အပိုင်း ၇၁
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၁ - တာ၀န် 





စုယွဲ့ စနစ်အကြောင်းကို သတိရမိသွားသည်။ ဟန်အိုက်ကောအတွက် ကျီရွှယ့်စန်ကို ၀ယ်ပေးပြီးနောက်တွင် စုယွဲ့သည် အမြဲ စနစ်အပေါ် မှီခိုနေလို့မဖြစ်ဘူးလို့ တွေးမိခဲ့သဖြင့် အမှတ်များကို ထပ်မသုံးဖြစ်ခဲ့ချေ။ သူမဘ၀အတွက် သူမဘာသာ စီမံမှဖြစ်မည်။ စနစ်ထံမှ အမြဲသွားတောင်းနေလို့ မရဘူး။



သူမ အမှတ်များကို ရွှီးချန်ကို ကူညီပေးတာလိုမျိုး အရေးပါသည့်အရာများတွင်သာ သုံးသင့်သည်။ 



စုယွဲ့က လွန်ခဲ့သည့်ခြောက်လအတွင်း အမှတ်များစွာကို စုမိခဲ့သည်။ အမှတ်ကွက်ကို ကြည့်လိုက်သည့်အခါ အမှတ်စုစုပေါင်း တစ်ထောင့်နှစ်ရာရှိနေပြီဖြစ်ပြီး ရွှီးချန်က်ို ကူညီဖို့လောက်၊ မလောက်က်ိုတော့ သူမ မသိချေ။ 



စုယွဲ့ စိတ်ထဲမှ စနစ်ကိုခေါ်လိုက်သည်။



စုယွဲ့  - " စနစ်၊ အမျိုးသမီးတွေ ကိုယ်၀န်ရအောင် ကူညီပေးနိုင်တဲ့ဟာမျိုး၊ ကိုယ်၀န်မဆောင်နိုင်တာကို ဆောင်နိုင်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းမျိုးရှိလား။ "



စနစ်က စနစ်ကုန်တိုက်ကို ဖွင့်ကော စုယွဲ့အား၀င်စေပြီး အထဲ၌ စုယွဲ့လိုချင်သည့် ပစ္စည်းများကို ပြသပေးခဲ့သည်။ 



စနစ် - " host ပြောတဲ့အတိုင်းပဲ ရှေ့မှာရှိတဲ့ပစ္စည်းတွေက အမျိုးသမီးတွေ ကိုယ်၀န်ဆောင်နိုင်ဖို့ ကူညီပေးနိုင်တဲ့ ပစ္စည်းတွေပါ။ host စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ "



စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ ဆေးညွှန်းကိုသာ ယူသွားလိုက်ပါက ဘယ်ကရလာတာလဲဟူသည့် အမေးကိုဖြေရပေလိမ့်မည်။ တိုင်းရင်းဆေးဆရာကြီးဆီကရတာလို့ ပြောလို့ရပါ့မလား။ အရင်တစ်ခါက အဲ့လိုပြောလိုက်လို့ ဟန်အိုက်ကောဆီမှာ မိသွားတယ်လေ။ အခြားသူတွေလည်း သတိမထားမိဘူးလို့ ပြောလို့မရဘူး၊ သိသွားကြရင် ရှင်းပြရခက်လိမ့်မယ်။ ပြီးတော့ ရွှီးချန်ရဲ့ရောဂါက ဆရာ၀န်အများကြီးနဲ့ ပြထားပြီးနေပြီ၊ သူ့အဘိုးရဲ့ ကျွမ်းကျင်တဲ့ ကုသပေးမှုအောက်မှာတောင် မပျောက်ခဲ့တဲ့ဟာ။ သူမပေးလိုက်တဲ့ ဆေးညွှန်းကြောင့် ပျောက်သွားရင် ဆေးညွှန်းပေးတဲ့ဆရာ၀န်ကို သိချင်လာကြမှာပဲ။ အဲ့ဒါကို သူမမှ ပြောပြလို့မရတာ။



ထို့အပြင် စနစ်ထဲမှ ဆေးညွှန်းများသည် ပျောက်ဆုံးနေသည့် ရှေးဟောင်းဆေးညွှန်းများဖြစ်ကာ အချို့ဆေးပင်များသည် ယခုကမ္ဘာတွင် မျိုးတုံးပျောက်ကွယ်သွားကြပြီး ရှာ၍မရနိုင်တော့သည်များလည်း ဖြစ်နေသေးသည်။ ရွှီးချန်က အဲ့ဒါတွေကို ဘယ်ကသွားရှာရမှာလဲ။ စနစ်ထံကနေ အမှတ်နဲ့လဲပေးလို့ရရင်တောင် ဘယ်ကရလာလဲ ပြောပြလို့ကလည်း မရဘူး။



အတိုချုပ်လိုက်ပါက ဆေးညွှန်းဆိုပါက ပြဿနာများစွာ တက်လာနိုင်ကာ သူမ မလိုချင်ဆုံးကလည်း ပြဿနာများဖြစ်သည်။ သူမနှင့် ဟန်အိုက်ကော၏ အနေအထားနှင့်ဆို ပြဿနာများစွာကို ဖြေရှင်းနိုင်မည့် အရည်အချင်းမရှိသေးပေ။ 



ဒါကြောင့် စုယွဲ့က ဆေးညွှန်းကိုမလိုချင်ပေ။  ပြောကြတာတော့ အားဆေးကလည်း ကောင်းတာပဲဆို။ တစ်ခါတစ်ရံ အားဆေးများက ပို၍တောင် အာနိသင်ရှိတက်ကာ ဆရာ၀န်များ၏ ညွှန်ကြားမှုလည်း မလိုအပ်တက်ပေ။ အဲ့ဒါဆို သံသယ၀င်ကြတော့မှာ မဟုတ်ဘူး။ ဘယ်လိုရလာတာလဲမေးလာရင် ကိုယ့်ဘာသာ တွေးရင်းစပ်ကြည့်ထားတာလို့လည်း ဖြေလို့ရသေးသည်။ 



ထိုအတွေးဖြင့် စုယွဲ့ စနစ်ကို ထပ်မေးလိုက်သည်။ 



သူမ ပြောစကားအတိုင်း စနစ်က ပစ္စည်းတစ်ခုကိုရှာပေးကာ ထုတ်ပြခဲ့သည်။ " ဒါက အမျိုးသမီးတွေ သားအိမ်ကိုယ်၀န်ဆောင်နိုင်ဖို့အတွက် ဖော်စပ်ထားတဲ့ အားဆေးပဲ။ မှတ်တမ်းတွေအရ အမျိုးသမီးတွေအတွက် သင့်လျော်တယ်။ ဒါပေမယ့် အားဆေးက ဆေးတွေလို အာနိသင်ပြတာမမြန်တော့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ်။ "



တကယ်ရှိတယ်တဲ့။ စနစ်ကုန်တိုက်က တကယ်ကိုပဲ ဆေးဘက်ဆိုင်ရာ ရတနာသေတ္တာကြီးပဲလို့ စုယွဲ့ထင်မိသည်။



စုယွဲ့ ၀မ်းသာသွားကာ မေးလိုက်သည်။" ငါ ဒါကိုလိုချင်တယ်။ အမှတ်ဘယ်လောက်ကျမှာလဲ။ " 



စနစ် - " အမှတ် ခြောက်ရာပါ။ "



ထိုသို့ကြားမှသာ စုယွဲ့ သက်ပြင်းချနိုင်သည်။ " ချက်ချင်းလဲမယ်။ "



စနစ် - " ကောင်းပါပြီ။ ချက်ချင်း လဲပေးပါ့မယ်။ "



စနစ်၏ စကားဆုံးသည်နှင့် အမှတ်ကွက်ထဲမှ အမှတ်များလျော့သွားကာ အားဆေးအညွှန်းက သူမ စိတ်ထဲ ပေါ်လာခဲ့သည်။



စုယွဲ့ ကြည့်လိုက်သည့်အခါ အားဆေးအညွှန်းက တကယ်ကိုပဲ သောက်ဆေးအညွှန်းနှင့် ကွဲပြားသည်ကို တွေ့လိုက်ရသည်။ အားဆေးထဲတွင်ပါသည့်အမယ်များက စားစာရာအချို့နှင့် ဒီကမ္ဘာတွင် ရနိုင်သည့်ဆေးပင်များသာဖြစ်သည်။ တစ်ခုနှစ်ခုသည် ရှားသော်လည်း လုံး၀ရှာမတွေ့န်ိုင်တာတော့ မဟုတ်ချေ။ လုပ်နည်းမှာလည်း ဆေးကျိုရသလိုပင်ဖြစ်ကာ ဆေးမဟုတ်ဘဲ စွပ်ပြုတ်တစ်ခွက်ဖြစ်နေခြင်းသာ။ အညွှန်းအတိုင်းလိုက်နာပါက လုပ်ရလွယ်သည့်နည်းပင်ဖြစ်သည်။ 



စုယွဲ့ စာရွက်နှင့်ခဲတံက်ိုထုတ်ကာ ချရေးလိုက်ပြီး ရွှီးချန်ထံ ယူသွားပေးလိုက်သည်။ 



ထိုအားဆေးအား ဘယ်မှရလာသည်ဟူသည်ကို စုယွဲ့ကိုယ်ဘာသာ လျှောက်ပြောလိုက်သည်။ " ဒါက ညီမတို့မြို့က ရတာလေ။ မိန်းကလေးတွေရဲ့ သားအိမ်အတွက် အကျိုးရှိပြီးတော့ ကိုယ်၀န်ရဖို့လည်း ကူညီပေးတယ်တဲ့။ အဲ့နေ့က အစ်မပြောသွားတာကို သတိရလို့ စမ်းသောက်ကြည့်ရအောင် ယူလာခဲ့ပေးတာ။ "



ရွှီးချန်က အညွှန်းကိုယူကာ ပါ၀င်ပစ္စည်းများကို ဖတ်ကြည့်လိုက်သည့်အခါ သာမန်ဆေးပင်များသာဖြစ်ကာ စျေးကြီးပေး၀ယ်ရမည့် ဆေးပင်များမပါသည်ကို တွေ့လိုက်ရသဖြင့် မသေချာဟန်ဖြင့် ပြန်မေးခဲ့သည်။ " ဒါက တကယ်အကျိုးရှိတာလား။ အစ်မ အရင်ကဆရာ၀န်တွေအများကြီးလည်း ပြဖူးတယ်၊ ဆေးတွေလည်း စျေးနည်းနည်းများများ အကုန်လုံးနီးပါး သောက်ဖူးတယ်၊ ဒါပေမယ့်လည်း တစ်ခုမှ အလုပ်မဖြစ်ဘူး။ ဒီထဲမှာပါတာတွေက သာမန်ပစ္စည်းတွေချည်းပဲဆ်ိုတော့ တကယ်ပဲ အကျိုးရှိပါ့မလား။ "



သာမန်လိုဖြစ်နေ၍ မယုံကြည်မည်ကို စုယွဲ့ မျှော်လင့်ထားပြီးသာဖြစ်သည်။ သို့သော်လည်း စနစ်အကြောင်းကို ပြောပြ၍ မရသဖြင့် အကြံပေးရုံသာ တက်နိုင်သည်။ " ညီမတော့ မသောက်ကြည့်ဖူးဘူး၊ ဒါပေမယ့် ညီမတို့မြို့မှာ ဒါသောက်ပြီး ကိုယ်၀န်ရသွားတဲ့သူတွေ အများကြီးပဲရှိတယ်။ အဲ့ဒါကြောင့် အစ်မကိုလည်း သောက်ကြည့်စေချင်တာ။ ပြီးတော့ ဆေးမဟုတ်ဘဲ အားဆေးလေးပဲဆိုတော့ ခန္ဓာကိုယ်အတွက်လည်း အန္တရာယ်မရှိဘူးလေ။ နေ့တိုင်း စွပ်ပြုတ်တစ်ခွက်လောက် သောက်နေတာလို့ပဲ သဘောထားလိုက်ပေါ့။ အကျိုးမဖြစ်ရင်တောင် အရှုံးမရှိဘူးလေ၊ မဟုတ်ဘူးလား အစ်မရယ်။ "



ရွှီးချန်က ဆရာ၀န်တစ်ယောက်ဖြစ်သဖြင့် အညွှန်းတွင် ပါ၀င်သည်များက ခန္ဓာကိုယ်အတွက်ကောင်းသော အရာများဖြစ်သည်ကိုသိသည်။ စားလို့လည်း ဆိုးကျိုးမရှိသဖြင့် စုယွဲ့ပြောသလိုပင် စွပ်ပြုတ်တစ်ခွက်သောက်နေတယ်လို့ပဲ သဘောထားလိုက်တာ။ အကျိုးဖြစ်ရင်လည်း ဖြစ်ပေါ့။ စုယွဲ့ပြောသလိုသာ ဒါသောက်ပြီး ကိုယ်၀န်ရသွားတဲ့သူတွေအများကြီးရှိတယ်ဆိုရင် သူမလည်း စမ်းကြည့်ချင်သည်။ ဘာပဲဖြစ်ဖြစ် စုယွဲ့က ကောင်းစေချင်လို့ ပေးတာပဲဟာ။ 



" ဒါဆိုလည်း စမ်းသောက်ကြည့်လိုက်မယ်လေ။ "



စုယွဲ့ - " ဒါဆိုရင် အစ်မ သေချာလေး ဂရုတစိုက်သောက်နော်။ တစ်နေ့တစ်ကြိမ် နေ့တိုင်းသောက်မှဖြစ်မယ် ၊ မဟုတ်ရင် အာနိသင်မပြဘဲ နေမှာစိုးလို့။ လုပ်မယ်ဆိုရင် သေချာလေးလုပ်မှ ဖြစ်ချင်တာကို ရမှာပေါ့။ "



ရွှိီးချန်က စုယွဲ့၏လက်ကိုကိုင်လိုက်ကာ ပြောခဲ့သည်။" စိတ်ချထား၊ သောက်မယ်ဆိုမှတော့ အစ်မလည်း သေချာသောက်မှာပါ။ အစ်မလည်း ကလေးထပ်လိုချင်နေတာ အရူးတစ်ပိုင်းပဲဆိုတော့ လိုချင်မှတော့ သေချာလုပ်ရတော့မှာပေါ့။ "



ထိုသို့ကြားမှသာ စုယွဲ့ စိတ်ချသွားသည်။ ရွှီးချန်သာ အားဆေးအညွှန်းအတိုင်း သေချာလိုက်လုပ်ကာ ဂရုတစိုက် စွဲစွဲမြဲမြဲ သောက်ပါက မကြာခင် ကလေးရလာနိုင်သည်။ 



ရွှီးချန်ကို ဆေးညွှန်းပေးပြီးနောက်တွင် စုယွဲ့ပြန်လာလိုက်သည်။ ယခုဆို သူမ၏ဗိုက်မှာ မျက်လုံးနှင့်မြင်နိုင်သည်အထိ တစ်နေ့တစ်ခြား ပူထွက်လာနေတာဖြစ်သည်။ ဗိုက်ကြောင့် မသက်မသာဖြစ်ရသည်များလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်။ 



ခြေထောက်များက ရောင်နေကာ ယခင်စီးနေကြဖိနပ်များကို သူမ မစီးနိုင်တော့သဖြင့် ဟန်အိုက်ကော၏ ဖိနပ်များကိုစီးနေရသည်။ ထို့အပြင် ညတိုင်းလည်း ကြွက်တက် တက်သဖြင့် အိပ်နေရာမှ နာကျင်ကာ ချွေးစေးများပြန်၍ နိုးလာတက်ကာ ဟန်အိုက်ကောက အချိန်အကြာကြီး နှိပ်နယ်ပေးရတက်သည်။ 



ထိုထက်ဆိုးသည်က အခုဆို အိပ်ရသည်မှာ အတော်လေး ခက်ခဲလာခြင်းပင်။ ဘေးစောင်းအိပ်ခြင်းကလွဲလို့ အခြားဘယ်ပုံစံနဲ့မှ အိပ်၍မရပေ။ တစ်ဖက်မှ တစ်ဖက်သို့ ပြောင်းကာစောင်းအိပ်ချင်ပါကလည်း ဟန်အိုက်ကော ကူညီပေးမှရသည်။ 



ဘေးသို့ စောင်းဖို့ကြံတိုင်း စုယွဲ့က သူမကိုယ်သူမ ပက်လက်လန်နေသည့် လိပ်တစ်ကောင်လို ခံစားနေရသည်။ 



ဟန်အိုက်ကောသာ ဘေး၌ရှိမနေပါက စုယွဲ့တကယ် ဘယ်လိုနေရမလဲကို မတွေးတက်ချေ။ ဟန်အိုက်ကောရှိနေလို့သာ တော်သေးသည်။ 



ကံမကောင်းချင်တော့ စုယွဲ့၏ ဗိုက်ခုနစ်လသို့ ရောက်သည့်အခါ ဟန်အိုက်ကောက တာ၀န်ဖြင့် စေလွှတ်ခံရကာ နှစ်ရက်အကြာတွင် သွားရတော့မည်ဖြစ်သည်။ 



စုယွဲ့ အံ့အားသင့်သွားခဲ့သည်။ သူမတို့ စပြောင်းလာကတည်းက ဟန်အိုက်ကောအနနဲ့ ဘယ်တုန်းကမှ တာ၀န်မကျခဲ့ဖူးပေ။ မနက်အစောကြီးထကာ အလုပ်သွားပြီး နောက်ကျလျှင်ပြန်လာနေကြဖြစ်သဖြင့် စုယွဲ့မှာ ဟန်အိုက်ကောက စစ်သားတစ်ယောက်ဖြစ်သည်ကိုပင် မေ့လုနီးနီးဖြစ်နေခဲ့သည်။ သို့ဖြစ်၍ ယခုအခါ စုယွဲ့က ၀မ်းနည်းသွားကာ ဟန်အိုက်ကော လက်ကိုဆွဲပြီး မေးခဲ့သည်။ " ဘယ်ကို သွားရမှာလဲ။ ဘယ်တော့ ပြန်လာမှာလဲ။ " 



ဟန်အိုက်ကောက အပြစ်ရှိသလိုခံစားနေရကာ စိုးလည်းစိုးရိမ်နေပြီး စုယွဲ့၏ မျက်နှာလေးကိုကိုင်ကာ ပြန်ဖြေခဲ့သည်။ " ဘယ်သွားရမှာလဲက လျှို့၀ှက်ချက်မို့ ပြောပြလို့မရဘူး။ ဒါပေမယ့် တက်နိုင်သမျှ တာ၀န်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်လို့ ကတိပေးတယ်၊ ဟုတ်ပြီလား။ " 



စုယွဲ့ မျက်လုံးများရဲလာကာ ခေါင်းငုံ့၍ ဗိုက်ပူပူလေးကို ပွတ်သပ်နေပြီး အတော်လေးကြာမှသာ သူမ စိုးရိမ်နေသည့်အရာကို ထုတ်မေးလိုက်သည်။ " လုပ်ရမယ့် တာ၀န်က အန္တရာယ်များတဲ့ဟာလား၊ ထိခိုက်မယ့်ဟာလား။ " 



ဟန်အိုက်ကောက စုယွဲ့ရှေ့၌ ငုတ်တုပ်ထိုင်လိုက်ကာ သူမလေးကို အတော်ကြာအောင် မော့ကြည့်နေပြီးမှ ပြန်ဖြေလိုက်သည်။ " ယွဲ့အာ၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးကာကွယ်ပြီး မင်းနဲ့ ကိုယ်တို့ကလေးတွေကို ပြန်လာတွေ့မယ်လို့ ကိုယ်ကတိပေးတယ်။ ကိုယ်က ဘာလို့ ကိုယ့်ကိုယ်ကို အန္တရာယ်အဖြစ်ခံရမှာလဲ။ တွားသွားရမယ်ဆိုရင်တောင် တွားသွားပြီး မင်းဆီကို ပြန်လာခဲ့မယ်။ "



စုယွဲ့က သူမ အတွေးကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။ ရှေ့တန်းထွက်ရရင် သေချာပေါက် တိုင်းပြည်အကျိုးက အရင်ဆုံးဖြစ်ရမယ်၊ ပြည်သူတွေက ဦးစားပေးဖြစ်ရမယ်ဆိုမှတော့ အန္တရာယ်မရှိဘဲ ဘယ်နေပါ့မလဲ။ တစ်ယောက်ယောက်က အနစ်နာခံပြီး အန္တရာယ်ကြားမှာ မလုပ်ရင် တိုင်းပြည်က ဘယ်တည်ငြိမ်မှာလဲ။ 



ပြည်သူတွေ လုံခြုံဖို့ တစ်ယောက်ယောက်ကတော့ အနစ်နာခံဆောင်ရွက်ပေးရမှာပဲ။ 



စုယွဲ့မျက်လုံးများကိုပွတ်ကာ မျက်ရည်များကို သုတ်လိုက်သည်။ " ကျွန်မ သိပါပြီ။ ကျွန်မလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်။ ရှေ့တန်းကို စိတ်ဖြောင့်ဖြောင့်နဲ့သွား။ ကျွန်မနဲ့ ကလေးတွေက အိမ်မှာကောင်းကောင်းနေပြီး ရှင့်ကိုစောင့်နေမယ်။ ရှင်ပြန်လာတဲ့အချိန်ဆို ကျွန်မဗိုက်လည်း ဒီ့ထက်ပိုကြီးနေလောက်ပြီနေမှာ။ " 



ဟန်အိုက်ကောက စုယွဲ့ ပါးလေးကို ခပ်ဖွဖွလေး ပွတ်သပ်ခဲ့သည်။ " ကိုယ်သွားပြီးရင် ဘယ်အချိန်ပြန်လာရမလဲမသိဘူး။ မင်းတစ်ယောက်တည်း အိမ်မှာထားခဲ့ရမှာကို စိတ်မချလို့ အမေ့ဆီစာပို့ပြီး မင်းကိုလာဂရုစိုက်ပေးဖို့ ပြောလိုက်မယ်။ မဟုတ်ရင် မင်းတစ်ယောက်တည်းဖြစ်နေလိမ့်မယ်။ "



စုယွဲ့လည်း သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။ " အရင်လကစာထဲမှာ အမေက တတိယယောင်းမက မီးဖွားပြီးပြီလို့ ပြောတယ်မလား။ အခုဆို မီးတွင်းထဲကလည်း ထွက်လောက်ပြိိဆိုတော့ ဘယ်သူမှဘာမှ မပြောလောက်တော့ဘူး။ ဒါပေမယ့် အိမ်က ကြက်တွေခွေးတွေက ထားခဲ့လို့ အဆင်ပြေပါ့မလား။ "



ဟန်အိုက်ကော - " ကြက်လေးနည်းနည်းလောက်က ဘာမှမဖြစ်ပါဘူး။ ဒုတိယကလေးနဲ့ တတိယကလေးမိသားစုကို ပေးခဲ့လိုက်ပြီး အိမ်ပါစောင့်ခိုင်းထားလိုက်ရင် ရတယ်။ ပြီးတော့ အမေက မင်း အမွှာလေးတွေကို လွယ်ထားရမှန်းသိကတည်းက ကိုယ်သေချာ မပြုစုပေးနိုင်မှာကို စိုးရိမ်နေတာ။ အရင်တစ်ခေါက် ကိုယ်စာရေးတည်းက ကြိုပြောထားပြီးပြီမို့လို့ စိတ်ပူမနေနဲ့တော့။ "



ဟန်အိုက်ကော၏ စကားများကြောင့် စုယွဲ့လည်း ဘာမှထပ်မပြောဖြစ်တော့ပေ။ " အဲ့ဒါဆိုရင် စာပို့ပြီး လာခဲ့ခိုင်းလိုက်တော့လေ။ ကျွန်မ နောက်အိပ်ခန်းကို ရှင်းထားပြီး အဲ့မှာနေခိုင်းလိုက်မယ်။ စတုတ္ထကလေးကလည်း မူလတန်းပြီးပြီမလား။ ကျောင်းမတက်ရသေးဘူးဆိုရင် သူ့ကိုပါ ခေါ်လာခိုင်းခဲ့လိုက်။ အဲ့လိုဆို အမေလည်း လမ်းမှာအဖော်ရတာပေါ့။ လူကြီးတွေက တစ်ယောက်တည်း ကားအကြာကြီး မစ်ီးသင့်ဘူး။ စတုတ္ထကလေးလည်း မွေးကတည်းက ရွာကနေဘယ်မှမသွားဖူးသေးတော့ အခုတစ်ခေါက် တစ်ခါတည်း လိုက်လည်ခိုင်းလိုက်ပေါ့။ "



ဟန်အိုက်ကော - " ကောင်းပြိိီလေ၊ ဒါဆို ကိုယ် စာပို့ပြီး အမေနဲ့ စတုတ္ထကလေးကို လာခဲ့ခိုင်းလိုက်မယ်။ ကိုယ်မသွားသေးခင် မင်းအဆင်ပြေအောင် လုပ်ခဲ့ပေးမယ်နော်။ "



စုယွဲ့ မခွဲချင်သည့် သူမစိတ်ကို ချိုးနှိမ်ကာ ဟန်အိုက်ကောအတွက် ပစ္စည်းများထုပ်ပိုးပေးလိုက်သည်။ တကယ်က သူမ အခြားဘာကိုမှမကြောက်၊ ဟန်အိုက်ကော ထိခိုက်သွားမည်ကိုသာ စိုးရိမ်နေတာဖြစ်သည်။ တော်သေးတာတစ်ခုက အရင်တစ်ခါကတည်းက သွေးတိတ်ဆေးကို ပေးထားပြီးပြီဖြစ်သဖြင့် အကာအကွယ်တစ်ခုတော့ ရှိနေခြင်းပင်။ စုယွဲ့ ဟန်အိုက်ကော၏ စစ်ယူနီဖောင်းအတွင်း၌ အိတ်အသေးလေးတစ်ခု ထပ်ချုပ်ပေးကာ သွေးတိတ်စေသည့် ဆေးမှုန့်များကို ထည့်ပေးထားလိုက်သည်။ ဟန်အိုက်ကောကိုလည်း ပျောက်မသွားစေရန် သေချာသတိထားရန် တစ်ဖွဖွမှာခဲ့သည်။ 



ဟန်အိုက်ကောကလည်း စိတ်ရှည်လက်ရှည်နဲ့ သူမမှာသမျှကို နားထောင်နေကာ မပျောက်စေရဘူးလို့ ကတိပေးခဲ့သည်။ 



သို့သော်လည်း စုယွဲ့က စိတ်မချနိုင်သေးချေ။ အရင်တစ်ခေါက် ရှေ့တန်းထွက်တုန်းကဆို ခြေထောက်ဒဏ်ရာက ပြင်းထန်လွန်းသဖြင့် အသက်အန္တရာယ်ထိတောင် စိုးရိမ်ရခဲ့တာ။ အခုကလည်း အန္တရာယ်များသည်ကိုသာသိရကာ ယခင်တစ်ခေါက်မှ တာ၀န်ထက် အန္တရာယ်များမများကို မပြောနိုင်ဘူးလေ။ 



စုယွဲ့မှာ အိပ်နေရင်း အန္တရာယ်ရှိသည့် အိပ်မက်မက်မှာကို စိုးရိမ်နေခဲ့သည်။ သူမ အိပ်မက်မက်ပါက ဤခရီးက အန္တရာယ်ရှိသည်ဟု ဆိုလိုနေတာပင်။ သို့သော်လည်း ကံကောင်းစွာဖြင့် နှစ်ရက်အတွင်း အိပ်မက်မက်သည်မျိုး လုံး၀မရှိခဲ့ချေ။ ထိုသည်က ယခုခရီး အန္တရာယ်ကင်းသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ 



သို့ဖြစ်၍ စုယွဲ့ နည်းနည်းတော့ စိတ်ချသွားနိုင်သည်။ 



နှစ်ရက်ကြာပြီးနောက်တွင် ဟန်အိုက်ကော၏အမေနှင့် ဟန်အိုက်မင်တို့ ရောက်လာကြသည်။ ဟန်အိုက်ကောသည် မနက်စောစောထကာ တပ်ထဲမှ ကားငှားပြီး သူတို့နှစ်ယောက်ကို သွားကြိုလာသည်။ 



ထိုနှစ်ယောက်ကို အကြာကြီးနေမှ ပြန်တွေ့ရတာဖြစ်သဖြင့် စုယွဲ့ပျော်နေမိသည်။ သူတို့က နေ့လယ်တွင်ရောက်မည်ဆိုသည်ကို သိသဖြင့် စုယွဲ့ ဗိုက်ကြီးနှင့်ပင် ဟင်းရွက်ခင်းသို့ သွားကာ အသီးအရွက်များကို သွားခူးလိုက်ပြီး အိမ်တွင်ရှိသော အသားများကိုသုံးကာ ဟင်းနှစ်ပွဲသုံးပွဲ ချက်ထားလိုက်သည်။ 



ဟင်းများ ကျက်သွားချိန်တွင် တံခါးလည်းပွင့်သွားကာ အမေဟန်က အော်ခေါ်ခဲ့သည်။ " ယွဲ့ယွဲ့ရေ ယွဲ့ယွဲ့ " 



စုယွဲ့ ယောင်းမကိုချထားခဲ့လိုက်ကာ အမြန်ထွက်လာပြီး နှုတ်ဆက်လိုက်သည်။ " အမေ၊ အမေ ရောက်ပြီပဲ။ "



အမေဟန်က စုယွဲ့၏ဗိုက်ကို မြင်သွားသည့်အခါ ရှေ့တိုးလားပြီး သူမကို တွဲပေးခဲ့သည်။ " ဘာလို့ သမီးရဲ့ဗိုက်က ဒီလောက်ကြီးနေရတာလဲ။ ဗိုက်က အတော်လေးထွက်နေတာလို့ အိုက်ကောက စာထဲမှာပြောတုန်းက အမေ မယုံခဲ့ဘူး။ ကြည့်ပါဦး၊ တော်တော်လေးကို ထွက်နေတာပဲ။ တကယ် ခုနစ်လပဲရှိသေးတာလား။ "



စုယွဲ့ အမေဟန်နှင့် ဟန်အိုက်မင်ကို အရင်ထိုင်စေလိုက်သည်။ " အမေ၊ သမီးဗိုက်ထဲမှာက နှစ်ယောက်တောင်ရှိနေတာလေ။ တစ်ခြားသူတွေထက် ကြီးနေတာက ပုံမှန်ပါပဲ။ ပြီးတော့ အမြဲလိုလို ဗိုက်ဆာနေလို့ တစ်ခါစားရင် အများကြီးလည်း စားနေတာပဲကို။ "



ဟန်အိုက်မင်ကလည်း စုယွဲ့ ဗိုက်ကို စိတ်၀င်တစား ကြည့်နေခဲ့သည် သူတို့မိသားစုထဲ အမွှာမရှိခဲ့ဖူးချေ။ တကယ်ပဲ မရီးဆီမှာ ကလေးလေးနှစ်ယောက်ရှိနေတာလား။ အမွှာလေးတွေက တစ်ပုံစံတည်း တူကြတာဆို။ 



" ဒါပေါ့  စားရမှာပေါ့။ " စုယွဲ့၏ စကားကြောင့် အမေဟန်က ပျော်နေခဲ့သည်။ " စားနိုင်တယ်ဆိုတာ ကလေးလေးတွေက နေကောင်းတယ်လို့ ဆိုလိုတာ။ ကောင်းတဲ့ ကိစ္စပဲ။ "



" ဘာကောင်းရမှာလဲ အမေရယ်။ အမေ မသိလို့၊ အခုဆို စားတာကို ဆင်ခြင်နေရတာ။ ဟန်အိုက်ကောဆို သမီးကို အရင်ပေးစားတော့ တစ်ခါတစ်ခါဆို သူ့မှာ ၀အောင်မစားရရှာဘူး။ စိုးရိမ်နေရတာ အခုဆိုရင်။ "



" ဘာကို စိုးရိမ်နေရမှာလဲ။ " အမေဟန်က ပြောခဲ့သည်။ " ကလေးလွယ်ထားရမှတော့ အဆာခံနေလို့ ဘယ်ဖြစ်မလဲ။ စိတ်မပူနဲ့၊ မလောက်ငှလောက်ဘူးဆိုတာကိုသိလို့ အမေ ပိုက်ဆံနဲ့ လက်မှတ်တွေ ယူလာခဲ့တယ်။ " 



ပြောပြီးသည်နှင့် အမေဟန်က ဟန်အိုက်မင်ကို ပြောခဲ့သည်။" မြန်မြန် အိတ်ထဲမှာ ထည့်ချုပ်ပေးထားတဲ့ ပိုက်ဆံတွေကို  မင်းမရီးကို ထုတ်ပေးလိုက်။ " 



ဟန်အိုက်မင်က ချက်ချင်းပင် အပေါ်၀တ်ကို ချွတ်လိုက်သည်။ အထဲ၌ ချုပ်ထားသည့် အိတ်ကပ်လေးရှိကာ ဖောင်းကာနေပြီး ဖွင့်လိုက်သည့်အခါ ပိုက်ဆံများနှင့် လက်မှတ်များစွာ ပါလာသည်။ ထိုသည်များကို ဟန်အိုက်မင်က စုယွဲ့ကိုပေးခဲ့သည်။ " မရီး ဒါတွေက အမေထည့်လာတာတွေ။ လမ်းမှာ သူခိုးအခိုးခံရမှာစိုးလို့ အင်္ကျီအတွင်းထဲမှာ အိတ်ကပ်ချုပ်ပြိး ထည့်လာခဲ့တာ။"



ထိုသည်ကို မြင်သည့်အခါ စုယွဲ့ အံ့သြသွားခဲ့သည်။ ပိုက်ဆံများသာမကဘဲ အစားအသောက်ဆိုင်ရာလက်မှတ်များလည်း ပါနေသည်။

 


အမေဟန်က ပြောခဲ့သည်။ " ယွဲ့ယွဲ့ ဒါက အိမ်မှာ ကိတ်တွေလုပ်ရင်းနဲ့ စုထားတာတွေ။ ဒုတိယကလေးနဲ့ တတိယကလေးမိသားစုတွေကိုလည်း ခွဲပေးခဲ့သေးတယ်။ ထွက်မလာခင် လက်မှတ်တွေနဲ့လည်း လဲလာခဲ့လိုက်တာ။ " 



စုယွဲ့က လက်မခံချင်တာကြောင့် ငြင်းလိုက်သည်။ " အမေ သမိီးတို့မှာလည်း ပိုက်ဆံရှိပါတယ်။ အမေ့ ပိုက်ဆံတွေကို ဘယ်လိုလုပ် ယူရမှာလဲ။ အမေ့ဘာသာပဲ သိမ်းထားလိုက်ပါ။ "



" ဘာတွေပြောနေတာလဲ၊ ယူပါ။ " အမေဟန်က ပိုက်ဆံနှင့် လက်မှတ်များကို စုယွဲ့ထံ အတင်းထိုးပေးသည်။ " ဒိီမှာက အကုန်၀ယ်ခြမ်းစားရတာမလား။ ကိတ်ရောင်းပြီး ပိုက်ဆံရှာလို့လည်း မရတော့ အိုက်ကောရဲ့ လစာလေးနဲ့ ဘယ်လောက်ပါ့မလဲ။ အခု ဗိုက်ထဲမှာကလည်း ကလေးနှစ်ယောက်တောင်ဆိုတော့ နှစ်ဆကုန်တော့မှာ။ အမေ့ကို အားနာမနေနဲ့၊ ယူထားလိုက်။ ပြိီးတော့ ကိတ်မုန့်ဘယ်လိုလုပ်ရမလဲကို သမီးပဲသင်ပေးထားတာဆိုတော့ သမီးကိုလည်း ပေးရမှာပေါ့။ မယူချင်လည်း ယူရမှာပဲ။ "



ဟန်အိုက်မင်ကလည်း ၀င်ပြောခဲ့သည်။ " ဟုတ်တယ်၊ မရီးရ ယူထားလိုက်ပါ။ ဒုတိယမရီးနဲ့ တတိယမရီးဆိုရင် အမြဲလိုချင်နေကြတာ။ အမေ့အိတ်ကိုပဲ နေ့တိုင်း မျက်စောင်းထိုးပြီး ငိုယိုပြီး အမေ့ဆီကိုပဲ ပိုက်ဆံလာတောင်းနေကြတာ။"



အမေဟန်က ဟန်အိုက်မင်၏ ခေါင်းကို လှမ်းရိုက်ကာ ပြောခဲ့သည်။" စကားကိုများတယ်။ "



ဟန်အိုက်မင်က ဇက်လေးပုသွားကာ မကျေမနပ်ထပ်ပြောပြန်သည်။ " အစက အမေနဲ့ ကျွန်တော်က ဒီကိုလာပြီး မရီးကို ဂရုစိုက်ပေးမယ်ဆိုတာကို သိသွားကြတော့ ဒုတိယမရီးနဲ့ တတိယမရီးက မကျေနပ်နေကြတာလေ။ အမေ့ဆီလာပြီးတော့ အိမ်ခွဲနေလိုက်တော့ လက်ထဲမှာ ပိုက်ဆံမရှိတော့လို့ အဆင်မပြေလို့ ဒီအတိုင်းဆက်သွားနေရင် ကလေးတွေ ဒုက္ခရောက်ကြတော့မယ်ဆိုပြီး လာငိုပြနေကြတာ။ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုကလည်း သူတို့မိန်းမတွေကို မတားကြဘူး။ အမေက အစ်ကိုကြီးဆီကိုပဲ ပိုက်ဆံတွေ အကုန်ယူသွားပေးမှာကို စိုးရိမ်နေကြတာ။ အဲ့ဒါကြောင့် အမေက မလာခင် တစ်ယောက်ကို ယွမ်နှစ်ရာစီ ပေးခဲ့လိုက်ရတယ်။ "



ဟန်အိုက်မင်က ပြောလေ ဒေါသထွက်လေဖြစ်လာသည်။ " အမေရတဲ့ ပိုက်ဆံတွေက ကိတ်မုန့်တွေရောင်းပြီး ရထားတာတွေလေ၊ သူတို့ လုပ်ထားတာလည်း မဟုတ်ဘဲနဲ့။ သူများဆီက ဘယ်လိုတောင်းရမလဲပဲ တွေးနေကြတယ်။ "



စုယွဲ့နှင့် ဟန်အိုက်ကော တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ စာရေးတိုင်း အမေက အမြဲကောင်းသည်များကိုသာရေးကာ ကြုံတွေ့နေရသည့် အခက်အခဲများကိုတော့ ချန်လှပ်ထားသည့်ပုံပင်။ 



အမေဟန်မျက်နှာရှိ အပြုံးမှာလည်း ပျောက်ကွယ်သွားကာ သက်ပြင်းလိုက်ချသည်။ " အမေ့မှာ ပိုက်ဆံရှိနေတော့ ဘယ်သားကို အမွေပေးလိုက်မလဲဆိုတာကို စိုးရိမ်နေကြတာ။ အမေက အိုနေပါပြီ။ လက်ထဲမှာ ပိုက်ဆံမရှိတာက ပိုက်ဆံအများကြီး ရှိနေတာထက်တော့ ကောင်းမှာပါ။ ဒါကြောင့် ဒီကနေ ပြန်ရင် မုန့်ရောင်းတာကို ထပ်မလုပ်တော့ဘူးလို့ စဥ်းစားထားတယ်။ "



စုယွဲ့ - " အမေ့ကို သမီးတို့က စောင့်ရှောက်ပေးမှာပေါ့ ။ အသက်ကြီးနေပြီကို အလုပ်လည်း လုပ်မနေပါနဲ့တော့။ အခုတော့ ဘာမှမတွေးဘဲ ဒီမှာ စိတ်အေးအေးချမ်းချမ်းနဲ့ပဲနေလေ။ မပြန်ချင်ရင်လည်း မပြန်နဲ့တော့။ သမီးနဲ့ အိုက်ကောက အမေ့ကို စောင့်ရှောက်ပေးမယ်။ "



စုယွဲ့၏ စကားများကြောင့် အမေဟန်က ပျော်သွားလေသည်။ နောင်တစ်ချိန်အတွက် သားကြီးနဲ့ သားငယ်ကိုသာ အားထားရမည်ကို သူမလည်း သိသည်။ စတုတ္ထကလေးက ဘယ်လိုချွေးမမျိုးကို ယူဦးမလဲဆိုသည်ကလည်း မသိနိုင်သေးချေ။ သူယူမည့် မိန်းမကသာ မလိမ္မာသူဆိုပါက သူမ ဘာမှ မျှော်လင့်နေစရာမရှိတော့ချေ။ စုယွဲ့တို့ကိုသာ အားကိုးရမှာပင်။ စုယွဲ့က သိတက်လိမ္မာကာ သူမလက်ထဲမှ ပိုက်ဆံကိုလည်း လိုချင်စိတ်မရှိဘဲ စိတ်ရင်းကောင်းသူဖြစ်သည်။ 



အခုကစပြီး ဟိုအလတ်နှစ်ကောင်ကို သူမလည်း ဂရုမစိုက်တော့ဘူး။ စတုတ္ထကလေးကို ပျိုးထောင်တာအပြင် သားကြီးရဲ့ မိန်းမနဲ့ ကလေးတွေကို ထိန်းကျောင်းပေးရင်း စိတ်အေးအေးချမ်းချမ်းနဲ့ပဲ နေတော့မယ်။