အပိုင်း ၆၉
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၆၉ - ကိုယ်အလေးချိန်ကျခြင်းနှင့် သွေးခုန်နှုန်းစမ်းသပ်ခြင်း




ဗိုက်ထဲရှိ အစားပုတ်ကလေး၏ ကျေးဇူးကြောင့် စုယွဲ့ ရွှီးချန်ထံမှ ဆန်ချေးလိုက်ရသည်။ 



ချေးငှားရသည့် အကြောင်းအရင်းကို ကြားသည့်အခါ ရွှီးချန် အံ့သြသွားပြီး စုယွဲ့၏ ဗိုက်ကိုကိုင်ကြည့်ရင်း မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးခဲ့သည်။ " တကယ် အဲ့လောက်တောင် စားနိုင်တယ်လား။ "



စုယွဲ့က သူမကိုယ်သူမ ခုခံပြောဆိုလိုက်သည်။ " ညီမ စားနိုင်တာ မဟုတ်ဘူး။ ဗိုက်ထဲကကလေးက စားနိုင်တာ။ ကြည့်ပါလား ညီမမှာ အသားတောင်မကျန်တော့ဘူး။ "



ရွှီးချန် - " ဟုတ်တယ်၊ ညီမကို ကြည့်ရတာ အရင်ကထက် ပိန်သွားသလိုပဲ။ စားလွန်းလို့များ ဗိုက်က ဒီလောက်ထိ ပူနေတာလား။ အဲ့လိုလည်း မဖြစ်နိုင်ဘူး။ ကိုယ်၀န်ဆောင်သည်တွေက အနည်းနဲ့အများတော့ ၀လာကြတာပဲလေ။ ဒီလောက်စားနေတယ်ဆိုရင် ၀လာသင့်တာကို၊ ဘာလို့ စုယွဲ့ကကြ ပိန်သွားရတာလဲ မသိဘူး။ "



စုယွဲ့ သူမ၏ ဗိုက်လေးကို ခပ်ဖွဖွပုတ်လိုက်သည်။ " အဲ့ဒါကြောင့်ပြောတာ ဗိုက်ထဲမှာ အစားကြူးတဲ့ဘီလူးလေးရှိနေတာပဲနေမှာလို့။ ဒီကလေးလေးက အစားကြီးလွန်းတော့ ညီမ စားလိုက်သမျှက သူ့ဆီပဲရောက်သွားတာနေမှာ။ အမေဖြစ်သူကိုတောင် လုံး၀ ဂရုမစိုက်တဲ့ပုံပဲ။ "



ရွှီးချန် စုယွဲ့၏ ဗိုက်အား ဂရုတစိုက်ကြည့်လိုက်မိကာ မျက်မှောင်ကြုံ့လိုက်မိသည်။ " စုယွဲ့၊ အစ်မက ဆရာ၀န်ဖြစ်တာ နှစ်တွေကြာနေပြီဆိုပေမယ့် ကိုယ်၀န်ဆောင်ပြီးနောက် နင့်လောက်စားနိုင်တဲ့သူကို မတွေ့ဖူးသေးဘူး။ ပြီးတော့ ဗိုက်ကိုကြည့်ရတာလည်း တစ်မျိုးပဲနော်။ အစ်မမှတ်မိသလောက်ဆို အခုမှ ငါးလကျော်ရုံပဲ ရှိသေးတာမလား။ "



" ဟုတ်တယ်၊ အစ်မ။ ငါးလကျော်ကျော်ပဲ၊ ခြောက်လတော့တော့မပြည့်သေးဘူး။ " စုယွဲ့ ဗိုက်ကို ငုံ့ကြည့်ကာ ပြောခဲ့သည်။ " ဘာဖြစ်လို့လဲ အစ်မ။ ဗိုက်က အရမ်းကြီးနေလို့လား။ တစ်ချို့ဆို ညီမကို ခုနစ်လလောက် ရှိပြီထင်နေကြတာ။ " 



ရွှီးချန် - " နင့်ရဲ့ ဗိုက်က တကယ်လည်း တော်တော်လေး ပူနေတာကိုး ။ ငါးလကျော်ရုံလို့ ထင်ရက်စရာမရှိဘူး။ အစ်မလည်း နီနီလေးကို လွယ်ထားတုန်းက အများကြီးစားတာပဲ။ အိမ်မှာကလည်း ပြတ်လပ်နေတာမရှိတော့ တော်တော်လေးကို စားခဲ့တာပဲ။ နီနီလေးမွေးတုန်းကဆို ခုနစ်ပေါင်လောက်ရှိတယ်။ ဒါပေမယ့် အစ်မဗိုက်က အခုစုယွဲ့ရဲ့ ငါးလဗိုက်လောက်တောင် မပူခဲ့ဘူး။ "



စုယွဲ့ တံတွေးမျိုချလိုက်ကာ သေချာပြန်မေးလိုက်သည်။ " ဒါဆို ညီမဗိုက်ထဲက ကလေးကရော ဘယ်လောက်တောင် ကြီးနေလောက်လဲ။ ဘယ်နှစ်ပေါင်လောက်ရော ရှိမယ်ထင်လဲ။ "



မေးရင်းဖြင့် စုယွဲ့ ကြောက်လာမိသည်။ " အဲ့လိုသာဆို ညီမမွေးနိုင်ပါ့မလား။ အဲ့လောက်ကြီးတဲ့ ကလေးကိုလေ။ အမေရေ အမေ့သမီးတော့ ဒုက္ခရောက်တော့မှာပဲ။ " စုယွဲ့ မစိုးရိမ်ဘဲ မနေနိုင်ပါ။ ဒီခေတ်ရဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များက မဖွံ့ဖြိုးသေးတာကြောင့် မီးဖွားလျှင် လွယ်ကူပါ့မလား။ သူမ ဖြတ်ကျော်နိုင်ပါ့မလား။ 



ရွှီးချန်လည်း စုယွဲ့ကဲ့သို့ စိုးရိမ်သွားသည်။ စုယွဲ့၏ ဗိုက်အရွယ်အစားနဲ့ဆို ကလေးက တော်တော်လေးထွားလောက်သည်။ အဲ့လိုဆို စုယွဲ့မွေးနိုင်ပါ့မလား။ မိခင်မှ သေမတက်ခံစားရပြီးမှသာ မွေးဖွားရလောက်ပေသည်။ နီနီတုန်းကတောင် ခြောက်ပေါင်ကျော်ရုံလေးကို သူမမှာ သေမတက်အားစိုက်ကာ မွေးခဲ့ရတာဖြစ်သည်။ စုယွဲ့လိုသာ မွေးရမယ်ဆို ..... သူမ တွေးတောင်မတွေးရဲတော့ဘူး။ 



အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိုးရိမ်နေခဲ့ကြသည်။ ရွှီးချန်က ပြောသည်။ " ကလေးက ထပ်ထွားလာလို့ မဖြစ်ဘူး။ အရမ်းထွားနေရင် မွေးရခက်လိမ့်မယ်။ စားတာကို နည်းနည်းလောက် လျှော့လိုက်ရင်ရော ဘယ်လိုလဲ။ သိပ်မစားဘဲ လှုပ်လှုပ်ရှားရှား များများလုပ်ပေးကြည့်ပါလား။ ကလေးကို အရမ်းမထွားစေနဲ့။ အဲ့ဒါက ကလေးအတွက်ရော လူကြီးအတွက်ပါကောင်းတယ်။ "



ရွှီးချန်ပြောတာမှန်တယ်လို့ စုယွဲ့ထင်သည်။ ကလေးက အရမ်းထွားနေပြီဆိုတော့ ဒီ့ထက်ထွားလာလို့ မဖြစ်လောက်ဘူး။ ဒီ့ထက်သာ ထွားလာရင် မလွယ်ကူတော့ပေ။ ကြည့်ရတာ သူမ စားတာကို လျှော့စားမှဖြစ်တော့မယ် ထင်တယ်။ 



မီးမဖွားခင်အထိ ရက်ချိန်းပြကြကာ ကလေးထံ၌ မျိုးရိုးလိုက်သည့်ရောဂါများ ပါ မပါကို ကြိုတင်စစ်ဆေးနိုင်ပြီး ကလေး၏ အနေအထားမှန်မမှန်ကိုပါ စမ်းသပ်နိုင်သည့် နောင်အနာဂတ်အချိန်ကို စုယွဲ့သတိရမိသည်။ သို့သော်လည်း ယခုခေတ်မှ လူများသည် အသိဉာဏ်မပွင့်လင်းကြသေးကာ ဆေးရုံဆေးခန်းသည်လည်း အများအပြားမရှိသဖြင့် သူမလိုချင်သလို စမ်းသပ်စစ်ဆေးနိုင်မည် မဟုတ်လောက်ချေ။ " အစ်မတို့ ဆေးရုံမှာ ဘီ-အာထရာဆောင်း ရှိလား။ "



" ဘီ -အာထရာဆောင်းလား? " ရွှီးချန် အံ့သြသွားကာ ပြန်မေးခဲ့သည်။ " အဲ့ဒါကိုလည်း သိတာပဲလား။ "



စုယွဲ့ ချက်ချင်းဆိုသလို တုံးအချင်ယောင်ဆောင်ကာ ရယ်ပြလိုက်သည်။ " ဘီ-အာထရာဆောင်းနဲ့ဆို ဗိုက်ထဲကကလေးကို ကြည့်လို့ရတယ်လို့ သူများတွေပြောတာ ကြားဖူးလို့ပါ။ အဲ့ဒါကြောင့် မေးကြည့်တာ။ ရှိရင် ဗိုက်ထဲက ကလေးကို စစ်ကြည့်ချင်လို့လေ။ " တိတိကျကျပြောရပါက ယခုခေတ် တရုတ်ပြည်၌ ဘီ-အာထရာဆောင်းစက်များ ရှိမရှိကို စုယွဲ့ သေချာမသိပါ။



ထိုသို့ကြားသည့်အခါ ရွှီးချန်သည် သံသယ မ၀င်တော့။ " နိုင်ငံခြားမှာတော့ရှိပေမယ့် တရုတ်မှာတော့ မရှိသေးဘူး။ တကယ်က ဒီကဆရာ၀န်တွေလည်း ဘီ-အာထရာဆောင်းကို ဒီမှာ အသုံးပြုကြဖို့ အဆိုပြုပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ "



စုယွဲ့ စိတ်ပျက်သွားမိသည်။ " ကလေးလေးမှာ တစ်ခုခုများ ဖြစ်နေလားဆိုပြီး ဆေးရုံကိုသွားကြည့်ကြည့်မလို့ကို အခုတော့ ဆေးရုံသွားလည်း မထူးလောက်တော့ဘူးပဲ။ "



ထိုသည်က အမှန်ဖြစ်သည်။ ပြောရရင် ဆေးပညာကလည်း မတိုးတက်သေးသလို ပြည်တွင်းနည်းပညာများကလည်း ခေတ်နောက်ကျလွန်းသည်။ ရွှီးချန် ပြုံးလိုက်မိသည်။ " ဆေးရုံကို သွားဖို့မလိုပါဘူး။ ကလေးကို ပြကြည့်ချင်ရင် အစ်မအဘိုးဆီကို ခေါ်သွားပေးမယ်။ အစ်မအဘိုးက ဆေးကုတဲ့နေရာမှာ အတွေ့အကြုံလည်းရှိပြီး တော်တော်လေးလည်း တော်တဲ့သူတစ်ယောက်ပဲ။ သွေးခုန်နှုန်းစမ်းပြီး ကလေးမှာ တစ်ခုခုဖြစ်နေလားဆိုတာကို ပြောပြပေးနိုင်တယ်။ အစ်မလည်း အဘိုးဆီကနေ တော်တော်များများကို သင်ထားတာပဲလေ။ ဒါပေမယ့် အဘိုးလောက်တော့ ဘယ်တော်ပါ့မလဲ။ အစ်မကိုယ်၀န်ရှိတုန်းကလည်း အဘိုးပဲ တစ်လတစ်ခါ သွေးခုန်နှုန်းစမ်းပေးတာ။ "



ထိုသို့ကြားသည့်အခါ စုယွဲ့ ပျော်သွားသည်။ သူမသည် တိုင်းရင်းဆေးများအကြောင်းကို သေချာမသိသော်လည်း သွေးခုန်နှုန်းကို ကျွမ်းကျင်စွာ စမ်းတက်သူများသည် ရောဂါအခြေအနေကို တိတိကျကျ ပြောပြနိုင်သည်ကိုတော့ စုယွဲ့သိသည်။ အစ်မရွှီးချန်ရဲ့အဘိုးကို ပြပြီးရင်တော့ သူမလည်း စိတ်အေးနိုင်ပြီ။ " အစ်မရွှီးချန်၊ ဒါဆိုလည်း ညီမ အားမနာတော့ဘူးနော်။ အိမ်ကဟန်အိုက်ကော နားရက်ရရင် အစ်မအဘိုးဆီလိုက်ပို့ပေးပါ။ ညီမ ပြကြည့်ချင်လို့။ "



ရွှီးချန်ကလည်း သဘောတူသည်။ " အားနာဖို့လည်း မလိုပါဘူး။ အစ်မကို ကြိုပြောလေ။ အဲ့လိုဆို အစ်မလည်း နားရက်ကို ကြိုယူပြီး အဘိုးဆီလိုက်ပို့ပေးမယ်။ "



စုယွဲ့က မေးခဲ့သည်။ " ဒါဆို အဘိုးက ဘာတွေစားရတာ ကြိုက်လဲဟင် ။ ဒါမှမဟုတ် ၀ါသနာတစ်ခုခုများရှိလား။ ညီမပြင်ဆင်ထားပြီး ယူသွားရအောင်လို့ပါ။ လက်ဗလာကြီးနဲ့ သွားရင် ရိုင်းသလိုဖြစ်နေမှာစိုးလို့။ "



ရွှ်ိီးချန်က ဘာမှယူသွားဖို့မလိုဘူးဟု ပြောချင်သော်လည်း စုယွဲ့၏ အကျင့်ကို နားလည်နေ၍ ပြောခဲ့သည်။ " ဒါဆိုလည်း စုယွဲ့ လုပ်နေကြ ကိတ်လေးပဲ လုပ်ခဲ့လိုက်လေ။ နူးနူးညံ့ညံ့လေးဆိုတော့ အဘိုးလည်း ကြိုက်လောက်တယ်။ " 



" ဟုတ်ကဲ့ပါ " စုယွဲ့ ရွှီးချန်နှင့် သဘောတူညီမှုယူလိုက်ကာ ရွှီးချန်ထံမှ လက်မှတ်များနှင့်အတူ အိမ်ပြန်လာလိုက်သည်။ 



သူမဗိုက်ထဲမှ ကလေးလေးအား ဆက်၍ မကြီးစေချင်သဖြင့် စုယွဲ့ အစားအသောက်လျှော့မည်ဟု တွေးထားသည်။ 



သို့ဖြစ်၍ ထိုညတွင် စုယွဲ့သည် တစ်ပန်းကန်စားပြီးသည်နှင့် တူကိုချကာ ဆက်မစားတော့ချေ။ 



ဟန်အိုက်ကောက အံ့သြသွားခဲ့သည်။ " ဘာလို့မစားတော့တာလဲ။ အိုးထဲမှာလည်း ထမင်းတွေကျန်သေးတယ်လေ။ "



စုယွဲ့ အိုးကိုမျက်နှာလွှဲကာ စားချင်စိတ်အား ချုပ်တည်းလိုက်သည်။ " ကျွန်မ ...ကျွန်မ ဗိုက်ပြည့်နေပြီ။ ထပ်မစားချင်တော့ဘူး။ "



ဟန်အိုက်ကောက အဲ့ဒါကို မယုံချေ။ တစ်ခါစားလျှင် သုံးပန်းကန်စားနေကြလူက ဘယ်လိုလုပ်ပြီး တစ်ပန်းကန်တည်းနဲ့ ၀မှာတဲ့လဲ။ စုယွဲ့ နဖူးကို စမ်းကြည့်လိုက်ကာ မေးခဲ့သည်။ " နေမကောင်းလို့လား။ မဟုတ်ရင် ဘာလို့လဲ။ ခံတွင်းမတွေ့လို့လား။ " 



စုယွဲ့ ဟန်အိုက်ကော လက်ကိုဖယ်လိုက်သည်။ " အဆင်ပြေပါတယ်၊ ခံတွင်းလည်းတွေ့ပါတယ်။ ဘာဖြစ်ရမှာလဲ။ "



စုယွဲ့၏ အဖြေကြောင့် ဟန်အိုက်ကော မျက်မှောင်ကြုံ့သွားခဲ့သည်။ " ဗိုက်မ၀သေးဘဲနဲ့ တမင်မစားတော့တာလား။ "



စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " အစားကို ထိန်းစားမလို့၊ မဟုတ်ရင် ကလေးက အရမ်းထွားနေရင် မီးဖွားရခက်မှာစိုးလို့။ "



ဟန်အိုက်ကောက ငြိမ်ကျသွားကာ စကားမပြောတော့ချေ။ စုယွဲ့ရဲ့ ဗိုက်ပူပူလေးကို ကြည့်ပြီး ဘာပြန်ပြောရမည်ကိုမသိတော့ဘူး။ သူလည်း စိုးရိမ်နေခဲ့တာဖြစ်ပြီး ထုတ်မပြောခဲ့ရုံသာ။ ဗိုက် အလွန်ပူနေခြင်းက အထဲမှကလေးက အရမ်းထွားနေသည့်သဘောပင်ဖြစ်သည်။ စုယွဲ့သည် ပိန်ပိန်လေးပဲရှိကာ ပထမဆုံးအတွေ့အကြုံလည်းဖြစ်၍ မွေးဖွားရာ၌ သူမနှင့်ကလေးအတွက် အန္တရာယ်ရှိနိုင်သည်။ သို့သော်လည်း ဗိုက်ဆာနေသည်ကို မကြည့်ရက်၍ မစားနဲ့ဟုလည်း မတားဖြစ်ခဲ့တာပင်။ 



စုယွဲ့၏ ဆုံးဖြတ်ချက်ကို ကြားသည့်အခါ ဟန်အိုက်ကော မျက်စိစုံမှိတ်၍ ထပ်စားရန် မတိုက်တွန်းတော့ဘဲ မီးဖိုခန်းထဲသို့ ပြန်သွားကာ ခရမ်းချဥ်သီးနှင့်ကြက်ဥစွပ်ပြုတ်ကို ထည့်လာပေးလိုက်သည်။ " ဒါဆိုလည်း စွပ်ပြုတ်လေးတစ်ခွက်လောက် ထပ်သောက်လိုက်။ စွပ်ပြုတ်ကတော့ ၀မလာစေလောက်ပါဘူး။ "



စုယွဲ့သည် ဗိုက်ဆာနေသေးသဖြင့် စွပ်ပြုတ်ကို ငြင်းမနေဘဲ ယူကာ ချက်ချင်းသောက်ပစ်လိုက်သည်။ 



ဖြစ်ချင်တော့ စွပ်ပြုတ်တစ်ပွဲတည်းက အသုံးမ၀င်ချေ။ဗိုက်ဆာနေဆဲပင် ဖြစ်ကာ စွပ်ပြုတ်သောက်ပြီးနောက်တွင် ပိုတောင်ဆာလာသလိုပင်။ ဖြစ်နိုင်ပါက မီးဖိုခန်းထဲ ပြေး၀င်သွားကာ ထပ်သောက်ပစ်လိုက်ချင်သည်။ 



စုယွဲ့မှာ ဗိုက်ဆာလွန်းလို့ သူမအား ပန်းကန်လုံးကိုကျွေးလျှင်တောင် ၀ါးစားပစ်လိုက်နိုင်သည်ဟု ထင်မိသည်။ သို့သော်လည်း ဗိုက်ထဲမှ ကလေးလေးနှင့် သူမကိုယ်တိုင်အတွက် စဥ်းစားကာ စားချင်စိတ်ကို ချုပ်တည်းလိုက်ပြီး ထရပ်ကာ အခန်းထဲသို့၀င်ပုန်းနေလိုက်တော့သည်။ ဟန်အိုက်ကော စားနေသည်ကိုလည်း ထပ်မမြင်ချင်တော့ပေ။



စုယွဲ့ကို ထိုသို့ မြင်နေရ၍ ဟန်အိုက်ကောလည်း ဆက်မစားနိုင်တော့သဖြင့် မစားတော့ဘဲ သိမ်းဆည်းလိုက်ကာ အခန်းထဲသို့ လိုက်၍ အဖော်လုပ်ပေးလိုက်သည်။ 



စုယွဲ့သည် အိပ်နေလျှင်တော့ ဗိုက်မဆာလောက်တော့ဘူးဟု တွေးကာ စောစောအိပ်ရာ၀င်လိုက်သည်။ သို့သော်လည်း သူမ၏ အတွေးက တကယ့်ကို ရိုးစင်းလွန်းသွားခဲ့သည်။ ညလယ်တွင် ဗိုက်ဆာလွန်းသဖြင့် စုယွဲ့ နိုးလာလေသည်။ သူမစိတ်ထဲ၌ တွေးနေမိသည်က ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်လို့။ စားချင်တယ်၊ စားချင်တယ်လို့ ဟူသည့်အတွေးများပင် ဖြစ်သည်။ 



ဗိုက်ဆာလွန်း၍ ရူးသွားမလားတောင် စုယွဲ့ မသိတော့ပေ။ ဗိုက်ဆာလွန်းသဖြင့် အံကြိတ်ကာ တံတွေးကိုသာ မျိုချနေရသည်။ စုယွဲ့မှာ ငယ်စဥ်ကတည်းက ဤမျှလောက် တစ်ခါမှ ဗိုက်မဆာခဲ့ဖူးပေ။ 



ဗိုက်ထဲမှ ကလေးလေးကလည်း ဗိုက်ဆာသည်ကို မခံနိုင်တော့သည့်ဟန်ဖြင့် ဆန္ဒပြလာတော့သည်။ တစ်ညလုံး အငြိမ်နေဘဲ သူမ၏ ဗိုက်အား အထဲမှနေ ဟိုကန်သည်ကန်လုပ်နေခဲ့သည်။ သို့ဖြစ်၍ စုယွဲ့မှာ တစ်ချက်ကလေးပင် အငြိမ်မနေရရှာပေ။ 



စိတ်ကိုလှည့်စားကာ ဗိုက်ပြည့်နေသည်ဟု တွေးကြည့်သော်လည်း နာရီ၀က်ခန့်သာ အလုပ်ဖြစ်ကာ ပြီးနောက်တွင်တော့ ပို၍တောင် ဗိုက်ဆာလို့လာသည်။ ဗိုက်ထဲမှ အစားပုတ်လေးကတော့ တစ်ချက်မရပ်ဘဲ ဆန္ဒဆက်ပြနေသည်။ စားချင်သည်ကို မစားရမချင်း ရပ်မည့်ပုံမပေါ်ပါ။ 



စုယွဲ့ စိတ်ညစ်ကာ ကိုယ့်ကိုယ်ကို သနားမိသွားသည်။ စားလည်း ဗိုက်ဆာ၊ မစားလည်း ဗိုက်ဆာဖြစ်နေကာ မီးဖွားရခက်မည်စိုး၍ အစားလျှော့စားချင်ပါသော်ငြား အစားပုတ်လေးကတော့ ထိုသို့ ဆန္ဒရှိသည့်ပုံ လုံး၀မရှိချေ။ 



သူမလောက် သနားဖို့ကောင်းတဲ့ ကိုယ်၀န်ဆောင်သည်ရော ရှိပါ့မလား။ 



စုယွဲ့ တွေးရင်းဖြင့် ၀မ်းနည်းကာ တရှုံ့ရှုံ့ ရှိုက်ငိုမိသည်။ 



စုယွဲ့၏ အသံကြောင့် ဟန်အိုက်ကောလည်း နိုးလာကာ ငိုနေမှန်းသိသည့်အခါ အိပ်ခန်းထဲမှ မီးကိုပြန်ဖွင့်လိုက်သည်။ စုယွဲ့သည် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ငိုနေပြီး ခေါင်းအုံးလည်း ရွှဲစိုနေပြီ။ 



ဟန်အိုက်ကော သူမလေးအား ထူလိုက်ကာ ပွေ့ဖက်လိုက်ပြီး မျက်ရည်များကို သုတ်ပေးရင်း စိုးရိမ်တကြီးမေးမိသည်။ " ဘာဖြစ်တာလဲ။ ဗိုက်က နေရတာအဆင်မပြေလို့လား။ ခြေထောက်ကြွက်တက်တာလား။ " လို့ မေးခွန်းများမေးရင်း စုယွဲ့ ခြေသလုံးကို နှိပ်ပေးခဲ့သည်။ 



စုယွဲ့က ၀ါးခနဲ အော်ငိုကာ ဟန်အိုက်ကော၏ လည်ပင်းအား ဖက်၍ ကလေးတစ်ယောက်နှယ် ၀မ်းနည်းတကြီး ငိုနေခဲ့သည်။ 



စုယွဲ့ကြောင့် ဟန်အိုက်ကောသည် ဘာလုပ်ရမည်မသိဖြစ်သွားကာ အိပ်ရာထဲမှထွက်၍ သူမအား ပွေ့ကာ တံခါးဆီသို့ ပြေးသွားလိုက်မိသည်။ " မငိုနဲ့နော်၊ မငိုနဲ့တော့နော်။ ကိုယ် ဘာဖြစ်နေလဲသိရအောင် ဆေးရုံကို ခေါ်သွားပေးမယ်လေ၊ မငိုနဲ့တော့နော်။ "



စုယွဲ့ ခေါင်းခါကာ ငိုနေရင်းဖြင့် ပြောခဲ့သည်။ " မသွားလည်းရတယ်။ အဆင်ပြေတယ်။ နေမကောင်းလို့ မဟုတ်ဘူး။ " 



ဟန်အိုက်ကောက စိုးရိမ်လွန်းသဖြင့် နဖူးထက်၌ ချွေးများပင်စို့နေခဲ့သည်။ " ဒါဆို ဘာဖြစ်လို့လဲ။ ဘာလို့ ငိုနေတာလဲ ။ "



စုယွဲ့ ဟင့်ခနဲတစ်ချက်ရှိုက်လိုက်ကာ ဗိုက်ကို ပုတ်ပြလိုက်ပြီးနောက် အော်ကာ ငိုပြန်သည်။  " အရမ်းဗိုက်ဆာနေလို့၊ တစ်ခုခုစားချင်နေတာလို့ ၀ူးးး ၀ူးးး ၀ူးးး " 



ဟန်အိုက်ကောက သူဘယ်လို မျက်နှာထားဖြင့် ပြန်တုံ့ပြန်သင့်သည်ကို မတွေးတက်တော့သည်အထိ အံ့အားသင့်သွားခဲ့သည်။ 



ဗိုက်ဆာလို့ ၀မ်းနည်းပြီး ငိုနေတာတဲ့။ သူက တစ်ခုခုဖြစ်လို့လို့ ထင်နေတာလေ။ 



သက်ပြင်းချလိုက်ကာ ဟန်အိုက်ကော စုယွဲ့အား အိပ်ရာထဲသို့ ပြန်ခေါ်သွားလိုက်ပြီး မျက်ရည်များကိုပါ သုတ်ပေးလိုက်သည်။ " ကောင်းပြီ၊ ကောင်းပြီ၊ မငိုတော့နဲ့နော်။ ကိုယ် စားဖို့ တစ်ခုခုလုပ်ပေးမယ်လေနော်။ စားပြီးရင် ဗိုက်မဆာလောက်တော့ပါဘူး။ "



စုယွဲ့သည် ရှိုက်နေဆဲဖြစ်ကာ ခေါင်းခါပြရင်း ဟန်အိုက်ကောအား မျက်ရည်များ၀ဲနေသည့် မျက်၀န်းများဖြင့် ကြည့်နေသည်။ " ဒါပေမယ့် စားလို့မဖြစ်ဘူးလေ။ အရမ်းစားလို့ ကလေးက ထပ်ထွားလာရင် မွေးလို့မရရင် ဘယ်လိုလုပ်မလဲ။ စားလို့ မဖြစ်ဘူးလေ...."



ဟန်အိုက်ကော မျက်မှောင်ကြုံ့ကာ သက်ပြင်းချလိုက်မိသည်။ " မစားဘဲလည်း နေလို့မဖြစ်ဘူးလေ။ ဗိုက်ဆာလို့ ကောင်းကောင်းလည်း မအိပ်နိုင်ဘူးမလား။ ကလေးလေးကလည်း ဗိုက်ဆာနေမှာပေါ့။ "



စုယွဲ့ ၀မ်းနည်းသွားပြန်ကာ ငိုချင်လာမိပြန်သည်။ 



ဟန်အိုက်ကော အမြန် ချော့ရတော့သည်။ " ကောင်းပြီ၊ မငိုနဲ့တော့နော်။ ဒီတစ်ခေါက်တော့ ကိုယ်ပြောတာကို နားထောင်လိုက်နော်။ နောက်နှစ်ရက်ကြရင် ဆရာ၀န်နဲ့ သွားပြမယ်လို့ ပြောတယ်မလား။ ပြကြည့်တော့မှ ဆရာ၀န်က အစားလျှော့ဖို့ပြောရင် အဲ့တော့မှ လျှော့စားကြမယ်လေ။ ဆရာ၀န်က ဘာမှမပြောရင် လျှော့စားဖို့လည်း မလိုဘူးလေ။ အခုတော့ ဘာမှ စိတ်ပူမနေဘဲ စားလိုက်နော်။ ဟုတ်ပြီလား။ "



ဗိုက်ဆာနေသူများက ချော့ရလွယ်ပေသည်။ ထိုသို့ ကြားသည့်အခါ စုယွဲ့ ခေါင်းညိတ်ပြကာ သဘောတူသွားတော့သည်။ ဟန်အိုက်ကောအား မျှော်လင့်တကြီးကြည့်ကာ တစ်ခုခုချက်ပေးဖို့ကို ပူဆာခဲ့သည်။ ထိုအကြည့်များက ကလေးများမှ လူကြီးများထံ မုန့်ကျွေးရန်တောင်းနေသည့် အကြည့်များနှင့် တစ်ပုံစံတည်းပင်။ 



ဟန်အိုက်ကော စုယွဲ့၏ ထိုပုံစံလေးကြောင့် အသည်းယားသွားကာ နဖူးကို နမ်းလိုက်ပြိီးနောက် စားဖို့ပြင်ဆင်ပေးရန် မီးဖိုခန်းထဲသို့ သွားလိုက်သည်။



ထိုညက စုယွဲ့သည် ခေါက်ဆွဲပြုတ်ပွဲကြီးတစ်ပွဲကို စားလိုက်ရသည်။ ခေါက်ဆွဲပြုတ်အိုးမှာ အတော်လေးကြီးသော်ငြား အစအနလေးပင် ကျန်မနေတော့သည်အထိကို စားပစ်လိုက်တာဖြစ်သည်။ 



စားပြီးနောက် စုယွဲ့ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ ထိုအခါမှပဲ နေလို့ထိုင်လို့ကောင်းသွားပြီး ငိုလည်းမငိုတော့သလို ၀မ်းနည်းနေခြင်းလည်းမရှိတော့ချေ။ ခုနက ၀မ်းနည်းတကြီးငိုနေခဲ့သူမှာ သူမ လုံး၀မဟုတ်သလိုပင်။ 



ပြောင်သလင်းခါနေသည့် အိုးကိုကြည့်ကာ စုယွဲ့ နည်းနည်းတော့ရှက်သွားမိသည်။ သူမက တစ်အိုးလုံးစားနိုင်ရုံသာမကဘဲ ဗိုက်ဆာလို့ဆိုပြီး အော်ငိုလိုက်သေးတယ်။ ရှက်ဖို့ကောင်းလိုက်တာ။ 



ရှက်လွန်းလို့ ဟန်အိုက်ကောကိုတောင် မကြည့်ရဲတော့ဘူး။ 



ဟန်အိုက်ကော ကြိတ်ရယ်လိုက်မိသည်။ ထို့နောက် ဗိုက်ပူလေး စုယွဲ့အား အိပ်ရာထဲသို့ ပြန်ခေါ်သွားပေးလိုက်သည်။ ဗိုက်၀သွားပြီဖြစ်သော ဗိုက်ကြီးသည်လေးက အိပ်ရာထဲရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။ 



သို့ဖြစ်၍ အစားလျှော့စားမည့် စုယွဲ့၏ အစီအစဥ်မှာ ပထမညမှာတင် ပျက်စီးသွားကာ နောက်ထပ်လည်း ထပ်မလုပ်ဖြစ်တော့ချေ။ 



တစ်ပတ်လောက်ကြာလျှင် ဗိုက်ထဲမှကလေးက ခြောက်လပြည့်တော့မည်ဖြစ်ကာ ဟန်အိုက်ကောလည်း ထိုနေ့တွင် နားရက်ရသဖြင့် စုယွဲ့က ရွှီးချန်ကို အဘိုးဖြစ်သူထံ လိုက်ပို့ပေးရန် အကူအညီတောင်းလိုက်သည်။ 



ရွှီးချန်က စုယွဲ့ကို  မတွေ့တာ တစ်ပတ်သာရှိသေးကာ သူမအား ပြန်တွေ့သည့်အခါ အံ့သြသွားခဲ့သည်။ စုယွဲ့၏ ဗိုက်အားကြည့်ကာ မယုံနိုင်ဟန်ဖြင့် ပြောခဲ့သည်။ " အရင်တစ်ခေါက်တွေ့တုန်းက ဒီလောက်မကြီးဘူးလားလို့။ ဘာလို့ ခဏလေးအတွင်း ဒီလောက်ကြီးလာတာလဲ။ အစ်မ အမြင်မှားနေတာများလား။ "



ရွှီးချန်က စုယွဲ့၏ ဗိုက်အရွယ်အစားကြောင့် ဆွံ့အမိသွားသည်။ " အစားလျှော့စားမယ်လို့ ပြောခဲ့တယ်မလား။ လျှော့ရောစားရဲ့လား။ ကလေးကို အရမ်းကြီးမထွားစေနဲ့လေ။ "



စုယွဲ့ ရှက်ရှက်နဲ့ပဲ ဘာတွေဖြစ်ခဲ့သည်ကို ပြန်ပြောပြလိုက်ရသည်။ 



နားထောင်ပြီးနောက်တွင် ရွှီးချန်က အတောမသတ်နိုင်အောင် ရယ်နေခဲ့သည်။ " အတော်လေး ခံတွင်းတွေ့နေတာကိုး ။ ထူးတော့ ထူးဆန်းသား။ ဒီနေ့ အဘိုးနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲ မေးကြည့်ကြည့်ပေါ့။ "



စုယွဲ့လည်း ထိုသို့ပင် တွေးထားသည်။ ရွှီးချန်ရဲ့ အဘိုးကို မေးပြီး အကြံဉာဏ်တောင်းကြည့်ရမယ်။ 



နှစ်နာရီကြာပြီးနောက်တွင် ရွှီးချန် အဘိုးအိမ်သို့ရောက်သွားခဲ့သည်။ 



အဘိုးအိုက စုယွဲ့လာမယ်ဆိုတာကို သိထားပြီး အိမ်၌စောင့်နေကာ သူတို့ကို ၀မ်းသာအားရ ကြိုဆိုပေးသည်။ 



ရွှီးချန်၏အဘိုးက ဆံပင်များဖြူနေကာ အသက် ခုနစ်ဆယ် ရှစ်ဆယ်အရွယ်ဖြစ်သော်လည်း အတော်လေး လျင်မြန်သန်မာနေဆဲဖြစ်သည်။ ခြံထဲ၌လည်း တိုင်းရင်းဆေးပင်များရှိကာ အိမ်ထဲ၀င်လိုက်သည်နှင့် ဆေးနံ့များကိုရပြီး လူအများ စိတ်ကြည်သွားစေသည်။ 



အဘိုးအိုက ပြုံးပြကာ စုယွဲ့၏ ဗိုက်ကိုကြည့်ပြီး မေးခဲ့သည်။ " ရွှီးချန်ပြောတာတော့ ကလေးကို ပြချင်လို့ဆို၊ ဟုတ်လား။ " 



စုယွဲ့ တရိုတသေ ပြန်ဖြေလိုက်သည် ။ " ဆရာကြီး၊ ဗိုက်ထဲက ကလေးက ကောင်းကောင်းရှိရဲ့လား သိချင်လို့ပါ၊ တစ်ချက်လောက် ကြည့်ပေးပါဦးရှင့်။ "



အဘိုးအိုက အလျင်မလိုခဲ့ပေ။ " ဗိုက်က ဘယ်နှစ်လ ရှိပြီလဲ။ "



စုယွဲ့ -" ဒီနေ့မှ ခြောက်လပြည့်တာပါ။ "



အဘိုးအိုက မျက်ခုံးတစ်ဖက်ပင့်သွားခဲ့သည်။ " ခြောက်လကို ဗိုက်က ဒီလောက်ထွက်နေပြီလား။ ဗိုက်ကိုကြည့်ပြီး အဘက မွေးတော့မယ်တောင် ထင်နေတာ။ "



စုယွဲ့  - " ဆရာကြီးကို ပြောရရင် အခုတလော ကျွန်မ အစားတွေအရမ်းစားမိနေလို့ပါ။ တစ်ခါစားရင် ထမင်းသုံးပန်းကန်စားပြီး တစ်နေ့တစ်နေ့ကို သုံးလေးထပ်မက စားနေမိတာပါ။ ဒါတောင် ဗိုက်က ဆာချင်နေတုန်းပဲ။ စားချင်တော့ စားရင်းစားရင်းနဲ့ နောက်မှ ကလေးက အရမ်းထွားနေပြီး မီးဖွားရခက်မှာကို စိုးရိမ်လာလို့ပါ။ အဲ့ဒါကြောင့် ဆရာကြီးနဲ့ တစ်ချက်ပြကြည့်ချင်လို့ပါ။ "



အဘိုးအိုက ခေါင်းညိတ်ပြကာ သွေးခုန်နှုန်းစမ်းဖို့ ခေါင်းအုံးလေးကို ထုတ်လာပြီး စားပွဲပေါ်တင်လိုက်သည်။ " လက် ဒီပေါ်ကိုဆန့်လိုက်။ သွေးခုန်နှုန်းအရင် စမ်းကြည့်ရအောင်။ "



စုယွဲ့ လက်ဆန့်ပေးလိုက်သည့်အခါ အဘိုးအိုက သူမ လက်ကောက်၀တ်ကိုကိုင်ပြီး သေချာလေး သွေးခုန်နှုန်းစမ်းပေးခဲ့သည်။