောက်ထိစားနေတာတောင် ဘာလို့ခန္ဓာကိုယ်က အသားဖြစ်မလာတာလဲ။ စားသမျှက ဗိုက်ထဲရောက်သွားလို့ ပိန်နေတာလား။ 



စုယွဲ့သည် နဂိုကတည်းက ပိန်ပါးသူဖြစ်ကာ ယခုတွင် ဗိုက်လေးကသာ ပူနေလေ၍ ကြည့်ရသည်မှာ ရင်ထိတ်စရာပင်ဖြစ်သည်။ ခြေမခိုင်ဘဲ အချိန်မရွေးလဲကျသွားနိုင်သည့် အနေအထားဖြစ်နေသဖြင့်ပင်။



စုယွဲ့က ယခုတလော အစားကောင်းကောင်းစားနေသည်ကို သိသော်လည်း ၀မလာသဖြင့် ဟန်အိုက်ကော ပူပန်နေရပြန်သည်။ စုယွဲ့အား ကုလားထိုင်ပေါ်တွင် ချပေးလိုက်ကာ အင်္ကျီလက်ကို ခေါက်တင်၍ မီးဖိုခန်းထဲသို့ ၀င်သွားခဲ့သည်။ " ကိုယ် ခေါက်ဆွဲသွားလုပ်ပေးမယ်။ "



စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " နည်းနည်းလေး ပိုလုပ်လိုက်ပါလား၊ ရှင်လည်း ဗိုက်မ၀သေးဘူးမလား။ ကျွန်မပဲ အကုန်စားပစ်လိုက်လို့လေ။ " 



ဟန်အိုက်ကော၏ စိုးရိမ်နေသည့်အမူအရာကြောင့် စုယွဲ့ သူမဗိုက်လေးကို ပွတ်သပ်လိုက်မိသည်။ ဗိုက်ထဲက ကလေးလေးက တကယ်အစားကြီးတဲ့ဟာလေးပဲ ဖြစ်ရမယ်လို့ သူမထင်သည်။ မဟုတ်ပါက သူမ ဘာလို့ ဒီလောက်စားနေမှာတဲ့လဲ။ တစ်နေ့သုံးနပ်စားသည်က မ၀သဖြင့် တစ်နေ့ကို လေးထပ်ငါးထပ်အထိ စားနေမိကာ  သရေစာများကလည်း ပါသေးသည်။ ထို့အပြင်သာမဟုတ်ဘဲ အ၀စားပြီးမှ အိပ်သည်ကိုတောင် ညလယ်ကြရင် ဗိုက်ဆာ၍နိုးလာတက်ပြီး ပြန်အိပ်၍လည်းမရ ဖြစ်တက်သေးသည်။ 



ဟန်အိုက်ကောရလာသည့် အစားအသောက်လက်မှတ်များနှင့် သူမ ရထားသည့် အစားအသောက်လက်မှတ်များသည်လည်း ဆက်တိုက်စားနေသော သူမကြောင့် ကုန်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ စုယွဲ့ ဟန်အိုက်ကောအား တိုင်ပင်လိုက်သည်။ " ယောက်ျားရေ၊ ဒီလိုပဲ ဆက်စားနေရင် ကျွန်မတို့တော့ မွဲတော့မယ်ထင်တယ်။ လက်မှတ်တွေလည်း သိပ်မကျန်တော့ဘူး။"



အိမ်တွင် သိပ်မကျန်တော့သည်ကို ဟန်အိုက်ကောလည်း သိသည်။ သို့သော်လည်း စုယွဲ့က်ိုတော့ နှစ်သိမ့်ပေးလေသည်။ " ရပါတယ်၊ မင်း စားချင်သလောက်သာစား။ ဟုတ်ပြီလား။ မလောက်ရင် ရဲဘော်တွေဆီက ချေးလိုက်မယ်။ နောက်မှ ပြန်ဆပ်လိုက်မယ်။ "



စုယွဲ့လည်း တခြားနည်းလမ်းမရှိသည်ကို သိ၍ သူမလည်း ရွှီးချန်ထံမှ နည်းနည်းလောက်ချေးကြည့်ရမယ်လို့ တွေးနေခဲ့သည်။ သူတို့အိမ်က အဆင်ပြေတော့ လက်မှတ်တွေ အပိုအလျှံရှိလောက်မှာပါ။ 



ဗိုက်ထဲမှ အစားကြူးတဲ့ ဘုရင်လေးကြောင့် သူမတို့လင်မယားနှစ်ယောက်လုံး လိုက်လံချေးငှားရတော့မည်က်ိုတွေးကာ စုယွဲ့ ဗိုက်ပူပူလေးကို ရိုက်လိုက်ပြီး အထဲမှကလေးလေးကို ဆူလိုက်သည်။ " ကြည့်ပါဦး၊ ဗိုက်ထဲမှာပဲ ရှိသေးတာတောင် ဒီလောက်စားနေရင် အပြင်ကိုရောက်လာရင် ဘယ်လောက်တောင်စားလိုက်မလဲ၊ ဟမ့်။ မားမားတို့ မတက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ နည်းနည်းလောက် လျှော့စားစမ်းပါ။ " 



အမေဖြစ်သူက ဆူနေသည်ကို သိသည့်အလား မကျေနပ်ဟန်ဖြင့် ဗိုက်ထဲမှကလေးလေးက ခြေထောက်ကိုဆန့်ကာ စုယွဲ့ ဗိုက်ကို ကန်လိုက်လေသည်။ 



စုယွဲ့သည် မထင်ထားမိ၍ အကန်ခံလိုက်ရသည့်အခါ " အ့ " ခနဲအော်လိုက်မိသည်။ 



ဟန်အိုက်ကောလည်း သူမ၏ အသံကြောင့် ပြေးထွက်လာကာ စိုးရိမ်တကြီးဖြင့် မေးခဲ့သည်။" ဘာလို့လဲ ၊ ဗိုက်နာလို့လား။ " 



စုယွဲ့က သူမဗိုက်ပေါ်တွင် လက်ကိုတင်ထားရင်း ပြန်ဖြေပေးလိုက်သည်။ " ဒီကလေးလေးက ခုနကလေးတင် ကျွန်မကို ကန်လိုက်တာ။ နည်းနည်းလေးဆူလိုက်တဲ့ဟာကို ပြန်ကန်တာလေ။ ငဂျစ်လေးပဲ။ "



ပြောပြီးနောက်တွင် ကလေးလေးက ထပ်ကန်ပြန်သည်။ သုံးကြိမ်ဆက်တိုက် ကန်နေကာ မသိပါက သူမ၏ ဗိုက်အား လက်ဝှေ့ထိုးနေသလိုပင်။ 



ဟန်အိုက်ကော စုယွဲ့၏ ဗိုက်ပေါ်လက်တင်ထားကာ ကလေးလေး၏ လှုပ်ရှားနေမှုကို ခံစားနေခဲ့သည်။ ခဏအကြာတွင် ဗိုက်ပေါ်သို့ မျက်နှာအပ်ကာ အထဲမှ ကလေးလေး၏ လှုပ်ရှားမှုကို နားစွင့်နေပြန်သည်။ 



အထဲထဲမှ ကလေးလေးသည် အဖေဖြစ်သူ၏ မျက်နှာအား တစ်ချက်ကန်လိုက်ပြန်သည်။ စုယွဲ့သည် ဟန်အိုက်ကောနာသွားလားဟု စိုးရိမ်နေသော်လည်း ငတုံးဖေဖေကြီးကတော့ ရယ်နေခဲ့သည်။ ပြီးနောက်တွင်လည်း အကန်ခံလိုက်ရသည်က အတော်လေး ဂုဏ်ယူစရာကိစ္စကြီးတစ်ခုနှယ် ပြုံးနေသည်မှာ မပြီးတော့ချေ။



ထိုသည်ကို ကြည့်ကာ စုယွဲ့ခေါင်းခါလိုက်မိသည်။ အဖေဖြစ်သူကလည်း ကယ်မရတော့ဘူးပဲ။



အတော်လေးကြာမှသာ ဟန်အိုက်ကောက ပြန်ဖယ်သွားကာ စုယွဲ့ဆီ ခေါက်ဆွဲ ယူလာပေးခဲ့သည်။ " ဗိုက်မ၀သေးလို့ အဲ့ကလေးက ဆန္ဒပြနေတာနေမှာ ။ ဗိုက်၀သွားရင်တော့ ငြိမ်သွားမှာပါ ။ "



စုယွဲ့လည်း ဘာတက်နိုင်တော့မှာလဲ။ သူမ၏ မျက်နှာထက်ပင်ကြီးသော ပန်းကန်လုံးထဲတွင် ခေါင်းစိုက်လိုက်ကာ စားရတော့တာပေါ့။ ထိုအခါမှသာ စုယွဲ့လည်း နေလို့ကောင်းသွားတော့သည်။ 



ဗိုက်ထဲမှ ကလေးလေးသည်လည်း ကျေနပ်သွားသည့်ပုံပင်။ ဘာမှထပ်၍ ပြဿနာမရှာတော့ဘဲ ကန်နေခြင်းလည်းမရှိတော့ချေ။



စုယွဲ့ စိတ်ညစ်သွားမိပြန်သည်။ " ရှင်ပြောကြည့်ပါလား။ အထဲက ကလေးလေးက မိန်းကလေးသာဆိုရင် ဘယ်လိုဖြစ်မလဲလို့လေ။ ဒီလောက် အစားကြူးပြီး စိတ်လည်းကြီးတဲ့ ကောင်မလေးကို လက်ထပ်မယ့်သူရော ရှိပါ့မလား။ "



ဟန်အိုက်ကောက စုယွဲ့၏ စကားကြောင့် ဘာပြန်ပြောမည်မသိ ဖြစ်သွားပြန်သည်။ ပြီးမှသာ စုယွဲ့၏ နှာခေါင်းလေးအား ခပ်ဖွဖွညှစ်ကာ " ဘာတွေပြောနေတာလဲ။ ဘာဖြစ်လဲ တက်တက်ကြွကြွနဲ့ ကောင်းတာပဲလေ မိန်းကလေးဆိုရင်လည်း။ မပွင့်တပွင့်နဲ့ဆိုရင် ယောက်ျားလေးတွေဆီက အနိုင်ကျင့်ခံနေရမှာပေါ့။ "



စုယွဲ့ - " ... သွားပြီပဲ၊ ဟန်အိုက်ကော ရှင်လည်း နောက်ဆိုရင် သမီးလေးအတွက် အစေခံဖေဖေကြီးဖြစ်လာတော့မှာ။"



ဟန်အိုက်ကောက နားမလည်ချေ။ " အစေခံဖေဖေကြီးက ဘာလဲ။ "



စုယွဲ့ ဟန်အိုက်ကော၏ ရင်ခွင်ထဲသို့တိုး၀င်ကာ ပြန်ရှင်းပြလိုက်သည်။ " အစေခံဖေဖေကြီးဆိုတာက သမီးတွေကို အရမ်းချစ်တဲ့အဖေတွေကိုပြောတာ။ သမီးတွေ လိုချင်တာ အကုန်၀ယ်ပေးပြီး ဖြစ်ချင်တာ အကုန်လုပ်ပေးတဲ့ အဖေတွေလေ။ သမီးတွေကို ရိုက်လည်းမရိုက်ပဲ အကောင်းဆုံးတွေချည်းပဲ ပေးချင်တဲ့ အဖေတွေကို ခေါ်တာ "



ထိုသို့ကြားသည့်အခါ ဟန်အိုက်ကောက အတည်ပေါက်တွေးရင်း ပြန်ပြောလာသည်။ " မင်းနဲ့တူတဲ့ သမီးလေးသာဆိုရင် ကိုယ် တကယ်လည်း ရိုက်ရက်မှာမဟုတ်ဘူး။ ဆူလည်း မဆူရက်လောက်ဘူး။ သမီးလေးက မင်းနဲ့တူရင် အတော်လေးလည်း ချစ်ဖို့ကောင်းမှာပဲ။ အဲ့လိုသာဆို ကိုယ်ငိုသွားမှာစိုးလို့ ထ်ိတောင်ထိရက်မှာ မဟုတ်ဘူး။ "



ယင်းစကားများကြောင့် စုယွဲ့မျက်နှာက ရဲလာတော့သည်။ 



တကယ်ပါပဲ၊ ဒီလူရဲ့ ချစ်စကားတွေက ချိုလွန်းလို့ သူမ မခံနိုင်တော့ဘူး။