အပိုင်း ၇၆
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၆ - ရာထူးတိုးခြင်း၊ ကိတ်မုန့်ပြန်လုပ်ခြင်း





စုယွဲ့က လက်ထဲမှ မီးဖိုချောင်သုံးဓားကို ချလိုက်ကာ အနောက်တွင် ဘယ်သူမှမရှိသည်ကို သေချာအောင်လုပ်လိုက်သည်။ ထို့နောက်မှ ၀မ်းသာနေသည့်ဟန်ဖြင့် ရွှီးချန်ကို ကပ်မေးခဲ့သည်။ " ရာထူးတိုးမှာ? တကယ်ကြီးလား? " 



ရွှီးချန်က ခေါင်းညိတ်ပြကာ နှစ်ကိုယ်ကြားသာ ကြားနိုင်သောအသံဖြင့် ပြောပြခဲ့သည်။ " လောင်ယွီပြောတာတော့ ညီမတို့အိမ်က ဟန်အိုက်ကောက ဒီတစ်ခေါက် စွမ်းဆောင်တာကောင်းတာမို့လို့ တတိယအဆင့်အထိ ရာထူးတိုးပေးမှာတဲ့။ အရင်တစ်ခေါက်ကလည်း အားလုံးအတွက် အနစ်နာခံပေးလိုက်လို့ ခြေထောက် ထိခိုက်သွားတာမလား။ ဒီတစ်ခေါက် တပ်မတော်က အထူးတပ်ရင်းတစ်ဖွဲ့လောက် ဖွဲ့စည်းချင်နေပြီး အရေးကြီးတာမို့လို့ ထူးချွန်တဲ့ တပ်ရင်းမှုး ဒါမှမဟုတ် တပ်ခွဲမှုးကို လိုနေတာတဲ့။ တပ်ရင်းအသစ်အတွက် ခေါင်းဆောင်ခန့်မလို့လေ။ အစ်မလည်း သေချာတော့ မသိပေမယ့် အဆင့်ဆင့် အကဲဖြတ်ပြီးနောက်မှာ စုယွဲ့တို့ရဲ့ ဟန်အိုက်ကောကို တပ်ရင်းမှူးခေါင်းဆောင်အဖြစ်နဲ့ ရွေးလိုက်တာတဲ့။ "



တပ်ရင်းမှုးလား? ပြောရရင် ဟန်အိုက်ကောက တပ်ခွဲမှူးကနေ တပ်ရင်းမှူးအဖြစ် ရာထူးတိုးသွားပြီး ဘေးအိမ်က ဖုန်းကျွင်းဝေနဲ့ ရာထူးတူတူပဲ ဖြစ်သွားမှာပဲ။



စုယွဲ့ မျက်၀န်းလေးတွေက အရောင်တောက်လာကာ ပျော်သွားခဲ့သည်။ ရွှီးချန်ပြောတာဆိုတော့ အမှန်ဖြစ်လောက်သည်။ ဟန်အိုက်ကောက တကယ်ရာထူးတိုးတော့မှာ ထင်တယ်။



စုယွဲ့၏ ပျော်နေသော အမူအရာကိုကြည့်ကာ ရွှီးချန်က သူမအား ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။ " ကောင်းပြီ ပျော်တာတော့ ပျော်ပေါ့။ အရမ်း မသိသာစေနဲ့ဦး။ စာကကျမလာသေးဘူး။ ညီမဘပျော်ရအောင် အစ်မက ကြိုပြောပြတာ " 



" ဟုတ် ဟုတ်၊ ညီမ သိပါတယ်။ ကျေးဇူးပါ အစ်မ။ ညီမ တကယ်ပျော်သွားတာ။ " စုယွဲ့က ပျော်ရွှင်နေသည့် စိတ်ကိုချိုးနှိမ်ကာ ဧည့်သည်များ မပြန်ခင်အထိ မူမပျက်နေလိုက်သည်။ ပြန်သွားကြမှ အရက်သောက်ထားတဲ့ ဟန်အိုက်ကောကို အခန်းထဲဆွဲသွင်းပြီး ရင်ခွင်ထဲပစ်၀င်ကာ အန်းများခြွေလိုက်မိသည်။ " ရဲဘော် ဟန်အိုက်ကော သတင်းကောင်းပြောပြမယ် ရှင်ရာထူးတိုးတော့မှာတဲ့" 



ဟန်အိုက်ကောက စုယွဲ့အား ပြန်ဖက်ထားကာ မျက်ခုံးပင့်ပြီး ပြန်မေးခဲ့သည်။ " မင်း သိသွားပြီလား "



" ဟမ်? " စုယွဲ့က အံ့သြသွားခဲ့သည်။ " ရှင်လည်း သိတာလား "



ဟန်အိုက်ကောက ပြုံးကာ ခေါင်းညိတ်ပြခဲ့သည်။ " ဒီမနက်တုန်းက ကိုယ့်ကိုပြောတယ်လေ "



စုယွဲ့ ဟန်အိုက်ကော လည်ပင်းကိုဖက်လိုက်သည်။ အစကတော့ သူ မသိသေးဘူးထင်ပြီး အံ့သြသွားအောင် လုပ်ချင်တာဖြစ်သော်လည်း ဘာမှမသိသူက သူမ ဖြစ်နေသည်။ ဘယ်လိုပင်ပြောပြော သူမ ပျော်သည်။ ဟန်အိုက်ကောက ဘယ်လောက်တောင် သူ့အလုပ်အပေါ် ဂရုတစိုက်ရှိကာ တာ၀န်ယူတက်ပြီး ကြိုးစားသလဲ ဆိုသည်ကို သူမ အသိဆုံးဖြစ်ပြီး ဟန်အိုက်ကော ကြိုးစားထားသည့်အတိုင်း ရလဒ်ကောင်းများ ထွက်လာတာဖြစ်၍ စုယွဲ့ မှာ ၀မ်းသာလွန်းသဖြင့် ဘာလုပ်ရမည်ကိုပင် မသိတော့ချေ။ 



ဟန်အိုက်ကော နှုတ်ခမ်းများကို စုယွဲ့ အနမ်းထပ်ခြွေလိုက်မိသည်။ " ချက်ပြုတ်နေတုန်းက အစ်မရွှီးချန် ပြောပြတာ။ သူမလည်း သေချာမသိတော့ သိတာကိုပဲ ပြောသွားတာ၊ အဲ့တော့ ဘယ်လိုဖြစ်တာလဲ သေချာပြောပြဦး၊ ကျွန်မ သိချင်တယ်။ "



ဟန်အိုက်ကောက စုယွဲ့ကို ရင်ခွင်ထဲ ဖက်ထားလျက် ထိုင်ချလိုက်ကာ ပြန်ပြောပြခဲ့သည်။ " ဒီတစ်ခေါက် တပ်ရင်းအသစ်တစ်ခု ဖွဲ့စည်းမှာလေ၊ တပ်ရင်းထဲကို ၀င်ဖို့အတွက် ရှိတဲ့တပ်တွေထဲကနေ စစ်သားတွေကို ပြန်ရွေးထုတ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်နည်းအသစ်တွေနဲ့ လေ့ကျင့်ပေးရမှာ။ လေ့ကျင့်ပြီးရင် အန္တရာယ်များတဲ့ အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာ ပါ၀င်ခိုင်းမှာ။ "



" အထူးတပ်ဖွဲ့နဲ့ အတူတူပဲလား " ထိုသို့ကြားသောအခါ စုယွဲ့တွေးမိသည်က မျက်မှောက်ခေတ် ပြည်သူ့လွတ်လပ်ရေး အထူးတပ်ဖွဲ့ဌာနကိုဖြစ်သဖြင့် ထုတ်မေးလိုက်မိတာဖြစ်သည်။ 



စုယွဲ့ အထူးတပ်ဖွဲ့အကြောင်း သိနေတာကို ဟန်အိုက်ကော အံ့သြသွားမိသည်။ ဒါပေမယ့်လည်း စုယွဲ့က ထူးခြားတဲ့မိန်းကလေးဆိုတာကို သူအမြဲသိနေခဲ့တာပဲမလား။ သူ့ထက် ပိုဗဟုသုတရှိသူဖြစ်သဖြင့် အထူးတပ်ဖွဲ့အကြောင်း သိနေသည်က ပုံမှန်ပင်။ 



သို့ဖြစ်၍ ဟန်အိုက်ကော ခေါင်းညိတ်ပြပြီး ဆက်ပြောပြလိုက်သည်။ " တိုက်ရိုက်တော့မဟုတ်ပေမယ့် အဲ့လိုသဘောပဲ။ အထူးနည်းလမ်းတွေကိုသုံး လေ့ကျင့်ပေးပြီး ရလဒ်ကောင်းရင် အနာဂတ်ကြ အထူးတပ်ဖွဲ့ ဖွဲ့ဖြစ်လောက်တယ် "



စုယွဲ့ နားလည်သွားကာ ထပ်မေးလိုက်သည်။ " ရှင်လုပ်ခဲ့တာတွေအတွက် တပ်ရင်းအသစ်ရဲ့ တပ်ရင်းမှုးအဖြစ် ရာထူးတိုးသွားတာလား။ " စုယွဲ့ စိတ်ထဲ၌ မတင်မကျဖြစ်နေခဲ့သည်။ ဟန်အိုက်ကောက တာ၀န်ထမ်းဆောင်ခဲ့သလို အခြားသူများလည်း တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်၍ ထိုတစ်ချက်တည်းနဲ့တော့ အရွေးခံရခြင်း မဖြစ်နိုင်ပေ။ ၄င်းအပြင် တပ်ဖွဲ့အသစ်၏ ခေါင်းဆောင်ရာထူးက အတော်လေးမြင့်သဖြင့် ထိုနေရာကိုလိုချင်နေသောသူများလည်း ရှိလောက်ကာ ဟန်အိုက်ကောဖြစ်လာဖို့ လွယ်မည်မဟုတ်ပေ။



ဟန်အိုက်ကောက စုယွဲ့ကို ဖုံးကွယ်မထားဘဲ ရှင်းပြခြသည်။ " ဒီတစ်ခေါက် စွမ်းဆောင်ခဲ့တာကြောင့်ချည်းပဲတော့ မဟုတ်ဘူး။ အခြားအကြောင်းတွေလည်း ရှိသေးတယ်။ ဒီတစ်ခေါက်ကိစ္စအပြင် အရင်တုန်းကလည်း ကိုယ်က အထူးလေ့ကျင့်ရေးမှာ ပါ၀င်ခဲ့ဖူးတော့ အတွေ့အကြုံရှိတယ်လေ။ နောက်ပြီးကို အထူးလေ့ကျင့်ရေးတွေကို လေ့လာခဲ့ဖူးပြီး အဲ့အကြောင်းကို စာတမ်းလည်းရေးဖူးတော့ ကျင်းတောက် တပ်လိုအပ်နေတာနဲ့ ကွက်တိဖြစ်သွားတာ။ " 



ထိုနှစ်ချက်အပြင် ခေါင်းဆောင်ယွီကြောင့်လည်း ဖြစ်နိုင်သည်ကိုတော့ ဟန်အိုက်ကော ထုတ်မပြောဖြစ်ချေ။ ခေါင်းဆောင်ယွီကို ကယ်ပေးခဲ့သဖြင့် ခေါင်းဆောင်ယွီက နောက်ကွယ်မှ လှုပ်ရှားပေးခဲ့၍သာ ဤအခွင့်အရေးကို သူရခဲ့တာလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ခန့်မှန်းချက်များသာဖြစ်ပြီး ဘယ်လိုစိစစ်ရွေးချယ်ခဲ့သည်ကိုတော့ သေချာမသိသဖြင့် ဟန်အိုက်ကောလည်း အထူးတလည် မသိချင်တော့ပေ။ 



သူလုပ်နိုင်သည်က သူ့ခံယူချက်အတိုင်း လိုက်နာကာ ကြိုးစားနိုင်သမျှကြိုးစားပြီး သူ့စွမ်းရည်များကို အကောင်းဆုံးချပြခြင်းသာဖြစ်သည်။ အထက်မှ သူ့ကိုယုံကြည်တယ်ဆို သူကလည်း စစ်သားတွေကို သေချာလေ့ကျင့်ပေးပြီး တပ်ဖွဲ့စစ်စစ်တစ်ခုအဖြစ် ဖန်တီးပေးကာ ဓားမြှောင်ဟူသည့်နာမည်အတိုင်း အဖွဲ့ရဲ့စွမ်းအားများကို ပြသပေးနိုင်အောင် ကြိုးစားပေးမည်ဖြစ်သည်။



စုယွဲ့က တုံးအသူမဟုတ်သဖြင့် နောက်ကွယ်မှာ အကြောင်းအရင်းများစွာရှိမည်ကို သဘောပေါက်သည်။ သူမ တက်နိုင်တာလည်း အများကြီးမရှိတာကြောင့် ယောက်ျားဖြစ်သူကိုသာ နောက်ကွယ်မှ ကောင်းကောင်းဆိုးဆိုး အားပေးနေမည်ဖြစ်သည်။ 



ထို့ကြောင့် စုယွဲ့ ထပ်မမေးတော့ဘဲ ဟန်အိုက်ကော လည်ပင်းကိုဖက်ကာ ချီးကျုးပေးလိုက်သည်။ " ယောက်ျား ရှင်က တော်လိုက်တာ၊ အတော်ဆုံးပဲ။ ဒီရလဒ်က တိုက်ဆိုင်လို့မဟုတ်ဘဲ ရှင်နဲ့ထိုက်တန်လို့ ရတယ်ဆိုတာကို ကျွန်မသိတယ်။ "



ဟန်အိုက်ကောက နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော တာ၀န်များကို ထမ်းဆောင်ခဲ့ကာ ထိပ်တန်းအဆင့်အရည်အချင်းလည်းရှိပြီး အထူးလေ့ကျင့်ရေး၌လည်း ပါ၀င်ခဲ့ဖူးသည်။ အထူးလေ့ကျင့်သင်ကြားရေးကိုလည်း လေ့လာဖူးပြီး တပ်သားများကိုလည်း ဦးဆောင်နိုင်သည်။ ဘယ်သူပဲကြည့်ကြည့် ဟန်အိုက်ကောကသာ အသင့်တော်ဆုံးလူဖြစ်သည်။ သို့ဖြစ်၍ ရွေးချယ်ခံရခြင်းက ကံကောင်းမှုကြောင့် မဟုတ်ဘဲ ထိုလူရဲ့ အင်အားကြောင့်သာ ပိုင်ဆိုင်ခဲ့တာလို့ စုယွဲ့ ယုံကြည်သည်။ 



ဇနီးဖြစ်သူက လေးစားယုံကြည်တဲ့ အကြည့်နဲ့ အကြည့်ခံနေရတာကို ဟန်အိုက်ကောအပါအ၀င် သည်းခံနိုင်သူ ယောက်ျားဟူသည်မရှိနိုင်ချေ။ ဟန်အိုက်ကောက ဇနီးချောလေးကို မျိုချပစ်ချင်နေပြီဖြစ်ကာ တကယ်လည်း အတွေးအတိုင်း လိုက်လုပ်ခဲ့သည်။ ထိုညက ဟန်အိုက်ကောက စုယွဲ့ကို ဖိထားရင်း သူမ၏ နားနားသို့ကပ်ကာ " ကျေးဇူးပါ ယွဲ့ယွဲ့ " ဟူ၍ တိုးတိုးလေး ပြောခဲ့သေးသည်။ 



ကိုယ့်အတွက် လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။


_ _ _ _ 


နှစ်ရက်ကြာပြီးနောက်တွင် စစ်တပ်မှ တရား၀င်စာထုတ်ကာ ဟန်အိုက်ကောကို ကျင်းတောက် တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် တရား၀င် ရာထူးတိုးပေးလိုက်သည်။ 



ရာထူးတိုးပြီးနောက် ပထမဆုံးလုပ်ရမည့်အလုပ်မှာ ဓားမြှောင်တပ်ဖွဲ့အတွက် တပ်သားများစုဆောင်းရန်ဖြစ်သည်။ ဟန်အိုက်ကောက ထိုကိစ္စအား အထူးတလည် အာရုံစိုက်ကာ လူတော်များထဲမှ တကယ်တော်သူကို ရွေးထုတ်ချင်တာဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီးရွေးချယ်ဖို့ လိုအပ်သည်။ တစ်နည်းအားဖြင့် ထိုသို့လုပ်ဖို့ ဟန်အိုက်ကောက အိမ်မှ ထွက်သွားရဦးမည်ဖြစ်သည်။



ကလေးနှစ်ယောက်က ငယ်သေးသဖြင့် ဟန်အိုက်ကောက စုယွဲ့နှင့်သားနှစ်ယောက်ကို စိတ်မချပေ။



စုယွဲ့က ပြုံးလျက် ဟန်အိုက်ကောအတွက် ထုပ်ပ်ိုးပေးနေခဲ့သည်။ " အခုက လူရွေးဖို့ သွားတာလေးပဲဟာ၊ အန္တရာယ်ရှိတဲ့နေရာလည်း မဟုတ်ဘဲနဲ့။ မကြာခင်ပြန်လာမှာပဲ။ ဘာတွေ စိတ်မချဖြစ်နေတာလဲ။ ပြီးတော့ အိမ်မှာ အမေလည်းရှိတာပဲဟာ။ ကျွန်မတို့က အဆင်ပြေပါတယ်။ ဘာမှ စိတ်ပူမနေနဲ့။ ဟုတ်တယ်မလား တာ့ပေါင်နဲ့ ရှောင်ပေါင်။ "



အမေဖြစ်သူထံမှ အခေါ်ခံလိုက်ရသည့် တာ့ပေါင်နဲ့ ရှောင်ပေါင်၌ မတူညီသော တုံ့ပြန်ချက်များရရှိသည်။ အမေဖြစ်သူက သူ့ကိုစကားပြောသောအခါ ရှောင်ပေါင်က တခစ်ခစ်ရယ်နေကာ လက်လေး ခြေထောက်လေးတွေကို မြှောက်ပြီးလှုပ်ရွနေသောကြောင့် ယက်ကန်ယက်ကန် လိပ်ကလေးလို ဖြစ်နေသည်။ တာ့ပေါင်ကတော့ ဘာလုပ်နေမှန်းကို မသိနိုင်ပေ။ သူ့ကိုစကားပြောနေသော အမေကို သာမန်လိုပင်  အကြည့်ပြန်ပေးကာ အတွေးများနေပြန်သည်။ ဒီအတွေးအခေါ်ပညာရှင်ပေါက်စလေးက တစ်နေ့တစ်နေ့ ဘာတွေတွေးနေလဲ စုယွဲ့ လုံး၀နားမလည်နိုင်ချေ။



အရင်တုန်းက စုယွဲ့မှားပြီး ထင်ခဲ့တာဖြစ်လောက်သည်။ ကိုယ်၀န်ဆောင်နေစဥ်က ဗိုက်ထဲက ကလေးနှစ်ယောက်က သူမဗိုက်ကို ကန်နေကြတာလို့ ထင်ခဲ့သော်လည်း ယခုတော့ ရှောင်ပေါင်တစ်ယောက်တည်း ကန်နေခဲ့တာဖြစ်လောက်တယ်လို့ ထင်မိသည်။ တာ့ပေါင်က လှုပ်ရမှာတောင် ပျင်းနေတာ အဲ့လို လုပ်မယ့်ကလေးမဟုတ်လောက်ပေ။



တာ့ပေါင်က ငြိမ်လွန်းနေသဖြင့် စုယွဲ့ အကြံဆိုးလေးတစ်ခုရသွားသည်။ တာ့ပေါင်၏ အင်္ကျီကိုလှန်ကာ ဖြူဖွေးဖွေး နူးနူးအိအိ ဗိုက်ဖောင်းဖောင်းလေးက်ို တစ်ဘူးဘူး မှုတ်လိုက်သည့်အခါမှသာ တာ့ပေါင်က ညီဖြစ်သူလိုပင် လက်ကားယားခြေကားယားလေးဖြင့် တစ်ခစ်ခစ် ထရယ်ခဲ့သည်။



စုယွဲ့လည်း သဘောကျသွားကာ ရယ်လိုက်မိသည်။ ရှောင်ပေါင်က အမေဖြစ်သူ၏ ရယ်သံကြောင့် ပျော်သွားကာ လက်လေးတွေ မြှောက်ပြီး လိုက်ရယ်သဖြင့် တာ့ပေါင်ကို ရိုက်မိတော့မလိုဖြစ်သွားသောကြောင့် စုယွဲ့ ကလေးနှစ်ယောက်ကို နည်းနည်းလေးခွဲပေးလိုက်ရသည်။



သားမိတစ်တွေ ရယ်မောကာ စနောက်နေသည်ကို ကြည့်နေရင်း သူမရှိရင်လည်း ဒီသားအမိတွေ ပျော်ပျော်နေနိုင်လောက်ပါတယ်လို့တွေးကာ ဟန်အိုက်ကောက သိပ်စိတ်မပူတော့ပေ။ 



နောက်တစ်နေ့ ဟန်အိုက်ကော ထွက်သွားရမည့်နေ့တွင် စုယွဲ့ အိပ်ရာမှ အစောကြီးထလိုက်သည်။ ကလေးတွေက မနိုးသေးပေ။ ဟန်အိုက်ကောနဲ့အတူ မနက်စာစားကာ ဂိတ်၀ထိလိုက်ပို့ပေးပြီး ထွက်သွားသည်ကို တံခါးမှနေ ရပ်ကြည့်နေခဲ့သည်။ ယခင်တစ်ခေါက် တာ၀န်ထမ်းဆောင်ရန် ထွက်သွားစဥ်ကလိုပင် ဖြစ်သည်။



အနာဂတ်ကြရင်လည်း ဟန်အိုက်ကော ထွက်သွားတိုင်း ဒီလိုရပ်ကြည့်နေနိုင်ကာ ပြန်လာသည်ကိုလည်း ကြိုဆိုနိုင်ဖို့ကို သူမ မျှော်လင့်မိသည်။



ဟန်အိုက်ကော သူမမြင်ကွင်းထဲ မရှိတော့မှ စုယွဲ့ အိမ်သို့အမြန်ပြန်၀င်သွားမိသည်။ ကလေးနှစ်ယောက်က နိုးနေလောက်ပြီဖြစ်သဖြင့် သူမကိုမမြင်ပါက ငိိုယိုနေကြဦးမည်ပင်။ အထူးသဖြင့် ငမွှေထိုးလေး ရှောင်ပေါင်ပင်။



စုယွဲ့ အိမ်သို့ အလျင်စလိုပြန်လာသဖြင့် လှေကားအတက်တွင် လူတစ်ယောက်နှင့် တိုက်မိခဲ့သည်။ ခေါင်းငုံ့ထားသဖြင့် တစ်ဖက်လူကို မမြင်သောကြောင့် စုယွဲ့က အရင် တောင်းပန်ခဲ့သည်။ " တောင်းပန်ပါတယ် အဆင်ပြေရဲ့လား " 



တောင်းပန်ပြီးခါမှ မော့ကြည့်လိုက်သောအခါ တစ်ဖက်လူက ဘေးအိမ်မှ ဖန်းရှောင်းလီဖြစ်သည်ကို သိလိုက်ရသည်။ မနက်စောစောစီးစီး ဒီမိန်းမနှင့်မှ တိုက်မိရတယ်လို့၊ သူမ ကံမကောင်းနေတာပဲ ဖြစ်ရမယ်။ 



ဖန်းရှောင်းလီကလည်း စုယွဲ့ကို မြင်တဲ့အခါ ပြောခဲ့သည်။" လမ်လျှောက်တာ မျက်လုံးမပါလာဘူးလား၊ ကန်းနေတာလား ။ " 



စုယွဲ့လည်း ထိုမိန်းမ၏ သဘောထားကိုသ်ိနေသဖြင့် ယဥ်ကျေးနေလည်း အသုံးမ၀င်ဘူးဆိုသည်ကို သိကာ ထပ်မတောင်းပန်ဖြစ်တော့ချေ။ " ကျွန်မမှာ မပါလည်း ရှင့်မှာတော့ ပါတယ်မလား။ နှစ်ယောက်လုံးတိုက်မိတာပဲလေ၊ အဲ့ဘက်ကလည်း ကန်းနေတာလား။ "



ဖန်းရှောင်းလီ မျက်လုံးတွေက မီးတောက်လာတော့သည်။ စုယွဲ့ကို ရိုက်ပစ်လိုက်ချင်နေပြီ။ ဒီမိန်းမက ပိုပိုပြီး မောက်မာလာပြီး သူမကိုတောင် မျက်လုံးထဲ မထည့်ချင်တော့ဘူး။ သူ့ယောက်ျားက ရာထူးတိုးသွားလည်း တောသူမက တောသူမပဲလေ။ ရာထူးတိုးရင်တောင် တောသားတစ်ယောက်ထက် မပိုတဲ့ဟာကို ကိုယ့်ကိုယ်ကို အဆင့်မီသွားပြီထင်နေတာလား မသိဘူး။

 ဒီလိုလူမျိုးနဲ့ စကားပြောရတာ အဖက်ကိုမတန်ဘူး ။ 



ဖန်းရှောင်းလီက သူမ အင်္ကျီကို ပြန်ပြင်ကာ စုယွဲ့ကို အထင်သေးသလိုကြည့်ခဲ့သည်။ စုယွဲ့အား မြေကြီးပေါ်မှ မစင်ကဲ့သို့ကို ကြည့်သွားကာ ဖြတ်သွားရင်းဖြင့်လည်း အကျယ်ကြီးအော်ပြောသွားသေးသည်။ " တစ်ချို့လူတွေများ ဘ၀င်လေဟပ်နေလိုက်တာ။ ကိုယ့်ကိုယ်ကို ဘာထင်နေလဲ မသိဘူး။ သူ့ကိုယ်သူ တော်လှတက်လှပြီထင်နေတာ၊ တောသားက တောသားပဲဟာက်ို။ "



ပြောပြီးနောက်တွင် ဒေါက်ဖိနပ်သံ တဂွက်ဂွက်ပေးကာ ထွက်သွားတော့သည်။ 



နင်ကမှ ပေါက်စီဟဲ့။ ငါ့မျက်လုံးထဲမှာတော့ နင်ကမှ မြေကြီးပေါ်ကလူပဲ။



ထိုမိန်းမက ဦးနှောက်မမှန်တော့ဘူးလို့ စုယွဲ့ထင်သည်။ အိမ်၌ နို့တိုက်ရဦးမည့် ကလေးနှစ်ယောက်သာ ရှိမနေပါက စုယွဲ့ ထိုမိန်းမကိုပြန်ဆွဲထားကာ နင်ကမှ မြေကြီးထဲက မထွက်တဲ့လူဟု ပြန်ပြောပစ်မိလောက်သည်။ တမင်တကာ ကောက်ထားတဲ့ ဆံပင်တွေကြောင့် စေ့စေ့တောင် မကြည့်ရဲဘူး။ မိတ်ကပ်ကလည်း လိမ်းထားတာ ဘောက်ဖက်ကြီးလိုပဲ၊ နှုတ်ခမ်းကလည်း နိီရဲနေအောင် ဆိုးထားသေးတယ်။ သူမကိုယ်သူမ လှတယ်ထင်နေလား မသိဘူး။ 



ထိုမိန်းမ၏ ဘ၀င်နေမှုက ဘာအကြောင်းကြောင့်မှန်းကို စုယွဲ့ နားမလည်နိုင်တော့ချေ။ 



ထိုအချိန်တွင် မာချွေ့ယွင်ကလည်း အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ " ညီမနဲ့ ဖန်းရှောင်းလီရဲ့ အသံကြားလိုက်လို့၊ ရန်ဖြစ်နေကြတာလား "



စုယွဲ့ ပြန်ပြောပစ်ချင်သည့် စိတ်များကို မျိုသိပ်ရင်း မာချွေ့ယွင်ကို ပြန်ဖြေပေးလိုက်သည်။ " ရန်ဖြစ်တာမဟုတ်ပါဘူး။ သူမကြည့်ကိုယ်မကြည့်နဲ့ တိုက်မိကြတာလေ။ ဘာတွေပြောသွားမှန်းလည်း မသိဘူး။ ကျွန်မကိုလည်း ပေါက်စီတဲ့။ ရူးနေတာလား မသိတော့ဘူး။ " 



" ရူးနေပဲနေမှာပေါ့ ဂရုစိုက်မနေနဲ့ " မာချွေ့ယွင်က နှာမှုတ်ကာ ပြောခဲ့သည်။ " ဒေါသထွက်နေရှာမှာပေါ့။ ညီမကို အမြင်ကြည်နေတာကမှ ထူးဆန်းဦးမယ်။ အဲ့ဒါကြောင့် ထူးထူးဆန်းဆန်းတွေ ပြောသွားတာနေမှာ၊ စိတ်ထဲထည့်မနေနဲ့။ "



" ဘာကို ဒေါသထွက်နေတာလဲ။ ညီမက အိမ်မှာပဲ ကလေးတွေနဲ့ လုံးပန်းနေတဲ့ဟာ၊ သူ့လည်း ရန်မစမိပါဘူး။" စုယွဲ့ နားမလည်နိုင်ပေ။



စုယွဲ့ နားမလည်တာကြောင့် မာချွေ့ယွင်က ရယ်ပြီးရှင်းပြခဲ့သည်။ " ဒီတစ်ခေါက် ဟန်အိုက်ကောက ရာထူးတိုးသွားတယ်လေ။ အိမ်ကလူပြောနေတာကြားတာတော့ တပ်ဖွဲ့အသစ်က အရမ်းအရေးကြီးတယ်တဲ့။ ဖန်းရှောင်းလီရဲ့ယောက်ျား တပ်ရင်းမှူးဖုန်းအပါအ၀င် တပ်ဖွဲ့အသစ်ရဲ့ခေါင်းဆောင်ဖြစ်ချင်နေကြတဲ့ လူတွေက အများကြီးပဲတဲ့လေ။ အဲ့ဒါကို ဟန်အိုက်ကော လက်ထဲရောက်သွားတော့ ဒေါသမထွက်ဘဲ နေပါ့မလား။ အရင်က တပ်ရင်းမှူးဖုန်းက ဟန်အိုက်ကောထက် တစ်ဆင့်မြင့်ပေမယ့် အခုတော့ တန်းတူဖြစ်သွားပြီ။ ဖန်းရှောင်းလီက ညီမကို အမြင်ကြည်နေပါ့မလား၊ သတ်တောင် သတ်ချင်နေမလားမသိဘူး။ "



ထိုအခါမှ စုယွဲ့ သဘောပေါက်သွားတော့သည်။ " အဲ့လိုသာဆို ခုနကလို ပြောသွားတာက မထူးဆန်းတော့ဘူး။ ညီမကို ဘ၀င်လေဟပ်နေတယ်ဘာညာနဲ့ ပြောသွားတာ ဒါကြောင့်ပဲနေမှာ။ "



" အဲ့ဒါကြောင့်ပဲ မဟုတ်ဘူး " မာချွေ့ယွင်က အနိုင်ရသွားသည့်ဟန်ဖြင့် ဖန်းရှောင်းလီကို လှောင်ခဲ့သည်။ " ရန်ဖြစ်ကြတုန်းက သူပြောခဲ့တာလေ။ ဟန်အိုက်ကောက တပ်ခွဲမှူးလေးပဲမို့လို့ ညီမတို့မိသားစုကို ရွာပြန်ရအောင် လုပ်ပစ်မယ်လို့။ တကယ်တမ်းကြ ရွာမပြန်ရတဲ့အပြင် သူ့ယောက်ျားနဲ့ တန်းတူဖြစ်အောင် ရာထူးတိုးသွားပြီး သူ့ယောက်ျားထက်တောင် အလားအလာကောင်းနေတော့ ရှက်ရမ်းရမ်းနေမှာပေါ့။ ကိုယ့်ရှုးကိုယ်ပက်တာလေ! "



ဖန်းရှောင်းလီ ထိုစကားများပြောတုန်းက အမေဟန်လို စုယွဲ့လည်း ဟန်အိုက်ကော၏ တက်လမ်းပိတ်သွားမည်ကို စိုးရိမ်နေခဲ့တာဖြစ်သည်။ အခုတော့ သူများကို အထင်သေးထားတာကနေ သူပြန်ခံရတဲ့အလှည့်ဖြစ်သွားသဖြင့် ဖန်းရှောင်းလီ၏ ကျရှုံးမှုကိုမြင်ရသည်အား စုယွဲ့လည်း ၀မ်းသာမိသည်။ 



တစ်ခြားလူများကို အထင်သေးတက်သည့် ဖန်းရှောင်းလီလိုလူမျိုးက ကိုယ်တိုင်အရှုံးကို ခံစားဖူးမှသိမှာဖြစ်ကာ ပြောလို့ရမလား၊ ပြောင်းလဲချင် ပြောင်းလဲလာမှာပေါ့။ နောက်ဆို ခေါင်းမော့နေပြီး ဘယ်သူ့ကိုမှ အထင်မသေးနဲ့တော့။ 


_ _ _ _ 


မီးထွက်ပြီးနောက် စုယွဲ့က အရင်လို ကိတ်မုန့်ဖုတ်သည့် စီးပွားရေးကို ပြန်စလိုက်သည်။ ယခုဆို မိသားစုငါးယောက်ရှိနေပြီဖြစ်ကာ ၀င်ငွေနည်းနည်းလေးနှင့် ကလေးနှစ်ယောက်လည်း ပျိုးထောင်ရမည်ဖြစ်သဖြင့် ဟန်အိုက်ကောတစ်ယောက်တည်းရဲ့ လစာနှင့် လောက်ငှမည်မဟုတ်ချေ။ 



စုယွဲ့ ကိတ်မုန့် ပြန်လုပ်မည်ကို သိသောအခါ ရွှီးချန်က ချက်ချင်းမှာသည်။ သူမ ဆွေမျိုးတွေက တက်နိုင်ကြသူများဖြစ်ကာ စုယွဲ့၏ယ ကိတ်မုန့်ကိုစားပြီးကြကတည်းက မွေးနေ့ပွဲတိုင်းအတွက်  မှာကြသည်။ ကလေးတွေလည်း အလွန်ကြိုက်ကြသဖြင့် ကလေးတွေအတွက် ကိတ်မုန့်ကိုလည်း စုယွဲ့က လုပ်ပေးခဲ့သည်။ 



သို့ဖြစ်၍ ကိတ်မုန့်လုပ်ပေးဖို့ စုယွဲ့ကို ရှာကြသူ များစွာရှိသော်ငြား ကိုယ်၀န်ဆောင်သည်စုယွဲ့က မီးဖိုချောင်မ၀င်နိုင်သဖြင့် မလုပ်ပေးနိုင်ခဲ့ချေ။ ယခုအခါ ရွှီးချန်မှတစ်ဆင့် ကိတ်များပြန်မှာလို့ရနေပြီကို သိသွားကြသည်။ 



ပထမဆုံးနေ့တွင် စုယွဲ့ ကိတ်မုန့်နှစ်လုံးလုပ်ပေးဖို့ လက်ခံလိုက်သည်။ ကိတ်မုန့်ဖုတ်ခြင်းအပြင် အမေဟန်အတွက်ကိုပါ စုယွဲ့ ကိတ်မုန့်အသေးလေးတစ်လုံးလုပ်လိုက်သည်။ အမေဟန်က တစ်ခါမှ မစားဖူးသေးဘူး။



မူလလုပ်နည်းကို အနည်းငယ်ပြင်ကာ သစ်သီးများလည်း ထည့်ထားသဖြင့် ကိတ်မုန့်က ယခင်ကထက် ပို၍ အနံ့မွှေးသည်။ အနံ့မွှေးမွှေးလေးကို ရသောအခါ အမေဟန်က အံ့သြနေကာ ကိတ်မုန့်ကိုကြည့်ပြီး မေးခဲ့သည်။ " ဒါက ဘေးအိမ်က လာမှာတဲ့ ကရင်မ်ကိတ်ဆိုတာလား။" 



" ဟုတ်တယ် " ဟုပြန်ဖြေကာ ဇွန်းကမ်းပေးပြီး အမေဟန်ကို ပြောလိုက်သည်။  " အမေ မြည်းကြည့်လေ " 



အမေဟန်က တစ်ဇွန်းဖဲ့လိုက်ကာ စားကြည့်လိုက်သည့်အခါ ချိုအီနေသည့်အရသာလေးက ပါးစပ်ထဲတွင် ပျံ့သွားသဖြင့် လျှာလည်သွားသည်။ " ယွဲ့အာ ဒီကိတ်က အရင်ကလုပ်တဲ့ မုန့်တွေထက်တောင် ကောင်းတာပဲ။ အရသာ ရှိလိုက်တာ။ အမေ့လို အဘွားကြီးတစ်ယောက်တောင် အာသီသမဖြတ်ချင်တာ ဘေးအိမ်ကကလေး စားချင်နေတာ မထူးဆန်းတော့ဘူး။ "



အမေဟန်၏ စကားကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ဖန်းရှောင်းလီ သူမကို ပြောဆိုသွားခဲ့တာကို မှတ်မိသွားသည်။ " ဘေးအိမ်က လာလုပ်ခိုင်းရင် လုပ်မပေးတော့ဘူးလို့ သမီးတွေးထားတယ် " အဲ့လောက်ထိ မောက်မာနေတဲ့ဟာကို သူမ  ပိုက်ဆံမရရင်တောင် ဘာမှမဖြစ်ဘူး။ လုပ်မပေးနိုင်ဘူး။ သူမတို့ကို တောကတက်လာတဲ့သူတွေလို့ မပြောခဲ့ဘူးလား။ ဒါဆိုလည်း တောသူမ လုပ်တဲ့ဟာကို စားစရာမလိုဘူး။ 



အမေဟန်ကလည်း စုယွဲ့လို တွေးသည်။ " ဟုတ်တယ် ဘေးအိမ်အတွက် မလုပ်ပေးနဲ့။ အဲ့ဒီ့ ဖန်းရှောင်းလီက ယုတ်မာလွန်းတယ်။ အမေတို့ကို မြင်တာနဲ့ ရွံသလိုလုပ်ပြနေတာ။ အိုက်ကောကို ထိခိုက်မှာစိုးလို့သာ။ မဟုတ်ရင် သွားပြီး ပါးချပစ်လိုက်ပြီ။ ဘယ်လောက်ပေးပေး သူတို့အိမ်ဖို့ လုပ်မပေးနဲ့။ "



သမီးယောက္ခမနှစ်ယောက်က ထိုကိစ္စကို ဤသို့ဆုံးဖြတ်ထားကြခဲ့သည်။ ဘယ်သူတွေက ဘာပဲပြောပြော ဘေးအိမ်နှင့်တော့ အဆက်အဆံ လုံး၀မလုပ်လိုတော့ပေ။



သမီးယောက္ခနှစ်ယောက် တိုင်ပင်ထားပြီးနောက် ဒုတိယမြောက်နေ့တွင် ဘေးအိမ်က ကလေးက အနံ့ရသွား၍ဖြစ်နိုင်သည်။ အဖွားဖုန်းက ရောက်လာကာ စုယွဲ့ထံ ကိတ်မုန့်လုပ်ပေးနိုင်မလားလို့ မေးခဲ့သည်။ သို့သော်လည်း ဤတစ်ခါတွင်တော့ အမေဟန်က ဘာကိုမှ နားမထောင်ဘဲ ပြတ်ပြတ်သားသားငြင်းလိုက်သည်။ " အစ်မကြီးရေ ပြောရတာတော့ အားနာပါရဲ့။ ဒါပေမယ့် အစ်မကြိိးတို့မိသားစုဖို့ ကိတ်မုန့်လုပ်မပေးနိုင်ပါဘူး။ အဲ့လိုလုပ်ပေးလိုက်ရင် အစ်မကြီးရဲ့ချွေးမက ကျွန်မချွေးမကို ပြဿနာထပ်ရှာနေပါဦးမယ်။ ကျေးဇူးအတင်မခံရတဲ့  အလုပ်မျိုးကို မလုပ်ချင်လို့ တစ်ခြားလူကိုပဲ သွားရှာလိုက်ပါ။ "



အဖွားဖုန်းက ရှက်သွားသော်လည်း အမေဟန်ပြောတာ အမှန်ဆိုတာ သိသည်။ ဘာပဲဖြစ်ဖြစ် သူမချွေးမက တစ်ဖက်လူကိုမြင်သည်နှင့် အပြစ်ပြောလိုက် မျက်စောင်းထိုးလိုက်လုပ်နေခဲ့သည်ကိုး။ သားဖြစ်သူအတွက် ကိတ်မုန့်လုပ်ပေးတာကိုလည်း တစ်ခါမှ ကျေးဇူးတင်သည့်ပုံမရှိမှတော့ စိတ်မဆိုးကြတာကမှ ထူးဆန်းဦးမည်။ သူမ ဆိုလျှင်လည်း ဖန်းရှောင်းလီလို လူမျိုးအတွက် ကိတ်မုန့်လုပ်ပေးမည် မဟုတ်ပါ။ 



စကားလက်ခံပြောပေးတာကိုက ကျေးဇူးတင်စရာဖြစ်နေပြီ။ 



အဖွားဖုန်းက ဆက်ပြောရမှာကို ရှက်သဖြင့် အိမ်ပြန်သွားကာ မြေးဖြစ်သူကို ချော့ဖို့ပြင်ခဲ့သည်။ ဘယ်သူက ဖန်းရှောင်းလီကို တစ်ခြားလူတွေနဲ့ ရန်ဖြစ်ခိုင်းလို့လဲ။ ကိတ်မုန့်လုပ်ခိုင်းချင်ရင် ကိုယ့်ဘာသာပဲ သွားရှာလိုက်တော့။ 



ဖန်းရှောင်းလီက စုယွဲ့ကို နှိမ့်ချပြီး တောင်းဆိုမည့်သူမဟုတ်သဖြင့် ယောက္ခမဖြစ်သူက ဘေးအိမ်မှ သွားမ၀ယ်ပေးသောအခါ ဒေါသထွက်ကာ အိမ်မှ ပန်းကန်ခွက်ယောက်များ ခွဲပြီး စုယွဲ့ကိုလည်း ကျိန်ဆဲခဲ့သည်။ အဆုံးတွင်တော့ သားဖြစ်သူ၏ ငိုယိုနေမှုကို ရက်ရက်စက်စက်ပဲ လျစ်လျူရှုထားရတော့သည်။ 



ဖုန်းမိသားစု၌ ယင်းသို့ဖြင့် ဗြောင်းဆန်နေကာ နေ့တိုင်းဆိုသလို ဆူညံနေကြသည်ကို အပေါ်ထပ်၊ အောက်ထပ်များက အတိုင်းသားကြားနေရသည်။ 



ဘေးအိမ်မှ စုယွဲ့လည်း ကြားနေရသော်လည်း ဂရုမစိုက်ပေ။ သူမက မကြင်နာတက်၍ မဟုတ်ဘဲ ဖန်းရှောင်းလီက လွန်နေ၍ဖြစ်သည်။ အဲ့လိုလူမျိုးနဲ့ လုံးဝ မပတ်သက်ချင်တော့ဘူး။