အပိုင်း ၇၄
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၄ - တာ့ပေါင်နဲ့ ရှောင်ပေါင် 




နောက်တစ်နေ့အရုဏ်တက်ချိန်တွင် စုယွဲ့က ကလေးငိုသံ ကြားရတာကြောင့် နိုးလာခဲ့သည်။ 



ဒီလောက် မနက်အစောကြီးကို ဘယ်ကကလေးက အော်ငိုနေရတာလဲ။ 



မဟုတ်သေးဘူးလို့တွေးကာ စုယွဲ့ သူမဗိုက်ကိုကိုင်ကြည့်လိုက်သည့်အခါ ဗိုက်က ပြားချပ်နေခဲ့သည်။ သူမရဲ့ ဗိုက်မရှိတော့ဘူး! 



စုယွဲ့ လန့်သွားကာ ချက်ချင်းထထိုင်လိုက်မိသည်။ ထိုအခါမှသာ ဟန်အိုက်ကောက ကလေးလေးကိုချီထားပြီး ချော့မြူနေသည်ကို တွေ့လိုက်ရသည်။ " ရှောင်ပေါင် မငိုနဲ့တော့နော်။ မားမား အိပ်နေတယ်လေ၊ မားမားကို နည်းနည်းလောက် ထပ်အိပ်ပါစေဦး။ မားမားနိုးရင် နို့တိုက်လိမ့်မယ်။ "



သို့သော်လည်း ကလေးလေးက ဟန်အိုက်ကော စကားကို နားမထောင်ဘဲ ပိုပြီးကျယ်ကျယ်လောင်လောင်နဲ့ သနားစဖွယ် အော်ငိုခဲ့သည်။ 



ထိုမြင်ကွင်းကို မြင်မှ စုယွဲ့ သူမ ဆေးရုံ၌ မီးဖွားပြီးသွားပြီဖြစ်ကြောင်းကို ပြန်အမှတ်ရခဲ့သည်။ 



စုယွဲ့ လှမ်းပြောလိုက်သည်။ " ယောက်ျား၊ ကလေးက ဗိုက်ဆာနေတာလား။ ကျွန်မကိုပေးလေ နို့တိုက်ရအောင်။ "



စုယွဲ့နိုးနေပြီကို မြင်သောအခါ ဟန်အိုက်ကောက သူမ ကျောနောက်တွင် ခေါင်းအုံးခုပေးပြီး သက်သောင့်သက်သာထိုင်လို့ ရအောင်လုပ်ပေးခဲ့သည်။ ထို့နောက် ကလေးကို သူမဆီပေးကာ ပြောခဲ့သည်။ "နှစ်ယောက်လုံး နိုးနေကြတာ ကြာနေပြီ၊ ရှောင်ပေါင်က ဗိုက်ဆာလို့ ငိုနေတာ။" 



ကလေးက အမေဖြစ်သူ လက်ထဲသို့ ရောက်သွားသည့်အခါ နို့စို့ရတော့မည်ကို သိနေသဖြင့် နှုတ်ခမ်းလေးဟကာ စုယွဲ့ ရင်ခွင်ထဲ ၀င်တိုးခဲ့သည်။ ပါးစပ်လေးဟစ်ိဟစ််ိဖြစ်နေပုံကို ကြည့်ရရင် အတော်လေး ဗိုက်ဆာနေကာ နို့စို့ချင်နေသည့်ပုံပင်။ 



အစားပုတ်လေး! 



စုယွဲ့ အင်္ကျီကိုလှန်ကာ အစားပုတ်သည့်ကြောင်လေးကို နို့တိုက်ဖို့ပြင်လိုက်သည်။ ကလေးလေးက နို့စို့ရသည်နှင့် အားရပါးရစို့ကာ လက်သီးလေးနှစ်ဖက်လည်း ဆုပ်ထားခဲ့သည်။ နှုတ်ခမ်းကလည်း တစ်ချက်မနား အလုပ်လုပ်နေသေးသည်။ 



စုယွဲ့ ရင်သားများပင် နာလာသောကြောင့် ရယ်ရင်းဖြင့် ဟန်အိုက်ကောကို လှမ်းပြောလိုက်သည်။ " ရှောင်ပေါင်က တကယ်လောဘကြီးတာ။ သူ့အစ်ကိုထက် ပိုပြီး၀တုတ်လေးဖြစ်နေတာ မထူးဆန်းတော့ဘူး။ တာ့ပေါင်က သူ့ကို မနိုင်တော့ဘူး။ ကြည့်ပါဦး။ ပိန်နေလိုက်တာဆိုတာ။ "



ထိုသို့ကြားသောအခါ ဟန်အိုက်ကောလည်း သဘောကျသွားကာ ပုခက်ထဲတွင် ရှိနေဆဲဖြစ်သော တာ့ပေါင်ကိုလှမ်းကြည့်ခဲ့သည်။ တာ့ပေါင်က ညီလေးနှင့်အတူ နိုးနေတာဖြစ်သော်လည်း နိုးကတည်းက မျက်လုံးလေးဖွင့်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသော်ငြား ငိုနေခြင်းလုံး၀မရှိချေ။ ရှောင်ပေါင် ငိုနေသည့်အခါတွင်လည်း လိုက်ငိုနေခြင်းမရှိဘဲ သူနှင့်လုံး၀မဆိုင်သလိုပင်။ ကြည့်ရသည်မှာ အတော်လေး ရယ်ချင်စရာပင်။ 



စုယွဲ့လည်း တာ့ပေါင် ပုံစံလေးကို သဘောကျကာ ဟန်အိုက်ကောကို ပြောခဲ့သည်။ " တာ့ပေါင်က ရှောင်ပေါင်ထက် ပိုလိမ္မာတယ်။ ရှောင်ပေါင်က ငိုရတာကိုကြိုက်ပြီး တာ့ပေါင်ကကြ လုံး၀မငိုဘူး။ ညီလေးငိုနေရင်တောင် လိုက်မငိုဘူး။ ဗိုက်ဆာရင်လည်း ပြဿနာမရှာဘူး။ ရှောင်ပေါင်ထက်လည်း ပိုထိန်းရလွယ်တယ်။ နှစ်ယောက်လုံးသာ ဆိုးနေကြရင် တစ်နေ့တစ်နေ့ကို နေ့တာအရှည်ကြီးဖြစ်နေတော့မှာပဲ။ "



စုယွဲ့ရင်ခွင်ထဲမှ ရှောင်ပေါင်က အမေဖြစ်သူမှ သူ့မကောင်းကြောင်းပြောနေသည်ကို သိသည့်အလား မျက်လုံးဖွင့်ကာ နို့တိုက်နေတဲ့မိခင်ကို မကျေနပ်သလို ကြည့်ခဲ့သည်။ 



သားဖြစ်သူ၏ အကြည့်ကြောင့် စုယွဲ့ အံ့သြသွားကာ ရယ်လိုက်မိသည်။ " ကောင်းပြီ၊ ကောင်းပြီ။ မားမားက မင်းအကြောင်းပြောနေတာ မဟုတ်ဘူး။ ကိုယ့်ဘာကိုယ် နို့စို့၊ ပြီးရင် ကိုကြိိးဖို့လည်း နည်းနည်းတော့ချန်ထားဦး။ တစ်ယောက်တည်း စို့လို့မဖြစ်ဘူးနော်၊ ကြားလား။ "



စုယွဲ့က နို့ထွက်ခါစဖြစ်သဖြင့် သိပ်မထွက်သေးသောကြောင့် ကလေးနှစ်ယောက်ကို တိုက်ဖို့မလောက်ပေ။ 



ရှောင်ပေါင်က နားမလည်သဖြင့် နို့ကိုလက်ဖြင့်ကိုင်ထားကာ အားရပါးရ စို့နေခဲ့သည်။ လွှတ်ပေးမည့် အရိပ်အယောင် လုံး၀မရှိချေ။ ဆယ်မိနစ်ခန့် ကြာသွားပြီးသည်ကိုတောင် လွှတ်မပေးသေးပေ။ ယခင်လောက် အသည်းအသန် ဗိုက်မဆာတော့သော်လည်း ရှောင်ပေါင်းက ဇိမ်ခံကာ ဆက်စို့နေခဲ့သည်။ 



တာ့ပေါင်က ငိုလည်းမငိုသလို အော်လည်းမအော်သော်ငြား စုယွဲ့က ဒီအတိုင်းမကြည့်ရက်ပေ။ အစ်ကိုကို ဘယ်လိုအနိုင်ကျင့်နေရတာလဲ။ တာ့ပေါင်လည်း နိုးကတည်းက နို့မစို့ရသေးတော့ ဗိုက်ဆာနေမှာပဲ။ ဒီကောင်လေးဆီက အမြဲအနိုင်ကျင့်ခံနေရရင် ဘယ်လိုလုပ်မလဲ။ 



စုယွဲ့က ရှောင်ပေါင် တင်ပါးလေးကို ဖွဖွလေးရိုက်လိုက်ကာ နို့မစို့နိုင်တော့အောင် လက်ဖြင့်ကာလိုက်လေသည်။ " တော်ပြီနော်၊ ကိုကြိိးအလှည့် ရောက်ပြီ။ "



ပါးစပ်နှင့် နို့ပြတ်သွားသည်နှင့် ရှောင်ပေါင်က အာပြဲကြီးနှင့် အော်ငိုကာ လက်သီးဆုပ်ကာ ပါးစပ်ထဲထည့်ပြီး သနားဖို့ကောင်းအောင် အော်ငိုပြသည်။ 



သို့သော်လည်း စုယွဲ့က အလိုမလိုက်နိုင်ပေ။ သူ့တစ်ယောက်တည်းကို နို့တိုက်နေလို့မှ မဖြစ်တာ။ တာ့ပေါင်က နဂိုထဲက ရှောင်ပေါင်ထက် သေးနေတာကို နို့ပါမစို့ရရင် ပိုပိန်လာတော့မှာပေါ့။ 



ဟန်အိုက်ကောက ရှောင်ပေါင်ကို ချီလိုက်ကာ ချော့နေရင်းဖြင့် တာ့ပေါင်ကို စုယွဲ့ဆီ ပေးလိုက်သည်။



ရှောင်ပေါင်က နှစ်မိနစ်လောက်ကြာသည်အထိ အော်ငိုနေသော်လည်း နို့မစို့ရတာ သိသွားသဖြင့် အငိုတိတ်သွားခဲ့သည်။ အဖေဖြစ်သူ ချီထားသည့်အတိုင်း ငြိမ်ငြိမ်လေးနေကာ ခုနက ငိုနေတာ သူမဟုတ်တဲ့အတိုင်းပင်။ 



တာ့ပေါင်က စုယွဲ့ ရင်ခွင်ထဲသို့ရောက်သောအခါ နှုတ်ခမ်းလေးကို ဟထားပြီး လျှာတစ်လစ်လေး ထွက်နေခဲ့သည်။ မသိပါက သူဗိုက်ဆာနေတယ်ဟု ပြောနေသလိုပင်။ 



စုယွဲ့က သူမ သားကြီး၏ ပါးလေးကိုနမ်းလိုက်ပြီး နောက်တစ်ဖက်မှ နို့စို့ရန် ပြောလိုက်သည်။ တာ့ပေါင်ကလည်း ညီဖြစ်သူလိုပင် နို့စို့ရသည်နှင့် အငမ်းမရစို့တော့သည်။ ခန္ဓာကိုယ်လေးက သေးသော်လည်း နို့စို့နိုင်စွမ်းကတော့ လုံး၀မနည်းချေ။ ဗိုက်ဆာနေတာ သိသာလှသည်။ 



ကလေးက ဗိုက်ဆာနေသော်လည်း မငိုတက်ပေ။ အသံထွက်နိုင်တယ်ဆိုသည်ကိုသာ မသိထားရင် ကလေးက တစ်ခုခုမှားနေတယ်လို့ ထင်မိမှာ။ 



မနေ့ညကလည်း အမေဟန်က တာ့ပေါင်မငိုသည်ကို သတိထားမိသွားသည်။ ဗိုက်ဆာနေလည်း လုံး၀မငိုသဖြင့် မဟုတ်တော့ဘူးဟုထင်ကာ ကလေးကို သနားသော်လည်း တင်လုံးလုံးလေးက်ို ရိုက်ကြည့်ခဲ့သည်။ နှစ်ချက်လောက် ရိုက်ပြီးမှသာ တာ့ပေါင်က နှစ်ခါမျှ တိုးတိုးလေး အ့ခနဲအော်လေသည်။ ထိုအခါမှသာ ကလေးက အသံထွက်နိုင်တာသိကာ အမေဟန်လည်း စိတ်သက်သာရာရသွားတာ ဖြစ်သည်။ 



စုယွဲ့ တာ့ပေါင်၏ ပါးလေးကို လက်ညှိုးလေးဖြင့် ထိုးကြည့်နေရင်း သူမကလေးနှစ်ယောက်က တကယ်စိတ်၀င်စားစရာလေးတွေပဲလို့ တွေးနေမိသည်။ အငယ်ကောင်လေးက အားအားရှိ ငိုနေတက်သော်လည်း အကြီးကောင်လေးကတော့ အရွယ်နှင့်မလိုက်အောင် ငြိမ်လွန်းသည်။ အမွှာတွေလို့ လုံး၀ကို ထင်စရာမရှိချေ။ 



ထိုအချိန်တွင် ရွှီးချန်ရောက်လာကာ တာ့ပေါင်ကို စုယွဲ့နို့တိုက်နေသဖြင့် ရှောင်ပေါင်ကို ချီကာချော့မြှူနေခဲ့သည်။ သူမက တာ့ပေါင်နှင့် ရှောင်ပေါင်ကို တစ်လှည့်စီကြည့်ကာ ပြောခဲ့သည်။ " ဒီကောင်လေးနှစ်ယောက်က မတူကြဘူးနော်။ ဒီကလေးက ပို၀လို့လားမသိဘူး။ လက်ထဲမှာ နင့်နေတာပဲ။ " 



စုယွဲ့ - " အစ်မလက်ထဲက ရှောင်ပေါင်လေ၊ အဲ့ကလေးက နို့ပိုစို့တော့ ပို၀ပြီး အစ်ကိုကြီးထက် ကြည့်လို့ပိုကောင်းနေတာ။ "



ရှောင်ပေါင်နှင့်ယှဥ်ပါက တာ့ပေါင်က မျောက်ကလေးလိုပင်။ ပိုလည်းပိန်ကာ မျက်နှာလေးက ရှုံ့တွနေသောကြောင့် ရှောင်ပေါင်လောက် ကြည့်၍မကောင်းသေးချေ။ သို့ဖြစ်၍ ကလေးနှစ်ယောက်မှာ ရုပ်ကလည်း မတူသလို အကျင့်စရိုက်ကလည်း လုံး၀မတူကြချေ။ 



ရွှီးချန် - " အမွှာတွေက ဒီလိုပဲ။ ညီမရဲ့ ကလေးနှစ်ယောက်ကမှ တော်သေးတယ်။ အစ်မအရင်က တွေ့ဖူးတဲ့ ကလေးနှစ်ယောက်ဆို တစ်ယောက်က ငါးပေါင်ရှိပြီး နောက်တစ်ယောက်က နှစ်ပေါင်ပဲရှိတော့ အငယ်လေးက မရှင်ဘူး။ ဒီကလေးနှစ်ယောက်ကတော့ အဆင်ပြေပါတယ်။ အစ်မအထင်တော့ ဒီနှစ်ယောက်က ရုပ်ဆင်သလားလို့။ အနာဂတ်မှာ မျက်နှာလေးတွေ ပြည့်လာရင် ခွဲလို့ရမှာ မဟုတ်လောက်တော့ဘူး။ "



စုယွဲ့ တာ့ပေါင်ကိုတစ်လှည့် ရှောင်ပေါင်ကိုတစ်ခါ ကြည့်ကြည့်သည့်အခါ တကယ်ကိုပင် ကလေးနှစ်ယောက်က ရုပ်ဆင်ကြသည်ကို သတိထားမိလိုက်သည်။ တစ်ယောက်က၀နေပြီး တစ်ယောက်ကပိန်နေလို့သာ မဟုတ်ရင် အမေဖြစ်တဲ့ သူမတောင် မခွဲတက်လောက်ပေ။ 



အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ 



စကားပြောပြီးနောက် ရွှီးချန်က ငွေလက်ကောက်လေးနှစ်ခုကို ကလေးများနှင့် ပထမဆုံးတွေ့ဆုံခြင်း လက်ဆောင်အဖြစ် ထုတ်ပေးခဲ့သည်။



ထိုလက်ကောက်လေးတွေ၏ တန်ဖိုးမှာ မနည်းလောက်သည်ကို စုယွဲ့သိသည်။ လက်ကောက်လေးတွေက အတော်လေးလက်ရာမြောက်သဖြင့် သာမန်လက်မှုပညာရှင်များထံမှ မဖြစ်နိုင်ချေ။ သို့ဖြစ်၍ စုယွဲ့ ငြင်းလိုက်မိသည်။ " ကလေးတွေကို ဘာလို့အဲ့လောက် တန်ဖိုးကြီးတာတွေကို ပေးနေရတာလဲ။ မပေးပါနဲ့၊ အစ်မရယ်။ "



ရွှီးချန်က စုယွဲ့စကားကို မသိချင်ယောင်ဆောင်ကာ တာ့ပေါင်နဲ့ ရှောင်ပေါင်ကို တစ်ခုစီ ၀တ်ပေးလိုက်သည်။ " အစ်မက ဒီကလေးနှစ်ယောက်ရဲ့ မွေးစားအမေလေ။ ကပ်စေးနဲလို့ရမလား။ ပြီးတော့ ကလေးတွေကို ပေးတာ။ ညီမကို ပေးတာမှမဟုတ်တာ။ ညီမက ဘာကိုငြင်းနေတာတုန်း။ "



စုယွဲ့မှာ ရယ်ရအခက် ငိုရအခက်ပင်။ မတက်သာသဖြင့် ကလေးနှစ်ယောက်ကို လက်ခံခိုင်းလိုက်ရတော့သည်။ စိတ်ထဲမှလည်း ရွှီးချန် နောက်ထပ်မွေးလာမယ့်ကလေးအတွက် လက်ဆောင် ကြိုပြင်ထားရမယ်လို့ တွေးထားလိုက်သည်။ ရွှီးချန်က အခု သူမပေးထားတဲ့ အားဆေးကိုသောက်နေတာဆိုတော့ မကြာခင် သတင်းကောင်းကြားရလောက်တယ်။ 



ကလေးများအကြောင်းကို ပြောပြီးသည့်အခါ ဟန်အိုက်ကော ရေသွားခပ်နေသည်ကို အခွင့်ကောင်းယူပြီး ရွှိီးချန်က စုယွဲ့ကို တီးတိုးပြောခဲ့သည်။ " အစ်မက ကျေးဇူးတင်စကားလည်း ပြောချင်လို့ လာခဲ့တာ။ အစ်မယောက်ျားက တာ၀န်ထမ်းဆောင်နေရင်း မတော်တဆ ဒဏ်ရာရသွားပြီး သွေးတွေထွက်နေလို့ အသက်အန္တရာယ် စိုးရိမ်နေခဲ့ရတဲ့အပြင် သူ့ဒဏ်ရာကြောင့် တာ၀န်ပါထိခိုက်မလိုဖြစ်နေခဲ့တာကို ညီမယောက်ျား ဟန်အိုက်ကောက သူ့အသက်ကိုကယ်ပေးခဲ့တာတဲ့လေ။ အဲ့ဒါကြောင့် တာ၀န် ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာတဲ့။ "



ရွှိီးချန်က စုယွဲ့ လက်ကိုကိုင်ကာ ကျေးဇူးတင်နေသည့် အကြည့်များဖြင့် ကြည့်ရင်းပြောခဲ့သည်။ " ညီမလေး ဘာတွေဖြစ်ခဲ့တာကို အစ်မလည်း သေချာမသိပေမယ့် ဒီကျေးဇူးကို အစ်မတို့ မှတ်ထားပါ့မယ်။ ကျေးဇူးပါနော်၊ ဟန်အိုက်ကောကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး။ "



ထိုသည်ကို ကြားသည့်အခါ စုယွဲ့အံ့အားသင့်သွားခဲ့သည်။ " ဘာလို့ ကျေးဇူးတင်နေရတာလဲ အစ်မရဲ့။ သူတို့တွေက တစ်တပ်ထဲက ရဲဘော်ရဲဘက်တွေလေ။ တစ်ယောက်နဲ့တစ်ယောက် ကူညီကြတာက ဖြစ်သင့်တာပဲ။ "



ရွှီးချန်က ကျေးဇူးတင်စကား ထပ်မပြောတော့သော်ငြား သူမရင်ထဲ ထိုကြင်နာမှုကို မှတ်ထားလိုက်ပြီဖြစ်သည်။



 ဒီတာ၀န်က အလွန်အရေးကြီးကာ ခေါင်းဆောင်ယွီက သူကိုယ်တိုင်ကြီးကြပ်ပြီး ထူးချွန်သည့်တပ်သားများကို ရွေးခေါ်သွားတာဖြစ်ပြီး ရွှီးချန်ကလည်း အကုန်သိထားသည်။ စုယွဲ့ သူမမေ့နေသည့်အရာကို သတိရသွားမိသည်။ ကလေးတွေကို အာရုံစိုက်ရင်း အလုပ်များနေသဖြင့် ဟန်အိုက်ကော ပြန်ရောက်ကတည်းက တာ၀န်အကြောင်းကို မမေးဖြစ်သေးသလို ဒဏ်ရာရလားသေးလား ဘာညာကိုလည်း မမေးရသေးပေ။ 



စုယွဲ့အရမ်းကို ဂရုမစိုက်မိသလိုဖြစ်သွားသည်။ ကလေးတွေကိုပဲ ဂရုစိုက်နေပြီး သူ့အကြောင်းကိုကြ မေ့နေရတယ်လို့။ 



ရွှီးချန်ပြန်သွားသည့်အခါမှ စုယွဲ့ ဟန်အိုက်ကောကို မေးရတော့သည်။ " ဒီတစ်ခေါက်သွားတာ ဒဏ်ရာရလာသေးလား၊ ကျွန်မကို ဖုံးကွယ်မထားနဲ့နော်။ "



ဟန်အိုက်ကောက ခေါင်းခါပြီး စုယွဲ့ပါးလေးကိုကိုင်ကာ ပြောခဲ့သည်။ " ကိုယ် အဆင်ပြေပါတယ်။ နည်းနည်းထိခိုက်ခဲ့ပေမယ့် အခုတော့ ကောင်းသွားပြီ။ "



" ဘယ်လောက် နည်းနည်းလဲ။ " ဟန်အိုက်ကောပြောသည့် နည်းနည်းထိခိုက်တယ်ဆိုသည်ကို မယုံသဖြင့် ဟန်အိုက်ကောကို အနားသို့ဆွဲကာ အင်္ကျီကိုလှန်ကြည့်သည်။ " ဒဏ်ရာကဘယ်မှာလဲ ကျွန်မကိုပြ။ "



ဟန်အိုက်ကော - " ဓားထိသွားတာ၊ အဲ့တုန်းက သွေးထွက်များပေမယ့် မင်းပေးတဲ့ဆေးကို ထည့်လိုက်လို့ ခဏနေတော့ သွေးတိတ်သွားပြီး ကောင်းသွားတာပဲ။"



ဟန်အိုက်ကော ကိုယ်ပေါ် အခြားဒဏ်ရာတွေ မရှိတာ သေချာမှသာ စုယွဲ့သက်ပြင်းချနိုင်သွားပြီး ရွှီးချန်ပြောသွားသည့်အကြောင်းကို ထပ်မေးလိုက်သည်။ " အခုလေးတင် အစ်မရွှီးချန်ပြောသွားတာ ရှင်က ခေါင်းဆောင်ယွီရဲ့ အသက်ကိုကယ်ပေးခဲ့တာဆို။ ဘယ်လိုတွေဖြစ်ကြတာလဲ။ "



ဟန်အိုက်ကောက ခုတင်ပေါ်တွင် ၀င်ထိုင်လိုက်ကာ ဖြစ်ခဲ့တာကို ပြန်ပြောပြခဲ့သည်။ " ခေါင်းဆောင်ယွီက အဓိကတာ၀န်ကို လုပ်နေရင်း မတော်တဆ ထိခိုက်သွားတာ။ သွေးကလည်း မတိတ်ဘဲထွက်နေပြီး ယူလာတဲ့ဆေးတွေကလည်း အသုံးမ၀င်တဲ့အပြင် ဆေးရုံကိုလည်း သွားလို့မဖြစ်နိုင်ဘူးလေ။ ဒါနဲ့ပဲ အရေးပေါ်အခြေအနေ ဖြစ်နေတာမို့လို့ မင်းပေးလိုက်တဲ့ဆေးကိုသုံးလိုက်ရတာ။ "



စုယွဲ့ အနည်းငယ် ပူပန်သွားမိသည်။ " ဒါဆို ခေါင်းဆောင်ယွီကရော ဘာဆေးကို သုံးလိုက်တာလဲဆိုတာကို မေးသေးလား။ "



ဟန်အိုက်ကောက စုယွဲ့ စိတ်မပူအောင် ပြောခဲ့သည်။ " ကိုယ် ကံကောင်းပြီးရလာတဲ့ သွေးတိတ်ဆေးလို့ပဲ ပြောလိုက်တာ၊ အသုံး၀င်ပေမယ့် ဘူးကသေးသေးလေးပဲရှိတာဆိုတော့ ခေါင်းဆောင်ယွီလည်း နားလည်သွားပြီး ဘာမှထပ်မမေးတော့ဘူး။ မစိုးရိမ်ပါနဲ့ ၊ ခေါင်းဆောင်ယွီက စိတ်ချလို့ရတဲ့သူပါ။ "



စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းဆောင်ယွီက ဘာမှမမေးဘူးဆိုတော့ ဘယ်ကရတာလဲ ဘာညာလဲ မမေးလောက်တော့သဖြင့် စိုးရိမ်ဖို့မလိုလောက်ပေ။ မေးလာရင်တောင် သူမက ဆေးညွှန်းကို ထုတ်ပေးလိုက်ရင် ဖြစ်တာပဲဟာ။ ရှားပါးဆေးများကို ရှာရ၊ မရကတော့ သူမ ထိန်းချုပ်နိုင်တာမဟုတ်ပေ။



အခြေအနေကို နားလည်သွားသည့်အခါ စုယွဲ့ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ ပြောရရင် သူမ ခေါင်းထဲ၌ ကလေးနှစ်ယောက်ကို ဘယ်လိုကျွေးမွေးရမလဲဆိုသည်များနှင့်သာ ပြည့်နေသည်ပင်။ 



ကလေးနှစ်ယောက်လုံးက အစားပုတ်လေးတွေဖြစ်ကာ သူမကလည်း နို့အလုံအလောက်မထွက်သဖြင့် စွပ်ပြုတ်များနှင့် နွားနို့များကို နေ့တိုင်းသောက်နေရကာ နေ့တိုင်းလိုလို ပင်ပန်းနေသည်။ 



စုယွဲ့ သူမကိုယ်သူမ နို့စားနွားမကြီးတစ်ကောင်လို့တောင် ထင်နေမိသည်။ နေ့တိုင်း သူမတွေးနေရသည်မှာ သူမကိုယ်သူမ နို့ထွက်အောင် ဘယ်လိုစားရမလဲနဲ့ ထိုကလေးနှစ်ယောက်ကို ဘယ်လိုကျွေးမွေးရမလဲသာဖြစ်ကာ အခြားအရာတွေအတွက် တွေးတောဖို့အချိန် မရှိပေ။ 



ယခုမှသာ အခြားသူများ ပြောကြသည့် ကိုယ်၀န်တစ်ခါဆောင်လျှင် သုံးနှစ်လောက် ဒုက္ခခံရတက်တယ် ဟူသောစကားကို စုယွဲ့နားလည်တော့သည်။ 


_ _ _ _ 


ဆေးရုံ၌ နှစ်ရက်သုံးရက်နေပြီးနောက်တွင် စုယွဲ့ နေရသည်မှာ အဆင်မပြေသဖြင့် ဆေးရုံဆင်းဖို့ ဆုံးဖြတ်လိုက်သည်။ 



ဟန်အိုက်ကောက ကားငှားပေးပြီး စုယွဲ့ကို လုံခြုံနေအောင် ၀တ်စားစေကာ အိမ်သို့ပြန်ခေါ်သွားပြီး အိမ်မှာပဲ အနားယူစေသည်။ 



အိမ်မှာက ဆေးရုံထက် ပိုအဆင်ပြေကာ သက်သောင့်သက်သာရှိသည်။ အထူးသဖြင့် ချက်ပြုတ်ရလွယ်ကူပေသည်။ အမေဟန်က စုယွဲ့အတွက် စွပ်ပြုတ်များကို အားတက်သရောပြုတ်ပေးခဲ့သည်။ ပိုက်ဆံဘယ်လောက်ကုန်ကုန် ဂရုမစိုက်ဘဲ နို့များများထွက်နိုင်ရေးကိုသာ ဂရုစိုက်သည်။



စုယွဲ့၏ မီးဖွားပြီးနောက် လုပ်ငန်းများမှာ စားလိုက်သောက်လိုက်ပဲ ဖြစ်ခဲ့သည်။ စစချင်းတုန်းက သူမလည်း အဆီများသည့် စွပ်ပြုတ်များကို မသောက်နိုင်ပေ။ မီးဖွားပြီးနောက်တွင် ခံတွင်းသည်လည်း ပုံမှန်ပြန်ဖြစ်သွားကာ ကိုယ်၀န်ဆောင်စဥ်ကနှင့် မတူတော့ချေ။ 



သို့သော်ငြား ကလေးများ၏ အာသီသကတော့ ပိုများလာသလိုပင်။ နို့တိုက်လျှင် သူမ တစ်ပြိုင်တည်းတိုက်ရသည်။ ကလေးနှစ်ယောက် နို့၀၀စို့နိုင်စေဖို့ စွပ်ပြုတ်များကို အန်ထွက်မတက် သောက်နေရသည်။ ကလေးနှစ်ယောက် မ၀မှာစိုးပြီး အမေဟန်က နေ့တိုင်း စုယွဲ့ကို အားပြည့်စေဖို့ စွပ်ပြုတ်များ ပြုတ်တိုက်သည်။ 



နေ့တိုင်းနေ့တိုင်း စားနေသည့်ပမာဏမှာ မနည်းသော်ငြား စားသမျှသည် ကလေးများထံ ရောက်သွားနေ၍လားမသိ စုယွဲ့က ၀မလာဘဲ ကိုယ်၀န်ဆောင်ချိန် မတိုင်ခင်ကလိုပင် ပိန်နေဆဲဖြစ်သည်။



အမေဟန်က စိုးရိမ်နေပြီး စုယွဲ့ကို ပြောခဲ့သည်။ " သူများချွေးမတွေများ ကလေးမွေးပြီးရင် ၀လာလိုက်ကြတာ။ ယွဲ့ယွဲ့ကြ ၀မလာဘူး။ အမေလည်း နေ့တိုင်း စွပ်ပြုတ်ပြုတ်တိုက်ပြီး အရသာရှိတာတွေ ချက်ကျွေးနေတဲ့ဟာကို လုံး၀ကို၀မလာဘူး။ အပြင်ထွက်လို့ မသိတဲ့သူတွေဆို ယောက္ခမက နှိပ်စက်နေလို့ ကလေးမွေးပြီးတာတောင် ၀မလာတာလို့ ထင်နေကြတော့မှာပဲ။ "



အမေဟန်၏ စကားများကို စုယွဲ့သဘောကျသွားမိကာ ကလေးများကို ညွှန်ပြရင်း ပြန်ပြောလိုက်သည်။ " အမေက ဘယ်တုန်း နှိပ်စက်လို့လဲ။ သမီးကို နှိပ်စက်နေတာက ဒီအစားပုတ်လေးနှစ်ယောက်လေ။ သမီးစားသမျှက သူတို့ဆီပဲ ရောက်သွားနေတာကိုး။ ကြည့်ပါလား အခုဆို သူတို့ဘယ်လောက်တောင် ၀နေလဲလို့။ အသားလုံးလေးတွေတောင် ဖြစ်တော့မယ်။ သမီးရဲ့ အသားတွေအကုန် သူတို့ဆီရောက်သွားတာပဲနေမှာ။ "



အမေဟန်လည်း ၀၀တုတ်တုတ် မြေးနှစ်ယောက်ကိုကြည့်မိမှသာ စိတ်သက်သာသွားခဲ့သည်။ လူကြီးက ၀မလာပေမယ့် ကလေးတွေက ၀လာတယ်ဆိုတော့ သူမပင်ပန်းရတာ တန်ပါတယ်လေ။



အခုဆို တာ့ပေါင်နှင့်ရှောင်ပေါင်က မွေးခါစကနှင့် မတူတော့ချေ။ တစ်လသားသာ ရှိသေးသော်လည်း အတော်လေး ပြောင်းလဲသွားကြပြိီဖြစ်သည်။ စုယွဲ့ နို့၀၀တိုက်နေတာကြောင့် ကလေးတွေက တစ်နေ့တစ်ခြား ပိုထွားလာသည်။ မွေးခါစက ပိန်ညောင်နေသည့် မျောက်လေးများလို ဖြစ်သော်လည်း ယခုတော့ တစ်လအတွင်း အသားလုံးလေးများဖြစ်နေပြီပင်။ နှစ်ယောက်လုံးက ဖြူဖြူဖွေးဖွေး ၀၀တုတ်တုတ်လေးများဖြင့် အလွန်ချစ်ဖို့ကောင်းလှကာ အမေဖြစ်သော စုယွဲ့သည်ပင် မြင်သည်နှင့် ကိုက်ပစ်ချင်နေသည်။ 



မွေးခါစက ကိုယ်အလေးချိန် ကွာကြသော်လည်း အခုချိန်၌ တူလုနီးပါး ဖြစ်လာကြသည်။ သို့ဖြစ်၍ မျက်နှာလေးများပြည့်လာကာ ကြည့်လိုက်ရုံဖြင့် အမွှာများဖြစ်ကြောင်း သိသာသည်။ 



အရင်က စုယွဲ့အနေနဲ့ တာ့ပေါင်နဲ့ ရှောင်ပေါင်ကို ပိန်သည်၀သည်ဖြင့် ခွဲခြားခဲ့တာဖြစ်ပြီး ယခုတော့ ကလေးနှစ်ယောက်က အလေးချိန်ခြင်း အတူတူဖြစ်ကာ ရုပ်ချင်းလည်းဆင်ကြသည့်အပြင် အ၀တ်လေးများပါ ဆင်တူနေကြသဖြင့် အမေဖြစ်သော စုယွဲ့ပင် မခွဲတက်တော့ချေ။ သူတို့နှစ်ယောက်ကို ခွဲခြားချင်ပါက ကလေးတွေရဲ့ မျက်နှာအမူအရာကို သေချာလေးဂရုစိုက်ကြည့်မှ  ရသည်။ 



စုယွဲ့တို့က ထိုသို့ခွဲနိုင်သော်လည်း အပြင်လူများကတော့ နားမလည်သဖြင့် မခွဲခြားတက်ကြပေ။ မာချွေ့ယွင် လာလည်သည့်အခါတိုင်း " ဘယ်သူက တာ့ပေါင်လဲ ဘယ်သူက ရှောင်ပေါင်လဲ " လို့ မေးနေကြဖြစ်သည်။



နှစ်ကြိမ်ဆက်တိုက် ထိုသို့မေးလာသည့်အခါ မောင်လေးတွေကို ကြည့်ဖို့လိုက်လာတဲ့ ရှောင်ထောင်းဇီလေးက အမေဖြစ်သူကို တုံးလိုက်တာဟူသည့်ပုံစံဖြင့် ကြည့်ကာ ပြောခဲ့သည်။ အမေ၊ အမေက ညံ့လိုက်တာ၊ လက်ကိုက်နေတဲ့တစ်ယောက်က မောင်လေးရှောင်ပေါင်လေ၊ နောက်တစ်ယောက်က မောင်လေးတာ့ပေါင်ပေါ့ ။ " 



မာချွေ့ယွင်က သမီးဖြစ်သူပြောသည်ကို မယုံ၍ သူမသမီးနဖူးကို ရိုက်လိုက်ကာ ပြန်မေးခဲ့သည်။ " ဘယ်လိုသိတာတုန်း ကောင်မလေးရဲ့။ အမေတောင် မခွဲတက်တာကို သမီးက ဘယ်လိုခွဲလိုက်လဲ။ "



ရှောင်ထောင်းဇီက မကျေမနပ်ပြန်ဖြေခဲ့သည်။ " သမီး စစ်ကြည့်ပြီးပြီ၊ ရှောင်ထောင်းဇီပြောတာ မှန်တယ်။ လက်ကိုကိုက်နေတဲ့တစ်ယောက်က ရှောင်ပေါင်ပဲ။"



မာချွေ့ယွင်က အံ့သြသွားခဲ့သည်။ " ရှောင်ထောင်းဇီလေးက တကယ်ခွဲတက်တာလား၊ ဒါဆိုလည်း အမေ့ကိုပြောပြ ဘယ်လိုခွဲလိုက်တာလဲ။ " 



ရှောင်ထောင်းဇီက ဂုဏ်ယူနေသည့်ဟန်ဖြင့် ရှောင်ပေါင်ကို ထိုးပြကာ အမေဖြစ်သူကို ပြောပြခဲ့သည်။ " မောင်လေးရှောင်ပေါင်က ငဆိုးလေးလေ၊ သူက ပါးစပ်ဟပြီး စကားပြောနေရတာကိုကြိုက်တယ်၊ ပြီးတော့ လက်တွေခြေထောက်တွေကို ကိုက်ရတာလည်း ကြိုက်တယ်။ ပြီးတော့ ပြုံးနေရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် တာ့ပေါင်က အဲ့လိုမဟုတ်ဘူး၊ သူက လှုပ်ရတာမကြိုက်ဘူး။ "



ကလေးမလေးက သူမပြောတာ လုံး၀မှန်တယ်ဟူသောအမူအရာဖြစ်နေ၍ မာချွေ့ယွင်က စုယွဲ့ကို ပြန်မေးခဲ့သည်။ " ညီမလေး ရှောင်ထောင်းဇီပြောတာ မှန်လား။ "



စုယွဲ့က ရှောင်ထောင်းဇီလေးကို လက်မထောင်ပြကာ ချီးမွမ်းပေးလိုက်သည်။ " ရှောင်ထောင်းဇီလေး ပြောတာအကုန်မှန်တယ်။ ရှောင်ပေါင်က နိုးတာနဲ့ တစ်ချက်လေး အငြိမ်မနေဘူး။ တာ့ပေါင်ကကြ အမြဲ မျက်နှာသေနဲ့ မျက်နှာပေါ်မှာ ဘာအမူအရာမှကို မရှိတာ။ ငိုခဲသလို ငိုရင်တောင် အရမ်းမငိုတက်ဘူး။ ကလေးနှစ်ယောက်ကို သေချာလေးကြည့်လိုက်ရင် မျက်နှာအမူအရာမရှိတာက တာ့ပေါင်ဖြစ်ပြီး တစ်ချိန်လုံးတက်ကြွနေတာက ရှောင်ပေါင်ဆိုတာကို တွေ့လိမ့်မယ်။ "



ထိုသို့ကြားသည့်အခါ မာချွေ့ယွင်က ရယ်ခဲ့သည်။ " ကြည့်ရတာ အစ်မက ရှောင်ထောင်းဇီလေးလောက်တောင် ဉာဏ်မကောင်းတဲ့ပုံပဲ။ အခုမှပဲ တာ့ပေါင်နဲ့ ရှောင်းပေါင်ကို ခွဲတက်တော့တယ်။ "



ပုခက်ထဲမှ ရှောင်ပေါင်လေးက မာချွေ့ယွင် ရယ်သံကိုကြားသောအခါ လက်တုတ်ခြေတုတ်လေးများကိုမြှောက်ပြိီး လိုက်ရယ်နေတာကြောင့် ပုခက်က တစ်လှုပ်လှုပ် ဖြစ်နေတော့သည်။ 



တာ့ပေါင်ကတော့ တုန့်ပြန်မှုမရှိဘဲ မျက်လုံးလေးများကို ပျင်းတိပျင်းတွဲ မှေးစင်းထားသဖြင့် မသိပါက အိပ်ပျော်တော့မယ့်အတိုင်းပင်။ 



မာချွေ့ယွင်ကြည့်နေရင်းဖြင့် အသည်းယားလာကာ ကလေးနှစ်ယောက်အား တစ်လှည့်စီ လိုက်ထိကြည့်ခဲ့သည်။ " ဒီနှစ်ယောက်က အတော်လေး ရယ်ရတာပဲ။ တစ်ယောက်ကကြ တက်ကြွနေပြီး တစ်ယောက်ကကြ လုံး၀တည်ငြိမ်နေတာ။ လုံး၀ကို အကျင့်မတူကြဘူး။ "



ရှောင်ထောင်းဇီလေးက မောင်လေးနှစ်ယောက်ကို အတော်သဘောကျနေခဲ့သည်။ လက်လေးများကို ဆန့်ထုတ်ကာ ရှောင်ပေါင် ခြေထောက်လေးတွကို ခပ်ဖွဖွညှစ်နေရင်းဖြင့် တစ်ခုခုကို သတိရသွားကာ စုယွဲ့ကို လှည့်မေးခဲ့သည်။ " ဒေါ်လေးစုယွဲ့ တာ့ပေါင်နဲ့ ရှောင်းပေါင်ရဲ့ နာမည်တွေက ဘာတွေလဲဟင်။ အမေပြောတာ တာ့ပေါင်နဲ့ ရှောင်ပေါင်က အိမ်နာမည်တွေဆို။ ရှောင်ထောင်းဇီလိုပဲ နာမည်အရင်းတွေမဟုတ်ဘူးတဲ့။ သမိီးရဲ့ နာမည်အရင်းဆို စွန်းထောင်လေ။ မောင်လေးတွေရဲ့ နာမည်ကရော။ "