Chapter 2
Viewers 2k

🥘Chapter 2



မီးဖိုချောင်အား ရှင်းလင်းပြီးနောက်တွင် အချိန်၁၁နာရီရှိပြီဖြစ်ကာ နေ့လယ်စာစားချိန်နှင့် နီးကပ်နေပြီဖြစ်သည်။ မီးဖိုချောင်ထဲတွင်မူ ဂေါ်ဖီလေးထုပ်နှင့်ဝက်သားအနည်းငယ်မှလွဲ၍ ဆန်တစ်စိတလေပင် ရှိမနေခဲ့ချေ။


မျက်နှာကိုရေအေးဖြင့် ဆေးကြောလိုက်ပြီး ပိုင်ရှန်းကျစ် ဆွဲတံခါးကိုဆွဲချကာ ဝူထုံဟင်းရွက်ဈေးဆီသို့ လိုအပ်သည့်ဟင်းချက်အမယ်များဝယ်ရန် သွားလိုက်သည်။


နေ့လယ်ခင်းသို့ရောက်နေပြီဖြစ်ရာ ဈေးထဲတွင် ဆိုင်များအားလုံးပိတ်လုနီးပါးဖြစ်နေခဲ့သည်။ ဈေးဆိုင်တန်းများနှင့် အလျင်အမြန် ရင်းနှီးအောင် လုပ်လိုက်ပြီးနောက် ပိုင်ရှန်းကျစ် ဆီ၊ဆား၊ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကို ဝယ်ယူလိုက်သည်။ ထိုမျှသာ ဟင်းခတ်အမွှေးအကြိုင်အချို့၊ ဆန်တစ်အိတ်အပြင် အဆုံး၌ ဥတစ်ကဒ်နှင့် ပေါင်းအိုးတစ်လုံးကို သုံးထောင်စားတော်ဆက်စီသို့ မပြန်ခင်ဝယ်ယူလိုက်သည်။


ပိုင်ရှန်းကျစ် အိုးအားဆေးကြော ရေထည့်ပြီးနောက် အတွင်းတွင် ဆေးပြီးသားဆန်ကို ထည့်ထားလိုက်သည်။ ဆန်များစတင်ဆူပွက်လာပြီး ဆန်စေ့များကို သူ၏လက်ဖြင့်အလွယ်တကူညှစ်ကြည့်နိုင်သည့် အချိန်ရောက်သောအခါ ထုတ်ယူ၍ရေစစ်လိုက်သည်။ အဆုံး၌ ပေါင်းအိုးထဲသို့ပြန်ထည့်ကာ စတင်ပေါင်းထားလိုက်လေသည်။


မိနစ်အနည်းငယ်အကြာတွင် ထမင်း၏မွှေးရနံ့မှာ သုံးထောင်စားတော်ဆက်အတွင်း စတင်သင်းပျံ့လာသည်။ ပိုင်ရှန်းကျစ် ဂရုတစိုက်အချိန်တိုင်းတာ၍ ဝက်ဆီတစ်ပိုင်းကိုလှီးကာ အခြားအိုးတစ်လုံးထဲသို့ ပစ်ထည့်လိုက်ပြီး ဝက်သားအဆီများကို နူးညံ့သွားစေရန် ချက်ထားလိုက်သည်။


ကြည်လင်ပြီးဖောက်ထွင်းမြင်နိုင်သော ဝက်သားအဆီများမှာ တဖြည်းဖြည်းချင်း အိုးထဲမှစိမ့်ထွက်လာပြီး နည်းနည်းချင်းဖြင့် သူ၏ရနံ့ကိုထုတ်လွှတ်လာသည်။ ၎င်းမှာ သင်းပျံ့နေသော ထမင်း၏အနံ့နှင့်အတူ ပေါင်းစပ်သွားကာ မီးဖိုချောင်တစ်ခုလုံးကို မီးသင်းနေသောဆန်ရနံ့များဖြင့် ထုံလွှမ်းသွားစေသည်။


ဝက်သားအဆီအရည်ပျော်ကျသွားသည်နှင့် ပိုင်ရှန်းကျစ် ကြက်သွန်မြိတ်အချို့ကို အပိုင်းသေးသေးလေးဖြစ်အောင် လှီးဖြတ်လိုက်သည်။ ထမင်းကိုလည်း ဖြန့်ကာ ထမင်းစေ့များပုံပေါ်လာသည်အထိ အေးသွားစေသည်။ ထို့နောက် အရည်ပျော်နေပြီဖြစ်သော ဝက်အဆီကို ဒယ်ပြားပေါ်သို့လောင်းထည့်ကာ အပူပေးလိုက်သည်။ ခေါက်ထားပြီးဖြစ်သောဥများကိုပါ ဒယ်ပြားပေါ်လောင်းချလိုက်ပြီး တရှဲရှဲမြည်လာသောအသံနှင့်အတူ ခေါက်ထားသည့်ဥမှာ ကျက်သွားပြီး ပုံပေါ်လာခဲ့သည်။


ပိုင်ရှန်းကျစ် ပေါင်းအိုးထဲမှ ထမင်းနှစ်ဇွန်းခန့်အမြန်ခပ်လိုက်ပြီး ဒယ်ပြားပေါ်လောင်းထည့်လိုက်သည်။ မွှေရင်းမွှေရင်း အပေါ်လှန်အောက်လှန်ဖြင့် ဥမွှေကြော်မှာ အပိုင်းအစလေးများအဖြစ် ကွဲထွက်သွားပြီး ထမင်းနှင့်ရောနှောသွားကာ ဝက်အဆီများကို စုပ်ယူနေသည်။ လှီးထားသည့်ကြက်သွန်မြိတ်များကို ထမင်းကြော်အပေါ်တွင် ဖြူးလိုက်ပြီး အချိန်အနည်းငယ်ကြာသည်အထိ ကြော်ပေးလိုက်ကာ ထမင်းနှင့်ကြက်သွန်မြိတ်တို့၏ရနံ့များကို ပေါင်းစည်းသွားစေလိုက်သည်။ အားလုံးပြီးစီးသွားချိန်တွင် ပိုင်ရှန်းကျစ် မီးကိုပိတ်လိုက်ပြီး ပန်းကန်ပြားပေါ်သို့ ထမင်းကြော်ကို လောင်းထည့်လိုက်လေသည်။


ဥမွှေကြော်၏ရွှေရောင်သန်းနေသော အပိုင်းအစများ၊ တောက်ပနေသောထမင်းနှင့် လန်းဆန်းသောကြက်သွန်မြိတ်များမှာ ပြီးပြည့်စုံစွာပေါင်းစပ်သွားခဲ့ပြီး ဥထမင်းကြော်၏ အသန့်စင်ဆုံးရနံ့ကို ထုတ်ဖော်နေခဲ့သည်။ ဤသည်မှာ အရိုးရှင်းဆုံးနှင့် အရသာအရှိဆုံးဟင်းလျာတစ်ခုပင်။


ပိုင်ရှန်းကျစ် ပန်းကန်ပေါ်သို့ ဇွန်းသန့်သန့်တစ်ချောင်းတင်လိုက်ပြီး အပြင်ဘက်ရှိ တစ်ခုတည်းသော သန့်ရှင်းနေပုံရသည့် စားပွဲစီသို့ယူလာလိုက်သည်။ သူထိုင်ချတော့အပြုတွင် အဝင်ဝမှ တံခါး၏ခေါင်းလောင်းသံမြည်လာခဲ့သည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် တံခါးတွင်ချိတ်ဆွဲသည့် ရှေးဟောင်းကြေးဝါခေါင်းလောင်းမှာ ဘယ်ညာအသာအယာယိမ်းခါနေပြီး သာယာသောအသံအား ထုတ်လွှင့်နေသည်ကို တွေ့လိုက်ရသည်။


ထိုအချိန်တွင် အမျိုးသားတစ်ဦးမှာ အပြင်ဘက်တံခါးမှ လျှောက်ဝင်လာခဲ့သည်။


“ သူဌေး ကျေး ကျေးဇူးပြုပြီး ကျ ကျွန်တော့်ကို ဝက်သားဂေါ်‌ဖီမွှေကြော်တစ်ပွဲပေးပါ…”


“ တောင်းပန်ပါတယ် လူကြီးမင်း ဆိုင်ကမနက်ဖြန်မှစဖွင့်မှာပါ..”


ပိုင်ရှန်းကျစ် ထရပ်လိုက်ပြီး သူ၏အရှေ့မှ ငယ်ရွယ်သောလူငယ်လေးကို ကြည့်ကာနူးညံ့စွာပြောလိုက်သည်


 “ ဆိုင်က သည်ကနေ့တကယ်ကို မဖွင့်သေးတာပါ…”


သူ၏အရှေ့မှလူသည် ဇာတ်ကောင်ပုံစံဝတ်စားရခြင်းကို နှစ်သက်ပုံရပေမည်။ ထိုသူ၏ခေါင်းပေါ်တွင် အမွှေးပွပွယုန်နားရွက်တစ်စုံရှိနေပြီး ရှည်လျားဖြူဖွေးသော‌ယုန်နားရွက်မှာ ဘေးတွင်ဝဲကျနေကာ နူးနူးညံ့ညံ့နှင့် ချစ်စရာကောင်းနေခဲ့သည်။


“ မ မဖြစ်ဘူး… ဆိုင်ကတကယ်ကြီးပိတ်ထားတာလား… ကျွန်တော် တ တကယ်ကြီးကို သည်မှာစားဖို့လာခဲ့တာပါ…” 


ယုန်နားရွက်နှင့်လူငယ်လေးမှာ အရည်လဲ့နေသောမျက်လုံးဝိုင်းကြီးများဖြင့် သနားစဖွယ် ထစ်ငေါ့စွာပြောလာသည်။ ထိုသူ၏ခေါင်းပေါ်မှ အဖြူရောင်နားရွက်များသည်ပင် လှုပ်ရှားနေသည်။ အဆိုပါ လက်ရာမြောက်စွာ ပြုလုပ်ထားသည့်နားရွက်များကြောင့်သာမက အခြားအရာတစ်ခုကြောင့်ပါ ပိုင်ရှန်းကျစ် မနေနိုင်ဘဲ လက်ဖဝါးများယားလာရသည်။


အဲ့သည့်နားရွက်များမှာ အမှန်တကယ်ကောင်းလို့ကောင်းမည့်ပုံပင်။


လူငယ်လေးမှာ အလွန်သနားစဖွယ်ကောင်းနေပြီး အမှန်တကယ်ကို ဆာလောင်နေပေလိမ့်မည်။ ထိုမျှသာမက သူမှာသည့်ဟင်း၏အမယ်များမှာလည်း ပိုင်ရှန်းကျစ်၏မီးဖိုချောင်ထဲတွင် ‌ရှိနေသည်ဖြစ်ရာ သူပြန်ပြောလိုက်သည်


 “ လူကြီးမင်း ဆိုင်ကတော့ သည်နေ့တကယ်ကိုမဖွင့်သေးတာပါ… ဒါပေမယ့် စိတ်မရှိဘူးဆိုရင်တော့ ရှိတဲ့ပစ္စည်းတွေနဲ့ ချက်ချင်းလက်ငင်းကြော်ပေးလိုက်လို့ရပါတယ်….”


လူငယ်လေးမှ ပျော်ရွှင်စွာပြောလာသည် “ ဒါပေါ့ စိတ်မရှိပါဘူး…တကယ့်ကို ကျေးဇူးတင်ပါတယ်နော်…”


ပိုင်ရှန်းကျစ် လူငယ်လေးကို တစ်ခုတည်းသော သန့်ရှင်းနေသည့်စားပွဲတွင် နေရာချပေးလိုက်ပြီး မတို့ထိရသေးသော ထမင်းကြော်ပန်းကန်ကို မီးဖိုချောင်စီသို့ ပြန်သယ်လာလိုက်သည်။


အခန်းငယ်လေးထဲတွင် သိမ်းထားသည်မှာ ရက်ပေါင်းမည်မျှကြာပြီမသိသော်လည်း လတ်ဆတ်နေသေးသည့် ဂေါ်ဖီထုပ်နှင့်ဝက်သားပိုင်းကိုထုတ်ယူလိုက်သည်။ ပိုင်ရှန်းကျစ် ဂေါ်ဖီနှင့်ဝက်သားကို ကပျာကယာရေဆေးလိုက်ပြီး လိုအပ်သည့်ဟင်းအမယ်များကို လှီးဖြတ်ထားလိုက်သည်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သတိရသွားသောကြောင့် မီးဖိုချောင်အပေါက်ဝသို့ ပြန်သွားကာ လူငယ်လေးအား မေးလိုက်လေသည်


 “ လူကြီးမင်း အစပ်စားနိုင်လား….”


လူငယ်လေးမှ ‌ကြောင်အသွားပြီး ပြန်မေးလာသည် “ အစပ်လား … အဲ့သည့်ဟာက ဘာကြီးလဲ…”


ပိုင်ရှန်းကျစ် နားလည်သွားကာ ပြောလိုက်သည် “ ထားလိုက်ပါတော့…”


စဉ့်နှီတုံးရှိရာသို့ ပြန်လာပြီးနောက် ပိုင်ရှန်းကျစ် ငရုတ်သီးခြောက်နှစ်တောင့်ကို ငရုတ်ပွနှစ်ခုနှင့် လဲလှယ်လိုက်သည်။ ထို့နောက် ဂျင်းကိုမွှ၊ ကြက်သွန်ဖြူကို စဉ်းကောကောလိုက်ပြီး လှီးထားသောဂေါ်ဖီများကို ဇလုံတစ်လုံးထဲထည့်ကာ ရေစုပ်စေရန်အတွက် ဆားအနည်းငယ်ဖြူးလိုက်သည်။ ဝက်သားကိုမူ အတုံးကြီးကြီးတုံးလိုက်ပြီး ကန်စွန်းဥမှုန့်ဖြူးကာ နူးညံ့မှုကိုမြှင့်တင်ပေးရန်နှင့် အသားအညှီနံ့ပျောက်စေရန်အတွက် ဟင်းချက်ဝိုင်ကို သုံးလိုက်သည်။


မိနစ်အနည်းငယ်အကြာတွင် ဒယ်အိုးကိုအပူပေးလိုက်ပြီး ဆီအချို့လောင်းထည့်ကာ တုံးထား‌သောဝက်သားကို ကြော်လိုက်သည်။ အသားရနံ့ပြင်းပြင်းမှာ ၎င်း၏အရောင်ပြောင်းသွားသည်နှင့် ထွက်ပေါ်လာခဲ့သည်။ အသားများ လုံးလုံးကျက်သွားသည့်အချိန်၌ ပိုင်ရှန်းကျစ် ဒယ်အိုးထဲမှ ပြန်ထုတ်ယူလိုက်သည်။ ဝက်သားကြော်ရာမှ ကျန်သည့်ဆီကိုသုံးကာ လှီးထားသောဂေါ်ဖီကိုကြော်လိုက်ပြီး ငရုတ်ပွစိမ်းနှင့် စဉ်းကောထားသောဂျင်းပါ ထပ်ထည့်လိုက်သည်။ နောက်ဆုံးတွင် အသားကိုဒယ်အိုးထဲပြန်ထည့်လိုက်ပြီး ဆားနှင့်ခရုဆီတို့ပါထည့်ကာ အရသာများ‌ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်အထိ ကြော်လိုက်ပြီးနောက် ပန်းကန်ပေါ်တွင်တည်ခင်းလိုက်သည်။ 


ပိုင်ရှန်းကျစ် သူ၏အရှေ့မှဟင်းကိုကြည့်ကာ တစ်စုံတစ်ရာကို စိတ်တိုင်းမကျဖြစ်နေရသည်။ ဂေါ်ဖီများတွင် အစိုဓာတ်များစွာ ကျန်နေပြီး ရေစစ်ရသည့်ချိန်မှာ တိုလွန်းလှသည်။ ဟင်းတစ်ပွဲလုံးမှာ ဆော့စ်ထဲမြုပ်နေသကဲ့သို့ ဖြစ်နေပြီး မွှေကြော်ဟူ‌၍လုံးလုံးမခေါ်နိုင်ပေ။


စောင့်ဆိုင်း‌ပေးနေသည့် စားသုံးသူမှစိတ်မရှိပါစေရန်သာ မျှော်လင့်ရပေတော့မည်။ ပိုင်ရှန်းကျစ် ဟင်းပန်းကန်ကိုယူ၍ သက်ပြင်းတစ်ချက်ချကာ ပြုံးလျက် ပြန်ထွက်လာခဲ့သည်။ ဟင်းပန်းကန်အား လူငယ်လေးအရှေ့တွင် ထမင်းတစ်ပန်းကန်နှင့်အတူ ချပေးလိုက်ပြီး နွေးထွေးစွာပြောလိုက်သည် 


“ စောင့်ရတာကြာသွားလို့တောင်းပန်ပါတယ်နော်…. ကျေးဇူးပြုပြီးအရသာရှိရှိသုံးဆောင်ပါ…”


တုလင်းလင်းတစ်ယောက် သူ၏ရှေ့မှဟင်းပွဲကိုကြည့်ကာ အံ့ဩနေမိသည်။ သူ၏နှာခေါင်းမှာ ဆက်တိုက်ဆိုသလို ရှုံ့ချီပွချီဖြစ်နေပြီး ထူးဆန်းသော်လည်း မယုံနိုင်လောက်အောင် မွှေးကြိုင်သည့်ရနံ့မှာ လေထုထဲတွင် ပြည့်နှက်နေ၏။ သူ၏အရှေ့မှဟင်းပွဲ၏ မတွန်းလှန်နိုင်သောရနံ့ကြောင့် ပါးစပ်ထဲတွင် တံတွေးများစိုလာရသည်မှာ အသေအ‌ချာပင်။


မည်သည့်အရာမှ ထူးဆန်းနေသည်ကိုပင် မမေးနိုင်တော့ဘဲ တုလင်းလင်း တူကို‌ယူကာ ဂေါ်ဖီတစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ပါးစပ်ထဲတွင် အရသာရှိသည့်ရနံ့များပြည့်နှက်နေစဉ်အတွင်း ရင်းနှီးနေသော ဝိဉာဉ်စွမ်းရည်နှင့်စိတ်ခွန်အားတို့မှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။


အရသာရှိတယ်… အရသာရှိလွန်းတယ်… အရမ်းကိုအရသာရှိနေတာဟ…


ဘယ်လိုလုပ်ပြီး သည်ကမ္ဘာကြီးမှာ အရမ်းအရသာရှိတဲ့ဟာ ရှိနေရတာလဲ…


ပြီးတော့ သည်ဟာက သုံးထောင်စားတော်ဆက်မှာ ပေါ်လာတာလေ…


သို့သော်လည်း အခြားမည်သည့်အရာကိုမှ အရေးစိုက်နိုင်ခြင်းမရှိတော့ချေ။ တုလင်းလင်း ဟင်းပွဲအရှေ့တွင် နေရာယူလိုက်ပြီး ပါးစပ်ထဲသို့ အလုတ်ကြီးကြီးသွင်းကာ စစားလိုက်သည်။ တစ်လုတ်စီတိုင်း တစ်လုတ်စီတိုင်းတွင် ဟင်းလျာကိုကောက်ယူသည့် သူ၏တူအရှိန်မှာ ပို၍တိုးတက်လာခဲ့သည်။ တဖြည်းဖြည်းအလွန်လျင်မြန်လာကာ အဆုံး၌ လေပွေတစ်ခု ဖြတ်သန်းသွားသကဲ့သို့ မျက်စိဖြင့်ပင် မမြင်နိုင်လောက်သည်အထိ ဖြစ်လာရသည်။ ပိုင်ရှန်းကျစ်မှာမူ အနှီလူငယ်လေးမှာ သူ၏အစားအစာအား ဝါးပင်မဝါးဘဲ မြိုချနေသည်ဟုပင် တွေးတောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ စားသုံးသူမှာ သူ၏ဟင်းပွဲအပေါ် စိတ်ကျေနပ်နေသည်ဖြစ်သောကြောင့် ပိုင်ရှန်းကျစ်လည်း စိတ်ချသွားရသည်။


ဆယ်မိနစ်အကြာတွင် တုလင်းလင်း ပန်းကန်ကိုကိုင်ကာ အထဲမှဟင်းရည်အားလုံးကို မော့ချလိုက်သည်။ ထို့နောက် စိတ်ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက်ချ၍ တွန့်ဆုတ်နေဟန်ဖြင့် ပန်းကန်ကို ပြန်ချလိုက်ပြီး သူ၏အရည်လဲ့နေသောမျက်လုံးများနှင့် ပိုင်ရှန်းကျစ်ကိုကြည့်ကာ မေးလိုက်မိသည် “ သူဌေး ကျန်သေးလားဟင်…”


အစားစားပြီးသည့်အတွက် ယခုအချိန်၌ ထစ်ငေါ့နေခြင်းမရှိဘဲ ပြောဆိုနိုင်သွားပြီဖြစ်သည်။ သို့သော်လည်း သေချာပေါက်ပင် ဝက်သားဂေါ်ဖီမွှေကြော်မှာ မကျန်တော့သည်ဖြစ်ရာ ပိုင်ရှန်းကျစ် ခေါင်းယမ်း၍ပြောလိုက်ရသည် “ အားနာပါတယ် ဟင်းကတစ်ပွဲစာပဲချက်ထားတာမလို့ပါ…”


တုလင်းလင်း၏နားရွက်များမှာ စိတ်ပျက်သွားမှုကြောင့် ခွေကျသွားခဲ့သည်။ ပိုက်ဆံရှင်းတော့မည့်အချိန်၌ စားပွဲပေါ်တွင် သူမထိရသေး‌သော အဖြူရောင်ပန်းကန်လုံးတစ်လုံးကို သတိပြုမိလိုက်သည်။


“ သည်ဟာကဘာလဲဟင်…”


“ ထမင်းပါ…”


“ ကျွန်တော်စားလို့ရလား…”


“ ရတာပေါ့…”


အစောပိုင်းအချိန်မှ အလွန်အရသာရှိခဲ့သော ဝက်သားဂေါ်ဖီမွှေကြော်ကို ပြန်စဉ်းစားမိလိုက်သောကြောင့် တုလင်းလင်း ချက်ချင်းဆိုသလို ထမင်းတစ်လုတ်ယူစားကြည့်လိုက်သည်။ လတ်ဆတ်သောရနံ့တစ်ခုမှာ သူ၏ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာကာ ဝါးလိုက်သည်နှင့် ချိုမြသောအရသာကိုပင် အရသာခံမိလိုက်သေးသည်။


သည်ဟာကလည်း အရသာရှိတယ်….


ဝက်သားဂေါ်ဖီမွှေကြော်ကို မယှဉ်နိုင်ပေမယ့် အရသာရှိနေတုန်းပဲ…


“ လူကြီးမင်း… လူကြီးမင်း…” လူငယ်လေး၏ ထမင်းဖြူအား သည်အတိုင်းစားနေသည့်အပြုအမူကြောင့် ပိုင်ရှန်းကျစ် ကြားဖြတ်ပြောလိုက်ရသည် “ ထမင်းအလွတ်က အရသာအများကြီးမပါဘူးလေ… စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော် တခုခုထပ်ထည့်ပေးလို့ရပါတယ်…”


တုလင်းလင်း၏နားရွက်များ ထောင်ထသွားရသည် “ ပိုပြီးတော့အရသာရှိအောင် လုပ်ပေးမှာလား…”


ပိုင်ရှန်းကျစ်ခေါင်းညိတ်ပြလိုက်သည်။


တုလင်းလင်းမှ ကပျာကယာ ထမင်းပန်းကန်ကို ပိုင်ရှန်းကျစ်ရှေ့သို့ ထိုးပေးလာသည် “ သည်လိုဆိုရင်လည်း ကျေးဇူးပြုပြီး…”


ပိုင်ရှန်းကျစ် ပြုံးလျက် ထမင်းဖြူကိုယူကာ မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်။ လတ်လတ်ဆတ်ဆတ် ဆီထုတ်ထားသော ဝက်သားအဆီ အစက်အနည်းငယ်ချလိုက်ပြီး ဆားနည်းနည်းဖြူးကာ မွှေပေးလိုက်သည်။ ထို့နောက် တုလင်းလင်းစီသို့ ပြန်ယူလာကာ ပြောလိုက်လေသည် “ ကျေးဇူးပြုပြီး သုံးဆောင်ပါ…”


ဝက်ဆီလူးထားသည့်ထမင်းမှာ ရိုးစင်းသော်လည်း အရသာရှိလှသောကြောင့် အခြားသောဟင်းလျာများကို ကျော်ဖြတ်နိုင်သည်။ အငွေ့တထောင်းထောင်းထနေသော ချိုမြသည့် ထမင်းပူပူပေါ်တွင် ဝက်သားအဆီ၏အလွှာပါးပါးနှင့်အတူ ဆား၏အငန်အရသာနှင့် ပေါင်းစပ်ထားသည်က ဝက်သားအဆီ၏ ထူးခြားဆန်းပြားသောအရသာကို ပေးစွမ်းနေသည်။ ဝက်သားဆီလူးထမင်းလေးစားကြည့်ရုံနှင့်တင် အဘယ့်ကြောင့် ဟွာရှားမှလူများမှာ ဝက်သားကိုအထူးတလည်ချစ်ခင်ကြကြောင်း မရေတွက်နိုင်သောလူများအား နားလည်သွားစေနိုင်သည်အထိပင်။


အတိအကျပင် ပါးစပ်ထဲထည့်လိုက်သည့်အချိန်မှာပင် တုလင်းလင်း၏ဦးနှောက်မှာ ထပ်မံကြိတ်ချေခံလိုက်ရသည်။


အရမ်း အရမ်းကိုအရသာရှိလွန်းတယ်…


သုံးထောင်စားတော်ဆက်ပိုင်ရှင်က ဘာလုပ်ခဲ့တာလဲ…


အစောပိုင်းက ထမင်းကြီးသည်အတိုင်းကပင် အရသာရှိနေပြီးဖြစ်သော်လည်း ပိုင်ရှင်၏အချက်အပြုတ်ဖြင့် ထမင်း၏အရသာရှိမှုမှာ အကြိမ်ရာချီအထိ ထိုးတက်သွားစေသည်။


ဘယ်လိုလုပ်ပြီး သည်ကမ္ဘာကြီးမှာ အရမ်းအရသာရှိ‌တာမျိုး ရှိနေရတာ‌လဲ…


တုလင်းလင်း စိတ်ထဲတွင် ဒုတိယအကြိမ်မြောက် မေးခွန်းထုတ်မိသွားခဲ့သည်။


နှစ်မိနစ်အကြာတွင် ထမင်းမှာစားကုန်သွားကာ တုလင်းလင်း နောက်ဆုံးသောထမင်းစေ့ကို အပြီးသတ်လိုက်သည်။ ပန်းကန်အနားသတ်များကို လျက်မည်ကြံမိသော်လည်း ဆိုင်ပိုင်ရှင်ရှိနေသေးသည့်အတွက် ထိုအကြံကို သူပယ်ချလိုက်ရသည်။


ထိုအချိန်၌ ပိုင်ရှန်းကျစ်ပြန်ထွက်လာပြီး သူ၏အရှေ့မှာ ပြောင်ရှင်းနေပြီဖြစ်သော ပန်းကန်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးထဲတွင် စိတ်ကျေနပ်မှုများ ပေါ်ထွက်လာကာ အသံသည်ပင် နူးညံ့နေခဲ့သည် “ လူကြီးမင်း သုံးဆောင်လို့ပြီးပါပြီလား…”


“ ပြီးပါပြီ…” တုလင်းလင်း အားတုံ့အားနာဖြင့် ခေါင်းကိုငုံကာ မေးလိုက်မိသည် “ ဘယ်လောက်… ဘယ်လောက်ကျလဲမသိဘူး…”


စားပြီးသည်နှင့် လူငယ်လေးမှာ ပြန်လည်၍ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြန်လေပြီ။ ပိုင်ရှန်းကျစ် ပြုံးလျက်ပြန်ဖြေပေးလိုက်သည် “ ယွမ်လေးဆယ်ပါ…”


ပွင့်ပွင့်လင်းလင်းဆိုရမည်ဆိုလျှင် ပိုင်ရှန်းကျစ်၏စိတ်ထဲတွင် အနည်းငယ်မရေမရာဖြစ်နေရသည်။ ဝက်သားဂေါ်ဖီမွှေကြော်တစ်ပွဲအတွက် ယွမ်လေးဆယ်ဆိုသည်မှာ အတော်အတန်ဈေးကြီးနေပြီဖြစ်သော်လည်း ယခင်အချိန်အတွင်း သူမီးဖိုချောင်ကိုရှင်းလင်းသည့်အခါက မီနူးစာရွက်ကို ရှာတွေ့ခဲ့ကာ ၎င်းတွင်ဟင်းနှစ်ပွဲသာရှိပြီး ဝက်သားဂေါ်ဖီမွှေကြော်၏ဈေးမှာ တစ်ပွဲကိုယွမ်၁၀၀ဖြစ်သည်။ ပိုင်ရှန်းကျစ် ထိုမျှအထိ ဈေးမြှင့်မယူနိုင်သည်ဖြစ်သောကြောင့် သူ့ဘာသာဈေးနည်းနည်းလျော့ချမိလိုက်ခြင်း ဖြစ်ပေသည်။


သို့သော်လည်း ယွမ်၄၀မှာဈေးမပေါနေသေးပေ…


တုလင်းလင်း၏နှလုံးသားထဲတွင်မူ မုန်တိုင်းတစ်ခုဖြစ်သွားသည်ကို မည်သူကများသိနိုင်ပါမည်နည်း။ ယွမ်လေးဆယ်လား… ယွမ်လေးဆယ်လေ…သုံးထောင်စားတော်ဆက်မှာရောင်းတဲ့ ဝက်သားဂေါ်ဖီမွှေကြော်က အရမ်းအရသာရှိပြီး စိတ်ဝိညာဉ်စွမ်းအင်တွေအပြည့်နှင့် ထမင်းတစ်ပန်းကန်လည်း ပါ‌နေသေးတာကို အကုန်လုံးမှ ယွမ်လေးဆယ်ထဲ…


သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်စီမှာ ဘာများဖြစ်သွားခဲ့တာလဲ…


ဘယ်လိုလုပ်ပြီး ဟင်းပွဲတွေက အရမ်းအရသာရှိသွားပြီး ဈေးနှုန်းကြ လျော့သွားရတာလဲ…


သူ၏စိတ်အတွင်းတွင် အတွေးများပြည့်လျှံနေသော်လည်း တုလင်းလင်း အတွေးများကို အပြင်သို့မထုတ်ဖော်ရဲပေ။ ပိုက်ဆံကိုယူကာ စားပွဲပေါ်တွင်တင်လိုက်ပြီး ကမန်းကတန်းပြောလိုက်မိသည်


 “ သူဌေး မင်းရဲ့ဟင်းပွဲက အရမ်းအရသာရှိတာပဲ…”


ပြောပြီးသည်နှင့် တုလင်းလင်း ဆိုင်အတွင်းမှ အလျင်အမြန်ပြေးထွက်သွားရာ ပိုင်ရှန်းကျစ် လှမ်းခေါ်ရန်ပင် အချိန်မမှီလိုက်ချေ။ လူငယ်လေးမှာ တံခါးဝတွင်ပျောက်ဆုံးသွားပြီး ပိုင်ရှန်းကျစ် ဘေးဘီဝဲယာသို့ လိုက်ကြည့်လိုက်သော်လည်း အစအနကိုပင် မမြင်လိုက်ရပေ။


ထိုကလေးပြေးသွားသည်မှာ အလွန်လျင်မြန်လွန်းလှပြီး အမှန်တကယ်ကိုပင် ဂိမ်းကစားသည့်အကြွေစေ့များဖြင့် ငွေချေသွားခဲ့သည်။ ပိုင်ရှန်းကျစ် သူ၏လက်ထဲမှာ အကြွေစေ့လေးစေ့ကို စူးစမ်းနေမိသည်။ အကြွေစေ့များမှာ လက်ဖဝါးတစ်ဝက်စာခန့်ရှိပြီး ဖောက်ထွင်းမြင်နိုင်သည့်အသားဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့မှာ ပလတ်စတစ် သို့မဟုတ် ဖန်ကဲ့သို့အရာမျိုးနှင့်မတူဘဲ စိန်ကဲ့သို့ခံစားရသည်။ သို့သော်လည်း မည်သူကများ ယွမ်လေးဆယ်အတွက် စိန်နှင့်ပြေးချေပါမည်နည်။ ဤသို့ဆိုပါက အရှုံးကြီးရှုံးရလိမ့်မည် မဟုတ်ပါ၏လော။ ‌အကြွေစေ့တွင် တစ်ဖက်တွင် ခြင်္သေ့ခေါင်းနှင့် တစ်ဖက်တွင် ဝံပုလွေခေါင်းရှိပြီး ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်လှသည်။ ၎င်းတို့အား သီးသန့်စုစည်းမှုအဖြစ် မှတ်ယူနိုင်ပေလိမ့်မည်။


ပိုင်ရှန်းကျစ် သူ့ကိုယ်သူ အကောင်းမြင်စိတ်အပြည့်ဖြင့်တွေးနေမိသည်။ ဆိုင်မဖွင့်ခင်မှာပင် ထမင်းအလကားတစ်နပ်ကျွေးမည်ဟု ကြံထားသော်လည်း ဘဝဆိုသည်မှာ မမျှော်လင့်သောအရာများဖြင့် ပြည့်နှက်နေစမြဲပင်။ သူအနေနှင့် အေးအေးချမ်းချမ်းနေကာ ထိုသို့သောအရာများအတွက် စိတ်ပူမနေသင့်ပေ။


အခြားတစ်ဖက်တွင်မူ တုလင်းလင်းမှာ အလကားစားပြီးထွက်ပြေးသွားသည်ဟု အထင်ခံရမည်ဖြစ်ကြောင်းကို သိရှိနေခြင်းမရှိချေ။ အနက်ရောင်အက်ကွဲကြောင်းအတွင်း ယခုလေးတင်စုပ်ယူလာသော အချိန်နှင့်အာကာသစွမ်းအင်ကို ထိန်းချုပ်ပြီး သူ့ကိုယ်သူတိုးတက်အောင်လုပ်နေခဲ့သည်။ အစောပိုင်းကပင် မြည်းစမ်းခဲ့ရသော အရသာအကြောင်း ပြန်လည်စားမြုံ့ပြန်နေရင်းနှင်ပင် အက်ကွဲကြောင်းအတွင်း ဂရုတစိုက်ပျံသန်းနေခဲ့လေသည်။


အရမ်းအရသာရှိလွန်းတယ်…. သူတကယ်ကြီး သုံးထောင်စားတော်ဆက်မှာ စားခဲ့မိတာလား… ဘယ်လိုလုပ်ပြီးသည်လောက်အရသာရှိတဲ့အရာကို သုံးထောင်စားတော်ဆက်ဆီက ရလာနိုင်တာလဲ…



🥘