အပိုင်း ၇၂
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၂ - ရန်ဖြစ်ခြင်း





" ကောင်းပြီ ကောင်းပြီ။ စိတ်ညစ်စရာတွေ မပြောနဲ့တော့။ " အမေဟန်က အိမ်မှ စိတ်ညစ်စရာအကြောင်းများကို မပြောလိုတော့ချေ။ စုယွဲ့ လက်ထဲ ပိုက်ဆံများကိုထည့်ပေးကာ ပြောခဲ့သည်။" ရော့၊ ယူထားလိုက်။ မငြင်းနဲ့တော့ မဟုတ်ရင် အမေ စိတ်မကောင်းဖြစ်လိမ့်မယ်။" 



အမေဟန်၏ သဘောထားကိုသိနေသဖြင့် စုယွဲ့လည်း ထပ်မငြင်းတော့ပဲ လက်ခံလိုက်ကာ အမေဟန်အားထမင်းစားပွဲဆီ ခေါ်သွားကာ ထိုင်ခိုင်းထားလိုက်ပြီး ဟန်အိုက်ကောကို မီးဖိုခန်းထဲမှ ဟင်းပွဲများ ထုတ်လာရန် ပြောလိုက်သည်။ " အမေ၊ ဗိုက်ဆာနေပြီလား။ အရင် စားကြရအောင်လေ၊ ပြီးမှ စကားဆက်ပြောကြတာပေါ့။"



ဟန်အိုက်မင်က စားပွဲပေါ်မှ ဟင်းပွဲများကိုမြင်သည့်အခါ မျက်လုံးများအရောင်တောက်သွားခဲ့သည်။ " မရီးရဲ့ လက်ရာကို မစားရတာကြာတော့ ကျွန်တော် သတိရနေတာ။ "



စုယွဲ့က  ပြုံးကာ ပြောလိုက်သည်။ " ဒါဆို ဒီနေ့ အ၀စားလိုက်တော့၊ မရီးက အများကြီး ချက်ထားတာမို့ ဗိုက်ကားသွားတဲ့အထိ စားပစ်လိုက်။"



ဟန်အိုက်မင်က ဟန်ဆောင်နေခြင်းမရှိ ချက်ချင်း တူကိုကောက်ကိုင်ကာ အသားတစ်ဖက်ကိုယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ အမူအရာမှာလည်း နတ်သုဒ္ဓါကို စားလိုက်ရသည့်နှယ် ဖြစ်လို့နေသည်။ 



အမေဟန်ကလည်း ဟင်းရွက်များကို ဆယ်ယူနေရင်းဖြင့် စုယွဲ့က်ို ပြောခဲ့သည်။ " ယွဲ့ယွဲ့ အမေတို့ကို ဂရုစိုက်မနေနဲ့။ ဗိုက်ထဲမှာ ကလေးနှစ်ယောက်လည်း ရှိသေးတော့ စားတော့လေ။ အဆာခံမနေနဲ့။ "



စုယွဲ့က လျှော့စားချင်သည့် ဆန္ဒရှိလျှင်တောင် လျှော့မစားနိုင်ပေ။ အကြောင်းမှာ ဗိုက်၀အောင်မစားပါက အထဲမှ ကလေးနှစ်ယောက်သည် သောင်းကျန်းနေတက်သည့်အတွက်ပင်။ သို့ဖြစ်၍ အဘွားနှင့် ဦးလေးဖြစ်သူတို့ ပထမဆုံးလာသည့်နေ့ ဖြစ်သော်ငြား စုယွဲ့ ယခင်လိုပဲ စားဖြစ်နေသည်။ အဆာမခံနဲ့ဆိုတာ ဘာကိုပြောတာလဲ မသိပါဘူးနော်။ 



အဆုံးတွင် စုယွဲ့တစ်ယောက်သာ တူနှစ်ချောင်းကိုကိုင်လျက် ထမင်းဆက်စားရင်း ကျန်နေခဲ့သည်။ 



အမေဟန်နှင့် ဟန်အိုက်မင်တို့သည် စုယွဲ့စားနေသည်ကို အံ့သြတကြီး ကြည့်နေကြလေသည်။ သို့သော်လည်း ဟန်အိုက်ကောကတော့ နေသားကျနေပြီဖြစ်သဖြင့် ဘေးမှနေ ဟိုဟင်းလေးထည့်ပေးလိုက် ဒီဟင်းလေးထည့်ပေးလိုက်ဖြင့် ရှိနေခဲ့သည်။ 



ဗိုက်မ၀မချင်း စုယွဲ့မှာ တူကိုမချနိုင်ခဲ့ချေ။ ယခုတစ်ခါတွင်လည်း ထိုနည်း၄င်းပင်။ စားပွဲပေါ်မှ ဟင်းများလည်း အကုန်ကုန်သွားကာ ထမင်းအိုးထဲ၌လည်း ထမင်းမကျန်တော့ပေ။ သူမ၏ စားသောက်ပုံမှာ " စန်ကွမ်း မူ၀ါဒ " လိုပင်။ 



စုယွဲ့က အမေဟန်နှင့် ဟန်အိုက်မင်ကို ကြည့်ကာ ရှက်ရှက်ဖြင့် ပြုံးပြလိုက်သည်။ " အခုဆိုသမီးက ဆာလောင်နေတဲ့ တစ္ဆေလိုပဲ၊ ၀အောင်မစားရင် နေရတာအဆင်မပြေလို့။ မရယ်ကြနဲ့နော်။ "



ဟန်အိုက်မင်က မျက်တောင်လေးများကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ အံ့သြနေသည့် အမူအရာကို ချက်ချင်းပြန်သိမ်းလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်တော့ ကိုယ်၀န်ဆောင်သည်များ၏ အာသီသကို သဘောပေါက်သွားပြီဖြစ်သည်။ ကိုယ်၀န်ဆောင်နေရင် တကယ်လည်း စားနိုင်လာတာပဲ။ စားနေတဲ့ပုံက ယောက်ျားကြီးနှစ်ယောက်လောက်နဲ့တောင် ပြိုင်စားလို့ရလောက်တယ်။ သူမှတ်မိသလောက်ဆို မရီးက တစ်ပန်းကန်လောက်နဲ့ဆို ဗိုက်ပြည့်တက်တဲ့သူ။ 



အံ့သြပြီးနောက်တွင် အမေဟန်သည် သူမ ပိုက်ဆံများနှင့် လက်မှတ်များ ပိုယူလာခဲ့လို့ တော်သေးတာပေါ့ဟူ၍ တွေးနေခဲ့သည်။ ဒီပုံစံအတိုင်းသာစားနေရင် ဘယ်လောက်ပါ့မလဲ။ အရင်ကရော ၀၀လင်လင် စားနေခဲ့ရရဲ့လား မသိဘူး။ နောင်ကြ ချက်ပြုတ်ရင် များများပိုချက်မှ ဖြစ်မှာပဲ။ ယွဲ့ယွဲ့နဲ့ ကလေးတွေက်ို အဆာခံခိုင်းလို့ မဖြစ်ဘူး။ 



ဟန်အိုက်ကောက နေ့လယ်စာစားပြီးနောက်တွင် သွားဖို့ ပြင်ဆင်နေတော့သည်။ ဒီနေ့ညဆို ရှေ့တန်းထွက်ရတော့မည်ဖြစ်သည်။ 



လိုက်ပို့ပေးစဥ်တွင် စုယွဲ့ မထိန်းနိုင်မည်စိုးသဖြင့် ဘာစကားမှမဆိုမိပေ။ အဆောင်တံခါး၀အထိ လိုက်ပို့ပေးကာ ဟန်အိုက်ကောမှ ဆက်လိုက်မပို့နဲ့တော့ဟု တားတော့မှသာ စုယွဲ့ရပ်လိုက်မိသည်။ 



စုယွဲ့ နှုတ်ခမ်းကိုကိုက်ကာ ဟန်အိုက်ကောကို ကြည့်နေပြီးမှ ဗိုက်လေးကို ပုတ်ပြကာ ရယ်ရင်း ပြောလိုက်သည်။ " ကလေးလေးတွေနဲ့ ကျွန်မက စောင့်နေမှာမို့လို့ ကျွန်မတို့သုံးယောက်ကိုတွေ့ဖို့ မြန်မြန်ပြန်လာခဲ့ရမယ်နော်။ "



ဟန်အိုက်ကောက စုယွဲ့ကို ဖက်လိုက်ကာ ဘေး၌ လူများရှိသည်ကိုလည်း ဂရုမစိုက်ဘဲ စုယွဲ့၏ နဖူးလေးအား နမ်းလိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။ 



စုယွဲ့ နှုတ်ခမ်းကိုအုပ်ကာ ကျချင်နေသည့် မျက်ရည်များကို ထိန်းလိုက်ရင်း စိတ်ငြိမ်အောင် ခဏနေပြီးမှသာ ဘာမှမဖြစ်သလို အိမ်သို့ ပြန်သွားလိုက်သည်။ 



_ _ _ _ 


အမေဟန်ရောက်လာပြီးနောက်တွင် သူမသည် အငြိမ်မနေနိုင်သဖြင့် အဆောင်နောက်ရှိ ဟင်းရွက်ခင်းသို့သွားကာ ရေလောင်းပေါင်းသင်လုပ်နေလိုက်သည်။ အမေဟန်သည် ဆက်ဆံရေးကောင်းသူဖြစ်သဖြင့် ဟင်းရွက်ခင်းထဲတွင် အလုပ်လုပ်နေရင်း အိမ်နီးချင်းများနှင့် စကားစမည်ပြောနေတက်ကာ ယခုဆိုအတော်လေး ရင်းနှီးနေကြပြီဖြစ်သည်။



နှစ်ရက်ကြာပြီးနောက်တွင် အမေဟန်က အဆောင်ထဲမှ လူများအကြောင်းကို အကုန်သိနေပြီဖြစ်သည်။ ဘယ်မိသားစုက မိန်းမကတော့ စိတ်ထားပုတ်တာ၊ ဘယ်မိသားစုကတော့ ကြင်နာတက်တာ၊ ဘယ်သူကတော့ ဘယ်လိုအခွင့်အရေးယူတက်တာနှင့် သူမ အကုန်သိနေပြီဖြစ်သည်။ နှစ်၀က်ကျော်နေလာသည့် စုယွဲ့ပင် သူမလောက် မသိချေ။ 



ယောက္ခမဖြစ်သူ၏ ပေါင်းသင်းဆက်ဆံရေးကောင်းမှုကိုတော့ စုယွဲ့ သြချမိသည်။ 



ပြောရပါက အမေဟန်သည် လူငယ်များနှင့် ကွဲပြားပေသည်။ စုယွဲ့က အပြင်မထွက်ဘဲ တစ်နေ့လုံးအိမ်၌ နေနိုင်သော်လည်း အမေဟန်ကတော့ မနေနိုင်ချေ။ အပြင်မထွက်ရပါက ပျင်းနေတက်သည်။ အိမ်၌ ချက်ပြုတ်ကာ အိမ်မှုကိစ္စများလုပ်ပြီးသည်နှင့် အမေဟန်သည် အပ်နှင့်အပ်ချည်ကိုယူကာ အောက်သို့ဆင်း၍ စကားပြောရမည့်သူကို သွားရှာတက်သည်။ သစ်ပင်အောက်တွင်ထိုင်ကာ ကလေးများအတွက် အင်္ကျီနှင့်သေးခံများကို ချုပ်ရင်း စကားစမြည်ပြောနေတက်သည်။ အပေါ်သို့ တစ်ခါတစ်ခါလည်း မော့မော့ကာ ကြည့်သည်။ စုယွဲ့ တစ်ခုခုလိုလျှင် တံခါးမှထွက်ကာ အော်ခေါ်တက်၍ ဖြစ်သည်။



ဟန်အိုက်မင်က အပြင်ထွက်ကာ မိန်းမကြီးတစ်စုကြား၌ ညပ်မနေချင်သလို အဆောင်၌ သူနှင့်ရွယ်တူကလေးများလည်း သိပ်မရှိသဖြင့် စုယွဲ့က အိမ်၌ပင် စာရင်းအင်းတွက်ချက်ခြင်းနှင့် အခြားဗဟုသုတများကို သင်ကြားပေးလိုက်သည်။ ဟန်အိုက်မင်သည် စီးပွားရေးကို အထူးတလည် စိတ်၀င်စားကာ ဂဏန်းသင်္ချာကိုလည်း သေချာသင်ယူလိုသည့်စ်ိတ်ရှိသည်ကို စုယွဲ့သတိထားမိသည်။ ယခုအခြေအနေသည် ကျပ်တည်းနေသေးကာ စီးပွားရေးလုပ်ငန်းလုပ်ရန် မလွယ်ကူသော်လည်း နောင်နှစ်အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲရေးများ စတင်လာပြီး ဟန်အိုက်မင်လည်း သူ့စွမ်းရည်များကို ကောင်းကောင်းအသုံးချနိုင်လိုက်ပါက တရုတ်ပြည်၏ ပထမဆုံးသော လူချမ်းသာများပင် ဖြစ်လာနိုင်လောက်သည်။ သို့ဖြစ်၍ စုယွဲ့လည်း ဟန်အိုက်မင်ကို သူမ သိသမျှ စာရင်းအင်းပညာများအပြင် ရံဖန်ရံခါလည်း စီးပွားရေးလုပ်ငန်းနှင့် ဆိုင်သည်များကို သင်ကြားပေးလိုက်သည်။ 



ယနေ့တွင်လည်း ယခင်လိုပင် အမေဟန်သည် မနက်စာစားပြီးသည်နှင့် အောက်သို့ဆင်းကာ အသိများနှင့် စကားပြောဖို့ ထွက်သွားသည်။ စုယွဲ့က ဟန်အိုက်မင်အား စာရင်းအင်းများကို သင်ပေးရင်း အိမ်၌ကျန်ခဲ့လေသည်။ ထိုအချိန်တွင် တံခါးခေါက်သံကိုကြားလိုက်ရ၍ စုယွဲ့ ထကြည့်လိုက်သည့်အခါ ဘေးအိမ်မှ အဖွားဖုန်းဖြစ်သည်ကိုတွေ့လိုက်ရသည်။ 



စုယွဲ့ ဗိုက်ကြီးနဲ့ပင် ဧည့်ကြိုပြုလိုက်ရသည်။ " အဒေါ် ဘာကိစ္စရှိလို့လဲ လာလေ၊ ၀င်ထိုင်ပါဦး "



အဖွားဖုန်းသည် စုယွဲ့၏ ဗိုက်ကိုကြည့်ကာ တစ်ခဏတွေဝေသွားပြီးမှ လာရင်းအကြောင်းကို ပြောခဲ့သည်။ " သမီးရေ ထောပတ်ကိတ်လေး လုပ်ပေးနိုင်သေးလား။ "



စုယွဲ့ - " အဒေါ်က ထောပတ်ကိတ်၀ယ်ချင်လို့လား။ "



အဖွားဖုန်းက သက်ပြင်းချကာ ပြောခဲ့သည်။ " အိမ်ကမြေးလေးက စားချင်နေပြန်ပြီဆိုလို့လေ။ ဘယ်လောက်ချော့ချော့ မရတာနဲ့ ၀ယ်လို့ရမလားလို့ လာမေးကြည့်တာ။ "



စုယွဲ့ရဲ့ ထောပတ်ကိတ်ကို စားပြီးချိန်ကစလို့ ဖုန်းဇီထောင်သည် နေ့တိုင်းလိိုလို ပြဿနာရှာနေတက်ကာ အခြားမုန့်များနှင့်လည်း ချော့၍မရပေ။ ထောပတ်ကိတ်သည် စျေးကြီးလွန်းသဖြင့် မိသားစုက ဘယ်လောက်အဆင်ပြေနေနေ နေ့တိုင်းစားနေ၍ မဖြစ်သောကြောင့် အချိန်တစ်ခုလောက်နေမှ တစ်ခါ စုယွဲ့ဆီက လာ၀ယ်ကျွေးဖြစ်သည်။ 



ထိုကလေးဆိုးလေးက အခုရက်ပိုင်းတွင်လည်း ပူဆာနေသည်ကို အဖွားဖုန်းက စုယွဲ့သည် မီးဖွားခါနီးဖြစ်၍ မလုပ်ပေးနိုင်လောက်ဟုတွေးကာ ချော့မော့ပြောသော်လည်း လုံး၀မရပေ။ မစားရမချင်း ပူဆာနေကာ ချွေးမဖြစ်သူကလည်း အလိုလိုက်နေသဖြင့် သူမမှာ မျက်နှာပူပူဖြင့် လာတောင်းဆိုကြည့်နေရသည်။ 



အကြောင်းအရင်းကိုကြားသည့်အခါ စုယွဲ့ အားနာနာဖြင့် တောင်းပန်လိုက်ရသည်။ " အဒေါ်ရေ စိတ်တော့မရှိပါနဲ့။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ ကျွန်မရဲ့ ဗိုက်က အခု တော်တော်ထွက်နေတော့ ခဏလေးရပ်ရင်တောင် ပင်ပန်းနေတာ၊ အဲ့တော့ မီးဖိုချောင်ထဲ မ၀င်နိုင်သေးဘူးလေ။ ဒါကြောင့် ကိတ်မုန့်က အခုလုပ်ပေးဖို့ မဖြစ်နိုင်သေးဘူး။ ကလေးက စားချင်တယ်ဆိုရင် မီးဖွားပြီးရင်တော့ ကျွန်မလုပ်ပေးပါ့မယ်။ " 



အဖွားဖုန်းကလည်း အားနာနာဖြင့် ပြန်ပြောခဲ့သည်။ " တောင်းပန်ပါတယ်ကွယ်။ ဒါက အဒေါ်အပိုတွေ ပြောမိလို့ပဲဟာ။ ဒါပေါ့ ဗိုက်ထဲက ကလေးကပိုအရေးကြီးတာပေါ့။ မီးဖိုချောင်ကလည်း မ၀င်နိုင်ရင် မ၀င်နဲ့။ အဒေါ်ကမေးကြည့်ရုံပဲ၊ စိတ်ထဲမထားနေနဲ့နော်။ "



အဖွားဖုန်းက ခဏအကြာတွင် မြေးဖြစ်သူကို ချော့ရဦးမည်ဟုဆိုကာ ပြန်သွားတော့သည်။ 



မျှော်လင့်ထားသလိုပင်။ ဘေးအိမ်မှ ဖုန်းဇီထောင်၏ အော်ငိုသံကို ကြားရတော့သည်။ ဖြစ်နိုင်သည်မှာ ကိတ်မုန့်မစားရ၍ စိတ်ကောက်နေခြင်းပင်။ 



စုယွဲ့ ခေါင်းတစ်ခါခါဖြင့် ဘေးအိမ်မှ ကလေးက တကယ်ခေါင်းကိုက်စရာပဲလို့ တွေးနေမိသည်။ သူမရဲ့သားသာဆို ရိုက်ပြီးတာ ကြာနေလောက်ပြီ။ 



အမေဟန်က အိမ်ပြန်အလာတွင် အိမ်ထဲမှ တစ်စုံတစ်ယောက်ထွက်သွားသည်ကို မြင်လိုက်ပြီး စုယွဲ့ကို မေးခဲ့သည်။ " ယွဲ့ယွဲ့ ဧည့်သည်လာသွားတာလား။ အဆင်ပြေရဲ့လား။ "



စုယွဲ့ -  " ဘေးအိမ်က အဒေါ်လေ၊ ကိတ်မုန့်ဖုတ်ပေးနိုင်မလား လာမေးတာ။ အရင်က ပိုက်ဆံနဲ့ လက်မှတ်တွေကို လက်ခံပြီး သူတို့ဖို့ ကိတ်မုန့်လုပ်ပေးဖူးတယ်။ အခု ကလေးက စားချင်တယ်ဆိုပြီး ပူဆာနေတော့ လာမေးတာ။ "



အမေဟန်က ခေါင်းခါကာ မေးခဲ့သည်။" ဒီဗိုက်ကြီးနဲ့ ဘယ်လိုလုပ် လုပ်လို့ရမှာလဲ။ လက်မခံလိုက်ဘူးမလား။"



" အမေ စိတ်မပူပါနဲ့ သမီးငြင်းလိုက်ပါတယ်။ အဲ့ဒါကြောင့် ဘေးအိမ်က ကလေးက ငိုနေတာလေ။ "



" ဒါကြောင့်ကိုး၊ ဘေးအိမ်က ကလေးက ငိုနေတာ။ ငိုနေလည်း လုပ်ပေးလို့ မဖြစ်ဘူးနော်။ ကောင်းကောင်တောင်မရပ်နိုင်ဘဲနဲ့ ဘာကိစ္စ မီးဖိုချောင်ထဲ ၀င်မှာလဲ။ "

 


ကိစ္စများက ထိုအတိုင်းပြီးသွားပြီဟုထင်ထားခဲ့သော်လည်း ညနေခင်းတွင် ဖန်းရှောင်းလီ ကိုယ်တိုင်ရောက်လာသဖြင့် စုယွဲ့ အံ့သြသွားသည့် အမူအရာကိုပင် မဖုံးကွယ်လိုက်နိုင်ချေ။



သူမတို့ ဒီကိုပြောင်းလာကတည်းက ဖန်းရှောင်းလီသည် ညစာစားရန် ဖိတ်ခဲ့သည့်တစ်နေ့ပဲ ရောက်လာခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ခေါက်မှ ရောက်မလာခဲ့ပေ။ သားဖြစ်သူအတွက် ကိတ်မုန့်မှာလျှင်တောင် ကိုယ်တိုင်ရောက်မလာခဲ့ဖူးသည်ကို ဒီနေ့ကြ ဘာကိစ္စရောက်လာရတာလဲ။ 



စိတ်ထဲ၌ သံသယ၀င်နေသလို အပြင်၌လည်း စုယွဲ့သည် ဧည့်၀တ်ပြုနေခြင်းမရှိဘဲ တံခါးကိုသာဖွင့်ကာ မေးခဲ့သည်။ " ဘာကိစ္စရှိလို့လဲ။ "



ဖန်းရှောင်းလီ၏ မျက်နှာထားမှာ လုံး၀မူမမှန်ပေ။ အပြုံးမှာလည်း တမင်လုပ်ထားသည့်အပြုံးဖြစ်ကာ စကားများသည်လည်း ယခင်လောက် မရင့်သီးတော့ပေ။ " ညီမလေး၊ ကိတ်မုန့်လေး လုပ်ပေးဖို့ မှာချင်လို့ပါ။ အိမ်က ကလေးက ညီမလေးရဲ့ ကိတ်မုန့်ကိုမှ မစားရရင် ဘာကိုမှမစားဘူးဆိုပြီး အိမ်မှာသောင်းကျန်းနေလို့။ ဒီမှာကြည့်ပါဦး။ လက်မှတ်နဲ့ ကုန်ကျစရိတ်တွေလည်း တစ်ခါတည်း ပါလာသေးတယ်။ "



ဖန်းရှောင်းလီက ပိုက်ဆံနှင့် လက်မှတ်များကိုထုတ်ကာ စုယွဲ့ထံ ထိုးပေးခဲ့သည်။ 



စုယွဲ့ မျက်မှောင်ကြုံ့ကာ ထိုသည်များကို လက်မခံဘဲ ငြင်းလိုက်သည်။ " မနက်က အဒေါ်လာတုန်းကလည်း ကျွန်မ ရှင်းပြလိုက်တယ်။ ဗိုက်ကြောင့် မီးဖိုချောင် မ၀င်နိုင်လို့ ကိတ်မုန့်လုပ်ပေးလို့ မရဘူးလို့လေ။ ကိတ်မုန့်မှာချင်ရင် မီးဖွားပြီးတဲ့အထိ စောင့်မှရမှာ။အစ်မ  ပိုက်ဆံနဲ့ လက်မှတ်တွေကို ပြန်ယူသွားပြီး အိမ်က ကလေးကိုပဲ ရအောင်ချော့လိုက်ပါ။  "



အမေဟန်ကလည်း ၀င်ပြောခဲ့သည်။ " ဟုတ်တယ် ယွဲ့ယွဲ့က ဗိုက်ကြီးနေလို့ မီးဖိုချောင်မ၀င်နိုင်ဘူး။ မီးဖွားပြီးမှပဲ အဲ့ကိစ္စကို ထပ်ပြောတော့။ "



ဖန်းရှောင်းလီက မနက်ကအခြေအနေကိုလည်း ယောက္ခမဖြစ်သူထံမှ ပြန်ကြားထားပြီးပြီဖြစ်သော်လည်း ကလေးက မစားရမချင်း အော်ဟစ်နေသဖြင့် ဗိုက်ကြီးနေသည်ကိုလည်း ဂရုမစိုက်အားဘဲ လာပြောနေခြင်းဖြစ်သည်။ ကလေးက ငိုနေတာကို အမေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။ အဘွားဖြစ်သူက နေနိုင်လည်း အမေဖြစ်တဲ့ သူမကတော့ မနေနိုင်ပါ။ 



ပြီးတော့ စုယွဲ့က အခုမှ ရှစ်လပဲရှိသေးတာမလား၊ အစောကြီးရှိသေးတဲ့ဟာကို ဘာလို့ ဇီကြောင်နေရတာလဲ၊ မီးဖိုချောင်လေးကိုတောင် မ၀င်နိုင်ဘူးလား။ လာလိမ်မနေနဲ့။ သူမကို မျက်နှာသာမပေးချင်လို့ တမင်လုပ်နေတာပဲနေမှာ။ 



ဖန်းရှောင်းလီသည် ဒေါသထွက်ကာ အိတ်ထဲမှ တစ်ဒေါ်လာကို ထုတ်လိုက်သည်။ " ညီမလေး ဗိုက်ကအခုမှ ရှစ်လပဲရှိသေးတာမလား။ မီးဖိုထဲကို တစ်ခါတစ်လေတော့ ၀င်လို့ရပါသေးတယ်။ ကလေးငိုနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မလို့လား။ လုပ်ပေးပါ။ တစ်ဒေါ်လာထပ်ပေးပါ့မယ်။ "



ထိုစကားများကို ပြောနေသည့် ဖန်းရှောင်းလီ၏ အမူအရာမှာ " တစ်ဒေါ်လာတောင် ထပ်ပေးနေတဲ့ဟာကို မူမနေတော့နဲ့ " ဟူသောမျက်နှာထားမျိုးဖြစ်၍ စုယွဲ့လည်း ဒေါသထွက်လာတော့သည်။ ကိုယ်၀န်ဆောင်သည်လည်းဖြစ်သဖြင့် စိတ်အပြောင်းအလဲလည်း မြန်ကာ ဒေါသလည်း ထွက်လွယ်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ ယဥ်ကျေးမနေတော့ဘဲ အေးစက်စက်ဖြင့် ပြန်ပြောလိုက်တော့သည်။ "ဗိုက်ကြောင့် မီးဖိုချောင်မ၀င်နိုင်ဘူးလို့ ပြောပြီးပြီလေ။ ပိုက်ဆံဘယ်လောက်လဲပေါ်မှာ မူတည်နေတာမဟုတ်ဘူး။ နောက်ထပ် ယွမ်တစ်ရာထပ်ပေးရင်တောင် မလုပ်ပေးနိုင်တာမို့လို့ ပြန်ပါတော့။ ဒီ့ထက် ပိုပြောရအောင် မလုပ်ပါနဲ့။ "



ဖန်းရှောင်းလီက သူမက ဒီလောက်နှိမ့်ချနေတာတောင် စုယွဲ့ဆိုတဲ့ မိန်းမက ရောင့်တက်နေတာပဲဟု တွေးသွားသည်။ သူမကို တမင်လုပ်နေတာပဲဖြစ်ရမယ်။ အရင်တစ်ခေါက် ကလေးတွေ ဂေါ်လီဆော့တဲ့ ကိစ္စကို အငြှိုးထားနေတာပဲနေမှာ။ 



ကောင်းပြီလေ၊ သူမက အလျှော့ပေးနေတာကိုတောင် လက်မခံချင်မှတော့ နောက်မှ သူမအလွန်လို့ လာမပြောနဲ့။



" အိမ်နီးချင်းတွေပဲကို နည်းနည်းတော့ လွန်တယ်မထင်ဘူးလား။ ကလေးက အပြစ်လုပ်ခဲ့တယ်ဆိုတာလည်း မတော်တဆပဲလေ။ ဘာလို့ အခုလို အငြှိုးထားနေရတာလဲ။ ကိတ်လေးတစ်လုံးလုပ်တာက ဘာများ အပန်းကြီးနေလို့လဲ။ ဟမ့်? ကိုယ်လုပ်နိုင်တာလေးကိုတောင် လုပ်မပေးချင်ဘူးလား။ ငါတို့က လာတောင်းဆိုနေတဲ့ဟာကို။ ကိတ်လေးတစ်ခု လုပ်တာလေးဟာကို ကိုယ့်ကိုယ်ကို ဘာထင်နေလဲ။ အမြှီးထောင်နေတာက မိုးထိတော့မယ်။"



ပြောပြီးနောက်တွင်လည်း ဖန်းရှောင်းလီက စုယွဲ့ကို မထီမဲ့မြင်ပြုကာ ဆက်လှောင်ပြောင်ခဲ့သည်။ " ဪ နင်က နင့်ယောက်ျားက တပ်ခွဲမှုးမို့လို့ တော်လှပြီထင်နေတာလား။ ငါပြောပြမယ်၊ နင်တို့ရွာမှာတုန်းကတော့ တပ်ခွဲမှုးက ရာထူးကြီးကြီးကောင်ကြီး ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် တပ်ထဲမှာကြ ဘာကောင်မှ မဟုတ်ဘူး။ သိရဲ့လား။ ကိုယ့်ကိုယ်ကို ဘ၀င်မြင့်မနေနဲ့။ "



သူမ၏ ယောက်ျားဖြစ်သူအကြောင်းများပါ ပါလာသဖြင့် စုယွဲ့ ထိုမိန်းမကို အလွန်စိတ်ဆိုးလာတော့သည်။ ဘာလို့ ဒီလို ရွံစရာကောင်းပြီး အရှက်မရှိတဲ့အပြင် ဘ၀င်လေဟပ်နေတဲ့ မိန်းမမျိုးရှိနေရတာလဲ! 



ဘယ်သူ့မျက်နှာမှ မထောက်ဘဲ စုယွဲ့ ဒီနေ့တော့ ပြန်ပြောပစ်မှကို ဖြစ်တော့မယ်။



စုယွဲ့က ရွေးချယ်စရာမရှိဘဲ ပြန်ရန်တွေ့တော့မည်ဖြစ်သည်။ ထိုအချိန်မှာပဲ အမေဟန်ကလည်း ၀င်ပါလာကာ ဖန်းရှောင်းလီကို တံခါးအပြင်သို့ တွန်းထုတ်လိုက်သည်။ 



ဖန်းရှောင်းလီက ရုတ်တရက် အတွန်းခံလိုက်ရ၍ သတိလွတ်နေချိန်မှာပဲ အမေဟန်က လက်ညှိုးထိုးကာ ပြန်ရန်တွေ့ခဲ့သည်။ " နင်က တကယ်အရှက်မရှိတာပဲ။ ငါတို့က ကောင်းကောင်းမွန်မွန် ပြောနေတာကို ငါ့ချွေးမကိုလည်း ရန်တွေ့တဲ့အပြင် ငါ့သားကိုပါ အထင်သေးပြီး စော်ကားနေသေးတယ်! ဘာလို့ သူများအိမ်ကိုလာပြီး အခြေအမြစ်မရှိတာတွေ လာပြောနေတာလဲ။ ငါ့ချွေးမက ဗိုက်ကြီးနေတဲ့ဟာကို ဘာလို့ နင့်ကလေးဖို့ ချက်ပြုတ်ပေးရဦးမှာလဲ။ ကောင်းကောင်းမွန်မွန် ငြင်းတာကိုလည်း လက်မခံဘူး။ ဘာလို့ ငါ့ချွေးမက အမြှီးမြောက်နေတာ ဖြစ်ရမှာလဲ။ ငါ့အမြင်မှာ အမြှီးမြောက်နေတဲ့လူက နင်ပါ။ ငါ့တစ်သက်မှာ နင့်လိုအရှက်မရှိတဲ့ မိန်းမကို တစ်ခါမှ မတွေ့ဖူးဘူး။ တကယ် ဒီနေ့ အတွေ့အကြုံအသစ်ရသွားတာပဲ! ငါသာ နင်တို့မိသားစုကဆို ရှက်လွန်းလို့ နင့်ကို လူတွေရှေ့ ထုတ်ပြမှာတောင် မဟုတ်ဘူး။ "



အမေဟန်က တရစပ်ပြောသွားတာဖြစ်ပြီး ဖန်းရှောင်းလီမှာ ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ရှာပေ။ အမေဟန်က လာကြည့်သူများကိုလည်း တစ်ဖန်ပြောပြခဲ့သည်။ " အရပ်ကတို့ပဲ စဥ်းစားကြည့်ကြပါဦး။ သူ့ကလေးက ငါ့ချွေးမလုပ်တဲ့မုန့်ကိုစားချင်တာတဲ့။ အဲ့ဒါ ငါ့ချွေးမက ဗိုက်ကြီးနဲ့မို့ ကြာကြာမရပ်နိုင်လို့ မလုပ်ပေးနိုင်ကြောင်း ငြင်းတဲ့ဟာကို အိမ်ပေါက်၀ကိုလာပြီး ကျိန်ဆဲနေတယ်လေ။ ပြောကြစမ်းပါဦး၊ ဘယ်လောက်တောင် ဘ၀င်လေဟပ်နေတဲ့ မိန်းမလဲလို့။ "



အမေဟန်နှင့် ဆက်ဆံရေးကောင်းသည့် မိန်းမအချို့ကလည်း ဖန်းရှောင်းလီကို အပြစ်၀င်ပြောလာကြသည်။ 



" ဗိုက်ကြီးနေတာက အမွှာလေးတွေနဲ့လေ။ ဘယ်လိုလုပ်ပြီး သူများကလေးအတွက် မီးဖိုချောင်၀င်ပေးရဦးမှာလဲ။ မရှက်ဘူးလား။ ကျွေးချင်ရင် ကိုယ့်ဘာသာလုပ်ကျွေးလိုက်ပေ့ါ။ "



" ဒါပေါ့။ အကူအညီတောင်းတာဆိုရင်လည်း အကူအညီတောင်းတာနဲ့ တူအောင်လုပ်ရမှာပေါ့။ တောကလာတဲ့သူတွေကိုကြ အထင်သေးပြီး ကျိန်ဆဲနေပြီးတော့။ အဲ့လောက် အထင်သေးနေရင် လာမလုပ်ခိုင်းနဲ့လေ။ "



" သူလိုချင်တိုင်း လုပ်ပေးစရာလား။ ဘာအကြောင်းနဲ့လဲ။ ကိုယ့်အပေါ်လည်း မကောင်းတဲ့သူကိုများ။ "



လူအများဆိုပါက အပြစ်တင်ခံရရန် ဖြစ်နိုင်ချေနည်းသည်။ ပုံမှန်ဆိုပါက ဖန်းရှောင်းလီကို မျက်နှာချင်းဆိုင် ဘယ်သူကမှ မပြောရဲသော်ငြား အခုအခါ တစ်ယောက်ပြီးတစ်ယောက် ပြောနေကြသဖြင့် အခြားသူများသည်လည်း တစ်ခွန်းနှစ်ခွန်း ၀င်ပြောလာကြသည်။ 



ဖန်းရှောင်းလီအတွက် ယခုအကြိမ်သည် ပထမဆုံးအနေဖြင့် လူအများထံမှ ကဲ့ရဲ့ခံရတာဖြစ်ပြီး အလွန်အမင်း ဒေါသထွက်ကာ စိတ်လွတ်သွားတော့သည်။ အမေဟန်ကို စူးစူး၀ါး၀ါးကြည့်ကာ ပြန်ရန်တွေ့ခဲ့သည်။ " တပ်ခွဲမှုးလေးတစ်ယောက်ရဲ့ အမေကများ လာပြီး လူပါး၀နေတယ်! ယုံချင်ယုံ မယုံချင်နေ၊ ကျွန်မက ရှင့်သားကို ရာထူးမတိုးအောင်လုပ်ပြီး ရှင်တို့ကို တောပြန်ရအောင် လုပ်ပစ်မယ်! "



စုယွဲ့က ဂရုမစိုက်ဟန်ဖြင့် အသံကိုမြှင့်ကာ ပြန်ပြောလိုက်သည်။ " အဲ့လောက်တောင် အာဏာရှိနေရင်တော့ တပ်သားတွေက ရှင့်စကားကို နားထောင်ကြမှာပေါ့။ သွားပြောလိုက်လေ။ ကျွန်မယောက်ျားကို ရာထူးမတိုးအောင် သွားလုပ်လိုက်လေ။ ကျွန်မ စောင့်နေတယ်

 တကယ်လုပ်နိုင်လား မလုပ်နိုင်လားကို ပြစမ်းပါ! "



" ကောင်းပြီလေ စောင့်နေလိုက်။ ငါ့ယောက်ျားကိုပြောပြီး ...." ဖန်းရှောင်းလီက ဆက်၍ ပြောဆိုမည်အလုပ်တွင် အဖွားဖုန်းသည် ပြေးထွက်လာကာ သူမ၏ ပါးစပ်ကို အုပ်၍ မဟုတ်သည်များ ဆက်ပြောမည်ကို တားလိုက်သည်။ 



အဖွားဖုန်းက ပထမဆုံးအနေဖြင့် ချွေးမဖြစ်သူအား အလွန်တရာ ဒေါသထွက်နေခဲ့သည်။ " မဟုတ်တာတွေ ဆက်ပြောနေရင် ကျွင်းဝေပြန်လာရင် နင်တို့ကို ကွာရှင်းခိုင်းလိုက်မှာ။ ငါ့သားက ငါ့စကားကို နားထောင်မယ်ဆိုတာ ငါယုံတယ်။"



အဖွားဖုန်းမှ ဖန်းရှောင်းလီအား ပထမဆုံးအကြိမ် ရင့်သီးသောစကားများ ပြောတာဖြစ်၍ ဖန်းရှောင်းလီ လန့်သွားသည်။ သူမက မောက်မာသော်လည်း ဖုန်းကျွင်းဝေက သူမအား ကွာရှင်းမည်ကိုတော့ ကြောက်သည်။ သို့ဖြစ်၍ ငိုယ်ိုကာ အိမ်ထဲသို့ ပြန်ပြေး၀င်သွားတော့သည်။ 



အဖွားဖုန်းက စုယွဲ့ကို တောင်းပန်ခဲ့သည်။ " အဒေါ့်ချွေးမက နည်းနည်း အပြောအဆို မတက်လို့ပါ။ စိတ်ထဲမထားပါနဲ့နော်။ သူမလိုမဟုတ်ဘဲ လူကြီးလူကောင်းဆန်ဆန်နဲ့ ခွင့်လွှတ်ပေးကြပါနော်။ "



အမေဟန်က လက်ခါပြကာ စိတ်ထဲထားသည် မထားသည်ကို ဘာမှပြန်မပြောဘဲ စုယွဲ့ကိုခေါ်ပြီး အိမ်ထဲသို့၀င်ကာ တံခါးကို ပိတ်သွားသည်။ အပြင်မှ ရပ်ကြည့်နေသူများကိုလည်း ထိုအတိုင်းပင် ချန်ရစ်ခဲ့သည်။ 



ဘယ်သူမှ မရှိတော့မှသာ အမေဟန်က စုယွဲ့ကို စိုးရိမ်တကြီးမေးခဲ့သည်။ " ယွဲ့ယွဲ့၊ ခုနက ရူးနေတဲ့ မိန်းမကလေ တကယ်ပဲ အာဏာရှိကြတဲ့သူတွေလား။ အိုက်ကောကို ရာထူးမတိုးအောင် လုပ်မယ်လို့ ပြောသွားတာ တကယ်ဖြစ်လောက်လား။ "



စုယွဲ့ ယောက္ခမဖြစ်သူကို ကျောအားပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ " အမေ အဲ့ဒါတွေ တွေးမနေပါနဲ့။ စစ်တပ်ဆိုတာက မိန်းမတစ်ယောက်ပြောရုံနဲ့ ဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့ နေရာမဟုတ်ပါဘူး။ သူမ ထွက်သွားစေချင်တိုင်း စစ်တပ်က လိုက်လုပ်ပေးရအောင်  စစ်တပ်ခေါင်းဆောင်က အရူးမှမဟုတ်တာ။ "



" ဒါပေမယ့်... ဒါပေမယ့်လည်း...." အမေဟန်သည် စိတ်မအေးနိုင်သေးချေ။ " အမေတို့မှာက အာဏာလည်းမရှိဘူး၊ နောက်ခံလည်း မရှိဘူးလေ။ ဘယ်သူက အိုက်ကောကို ကာကွယ်ပေးမှာလဲ။ အိုက်ကောက တပ်ထဲမှာ ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခခံခဲ့တာတောင် ဒီရာထူးလေးမှာပဲ နေနေရတာ။ တစ်ယောက်ယောက်က တမင်လုပ်နေတာဆို ဘယ်လိုလုပ်မလဲ။ "



အမေဟန်က ဗဟုသုတမရှိသူမဟုတ်ချေ။ တပ်ထဲ နေရခြင်းက လယ်စိုက်သလို မဟုတ်သည်ကို သိသည်။ ရွာလေးမှာတောင် နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ လူတွေရှိနေသေးတဲ့ဟာ၊ တပ်ထဲမှာဆို ပိုတောင်ဆိုးမှာပေါ့။ 



အမေဟန်စိုးရိမ်နေသည့်ကိစ္စမှာ အမှန်ဖြစ်သည်ကို စုယွဲ့သိသော်လည်း နှစ်သိမ့်ပေးကာ မထူးဆန်းသလို ဟန်ဆောင်နေလိုက်ရသည်။ " အမေ၊ တပ်ထဲမှာက ဘက်မလိုက်တက်ကြပါဘူး။ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်မှုပေါ် မူတည်ပြီးတော့ ရာထူးတိုးပေးတာပါ ။ ဘယ်သူကမှ ဘာမှ၀င်စွက်ဖက်လို့ မရဘူး။ ပြီးတော့ အိုက်ကောက အများကြီး ဒုက္ခသုက္ခခံပြီး လက်ရှိနေရာကို တစ်ဆင့်ချင်းတက်လာတာပဲဟာ။ လွယ်လွယ် ဆွဲချလို့မရဘူး။ ဒါကြောင့် အမေ စိတ်ပူမနေနဲ့။ "



စုယွဲ့၏ စကားများကြောင့် အမေဟန်လည်း တဖြည်းဖြည်း စိတ်အေးသွားခဲ့သည်။ 



ယောက္ခမဖြစ်သူကို နှစ်သိမ့်နေသော်လည်း တကယ်က စုယွဲ့လည်း ရတက်မအေးပါ။ ဖန်းရှောင်းလီ၏ မိသားစုက တကယ်ပဲ ဘာတွေလုပ်နိုင်သည်ကို သူမ မသိချေ။ ဖန်းရှောင်းလီရဲ့အဖေက တပ်ထဲ၌ အတော်လေး အာဏာရှိသူဖြစ်တယ်လို့ မာချွေ့ယွင် ပြောပြဖူးသည်ကိုသာ ကြားဖူးတာဖြစ်သည်။ ရာထူးအတိအကျကိုတော့ မမေးဖူး၍ စုယွဲ့လည်း မသိပါ။ ဖန်းရှောင်းလီသာ တကယ်ပဲ ဒီကိစ္စကို ပြန်တိုင်ပါက သူမအဖေက ဟန်အိုက်ကောကို မသမာတာ ဘာမှမလုပ်ဘူးလို့ အတပ်မပြောနိုင်ချေ။ 



ဟန်အိုက်ကောက နှစ်ပေါင်းများစွာ ဒုက္ခခံပြီးမှ ယခုရာထူးကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်သည်။ တစ်ယောက်ယောက်ကသာ တမင်တကာ ဖိနှိပ်ထားပါက ရှေ့လျှောက်တွင် တက်လမ်းက ခက်ခဲနေပေတော့မည်။ 



စိုးရိမ်စိတ်များလာသည်နှင့်အတူ စုယွဲ့ ဟန်အိုက်ကောကို ပိုလွမ်းလာမိသည်။ ထွက်သွားတာ တစ်လနီးပါးရှိနေပြီ ဖြစ်သော်လည်း အခုချိန်ထိ ဘာသတင်းမှမကြားရသေးသလို ဘာတွေဖြစ်နေသည်ကိုလည်း မသိရပေ။ 



တော်သေးသည်က ယခုအချိန်အထိ စုယွဲ့ ဘာအိပ်မက်ဆိုးကိုမှ မမက်သေးတာပင်။ တစ်နည်းအားဖြင့် ဟန်အိုက်ကောသည် လောလောဆယ်တော့ ဘေးကင်းနေသေးသည့် သဘောပင်ဖြစ်သည်။