အပိုင်း ၇၅
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၅ - နာမည်ပေးခြင်း၊ တစ်လပြည့်ပွဲ





ရှောင်ထောင်းဇီရဲ့ စကားကိုကြားမှ စုယွဲ့လည်း ကလေးတွေကို နာမည်ပေးရမယ့် အရေးကြီးကိစ္စကို သတိရသွားခဲ့သည်။ 



စုယွဲ့ အမေဟန်ကို လှမ်းကြည့်လိုက်မိသည်။ 



အမေဟန်ကလည်း အံ့အားသင့်နေဟန်ရှိကာ ပြီးမှသာ နဖူးကိုလက်ပြန်ရိုက်ပြီး ပြောခဲ့သည်။ " ကြည့်စမ်းပါဦး မေ့နေလိုက်တာ ကလေးနှစ်ယောက်လုံးကို အခုထိ နာမည်မပေးရသေးဘူးပဲ။ တွေးကိုမတွေးမိတာ။"



စုယွဲ့ ချက်ချင်းပျော်သွားခဲ့သည်။ ယောက္ခမရော ချွေးမရော အလုပ်များနေတာနဲ့ မေ့နေကြတာ အတူတူပဲလေ။ 



သို့သော် သူမတို့ကို အပြစ်ပြော၍လည်း မရချေ။ ကလေးတွေကို ပြုစုရတာက အလွန်အလုပ်ရှုပ်သည်။ အထူးသဖြင့် တစ်ခါတည်း ကလေးနှစ်ယောက်ကို ပြုစုရလျှင် ပိုဆိုးသည်။ လူကြီးနှစ်ယောက်လုံး သူတို့နောက်ကို တစ်ကောက်ကောက် လိုက်နေရကာ အခြားဘာကိုမှ မတွေးနိုင်ပေ။ 



ဒါပေမယ့်လည်း ဟန်အိုက်ကောကရော ဘာလို့ဘာမှမပြောတာလဲ။ သူကတော့ မမေ့သင့်ဘူးလေ။ 



ညနေခင်း ဟန်အိုက်ကော ပြန်လာသောအခါ စုယွဲ့က ဟန်အိုက်ကောရော ကလေးတွေကို နာမည်ပေးဖို့ မေ့နေတာလားလို့ မေးကြည့်တဲ့အခါ ထိုလူက ခေါင်းခါပြခဲ့သည်။ ခဏကြာမှသာ ခေါင်းကုတ်ရင်း ရှက်ရွံ့နေဟန်ဖြင့် ၀န်ခံခဲ့သည်။ " ကိုယ်တွေးနေတာ ကြာပြီ။ ဒါပေမယ့် တစ်လလောက်ကြာအောင် တွေးနေတာတောင် နာမည်ကောင်းကောင်းလေးကို မစဥ်းစားမိသေးလို့။ ဒါကြောင့် မင်းကိုဘာမှမပြောဘဲ ဆက်တွေးကြည့်နေတာ။"



ကိုယ်၀န်ဆောင်နေစဥ်တုန်းက ကလေးက မိန်းကလေးဖြစ်မလား ယောက်ျားလေးဖြစ်မလား မသိထားသဖြင့် ကြိုတင်ကာ နာမည်မစဥ်းစားထားခဲ့ကြမိပေ။ မွေးပြီးသည်အထိ စောင့်မည်ဟုစဥ်းစားထားခဲ့ကာ ယခု တကယ့်တကယ် မွေးပြီးသည့်အခါတွက်မူ စုယွဲ့နှင့် အမေဟန်က လုံး၀ကို မေ့နေခဲ့သည်။ အဖေဖြစ်သူ ဟန်အိုက်ကောကတော့ မေ့နေခြင်းမရှိချေ။ ပြန်ရောက်ကတည်းက ကလေးနှစ်ယောက်အတွက် နာမည်ကို နေ့တိုင်းနီးပါး စဥ်းစားနေခဲ့တယ်တဲ့။ ဆိုတော့ နာမည်တွေက ဘာတဲ့တုန်း။ 



ဟန်အိုက်ကော၏ အဖြေကြောင့် စုယွဲ့ စိတ်၀င်တစားပြန်မေးလိုက်မိသည်။ " ဒါဆို ဘာနာမည်တွေကို စဥ်းစားထားလဲ ကျွန်မကိုလည်း ပြောပြလေ။ "



ဟန်အိုက်ကောက မပြောချင်ဟန်ဖြင့် လက်ခါပြခဲ့သည်။ " ကိုယ်တွေးထားတဲ့ နာမည်တွေက မကောင်းဘူး၊ မင်းပဲ နာမည်ပေးလိုက်ပါ။ "



ထိုအခါ စုယွဲ့က ပိုသိချင်စိတ်ဖြစ်လာလာခဲ့သည်။ တစ်လလုံးစဥ်းစားထားတဲ့ ရလဒ်ကဘယ်လိုဖြစ်မလဲဆိုတာကို စုယွဲ့ တကယ်သိချင်မိသွားသည်။ သို့ဖြစ်၍ စုယွဲ့ ဟန်အိုက်ကော လည်ပင်းကိုဖက်လိုက်ကာ " ဪ ပြောကြည့်လေ မကောင်းတာမဟုတ်တာလည်း ဖြစ်နိုင်တာပဲဟာ ပြောကြည့်ပါ။ ကောင်းတယ်ဆို အဲ့နာမည်တွေကိုပဲ ပေးကြမယ်လေ။ "



သို့ဖြစ်၍ ဟန်အိုက်ကောက မပြောပြချင်သည့် တစ်လလုံးတွေးထားခဲ့သည့် နာမည်များကို အရဲစွန့်ကာ ပြောပြလိုက်သည်။ " ကိုယ်စဥ်းစားထားတာက .... ဟန်၀မ်နဲ့ ဟန်၀ူ တဲ့။ ဘယ်လိုထင်လဲ ။ "



စုယွဲ့ - " ဟန်? ဟန်၀ူ ? စာတက်တယ်? ၀ူကုန်း? " 



ယန်အိုက်ကောက နှုတ်ခမ်းကိုစေ့ထားကာ ခေါင်းညိတ်ပြခဲ့သည်။



" ဖူးးး " စုယွဲ့ မထိန်းနိုင်ဘဲ အတောမသတ်ရယ်လိုက်မိသည်။ ရယ်နေရင်းဖြင့် ပြန်ပြောခဲ့သေးသည်။" ဟန်အိုက်ကော ရှင်က ဘာလို့အဲ့လောက် ရယ်ရတာလဲ၊ တစ်လလုံးစဥ်းစားထားတဲ့ နာမည်က ဒါတွေလား။ ကျွန်မကို နောက်နေတာလား။ ဟားဟားဟား " ဒီလောက် အချိန်ယူပြီး သေချာစဥ်းစားနေမှတော့ နာမည်တွေက အလန်းစားတွေဖြစ်မှာပဲလို့ စုယွဲ့က ထင်ထားခဲ့ပေမယ့် နှစ်လုံးတည်းရှိတဲ့ နာမည်တွေတဲ့။ 



ရွာမှာတုန်းက ဟန်လောင်စန်းက သူမအား နာမည်ကူမှည့်ပေးဖို့ အကူအညီတောင်းခဲ့တာကို စုယွဲ့ သတိရသွားမိသည်။ ကြည့်ရတာ ဟန်ညီအစ်ကိုတွေက နာမည်မပေးတက်ကြဘူးနဲ့ တူတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်အိုက်ကောက ဟန်လောင်စန်းထက်တော့ သာသေးသည်။ ဟန်လောင်စန်းပေးသလို " ဟန်၀မ်မောက် "လို့တေ့ာ  မမှည့်ဘူး။ 



စုယွဲ့၏ ရယ်မောနေမှုကြောင့် ဟန်အိုက်ကော မျက်နှာတည်သွားခဲ့သည်။ အမေဟန်မရှိသည်ကို အခွင့်ကောင်းယူကာ ရယ်မောနေတဲ့ စုယွဲ့ကိုဖက်ပြီး ပြင်းရှရှ အနမ်းများပေးခဲ့သည်။ သို့ဖြစ်၍ စုယွဲ့ ဆက်မရယ်နိုင်တော့ချေ။ 



မရယ်နိုင်တော့သည့်အပြင် ဟန်အိုက်ကောကြောင့် စုယွဲ့မှာ သူ့လက်မောင်းကြားထဲ ပျော့ခွေသွားရတော့သည်။ 



ဟန်အိုက်ကောက စုယွဲ့ကို အရယ်ရပ်စေချင်ရုံသာဖြစ်သော်လည်း နမ်းပြီးသည့်အခါတွင် ခံစားချက်တွေကို ထိန်းမရတော့ချေ။ သူမ ခန္ဓာကိုယ်လေးကို လွှတ်မပေးချင်ဘဲ ချက်ချင်းစားပစ်လိုက်ချင်နေပြီ ဖြစ်သည်။ 



စုယွဲ့ကို မထိရသည်မှာ နှစ်၀က်နီးပါးရှိနေပြီဖြစ်သည်။ ဗိုက်ကြီးနေသဖြင့် စုယွဲ့က မလှုပ်နိုင်မရှားနိုင်ဖြစ်နေသောကြောင့် ဟန်အိုက်ကောက ချုပ်တည်းထားခဲ့ရကာ အလွန်ဆုံးရှိ နမ်းရှုံ့ရုံလောက်သာ လုပ်နိုင်ခဲ့သည်။ မီးဖွားပြီးပြန်တော့လည်း မီးနေသည်ဖြစ်သဖြင့် ဟန်အိုက်ကောမှာ စုယွဲ့ကို မထိနိုင်သေးချေ။ 



အခုလို ထိလိုက်ရတာကြောင့် သူ့ဆန္ဒတွေကို မထိန်းချုပ်နိုင်တော့ဘူး။ 



သို့သော်လည်း စုယွဲ့က မီးတွင်းထဲတွင်သာ ရှိသေးသည်ကို သတိရသဖြင့် ဟန်အိုက်ကောက ကိုယ့်ကိုယ်ကို ချုပ်တည်းကာ သူမကို လွှတ်ပေးလိုက်ပြီး အကြည့်ချင်းဆုံပြီး တစ်လုံးချင်း ပြောလိုက်သည်။ " နောက်ထပ် ဆယ်ရက်စောင့်ပေးမယ်! " 



ထိုသည်ကိုကြားတဲ့အခါ စုယွဲ့က မျက်လုံးပြူးသွားပြီး ဟန်အိုက်ကောနဲ့ အကြည့်ချင်းမဆုံရဲတော့ချေ။



သူမ ကလေးနှစ်ယောက် မွေးထားတာမလို့ ခန္ဓာကိုယ်က ပင်ပန်းနေလောက်တယ်လို့ဆိုကာ အားပြည့်စေဖို့ မီးတွင်းကို ရက်လေးဆယ်အထိနေရမယ်လို့ အမေဟန်က ပြောထားသောကြောင့် ဖြစ်သည်။ မီးထွက်ဖို့ ဆယ်ရက်လိုသေးကာ ဟန်အိုက်ကော၏ အပြောအရဆို သူမက ဆယ်ရက်နေရင် အစားခံရတော့မည်ဖြစ်သည်။



ဆယ်ရက်ကြာပြီးနောက် ဟန်အိုက်ကောထံမှ အစားခံရမည်ကို စဥ်းစားမိကာ စုယွဲ့ လူနှစ်ယောက်ကြား မပြောအပ်သောအရာများလုပ်ကြသည့် မြင်ကွင်းကို မြင်ယောင်မိသွားသည်။ ရင်ထဲ ကလိကလိဖြစ်လာပြီး ဟန်အိုက်ကောကို ဆက်မကြည့်ရဲတော့ပေ။ 



အတွေးလွန်နေသည်ကို သတိထားမိသည့်အခါ စုယွဲ့ရှက်သွားမိသည်။ ဘာလို့ မဟုတ်တာတွေ တွေးနေရတာလဲ။ ကလေးတွေအတွက် မသင့်လျော်သည့် ကိစ္စများတွေးနေခြင်းကိုရပ်ကာ လည်ချောင်းရှင်းပြီး ပြန်ပြောလိုက်သည်။ " ရဲဘော် ဟန်အိုက်ကော တည်တည်တံ့တံ့ပဲနေကြရအောင်။ ကလေးတွေရဲ့ နာမည်အကြောင်းပဲပြောမယ်။ တစ်ခြားအကြောင်းတွေ မပြောနဲ့ "



ဟန်အိုက်ကောက ပြုံးကာ စုယွဲ့ နှာခေါင်းလေးကို ခပ်ဖွဖွညှစ်ပြီးမှ လွှတ်ပေးလိုက်သည်။ " ကောင်းပြီ တစ်ခြားအရာတွေ မပြောတော့ဘူး။ ကလေးတွေရဲ့ နာမည်ကိုပဲ ပြောကြတာပေါ့။ အဲ့တော့ ကိုယ်စဥ်းစားထားတဲ့ နာမည်တွေက သိပ်မကောင်းဘူးလို့ ထင်လား။ "



စုယွဲ့ သက်ပြင်းချရင်း ခေါင်းခါပြလိုက်သည်။ " မဟုတ်ပါဘူး ကောင်းပါတယ်။ ခေါ်ရလွယ်ပြီး မရှုပ်ထွေးတော့ဘူးလေ။ အဲ့လိုပဲ ခေါ်ကြမလား။ "



စုယွဲ့ မျက်၀န်းထက်မှ အပြုံးများကြောင့် စနောက်နေတာဖြစ်မှန်း ဟန်အိုက်ကောလည်းသိသည်။ စုယွဲ့နှင့် နဖူးချင်းထိလိုက်ကာ သက်ပြင်းချလိုက်မိသည်။ " ထားလိုက်တော့၊ ဒီနှစ်ခုက သိပ်မကောင်းဘူး။ မင်းပဲ ရွေးလိုက်တော့။ တစ်လကြာတဲ့အထိ စဥ်းစားတာတောင် ကိုယ်တကယ် မတွေးတက်ဘူး "



ထိုအချိန်တွင် အမေဟန်က မီးဖိုချောင်ထဲမှ ထွက်လာကာ စုယွဲ့ကို စွပ်ပြုတ်ပန်းကန် လာပေးခဲ့သည်။ ကလေးတွေ နာမည်ပေးဖို့ အကြောင်းကို ပြောနေတာ ကြားတဲ့အခါ ဘာနာမည်တွေပေးမလို့လဲလို့ မေးခဲ့သည်။ ဟန်အိုက်ကောပေးမည့် နာမည်ကိုကြားသောအခါ ခေါင်းခါကာ ငြင်းခဲ့သည်။  " အိုက်ကော ပေးတာက မကောင်းဘူး။ ယွဲ့ယွဲ့ကိုပဲ ပေးခိုင်းလိုက် တတိယသားရဲ့ ဒုတိယကလေးတုန်းက ယွဲ့ယွဲ့ပေးတဲ့ နာမည်ကိုပဲကြည့်ပါလား၊ အမေ့လို စာမတက်တဲ့မိန်းမကြီးတောင် ကောင်းမှန်းသိတယ်။ ကလေးတွေရဲ့ နာမည်ကို ယွဲ့ယွဲ့မှည့်ပေးတာက ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင် သူ့အဖေလို နာမည်ကောင်းကောင်းမရှိဘဲ ဖြစ်နေကြဦးမယ် " 



အမေဟန်က စာလုံးများကို သေချာမဖတ်တက်ပေ။ သူမ ဗိုက်ထဲမှ ကလေးတွေကိုတော့ သူမယောက်ျားက ဤသို့နာမည်တွေ ပေးခဲ့သည်။ အိုက်ကော၊ အိုက်ဖျင်း၊ အိုက်တန်း၊ အိုက်မင် ဟူ၍ အသီးသီးပေးခဲ့ကာ အဓိပ္ပာယ်များလည်း ရှိသည်။ 



ဟန်အိုက်ကောလည်း အဖေဖြစ်သူ၏ နာမည်ပေးခြင်း စွမ်းရည်ကို မှတ်ချက်မပြုဘဲ ပြုံးသာပြုံးလိုက်မိကာ စုယွဲ့ကို ပြောခဲ့သည်။" မင်းပဲ ပေးလိုက်ပါ။ ကိုယ်ပေးရင် မကောင်းဘဲ နေလိမ့်မယ်။ ကြီးလာလို့ သူတို့နာမည်ကို မကြိုက်ကြရင် ဘယ်လိုလုပ်မလဲ  " 



စုယွဲ့လည်း ဟန်အိုက်ကော၏ နာမည်ပေးခြင်းစွမ်းရည်ကို သိသွားပြီဖြစ်သဖြင့် သူမပဲ နာမည်ပေးတော့မယ်လို့ ဆုံးဖြတ်လိုက်တော့သည်။ 



စုယွဲ့လည်း စဥ်းစားနေကာ မီးထွက်ဖို့ နောက်ဆုံးနေ့ကြမှ အကြံရသွားခဲ့သည်။ " အလယ်စာလုံးကိုတော့ တောက်ပပြီး လှပတယ်ဆိုတဲ့ ' ကျောက် 'ကိုပေးလိုက်မယ်။ သူတို့ရဲ့ဘ၀လေးတွေ တောက်တောက်ပပ လှလှပပ နေနိုင်သွားပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့လေ။ နောက်ဆုံးစာလုံးကတော့ ကျွန်မလည်း မသေချာသေးဘူး။ ဒါကြောင့် စာလုံးတွေကိုချရေးပြီး သူတို့ဘာသာပဲ ရွေးခိုင်းလိုက်မလားလို့။" 



ဟန်အိုက်ကောက စုယွဲ့အကြံကို ဘာမှမပြောသော်ငြား အမေဟန်က နားမလည်ဘဲ ပြန်မေးခဲ့သည်။ " ကလေးတွေက ဘာမှမသိကြသေးဘူးလေ။ သူတို့ဘာသာ သူတို့ဘယ်လိုရွေးကြမှာလဲ။ သူတို့မှ စာလုံးတွေကို မသိတဲ့ဟာ။ "



" အမေ နောက်ကြရင် သိမှာပါ " စုယွဲ့က ရှင်းမပြဘဲ ပေါ်၊ ခွင်း၊ ဟိုင် အစရှိသော စာလုံးကောင်းများကို စာရွက်ပေါ်တွင် ချရေးခဲ့သည်။ ဟန်အိုက်ကော ပြောခဲ့သော ၀မ်နှင့် ၀ူ စာလုံးများလည်း ပါသည်။ လင်းလန် စာလုံးနှစ်ဆယ်ကျော်ကို ရေးလိုက်ကာ စာရွက်လေးများကိုဖြဲ၍ ဘူးထဲ ထည့်ထားလိုက်သည်။ ပြီးလျှင် ကလေးများကို သူတို့ဘာသာ ရွေးချယ်ခိုင်းမည်ဖြစ်သည်။



ထိုအခါမှသာ အမေဟန်က နားလည်သွားကာ နာမည်ပေးသည့် နည်းလမ်းကိုလည်း သဘောကျသွားခဲ့သည်။ " ကလေးတွေက ကျိုးဆိုတဲ့ စာလုံးကို ရွေးလိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ အဲ့လိုနာမည်နဲ့ ကလေးမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ "



" သမီးတို့ မိသားစုက ဒီမိုကရေစီဆန်ဆန်ပဲလေ။ သူတို့ကို နာမည်ကို ကိုယ့်ဘာသာရွေးခိုင်းထားတာဆိုတော့ ကောင်းကောင်းဆိုးဆိုး သူတို့ဘာသာ ရွေးထားတာတွေပဲ။ အဲ့လိုဆို သမ်ိီးတို့ကို အပြစ်တင်လို့လည်း မရတော့ဘူးပေါ့၊ ဟားဟားဟား " စုယွဲ့က စနောက်ကာ ပြန်ဖြေခဲ့သည်။ 



စုယွဲ့က ကလေးနှစ်ယောက်ရဲ့ လက်လေးများကို ဘူးထဲသို့ ထည့်ပေးလိုက်ကာ စာရွက်လေးတွေကို ထိပေးလိုက်သည်။ " ဟုတ်ပြီ ကလေးတို့ အရေးကြီးတဲ့ အချိန်ရောက်ပြီပဲ လာ ကိုယ့်နာမည်ကို ကိုယ့်ဘာသာရွေးကြ ကောင်းကောင်းဆိုးဆိုး မင်းတို့ရဲ့ရွေးချယ်မှုပဲ "



ကလေးနှစ်ယောက်က ငယ်ကြသော်လည်း အခြားကလေးများထက် သန်မာကြသည်။ လက်နှင့်ထိလိုက်သမျှ ဘာဖြစ်နေဖြစ်နေ ဆုပ်ထားတက်ကြသည်။ အထူးသဖြင့် စပ်စုချင်စိတ်များသော ရှောင်ပေါင်ပင်။ ထိလိုက်တာနဲ့ ဆုပ်ပြီးသားဖြစ်ကာ ပါးစပ်ထဲသို့ ထည့်ချင်ကြသည်။ သို့သော်လည်း အတွေးများအတိုင်း လိုက်မလုပ်တက်သေးဖြင့် ပါးစပ်ထဲထိတော့ မထည့်နိုင်သေးပေ။ 



ယခုလည်း လက်လေးများက စာရွက်လေးများကို ထိလိုက်သည်နှင့် ရှောင်ပေါင်က ချက်ချင်းစိတ်၀င်စားသွားကာ ဆုပ်လိုက်ပြီး ပါးစပ်ကိုလည်း ဟထားခဲ့သည်။ အလွန်ပျော်နေပုံလည်း ရပေသည်။ စာရွက်ကို ဆုပ်ပြီးနောက်တွင် ၀တုတ်တုတ် ခြေထောက်လေးများကို မြှောက်နေပြီး ပန်းရောင်သွားဖုံးလေးများပေါ်သည်အထိ ရယ်နေသေးသည်။ လက်ထဲ၌ တစ်ခုခုအား ကိုင်ထားရသည်ကို အတော်လေး သဘောကျနေသည့်ပုံပင်။ 



စုယွဲ့က ရှောင်ပေါင် လက်ထဲမှ စာရွက်ကိုယူကာ ဘာစာလုံးလဲ ကြည့်ချင်သော်လည်း ကလေးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် မနည်းအားထုတ်ပြီးမှသာ ယူလို့ရသွားခဲ့သည်။ 



လက်ထဲမှာ ပစ္စည်းမရှိတော့တဲ့အခါ ရှောင်ပေါင်က ပါးစပ်လေးဟစိဟစိဖြင့် ပျော်ရွှင်နေရာမှ ချက်ချင်းဆိုသလို သနားစဖွယ် ငိုမဲ့မဲ့ရုပ်လေးဖြစ်သွားခဲ့သည်။ 



ထိုကလေး၏ ပုံစံကြောင့် တစ်ခြားလူသာဆို စိတ်ပျော့သွားလောက်သော်လည်း သားဖြစ်သူအကြောင်းကို နောကြေနေသည့် စုယွဲ့က ထိုကလေးက အပေါ်ယံတွင် ၀မ်းနည်းနေသည့် ဟန်ပြသော်လည်း ခဏလောက် လျစ်လျူရှုထားလိုက်ပါက အဆင်ပြေသွားတက်သည်ကို သိထားသည်။ သို့ဖြစ်၍ ဟန်အိုက်ကောထံ လွှဲပေးကာ ရှောင်ပေါင်ကို ချော့ခိုင်းလိုက်သည်။



ဟန်အိုက်ကောကလည်း ဘယ်လိုချော့ရမလဲကို သိသည်။ ငိုမဲ့မဲ့ဖြစ်နေသော သားငယ်ကိုချီကာ လက်ထဲ၌ပင် မှောက်ခုံလေးမှောက်ပေးလိုက်သောအခါ ရှောင်းပေါင်က ချက်ချင်းဆိုသလို ငိုမဲ့မဲ့ပုံစံလေးမှ ပြုံးစိစိလေးဖြစ်သွားကာ လက်လေးတွေကို လှုပ်နေခဲ့သည်။ 



ရှောင်ပေါင်က သူ့အား မှောက်ခုံချီပေးသည်ကို အလွန်သဘောကျကာ ထိုသို့လုပ်ပေးလိုက်ပါက တခစ်ခစ်ရယ်နေတက်သည်။ 



စုယွဲ့ စာရွက်လေးကို ဖွင့်ကြည့်လိုက်သည့်အခါ ' ယန် ' ဟူသော စာလုံးကိုမြင်လိုက်ရသည်။ သို့ဖြစ်၍ လည်ချောင်းရှင်းကာ ပြောခဲ့သည်။" ရှောင်ပေါင်လေးရဲ့ နာမည်က ဟန်ကျောက်ယန်တဲ့၊ ယန်ဆိုတာက နေရောင်ခြည်၊ တောက်ပခြင်းလို့ အဓိပ္ပာယ်ရတယ်။ သိပ်မဆိုးပါဘူး။ " 



အမေဟန်က နာမည်က တကယ်ကောင်းမကောင်းကို မသိသော်ငြား မြေးလေးကိုယ်တိုင်ရွေးထားတာဖြစ်၍ သဘောကျနေခဲ့သည်။ ထို့နောက် တာ့ပေါင်ကို ချီကာ ပြောခဲ့သည်။" မြန်မြန်လေး တာ့ပေါင်လည်း ကိုယ့်နာမည်ကိုယ်ရွေးရမှာပေါ့။ ညီလေးတောင် ရွေးပြီးသွားပြီ။ သားလည်း ရွေးရမယ်။  "



တာ့ပေါင်က ဘေးမှ စုယွဲ့ကိုတစ်ခါ သူ့ကိုစကားပြောနေသည့် အဘွားကို တစ်လှည့်ကြည့်ကာ ခေါင်းလေးကိုစောင်း၍ လက်ကို ဘူးထဲမှ ပြန်ရုတ်လိုက်သည်။ သိချင်စိတ်လည်းမရှိဘဲ ထိလိုက်သည့်စာရွက်လေးများကိုလည်း စိတ်မ၀င်စားချေ။ ရှောင်ပေါင်နှင့် အလွန်ခြားနာသည်။ 



တာ့ပေါင်က မယူသည်ကိုတွေ့သောအခါ အမေဟန်က စိုးရိမ်ကာ ချော့မြူခဲ့သည်။ " တာ့ပေါင် လိမ္မာတယ်လေ၊ တစ်ခုကို ယူလိုက်လေ ညီလေးလိုပဲ မြန်မြန်လေး တစ်ခုယူလိုက် "



သို့သော်လည်း တာ့ပေါင်က စာရွက်တွေကို ယူရမှာကို လုံး၀စိတ်မ၀င်စားချေ။ အမေဟန်က ပြောနေသော်လည်း တစ်ချက်မလှုပ်ဘဲ အိပ်ပျော်တော့မည့်ပုံစံ ဖြစ်နေခဲ့သည်။ 



စုယွဲ့လည်း ကြည့်နေကာ စိတ်မရှည်တော့ပေ။ ဒီကလေးက တကယ့်ကို ငပျင်းလေးလိုပဲ။ စပ်စုတာလည်းမရှိဘူး၊ တစ်ခါတစ်ခါကြ အမေတွေ၊ အဖေတွေတောင် ကြည့်ရင်း စိတ်မရှည်တော့ဘူး။ ဟန်ရှောင်ပေါင်လိုဆိုရင်လည်း ရူးမှာပဲ။ 



စုယွဲ့လည်း စိတ်ဆိုးကာ တာ့ပေါင် နှာခေါင်းလေးကို ညှစ်လိုက်ပြီး လက်ဆွဲပြီး ဘူးထဲသို့ ပြန်ထည့်ပေးလိုက်သည်။ " တစ်ခု ယူလိုက်နော်၊ မယူရင် မားမားက ဒိီည နို့မတိုက်ဘဲ နေမှာနော်။ ဖွားဖွားကလည်း ဗိုက်ဆာရင် ဘာမှမတိုက်ဘဲနေမှာနော်။ ကြောက်လား မကြောက်ဘူးလား။ စမ်းကြည့်လိုက်။ "



အမေဖြစ်သူ၏ ခြိမ်းခြောက်သံကြောင့်ပဲလား နို့စို့တယ်ဟူသော ရင်းနှီးနေသည့် စကားကြောင့်ပဲလားတော့မသိ တာ့ပေါင်က မျက်ခွံများကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကာ အမေဖြစ်သူကို ကြည့်ခဲ့သည်။ သားမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီးမှသာ တာ့ပေါင်က လက်ကိုလှုပ်ပြီး စာရွက်လေးတစ်ရွက်ကို ယူလိုက်သည်။ ထို့နောက် စုယွဲ့ထံ မြှောက်ပြနေသည့်ပုံက မသိလျှင် " တွေ့လား သားယူလိုက်ပြီ" ဟုပြောနေသည့်အတိုင်းပင်။ 



ထိုအခါမှသာ အမေဟန်က သက်ပြင်းချကာ တာ့ပေါင်၏ ပါးဖောင်းဖောင်းလေးတွေကို နမ်းလိုက်ပြီး ချီးမွမ်းပေးခဲ့သည်။ " ဖွားဖွားရဲ့ မြေးလေးက တော်လိုက်တာ "



စုယွဲ့လည်း ဆုချသည့်အနေဖြင့် နမ်းပေးလိုက်သည့်အခါ တာ့ပေါင်က သူ့တာ၀န်ပြီးသွား၍လားမသိ အမေဟန်၏ ရင်ခွင်ထဲသို့တိုးကာ မျက်လုံးများက်ို မှေးစင်းရင်း အိပ်ပျော်တော့မယ့်ဟန် ဖြစ်သွားပြန်သည်။ 



ယခုတစ်ခေါက်တွင်တော့ စုယွဲ့လည်း တားမနေတော့ချေ။ စာရွက်ကို ဖွင့်ကြည့်လိုက်ပြီး ဖတ်ကြည့်ပြီးနောက် ပြောပြလိုက်ပြန်သည်။ " တာ့ပေါင်ရဲ့ နာမည်ကိုလည်း ရွေးပြီးသွားပြီ။ သူ့နာမည်က ဟန်ကျောက်ပေါ်တဲ့ ။ အဓိပ္ပာယ်က ချမ်းသာပြီး ဉာဏ်ပညာရှိတာဆိုတော့ ကောင်းတဲ့နာမည်ပဲ။ "



ဤနည်းဖြင့် ကလေးနှစ်ယောက်၏ နာမည်များကို ဆုံးဖြတ်ပြီးသွားခဲ့သည်။ နာမည်များရပြီဖြစ်သဖြင့် မွေးစာရင်းလည်း လုပ်နိုင်ပြီဖြစ်သည်။



နာမည်များရွေးပြီးနောက်တစ်နေ့၌ စုယွဲ့လည်း မီးထွက်ပြီဖြစ်သည်။ 



အမေဟန်က တင်းကြပ်သူဖြစ်သည်။ မီးတွင်းအချိန်အပိုင်းအခြား၌ စုယွဲ့ကို လေထိမခံသလို ခေါင်းလည်းမလျှော်၊ ရေလည်းမချိုးခိုင်းပေ။ စုယွဲ့မှာ မနည်း အောင့်အီးပြီး သည်းခံခဲ့ရတာဖြစ်သည်။ တစ်ကိုယ်လုံး နံစော်နေကာ ဆံပင်များလည်း စေးကပ်နေခဲ့သည်။ အမေဟန်အိပ်တဲ့အချိန်ကိုစောင့်ပြီး ဟန်အိုက်ကောက သူမအား ရေပတ်တိုက်ပေး၍ အနည်းငယ် နေသာထိုင်သာရှိသော်လည်း စုယွဲ့က မကျေနပ်သေးပေ။ ယောက်ျားနှင့်သားများ နှာခေါင်းရှုံ့ကြမည်ကို စိုးရိမ်နေသည်။



ယခုတော့ ပွင့်ပွင့်လင်းလင်းနှင့် ရေချိုးလို့ရပြီဖြစ်သည်။ စုယွဲ့က ပျော်နေကာ ဟန်အိုက်ကောအား ရေပူ တစ်ဇလားအပြည့်ဖြည့်ခိုင်းကာ ခေါင်းလည်း စိတ်ကြိုက်လျှော်ပြီး အ၀တ်များပင်မချွတ်ဘဲ ရေ၀င်စိမ်ခဲ့သည်။ ရေနွေးနွေးလေးကို ထိလိုက်ရသည့်အတွက် တစ်ကိုယ်လုံး သက်သောင့်သက်သာဖြစ်သွားကာ အခုမှပဲ အသက်ရှင်နေသလို ခံစားရတော့တယ်လို့ တွေးမိသွားသည်။ 



အမျိုးသမီးတွေအတွက် မီးတွင်းအချိန်က အလွန်ဆိုးသည်။ စုယွဲ့မှာ သူမကိုယ်သူမ ရွှံ့တွေလူးနေသလို ခံစားနေခဲ့ရတာဖြစ်သည်။



ဟန်အိုက်ကောက စုယွဲ့ကို ရေချိုးသဘက်ဖြင့်တိုက်ပေးကာ ချေးချွတ်ပေးခဲ့သည်။ ချေးများက အဖက်လိုက်ကွာကျကာ အနက်ရောင် ချေးကြောင်းများပါ ထင်နေသည်။ အသားဖြူသည့် စုယွဲ့၏ အရေပြားပေါ်၌ ချေးကြောင်းများက အတော်လေး သိသာပေသည်။ 



သူမခန္ဓာက်ိုယ်မှ ချေးများတစ်လွှာချင်း ကွာကြနေသည်ကိုကြည့်ကာ စုယွဲ့ရှက်သွားမိသည်။ 



သူမ တကယ်ကို ညစ်ပတ်နေတာပဲ။ 



သို့ဖြစ်၍ ရေသန့်များက သူမကိုယ်မှ ချေးများကြောင့် တဖြည်းဖြည်းနောက်လာတော့သည်။ ရေအသစ်လဲပြီးမှသာ စုယွဲ့ရေကို စိတ်သန့်သန့်ချိုးလိုက်နိုင်သည်။ 



ရေချိုးပြီးမှသာ စုယွဲ့လည်း လန်းဆန်းသွားကာ ဟန်အိုက်ကောနှင့် စနောက်ခဲ့သည်။ " ဒီလောက် ချေးတွေအများကြီး ထွက်လာမှတော့ ရေချိုးပြီး ချေးချွတ်လိုက်လို့ ကျွန်မ ဘယ်နှစ်ပေါင်လောက် ကျသွားမယ်ထင်လဲ ။"



ဟန်အိုက်ကောက အ၀တ်များအောက်မှ နေရာတစ်ချို့ကို အကြည့်မလွဲဘဲ ကြည့်နေကာ အကြည့်များက နက်နဲနေပြီး အဖြေလည်းပြန်မပေးချေ။ 



ကလေးနှစ်ယောက်အိပ်သွားမှ ဟန်အိုက်ကောက စုယွဲ့ကို သူ့အောက်တွင်ဖိလိုက်ကာ သူမကို စိုက်ကြည့်နေရင်း တိုးတိုးလေး ပြောခဲ့သည်။ " ကိုယ်လည်း မပြောတက်ဘူး။ ဘယ်လောက်ပိန်သွားလဲဆိုတာကို တိုင်းကြည့်မှသိမှာပေါ့။ "



စုယွဲ့ - .... အခြေအနေတွေက နည်းနည်းလွဲသွားသလိုပဲ။ 



သို့သော်လည်း စုယွဲ့ သဘောပေါက်ချိန်က နောက်ကျသွားပြီပင်။ မျက်ထောင့်များရဲနေသော ထိုလူ၏ အောက်တွင် အဖိခံထားရကာ မလှုပ်နိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်ကို အတွင်းရောအပြင်ရော တိုင်းတာခြင်း ခံလိုက်ရသည်။



ထိုညက စုယွဲ့မှာ သူမ နောက်တစ်နေ့ နေထွက်တာတောင် မမြင်နိုင်လောက်တော့ဘူးလို့ တွေးမိသွားသည်။  ကံကောင်းချင်တော့ ကလေးနှစ်ယောက်က ညလယ်တွင် နို့ဆာကာ အော်ငိုကြသဖြင့် သနားစရာမိခင်ဖြစ်သူအား မိစ္ဆာဖခင်ကြီးထံမှ ကယ်တင်လိုက်နိုင်သည်။ ထိုအခါမှသာ မိစ္ဆာဖခင်ကြီးက နို့တိုက်ဖို့အတွက် အမေဖြစ်သူကို လွှတ်ပေးခဲ့သည်။ 



ပထမဆုံးအနေဖြင့် စုယွဲ့ ကလေးနှစ်ယောက်ကို ကျေးဇူးတင်မိသည်။ ကျေးဇူးတင်သည့်အနေဖြင့် တုန်တုန်ယင်ယင်ချီထားရင်းဖြင့် သားနှစ်ယောက်ကို  အနမ်းများခြွေလိုက်သည်။ 


_ _ _ _ 


မီးထွက်ပြီးမှသာ စုယွဲ့က ကလေးတွေကို အိမ်မှာ တစ်လပြည့်မွေးနေ့ပွဲလေးလုပ်ပေးမယ်လို့ စဥ်းစားထားခဲ့သည်။ တကယ့်တကယ်ကြ တစ်လပြည့်တော့ မဟုတ်တော့ပေ။ နောင်တစ်ချိန်လို မလုပ်နိုင်သော်လည်း မိတ်ဆွေအချို့ကိုဖိတ်ကာ အိမ်၌ထမင်းဖိတ်ကျွေးရုံသာရှိပြီး ကလေးတွေကို လာကြည့်ပေးကြသဖြင့် ကျေးဇူးတင်ကြောင်းပြောရုံလောက်သာ လုပ်နိုင်ပေမည်။



စုယွဲ့ လူအများကြီးကို မဖိတ်ဘဲ ရွှီးချန်တို့မိသားစု၊ မာချွေ့ယွင်တို့ မိသားစုနှင့် ဟန်အိုက်ကောနှင့် ရင်းနှီးသည့် ရဲဘော်နှစ်ယောက်ကိုသာ ဖိတ်လိုက်သည်။ ကလေးမီးဖွားစဥ်ကလည်း သူတို့က လက်ဆောင်တွေ ပေးထားကြသည်။ 



တာ၀န်မှ ပြန်လာသောအခါ ဖုန်းကျွင်းဝေလည်း မိသားစုနှစ်စုကြားမှ အချင်းပွားမှုများကို အဖွားဖုန်းဆီမှ ပြန်ကြားထားခဲ့သည်။ ဖန်းရှောင်းလီကြောင့် ဖြစ်တယ်ထင်လို့ နှစ်ယောက်သား အကြိမ်အနည်းငယ် ရန်ဖြစ်ကြသေးသည်။ သို့ဖြစ်၍ ဟန်အိုက်ကောတို့အိမ်သို့ တစ်လပြည့်ပွဲကိုလာသည့်အခါ ဖန်းရှောင်းလီကို မခေါ်ဘဲ တစ်ယောက်တည်းလာသည်။ 



စုယွဲ့က ဟန်အိုက်ကောကို ရက်ကြိုကာ အစားအသောက်များ ၀ယ်ခိုင်းထားခဲ့သည်။ အသားအပြင် ကြက်သားကိုလည်း၀ယ်ထားကာ ဧည့်သည်တွေအတွက် ဖွယ်ဖွယ်ရာရာ ကိုယ်တိုင်ချင်ပေးသည့်အပြင် မုန့်တွေလည်း ပြင်ဆင်ကာ ထုပ်ပိုးထားပြီး အိမ်ပြန်လျှင် တစ်ယောက်တစ်ထုပ်ကြစီ ပေးလိုက်မယ်လို့ စဥ်းစားထားသည်။ ကလေးတွေရဲ့ တစ်လပြည့်သို့ လာခဲ့ပေးသည့်အတွက် လက်ဆောင်လို့ ပြောနိုင်သည်။ 



စုယွဲ့ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေစဥ် ရွှီးချန်က လာကူညီပေးရင်း တိုးတိုးလေး ပြောပြခဲ့သည်။ " အစ်မ ပြောမယ်။ ညီမရဲ့ ဟန်အိုက်ကောတော့ ရာထူးတိုးတော့မယ်ထင်တယ်။ "