အပိုင်း ၇၃
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၃ - နောက်ကွယ်မှလူ၊ မီးဖွားခြင်း 




ရန်ဖြစ်ပြီးချိန်မှစကာ ဘေးအိမ်မှ ဖုန်းဇီထောင်ရဲ့ ကိတ်မုန့်စားချင်တယ်လို့ အော်ငိုယိုနေသံများအပြင် ဖန်းရှောင်းလီ၏ ကလေးအား ဆူဟောက်နေသံများကိုပါ ကြားနေရတက်သည်။ 



အမှန်မှာ ဖန်းရှောင်းလီက ကလေးကို ဆုံးမတာနည်းနည်း စုယွဲ့အား စောင်းမြောင်းကျိန်ဆဲနေသည်ကများများ ဖြစ်သည်။ 



စုယွဲ့က ဖန်းရှောင်းလီလို မဟုတ်သဖြင့် ကြားလည်းမကြားချင်ယောင်ဆောင်နေလိုက်သော်ငြား အမေဟန်ကတော့ ထိုသို့မလုပ်နိုင်ချေ။ ဘေးအိမ်မှ စုယွဲ့ကို စောင်းမြောင်းပြောသည်ကို ကြားသည်နှင့်ချက်ချင်း ဒေါသဖြစ်ကာ တံခါးဖွင့်ပြီး ရပ်ကာ ပြန်အော်နေတက်သည်။



ဘေးအိမ်မှလည်း နာမည်ထည့်မပြောဘဲ စောင်းပြောနေသလို အမေဟန်သည်လည်း နာမည်ထည့်မဆိုဘဲ ပြန်နေသော်ငြား ကြားလိုက်သည့် ဘယ်သူမဆို ဘယ်သူ့ကိုပြောနေတာဖြစ်သည်ကို သိနိုင်သည်။ 



အခြားသူများအား စောင်းမြောင်းပြောရာ၌ ဖန်းရှောင်းလီက အမေဟန်နှင့် မယှဥ်နိုင်ပေ။ ပြောရရင် အမေဟန်က ဖန်းရှောင်းလီထက် ပိုအတွေ့အကြုံရှိကာ ရွာမှာလည်း ရန်ဖြစ်ပြောဆိုရင်း ကြီးပြင်းလာသူ မဟုတ်လား။ သို့ဖြစ်၍ အမေဟန်က ရန်ဖြစ်ခြင်း၌ ရှုံးမည့်သူ လုံး၀မဟုတ်ချေ။ ဖန်းရှောင်းလီ ဆယ်ယောက်ဆိုလျှင်တောင် အမေဟန်ကို နိုင်မည်မဟုတ်ပါ။



သို့ဖြစ်၍ စောင်းမြောင်းပြောဆိုနေခြင်း၌ အမေဟန်က သာနေသဖြင့် ဖန်းရှောင်းလီက ဒေါသထွက်ကာ သူမအိမ်မှ ပစ္စည်းများကို ရိုက်ခွဲလိုက် လွှင့်ပစ်လိုက်လုပ်နေတက်ပြီး ထိုအသံအား တစ်ဆောင်လုံး ကြားနေရတက်သည်။ 



ထို့ကြောင့် ဖန်းရှောင်းလီက စုယွဲ့နှင့်အမေဟန်ကို မြင်တိုင်းတွင် ဆွဲဖြဲချင်နေသည့် မျက်လုံးများဖြင့် ကြည့်နေတက်သည်။ 



စုယွဲ့က သူမအတွက် စိတ်၀င်စားစရာ ပြဇာတ်အသစ်တစ်ခုကြည့်နေရသလို ခံစားနေရသည်။ အမေဟန်မှ ဘေးအိမ်နှင့် အပြိုင်ပြန်ပြောနေခြင်းအား နားထောင်ရတာကို ဆူညံတယ်မထင်ဘဲ စိတ်၀င်စားစရာကောင်းတယ်လို့ ထင်မိသည်။ 



သို့သော်လည်း နားထောင်နေရင်းဖြင့် ဗိုက်ထဲမှ ကလေးနှစ်ယောက်က ထိုသည်များကို သင်ယူသွားမည်ကို စိုးရိမ်သဖြင့် ဗိုက်လေးကို ပုတ်ကာပုတ်ကာဖြင့် ကလေးနှစ်ယောက်ကို ပြောနေခဲ့သည်။ " မားမာက မင်းတို့ကို ဖွားဖွား ရန်ဖြစ်တာကို ကြည့်ခိုင်းပေမယ့် ဆဲတာကို လိုက်မသင်ရဘူးနော်။ မင်းတို့က ငယ်သေးတော့ ဆဲလို့မဖြစ်ဘူး၊ ဒီအတိုင်း နားပဲထောင်ကြ။ "



စုယွဲ့၏ စကားအဆုံးတွင် ဗိုက်ထဲမှ ကလေးလေးများသည် လှုပ်ရှားလာကြသဖြင့် လက်ရာခြေရာလေးများကိုပါ မြင်နေရသည်။ 



ဟန်အိုက်မင်က စုယွဲ့၏ ဗိုက်ကိုကြည့်ကာ အံ့သြစွာ မေးခဲ့သည်။ " မရီး၊ ကျွန်တော့်ရဲ့ တူလေးတွေက မရီးပြောတာကို နားလည်နေကြတာလား။ သူတို့က ဉာဏ်ကောင်းကြတာပဲနော်။ "



ဟုတ်ပေသည်။ ဒီဗိလိန်လေးနှစ်ယောက်ကြောင့် ဖြစ်လာတဲ့ နစ်နာသူနောက်တစ်ယောက်ပင်။ 



ဦးလေးဖြစ်သူ ဟန်အိုက်မင်က ဗိုက်ထဲရှိ ကလေးနှစ်ယောက်၏ နံပါတ်တစ်ပရိသတ်ဖြစ်သည်။ ဒီကလေးနှစ်ယောက်ကို ဘယ်လောက်သဘောကျသလဲဆိုရင် နေ့တိုင်းစကားပြောနေတက်ကာ သူ့မုန့်ဖိုးကိုထုတ်ပြီးလည်း ကစားစရာများလည်း ၀ယ်ပေးသည်။ အ၀တ်များကိုလည်း ချုပ်ပေးသေးသည်။ ကလေးနှစ်ယောက်ကလည်း ဦးလေးဖြစ်သူအား မျက်နှာသာပေးသည့်ဟန်ဖြင့် ဗိုက်ကိုခြေထောက်ဖြင့်ကန်ပြကာ ပြန်တုံ့ပြန်ကြသည်။ 



သို့သော်လည်း သိပ်မကြာခင်တွင် ဟန်အိုက်မင်က ရွာသို့ပြန်ကာ ကျောင်းတက်ရတော့မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ဟန်အိုက်မင်က တစ်ယောက်တည်းပြန်ရတော့မည်ဖြစ်သော်လည်း စုယွဲ့ သိပ်မစိုးရိမ်ပါ။ ရဲဘော်လေးတစ်ဦးက ကားဂိတ်သို့လိုက်ပို့ပေးမည်ဖြစ်ကာ ဟန်လောင်အာ့နဲ့ ဟန်လောင်စန်းတို့ကို သူ့ကိုလာကြိုဖို့ စာပို့ထားပြီး၍ဖြစ်သည်။ 



မပြန်ခင်တွင် ဟန်အိုက်မင်က တူနှစ်ယောက်ကို မခွဲချင်ဟန်ဖြင့် စကားအကြာကြီး ပြောနေသေးသည်။ အသက်ငယ်သေးကာ ကလေးပဲရှိသေးသော်လည်း ဟန်အိုက်မင်သည် လူကြီးတစ်ယောက်လိုပြုမူကာ တူလေးတွေ မွေးလာရင် မတွေ့ရလောက်သောကြောင့် မုန့်ဖိုးကြိုပေးတာဟုဆိုပြီး စာအိတ်နီများ ပေးသွားသေးသည်။ ထို့နောက် နှစ်ကူးကြရင် လာတွေ့ကာ နှစ်ကူးမုန့်ဖိုးလည်း လာပေးဦးမယ်လို့ ကတိပေးသွားသေးသည်။ 



စုယွဲ့ ဟန်အိုက်မင်ကို တစ်ယောက်တည်း ပြန်လွှတ်ရမည်ကို စိတ်မပူပါ။ ကျောင်းနောက်ကျမည်စိုး၍သာမဟုတ်ပါက စုယွဲ့ ဟန်အိုက်မင်ကို ပြန်မလွှတ်ဘဲ ခေါ်ထားမိမှာပင်။ 



မပြန်ချင်သေးသော်လည်း ဟန်အိုက်မင်က ရထားစီးကာပြန်သွားရသည်။ နှစ်ရက်ကြာပြီးနောက်တွင် တပ်ထဲသို့ ဟန်အိုက်မင်ထံမှ သူအိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ဆက်သွယ်သဖြင့် စုယွဲ့ စိတ်အေးသွားရသည်။ 



ဟန်အိုက်မင်ပြန်ပြီးနောက်တွင် ဘာအကြောင်းကြောင့်ရယ်မသိသော်ငြား ဖန်းရှောင်းလီက စောင်းမြောင်းပြောဆိုခြင်း မပြုတော့ချေ။ သူမဘက်မှ မပြောတော့သဖြင့် အမေဟန်ကလည်း ရပ်လိုက်သည်။ ဤသို့ဖြင့် တစ်လမျှကြာသော ရန်ပွဲမှာ အဆုံးသတ် ရောက်သွားခဲ့သည်။ 



မာချွေ့ယွင်က ပြုံးကာပြောခဲ့သည်။ " ဒေါ်လေးဟန်နဲ့ ယှဥ်မပြောနိုင်လို့ လက်လျှော့သွားတာနေမှာပေါ့။ "



ထိုသို့ကြားသည့်အခါ အမေဟန်က မေးကိုချီထားပြီး အလွန်ဂုဏ်ယူနေခဲ့သည်။ 



စုယွဲ့က ရယ်ရလွန်းလို့ အူနာနေပြီ။



စုယွဲ့က ရန်ပွဲမှာ ဒီနေရာတွင် ပြီးသွားပြီဟုထင်နေသော်လည်း နှစ်ရက်ကြာပြီးနောက်တွင် ဖန်းရှောင်းလီက လက်လျှော့သွားတာမဟုတ်ကြောင်းကို သိလိုက်ရသည်။ သူမက နည်းလမ်းပြောင်းလိုက်တာသာဖြစ်သည်။ အမေဟန်နှင့် ပြိုင်မပြောနိုင်သဖြင့် စုယွဲ့တို့ကို အခြားနည်းလမ်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည်။ 



ယနေ့တွင် အဆောင်၀န်းထဲ၌ အတော်လေး ဆူဆူညံညံရှိခဲ့သည်။ တစ်ယောက်ယောက်မှ တစ်စုံတစ်ရာကို ၀ယ်လာခဲ့တာဖြစ်ပြီး လူအများက ထွက်ကြည့်နေကြသည်။ 



စုယွဲ့သည် ထိုအရာများအား စိတ်မ၀င်စားသော်လည်း အမေဟန်က အငြိမ်ထိုင်မနေနိုင်ဘဲ အခြားသူများနည်းတူ လိုက်ကြည့်ခဲ့သည်။ 



ခဏအကြာတွင် အမေဟန်ကပြန်ရောက်လာကာ စုယွဲ့ကို ပြုံးကာပြန်ပြောပြခဲ့သည်။ " အပေါ်ထပ်က မိသားစုက အပ်ချုပ်စက်၀ယ်လာတာလေ။ အသစ်ချက်ချွတ်ပဲ တော်တော်လေးလည်း ကောင်းတဲ့ပုံပဲ။ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနက ၀ယ်လာတာတဲ့။ အကုန်အားကျပြီး ၀ိုင်းကြည့်နေကြတာ။ "



ထိုသို့ကြားသည့်အခါ စုယွဲ့အံ့သြကာ ပြန်မေးမိသည်။ " တကယ်ပဲ ၀မ်ရှန့်ထောက်ပံ့ရေးက ၀ယ်လာတာလား။ "



အမေဟန်က ခေါင်းညိတ်ပြခဲ့သည်။ " ဟုတ်တယ်၊ အပေါ်ထပ်ကတော့ အဲ့လိုပြောတာပဲ။ အဲ့ကနေ ၀ယ်လာတာတဲ့။ "



စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ အဲ့လိုသာဆိုရင် သူမလည်း သွားမေးပြီး ၀ယ်ခဲ့မှာပေါ့။ သို့သော်လည်း ယခုနောက်ပိုင်းတွင် ကိုယ်၀န်ကြောင့် မသွားနိုင်တော့သဖြင့် မာချွေ့ယွင်က သွားဖြစ်တိုင်း မေးကြည့်ပေးသော်လည်း သူတို့က တစ်ပုံစံတည်းပဲ ဖြေပေးနေခဲ့တာဖြစ်သည်။ 



လွန်ခဲ့သည့်နှစ်ရက်လောက်က မာချွေ့ယွင် အပ်နှင့်အပ်ချည်များ၀ယ်ရင်းဖြင့် သွားမေးတုန်းကလည်း အရောင်း၀န်ထမ်းက ပစ္စည်းပြတ်နေတုန်းပဲလို့ ပြန်ဖြေခဲ့တာဖြစ်သည်။ 



ဒါပေမယ့် အပေါ်ထပ်ကကြ ဘာလို့၀ယ်လို့ရတာလဲ။ 



မာချွေ့ယွင်က သူမကို လိမ်မှာမဟုတ်။ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ 



မာချွေ့ယွင်အကြောင်းတွေးနေစဥ်မှာပဲ မာချွေ့ယွင်က ရောက်လာသည်။ အိမ်ထဲ၀င်လာကာ မျက်မှောင်ကြုံ့လျက် ပြောခဲ့သည်။" ညီမလေး အပေါ်ထပ်က အပ်ချုပ်စက်၀ယ်လာတယ်တဲ့ " 



စုယွဲ့ - " ညီမ သိပြီးပြီ။ "



" သိပြီးပြီလား " မာချွေ့ယွင်က ဒေါသထွက်ကာ ပြောခဲ့သည်။ " ဒါဆို ဘယ်သူ၀ယ်ပေးတာလဲရော သိလား။ "



စုယွဲ့ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တွေးကြည့်လိုက်သည့်အခါ လူတစ်ယောက်ကို တွေးမိသွားသည်။ " ဖန်းရှောင်းလီလား။ "



" ဟုတ်တယ် သူမပဲ! " မာချွေ့ယွင်က စိတ်ဆိုးနေခဲ့သည်။ " အစ်မပြောခဲ့တယ်လေ လွန်ခဲ့တဲ့နှစ်ရက်က ကိစ္စကို။ သူတို့က အစ်မကိုမြင်တာနဲ့ ပစ္စည်းပြတ်နေတယ်ချည်းပြောနေလို့ အစ်မလည်း အဲ့လိုပဲယုံလိုက်တာပေါ့။ နှစ်၀က်လောက်ကြာအောင် မေးတာတောင် ဒီတစ်ခွန်းတည်းကိုပဲ ဖြေနေကြတာ။ တကယ်တမ်းကြ ပစ္စည်းပြတ်နေတာ လုံး၀မဟုတ်ပဲနဲ့ အစ်မတို့ကို မရောင်းချင်လို့ သက်သက်လုပ်နေကြတာပဲ။ "



အမေဟန်လည်း မူမမှန်တော့သည်ကို သိ၍၀င်မေးလေသည်။ " ဘာလို့လဲ၊ ယွဲ့ယွဲ့က အပ်ချုပ်စက်၀ယ်ချင်လို့လား။ "



စုယွဲ့ - " ကိုယ်၀န်စရှိတုန်းက အချိန်ယူပြီး အင်္ကျီလေးတွေ ကြိုချုပ်ထားမယ်လို့ စိတ်ကူးမိလို့လေ။ သမီးက လက်ချုပ်ချုပ်တာ မတော်တော့ အပ်ချုပ်စက်၀ယ်ချင်တာ၊ အိုက်ကောကလည်း လက်မှတ်ရှာလာပေးတယ်။ အဲ့ဒါ သွား၀ယ်တိုင်း အရောင်း၀န်ထမ်းက ပစ္စည်းပြတ်နေပါတယ်ချည်းပဲ ပြန်ဖြေနေခဲ့တာ။ "



မာချွေ့ယွင်ကလည်း ၀င်ပြောခဲ့သည်။ " ကျွန်မမေးတိုင်းလည်း ပစ္စည်းပြတ်နေတယ်ချည်းပဲ ပြောတာ။ ဘေးအိမ်ကတစ်ယောက်ကို သွားပြောတုန်းကလည်း ပစ္စည်းပြတ်နေတယ်ပဲ။ အခု တစ်ခြားတစ်ယောက်က ပြောတော့ကြ ချက်ချင်းကို အသစ်၀ယ်ပေးလိုက်တယ်တဲ့။ အဲ့ဒါက ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနမှာ အပ်ချုပ်စက်တွေရှိတယ်ဆိုတဲ့ သဘောပဲမလား။ " 



စုယွဲ့လည်း ထိုသည်ကို တွေးမိသည်။ ဒါဆို အဲ့ဒိအရောင်း၀န်ထမ်းက သူမတို့ကို မရောင်းချင်လို့ လုပ်နေတာများလား။ ဖန်းရှောင်းလီကြောင့်လား။ 



မာချွေ့ယွင်လည်း စုယွဲ့လို တွေးနေခဲ့သည်။ စုယွဲ့ထက်ပို၍ စိတ်မြန်လက်မြန်ရှိသူဖြစ်သောကြောင့် အံကြိတ်ကာပြောခဲ့သည်။ " ညီမလေး အစ်မပြောမယ်၊ ဖန်းရှောင်းလီရဲ့ လက်ချက်ပဲနေမှာ။ အရောင်း၀န်ထမ်းကို အစ်မတို့ကို မရောင်းဖို့ပြောထားလို့ အစ်မတို့ကို မရောင်းတာပဲနေမှာ။ မဟုတ်ရင် နှစ်၀က်ကျော် ကြာတာတောင် ပစ္စည်းထပ်မရောက်လာတာ မဖြစ်နိုင်ဘူး။ ပစ္စည်းရောက်လာရင်တောင် အစ်မတို့ကို အရင်ရောင်းရမှာ။ ပစ္စည်းပြတ်နေတယ်လို့ပြောတာကို ယုံနေခဲ့မိတာ အစ်မတို့ တုံးလို့ပဲ။ ဖန်းရှောင်းလီရဲ့ လက်ချက်ဖြစ်မယ်လို့ လုံး၀ထင်မထားခဲ့ဘူး။ "



စုယွဲ့ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ဘာမှပြန်မပြောဖြစ်ချေ။ 



မာချွေ့ယွင် - " ဖန်းရှောင်းလီကို ကူညီပေးဖို့ ပြောလို့လည်း မရဘူး။ အခု အစ်မတို့ဘေးအိမ်ကတစ်ယောက်ကို ဘာမပြောညာမပြော ကူညီပေးလိုက်တာက စုယွဲ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်လို့ပဲနေမှာ။ ဖန်းရှောင်းလီကို မှတ်သွားအောင် လုပ်ပြမှဖြစ်တော့မယ်။ ညီမလေးကို ဆန့်ကျင်ရင် ဘာဖြစ်သွားမလဲကို သိအောင်ကို ပြရတော့မှာ။ "



စုယွဲ့လည်း မာချွေ့ယွင်ပြောသလို ခံစားမိသည်။ မိသားစုနှစ်စု ရန်ဖြစ်တိုင်း ဖန်းရှောင်းလီက အမေဟန်ကို အနိုင်မရသဖြင့် အငြှိုးထားကာ အခုလို ကြံစည်ပြီး သူမတို့ကို ရန်စတာပဲဖြစ်ရမည်။



အမေဟန်လည်း သဘောပေါက်သွားကာ ဒေါသထွက်သွားခဲ့သည်။ " အဲ့ဒီ့ ဖန်းရှောင်းလီက ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးဌာနမှာ လုပ်တာလား။ သူမက တမင် အရောင်း၀န်ထမ်းကိုပြောပြီး ယွဲ့ယွဲ့တို့ကို အပ်ချုပ်စက်ကို မရောင်းခိုင်းတာပေါ့၊ အဲ့လိုလား။ "



" ဟုတ်တယ် ဒေါ်လေး။ ဖန်းရှောင်းလီက ကျွန်မတို့နဲ့ ရန်ငြှိုးရှိတော့ နောက်ကွယ်ကနေ အဲ့လိုလုပ်တာနေမှာ။ "



" အဲ့မိန်းမက အကျင့်ယုတ်လိုက်တာ၊ ဘာလို့ အဲ့လောက် ယုတ်မာရတာလဲ။ " အမေဟန်က စုယွဲ့ထက် ပိုစိတ်ဆိုးနေကာ ထရပ်ပြီး ချက်ချင်းသွားရှင်းမလိုလုပ်ခဲ့သည်။ " ဘာလို့ အဲ့လိုကောက်ကျစ်တဲ့အလုပ်ကို လုပ်တာလဲ ငါသွားမေးဦးမယ်။ "



စုယွဲ့ တားရပြန်သည်။ " အမေ သက်သေမရှိဘဲ အဲ့လိုစွပ်စွဲလို့ မရဘူး။ သမီးတို့က ခန့်မှန်းမိတာပဲရှိတာ။ သူတို့က ၀န်မခံရင် အမေက စွပ်စွဲနေတယ်ဆိုပြီး အမေ့အပြစ်ဖြစ်သွားလိမ့်မယ်။ "



အမေဟန် -" ဒါဆို ဘယ်လိုလုပ်ကြမလဲ သူတို့ ယုတ်မာတာကို ဒီအတိုင်းငြိမ်နေရမှာလား။ "



စုယွဲ့က ယောက္ခမဖြစ်သူ လက်ကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ " စိတ်ဆိုးမနေပါနဲ့ အမေရယ်။ အမေ့ရဲ့ အပ်ချုပ်လက်ရာကလည်း ကောင်းတာပဲဟာ း။ သမီးတို့ အပ်ချုပ်စက်၀ယ်ဖ်ို့ မလိုတော့ဘူး။ ပြီးတော့ သမီးတို့က အဲ့ကနေပဲ ၀ယ်မှဖြစ်မှာမှ မဟုတ်တာ၊ တစ်ခြားကလည်း ၀ယ်လို့ရသေးတယ်လေ။ လိုချင်ရင် အဟောင်းတစ်လုံးလောက် ပြန်၀ယ်လို့လည်း ဖြစ်တာပဲ။ အိုက်ကော ပြန်လာရင် သူ့ကို စုံစမ်းခိုင်းလိုက်မယ်။ ဖန်းရှောင်းလီကို မမေးလည်း ၀ယ်လို့ရပါတယ်၊ အမေရယ်။ အဲ့လ်ိုဆို သူ့ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်အောင် ပြန်လုပ်လို့ ရတယ်။ "



အမေဟန်က စုယွဲ့ပြောသည်မှာ အမှန်ဟုထင်သည်။ သက်သေမရှိဘဲ သွားရန်ဖြစ်နေ၍ မရသဖြင့် ယခုတော့ သည်းခံရုံသာရှိသည်။ 



စုယွဲ့နဲ့ အမေဟန်က ဘာပြဿနာမှမရှာသဖြင့် ဖန်းရှောင်းလီက သူမကို ကြောက်၍ဖြစ်မည်ဟု ထင်သွားသည်။ သို့ဖြစ်၍ စုယွဲ့တို့ကို မြင်ချိန်တိုင်းတွင် တွေ့လား၊ နင်တို့ တောကလူတွေက ဘာမှအရည်အချင်းမရှိကြဘူး၊ ငါ့ကို ဆန့်ကျင်ရင် လက်မှတ်ရှိရင်တောင် ၀ယ်ချင်တာ၀ယ်လို့ မရစေရဘူး ဟူသော အကြည့်မျိုးဖြင့် ကြည့်နေတက်သည်။ 



ထိုအခါမျိုးတွင် အမေဟန်က ဒေါသထွက်သွားတက်ကာ စုယွဲ့က ဘေးမှ ဖျောင်းဖြနေရသည်။ 



ကံကောင်းချင်တော့ ထိုရက်များက သိပ်မကြာလိုက်ချေ။ စုယွဲ့၏ဗိုက် ကိုးလအရွယ်ရောက်သည့်အခါ သူမသည် ဗိုက်ကိုမသယ်နိုင်တော့ဘဲ လမ်းလျှောက်လျှင်တောင် ကူတွဲပေးမှ လျှောက်နိုင်သည်။ ဗိုက်က အနည်းငယ် မသက်မသာခံစားနေရကာ စုယွဲ့ ရှင်းမပြနိုင်အောင် စိုးရိမ်မိသွားသည်။ 



ကလေးမွေးတော့မယ်လို့ စုယွဲ့ထင်သည်။ 



အမွှာလေးများသည် စောမွေးတက်ကာ ဘယ်လောက်စောစော စောမွေးတက်သည်ကိုတော့ စုယွဲ့မသိသဖြင့် သူမ ခံစားနေရသည်ကို မပြောတက်ဘဲ စိုးရိမ်လာခဲ့သည်။ 



အမေဟန်က ကလေးများမွေးဖူးသော်လည်း အမွှာမမွေးဖူးသဖြင့် သူမလည်း သေချာမသိချေ။ အမွှာကိုယ်၀န်က ရိုးရိုးကိုယ်၀န်တွေနဲ့ ကွဲပြားတက်တယ်တဲ့။ သို့ဖြစ်၍ စုယွဲ့က မွေးတေ့ာမည်ထင်တယ်လို့ ပြောလာတဲ့အခါ အမေဟန်လည်း ပျာယာခတ်သွားခဲ့သည်။ ရန်ဖြစ်တာဘာညာကိုလည်း ဂရုမစိုက်အားဘဲ အိမ် အမြန်ပြန်ကာ ပစ္စည်းများကို ထုပ်ပိုးခဲ့သည်။ 



ယခုခေတ်၌ များသောအားဖြင့် အိမ်၌သာ မီးဖွားကြတာဖြစ်လေသည်။ အလွန်ဆုံးရှိမှ လက်သည်ခေါ်ကြတာပင်။ သို့သော်လည်း စုယွဲ့သည် ၂၁ရာစုမှလူဖြစ်သောကြောင့် ဆေးရုံ၌သာ ကလေးမွေးချင်သည်။ အိမ်မှာမီးဖွားတာက စိတ်မချရဘူးလို့ ထင်ပြီး ရွှီးချန်ကို ကြိုတင်၍ စီစဥ်ထားခိုင်းသည်။ 



ရွှီးချန်ကလည်း စီစဥ်ပေးသဖြင့် စုယွဲ့က ဆေးရုံသွားဖို့သာ လိုသည်။



အမေဟန်ကလည်း စုယွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံသည်။ သူမလည်း ဆေးရုံမှာ မီးဖွားခြင်းက ပိုစိတ်ချရတယ်လို့ ထင်သည်။ ဆရာ၀န်များစွာရှိသောကြောင့် စိတ်ချရပေမယ့် ပိုက်ဆံတော့ ကုန်သည်။ 



စုယွဲ့ စိတ်ကိုလျှော့ကာ အမေဟန်နှင့်အတူ ထုပ်ပိုးလိုက်သည်။ ပိုက်ဆံ၊ အ၀တ်အစားများ၊ သေးခံများနှင့် နေ့စဥ်သုံးပစ္စည်းများကို ခြင်းထဲထည့်ကာ အိမ်ကိုလည်း ပိတ်ထားခဲ့လိုက်သည်။ အမေဟန်၏ အကူအညီဖြင့် လွန်းပြန်ယာဥ်စီးကာ စုယွဲ့တို့ ကွန်မြူနတီမှ ဆေးရုံသို့ သွားလိုက်ကြသည်။ 



ရွှီးချန်က စုယွဲ့အား တစ်ယောက်ခန်းကို စီစဥ်ပေးထားကာ အရင်ဆေးရုံတက်စေပြီးနောက်မှ ဗိုက်နာလျှင် ကလေးမီးဖွားပေးမယ်လို့ ပြောခဲ့သည်။ 



မိခင်နှင့်ကလေးကြားမှ ဆက်သွယ်မှုကြောင့်လားမသိ စုယွဲ့၏ ခံစားချက်မှာ မှန်ကန်သည်ဟု ဆိုရမည်။ တစ်ရက်ပဲ ဆေးရံတက်လိုက်ရကာ ဗိုက်နာလာတော့သည်။ 



ကလေး မွေးတော့မယ်! 



 _ _ _ _ 


ဟန်အိုက်ကောက မျက်နှာထက်မှ ဖုန်တွေသွေးတွေကို ဂရုစိုက်မအားဘဲ တပ်ထဲမှ ပြေးထွက်ကာ အဆောင်သို့အပြေးသွားလိုက်သည်။ 



ဖုန်းကျွင်းဝေမှာ လိုက်၍မမီသဖြင့် အော်ခဲ့သည်။" ရဲဘော်ဟန်ရေ ဘာလို့အဲ့လောက် အမြန်သွားနေတာလဲကွ။ မင်း ဒီတစ်ခေါက်လုပ်တာက ကောင်းတော့ တပ်ဖွဲ့ခေါင်းဆောင်က မင်းကို သတင်းပို့ခိုင်းထားတာကို၊ မင်းက သတင်းပို့ဖို့ စာမရေးဘဲ ပြေးထွက်သွားရလားကွ။ ဘာလို့ ပြေးနေတာတုန်း။ " 



ဟန်အိုက်ကော၏ ခြေလှမ်းများက ရပ်တန့်သွားခြင်းမရှိချေ။ " ကျွန်တော့်ဇနီးက ကိုယ်၀န်ကိုးလရှိနေပြီး မွေးခါနီးနေပြိိီ။ ကျွန်တော် စိုးရိမ်လို့ အရင်သွားကြည့်ကြည့်ဦးမယ်။ "



ထိုအခါမှ ဖုန်းကျွင်းဝေလည်း သဘောပေါက်သွားသည်။ ဒီလူ ဒီလောက်အမြန်ပြေးနေတာ မထူးဆန်းတော့ဘူး။ ဒါကိုတော့ ခွင့်လွှတ်ပေးလို့ ရပါတယ်လေ၊ သတင်းပို့တာက နောက်မှလုပ်လည်း ရတာပဲဟာ။ 



ဟန်အိုက်ကောက အိမ်၌ အမေနဲ့ ဇနီးလေးက စောင့်နေကြလောက်သည်ဟု မျှော်လင့်ထားသော်လည်း တကယ်တမ်းတွင် အိမ်ထဲ၌ ဘယ်သူမှမရှိသဖြင့် မျက်နှာပျက်သွားကာ တစ်ယောက်ယောက်ကို ထွက်မေးရမယ်လို့ တွေးနေခဲ့သည်။ 



တော်သေးသည်က မာချွေ့ယွင်က အောက်ထပ်မှ အသံများကို နားစွင့်နေသဖြင့် အသံကြားသည်နှင့် ချက်ချင်းဆင်းလာခဲ့သည်။ ဟန်အိုက်ကောကို မြင်သည့်အခါ ပြောပြခဲ့သည်။" တပ်ခွဲမှုးဟန် ဆေးရုံကို လိုက်သွားလိုက်ဦး။ စုယွဲ့က မွေးခါနီးပြီထင်လို့ ဒေါ်လေးနဲ့ ဆေးရုံကိုသွားတယ်။ မွေးပြီးပြီလားတော့ အစ်မလည်း မသိဘူး။ မြန်မြန်လိုက်သွားကြည့်လိုက်ဦး။ "



ဟန်အိုက်ကော တစ်ခဏမျှ ကြောင်သွားပြီးနောက် ဘာမှပြန်မပြောတော့ဘဲ အောက်သို့ ပြေးဆင်းသွားကာ တပ်ထဲမှ ကားကိုငှားပြီး ဆေးရုံသို့ လိုက်သွားခဲ့သည်။ 



ဆေးရုံသို့ရောက်သည့်အခါ စုယွဲ့ရှိနေသည့်နေရာကို သိလိုက်ရသည်။ စုယွဲ့က မီးဖွာခါနိီးပြီဖြစ်၍ မွေးခန်းထဲ ၀င်သွားပြီဖြစ်သည်။



အမေဟန်က သားဖြစ်သူပြန်ရောက်လာသည်ကို တွေ့သောအခါ အားကိုးရာရသွားပြိီး အနည်းငယ် စိတ်အေးသွားခဲ့သည်။ ဟန်အိုက်ကော၏ လက်မောင်းကိုဆွဲကာ အခြေအနေကို ပြောပြပေးသည်။ " ယွဲ့ယွဲ့က ဒီမနက်ကစပြီး ဗိုက်နာတာ။ ဆရာ၀န်တွေလည်း လိုက်၀င်သွားကြတယ်။ အချိန်တွေကြာနေပြီကို ဘာမှတော့ မထူးသေးဘူး၊ စောင့်ရဦးမယ် ထင်တယ်။ "



ဟန်အိုက်ကော၏ လက်များမှာ အနည်းငယ် တုန်ယင်လို့နေသည်။ " ကိုးလပဲရှိသေးတာမလား။ ဘာလို့ မွေးနေရတာလဲ။ "



အမေဟန် - " ဆရာ၀န်ပြောတာတေ့ အမွှာလေးတွေက စောမွေးကြတယ်တဲ့။ တော်သေးတာပေါ့၊ အချိန်မီပြန်ရောက်လာလို့။ ကလေးလေးမွေးလာတာနဲ့ တွေ့လို့ရပြီပဲ။ "



ဟန်အိုက်ကောက နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ခြေစုံရပ်၍ သူ့ကလေးများကို မွေးဖွားပေးနေသော ဇနီးသည်ရှိရာ မွေးခန်းတံခါးကိုသာ ကြည့်နေခဲ့သည်။ 



အမေဟန်က စိုးရိမ်နေပြီး ငြိမ်ငြိမ်မနေနိုင်ဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ မိခင်နှင့်ကလေးများ ဘေးကင်းစေဖို့ ဆုတောင်းနေခဲ့သည်။ 



အချိန်ဘယ်လောက် ကြာသွားသည်ကို မသ်ိသော်လည်း အပြင်၌ အတော်လေးမှောင်နေပြီဖြစ်ကာ ဟန်အိုက်ကော၏ ခြေထောက်များပင် ထုံနေပြီဖြစ်သည်။ နောက်ဆုံးတွင် အထဲမှ သူနာပြုနှစ်ယောက်က ကလေးနှစ်ယောက်ကို ချီထားကာ ထွက်လာကြပြီး ပြုံးလျက် မေးခဲ့သည်။ " စုယွဲ့ရဲ့ မိသားစု၀င်တွေ ဟုတ်ပါသလားရှင်။ "



ဟန်အိုက်ကောက အရှေ့သို့ အမြန်သွားကာ နောက်မှ အမေဟန်က လိုက်လာပြီး မေးခဲ့သည်။" ဟုတ်ပါတယ်။ ကျွန်မရဲ့ ချွေးမရော ဘယ်လိုနေသေးလဲ။ ဒါတွေက ကျွန်မရဲ့မြေးလေးတွေလား။ " 



ဦးဆောင်လာသည့် သူနာပြုက ပြုံးကာ ပြန်ဖြေခဲ့သည်။ " ကလေးနှစ်ယောက်မှာ တစ်ယောက်က လေးပေါင်ရှိပြီး နောက်တစ်ယောက်က ငါးပေါင်ရှိပါတယ်။ ကျွန်မလက်ထဲက ညီငယ်လေးပါ၊ ငါးပေါင်ရှိပြီး အစ်ကိုထက် နည်းနည်းပို၀ပါတယ်။ "



" ဟုတ်လား၊ ညီလေးက အစ်ကိုကြီးထက် ပို၀နေတဲ့ ၀တုတ်လေးပေါ့နော်။ " လို့ ပြောကာ အမေဟန်က သက်ပြင်းချလိုက်ပြီး ပိုပိန်သည့် မြေးလေးကို လွှဲချီလိုက်ကာ သူနာပြုတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ 



ဟန်အိုက်ကောက ကလေးများအား အဖက်မလုပ်နိုင်သေးဘဲ ခပ်သြသြအသံဖြင့် တရစပ် မေးခဲ့သည်။ " ကျွန်တော့်ဇနီးကရော၊ အဆင်ပြေရဲ့လား။ အခု ဘယ်လိုနေသေးလဲ။ "



သူနာပြုလေး ပြန်မဖြေရသေးခင် စုယွဲ့ကို မွေးခန်းထဲမှ ထုတ်လာကြခဲ့သည်။ ဟန်အိုက်ကောကို မြင်သည့်အခါ စုယွဲ့ရဲ့ ပင်ပန်းနွမ်းနယ်နေသည့် မျက်၀န်းများက အရောင်တောက်လာကာ ခပ်တိုးတိုးပြောခဲ့သည်။" ရှင် ပြန်လာပြီပဲ။ " 



စုယွဲ့ ဆံပင်များက ချွေးများရွှဲနေကာ မျက်နှာထက်တွင်လည်း ဆံပင်များကပ်နေပြီး ဖြူဖျော့လျက် နှုတ်ခမ်းကလည်း သွေးရောင်မရှိသဖြင့် သူမပုံစံမှာ အလွန်နွမ်းနယ်နေသည်။ 



စုယွဲ့၏ ပုံစံကြောင့် ဟန်အိုက်ကော၏ မျက်လုံးများက ရုတ်တရက် ရဲလာတော့သည်။ စုယွဲ့ လက်လေးကိုကိုင်ကာ နှုတ်ခမ်းအား အနမ်းခြွေလိုက်ပြီးနောက် ဟန်အိုက်ကောက " ယွဲ့အာ ပင်ပန်းသွားပြီ " လို့ ပြောခဲ့သည်။



စုယွဲ့က ပြုံးကာ လက်မြှောက်ပြီး ဟန်အိုက်ကော မုတ်ဆိတ်မွှေးများကို ကိုင်ကာ ပြောခဲ့သည်။ " အရူး ၊ ကျွန်မက အဆင်ပြေပါတယ်။ " 



ဟန်အိုက်ကောက စုယွဲ့၏ နဖူးကိုနမ်းလိုက်ကာ ဆရာ၀န်နှင့် သူနာပြုများအစား ကိုယ်တိုင် လူနာခန်းထဲ လိုက်ပို့ပေးခဲ့သည်။



ကလေးနှစ်ယောက်အား သူနာပြုက ခုတင်ဘေးတွင် ထားပေးခဲ့ကာ ခေါင်းလှည့်လိုက်ရုံဖြင့် မြင်နိုင်သည့် အနေအထားဖြစ်သည်။ 



ပင်ပန်းနေသော်လည်း စုယွဲ့ မအိပ်ချင်သဖြင့် ခေါင်းလေးစောင်းကာ ကလေးနှစ်ယောက်အား ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ ဟန်အိုက်ကောထံ ခပ်တိုးတိုးလေး ညည်းညူပြသည်။ " မိန်းကလေးလိုချင်တာကို မွေးလာတော့ ကောင်စုတ်လေးနှစ်ယောက်တဲ့။ "



အမေဟန်က ရယ်ခဲ့သည်။ " ယောက်ျားလေးနှစ်ယောက်လည်း ကောင်းပါတယ်။ ဟန်မိသားစုက ယောက်ျားလေးတွေ ရဖို့လွယ်တယ်လေ။ အမေ့ကိုပဲ ကြည့်၊ သမီးလေးလိုချင်တာကို မွေးလာတော့ သားတွေချည်းပဲ။ ယွဲ့ယွဲ့က ငယ်ပါသေးတယ်။ နောင်လည်း အခွင့်အရေးတွေ ရှိသေးတာပဲဟာ။ "



ဟန်အိုက်ကောကလည်း သားနှစ်ယောက်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးမှ ပြောခဲ့သည်။ " နောက်တစ်ခေါက်ကြရင် သမီးလေးမွေးပေး။ " 



စုယွဲ့ ဟန်အိုက်ကောအား မျက်နှာသေဖြင့် ပြန်ကြည့်ပေးလိုက်သည်။ ပြောနေတဲ့ပုံက မွေးတာက လိုချင်သလို မွေးလို့ရတာကြနေတာပဲ။ နောက်တစ်ခေါက်လည်း ယောက်ျားလေးပဲဆိုရင် စုယွဲ့ ရူးသွားမလားတောင် မသိဘူး။ ဒီကောင်လေးနှစ်ယောက်က ထိန်းရလွယ်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် စုယွဲ့ အထင်အရဆို ဒီကလေးနှစ်ယောက်က ပြောရဆိုရလွယ်မည့်ပုံမပေါ်ချေ။