အပိုင်း ၉၀ End
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၉၀ - နိဂုံး




ဟန်အိုက်မင်ရဲ့ အဆောင်ကိစ္စပြီးစီးသွားတဲ့အခါ ဟန်မိသားစုက အသစ်၀ယ်ထားသော အိမ်ကိုသွားပြီး ပြင်ဆောက်နေတာကို သွားစစ်ဆေးကြည့်ကြသည်။



အရှေ့ဘန်ဂလိုက ယခုတွင်မူ နှစ်ထပ်တိုက်အဖြူရောင်လေး ဖြစ်နေပြီဖြစ်သည်။ ပထမထပ်ရှိ တံခါးနား၌ ငွေလက်ခံကောင်တာရှိပြီး စုယွဲ့ ပြောထားသည့်အတိုင်း လုပ်ထားတာဖြစ်သည်။ ထိုနံဘေးတွင်မူ မီးဖိုချောင်ရှိပြီး အထဲ၌ ချက်ပြုတ်နိုင်သည်။ ကျန်နေရာများကိုမူ တစ်ယောက်မှ လေးယောက် ထိုင်စားနိုင်ဖို့ ပြင်ဆင်ပေးထားသည်။ လူမများပါက ပထမထပ်၌ပင် တည်ခင်းဧည့်ခံလို့ ရလောက်သည်။ 



ဒုတိယထပ်တွင်မူ သီးသန့်ခန်း သုံးခန်းရှိပြီး အတော်လေး နေရာကျယ်သည်။ သီးသန်းခန့်များကို သန့်စင်ခန်း၊ အပန်းဖြေနေရာတို့နဲ့ သီးခြားဆောက်ထားတာ ဖြစ်သည်။ ထိုသည်က နောက်ဆယ်စုနှစ်များစွာ အကြာတွင်တွေ့ရမည့် သီးသန့်ခန်းပုံစံတွေအတိုင်း ဖြစ်သည်။ စုယွဲ့၏ အမြင်တွင်မူ သီးသန့်ခန်းမဟုတ်သော်လည်း သပ်သပ်ရပ်ရပ်ရှိသဖြင့် အထဲ၌ စားရမည်က အတော်လေး ကျေနပ်စရာဖြစ်မှာတော့ သေချာသည်။



ယခုအချိန်၌ ပြင်နေဆဲဖြစ်သဖြင့် စုယွဲ့ ခန့်မှန်းတာ မမှားပါက နောက်နှစ်လဆို ပြီးတော့မည်ထင်သည်။ ဆောက်ပြီး လနည်းနည်းကြာပါက သူမဆိုင်ဖွင့်ဖို့အချိန်ကွက်တိဖြစ်ကာ သူမရဲ့ ကိုယ်ပိုင်စားသောက်ဆိုင်ကို တရား၀င်ဖွင့်လို့ရတော့မှာ ဖြစ်သည်။



ဆောက်လုပ်နေတာကို ကြည့်ပြီးနောက် ဟန်မိသားစုက အိမ်ပြန်လာလိုက်ကြသည်။ 



ထိုညမှာ စုယွဲ့က စာအုပ်နဲ့ ဘောပင်ကိုကိုင်ကာ စားပွဲမှာထိုင်ပြီး စာရင်းတွေတွက်နေခဲ့သည်။ အိမ်၀ယ်တုန်းက သူမ လက်ထဲရှိ ပိုက်ဆံအားလုံးကို သုံးခဲ့တာဖြစ်သဖြင့် သူဌေးမလေးဘ၀မှ ငမွဲမလေးဘ၀သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ယခု အိမ်ကိုပြန်ပြင်ဆောက်ရာ၌လည်း ပိုက်ဆံအများအပြား ကုန်နေသည်။ သူမလက်ထဲ ကျန်နေတာက အမေဟန်ရဲ့ ပိုက်ဆံတွေဖြစ်သဖြင့် စုယွဲ့ မသုံးချင်ပေ။ အမေဟန်က သူမတို့ အကျပ်အတည်းဖြစ်နေတာကို သိသဖြင့် ပေးထားတာဖြစ်ပြီး မယူရင် စိတ်ဆိုးမှာပြောသဖြင့် စုယွဲ့ လက်ခံထားလိုက်တာဖြစ်သည်။ စုယွဲ့က အမေဟန်ဆီမှ ချေးယူထားသည့်ငွေလို့ သတ်မှတ်ကာ အချိန်ကျပါက ပြန်ပေးမယ်လို့ တွေးထားသည်။



အိမ်ပြင်ပြီးသည့်အခါတွင်လည်း စားသောက်ဆိုင်အတွက် ၀ယ်ခြမ်းရမည့် ပစ္စည်းပစ္စယများစွာ ရှိသေးသည်။ မီးဖိုချောင်မှာသုံးဖို့ ဒယ်အိုး၊ ဒန်အိုးများကိုလည်း ၀ယ်ရဦးမည်ဖြစ်သဖြင့် အားလုံးပေါင်းပါက အနည်းဆုံး ဒေါ်လာရာချီကုန်မည်ဖြစ်သည်။ ၄င်းအပြင် စားပွဲထိုးတွေကိုငှားဖို့ လခပေးရဦးမည့်အပြင် ယူနီဖောင်းတွေလည်း ချုပ်ပေးဖို့ လိုဦးမည်။



ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ...ပိုက်ဆံကုန်စရာတွေချည်းပဲ။



သူမ တွက်ကြည့်လိုက်တဲ့အခါ လက်ထဲရှိတာနဲ့ ကုန်ကျမယ့်စရိတ်က အလွန်ကွာခြားနေသဖြင့် စုယွဲ့ သေချင်မိသွားသည်။



ဟန်အိုက်ကောရဲ့ လစာက ယခုအချိန်မှာ များတယ်လို့ဆိုနိုင်ပေမယ့် တစ်မိသားစုလုံး စားရသောက်ရဦးမှာ ဖြစ်သည်။ ထို့အပြင် ကောလိပ်တက်မည့် ကျောင်းသားလည်းရှိသည်။ ထို့ကြောင့် ဟန်အိုက်ကော၏လစာသည် ကျန်တော့မည် မဟုတ်ဘဲ စားသောက်ဆိုင်ဖွင့်ဖို့အတွက် သုံးစွဲဖို့က မဖြစ်နိုင်တော့ပေ။



တွက်ချက်ပြီးသည့်နောက် စုယွဲ့ သူမရဲ့ လုပ်လက်စ စီးပွားရေးကို ချဲ့ထွင်ဖို့ ဆုံးဖြတ်လိုက်သည်။ ကိတ်မုန့်လုပ်တာအပြင် ကလေးတွေကြိုက်ကြတဲ့ သရေစာတွေပါ လုပ်မယ်လို့ စုယွဲ့ ဆုံးဖြတ်လိုက်သည်။



ယခုခေတ်၌ မုန့်အမျိုးအစားများစွာ မရှိသေးသော်လည်း မိဘတွေက သားသမီးတွေကိုတော့ ဆိုးဆိုး၀ါး၀ါး မဆက်ဆံတက်ကြပေ။ ထို့အပြင် တက်နိုင်ကြသူတွေက ကလေးတွေ အလိုလိုက်ကြသဖြင့် ရောင်းမကုန်မှာကို စုယွဲ့ မစိုးရိမ်ပေ။



ရွှီးချန်ရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေကလည်း သူမ လက်ရာကို သဘောကျကြကာ ရွှီးချန်မှတစ်ဆင့် ကိတ်အပြင် အခြားမုန့်တွေ ရသေးလားလို့ မေးခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်က ကလေးနှစ်ယောက် ငယ်သေးတာကြောင့် အချိန်မရှိသဖြင့် စုယွဲ့ မလုပ်ခဲ့တာဖြစ်သာ်။ ယခုတွင်မူ ကလေးနှစ်ယောက်က သူတို့ဘာသာ ပြေးလွှားဆော့တက်နေကြပြိီဖြစ်သဖြင့် စုယွဲ့၌ အချိန်ပိုနေပြီဖြစ်တာကြောင့် အခြားမုန့်များကိုပါ လုပ်တော့မယ်လို့ တွေးထားလိုက်သည်။



သူမ လုပ်ချင်ရာကိုသာ လုပ်တော့မည်။ တာ့ပေါင်၊ ရှောင်ပေါင်နဲ့ မောက်မောက်တို့ရဲ့ အကြိုက်ပေါ်မူတည်ကာ စုယွဲ့ မုန့်တွေကို လုပ်လိုက်သည်။ ကိတ်မုန့်အသေးလေးတွေအပြင် မုန့်ကြိုးလိမ်နဲ့ လော်လီပေါ့လေးတွေကိုပါ ပြင်ဆင်လိုက်သည်။ 



အားလုံးပြီးသွားတဲ့အခါ စုယွဲ့ ရွှီးချန်ဆီ သွားပြီး ရောင်းပေးဖို့ အကူအညီတောင်းလိုက်သည်။ ရွှီးချန်က စုယွဲ့ရဲ့ လက်ရာကိုသိနေသဖြင့် ရောင်းမကုန်မှာကို လုံး၀ မစိုးရိမ်ချေ။ သူမ အမျိုးတွေ သူငယ်ချင်းတွေအပြင် ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်တွေတောင် အတော်လေး သဘောကျကြတာ ဖြစ်သည်။ စုယွဲ့ရဲ့ မုန့်တွေက အလွန်အရသာရှိတာကို။ အိမ်မှာပဲစားစား လက်ဆောင်ပဲပေးပေး အလွန်သင့်လျော်သည့်အပြင် ထိုမျှအရသာရှိတာတွေကို အခြားနေရာတွေမှာ ၀ယ်မရနိုင်တာကြောင့်လည်း ပါသည်။



ရွှီးချန်က ဘာမှပင် မပြောဘဲ ချက်ချင်းသဘောတူခဲ့သည်။ " အစ်မ ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေကိုပါ ရောင်းပေးမယ်။ သူတို့လည်း သေချာပေါက် ၀ယ်ကြမှာပဲ အရင်က စုယွဲ့ အစ်မကိုပေးတဲ့ဟာတွေကို ဆေးရုံမှာ စားဖို့ယူသွားဖူးတ အဲ့ဒါကို အခြားလုပ်ဖော်ကိုင်ဖက်တွေလည်း မြင်သွားကြတော့ အစ်မလည်း မျှကျွေးလိုက်တာလေ။ အကုန်ကြိုက်သွားကြပြီး ဘယ်မှာ၀ယ်လို့ရလဲမေးနေကြတာ။ သေချာပေါက် ရောင်းရမှာပဲ။ အစ်မ မိဘအိမ်ပြန်ရင်လည်း ယူသွားပေးမယ်။ အမျိုးတွေကလည်း ၀ယ်ကြမှာ အသေအချာပဲ "



စုယွဲ့ ရွှီးချန်ကို ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ချေ။ " ကျေးဇူးတင်ပါတယ် အစ်မရွှီးချန်၊ မဟုတ်ရင် ညီမ ဘယ်လိုရောင်းရမလဲကို သိမှာမဟုတ်တော့ဘူး "



ရွှီးချန် ခေါင်ရမ်းရင်း ကိတ်လေးကိုဖဲ့ကာ ပါးစပ်ထဲထည့်လိုက်ပြီးနောက် လော်လီပေါ့စားနေသည့် နီနီကို လက်ညှိုးထိုးပြခဲ့သည်။ " အစ်မတို့အိမ်ကို စုယွဲ့ပေးနေတဲ့ မုန့်တွေကိုလည်း ကြည့်ပါဦး။ အိမ်မှာဆို မုန့်တွေချည်းပဲ။ အစ်မက ဘာမှ မလုပ်ရပါဘူး။ လူတွေက စုယွဲ့လုပ်တာတွေဆို သဘောကျကြတော့ ရောင်းဖို့တောင် မလိုဘူး လာ၀ယ်ကြတာပဲ၊ ဘယ်လောက်တောင် လွယ်လိုက်လဲ "



စုယွဲ့ သဘောကျသွားမိသည်။ စီးပွားရေး လုပ်ရတာ ကောင်းလိုက်တာ။



ရွှီးချန်ရောင်းပေးတာက အတော်လေး အကုန်မြန်သွားကာ စုယွဲ့ လုပ်ထားတာနဲ့ မလောက်ဖြစ်သွားသည်။ ရွှီးချန်က စုယွဲ့ဆီ ရောက်လာပြီး ထပ်လုပ်ပေးဖို့ ပြောခဲ့သည်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေသာမကဘဲ မိဘအိမ်မှ အဒေါ်တွေကလည်း စားကြည့်ပြီးနောက် ကြိုက်သွားကြသဖြင့် ရွှီးချန်ကို ထပ်၀ယ်ပေးကြဖို့ ပြောတာကြောင့်ပင်။ 



ထိုအလုပ်ရှ်ိနေသဖြင့် စုယွဲ့မှာ ၀င်ငွေမပြတ်တော့ဘဲ ပိုက်ဆံလည်း လက်ထဲတွင် ရှိနေတော့သည်။



ဇူလိုင်လတွင် စုယွဲ့ဆီ ရွာမှစာတစ်စောင် ထပ်ရောက်လာပြီး ကြာပန်းဆီမှ ဖြစ်သည်။ စာထဲ၌ အမေဟန်ဆီမှ စာရပြီးနောက် ဟန်ဒုတိယလင်မယားက အကြီးအကျယ် ရန်ဖြစ်ကြတယ်လို့ ရေးထားသည်။ ပထမတွင် ကြာပန်းရဲ့အမေက ကျောင်းတက်ဖို့ ခွင့်မပြုပေမယ့် အဖေဖြစ်သူက အဘွားဆီမှ တကယ် ရေစက်အဖြတ်ခံရမှာ စိုးသဖြင့် နောက်ဆုံးတွင် ကျောင်းတက်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့  ပြောပြထားသည်။ 



သို့သော်လည်း ကြာပန်းက အလယ်တန်း ပထမနှစ်မှ စမတက်ချင်ပေ။ အကြောင်းမှာ သူမဘာသာ အဲ့ဒါတွေကို သင်ယူထားပြီးပြီဖြစ်တာကြောင့် အလယ်တန်းနောက်ဆုံးနှစ်သာ ကျော်တက်ချင်နေသည်။ ထို့ကြောင့် ကျောင်းအုပ်ဆီသွားပြီး အတန်းကျော်ဖို့ ပြောကြည့်ခဲ့သည်။ စစချင်း၌ ကျောင်းအုပ်က ငြင်းပေမယ့် စာမေးပွဲစစ်ပြိီးနောက်တွင် သဘောတူလိုက်သဖြင့် ယခုဆို အလယ်တန်းနောက်ဆုံးနှစ်ကို တက်နေပြီး နောက်နှစ်ဆို အထက်တန်းကျောင်းသူဖြစ်တော့မယ်လို့ ရေးထားသေးသည်။



စာဖတ်ပြီးနောက်တွင် စုယွဲ့ ၀မ်းသာသွားမိသည်။ ဟဲဟွာက ဇွဲရှိပြီး အကြံကောင်းများရှိကာ ကြိုးစားသည့်ကလေးဖြစ်၍ အခွင့်အရေးသာ ပေးလိုက်ပါက တိုးတက်မည့်ကလေးတစ်ယောက်လို့ စုယွဲ့ ယုံသည်။ ယခုခေတ်ရှိ ပုံစံခွက်ထဲမှ မိန်းကလေးများလို ဟဲဟွာကို ဖြစ်မသွားစေချင်ပေ။ ပုံစံခွက်ထဲမှ မိန်းကလေးများ ဟူသည်ကား စာမတက်ဘဲ ငယ်ငယ်လေးဖြင့် အိမ်ထောင်ပြုကြပြီး ကလေးမွေး၍ အိမ်မှုကိစ္စများနှင့်သာ လုံးပန်းနေကြရသူတွေကို ဆိုလိုခြင်းဖြစ်သည်။ ဟဲဟွာသာ တက္ကသိုလ်တက်နိုင်ခဲ့မယ်ဆို သူမ အနာဂတ်က လုံး၀ပြောင်းလဲသွားလိမ့်မည်။



စုယွဲ့ သူမ ကြိုးစားခဲ့တာက အလကားတော့ မဖြစ်ဘူးလို့ ခံစားလိုက်မိသည်။



အမေဟန်ကလည်း ကြာပန်းကျောင်းတက်နေပြီဆိုတာကို သိတဲ့အခါ ပျော်သွားခဲ့သည်။ အခုမှပဲ ဟန်ဒုတိယမိသားစုက မှန်ကန်တဲ့လုပ်ရက်ကို လုပ်နိုင်တာပဲလို့လည်း ပြောသေးသည်။ စုယွဲ့ကို ကြာပန်းကို စာသေချာကြိုးစားရန်မှာပေးဖို့၊ မိဘတွေက စာသင်ဖို့ ပိုက်ဆံမပေးရင် အမေဟန်က သူမကူညီပေးမယ်ဆိုတာပါ   ပြန်စာရေးခိုင်းခဲ့သည်။



အမှန်က အမေဟန် မပြောလျှင်တောင် စုယွဲ့လည်း ထိုအတိုင်းပဲ ပြောမှာဖြစ်သည်။



စုယွဲ့ နောက်တစ်နေ့မှာ စာသွားပို့လိုက်သည်။ စာပို့ပြီး ပြန်အလာတွင် မတွေ့တာကြာသော မြောင်ရွှယ်နှင့် အဆောင်အောက်၌ ဆုံလိုက်ရသည်။ မြောင်ရွှယ်က ယခင်ကဆို မျက်၀န်းအကြည့်များက ညှိုးငယ်နေကာ စိတ်ဓာတ်ကျနေသူတစ်ယောက်လို ဖြစ်နေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ ဘ၀ကြီးက ကျေနပ်စရာကောင်းမနေသည်ကို မြင်နိုင်နေသည်။



ယခုတွင်မူ မြောင်ရွှယ်က စိတ်ဓာတ်တက်ကြွနေဟန်ရှိပြီး ၀တ်စားဆင်ယင်ပုံလည်း ပြောင်းလဲသွားကာ ပိုလည်းလှလာသလို ပိုလည်းဖက်ရှင်ကျလာသည်။ ယခုတွင်လည်း ဒေါက်ဖိနပ်စီးပြီး လည်စည်းအပြာလေးကို လည်ပင်းမှာပတ်ထားကာ မိတ်ကပ်ပါးပါးလေး လူးထားပြီး ပြုံးလည်းပြုံးနေခဲ့သည်။ လမ်းလျှောက်သည့်ပုံစံတောငိ ယုံကြည်ချက်ပိုရှိလာသလိုပင်။



စုယွဲ့ကို မြင်တဲ့အခါ မသိချင်ယောင် ဆောင်မသွားဘဲ လာနှုတ်ဆက်သည်။ 



စုယွဲ့လည်း ပြန်ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်ပေမယ့် ဘာပြောရမလဲ မသိဖြစ်နေမိသည်။ 



ထိုအစား မြောင်ရွှယ်ကသာ စကားဆက်ပြောခဲ့သည်။ "ကျွန်မနဲ့ ကောကျွင်းနဲ့ ကွာရှင်းလိုက်ကြပြိိီ။ အခုလည်း ဥပဒေအရ ဆောင်ရွက်ဖို့ ရောက်လာတာ "



စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " ကြားရတာ ၀မ်းသာပါတယ် " အနည်းငယ် ကသိကအောက် ဖြစ်စရာဆိုပေမယ့် စုယွဲ့ ကောကျွင်းဘက်မှလည်း နာမနေပါ။ ဘယ်လိုပင်ဆိုဆို လင်မယားနှစ်ယောက်ကြား ပြဿနာဖြစ်သောကြောင့် စုယွဲ့နဲ့ မဆိုင်ပေ။ သားရှိသည့် မိခင်တစ်ယောက်အနေနှင့်သာ မြောင်ရွှယ်၏ မောက်မောက်အပေါ် အပြုအမူများကို သဘောကျမနေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော မိခင်မျိုးက သားသမီးကို ထိခိုက်စေတာမျိုး ရှိကြလိမ့်မည်။ 



မြောင်ရွှယ်က ခဏနေမှ ဆက်ပြောခဲ့သည်။ " ကျွန်မကတော့ ကျွန်မ မမှားဘူးထင်တာပဲ။ ကျွန်မ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေတာက ဘာမှားလို့လဲ။ အစ်မလည်း ကျွန်မကို ရက်စက်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ဘယ်သူက ဘ၀ကြီးကို လှောင်အိမ်ထဲမှာပဲ ရှင်သန်ချင်မှာလဲ။ အခုတော့ အစ်မ နားမလည်လောက်ပေမယ့် နောင်ကြရင်တော့ နားလည်လာမှာပါ။ ဘာလို့လဲဆိုတော့ အစ်မက အခွင့်အရေးကို မိသားစုအတွက်ဆိုပြီး စွန့်ပစ်လိုက်တာမို့လို့ နောင်ကြရင် နောင်တရလာလိမ့်မယ် "



စုယွဲ့ ရယ်ချင်သွားမိသလို ရယ်လည်းရယ်လိုက်မိသည်။ " အစ်မက နောင်တ မရဘူး။ အစ်မအမြင်မှာတော့ ကောလိပ်တက်တာက လုံး၀အကောင်းချည်းပဲ မဟုတ်ဘူး။ ဘယ်သူသိမှာလဲ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာ  "



မြောင်ရွှယ်က စုယွဲ့ကို မသိနားမလည်သူတစ်ယောက်လို ကြည့်ကာ ပြုံးခဲ့သည်။ " အစ်မက မိသားစုကြောင့် အတွေးမှားတွေ၀င်ပြီး အခွင့်အရေးကို လက်လွှတ်ပစ်လိုက်တာပဲ။ အခုတော့ နောင်တမရလောက်ပေမယ့် အနာဂတ်မှာ မရလောက်ဘူးလို့ မပြောနိုင်ဘူးလေ။ တစ်ချိန် အသက်ကြီးလာပြီး ဘာဗဟုသုတမှ မရှိတဲ့ မိန်းမကိုရထားလို့ဆိုပြီး အစ်မယောက်ျားက မကြည်ဖြူတော့ရင်ရော ဘယ်လိုလုပ်မလဲ။ အစ်မယောက်ျားရှေ့မှာ အစ်မထက်တော်တဲ့လူပေါ်လာရင် အစ်မယောက်ျားက အစ်မကို ပစ်မသွားဘူးလို့ရော အစ်မ အာမခံနိုင်လို့လား။ ယောက်ျားတွေက အမြဲတမ်း ပိုသာပြီး ပိုတော်တဲ့မိန်းမတွေကို သဘောကျတက်ကြတာပဲ မဟုတ်ဘူးလား "



စုယွဲ့လည်း မြောင်ရွှယ် စကားကို သဘောတူသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ " မှန်တာပေါ့၊ မိန်းကလေးတွေက တကယ်အရည်အချင်းရှိကြဖို့ လိုအပ်တယ်။ ဒါကြောင့် ကောလိပ်တက်ကြတာကို အစ်မလည်း လက်ခံပါတယ်။ ဒါပေမယ့် အရည်အချင်းရော တွေးတောဆင်ခြင်တက်တာရော ရှိမယ်ဆိုရင် မိသားစုနဲ့ ပြဿနာဘယ်ဖြစ်ကြပါ့မလဲ၊ ဟုတ်တယ်မလား ယ။ ပြီးတော့ ကောလိပ်တက်ဖို့ဆိုပြီး ယောက်ျားနဲ့သားကို ပစ်မသွားကြတဲ့သူတွေလည်း အများကြီးပဲလေ။ ဒါကြောင့် အစ်မကတော့ ညီမရဲ့ ရွေးချယ်မှုကို နားမလည်ဘူး "



မြောင်ရွှယ်က မျက်နှာပျက်သွားသော်လည်း ခဏအကြာတွင် ပြန်ပျောက်သွားသည်။ " ဒါက ကောကျွင်းနဲ့ ကျွန်မကြားထဲက ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ အစ်မက ကျွန်မတို့ အကြောင်းကိုလည်း သေချာမသိဘဲနဲ့ ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ။ သူရော မမှားလို့လား၊ သူကသာ ကျွန်မကို သူနဲ့လက်ထပ်ဖို့ အတင်းဖိအားပေးခဲ့တာလေ။"



စုယွဲ့ ခေါင်းခါလိုက်မိသည်။ သူမ ပျင်းနေလို့များ ဒီနေရာမှာ မြောင်ရွှယ်နှင့် ပြိုင်ငြင်းနေမိတာလား။ မြောင်ရွှယ်ကရော သူမရဲ့ အပြစ်ရှိစိတ်ကို ဖြေဖျောက်ချင်လို့ အပြစ်တင်လို့ရမည့်သူကို ရှာနေတာများလား။



စကားဆက်မပြေ ချင်တော့သဖြင့် စုယွဲ့လည်း " အစ်မကတော့ တကယ်နားမလည်တာ။ ဒါပေမယ့်လည်း နားလည်အောင် ပြောမနေနဲ့တော့ အစ်မမှာ လုပ်စရာလေးတွေ ရှိသေးလို့ သွားတော့မယ်။ နောက်မှပဲ တွေ့ကြတာပေါ့ " လို့ပြောပြီး မြောင်ရွှယ့် မျက်နှာကိုတောင် မကြည့်တော့ဘဲ ထွက်လာခဲ့လိုက်တော့သည်။ 



ထို့နောက်တွင် စုယွဲ့ ထိုကိစ္စကို စိတ်ထဲမှ မထုတ်နိုင်သေးသဖြင့် ဟန်အိုက်ကောကို ပြောလိုက်မိသည်။ " ကျွန်မမှာ အိမ်နီးချင်းမိန်းကလေးတွေနဲ့ အဆင်မပြေဖို့ ကံများပါလာတာလား။ ဘာလို့ တစ်ယောက်နဲ့မှ အဆင်မပြေနေရတာလဲ။ ဖန်းရှောင်းလီပြောင်းသွားတုန်းက နောက်လာမယ့် အိမ်နီးချင်းနဲ့တော့ အဆင်ပြေဖို့ မျှော်လင့်နေခဲ့တဲ့ဟာကို။ အခုလည်း နောက်တစ်ယောက်က ထပ်ထွက်သွားပြန်ပြီ။ "



ဟန်အိုက်ကောက စုယွဲ့ ဆံပင်ကိုသပ်ပေးပြီး ပြောခဲ့သည်။ " ဘာပဲဖြစ်ဖြစ် စိတ်ထဲမထားနဲ့ "



စုယွဲ့လည်း ပုခုံးတွန့်ပြလိုက်တော့သည်။ ကြည့်ရတာ တကယ်ကိုပဲ အိမ်နီးချင်းတွေနဲ့ အဆင်မပြေဖို့ ကံပါလာတာ ဖြစ်လောက်သည်။ 


_ _ _ _ 


၁၉၇၈ခုနှစ်က ထူးခြားသောနှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ကျင်းပပေးတာအပြင် တစ်နိုင်ငံလုံးအား တုန်လှုပ်သွားစေသည့် သတင်းတစ်ခု ထပ်ထွက်လာသည်။ အမှတ် (၁၁)  ဗဟိုကော်မတီ၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၌ ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သော သမိုင်းတွင်မည့် ဆုံးဖြတ်ချက်ကို ချခဲ့သည်။ ထိုအချိန်မှစကာ တစ်ဦးပိုင်စိီးပွားရေးစနစ်က ပြိုလဲသွားပြီး အများပိုင်စီးပွားရော လုပ်ငန်းများ တရုတ်ပြည်၌ စတင်ထွန်းကားလာတော့သည်။ 



ထိုသတင်းကို သတင်းစာထဲ တွေ့လိုက်သည့်အခါ စုယွဲ့ ငိုချင်သလို ဖြစ်သွားမိသည်။ ယခုခေတ်၏ ခေတ်နောက်ကျနေသော စီးပွားရေးအခြေအနေကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ သို့မဟုတ် ကြုံတွေ့ခဲ့ရရုံသာမကဘဲ တရုတ်နိုင်ငံ၏ ပြောင်းလဲခြင်းအစကိုပါ မျက်မြင်တွေ့နေရတာ ဖြစ်သည်။ အရင်က ဒီအကြောင်းတွေကို သင်ခဲ့ရချိန် ဘယ်လိုမှ မခံစားခဲ့ရပေမယ့် နှစ်ခေတ်လုံးကို ကြုံတွေ့ခဲ့ရသူဖြစ်သည့် သူမအတွက် ယခုတွင်ကား စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။



ပျော်လည်း ပျော်နေသင့်သည်။ ယခုအချိန်မှစ၍ စုယွဲ့ အလုပ်ကို ခိုးကြောင်ခိုး၀ှက် လုပ်ဖို့မလိုတော့ပေ။ အတိုင်ခံရကာ အစစ်အဆေးခံရမည်ကိုလည်း ပူပန်နေရန် မလိုတော့ချေ။ ရှင်းရှင်းပြောရပါက သူမ အသက်မွေး၀မ်းကြောင်းအလုပ်ကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်ရသွားပြိိီဖြစ်သည်။ 



သူမ နှစ်၀က်ကြာလောက် စောင့်ပြီးနောက်တွင် ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်လို့ရပြီဖြစ်သည်။ 



နှစ်၀က်ခန့် ပိုက်ဆံရှာထားသဖြင့် စုယွဲ့ လက်ထဲ ပိုက်ဆံလုံလုံလောက်လောက် ရှိနေပြီဖြစ်တာကြောင့် စားသောက်ဆိုင်အတွက် လိုအပ်တာတွေကို ၀ယ်နိုင်သွားသည်။ စားပွဲထိုးတွေကို ငှားထားကာ ထိုထဲမှ တစ်ယောက်က မာချွေ့ယွင်ဖြစ်သည်။ စုယွဲ့က စားသောက်ဆိုင်ဖွင့်ဖို့ လူရှာနေတာကို သိတဲ့အခါ သူမလည်း ၀င်ငွေရှာဖို့ အလုပ်လုပ်ချင်ကြောင်းပြောလာတာဖြစ်သည်။ ပထမ အချက်အနေဖြင့် မိသားစုရဲ့ ၀န်ကိုကူထမ်းပေးချင်တာဖြစ်ကာ ဒုတိယအချက်အနေဖြင့် သူမကို အကောင်းမမြင်သည့် အဖွားစွန့်းရှေ့တွင် သူမဘာသာ ရပ်တည်နိုင်ကြောင်း ပြချင်တာလို့ မာချွေ့ယွင်က ပြောခဲ့သည်။ 



မာချွေ့ယွင်က အလုပ်လုပ်ရာတွင် ကြိုးစားကာ ရိုးသားသူဖြစ်သဖြင့် စုယွဲ့လည်း ယုံကြည်တာကြောင့်  သဘောတူလိုက်တာ ဖြစ်သည်။ လစာကိုတော့ တစ်လကို ယွမ်၃၀ပေးမှာဖြစ်ပြီး နေ့စဥ် ထမင်းသုံးနပ်လည်းကျွေးကာ တစ်လကို နားရက်လေးရက် ပေးမယ်လို့ စုယွဲ့ ဆုံးဖြတ်ထားသည်။ ထိုသည်က အလွန်ကောင်းသည့် ကမ်းလှမ်းမှုလို့ ပြောနိုင်သဖြင့် မာချွေ့ယွင်သာမက အဖွားစွန်းပါ ပျော်နေခဲ့သည်။ အဖွားစွန်းက အဝေးမှာ အလုပ်သွားလုပ်မယ့် ချွေးမကိုသဘောမကျခဲ့ပေမယ့် ယခုတွင်မူ အတော်လေး ထောက်ခံနေသည်။ 



အခြားတစ်ယောက်က စုယွဲ့ ခရိုင်မြို့မှာ အမှတ်မထင်ဆုံခဲ့တဲ့ တစ်ကိုယ်တော်မိခင်တစ်ဦးဖြစ်ပြီး စုယွဲ့ကတော့ အစ်မ၀မ်လို့ ခေါ်သည်။ အစ်မ၀မ်ရဲ့ ယောက်ျားက လွန်ခဲ့တဲ့ ဆယ်နှစ်က ဆုံးပါးသွားခဲ့ပြီး ကလေးနှစ်ယောက်ကျန်ခဲ့သဖြင့် အတော်လေး ခက်ခက်ခဲခဲ နေခဲ့ရတာဖြစ်သည်။ သို့သော်လည်း အစ်မ၀မ်က လက်မလျှော့ဘဲ အလုပ်ကြိုးစားဆဲဖြစ်ကာ ရိုသားဖြောင့်မတ်ဆဲပင် ဖြစ်သည်။ ထို့ကြောင့်လည်း စုယွဲ့နှင့် အတော်လေး အဆင်ပြေကာ အလုပ်လုပ်ဖို့ ခေါ်ခဲ့တာဖြစ်ပြီး အစ်မ၀မ်က အလွန်ကျေးဇူးတင်နေခဲ့သည်။ 



အားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဖွင့်ဖို့သာ လိုတော့သည်။ စုယွဲ့ ဆိုင်ဖွင့်မယ့်နေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ 



သို့သော်လည်း ပြုပြင်ပြောင်းလဲရေး စကာစအချိန် ဖြစ်သဖြင့် စုယွဲ့ မီးရှူးမီးပန်းတွေဖောက်ပြီး အကျယ်ချဲ့ခြင်းမလုပ်ဘဲ ရင်းနှီးသူတွေကိုသာ ဖိတ်ခေါ်ပြီး ဆိုင်ဖွင့်ပွဲလုပ်လိုက်သည်။ ထိုလူများ၏ အရှေ့တွင်ပဲ ဆိုင်ဖွင့်ခြင်း အထိမ်းအမှတ်အဖြစ် စုယွဲ့ က" လနန်းတော် " ဟူသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်။ 



ဆိုင်းဘုတ်ကို ချိတ်ပြီးနောက် အားလုံးကိုယ်စီ နေရာယူလိုက်ကြပြီး လနန်းတော် စားသောက်ဆိုင်၌ အထမဆုံးအကြိမ် စားသောက်ကြသည်။ 



စုယွဲ့ မီးဖိုချောင်ထဲမှ ပြန်ထွက်လာသည့်အခါ ရွှီးချန်သက ထရပ်ပြီး အော်လိုက်သည်။ " ကဲ ကဲ ကျွန်မတို့ရဲ့ သူဌေးစုကို ခွက်တွေမြှောက်ပြိီး ဂုဏ်ပြုလိုက်ကြရအောင်! "



အားလုံးက ခွက်များကို မြှောက်လိုက်ကြသည်။ ကလေးတွေတောင် စုယွဲ့ ဖျော်ပေးထားတဲ့ အသီးဖျော်ရည်ခွက်လေးတွေကို မြှောက်ပြကြသည်။ 



တာ့ပေါင်က စုယွဲ့ကို ပြောခဲ့သည်။  " မားမား သား မားမားရဲ့ ဆိုင်က အများကြီးရောင်းကောင်းပါစေလို့ ဆုတောင်းပေးတယ်နော် " 



ဘယ်သူ သင်ပေးလိုက်တာလဲ စုယွဲ့ မသိပေမယ့် ကြားလိုက်ရတာကြောင့် ပျော်သွားပြီး တာ့ပေါင်ကို ခေါင်းငုံ့ကာ နမ်းလိုက်မိသည်။ " ကျေးဇူးပဲနော် မားမားရဲ့ သားကြီးရေ "



ရှောင်ပေါင်က စုယွဲ့ တာ့ပေါင်ကို နမ်းလိုက်တာမြင်သည့်အခါ သူ့ခွက်လေးကို မြှောက်ပြီးလိုက်ပြောခဲ့သည်။ " မားမား မားမား၊ သားလည်း ဆုတောင်းပေးမယ် မားမားကို သားလည်း ဆုတောင်းပေးမယ်၊ အင်း ...."



သို့သော်လည်း အစ်ကိုဖြစ်သူလောက် စကားလုံးမကြွယ်တဲ့ ရှောင်ပေါင်က ဆက်မပြောတက်ဘဲ ဖြစ်နေခဲ့သည်။ အတော်ကြာသည်အထ်ိ ခေါင်းကုတ်ကာ စဥ်းစားနေသဖြင့် စုယွဲ့ ၀င်ထောက်ပေးမည်အလုပ် ရှောင်ပေါင်က အကြံရသွားကာ ထအော်ခဲ့သည်။ " မားမား သား မားမားကို ပိုက်ဆံအများကြီး ရပါစေလို့ ဆုတောင်းပေးမယ် ပိုက်ဆံရေရင် သားတို့ကိုလည်း ခေါ်နော် "



စုယွဲ့ - ........ ဒီကောင်လေးကတော့၊ အမေကို ပိုက်ဆံပဲ ထိုင်ရေနေတဲ့သူများ မှတ်နေတာလား။ 



" ဟားဟားဟား ~ " ကျန်လူတွေက အော်ရယ်ခဲ့ကြသည်။ 



ထို့ကြောင့် ဆိုင်အတွင်း၌ ရယ်သံမောသံများဖြင့် ပြည့်နေပြီး အားလုံးလည်း ပျော်နေကြသည်။ တစ်ခုတည်းသော စိတ်မကောင်းစရာက ဟန်အိုက်ကောရှိမနေခြင်းသာ ဖြစ်သည်။ ဟန်အိုက်ကောက လျို့၀ှက်မစ်ရှင် ဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်သွားတာဖြစ်ပြီး ဘယ်ရောက်နေလဲလည်း မသိရဘဲ ပြန်လည်းရောက်မလာသေးပေ။ 



ယခုလိုနေ့ထူးတစ်ရက်၌ သူမဘေးတွင် ဟန်အိုက်ကောမရှိသဖြင့် စုယွဲ့ ၀မ်းနည်းမိသည်။ 



ညရောက်သည့်အခါ စုယွဲ့ မာချွေ့ယွင်၊ အစ်မ၀မ်တို့နှင့်အတူ သန့်ရှင်းရေးလုပ်လိုက်ကာ ကျန်နှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်ပြီး သူမကတော့ စာရင်းတွေချုပ်ဖို့ နေခဲ့လိုက်သည်။



ပထမဆုံးနေ့ဖြစ်သဖြင့် စာရင်းတွေက အများကြီးမရှိတာကြောင့် ဆယ်မိနစ်လောက်ပဲ ကြာလိုက်သည်။ စာရင်းစာအုပ်ကို နေရာမှာ ပြန်ထားပြီးတဲ့အခါ စုယွဲ့ တံခါးသွားပိတ်ပြီး အနားယူတော့မယ်လို့ တွေးလိုက်သည်။ တံခါးကို ပိတ်နေစဥ်တွင် သွယ်လျလျ လက်တစ်ဖက်က တံခါးမပိတ်နိုင်အောင် ထိုးခံလိုက်သည်။ 



စုယွဲ့ မော့ကြည့်လိုက်ပြီးနောက်တွင် မထိန်းနိုင်ဘဲ အော်လိုက်မိသည်။ " ဟန်အိုက်ကော ရှင်ပြန်လာပြီပဲ! " 



ပြောပြီးနောက် စုယွဲ့က ဟန်အိုက်ကော ကိုယ်ပေါ် ခုန်တက်ပြီး ခါးကိုခွထားလိုက်သည်။ 



ဟန်အိုက်ကောက ပြုံးကာ သူမကို ပြန်ဖက်ထားပေးပြီး နဖူးကို နမ်းခဲ့သည်။ " ဒီနေ့က မင်းအတွက် တန်ဖိုးရှိတဲ့နေ့ပဲဟာ၊ ကိုယ်က ဘယ်လိုလုပ်ပြီး မရှိပေးဘဲ နေရမှာလဲ။ တွားသွားရရင်တောင် တွားသွားပြီး ရအောင်လာခဲ့မှာပေါ့ "



စုယွဲ့ ထိုအခါမှ ဟန်အိုက်ကောက စစ်ယူနီဖောင်းဖြင့်ပင် ရှိနေဆဲဖြစ်ပြီး တစ်ကိုယ်လုံးလည်း ညစ်ပေနေကာ ချွေးနံ့များပါ ရှိနေဆဲဖြစ်တာကို သတိထားလိုက်မိသည်။ တစ်ချက်ကြည့်ရုံဖြင့် ဟန်အိုက်ကောက မစ်ရှင်ပြီးတာနဲ့ ချက်ချင်းရောက်လာတာကို သိနိုင်သည်။ သို့သော်လည်း စုယွဲ့က စိတ်ထဲမထားပေ။ ဟန်အိုက်ကော ပြန်လာတာကိုပဲ ပျော်နေပြီး နှစ်ကြိမ်မျှ တစ်မွမွနဲ့ နမ်းလိုက်သည်။ 



ဟန်အိုက်ကောက ကျေနပ်သွားပြီး စုယွဲ့ကို အထဲသို့ချီခေါ်သွားကာ တံခါးကိုလော့ချလိုက်သည်။ " ဒီနေ့က မင်းရဲ့ နေ့ထူးလေးဆိုတော့ ကိုယ် လက်ဆောင်ပါလာတယ် "



စုယွဲ့ ပျော်သွားကာ ဟန်အိုက်ကောရဲ့ အိတ်ကပ်တွေကို လျှောက်နှိုက်ကြည့်လိုက်သည်။ " ဘာယူလာတာလဲ "



ဟန်အိုက်ကာက စုယွဲ့ ဘာလုပ်လုပ် ခွင့်ပြုထားပေးခဲ့သည်။ သို့သော်လည်း စုယွဲ့က ဘာမှမတွေ့သဖြင့် နှုတ်ခမ်းဆူပြီး ပြန်မေးခဲ့သည်။  " ရှင်မလိမ်နဲ့နော်။ ဘယ်မှာ၀ှက်ထားတာလဲ " 



ဟန်အိုက်ကောက ရယ်လိုက်ကာ စုယွဲ့ကိုဖက်လိုက်ပြီး နားနား ကပ်ပြောခဲ့သည်။ " ကိုယ်က သတင်းကောင်း ပြောပြမလို့  "



စုယွဲ့ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပိုသိချင်လာမိသည်။ လက်သိီးဆုပ်လိုက်ကာ ဟန်အိုက်ကောအား ဟန်ပြခြိမ်းခြောက်လိုက်သည်။ " ဘာသတင်းကောင်းလဲ၊ မြန်မြန်ပြောနော်။ မဟုတ်ရင် တစ်ယောက်ယောက်ကတော့ အထုခံရတော့မှာ! ဒီလောက်ကြီးတဲ့ လက်သီးမျိုး မြင်ဖူးရဲ့လား ဟမ် "



ဟန်အိုက်ကောက ပြုံးသွားပြီး ကြီးလှပါချည်ရဲ့ဆိုသော လက်သီးကို ဆုပ်ကိုင်လိုက်သည်။ " ကိုယ် ဦးဆောင်နေတဲ့ ဓားမြှောင်တပ်က အခုဆို တရား၀င် အထူးတပ်ဖွဲ့ဖြစ်သွားပြီ။ ပြီးတော့ ကိုယ်က အထူးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူဖြစ်သွားပြီး ရာထူးလည်း အတိုးခံလိုက်ရတယ်။ အခုဆို ကိုယ်က ခေါင်းဆောင်ဖြစ်သွားပြီ "



ထိုသို့ကြားသည့်အခါ စုယွဲ့က အံ့သြသွားပြီး ခဏနေမှ ဟန်အိုက်ကော လည်ပင်းကိုဖက်ကာ အော်တော့သည်။  " အာာာာာာာားးးးးးးး " 



ဟန်အိုက်ကော - " ယောက်ျားပေးတဲ့ လက်ဆောင်ကို ကြိုက်ရဲ့လား "



စုယွဲ့ - " ကြိုက်တာပေါ့၊ ချစ်လိုက်တာ ယောက်ျားရယ် ။ ချစ်တယ်နော့် " ပြောပြီးနောက်တွင် စုယွဲ့က ဟန်အိုက်ကောကို ထပ်ခါထပ်ခါ နမ်းနေခဲ့သည်။ 



ဟန်အိုက်ကောက ဇနီးလေးကို မထိတွေ့ရတာ ကြာနေပြီဖြစ်ပြီး ယခုလို စုယွဲ့ဆီမှ အနမ်းပေးခံနေရတဲ့အခါ ဆန္ဒတွေကို မထိန်းချုပ်နိုင်တော့ပေ။ ယခုအချိန်၌ ဟန်အိုက်ကောမှာ စုယွဲ့ကိုလုပ်ဖို့ အတွေးတစ်ခုသာ ရှိတော့သည်။ 



ဟန်အိုက်ကောက စုယွဲ့ကို အိမ်အနောက်ဘက်ဆီ ခေါ်သွားလိုက်သည်။ ကလေးနှစ်ယောက်ကို အမြန်ဆုံး ပထုတ်ပြီးနောက်တွင် ဇနီးလေးကို အိပ်ခန်းထဲ ခေါ်သွားကာ ခုတင်ထက်တင်ပြီး ဖိထားလိုက်တော့သည်။ 



အကြိမ်ပေါင်းများစွာ ပြီးသွားသည့်နောက်တွင် .....



အချိန်မည်မျှ ကြာသွားသည်မသိ၊ ဟန်အိုက်ကော ကျေနပ်သွားချိန်တွင် စုယွဲ့က လက်ချောင်းလေးတောင် လှုပ်ဖို့အားမရှိတော့ဘဲ မျက်လုံးတွေ မှေးစင်းလိုက်သည်နှင့် အိပ်မက်ကမ္ဘာထဲ ချက်ချင်းရောက်သွားတော့သည်။ ဟန်အိုက်ကော သူမကို သန့်ရှင်းရေးလုပ်ပေးတာလည်း မသိတော့ချေ။


_ _ _ _ 


အိပ်နေရင်းဖြင့် စုယွဲ့ စနစ်ကို တွေ့လိုက်ရသည်။ ယခုတစ်ခေါက်တွင် စနစ်က စုယွဲ့ကို ဆင့်ခေါ်တာဖြစ်သည်။ 



စနစ် - ပထမဆုံးအနေနဲ့ ဂုဏ်ပြုပါတယ်၊ အခုဆို မင်းရဲ့ မစ်ရှင်ကို ပြီးအောင်ဆောင်ရွက်နိုင်သွားပြီ။ ဟန်အိုက်ကောရဲ့ သတ်မှတ်ထားတဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သွားလို့ အခုဆို သူ့ရဲ့ အနာဂတ်က အောင်မြင်ခြင်းတွေပဲ ရှိနေတော့မှာပါ။ 



စုယွဲ့ အပျော်မဆုံးသေးခင် စနစ်က ဆက်ပြောခဲ့သည်။ 



စနစ် - အခုဆို တာ၀န်က ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ကျွန်တော် ထွက်သွားဖို့အချိန်ကျပါပြီ။ နှုတ်ဆက်ပါတယ်။



စုယွဲ့ အံ့သြသွားကာ ပြန်မေးလိုက်မိသည်။ " ထွက်သွားမှာလား၊ ဘယ်ကိုလဲ "



စနစ် - ကျွန်တော်က နောက်ထပ် တာ၀န်ကို ဆောင်ရွက်ဖို့ သွားရမှာပါ။



ပြောပြီးနောက်တွင် စနစ်က ချက်ချင်းပျောက်ကွယ်သွားပြီး စုယွဲ့ အော်ခေါ်ကြည်ပေမယ့် တုံ့ပြန်ချက်ကို မရတော့ပေ။ 



ထို့ကြောင့် စုယွဲ့လည်း သက်ပြင်းချပြီး စနစ်ထွက်သွားပြီဆိုသည်ကို လက်ခံလိုက်ရတော့သည်။ 



စုယွဲ့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကောင်းကင်ကြီးက ကြည်လင်နေပြီး နေသာနေကာ ပြတင်းပေါက်များမှတစ်ဆင့် အိမ်ထဲ အလင်းဖြာကျနေတာကို တွေ့လိုက်ရသည်။



အခန်းပြင်မှ တာ့ပေါင်နဲ့ ရှောင်ပေါင်ရဲ့ အသံကိုကြားလိုက်ရသည်။ " မားမားက ဘာလို့ မနိုးသေးတာလဲ"



ဟန်အိုက်ကော - " မားမားက မနေ့က ချက်ပြုတ်ထားရလို့ ပင်ပန်းနေတာ။ ဒါကြောင့် မားမားကို မနှောင့်ယှက်ဘဲ နည်းနည်းလောက် ထပ်အိပ်ခိုင်းလိုက်ကြရအောင် နော် "



ကလေးနှစ်ယောက်က မကျေနပ်ကြသော်လည်း " အင်း" ဟုပြန်ဖြေကြသည်။ 



စုယွဲ့ ပြုံးလိုက်မိသည်။ သူမ အခုလိုနေ့ရက်တွေကို သဘောကျသည်။ တိတ်ဆိတ်ငြိမ်းချမ်းနေသည့် နေရက်များဖြစ်ပေသည်။ 



သူမက အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မယ်လို့ ယုံကြည်သည်။




(ပြီးပါပြီ။)