Chapter 3
Viewers 2k

🥘Chapter 3




သားရဲကမ္ဘာသို့ပြန်‌လာပြီးနောက် သေးငယ်သောဂူလေးတစ်လုံးထဲတွင် တုလင်းလင်း ဆက်သွယ်ရေးစက်ကိုဖွင့်ကာ အချိန်-အာကာသာဖိုရမ်တွင် နေရာတစ်ခုရထားပြီဖြစ်သော သုံးထောင်စားတော်ဆက်ကိုရှာလိုက်သည်။ ထို့နောက် ၎င်း၏အောက်တွင် ကွန်မန့်အနည်းငယ်ရေးပေးခဲ့သည်။


[ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန် ] : သည်ကနေ့ ငါစိတ်ဝိညာဉ်ကလန်ကနေ သားရဲကလန်စီပြန်လာတော့ သုံးထောင်စားတော်ဆက်စီကို စားဖို့သွားခဲ့တယ်။ မျှော်လင့်မထားတာက အဲ့သည့်က ဝက်သားဂေါ်ဖီမွှေကြော်က အရမ်းကိုအရသာရှိနေတာပဲ။ အရင်လို မှောင်မဲပြီး ထူးဆန်းတဲ့အရသာပါတဲ့ ဟင်းမျိုးမဟုတ်တော့ဘူး။ တကယ့်ကိုအရသာရှိလို့ သွားစားကြည့်ဖို့ အသေအချာကို အကြံပေးတယ်နော်…


အက်ကွဲကြောင်းအတွင်း တစ်ခုတည်းသောစားသောက်ဆိုင်ဖြစ်သော သုံးထောင်စားတော်ဆက်၏ ဂုဏ်သတင်းမှာ ကြီးမားမနေသလို နိမ့်ကျ၍လည်း မနေပါချေ။ ခဏအကြာမှာပင် ထိုကွန်မန့်၏အောက်၌ ပြန်စာများပေါ်လာခဲ့သည်။


[ လေလွင့်ဝံပုလွေ ] : ငါတော့မယုံဘူးနော်။ နောက်လူတစ်ယောက်က ငါ့ကို သုံးထောင်စားတော်ဆက်မှာသွားဖို့ ထပ်ပြီးဖြားယောင်းနေတာပဲဖြစ်ရမယ်…


[ ငါကခြင်္သေ့ဘုရင်ပဲ ] : အရှေ့ကမန့်ကို ငါလည်းသဘောတူတယ်။ သုံးထောင်စားတော်ဆက်ဆီသွားဖို့ သည်လိုသွေးဆောင်တာမျိုးက အရမ်းကိုဒိတ်အောက်နေပြီ။ ကြည့်ရတာ သည်တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန်က မကြာသေးခင်ကမှ လိုင်းသုံးတတ်တာဖြစ်မယ်။ သည်လောက်တောင် ဒိတ်အောက်နေတဲ့နည်းလမ်းကြီးကို ဆွဲထုတ်လာတာတဲ့လား…


[ ပန်းရောင်လွှမ်းမိုးနိုင်တဲ့ကြောင်တစ်ကောင် ] : ဟားဟားဟားဟား သုံးထောင်စားတော်ဆက်က ဟင်းတွေကအရသာရှိတယ်တဲ့လား။ သည်ဟာကတကယ်ဆိုရင် ငါတိုက်ရိုက်ထုတ်လွှင့်ပြီး မစင်တောင်စားပြလိုက်ဦးမယ်…


[ အမှန်တရားကိုဖော်ထုတ်ဖို့ ရည်စူးထားတဲ့ ကျားသစ်အစ်ကိုကြီး ] : မူရင်းတင်ထားတဲ့တစ်ယောက်လိုမျိုး သုံးထောင်စားတော်ဆက်ကို သွားဖို့လှည့်စားနေတဲ့လူတွေကို ငါတော့မုန်းတယ်။ တကယ်လို့သာ တစ်စုံတစ်ယောက်က ယုံကြည်ပြီးအဲ့သည့်ကိုသွားစားခဲ့ရင်ရော။ သည်ဟာက တခြားသူတွေကို အန္တရာယ်ဖြစ်အောင်လုပ်နေတာ မဟုတ်ဘူးလား။ သုံးထောင်စားတော်ဆက်က ဟင်းတွေစားပြီးရင် တခြားဟာတွေပြန်စားနိုင်ဖို့ ခုနစ်ရက်စောင့်ရတယ်ဆိုတာ လူတိုင်းမသိကြလို့လား… သည့်အတွက်ကြောင့် လူအများကို ဘယ်လောက်တောင် စိတ်ဒဏ်ရာရသွားစေခဲ့တာကိုကော မူရင်းတင်သူက မသိဘူးလား။ မူရင်းတင်သူက သုံးထောင်စားတော်ဆက်ရဲ့ဟင်းတွေကို အရသာရှိတယ်လို့ပြောနေတော့ သည်ကျားသစ်ကပဲ မင်းကိုတိုက်ရိုက်လွှင့်ပြဖို့စိန်ခေါ်ချင်ပါတယ်နော်။ မင်းကိုယ်တိုင် သုံးထောင်စားတော်ဆက်မှာ စားပြနေတာကို တိုက်ရိုက်ထုတ်လွှင့်ပြပါ။ တကယ်လို့သာ မလုပ်ရဲခဲ့ရင်တော့ မင်းကသားရဲကလန်က အဖွဲ့သားမဟုတ်တော့ဘူး။ သားရဲကလန်ကသူတစ်ယောက်လို့ ခေါ်ကိုမခေါ်နဲ့တော့။ သည်ဟာကြီးက ငါတို့သားရဲကလန်ကို အရှက်ရအောင်လုပ်နေတာပဲ။


ကျားသစ်အစ်ကိုကြီး၏စာတင်ပြီးနောက် ပြန်စာတစ်ပုံကြီးမှာ ၎င်း၏အောက်တွင် အလျင်အမြန်ထွက်ပေါ်လာခဲ့သည်။ ဖြတ်သွားဖြတ်လာတိုင်းမှာ စိန်ခေါ်ပွဲကိုစိတ်ဝင်စားနေကြပြီး ပြဿနာတစ်စုံတစ်ရာမဖြစ်စေဘဲ လူတိုင်းမှာ မူရင်းတင်သူကိုသာ သုံးထောင်စားတော်ဆက်တွင် တိုက်ရိုက်ထုတ်လွှင့်ကာ စားသောက်ပြရန်တောင်းဆိုနေကြသည်။


[ ဝက်ဝံကလန်ရဲ့ တရားမျှတမှုအလင်းရောင် ] : ကျားသစ်အစ်ကိုကြီးကိုထောက်ခံတယ်ဟေ့။ မူရင်းတင်သူရေ အမြန်သဘောတူလိုက်တော့ကွာ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းစကားအတိုင်းလုပ်ပြရမှာပဲလေ…


[ ပင်လယ်ထဲကရေသူမ ] : ဟီးဟီးဟီးဟီး မူရင်းတင်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေတယ်နော်။ တကယ်လို့ သုံးထောင်စားတော်ဆက်ရဲ့ဟင်းတွေကသာ အရမ်းအရသာရှိတယ်ဆိုရင် မူရင်းတင်သူက ဝက်သားဂေါ်ဖီမွှေကြော်သုံးပွဲစားပြရမယ်…


[ ခြေတစ်လှမ်းနဲ့ ကြိတ်ချေမဲ့ပုရွက်ဆိတ် ] : သုံးပွဲလား။ ယုန်ပေါက်ကလေးကို အနိုင်မကျင့်ပါနဲ့ကွာ။ နှစ်ပွဲစာဆိုရင်ကို လုံလောက်နေပါပြီ။ ဒါပေမယ့် ငါ့အထင်တော့ မူရင်းတင်သူက သဘောတူရဲမှာမဟုတ်လောက်ဘူး…


တုလင်းလင်း ပို့စ်အောက်မှထွက်ပေါ်လာသော မရေတွက်နိုင်သည့်စာများကို ကြည့်ကာ အလွန်စိတ်တိုသွားရသည့်အတွက် ဒေါသအလျောက် ပို့စ်တွင်စာပြန်လိုက်မိသည်။


[ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန် ] : ဘယ်သူကမလုပ်ရဲဘူးပြောနေလို့လဲ။ သုံးထောင်စားတော်ဆက်ကဟင်းတွေက တကယ်ပဲအရမ်းအရသာရှိတာ။ နောက်သုံးရက်နေရင် ငါ အဲ့သည့်မှာ တိုက်ရိုက်ထုတ်လွှင့်ပြမယ်…


[ ခြေတစ်လှမ်းနဲ့ ကြိတ်ချေမဲ့ပုရွက်ဆိတ် ] : အိုး အိုး မူရင်းတင်သူက တကယ်ပဲသဘောတူလိုက်‌ပြီပေါ့

 အခုတော့ မင်းစကားပြန်ရုတ်လို့မရတော့ဘူးနော်….


[ ပင်လယ်ထဲကရေသူမ ] : သားရဲတစ်ကောင်ရဲ့ပြောစကားဆိုတာ သွန်ပစ်လိုက်တဲ့ရေလိုပဲ။ သည်ဘဝမှာတော့ ဘယ်တော့မှသူတို့ရဲ့စကားကို မူလအတိုင်း ပြည့်ပြည့်ဝဝပြန်မပြင်နိုင်တော့ဘူး။


[ ဝက်ဝံကလန်ရဲ့ တရားမျှတမှုအလင်းရောင် ] : မူရင်းတင်သူက အရမ်းမိုက်တာပဲ။ လုပ်ရဲကိုင်ရဲပြီးတော့ သတ္တိရှိတယ်။ ဒါပေမယ့် စကားပြန်သိမ်းတဲ့သူက ခွေးကလေးပဲနော်…


[ အစွယ်ကလန်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ထားတယ် ] : @ဝက်ဝံကလန်ရဲ့ တရားမျှတမှုအလင်းရောင်, ခွေးဖြစ်ရတာ ဘာမှားလို့လဲ။ အစွယ်ကလန်က မင်းကိုဘယ်နည်းနဲ့များ စော်ကားမိထားလို့လဲနော်။ ကျုပ်တို့ အစွယ်ကလန်ကအဖွဲ့သားတွေက ယုံကြည်စိတ်အချရဆုံးပါပဲ။ မင်းလက်မခံနိုင်ရင် ဆွေးနွေးကြတာပေါ့…


***


တစ်ဖက်တွင်မူ...

 ပိုင်ရှန်းကျစ်အတွက် ထမင်းစားခန်းနှင့်အပေါ်ထပ်မှအိပ်ခန်းကို သန့်ရှင်းနိုင်ရန် နေ့လယ်တစ်ခင်းလုံးအချိန်ယူလိုက်ရသည်။ အမှိုက်များအားလုံးကို အမှိုက်ကားသို့ ပစ်လိုက်ပြီးနောက် ဆွဲတံခါးကိုပိတ်ချကာ အာလူး ကီလိုအနည်းငယ်ဝယ်ယူရန်အတွက် ဈေးသို့သွားလိုက်သည်။ သူ့ဦးလေး၏စာထဲတွင် မှာခဲ့သည့်အတိုင်း အထူးဧည့်သည်များကို မရောင်းခင် ဟင်းချက်အမယ်များကို အခန်း‌ငယ်လေးတွင် တစ်ရက်သိုလှောင်ထားရမည်ဖြစ်သည်။ သို့သော်လည်း မည်ကဲ့သို့သောဧည့်သည်များမှာ ထူးခြားသည်ဟုခေါ်နိုင်ကြောင်းကို သူ မ‌သိနေသောကြောင့် ဟင်းသီးဟင်းရွက်များ ပိုမိုဝယ်ယူကာ အားလုံးကိုအခန်းငယ်လေးထဲတွင် သိုလှောင်ထားရန် ဆုံးဖြတ်လိုက်သည်။ နောင်အချိန်များတွင် အခန်းငယ်လေးထဲ၌ သိုလှောင်ထားသော ဟင်းချက်အမယ်များဖြင့် ပြုလုပ်ထားသည့်ဟင်းလျာအားလုံးမှာ အထူးဧည့်သည်တိုင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ပင်။


ပိုင်ရှန်းကျစ် ဟင်းသီးဟင်းရွက်များကို ပိုမိုဝယ်ယူထားရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ သူများစွာမဝယ်ခဲ့မိပေ။ သုံးထောင်စားတော်ဆက်မှာ ဝေးလံခေါင်သီသောအရပ်တွင်ရှိပြီး အခန်းငယ်‌လေးရှိ သူ့ဦးလေး၏ဟင်းချက်အမယ်မှာလည်း မရှိသလောက်ရှားပါးသောကြောင့် ပါဝင်ပစ္စည်းအများအပြားဝယ်ယူနေရန်မလိုချေ။


ဈေးတန်းအတွင်း ဟိုဟိုသည်သည်လျှောက်ပတ်သွားကြည့်ခဲ့သော်လည်း အဆုံး၌ အာလူးကီလိုအနည်းငယ်ဝယ်ယူခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ မနက်ခင်းတွင်တွေ့ခဲ့သော ဝက်သားဆိုင်ရှင် လူကြီးမင်းဝမ်ထံမှ ဝက်သားနှစ်တွဲအော်ဒါတင်ထားခဲ့ပြီး ဆိုင်ပိတ်ခါနီးဖြစ်နေသည့် ဆံပင်ဖြူဖြူနှင့် ဟင်းရွက်ဆိုင်ပိုင်ရှင်အဖွားအိုကိုမူ မနက်ဖြန်အတွက် ဂေါ်ဖီမလိုသေးကြောင်း ပြောကြားလိုက်သည်။ ခေါက်ဆွဲဆိုင်ရှေ့သို့ ဖြတ်သွားမိရင်းမှ အဖြူရောင်ခေါက်ဆွဲများကို မြင်လိုက်ချိန်၌ ယနေ့ညညစာမှာ ၎င်းတို့ပင်ဖြစ်ရမည်ဟု ပိုင်ရှန်းကျစ်ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်သည်။


သုံးထောင်စားတော်ဆက်သို့ ပြန်ရောက်ချိန်တွင် ပိုင်ရှန်းကျစ် ဝယ်လာသမျှကို အခန်းငယ်လေးထဲ၌ ထည့်ထားလိုက်ပြီး ညစာပြင်ရန်အတွက် မီးဖိုချောင်သို့လာလိုက်သည်။ နေ့လယ်စာစားစဉ်အခါက အသားမပါလေရာ ယခုအချိန်၌ သူအသားစားရန် ဆန္ဒပြင်းပြနေမိသည်။ ထို့အတွက်ကြောင့် အခန်းငယ်အတွင်း သိုလှောင်ထားသည့်ဝက်သားအပိုင်းမှ အဆီမပါသောအသားကိုယူကာ လှီးဖြတ်ထားလိုက်သည်။ အချိန်မှာ ညနေ၆နာရီလည်းကျော်နေပြီဖြစ်သောကြောင့် ညစာအတွက် ဝက်သားအစပ်ကြော်ခေါက်ဆွဲကို အမြန်လုပ်ရန် ပြင်လိုက်ရသည်။


ဝက်သားအစပ်ကြော်မှာ စီချွမ်အရပ်မှ ဟင်းလျာတစ်မျိုးဖြစ်ပြီး ထမင်းနှင့်တွဲဖက်စားပါက ၎င်း၏စားချင်စဖွယ် အရသာရှိခြင်းကြောင့် အဓိကကျော်ကြားလှသည်။ သေချာပေါက်ပင် ခေါက်ဆွဲနှင့်တွဲဖက်မည်ဆိုပါလျှင်လည်း ကောင်းစွာအလုပ်ဖြစ်နေသေးသည်။


ပိုင်ရှန်းကျစ် လတ်ဆတ်သောဝက်သားကို အပိုင်းသေးသေးများဖြစ်အောင် လှီးဖြတ်လိုက်ပြီး ၎င်း၏နူးညံ့မှုကို ထိန်းသိမ်းပေးရန်အတွက် ကန်စွန်းဥမှုန့်ကိုပေါင်းထည့်လိုက်သည်။ ငရုတ်သီးနှင့် စီချွမ်ငရုတ်ကောင်းတို့ကိုလည်း အပိုင်းပိုင်းဖြစ်သွားသည်အထိ လှီးထားလိုက်ကာ ကြက်သွန်ဖြူကိုကြိတ်၍ ကြက်သွန်မြိတ်များကို စဉ်းကောလိုက်သည်။ ပါဝင်ပစ္စည်းအားလုံး အဆင်သင့်ဖြစ်သွားချိန်၌ ဒယ်အိုးကို အပူပေးကာ ပြောင်းဆီထည့်၍ ထုံစပ်စပ်အရသာရစေရန် စီချွမ်ငရုတ်ကောင်းအချို့ဖြူးပြီး ဝက်သားကိုကြော်လိုက်သည်။ ဝက်သားအရောင်ပြောင်းသွားချိန်မှာတော့ ပြန်လည်ထုတ်ယူလိုက်ပြီး ကျန်ရှိနေသေးသောဆီပူထဲတွင် ပြင်ဆင်ပြီးဖြစ်သည့် လက်ကျန်ပါဝင်ပစ္စည်းများကို ရောကြော်လိုက်သည်။ ငရုတ်သီး၏စိမ်းစိုနေသောအရောင်မှာ ဒယ်အိုးထဲတွင် တဖြည်းဖြည်းနူးအိလာကာ ကြိတ်ချေထားသော ဂျင်းနှင့်ကြက်သွန်ဖြူတို့၏ရနံ့မှာလည်း ငရုတ်ကောင်းနံ့နှင့်အတူ လွှမ်းမိုးနိုင်စွမ်းကြီးမားစွာ ထွက်ပေါ်လာသည်။


ပါဝင်ပစ္စည်းအားလုံး ရနံ့ပိုပြင်းလာသည်နှင့် ပိုင်ရှန်းကျစ် ချက်ထားပြီးသော ဝက်သားကြော်များကို ဒယ်အိုးထဲပြန်ထည့်လိုက်ပြီး စီချွမ်ဟင်းလျာ၏အသက်ဖြစ်သည့် ပဲအစပ်ဆော့ကိုပါ တစ်ဇွန်းအပြည့်ထည့်လိုက်သည်။ တခဏအတွင်းမှာပင် မူလအစက အရောင်အဆင်းကင်းမဲ့နေသောဝက်သားကြော်မှာ စွဲမက်ဖွယ်ကောင်းသောအနီရောင်အဖြစ် ပြောင်းသွားခဲ့သည်။ ကြော်ရင်းကြော်ရင်းဖြင့် ဟင်းလျာမှာ စပ်ရှကာရနံ့သင်းပျံ့လာပြီး သုံးထောင်စားတော်ဆက်တစ်ခုလုံး၏ အရသာခံဖုများအား နှိုးဆွပေးနေသည်။ အားလုံးပြီးစီးသွားသည့်အခါ ပိုင်ရှန်းကျစ်လည်း ဆားအနည်းငယ်ဖြူး၍ မီးပိတ်ကာ ဟင်းကိုပန်းကန်ထဲလောင်းထည့်လိုက်သည်။


ဝက်သားကြော်၏လွှမ်းမိုးနိုင်စွမ်းရှိသော လေထုအတွင်း ပိုင်ရှန်းကျစ် ဒယ်အိုးကိုပြန်ဆေးကာ ရေပြန်တည်ထားလိုက်သည်။ ရေနွေးဆူလာသည်နှင့် ဆေးကြောထားသော ဂေါ်ဖီနှစ်ရွက်ကို ပစ်ထည့်လိုက်ပြီး တစ်ဖန်ပြန်လည်ဆူလာချိန်၌ အဖြူရောင်ခေါက်ဆွဲများကို ထည့်လိုက်သည်။ ခေါက်ဆွဲများနူးအိသွားသည့်အချိန်တွင် မီးကိုပိတ်၍ ခေါက်ဆွဲကိုစစ်ယူကာ ဝက်သားကြော်ထဲသို့ရောထည့်လိုက်သည်။ တူဖြင့်မွှေနေရင်း ခေါက်ဆွဲများပေါ်တွင် အနီရောင်အဆီလွှာတစ်ခု ဖုံးအုပ်သွားကာ စားချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။ ငရုတ်သီး၏အစိမ်းရောင်နှင့်အတူ အနှီဝက်သားအစပ်ကြော်ခေါက်ဆွဲမှာ အရသာခံဖုများကို တိုက်ရိုက်နှိုးဆွပေးနိုင်သည့်


ထုံစပ်စပ်အနံ့အရသာဖြင့် မယုံနိုင်စရာကောင်းလောက်အောင် အရောင်အသွေးစုံလင်နေခဲ့သည်။


“ ဝါးးး အနံ့လေးက မွှေးနေတာပဲ…”


ပိုင်ရှန်းကျစ် လှည့်ကြည့်လိုက်ချိန်၌ စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုကိုသာဝတ်ဆင်ထားပြီး ခြေညှပ်ဖိနပ်စီးထားသော လူငယ်လေးကို မြင်လိုက်ရသည်။ ထိုသူမှာ လေထဲတွင် အနံ့ခံရင်းဖြင့် မီးဖိုချောင်တွင်းသို့ လျှောက်ဝင်လာကာ စားချင်စဖွယ်ဖြစ်နေသော ခေါက်ဆွဲပန်းကန်ကိုကြည့်လျက် မေးလာသည်။


“ သည်ဟာက ဘာလဲဟင်…”


ပိုင်ရှန်းကျစ်ပြန်ဖြေလိုက်သည် “ ဝက်သားအစပ်ကြော်ခေါက်ဆွဲပါ…”


“ ဒါဆို တစ်ပွဲပေးပါ…”


ပိုင်ရှန်းကျစ် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ပြန်ဖြေလိုက်မိသည် “ အာ သည်ကနေ့ဆိုင်မဖွင့်သေးဘူးဗျ…”


ထိုအချိန်မှသာ ခေါက်ဆွဲပေါ်တွင်သာရှိနေသော လူငယ်လေး၏အကြည့်မှာ ပိုင်ရှန်းကျစ်စီသို့ ရောက်လာပြီး ထူးဆန်းနေဟန်ဖြင့် မေးလာသည်


 “ ဘယ်သူပါလဲ… ပြီးတော့ ပိုင်စုန့်ကော ဘယ်မှာလဲ…”


“ ပိုင်စုန့်က ကျွန်တော့်ဦးလေးပါ… ကျွန်တော်ကတော့ ပိုင်ရှန်းကျစ်လို့ခေါ်ပါတယ်…သည်ဘက်က ဘယ်သူလဲဆိုတာ မေးလို့ရနိုင်မလား…” ပိုင်ရှန်းကျစ် ပြန်ဖြေလိုက်သည်။


ထိုသူ၏မျက်လုံးများမှာ ခေါက်ဆွဲပေါ်တွင်သာ ပြန်လည်ကျရောက်သွားပြီး ဖြေလာခဲ့သည်


 “ လျိုချင်းရှန်ပါ … ငါကမင်းဦးလေးရဲ့ မြေပိုင်ရှင်ပဲ… သည်ဈေးဆိုင်ကလည်း ငါ့အပိုင်လေ…”


သည်လိုဆိုရင် ဒီလူက ဈေးဆိုင်ငယ်လေးရဲ့ သေခြင်းရှင်ခြင်းအာဏာကိုင်ထားတဲ့ မြေပိုင်ရှင်ကြီးပေါ့…ပိုင်ရှန်းကျစ် ခေါက်ဆွဲပန်းကန်ကို အရှေ့သို့တိုးကာ ပြောလိုက်သည် “ 


လူကြီးမင်းလျို သည်ခေါက်ဆွဲပန်းကန်က မထိရသေးပါဘူး…ကျေးဇူးပြုပြီး မြည်းစမ်းကြည့်လို့ရပါတယ်…အခု လူကြီးမင်းလဲရောက်လာပြီဆိုတော့ တစ်ခါတည်းပြောရတာပေါ့… သည်အချိန်ကစပြီး ကျွန်တော်က သုံးထောင်စားတော်ဆက် ကိုဆက်လက်တာဝန်ယူသွားမှာပါ…စားပြီးသွားရင် ဆိုင်ရဲ့တိုးတက်မှုအတွက် လွတ်လွတ်လပ်လပ်အကြံပေးနိုင်ပါတယ်…”


လျိုချင်းရှန်မှ လက်ကိုယမ်းကာ ပြောလာသည် “ မဟုတ်တာ သည်ဟာကမင်းရဲ့ညစာပဲ…ဒါပေမယ့် ပြောနေတော့လည်း နည်းနည်းတော့ မြည်းကြည့်မယ်နော်…”


ပြောပြီးသည်နှင့် ထိုသူမှာ ခေါက်ဆွဲပန်းကန်ကို မီး‌ဖိုချောင်အပြင်ဘက်သို့ပင် မထုတ်နိုင်တော့ဘဲ မထိုင်ချခင် ခေါက်ဆွဲတစ်လုတ်စာခန့် ယူကာ ဝူးဝူးဝါးဝါးဖြင့်ပြောလာသည် “ အမ်းးး အရသာရှိလိုက်တာ… အရမ်းအရသာရှိတာပဲ…”


ထိုအသံကိုကြားလိုက်ရချိန်တွင် ပိုင်ရှန်းကျစ် ဖျော့တော့စွာပြုံးလိုက်သည်။ အကယ်၍သာ မြေရှင်မှ သူ၏ဆိုင်ကိုလက်ခံပါက ပိုမိုကောင်းမွန်ပေလိမ့်မည်။ ပိုင်ရှန်းကျစ် အသားတစ်ပိုင်းကို ထပ်မံထုတ်ယူကာ ခေါက်ဆွဲနောက်ထပ်တစ်ပန်းကန်ပြင်ရန် ပြင်ဆင်လိုက်သည်။


အပြင်ဘက်တွင်ရှိသော လျိုချင်းရှန်မှာမူ အပြည့်အဝဖမ်းစားခံလိုက်ရပြီဖြစ်သည်။ သူ၏အရှေ့မှ ဝက်သားအစပ်ကြော်ခေါက်ဆွဲပန်းကန်မှာ မယုံနိုင်စရာကောင်းစွာ မွှေးရနံ့သင်းပျံ့နေပြီး မြည်းစမ်းကြည့်လိုက်ချိန်၌ ပို၍ပင်အံ့ဩစရာကောင်းနေခဲ့သည်။ ပါးစပ်ထဲတွင် အရည်ပျော်သွားသည့် အဆီအလွှာအုပ်ထားသော ခေါက်ဆွဲနှင့်အတူ အစပ်နှင့်လန်းဆန်းမှု၏အရသာတို့မှာ ပြီးပြည့်စုံစွာပေါင်းစပ်နေသည်။ ထုံစပ်စပ်အရသာမှာ လျှာပေါ်တွင်ပြန့်ကြဲနေပြီး အငန်အရသာမှ ၎င်းကိုပို၍မြင့်တက်သွားစေကာ သူ၏ဦးနှောက်အား မရပ်မနားနိုင်သောခွန်အားဖြင့် နက်နက်ရှိုင်းရှိုင်းထုနှက်နေခဲ့သည်။


အရသာရှိတယ်… အရမ်းအရသာရှိတာ…လုံးဝကို အရသာရှိတယ်…


လျိုချင်းရှန်၏စိတ်ထဲတွင် ဤဖော်ပြချက်တစ်ခုသာကျန်ရစ်လေသည်။ ထိုအခိုက်အတန့်အတွင်း သူ၏နှစ်နှစ်ဆယ်ကျော်ကြာ စားခဲ့သောခေါက်ဆွဲများမှာ ခေါက်ဆွဲမဟုတ်ခဲ့ဘူးဟူ၍ပင် ခံစားလိုက်ရသည်။ သူအရှေ့မှခေါက်ဆွဲသည်သာ ခေါက်ဆွဲဟုဆိုနိုင်ပြီး အနှီဝက်သားအစပ်ကြော်ခေါက်ဆွဲမှာ အလွန်တရာအရသာရှိလွန်းလှသည်။


အသားတစ်ဖတ်အား ပါးစပ်ထဲသို့ထည့်ကြည့်လိုက်ချိန်၌ လျိုချင်းရှန် ငိုမိမလိုပင်ဖြစ်သွားရသည်။ ဘုရားရေ… သည်ဟာက ဝက်သားလား… တကယ်ကြီးဝက်သားလား…လုံးဝကို မာတောင့်မနေဘဲ နူးညံ့လွန်းတယ်…ဝူးဝူး ဝူးး တကယ်ကြီးကို သည်ဟာကအရသာရှိနေတာ…


ပထမတစ်လုတ်စားပြီးနောက် ဒုတိယတစ်လုတ်ကို ထပ်စားချင်နေသည်။ လျိုချင်းရှန်၏အရှိန်မှာ တဖြည်းဖြည်းနှင့် နှစ်ဆဖြစ်လာကာ နှစ်မိနစ် သုံးမိနစ်အတွင်းမှာပင် ခေါက်ဆွဲတစ်ပန်းကန်လုံးပြောင်ရှင်းသွားခဲ့သည်။ ကျန်ရှိနေသေးသော ဂျင်းကြက်သွန်ဖတ်များနှင့် ငရုတ်ကောင်းစေ့များပါ ကောက်စားရန်ရွယ်နေသောကြောင့် ပိုင်ရှန်းကျစ် ကပျာကယာတားလိုက်ရပြီး ပန်းကန်ကိုအဝေးသို့ယူသွားကာ လျိုချင်းရှန်၏အရှေ့တွင် ရေတစ်ခွက်ချပေးလိုက်သည်။


“ ခေါက်ဆွဲကအတော်လေးတော့စပ်တယ်… ရေသောက်ပါဦး…”


ပိုင်ရှန်းကျစ်၏စကားကို ကြားလိုက်ရမှသာ လျိုချင်းရှန် သူ၏လျှာပေါ်တွင် ထုံစပ်စပ်အရသာ‌ရနေပြီး အနည်းငယ်မသက်မသာဖြစ်သွားရသည်။ သို့တိုင်အောင် ၎င်းမှာ ခံစား၍ကောင်းနေခဲ့သည်ပင်။


ကောင်းပြီလေ… ရေနည်းနည်းတော့သောက်လိုက်တာပေါ့…


လျိုချင်းရှန် သူ၏အရှေ့ရှိ ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။ ထုံပြီးစပ်နေသောအရသာမှာ အနည်းငယ်လျော့ပါးသွားခဲ့ကာ ပါးစပ်သုတ်ရင်းဖြင့် လျိုချင်းရှန် ပိုင်ရှန်းကျစ်ကိုကြည့်၍ ချီးကျူးလိုက်သည်


 “ အရသာရှိတယ်… အရမ်းကိုအရသာရှိတာပဲ…ဆိုင်ကဘယ်တော့တရားဝင်ပြန်ဖွင့်မှာလဲ… ငါမင်းကိုသေချာပေါက်လာအားပေးမယ်ကွာ…”


အမှန်တကယ်မှာတော့ ယခုလေးတင်မှ ခေါက်ဆွဲတစ်ပွဲစားထားပြီးသည့်တိုင် လျိုချင်းရှန်ထပ်စားချင်နေသေးသည်။


ပိုင်ရှန်းကျစ် ပြုံးလျက် ပြန်ဖြေလိုက်သည် “ မနက်ဖြန်ဆိုရင်တော့ တရားဝင်ပြန်ဖွင့်ပါပြီ…”


လျိုချင်းရှန်မှ တက်တက်ကြွကြွဖြင့် လက်ခုပ်လက်ဝါးတီးကာ ပြောလာခဲ့သည်


 “ ကောင်းတာပေါ့… မနက်ဖြန်ကျရင် ငါမင်းကိုအားပေးဖို့ တကယ်လာခဲ့မှာ စိတ်ချ…”


“ ကျေးဇူးတင်ပါတယ်…” ပိုင်ရှန်းကျစ် ပြန်ဖြေလိုက်သည်။


“ အင်း..” ခေါက်ဆွဲစားပြီးချိန်မှသာ လျိုချင်းရှန် လာရင်းကိစ္စကို ပြန်လည်သတိရသွားခဲ့သည် “ အာ ဒါနဲ့ သည်လကကုန်တော့မှာဆိုတော့ ဆိုင်ခန်းငှားခပေးရမဲ့ရက်က နောက်လ၂ရက်နေ့ဆိုတာ သတိပေးရဦးမယ်…”


ပိုင်ရှန်းကျစ် အံ့ဩမနေခဲ့ပါ။ တစ်ဖက်လူ၏အထောက်အထားကို သိရှိပြီးနောက် ရည်ရွယ်ချက်အား ခန့်မှန်းမိခဲ့ပြီးပြီဆိုသော်လည်း…


“ ဆိုင်ခန်းငှားခက ဘယ်လောက်လဲမသိဘူး…တစ်လချင်းပေးလား သုံးလတစ်ဖြတ်လား…”


လျိုချင်းရှန်မှ သူ့အား အံ့ဩတကြီးကြည့်ကာမေးလာသည် “ မင်းဦးလေးက မပြောသွားဘူးလား…”


ပိုင်ရှန်းကျစ် ‌မျက်လွှာချကာပြောလိုက်သည် “ ဦးလေးက အလျင်စလိုထွက်သွားရတာဆိုတော့ သည်လောက်ထိပြောဖို့အချိန်မရှိလိုက်ဘူးလေ…”


ဘယ်လောက်တောင် အရေးပေါ်ဖြစ်တာမလို့လဲ… စကားလေးတစ်ခွန်းနှစ်ခွန်းပြောဖို့တောင် အချိန်မဖယ်နိုင်ခဲ့တာလား…ပြီးတော့ ဖုန်းခေါ်လိုက်လို့ကော မရလို့လား…


ပိုင်စုန့်ကွယ်လွန်သွားကြောင်းကို သတိမပြုမိသေးသည့် လျိုချင်းရှန်မှာ စိတ်ထဲတွင်အကဲဖြတ်နေသော်လည်း အပြင်ဘက်တွင်မူ မပေါ်စေခဲ့ပေ “ သည်နေရာရဲ့စည်းမျဉ်းကတော့ တစ်လချင်းပဲပေးပေး သုံးလတစ်ဖြတ်ပဲပေးပေး ဘယ်လိုဖြစ်ဖြစ်လက်ခံတယ်…တစ်လကိုတော့ ယွမ်၁၀၀၀၀ကျပြီး သုံးလဆိုတော့ ၃၀၀၀၀ပေါ့…”


လျိုချန်းရှန်ကို ပြန်ပို့ပေးပြီးနောက် ပိုင်ရှန်းကျစ် ခေါက်ဆွဲတစ်ပွဲထပ်ပြင်ရင်းဖြင့် စိတ်ထဲတွင်အနည်းငယ်ခါးသီးနေခဲ့သည်။ လက်ရှိတွင် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုမှ ငွေ၆ထောင် ၇ထောင်သာ ရသေးသည်ဖြစ်ရာ ဤနေရာ၏ငှားရမ်းခမှာ တစ်လလျှင် ယွမ်၁သောင်းကျသင့်သည်။ အကယ်၍သာ သုံးထောင်စားတော်ဆက်၏ စီးပွားရေးမှာဆိုးရွားခဲ့ပါလျှင် သူအနေနှင့်အရှုံးပေါ်ခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။


 မည်သည့်နေရာကများ ငှားရမ်းခ ယွမ်၁သောင်းကို သူရနိုင်ပါမည်နည်း…



🥘