၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၇၀ - ကလေးနှစ်ယောက်
ရှိနေကြသူများမှာ စကားမဆိုရဲကြဘဲ သွေးခုန်နှုန်းစမ်းတာရဲ့ အဖြေကိုသာ စောင့်နေကြသည်။
တိတ်ဆိတ်နေသဖြင့် စုယွဲ့ စိတ်လှုပ်ရှားလာကာ အဘိုးအို၏ မျက်နှာကို သေချာလိုက်ကြည့်နေမိသည်။ တစ်ခုခုမှားနေသည့် အမူအရာမျိုးကို မြင်ရမလားလို့ တွေးကာ ဗိုက်ထဲမှ ကလေးများ တစ်ခုခုဖြစ်နေတယ်လို့ ပြောလာမလားလို့ စိုးရိမ်နေခဲ့သည်။
သို့သော်လည်း အဘိုးအိုကတော့ စဥ်းစားနေသည့်ပုံကလွဲ၍ အခြားသောအမူအရာများကို မပြပေ။
အဘိုးအိုက ငါးမိနစ်ခန့်ကြာအောင် စမ်းသပ်နေပြီးမှသာ လက်ကိုပြန်လွှတ်ပေးပြီး မျက်ခုံးများကို တွန့်ချိုးကာ စုယွဲ့ကို ပြောခဲ့သည်။ " နောက်တစ်ဖက် ထပ်ပေးကြည့်။ "
ဘာတွေဖြစ်နေလဲ မသိ၍ စုယွဲ့ ပိုစိတ်လှုပ်ရှားလာမိသည်။ နောက်လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည့်အခါ အဘိုးအိုက ထပ်စမ်းကြည့်ပြန်သည်။
အချိန်အတော်လေးကြာမှသာ အဘိုးအိုက ပြန်လွှတ်ပေးကာ စုယွဲ့ ဗိုက်ကိုကြည့်ပြီး ရယ်ကာ ပြုံးလျက်ပြောခဲ့သည်။ " ဗိုက်က အဲ့လောက်ထွက်နေတာ မထူးဆန်းတော့ဘူး။ "
စုယွဲ့နှင့် ဟန်အိုက်ကောတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြမိသော်လည်း နှစ်ယောက်လုံး နားမလည်ကြပေ။ ဆရာကြီးက ဘာကိုဆိုလိုတာလဲ။
ဟန်အိုက်ကောက မနေနိုင်တော့ဘဲ မေးလိုက်သည်။ " ဆရာကြီး၊ ကျွန်တော့်ဇနိီးမှာ ပြဿနာတစ်ခုခုရှိနေတာလား။ ဗိုက်ထဲက ကလေးရော အဆင်ပြေရဲ့လား။ "
" စိတ်မပူနဲ့၊ စိတ်မပူနဲ့။" အဘိုးအိုက ပြုံးကာ လက်ခါပြခဲ့သည်။ " ဗိုက်ထဲက ကလေးက တစ်ခုခုတော့ မှားနေတာဟုတ်တယ်။ ဒါပေမယ့် မကောင်းတာတော့ မဟုတ်ဘူး။ ကောင်းတဲ့ဟာ။ "
ရွှီးချန်က အဘိုးဖြစ်သူရဲ့ အချိန်ဆွဲတက်မှုကို သိထားပြီးဖြစ်၍ အမြန်ပြောပြရန် ဆော်သြလိုက်သည်။ " အဘိုးရေ ပြောမှာဆိုလည်း မြန်မြန်ပြောလိုက်ပါတော့။ ဒီလူတွေအကုန် စိုးရိမ်ပြီး သေကုန်တော့မယ်။ "
" စိတ်မြန်လက်မြန်ရှိကြလိုက်တာကွာ။ ကောင်းပြီ ကောင်းပြီ။ ပြောပြမယ်။ "အဘိုးအိုက စုယွဲ့ဘက် လှည့်ကာ ပြောခဲ့သည်။ " မိန်းကလေးက အရမ်းကံကောင်းတဲ့သူပဲ။ ဗိုက်ထဲမှာ ကလေးနှစ်ယောက်ရှိနေတာ။ "
" ဟင်? " ထိုစကားများကြောင့် စုယွဲ့ အလွန် အံ့သြသွားခဲ့သည်။
ဟန်အိုက်ကောလည်း အံ့အားသင့်သွားကာ တစ်ခဏကြာသည်အထိ နှုတ်မှ ဘာစကားမှ ထွက်မလာတော့ချေ။
ရွှီးချန်က အရင်ဆုံး တုန့်ပြန်လာသူဖြစ်သည်။ " အဘိုးပြောတာက စုယွဲ့ ဗိုက်ထဲမှာ အမွှာလေးရှိနေတာလို့လား။ ကလေးနှစ်ယောက်လေ။ "
အဘိုးအိုက ပြုံးကာ ခေါင်းညိတ်ပြခဲ့သည်။ " ဟုတ်တယ်၊ အဲ့ဒါကြောင့် ပြောတာပေါ့ ခြောက်လဗိုက်က ခုနစ်လ ရှစ်လဗိုက်ကြနေတာပဲလို့။ အထဲမှာ ကလေးနှစ်ယောက်ရှိနေမှတော့ မကြီးဘဲ နေပါ့မလား။ အမွှာကိုယ်၀န်ဆောင်သည်တွေက ဗိုက်ပိုထွက်တာ ပုံမှန်ပဲ။ ဒါပေမယ့် တစ်ခါတည်းနဲ့ နှစ်ယောက်ရကြတာတော့ ရှားတာပေါ့။ တကယ် ကံကောင်းကြတာပဲ။ "
ရွှီးချန်က အံ့သြသွားကာ စုယွဲ့ ဗိုက်အားကြည့်ပြီး ပျော်ရွှင်စွာ ပြောခဲ့သည်။ " စုယွဲ့၊ အမွှာလေးတဲ့၊ ကံကောင်းလိုက်တာ။ ဒီလောက် ဗိုက်ထွက်နေတာ မထူးဆန်းတော့ဘူး။ ကလေးနှစ်ယောက်ဆို အရမ်းထွားနေတာတော့ မဟုတ်လောက်ဘူး။ "
ထိုအခါမှ စုယွဲ့လည်း အံ့အားသင့်နေရာမှ ရုန်းထွက်နိုင်ခဲ့ကာ သူမ ဗိုက်ကို ကိုင်ကြည့်လိုက်မိသည်။ ရင်လည်း တဒိန်းဒိန်းခုန်နေကာ သူမ အလွန်ပျော်သွားမိသည်။
သူမ ဒီလောက် ဗိုက်ဆာနေတာ အဆန်းတကြယ်မဟုတ်တော့ချေ။ သူမ ဗိုက်ထဲမှာ ရှိနေတာက အစားပုတ်လေးတစ်ယောက် မဟုတ်ဘဲ အစားပုတ်လေးနှစ်ယောက်ရှိနေတာကြောင့်ကိုး။ ကလေးနှစ်ယောက်က သူမဆီမှ အာဟာရများကို ယူနေမှတော့ ဗိုက်မဆာဘဲ နေနိုင်တော့မလား။ သူမစားသမျှက ဒီကလေးနှစ်ယောက်ဆီပဲ ရောက်သွားတာနေမှာ။ သူမ ဗိုက်ထဲမှာ နေ့တိုင်း အစားအသောက်ကို လုနေကြလို့ သူမဗိုက်ကို ကန်မိနေကြတာပဲ နေမှာ။
နှစ်ယောက်လုံး ငဆိုးလေးတွေပဲ။
တွေးရင်းဖြင့် စုယွဲ့ မပြုံးမိဘဲ မနေနိုင်တော့ချေ။
ကလေးလေးနှစ်ယောက်တဲ့၊ ဟီးဟီး ...
သူမ အမွှာလေးတွေကို ကိုယ်၀န်ဆောင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ပြောရရင် အနည်းကျဥ်းသောလူများသာ အမွှာလေးတွေ ရနိုင်ကြတာဖြစ်လေသည်။ အချို့များကြပြန်တော့လည်း မျိုးရိုးကြောင့် အမွှာလေးတွေပဲ ဆက်တိုက်မွေးတက်ကြသည်။
ထိုသည်ကို သတိရ၍ မူလကိုယ်၏ မိသားစုအကြောင်းကို ပြန်တွေးလိုက်မိသည်။ သူမ၏ မှတ်ဉာဏ်အရ မူလကိုယ်၏ မိသားစု၌ အမွှာများစွာရှိခဲ့သည်။ သူမနှင့် မောင်လေးကလည်း အမွှာတွေဖြစ်ကာ အဒေါ်ဖြစ်သူတို့ မိသားစုတွင်လည်း အမွှာနှစ်ယောက်ရှိသည်။
ဒါကြောင့် သူမမှာ အမွှာလေးတွေ ရှိလာခြင်းသည် တိုက်ဆိုက်တာတော့ မဖြစ်နိုင်ချေ။
စုယွဲ့ တွေးနေစဥ်တွင် ဟန်အိုက်ကောက အံ့သြနေရာမှ အသိ၀င်ကာ ကိုယ်၀န်ဆောင်သည်များ ရှောင်ရန်ဆောင်ရန် နည်းလမ်းများကို အဘိုးအိုဆီ မေးခဲ့သည်။ ပြီးနောက် အဘိုးအိုအား သေချာကျေးဇူးတင်စကားပြောကာ နှုတ်ဆက်ကာ အိမ်ပြန်လာလိုက်ကြသည်။
စုယွဲ့ ဘာကြောင့် နေ့တိုင်းဗိုက်ဆာနေရသလဲကို သိသွားပြီဖြစ်သဖြင့် သူတို့နှစ်ယောက် သိပ်မစိုးရိမ်တော့ချေ။ ကလေးတစ်ယောက် မွေးရတာ မလွယ်ကူမှတော့ ကလေးနှစ်ယောက်ဆို ပြောဖို့ မလိုတော့ပေ။ ကလေးတွေက မိခင်ဖြစ်သူကနေ အာဟာရ ယူရတာဖြစ်လို့ များများစားမှဖြစ်လိမ့်မည်။ ဗိုက်ကလည်း နဂိုထက်ကြီးမှာပဲဆိုတော့ ကလေးများက အဖွံ့ဖြိုးလွန်နေတယ်ဆိုပြီး စိုးရိမ်စရာလည်းမလိုတော့ချေ။
အားဟာရကို မျှဝေနေရကာ နေရာလည်း အကျယ်ကြီးမရှိသဖြင့် အမွှာလေးတွေက ကောင်းစွာမဖွံ့ဖြိုးတက်ကြဘဲ မွေးလျှင် သာမန်ကလေးများထက် သေးတက်ကြသည်။ အချို့အမွှာလေးတွေက သေးလွန်းသဖြင့် အသက်ရှင်ရန်ပင် ခက်ခဲတက်ကြသည်။
သူမဗိုက်ထဲမှ ကလေးနှစ်ယောက်က အလွန်သေးကာ မွေးဖွားပြီးနောက်တွင် အခက်အခဲကြုံမည်ကို စုယွဲ့စိုးရိမ်နေမိပြီး သေချာဂရုစိုက်ရမယ်လို့ ကြံရွယ်ထားသည်။ ဗိုက်၀အောင်သာမဟုတ်ဘဲ အာဟာရပြည့်အောင်လည်း စားမှဖြစ်မည်။ အဲ့ဒါမှ ဗိုက်ထဲက ကလေးနှစ်ယောက်လည်း အာဟာရပြည့်၀ကာ ဖြူဖြူဖွေးဖွေး ၀၀တုတ်တုတ်လေးတွေ ဖြစ်လာကြမှာ။ မွေးလာရင် ကြက်ပေါက်လေးတွေလိုလည်း သေးသေးပိန်ပိန်လေးတွေ မဖြစ်လောက်တော့ဘူး။
ဟန်အိုက်ကောက စုယွဲ့ထက် အကဲပိုနေခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် စုယွဲ့ကို ဆိုဖာ၌ထိုင်စေကာ မေးခဲ့သည်။ " ယွဲ့အာ ဗိုက်ဆာနေလား။ "
ကလေးနှစ်ယောက်အကြောင်း တွေးနေသဖြင့် စုယွဲ့က ဗိုက်ဆာတယ်လို့ မခံစားခဲ့ရသော်လည်း ဟန်အိုက်ကော အမေးကိုကြားသည့်အခါ ဗိုက်ဆာလာသလိုလိုပင်။ ဖြစ်နိုင်ပါက နွားတစ်ကောင်လုံးကိုပင် စားပစ်ချင်နေ၍ အမှန်အတိုင်း " ဆာတယ် " လို့ ပြန်ဖြေလိုက်သည်။
ဗိုက်ထဲမှ ကလေးများသည်လည်း အဖေဖြစ်သူအား ဗိုက်ဆာကြောင်းပြသည့်အနေဖြင့် အထဲမှ ဟိုကန်သည်ကန် လုပ်ပြကြသည်။ သူမဗိုက်သာ ဗုံတစ်လုံးဆို အသံပေါင်းစုံထွက်နေလောက်ပြီ။
စုယွဲ့ ဗိုက်လေးကိုပွတ်ကာ အထဲမှ မှော်ဆန်သောကြယ်လေးနှစ်ခုအား ချော့ပြောလိုက်သည်။ " မင်းတို့နှစ်ယောက်၊ ကောင်းကောင်းနေကြနော်။ မားမားကို ကန်မနေကြနဲ့။ ပါးပါးကို ကြက်ဥကြော်ခိုင်းပြီး သကြားရည်ဖျော်ခိုင်းလိုက်မယ်။ အဲ့ဒါ စားပြီးမှ နေ့လယ်စာ ပြင်ခိုင်းလိုက်မယ်လေ ယနော်။ "
သူမ ပြောသည်ကို နားလည်လားမသိပေမယ့် အထဲမှ ကလေးလေးနှစ်ယောက်က ငြိမ်သွားကြသည်။
စုယွဲ့ အဲ့ဒါကို ဆန်းကြယ်တယ်လို့ ထင်မိသည်။ ဒီအရွယ်လေးတွေက နားလည်ကြလို့လား။ ဒါမှမဟုတ် သူမချော့ပြောနေတာကို ခံစားမိလို့ ငြိမ်သွားကြတာများလား။
ထိုသို့ တွေးမိပြန်တော့လည်း ဘ၀ကြီးက ဆန်းကြယ်သားပဲဟု စုယွဲ့ တွေးနေမိသည်။
ကလေးများ ငြိမ်ကျသွားသည့်အခါ ဟန်အိုက်ကောက စုယွဲ့ ဗိုက်လေးကို နမ်းလိုက်ပြီး အင်္ကျီလက်များကိုခေါက်တင်ကာ မီးဖိုခန်းထဲသို့ ၀င်ပြီး စတင်ချက်ပြုတ်တော့သည်။
သူမ၏ ဗိုက်က အတော်လေးထွက်နေပြီဖြစ်သဖြင့် စုယွဲ့မှာ လှုပ်ရှားရမလွယ်ကူတော့ချေ။ သို့သော်လည်း ဟင်းရွက်များသင်ကာ ဆေးကြောရသည်မှာ ကုန်းကုန်းကွကွ လုပ်ရတာတွေဖြစ်၍ ဟန်အိုက်ကောက စိတ်မချသဖြင့် သူကိုယ်တိုင်သာ ချက်ပြုတ်သည်။ အစကတော့ ဟန်အိုက်ကောရဲ့ ဟင်းချက်လက်ရာမှာ သာမန်သာဖြစ်သော်လည်း စုယွဲ့၏ လမ်းညွှန်မှုအောက်တွင် ယခင်ကထက်တော့ တိုးတက်လာခဲ့သည်။
စုယွဲ့က မီးဖိုးခန်း၀ တံခါးကိုမှီပြီး ဟန်အိုက်ကော အလုပ်ရှုပ်နေသည်ကို ရပ်ကြည့်နေခဲ့သည်။ မီးဖိုးခန်းထဲ၌ အေပရွန်ကို၀တ်ကာ အလုပ်ရှုပ်နေသော ချောမောလှသည့် ထိုယောက်ျားက သူမရဲ့ ခင်ပွန်းဖြစ်သည်။ တကယ်ပဲ လက်ထပ်ခဲ့ရတာကို သူမ လုံး၀ နောင်တမရဘူး ....
စားနေစဥ်တွင် စုယွဲ့က လျှော့စားရန် ထပ်မတွေးတော့ချေ။ ဗိုက်ထဲမှကလေးများအတွက်ဟုတွေးကာ ပိုစားလေသည်။ ကြက်ဥလေးလုံးနှင့် သကြားညိုရည် နှစ်ပန်းကန်အပြင် အခြားအရာများကိုပါ ထပ်စားသေးသည်။ ထမင်းသုံးပန်းကန်နှင့် အသီးအရွက်စွပ်ပြုတ် ပန်းကန်လုံးကြီးတစ်ပန်းကန်ဖြစ်သည်။
စားပြီးနောက်တွင် စုယွဲ့ ကျေနပ်သွားကာ လေချဥ်တက်လိုက်မိသည်။
ဟန်အိုက်ကောက စုယွဲ့အား ကြည့်ကာ ခပ်ဖွဖွပြုံးရင်း မေးခဲ့သည်။ " ၀ပြီလား။ "
စုယွဲ့ ခေါင်းလေးကို တဆတ်ဆတ် ညိတ်ပြကာ ပြန်ဖြေလိုက်သည်။ " ၀ပြီ၊ ၀ပြီ။ ရှင် မြန်မြန်စားတော့လေ။ မဟုတ်ရင် အေးကုန်တော့မယ်။ "
ကလေးများ ကြီးလာသည်နှင့်အတူ စုယွဲ့၏ ခံတွင်းလိုက်နေခြင်းမှာလည်း အတော်လေးကြီးလာကာ ဟန်အိုက်ကောလည်း မထိန်းပေးနိုင်သဖြင့် ချက်ပြုတ်သည့်အခါတိုင်း များနိုင်သမျှများများ ချက်ပေးခဲ့သည်။ စုယွဲ့ မ၀မည်ကိုစိုးရိမ်၍ အတူပင်မစားဘဲ သူမကို အရင်စားစေကာ သူမ ကျန်မှသာ ဟန်အိုက်ကောက ဆက်စားသည်။
တစ်ခါတစ်ရံ စုယွဲ့ အရမ်းစားလိုက်မိ၍ အိုးထဲ၌ သိပ်မကျန်တော့လျှင် ဟန်အိုက်ကောက ရေနွေးထည့်ကာ ရောစားပစ်လိုက်သည်။ ဟန်အိုက်ကောက စားနိုင်သူဖြစ်ပြီး ထိုသည်က ဗိုက်မ၀သော်လည်း ၀ပြီဟုသာ သူမအား ပြောတက်လေသည်။
စုယွဲ့လည်း ထိုသည်ကိုသိ၍ အတူစားစေချင်သော်လည်း ဟန်အိုက်ကောက ငြင်းဆိုသည်။ စုယွဲ့ လျှော့စားကာ သူ့အတွက် ချန်ထားပြန်လျှင်လည်း ဟန်အိုက်ကောက သူမ တကယ်၀၊ မ၀ဆိုသည်ကို သ်ိနေပြီး ထပ်မံခွံ့ကျွေးတက်သည်။ သူမ ၀သွားမှသာ သူကိုယ်တိုင် စားသည်။
သို့ဖြစ်၍ စုယွဲ့ အ၀စားပြီးတိုင်း ဟန်အိုက်ကောအား အားနာနေမိသည်။ တစ်နေ့လုံး လေ့ကျင့်ရေးဆင်းနေရသည့် ယောက်ျားတစ်ယောက်က ဆာလောင်နေမည်မှာ အသေအချာဖြစ်သော်ငြား အိမ်ပြန်ရောက်လျှင်လည်း ၀၀လင်လင် မစားရရ၍ စုယွဲ့ ယောက်ျားဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေမိသည်။
ဤအချိန်မျိုးတွင် စုယွဲ့ ၂၁ရာစုကို လွမ်းဆွတ်မိသည်။ ထိုအချိန်တွင် အစားအသောက်များအား လက်မှတ်နှင့် လဲလှယ်စရာလည်း မလိုသလို အငတ်ခံနေစရာလည်း မလိုချေ။
ဟန်အိုက်ကောကတော့ ဘာအတွေးမှမရှိချေ။ သူ့အတွက်တော့ သားသမီးများနှင့် ဇနီးကို ပိုကျွေးရသည်မှာ လုပ်ကိုလုပ်သင့်သည့်အရာဖြစ်ပေသည်။ သူ ဘာမှမစားရလည်း ကိစ္စမရှိချေ။
စားသောက်ပြီးနောက်တွင် ဟန်အိုက်ကောက ကလေးတွေအတွက် အင်္ကျီများအကြောင်းကို ပြောခဲ့သည်။ " အရင်က ကလေးနှစ်ယောက်မှန်းမသိတော့ တစ်စုံစီပဲ ပြင်ဆင်ထားခဲ့တာ။ အခုတော့ ထပ်လုပ်ရဦးမယ် ထင်တယ်။ မဟုတ်ရင် နောက်တစ်ယောက်က မွေးပြီးရင် ၀တ်စရာမရှိဘဲ ဖြစ်နေလိမ့်မယ်။ " ဟန်အိုက်ကောက ညဘက်မှသာ ပြန်လာသည်ဖြစ်ပြီး အ၀တ်တွေချုပ်ဖို့ အချိန် သိပ်မရှိ၍ ကြိုတင်ပြင်ဆင်ထားဖို့ လိုပေသည်။
စုယွဲ့က ကလေးနှစ်ယောက်ရှိနေသည်ကို သိပြီးနောက်တွင် ပျော်ရွှင်နေကာ ထိုအရာများကို မတွေးခဲ့မိသဖြင့် နဖူးအား လက်ပြန်ရိုက်လိုက်မိသည်။ " ကျွန်မ ဦးနှောက်ကတော့လေ။ သတိပေးလို့ ကျေးဇူးပဲ။ ကလေးတွေက မွေးဖို့လည်း သိပ်မလိုတော့ဘူး။ အမွှာလေးတွေဆို ပိုတောင်စောမွေးတက်သေးတယ်လို့ ပြောကြတော့ အချိန်ကလည်း ကပ်နေပြီ။ အိမ်မှာ ပြင်ထားတဲ့ အင်္ကျီတွေနဲ့ သေးခံတွေကလည်း မလောက်လောက်ဘူး။ မြန်မြန်လေး ထပ်လုပ်ရတော့မှာပဲ။ ကလေးအတွက် ချုပ်ထားတဲ့ စောင်လေးကလည်း နောက်တစ်ထည်လိုနေဦးမှာ။ "
ပြောရင်းဖြင့် စုယွဲ့ စိုးရိမ်ရပြန်သည်။ အ၀တ်များချုပ်ဖို့မှာလည်း အထည်လက်မှတ်များလိုသည်။ ယခင်ရှိသည်များကိုလည်း သုံးပြီးသွားပြီဖြစ်၍ နောက်တစ်ထည်ချုပ်ဖို့ကို ဘယ်လိုလုပ်ရမလဲ။ အိမ်မှာလည်း မရှိလောက်တော့ဘူး။
ဟန်အိုက်ကောက စုယွဲ့ရဲ့ ဆံပင်များကို သပ်ပေးလိုက်သည်။ " ဗိုက်က ထပ်ထွက်လာတော့ မင်းရဲ့အ၀တ်တွေကိုရော ဘယ်လိုလုပ်မလဲ။ အရင်ဟာတွေက မတော်လောက်တော့ဘူးလေ။ လက်မှတ်တွေအတွက်တော့ စိတ်မပူနဲ့။ ကိုယ် ရဲဘော်တွေဆီက ချေးလိုက်မယ်။ အထည် လက်မှတ်တွေက လက်ထပ်ပြီးနောက်မှ အသုံး၀င်တဲ့ဟာတွေဆိုတော့ သူတို့ဆီမှာ အပိုရှိကြမှာပါ။ နောက်မှ ကိုယ်ပြန်ဆပ်လိုက်မယ်။ "
စုယွဲ့ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြကာ သက်ပြင်းချလိုက်မိသည်။ အမွှာလေးရလို့ ပျော်ပြီးနောက်တွင်တော့ ပြဿနာများက တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ ကလေးက နှစ်ယောက်ဖြစ်သဖြင့် အရာအားလုံးကို နှစ်ခုစီ ပြင်ဆင်ရတော့မည်ဖြစ်သည်။ အခုလို အနေအစားကြပ်တည်းသည့် ခေတ်ထဲတွင် အတော်လေးမလွယ်ကူသည့် အလုပ်ဖြစ်သည်။
စုယွဲ့ သူမ၏ ဗိုက်ပူပူလေးကို စိတ်ညစ်စွာပဲ ပုတ်လိုက်မိသည်။ ငဆိုးလေးနှစ်ယောက်ကြောင့် အမေအဖေတွေက အစားအသောက်အတွက်ဘဲ ချေးငှားရမှာမဟုတ်တော့ဘဲ အ၀တ်အစားအတွက်ပါ လိုက်ချေးငှားရတော့မယ်တဲ့။
- - - - - - -
နောက်တစ်နေ့တွင် ရွှီးချန်က စုယွဲ့ထံသို့လာကာ ဘာအကြောင်းမှမပြောဘဲ အထည်လက်မှတ်များကို ပေးခဲ့သည်။ " ကလေးနှစ်ယောက်ဆိုတော့ နှစ်ခုစီပြင်ရတော့မှာလေ။ အဲ့ဒါ လိုအပ်နေမယ်ထင်လို့ အိမ်မှာလည်း ပိုနေတာနဲ့ လာပေးတာ။ အစ်မလည်း သုံးစရာမရှိသေးတော့ ညီမပဲ အရင်သုံးလိုက်။ "
စုယွဲ့ ကျေးဇူးတင်လွန်းသဖြင့် ဗိုက်ပူပူလေးနှင့်ပင် ရွှီးချန်အား ဖက်လိုက်သည်။ " တကယ်ပါ အစ်မကို ဘယ်လိုတောင် ကျေးဇူးတင်ရမလဲ မသိတော့ဘူး။ မနေ့ညကတောင် ဒါတွေကို တွေးပူနေခဲ့ရတာ။ အခု အစ်မက လာကူညီပေးတယ်ဆိုတော့ ကျေးဇူးတင်တယ်နော်။ "
ရွှီးချန်က ပြုံးကာ ပြောခဲ့သည်။ " ရပါတယ်၊ ကျေးဇူးတင်စရာ မလိုဘူး။ ကျေးဇူးတင်ချင်ရင် ကလေးနှစ်ယောက် ထွက်လာမှ အစ်မကို မွေးစားအမေအဖြစ် အသိအမှတ်ပြုခိုင်းလိုက်လေ။ အစ်မအတွက်လည်း အသက်ကြီးလာရင် သားသမီးတာ၀န်ကျေမယ့် ကလေးနှစ်ယောက်ထပ်ရတာပေါ့၊ မကောင်းဘူးလား။"
စုယွဲ့ ရယ်လိုက်မိသည်။ " ဟုတ်ပါပြီ။ ကလေးနှစ်ယောက်ထွက်လာတဲ့ အထိစောင့်မနေနဲ့တော့။ ညီမ အခုပဲ မွေးစားအမေအဖြစ် အသိအမှတ်ပြုခိုင်းလိုက်မယ်လေ။ "
ထို့နောက် စုယွဲ့ ဗိုက်လေးကို ပုတ်ကာ အထဲမှ ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ " ကြားကြလား၊ မင်းတို့ရဲ့ မွေးစားအမေက မင်းတို့၀တ်စရာမရှိမှာစိုးလို့တဲ့ လက်မှတ်တွေလာပေးတာ။ ဘယ်လောက် ကျေးဇူးတင်စရာကောင်းလိုက်လဲ။ ကျေးဇူးတင်တယ်လို့ ပြောပြီး နှုတ်ဆက်လိုက်ကြဦးလေ။ "
စုယွဲ့၏ စကားကြောင့် ရွှီးချန်က အံ့သြသွားကာ စုယွဲ့၏ ပုခုံးကို လှမ်းရိုက်သည်။ " ကောင်းပါပြီ။ ကလေးတွေက အခုအချိန် ဘာသိဦးမှာမို့လို့လဲ။ ထွက်လာတဲ့အထိ စောင့်လိုက်ပါဦး။ "
ထိုအချိန်မှာပဲ စုယွဲ့ ဗိုက်ထဲမှ ကလေးလေးများသည် လှုပ်ရှားလာကြသည်။ စုယွဲ့အား တစ်ချက်ပြီးတစ်ချက် ကန်နေကြကာ ခြေထောက်ရာလေးများကိုပင် မြင်နေရတော့သည်။
စုယွဲ့ မပြောဘူးလားဆိုသည့် အကြည့်ကို ပေးလိုက်သည်။ " တွေ့လား၊ နားမလည်သေးဘူးလို့ ဘယ်သူပြောလဲ ။ ဒီမှာလေ အစ်မကို နှုတ်ဆက်နေကြတာ။ "
ရွှီးချန်က ကြည့်လေလေ အံ့သြလေဖြစ်နေခဲ့သည်။ " ဒီကလေးနှစ်ယောက်က ဉာဏ်ကောင်းကြမှာ အသေအချာပဲ။ ဗိုက်ထဲမှာပဲရှိသေးတာတောင် နားလည်နေကြပြီ။ "
စုယွဲ့ အတော်လေးကြာအောင် ရယ်ပြီးမှသာ ပြန်ဖြေလိုက်သည်။ " ဘာကို ဉာဏ်ကောင်းရမှာလဲ အစ်မရယ်။ စားဖို့နဲ့ အိပ်ဖို့ပဲ သိကြတဲ့ဟာလေးတွေ။ တကယ်က ညီမ ဗိုက်ဆာနေလို့ အဲ့လိုလုပ်ကြတာ။ ဗိုက်ဆာနေတာကို မစားရင် ဆန္ဒပြတဲ့အနေနဲ့ ဟိုကန်ဒီကန်လုပ်နေကြတာလေ။ စားလိုက်လို့ ဗိုက်၀သွားရင် ငြိမ်သွားကြပြန်ရော။"
" တကယ်ကြီးလား? " ရွှီးချန်က ပြုံးသွားသည်။ " အဲ့ဒါလည်း ဉာဏ်ကောင်းတာပဲလေ။ နီနီလေးတုန်းကဆို လှုပ်ခဲတယ်။ ညီမလောက်ထိ လှုပ်ဖို့ဆို ပြောမနေနဲ့တော့။ "
စုယွဲ့ - " နီနီလေးက လိမ္မာပါတယ်။ ဒီနှစ်ယောက်ကသာ ပြောမနိုင်ဆိုမနိုင်လေးတွေ ဖြစ်လာမလားမသိဘူး။ ညီမတော့ တွေးရင်း ခေါင်းတောင်ကိုက်လာသလိုပဲ။ "
ရွှီးချန်က အားကျနေဟန်ဖြင့် ပြောခဲ့သည်။ " ခေါင်းကိုက်ရလည်း နောက်တစ်ယောက်လောက် ရမယ်ဆို အစ်မတော့ လိုချင်မိသား။ "
စုယွဲ့ - " ဒါဆိုလည်း နောက်တစ်ယောက် ထပ်ယူလိုက်လေ။ နီနီလေးက လိမ္မာတာပဲဟာ။ သူလည်း နည်းနည်းကြီးနေပြီဆိုတော့ နောက်တစ်ယောက်ယူရင် ရလောက်ပါပြီ။ "
ရွှီးချန်မျက်နှာထက်မှ အပြုံးက တန့်သွားကာ မျက်၀န်းများသည်လည်း ၀မ်းနည်းရိပ်သန်းသွားတော့သည်။ " ပြောပြရရင် အစ်မက မမွေးချင်တော့တာ မဟုတ်ဘူး။ အစ်မမွေးချင်ရင်တောင် မွေးလို့မရတော့တာ။ နီနီလေးက တစ်ဦးတည်းသောသမိီးဖြစ်ဖို့ ကံပါလာတာနဲ့တူပါတယ်။ "
အကြောင်းတစ်ခုခုရှိမည်ဖြစ်မှန်း ခန့်မှန်းမိ၍ စုယွဲ့ထပ်မေးလိုက်သည်။ " ဘာဖြစ်လို့လဲ။ ဘာလို့ အဲ့လိုပြောရတာလဲဟင်။ "
ရွှီးချန်က သက်ပြင်းချလိုက်ကာ သူမ အသံသည်လည်း ၀မ်းနည်းနေသည့် အရိပ်အယောင်များ ပါနေသည်။ " နီနီလေးကို မွေးတုန်းက မွေးရခက်ပြီး သွေးထွက်လွန်သွားတာလေ။ မွေးပြီးနောက်လည်း ခန္ဓာကိုယ်ကို ထိခိုက်သွားလို့ ကလေးထပ်မရနိုင်တော့ဘူး။ ဒီနှစ်တွေအတွင်း ကြိုးစားခဲ့ပေမယ့် ဘယ်နည်းလမ်းမှ အသုံးမ၀င်ဘူး။ ကြည့်ရတာ အစ်မကံကြမ္မာမှာ သမီးလေးတစ်ယောက်ပဲ ပါတယ်နဲ့တူတယ်။ "
" ဆရာ၀န်ရော မပြကြည့်ဘူးလား။ ဆရာ၀န်ကရော ဘာပြောလဲ။ "
" မပြဘဲ ဘယ်နေမလဲ။ အစ်မကိုယ်တိုင်လည်း ဆရာ၀န်ပဲဟာ။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို မကုနိုင်ဘူး။ အဘိုးကလည်း ကုပေးကြည့်ပေမယ့် ဘာမှမထူးဘူး။ အစ်မပြခဲ့တဲ့ ဆရာ၀န်တွေဆို များလွန်းလို့ ဘယ်နှစ်ယောက်ရှိနေပြီလဲတောင် မမှတ်နိုင်တော့ဘူး။ လောင်ယွီနဲ့ အစ်မလည်း အခုတော့ လက်လျှော့လိုက်ပါပြီ။ အခုဆို ဆေးလည်း မသောက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် နီနီလေးရှိနေသေးတာပဲလေ။ အသက်ကြီးလာလည်း အားကိုးရမယ့် ကလေးတစ်ယောက်တော့ ရှိသေးတာပေါ့။ "
ရွှီးချန်က ပြောသာပြောနေသော်လည်း သူမမျက်၀န်းထဲရှိ နောင်တများနှင့် ၀မ်းနည်းမှုများကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ နောက်ထပ် ကလေးလိုချင်နေသေးသော ဆန္ဒရှိသည်ကို စုယွဲ့မြင်နေရသည်။
သူမ အမွှာလေးတွေကို ကိုယ်၀န်ဆောင်ထားရသည်အား အားကျနေသည်မှာ မထူးဆန်းတော့ချေ။
ထိုအကြောင်းကြောင့် ပျော်ရွှင်နေသည့် စကား၀ိုင်လေးသည် ပြောင်းလဲသွားတော့သည်။ ရွှီးချန်ရဲ့ မျက်၀န်းများက ပြောပြီးနောက်တွင် ရဲလာလေသည်။
သူမလည်း ဤအခြေအနေမျိုးကိုသာ ကြုံတွေ့ခဲ့ရင်လို့ တွေးကာ စုယွဲ့ စာနာမိသည်။ မလိုချင်၍ မဟုတ်ဘဲ မရနိုင်ခြင်းက အမျိုးသမီးတစ်ဦးအတွက်တော့ ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။
ထို့အပြင် နောင်နှစ်အနည်းငယ်ဆိုလျှင် နိုင်ငံတော်မှ လူဦးရေတိုးပွားမှုကို ထိန်းချုပ်တော့မှာ ဖြစ်သည်။ အထူးသဖြင့် အလုပ်သမားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ စစ်သားတွေကိုပင်။ ထိုလူများသည် ပထမဆုံးအနေဖြင့် ကန့်သတ်ခံရကာ ဒုတိယကလေး ယူခွင့်ရှိတော့မည်မဟုတ်ချေ။ မသိအောင် ဒုတိယကလေးယူခဲ့ပါက အလုပ်ပြုတ်ကာ ဘ၀ကာပျက်မည်ဖြစ်သဖြင့် ကျူးလွန်ရဲကြမည်မဟုတ်ပေ။
ရွှီးချန်သာ ယခုအချိန်တွင် ကိုယ်၀န်မရပါက မိသားစုလူဦးရေ ကန့်သတ်ခံရချိန်ရောက်လာပါက အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ အဲ့လိုသာဆို တစ်သက်လုံး သမီးလေးတစ်ယောက်ပဲ ရှိပေတော့မည်။
ဘ၀တစ်သက်တာလုံးအတွက် နောင်တရစရာ ဖြစ်နေလိမ့်ပေမည်။
ထိုသို့တွေးကာ စုယွဲ့ ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ရွှီးချန်ကလည်း သူမအပေါ် ကောင်းတာပဲဟာ။ စသိကတည်းက သူမကို အကြိမ်များစွာ ကူညီပေးခဲ့ပြီး သူမလည်း တက်နိုင်သလောက် ပြန်ကူညီပေးသင့်သည်။