Chapter 1
Viewers 2k

🥘Chapter 1




ပိုင်ရှန်းကျစ် ဆေးရုံသို့ရောက်သည့်အချိန်၌ ဦးလေးဖြစ်သူမှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်သည်။


 ငွေမှင်ရောင်ဆံပင်များနှင့် အရေးအကြောင်းများပြည့်နေသော သက်ကြီးပိုင်းလူအိုကြီးတစ်ဦးသည် ဆေးရုံကုတင်ပေါ်တွင် အသက်ရှုနိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေလျက်ရှိသည်။


 တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူကို ယခုကဲ့သို့အခြေအနေဖြင့် မြင်တွေ့လိုက်ရသောကြောင့် ပိုင်ရှန်းကျစ်၏မျက်လုံးမှ ချက်ချင်းဆိုသလို မျက်ရည်များကျဆင်းလာရသည်။ သူအရှေ့သို့ ခြေနှစ်လှမ်းခန့်တိုးကာ လူအိုကြီး၏လက်ကိုကိုင်၍ အော်ခေါ်လိုက်မိလေသည် 


“ ဦးလေး…”


ခေါ်သံကိုကြားလိုက်ရသဖြင့် လူအိုကြီး၏မျက်ခွံများ အနည်းငယ်မြင့်တက်လာသည်။ ပိုင်ရှန်းကျစ် ခက်ခက်ပြုံးပြရန် ကြိုးစားနေပုံကို မြင်လိုက်ရချိန်တွင် လူအိုကြီးမှ သက်ပြင်းတစ်ချက်ချသည့်အတိုင်း အသက်တစ်ချက်ရှုသွင်းကာ ပြောလာခဲ့သည် “ ကျစ်ကျစ်…”


ပိုင်ရှန်းကျစ် အလျင်အမြန် ပြန်ဖြေလိုက်မိသည်


 “ ဦးလေး ကျွန်တော်သည်မှာရှိပါတယ်…”


လူအိုကြီးမှ အားအင်ကင်းမဲ့စွာ ပြောလာသည် “ ဝူထုံလမ်း.. နံပါတ်၂၃၁မှာ… ဦးလေးရဲ့ .. ဆိုင်‌ငယ်လေးရှိတယ်… အခုကစပြီး … မင်း.. မင်းအပေါ်ကိုမူတည်သွားပြီ…”


ပြောပြီးသည်နှင့် လူအိုကြီးမှ လက်ကိုမြှောက်လာသဖြင့် ပိုင်ရှန်းကျစ်သည်လည်း ကပျာကယာလက်ခံယူလိုက်ရရာ ရိုးရှင်းသော ရှေးဟောင်းကြေးဝါသော့တစ်ချောင်းမှာ သူ၏လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။


“ သည်ဟာက.. သော့ပဲ… မင်း မင်းသေချာသိမ်းထားရမယ်… ဆိုင်ကို ဆက်ဖွင့်ပေးပါ…” လူအိုကြီးမှပြောလာသည်။


စကားလုံးများနှင့်အတူ လူအိုကြီး၏လက်များမှ ပြုတ်ကျသွားသောကြောင့် ပိုင်ရှန်းကျစ် ဦးလေးဖြစ်သူ၏ ပိတ်သွားပြီဖြစ်သော မျက်လုံးများကို ကြည့်လိုက်မိသည်။ တခဏအတွင်းမှာပင် ဆရာဝန်နှင့်သူနာပြုများ အခန်းတွင်းသို့ အပြေးအလွှား‌ဝင်ရောက်လာကြသည်။ အမျိုးမျိုးသောစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် အဖြူရောင်ဆရာဝန်ကုတ်အင်္ကျီနှင့် ဆရာဝန်တစ်ဦးမှ ပိုင်ရှန်းကျစ်အနားသို့ ကပ်ကာပြောလာသည်


 “ ပိုင်လူကြီးမင်း… ဝမ်းနည်းပါတယ် လူနာကကွယ်လွန်သွားပါပြီ….”


ပိုင်ရှန်းကျစ်၏မျက်နှာပေါ်တွင် မျက်ရည်များချက်ချင်းဆိုသလို စိုစွတ်သွားသည်။


***


ဦးလေးဖြစ်သူ၏နာရေးအပြီး လေးရက်အကြာတွင် ပိုင်ရှန်းကျစ် အလုံးစုံသော ခွန်အားနှင့်ခံစားချက်များကိုစုစည်းကာ အမှတ်၂၃၁ ဝူထုံလမ်းစီသို့ ရောက်လာခဲ့သည်။


ငွေရောင်တံခါးချပ်များအား တင်းကြပ်စွာပိတ်ချထားသည့် ဈေးဆိုင်ငယ်လေးမှာ ပိုင်ရှန်းကျစ်၏အရှေ့တွင် ထွက်ပေါ်လာသည်။ အနီရောင်အောက်ခံနှင့် အဖြူရောင်စာလုံးများပါ‌သော ဆိုင်းဘုတ်ပေါ်တွင်မူ “ သုံးထောင်စားတော်ဆက် “ ဟူသောစတုရန်းပုံစာလုံးအချို့ကို ရေးသားထားခဲ့သည်။


ဤသည်မှာ သူ့ဦးလေး၏စားသောက်ဆိုင်ငယ်လေး ဖြစ်ခဲ့ပြီး ယခုအခါတွင် အမွေဆက်ခံလိုက်သောကြောင့် ပိုင်ရှန်းကျစ်မှာ ပိုင်ရှင်ဖြစ်လာခဲ့သည်။


ပိုင်ရှန်းကျစ်သည် လက်ရှိတွင် နှစ်ဆယ့်လေးနှစ်ပြည့်ခဲ့ပြီး အလုပ်မရှိသေးချေ။ သူ၏နေ့စဉ်လုပ်ငန်းဆောင်တာတွင် သူ၏အချက်အပြုတ်ဗီဒီယိုများကို လိုင်းပေါ်တွင်တင်ထားခြင်း ပါဝင်ခဲ့ပြီး ပိုင်ရှန်းကျစ်အား အစားအသောက်အကြောင်းတင်ဆက်သူငယ်လေး ဖြစ်လာစေသည်။ သူ့ထံတွင် မချမ်းသာလာစေနိုင်သည့်တိုင် မုန့်ဖိုးအလုံအလောက်တော့ ပေးနိုင်သေးသည့် လူနှစ်သောင်း သုံးသောင်းခန့်ရှိသော ပရိသတ်အုပ်စုလည်း ရှိပါသည်။


မူလတန်းကျောင်း တတိယနှစ်မှစ၍ ပိုင်ရှန်းကျစ် သူ၏ဝါသနာဖြစ်သော ချက်ပြုတ်ခြင်းကို တွေ့ရှိခဲ့သည်။ ဦးလေးဖြစ်သူမှ သူ့အား ကြီးလာလျှင် မည်သည့်အလုပ်လုပ်ချင်သည်နည်းဟုမေးလိုက်တိုင်း ချက်ချင်းဆိုသလို စားဖိုမှူးဖြစ်ချင်သည်ဟု ဖြေမိလိုက်စမြဲပင်။ သူ၏အဖြေကြောင့် ဦးလေးမှ မည်မျှအထိ ပျော်ရွှင်မြူးထူးစွာ ပြုံးရယ်နေခဲ့ကြောင်းကို ပိုင်ရှန်းကျစ် မှတ်မိနေပါသေးသည်။


သူ့ဝါသနာအပေါ် တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူထံမှ  ပံ့ပိုးပေးမှုများကြောင့် ပိုင်ရှန်းကျစ်ငယ်ကလေး၏ ဆုံးဖြတ်ချက်များမှာ ပို၍ပင်သန်မာလာခဲ့သည်။ နေအိမ်တွင် ဟင်းမှန်သမျှကို စတင်ချက်ပြုတ်လာခဲ့ပြီး အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သွားပြီးချိန်မှာတော့ အမျိုးမျိုးသောစားသောက်ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ကံတရားမှာသူ့ထံတွင် ရှိနေသည့်အတိုင်း ပိုင်ရှန်းကျစ် သက်ကြီးပိုင်းအဘိုးအိုတစ်ဦး၏အာရုံကို ဖမ်းယူနိုင်ခဲ့သည်။


ထိုအဘိုးအိုမှာ နန်းတွင်းတော်ဝင်စားဖိုမှူးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ထူးချွန်ပြောင်မြောက်သော ဟင်းချက်နည်းပညာများကို တတ်မြောက်ထားခဲ့သည်။ သို့သော်လည်း သူ၏ဆက်ခံသူမည်သူကမှ ထိုမျိုးရိုးအမွေကို စိတ်ဝင်စားသူမရှိခဲ့ချေ။ သူ၏နည်းပညာများ သည်အတိုင်းပျောက်ကွယ်သွားရတော့မည်ကို စိုးရိမ်နေမိချိန်တွင် ပိုင်ရှန်းကျစ်၏ဟင်းချက်ဝါသနာထုံမှုမှာ  နက်နက်ရှိုင်းရှိုင်းထိမိသွားစေခဲ့သည်။ ရလာဒ်အနေဖြင့် သူ့၏အထူးဟင်းချက်နည်းပညာများကို ပိုင်ရှန်းကျစ်ထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။


ပိုင်ရှန်းကျစ် အဘိုးအိုထံမှ အချက်အပြုတ်ပညာကို လေးနှစ်တာသင်ယူခဲ့သည်။ ထွက်ခွာရတော့မည်အချိန်တွင် အဘိုးအိုမှ ပိုင်ရှန်းကျစ်၏အရည်အချင်းမှာ သူ့ထက်ပင်သာလွန်သည်ဟု အသိအမှတ်ပြုခဲ့ပြီး ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် ဂုဏ်ယူနေခဲ့သည်။


သူ၏အသစ်သင်ယူထားသော အချက်အပြုတ်နည်းစနစ်များဖြင့် ပိုင်ရှန်းကျစ် ဆိုင်တစ်ဆိုင်ဖွင့်ရန် ပြင်းပြသောစိတ်ဆန္ဒတစ်ခုရှိခဲ့သည်။ သို့သော်လည်း သူ့ထံတွင် လိုအပ်သည့်ပစ္စည်းများမှာ မရှိနေသေးပေ။ ဤသို့ဖြင့် သူ၏အိပ်မက်ဖြစ်သော စားသောက်ဆိုင်ကိုဖွင့်လှစ်နိုင်ရေးအတွက် အွန်လိုင်းပေါ်တွင် ဟင်းချက်ပြကာ အပိုဝင်ငွေရှာဖွေနေခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ  ဦးလေးထံမှ ဤသုံးထောင်စားတော်ဆက်ကို အမွေရမည်ဟု မည်သူကများ ကြိုတင်သိရှိနိုင်ပါမည်နည်း….


အတူရှိခဲ့ကြသည့် နှစ်များအတွင်း အနှီဆိုင်၏တည်ရှိမှုကို ပိုင်ရှန်းကျစ်လုံးလုံးမသိခဲ့ရခြင်းမှာ ထူးဆန်းလှ၏။


သို့သော်လည်း ဦးလေးမှဆုံးပါးသွားပြီဖြစ်ရာ ပိုင်ရှန်းကျစ်အနေဖြင့် မည်သူ့ကိုမှသွားမမေးနိုင်တော့ချေ။ ဤသို့စားသောက်ဆိုင်ငယ်လေးကို အမွေဆက်ခံရခြင်းမှာလည်း သူ့အတွက်မဆိုးလှပေ။ ၎င်းမှာ ပိုင်ရှန်းကျစ်၏ အိပ်မက်ဖြစ်သော စားသောက်ဆိုင်တစ်ဆိုင်ဖွင့်နိုင်ရေးစီမံကိန်းတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့လေသည်။ သူချက်ပြုတ်ပြီး အခြားသူများကို တည်ခင်းနိုင်နေသရွေ့ စားသောက်ဆိုင်ကြီးပဲဖြစ်နေပါစေ လမ်းဘေးဆိုင်ငယ်လေးပဲဖြစ်နေပါစေ ပိုင်ရှန်းကျစ်အတွက် ကွာခြားမှုမရှိနေချေ…


ကြေးဝါသော့ကို ထုတ်ယူလိုက်ပြီးနောက် ပိုင်ရှန်းကျစ် တံခါးစီသို့လျှောက်လာလိုက်သည်။ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ကြေးဝါသော့၏အရောင်နှင့် ငွေရောင်တံခါးလက်ကိုင်ဖုတို့မှာ မအပ်စပ်ပုံရသော်လည်း ၎င်းတို့သည် အမှန်တကယ်ပင် ကိုက်ညီနေခဲ့သည်။ ပိုင်ရှင်းကျစ် သော့ကိုပြန်ထုတ်ကာ လက်ကိုမြောက်၍ ဟိုက်ဒရောလစ်ဆွဲတံခါးချပ်များကို ပင့်တင်လိုက်ပြီးနောက် အတွင်းပိုင်းရှိ ပစ္စည်းများအနည်းငယ်ရှုပ်ပွနေသည့် မြင်ကွင်းမှာထွက်ပေါ်လာခဲ့သည်။


ပိုင်ရှန်းကျစ် မအံ့ဩသွားခဲ့ပေ။ ဦးလေးဖြစ်သူမှာ အိမ်သန့်ရှင်းရေးတွင် မည်သည့်အခါကမှ တော်ခဲ့သူမဟုတ်သည့်အပြင် အမှိုက်လှည်းရင်းဖြင့် တံမြက်စည်းကျိုးခဲ့ဖူးသူတစ်ဦး ဖြစ်လေရာ ဈေးဆိုင်ငယ်လေး၏ သန့်ရှင်းပြီးကောင်းကောင်းထိန်းသိမ်းထားပုံရသော အချက်မှာ သူ့အားအမြဲလိုပဟေဠိဖြစ်စေသည်။


ထိုအချိန်၌ ဆိုင်အဝင်ဝမှ “ သူဌေးပိုင် သူဌေးပိုင်…” ဟူသောခေါ်သံထွက်ပေါ်လာလေသည်။


ပိုင်ရှန်းကျစ် လှည့်ကြည့်လိုက်ချိန်တွင် သားရေခါးစည်းကို ဝတ်ဆင်ထားသော မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ အနည်းငယ်အဝလွန်နေပြီး ဘီယာ‌ဗိုက်မှာ သူ၏ခါးစည်းအဖုံးရှေ့တွင် ပူထွက်နေကာ ပိုင်ရှန်းကျစ်၏ ဇဝေဇဝါဖြစ်နေသော‌မျက်နှာကြောင့် မေးလာခဲ့သည်


 “ ဘယ်သူပါလဲ… ကျူပ်က သူဌေးပိုင်ကိုရှာနေတာပါ…”


“ ကျွန်တော်က သူဌေးပိုင်ရဲ့တူပါ… သည်ဘက်ကကော ဘယ်သူလဲမသိဘူး …” 


ပိုင်ရှန်းကျစ် ပြန်ဖြေလိုက်သည်။


မျက်နှာလေးထောင့်နှင့်လူမှ ပြန်ဖြေလာသည် “ အိုးးး မင်းကသူ့တူလေးပေါ့…ဦးလေးက ဝူထုံဈေးမှာ ဝက်သားရောင်းတာလေ…သူဌေးပိုင်က နေ့တိုင်းဦးလေးစီကနေ ဝက်သားမှာလေ့ရှိပေမယ့် သူ့ကိုမမြင်မိတာ ရက်နည်းနည်းကြာပြီဆိုတော့ ဝက်သားယူဦးမလားလို့ လာမေးတာကွ…”


ဝက်သားနေ့တိုင်းမှာတာလား… သည်လိုလူအသွားအလာနည်းတဲ့နေရာက ဈေးဆိုင်သေးသေးလေးက တကယ်ကြီးစီးပွားရေးကောင်းတာလား…


လူသစ်တစ်ဦးအနေဖြင့် ပိုင်ရှန်းကျစ် အနည်းငယ်ကြောင်အသွားပြီးနောက်မှ ပြန်ဖြေလိုက်မိသည်


 “ သည်ကနေ့အတွက်တော့ မလိုတော့ပါဘူး…ဒါပေမယ့် မနက်ဖြန်ကြရင်တော့ လာပို့ပေးလို့ရပါတယ်…”


မျက်နှာလေးထောင့်နှင့်လူမှ ပြုံးလျက် ခေါင်းတဆတ်ဆတ်ညိတ်ကာ မေးလာသည် “ ဟုတ်သား လူငယ်လေး သူဌေးပိုင်ဘယ်သွားလဲကော မေးကြည့်လို့ရမလားဟေ…”


ပိုင်ရှန်းကျစ် မျက်လွှာချကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်မိသည် “ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက် ဦးလေးဆုံးသွားတာပါ…”


ချက်ချင်းဆိုသလို ထိုသူ၏မျက်နှာပေါ်တွင် အားနာသွားသော အမူအယာပေါ်ထွက်လာကာ တုန့်ဆိုင်းဆိုင်းဖြင့် ပြောလာသည်


 “ တောင်းပန်ပါတယ်ကွာ… မင်းအတွက်ဝမ်းနည်းမိပါတယ်…”


ပိုင်ရှန်းကျစ် ခေါင်းကိုအသာယမ်းကာ ပြန်ပြောလိုက်သည် “ ရပါတယ်ဗျ…”


မျက်နှာလေးထောင့်နှင့်လူမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ နှုတ်ဆက်စကားအနည်းငယ်ဆို၍ အလျင်အမြန်ပြန်ထွက်သွားခဲ့သည်။


ထိုသူထွက်သွားပြီးနောက် ပိုင်ရှန်းကျစ် ဆိုင်အခြေအနေကို ဆက်လက်စစ်ဆေးလိုက်သည်။ ဆိုင်မှာ များစွာကျယ်ဝန်းခြင်းမရှိချေ။ စားပွဲနှင့်ခုံတွဲလျက် ခြောက်စုံသာရှိပြီး သပ်သပ်ရပ်ရပ်စီရီထားရမည့် ထိုင်ခုံအပုနှင့်အမြင့်များမှာ ခြေထောက်များ လေထဲတွင်ထောင်လျက် ကြမ်းပေါ်၌ ပြန့်ကြဲနေခဲ့သည်။


ပိုင်ရှန်းကျစ် သူ့ဘာသာတွေးလိုက်မိသည် “ ထိုင်ခုံတွေက စားပွဲပေါ်မှာ ရှိရမှာမဟုတ်ဘူးလား …”


ထို့နောက်တွင်မှ စားပွဲထောင့်စွန်းတွင် နက်မှောင်သောအရာအချို့ကို မြင်လိုက်ရပြီး ပိုင်ရှန်းကျစ်ထိုင်ချကာ ကောက်ယူလိုက်ချိန်၌ ၎င်းမှာ ဖုန်များဖုံးအုပ်နေသည့် ဂေါ်ဖီတစ်ဖတ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ အနီးပတ်လည်သို့ ကြည့်လိုက်မိချိန်မှာလည်း ထိုကဲ့သို့ အနက်ရောင်ပစ္စည်းအကြွင်းအကျန်များမှာ စားပွဲထောင့်စွန်းတိုင်းတွင် ရှိနေသည့်ပုံပင်။


ပိုင်ရှန်းကျစ် : “.....”


သူ့ဦးလေးက ဆိုင်ကိုဘယ်လိုများလည်ပတ်နေတာလဲ… ပုံမှန်သန့်ရှင်းမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကိုကော ကျော်နိုင်ရဲ့လား…


အတွင်းသို့လျှောက်လာလေလေ မီးဖိုချောင်အတွင်း၌ ပို၍ဆိုးရွားသော ကပ်ဘေးသဖွယ်မြင်ကွင်းဖြစ်နေလေလေကို မြင်လိုက်ရသည်။ ဘေစင်ထဲတွင် ဆီများဂျိုးကပ်နေသော အဖြူရောင်ပန်းကန်များမှ နေရာယူထားပြီး ဂတ်မီးဖိုအပေါ်တွင်လည်း ဆီဂျိုးအထူပြင်ကြီးရှိနေခဲ့သည်။ အံ့ဩစရာကောင်းစွာဖြင့် အိုးများထဲတွင် ဟင်းလျာအကြွင်းအကျန်များပါ ရှိနေလေသည်။


ပိုင်ရှန်းကျစ် သံအိုးအနက်ရောင်ကြီးတစ်လုံးကို ယူလိုက်ချိန်၌ အိုး၏တစ်ဝက်စာလောက်အား အနက်ရောင်ပစ္စည်းများမှ နေရာယူထားသည်ကို တွေ့လိုက်ရသည်။ ဂရုတစိုက်စစ်ဆေးကြည့်လိုက်ပြီးနောက်မှာမှ ၎င်းမှာ ဝက်သားနှင့်ဂေါ်ဖီမွှေကြော်ဖြစ်ကြောင်း သူအသိအမှတ်ပြုနိုင်ခဲ့သည်။ မီးဖိုချောင်အပြင်ရှိ စားပွဲခြေထောက်များတွင် ကပ်နေသည့် အနက်ရောင်ဟင်းကျန်များကို ပြန်တွေးကြည့်ရပါလျှင် ၎င်းတို့မှာဖုန်လူးနေသောကြောင့် အနက်ရောင်ပြောင်းနေခြင်းမဟုတ်ဘဲ အိုးထဲမှထွက်လာစဉ်ကတည်းက အနက်ရောင်ဖြစ်နေသည့်ပုံပင်။


အံ့အား‌သင့်နေသည့်အမူအယာနှင့် ပိုင်ရှန်းကျစ်တစ်ယောက် အိုးအနီးသို့တိုးကာ အနံ့ခံကြည့်လိုက်မိသည်။ ထူးဆန်းနေသည်မှာ အနံ့အသက်မရှိနေခြင်းပင်။ ပိုင်ရှန်းကျစ် အံ့ဩသွားရသည်။ ဆိုင်ပိတ်ထားသည်မှာ ရက်များစွာ ကြာမြင့်နေပြီဖြစ်ရာ ထိုဟင်းမှာ ယခုအချိန်ဆိုလျှင် ပုပ်သိုးနေသင့်သည်။ သို့သော်လည်း တူးနံ့ထွက်နေသည်မှလွဲ၍ အခြားအနံ့အသက်ဆိုးများကို သူမရခဲ့ချေ။


ထို့ထက်ပိုသည်မှာ အဆိုပါအနံ့သည်ရင်းနှီးနေပြီး ဦးလေးဖြစ်သူအား လွမ်းဆွတ်သောခံစားချက်ကို လှုံ့ဆော်နေခဲ့သည်။ အိုးထဲရှိဟင်းမှာ သူ့ဦးလေးနောက်ဆုံးချက်ခဲ့သော ဟင်းတစ်ခွက်ဖြစ်ပြီး အကယ်၍သာ ယခုအကြိမ်ကိုလွဲချော်ခဲ့ပါက ပိုင်ရှန်းကျစ် ဦးလေးကိုယ်တိုင် သူ့လက်များဖြင့်ပြင်ပေးသော ဟင်းလျာများကို ဘယ်သောအခါမှ ထပ်မံမြည်းစမ်းနိုင်တော့မည်မဟုတ်ပေ။


သည့်အတွက်ကြောင့် ပိုင်ရှန်းကျစ် အိုးထဲမှဂေါ်ဖီတစ်ဖတ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ပြန်ထွေးထုတ်လိုက်မိသည်။ ၎င်းမှာ သူ၏ယမန်နေ့ညမှ ညစာကိုပြန်အန်ထုတ်မိလုမတတ်ပင်။ လွမ်းဆွတ်နေသာစိတ်ဖြင့်ပင် ပိုင်ရှန်းကျစ် ဦးလေးဖြစ်သူ၏ဟင်းကို မြိုမချနိုင်ခဲ့ပါ။ သူကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်မိသည် 


 “ တကယ်ကြီးကို အချက်အပြုတ်ပညာရဲ့ တွင်းနက်ကြီးဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းရှင်သန်ခဲ့တာပဲ…”


အသိစိတ်ပြန်ဝင်လာချိန်တွင် ပိုင်ရှန်းကျစ် မီးဖိုချောင် တစ်ဖက်ရှိတံခါးတစ်ချပ်ကို မြင်လိုက်ရသည်။ တံခါးကိုဖွင့်ကြည့်လိုက်ချိန်၌ အဝါရောင်အလင်းများမှာ သေးငယ်သောစတုရန်းပုံအခန်းထဲတွင် ချက်ချင်းဆိုသလို လင်းထိန်လာခဲ့သည်။အထဲတွင်မူ ဂေါ်ဖီနှစ်ထုပ်နှင့်ဝက်သားတစ်ပိုင်းရှိနေသည်။ ဂေါ်ဖီထုပ်များမှာ ချက်ချင်းလက်ငင်း မြေကြီးထဲမှတူးယူလာသကဲ့သို့ လန်းဆန်းနေပြီး ဝက်သားပိုင်းတွင်မူ ၎င်း၏လတ်ဆတ်မှုကို ဖော်ပြသည့်အနေဖြင့် သွေးအချို့ပင် စွန်းပေနေသည်။


အရေးအကြီးအချက်သည်ကား ဤအခန်းထဲတွင် အအေးခန်းစနစ်မရှိသောကြောင့် လဝက်နီးပါးအချိန်အတွင်း မည်သည့်နည်းဖြင့် အနှီဂေါ်ဖီနှင့်ဝက်သားမှာ လတ်ဆတ်နေရသည်နည်း….


ပိုင်ရှန်းကျစ် မေးခွန်းထုတ်နေရင်းဖြင့် မျက်ခုံးများတွ့န်ချိုးထားမိပြီး တံခါးမှတစ်စုံတစ်ယောက် ထပ်မံခေါ်လာသည့်အသံကို ကြားလိုက်ရသည် 


“ သူဌေးပိုင် သူဌေးပိုင်ရှိလား….”


ပိုင်ရှန်းကျစ် ပြန်ထွက်လာချိန်တွင် အဖြူရောင်ဆံပင်များနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရပ်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် အမျိုးသမီးကြီးမှ သူမ၏ခြင်းထဲရှိ ဂေါ်ဖီနှစ်ထုပ်ကို ထုတ်ယူကာ ပြောလာသည်


 “ သူဌေးပိုင် နောက်ဆုံးတော့ တံခါးဖွင့်ပြီပဲ… ဒါက သည်ကနေ့အတွက် ဂေါ်ဖီတွေလေ…”


ပိုင်ရှန်းကျစ် အစပိုင်းတွင် ငြင်းမည်ပြုသော်လည်း အမျိုးသမီးအိုကြီး၏ အဝတ်မှအဖာရာများကို တွေ့လိုက်ရသောကြောင့် ဂေါ်ဖီများကိုယူကာ မေးလိုက်သည် “ ဘယ်လောက်လဲဗျ…”


အမျိုးသမီးအိုကြီးမှ ကြောင်အသွားပြီး ပိုင်ရှန်းကျစ်ကို သတိကြီးကြီးဖြင့်ကြည့်ကာ မေးလာသည် “ မင်းကသူဌေးပိုင်မဟုတ်ဘူးပဲ…”


ပိုင်ရှန်းကျစ် တဖန်ထပ်မံ၍ ရှင်းပြလိုက်ချိန်မှသာ အမျိုးသမီးအိုကြီးမှ ဂေါ်ဖီများအတွက် ကျသင့်ငွေကို လက်ခံယူခဲ့သည်။ ဘဝ၏မတည်မြဲမှုများကြောင့် သူမသက်ပြင်းချကာ ပိုင်ရှန်းကျစ်ထံ နှစ်သိမ့်စကားအချို့ဆိုပြီး တုန်တုန်ရီရီဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။


အမျိုးသမီးအိုကြီးထွက်သွားပြီးနောက် ပိုင်ရှန်းကျစ် လတ်ဆတ်ကာ ရေများစိုရွှဲနေသည့်ဂေါ်ဖီနှစ်ထုပ်က်ု အခန်းငယ်ထဲတွင် နေရာချလိုက်သည်။ ဂေါ်ဖီများကို ချထားလိုက်သည်နှင့် ကြမ်းပေါ်တွင်ကျနေသော အဖြူရောင်စာအိတ်တစ်အိတ်ကို မြင်လိုက်ရကာ ကောက်ယူဖွင့်ဖတ်လိုက်ချိန်မှာတော့ ရင်းနှီးနေသောလက်ရေးကို တွေ့လိုက်ရသည်။


“ ကျစ်ကျစ် မင်းရဲ့ဦးလေးက ဆုံးပါးသွားပြီးနောက်မှာ မင်းအတွက် ဘာမှချန်မထားပေးနိုင်ခဲ့ဘူး… သည်ဆိုင်ငယ်လေးကသာ ဦးလေးပေးနိုင်တဲ့တစ်ခုတည်းသောအရာပဲ….ငါတို့ရဲ့ဆိုင်လေးက အရမ်းကိုထူးခြားတယ်…စာထဲမှာပါတဲ့အခန်းက သိုလှောင်ခန်းဆိုတာ မင်းရှာတွေ့သွားပြီမလား… သည်အခန်းကို လုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်လည်း သုံးလို့ရတယ်….


မင်းဘယ်လိုပါဝင်ပစ္စည်းတွေကိုပဲ ဝယ်ဝယ် သည်အခန်းထဲမှာ တစ်ရက်တော့ထားပေးရမယ်…သည်လိုလုပ်မှပဲ ဦးလေးတို့ချက်တဲ့ဟင်းပွဲတွေက ဝယ်သူတွေကို စိတ်ကျေနပ်အောင်လုပ်နိုင်မှာ…သည်ဟာက မင်းဦးလေးရဲ့ဆိုင် အောင်မြင်နေရတဲ့အကြောင်းအရင်းပေါ့ကွာ…စကားမစပ် မင်းသည်အခန်းလေးထဲမှာ ဘာပဲထည့်ထည့် အဲ့သည့်ဟာက ပုပ်သွားမှာမဟုတ်ဘူး…မင်းထည့်လိုက်အချိန်ကအတိုင်းပဲ လတ်ဆတ်မှုကို ထိန်းထားပေးသွားမှာ…သည်ဟာက အရမ်းအသုံးဝင်တဲ့အတွက် ကျစ်ကျစ် ကောင်းကောင်းအသုံးချလို့ရတယ်…ဦးလေးတို့ဆိုင်က မနက်ဆိုရင် ၁၁နာရီဖွင့်ပြီး ညဆို၁၁နာရီပိတ်တယ်…. သည်အချိန်အတိုင်း လိုက်နာနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် ဖွင့်ချိန်ပိတ်ချိန်ကို မင်းပြောင်းချင်တယ်ဆိုလည်း ပြောင်းပါလေ…ကျစ်ကျစ် သည်ဦးလေးက မင်းအပေါ်နှစ်တွေအကြာကြီး မှီခိုခဲ့မိတယ်ကွာ… အိုးး မေ့တော့မလို့ ဦးလေးတို့ဆိုင်မှာ နည်းနည်းထူးဆန်းတဲ့ဖောက်သည်တချို့လည်း ရှိလိမ့်မယ်…မကြောက်သွားပါနဲ့ သည်အတိုင်း အခန်းသေးလေးထဲမှာ တစ်ရက်ထားပြီးတဲ့ပါဝင်ပစ္စည်းတွေကို ချက်ပေးလိုက်ပါ…ပြီးရင် သူတို့ထွက်သွားကြလိမ့်မယ်….ကျစ်ကျစ် အကောင်းဆုံးကြိုးစားနော်… ဦးလေးမင်းကို တစ်ဖက်လောကကနေ စောင့်ရှောက်နေပါ့မယ်…”


ဤသည်မှာ ပိုင်ရှန်းကျစ်၏ဦးလေးထံမှ စာဖြစ်ပြီး အခန်းငယ်လေး၏အသုံးဝင်ပုံနှင့် ထူးဆန်းသောဖောက်သည်များအကြောင်းအပါအဝင် မျိုးစုံသောကိစ္စများကို ရှင်းပြပေးထားခဲ့သည်။ ပိုင်ရှန်းကျစ် လေအေးပေးစက် သို့မဟုတ် ထိုကဲ့သို့လုပ်ဆောင်နိုင်သည့် ပစ္စည်းများမတပ်ဆင်ထားသော ပုံမှန်အခန်းလေးတစ်ခုကပင် မည်မျှထူးဆန်းနေသည်နည်းဟု တွေးနေမိပြီး လာမည့်ဖောက်သည်များမှာ မည်မျှပင်ထူးဆန်း‌ကြလိမ့်မည်ကိုမူ သူတွေးပင်မတွေးတတ်တော့ပေ။


သို့သော်လည်း ဦးလေးဖြစ်သူကို ယုံကြည်သည့်အတွက် သူထို့ထက်ပို၍ နက်နက်ရှိုင်းရှိုင်းမတူးဆွခဲ့ချေ။ ဤဆိုင်ငယ်လေးမှာ သူ့ဦးလေးချန်ထားပေးခဲ့ခြင်းဖြစ်လေရာ သူအနေဖြင့် ဦးလေး၏အကြံပေးချက်အတိုင်း လိုက်နာရမည်ပင်။


သူ၏ဦးလေးမှာ စာကိုအစောပိုင်းအချိန်များကတည်းက ချန်ထားပေးခဲ့လေရာ သူ၏ကိုယ်ပိုင်ကျန်းမာရေးအခြေအနေကို ကြိုသိထားခဲ့ခြင်း ဖြစ်ရပေမည်။ ပိုင်ရှန်းကျစ် ဝမ်းနည်းလာရသော်လည်း မီးဖိုချောင်အတွင်းရှိ ရေခဲသေတ္တာကို ဖွင့်လိုက်သည်နှင့် ထိုခံစားချက်များမှာ လုံးလုံးပျောက်ကွယ်သွားရသည်။


ရေခဲသေတ္တာလေး၏အတွင်းထဲတွင် ဘီယာများဖြင့်ပြည့်နေပြီး ထိုမှတစ်ပါး ကြက်သွန်မိတ်လေးတစ်ခုပင် ရှိမနေခဲ့ချေ။ အခဲခန်းထဲတွင်မူ နွားနို့လတ်လတ်ဆတ်ဆတ်များနှင့် ရေခဲမုန့်များရှိနေခဲ့သည်။


ထိုအရာများမှာ သူ့ဦးလေးမှ သူ့အားလျော့စားရန် ထပ်ခါတလဲလဲပြောခဲ့သောအရာများဖြစ်သည်။


ဒေါသထွက်လာရသောကြောင့် ပိုင်ရှန်းကျစ် တံခါးကိုပြန်ပိတ်ပြီး အနောက်သို့လှည့်လာလိုက်သည်။ သို့သော်လည်း ရေခဲသေတ္တာအရှေ့တွင် အော်ဒါမှာစားထားသော ဘူးများအပြည့်နှင့် အမှိုက်ပုံးကိုမြင်လိုက်ရချိန်၌ သူ၏နဖူးကြောများမှာ ပို၍ပင်တင်းကြပ်သွားရသည်။


ပိုင်ရှန်းကျစ် အမှိုက်များကိုသွားပစ်နေရင်းဖြင့် စိတ်တိုတိုနှင့်တွေးလိုက်မိသည် “ ဘယ်လိုစားသောက်ဆိုင်ပိုင်ရှင်ကများ တခြားဆိုင်ကဟာတွေကို နေ့တိုင်းမှာစားနေရတာလဲ…ကိုယ့်ဆိုင်ကိုယ်နာမည်ဖျက်မိမှာ မကြောက်ဘူးလားနော်…”



🥘