Chapter 4
Viewers 2k

🥘Chapter 4



နောက်တစ်နေ့တွင် ဆိုင်ပြန်ဖွင့်လေပြီ။


 ပိုင်ရှန်းကျစ် လာပို့ထားသော ဝက်သားနှင့်ဂေါ်ဖီထုပ်များကို အခန်းငယ်ထဲတွင်ထည့်ကာ အပြင်ဘက်တွင်ထိုင်ပြီး စားသုံးသူအလာကို စောင့်ဆိုင်းနေခဲ့သည်။ နေ့လယ်ခင်းရောက်လာသည့်တိုင် ဝယ်သူတစ်ဦးတလေပင် မပေါ်လာသေးချေ။ ဦးလေးဖြစ်သူ၏စီးပွားရေးမှာ များစွာမကောင်းလှသော်လည်း ထိုမျှအထိဆိုးရွားနေမည်ဟု မထင်ထားသောကြောင့် ပိုင်ရှန်းကျစ် သက်ပြင်းသာ အသာအယာချလိုက်မိသည်။ သူတို့ထံ ပုံမှန်လာနေကျဖောက်သည်ပင် အမှန်တကယ်မရှိနေပါ၏လော…


ပထမဆုံးနေ့တွင် ဆိုင်ကိုလာပြီး ကျွမ်းကျင်စွာမှာယူသွားခဲ့သော ယုန်နားရွက်နှင့်လူငယ်လေးအကြောင်းကို ပြန်တွေးမိသွားသောကြောင့် ပိုင်ရှန်းကျစ် ကူကယ်ရာမဲ့စွာဖြင့် ကိုယ့်နဖူးကိုယ်ပွတ်လိုက်မိသည်။ အကယ်၍ ပုံမှန်လာနေကျဖောက်သည်များသာ ထိုလူငယ်လေးအတိုင်းဆိုလျှင် ဤကဲ့သို့လူနည်းနည်းရှိပါက ‌ပို၍ကောင်းပေးလိမ့်မည်။


အချိန်တစ်ခုကြာသည်အထိ စောင့်ဆိုင်းပြီးနောက် လာမည်ဟုပြောထားသည့်အတိုင်း လျိုချင်းရှန်မှာ ညှပ်ဖိနပ်စီး၍ ရောက်ချလာကာ အရှေ့တွင်ထိုင်နေသော ပိုင်ရှန်းကျစ်ကိုမြင်သည်နှင့် သူ၏မျက်လုံးများတောက်ပသွားရသည်။ လျိုချင်းရှန် အလျင်အမြန်မေးလိုက်မိသည်


 “ ညီအစ်ကို မနေ့ကလိုခေါက်ဆွဲမျိုးရှိသေးလား…”


ပိုင်ရှန်းကျစ် ချက်ချင်းထရပ်ကာ ပြုံးပြလိုက်သည် “ ရှိတာပေါ့… လျိုကော ပါဆယ်ကြီးယူမလား အသေးပဲယူမလား…”


အစ်ကိုဟုအခေါ်ခံရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း တချို့သောအကြောင်းပြချက်များကြောင့် လျိုချင်းရှန် အနည်းငယ်ကို့ရို့ကားယားဖြစ်သွားရသည်။ သူချောင်းတစ်ချက်ဟန့်ကာ ပြန်ဖြေလိုက်မိသည်


 “ ဟေးး ဘာလို့ငါ့ကိုအစ်ကိုလို့ခေါ်နေတာလဲ…ငါကအခုမှ နှစ်ဆယ့်လေးနှစ်ပဲရှိသေးတာပါနော်… သည်အတိုင်းချင်းရှန်ပဲခေါ်ပါကွာ…”


လျိုချင်းရှန်မှာ တကယ့်ကိုပင် ပိုင်ရှန်းကျစ်နှင့်အသက်အတူတူ နှစ်ဆယ့်လေးနှစ်သာ ရှိသေးသောကြောင့် အစ်ကိုဟူ၍ မခေါ်သင့်ပေ။ ပိုင်ရှန်းကျစ်လည်း လျိူချင်းရှန်၏စကားအတိုင်း ရေလိုက်ငါးလိုက်ပြောလိုက်သည် “ ကောင်းပါပြီ ချင်းရှန် သည်လိုဆိုရင် ကျွန်တော့်ကိုလည်း နာမည်အတိုင်းပဲခေါ်ပါ…”


အကြမ်းဖျင်းနှုတ်ဆက်စကားအနည်းငယ်ဆိုပြီးနောက် လျိုချင်းရှန် ဆက်မစောင့်နိုင်တော့ပေ။ စကားဝိုင်းကို အလျင်အမြန်လမ်းကြောင်းပေါ် ပြန်တွန်းပို့ကာ မေးလိုက်မိသည် “ ရှန်းကျစ် ပါဆယ်ကြီးက ဘယ်လောက်ကြီးလဲ…အသေးကကော ဘယ်လောက်ကျမလဲ…”


ပိုင်ရှန်းကျစ် ရှင်းပြလိုက်သည် “ ပါဆယ်ကြီးက ခေါက်ဆွဲသုံးလျန်ပါ… အသေးကတော့ နှစ်လျန်ပေါ့…”


လျိုချင်းရှန် ခဏကြာ အံ့အားသင့်နေပြီးနောက် ပြောလိုက်သည် “ သည်လိုဆိုရင် ငါ့ကိုပါဆယ်အကြီးနှစ်ပွဲပေးပါ…”


ပိုင်ရှန်းကျစ် ခေါင်းညိတ်ပြလိုက်ပြီး ခေါက်ဆွဲများကို ပြင်ဆင်ရန် မီးဖိုချောင်တွင်းသို့ဝင်သွားလိုက်သည်။ လျိုချင်းရှန်သည်လည်း ‌ထိုင်ကာစောင့်ဆိုင်းနေရင်းဖြင့် ဂိမ်းတစ်ခုကို ကစားနေခဲ့သည်။ သို့သော်လည်း ဂိမ်းမှာတစ်ဝက်သာရှိနေသေးသည့်အချိန်၌ မီးဖိုချောင်တွင်းမှ မွှေးပျံ့သော စပ်ရှရှအနံ့မှာ ထွက်ပေါ်လာသည်။


လျိုချင်းရှန်၏လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူ့နှာခေါင်းမှာ ဆက်တိုက်ဆိုသလို ရှုံချီပွချီဖြစ်နေခဲ့သည်။ ယမန်နေ့မှ အရသာရှိသောခေါက်ဆွဲ၏ မှတ်ဉာဏ်များမှာ သူ၏ပါးစပ်ထဲတွင် ပြန်လည်ဖြစ်ပေါ်လာပြီး ထိန်းချုပ်မရနိုင်အောင် တံတွေးတစိုစိုဖြစ်နေရသည်။ ထို့အတွက်ကြောင့် သူ၏လက်ထဲမှဂိမ်းသည်ပင် ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည်။


မျက်နှာပြင်ပေါ်မှ သူ၏အဖွဲ့သားများမှာမူ လျိုချင်းရှန်အား အရူးအမူးခေါ်နေကြသည်။


“ သောက်ကျိုးနည်း ဘာလို့အခုထိရပ်နေတာလဲ… ရန်သူလာနေပြီလေ အမြန်ငုံ့နေစမ်းပါ…”


“ လျိုချင်းရှန် မင်းကိုမင်းအမေလာရိုက်နေလို့လား…မြန်မြန်ရွှေ့စမ်းပါဟ…”


“ မိန်းမလှလေး ဒါမှမဟုတ် တစ်ခုခုကိုကြည့်နေလို့များလား…”


အဆုံး၌ သတိပြန်ဝင်လာပြီး မျက်နှာပြင်ပေါ်မှ အဖွဲ့သားများ၏စာများကိုကြည့်ကာ လျိုချင်းရှန်ကြောင်အသွားရသည်။ ဂိမ်းဆော့နေစဉ်အတွင်း သူ၏ချစ်သူကောင်မလေးပင် အာရုံလွင့်အောင်မလုပ်နိုင်ခဲ့သော ယခင်လျိုချင်းရှန် ဟုတ်ပါ၏လော။ သူ အခြားတစ်ယောက်ယောက်နှင့်များ ပူးကပ်ခံရသည်မှာ ဖြစ်နိုင်မည်လား…


အဖွဲ့သားများ၏ခန့်မှန်းချက်များကို လျစ်လျူရှုကာ ဖုန်းကိုပိတ်ချလိုက်ပြီး ရနံ့များမွှေးပျံ့နေသော မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ စိတ်လှုပ်ရှားဖွယ်ရာ မွှေးရနံ့မှာ ပိုမိုပြင်းထန်လာသောကြောင့် လျိုချင်းရှန် တံတွေးများ မထိန်းချုပ်နိုင်ဘဲ ထွက်ကျလာမည်ကိုစိုးသည့်အတွက် ပါးစပ်ကိုအမြန်ပိတ်ထားလိုက်ရသည်။


မိနစ်အနည်းငယ်ထပ်မံစောင့်ဆိုင်းပြီးနောက် လျိုချင်းရှန် သူအကြိမ်ရေမည်မျှပင်တံတွေးမြိုချမိကြောင်း မရေတွက်နိုင်တော့ပါ။ ဝက်သားအစပ်ကြော်ခေါက်ဆွဲကျက်သွားချိန်၌ သူကပျာကယာပြောလိုက်ရသည် “ ရှန်းကျစ် သည်မှာမစားတော့ဘူး… ငါ့အတွက်ထုပ်ပေးလိုက်နော်… “


သူ၏ဆိုင်တွင်ပါဆယ်ဘူးများမရှိသေးသောကြောင့် ပိုင်ရှန်းကျစ် အချိန်ခဏမျှတုန့်ဆိုင်းသွားရသည်။ သူ ခေါက်ဆွဲများကို ကြွေပန်းကန်လုံးထဲလောင်းထည့်ကာ အပေါ်မှာပလတ်စတစ်အစဖြင့် အုပ်ပေးလိုက်ပြီးနောက် လျိုချင်းရှန်ကိုပေးလိုက်သည် “  အခုကပါဆယ်ဘူးတွေမရှိသေးဘူးဆိုတော့ သည်အတိုင်းပဲယူသွားလိုက်ဦးနော်… အချိန်ရမှပဲ ပန်းကန်တွေပြန်လာပေးလို့ရပါတယ်….”


လျိုချင်းရှန် မျက်လုံးများပန်းကန်တွင် ပီကေလိုကပ်နေလျက် ပန်းကန်လုံးနှစ်လုံးကိုယူလိုက်သည်။ ထို့နောက် ယောင်ဝါးဝါးဖြင့် ခေါင်းညိတ်ကာပြောလိုက်မိသည် “ ကောင်းပြီ ကောင်းပြီ…”


လျိုချင်းရှန် သုံးထောင်စားတော်ဆက်မှ ပြန်ထွက်သွားသည်ကို ကြည့်ရင်းဖြင့် ပိုင်ရှန်းကျစ် တစ်ဖန်ထပ်မံ၍အားလပ်သွားသည်ဟု ခံစားလိုက်ရသည်။


ပန်းကန်လုံးများကိုသယ်ကာ အိမ်တွင်းသို့ဝင်လိုက်သည်နှင့် သူ၏မိခင်ဖြစ်သူမှာလည်း မီးဖိုချောင်ထဲမှ ခေါက်ဆွဲအေးတစ်ပန်းကန်ကိုယူကာ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့အားမြင်လိုက်သည်နှင့် လျိုမားမားမှာ စတင်ဆူပူလာခဲ့သည် 


“ လျိုချင်းရှန် မနက်‌အစောကြီး ဘယ်မှာအလေလိုက်နေတာလဲ…ငါနင့်ကိုခေါ်နေတာဖြင့် ကြာလှနေပြီ… လက်ထဲမှာကော ဘာတွေကိုင်လာတာလဲဟဲ့…”


မိခင်ဖြစ်သူ၏ ခပ်တင်းတင်းအကြည့်အောက်တွင် လျိုချင်းရှန် မသိစိတ်မှတုန်ယင်လာရသည်။ မိခင်၏မေးခွန်းကိုကြားလိုက်ချိန်တွင် ကိုင်ထားခဲ့သည့် ပန်းကန်လုံးပူပူများကို ကပျာကယာချထားလိုက်မိသည်။


မိနစ်အနည်းငယ်ကြာ ထပ်မံစောင့်ဆိုင်းပြီးနောက် လျိုချင်းရှန် မည်မျှပင်တံတွေးမြိုချခဲ့မိကြောင်း သူ့ကိုယ်သူမသိနေပေ။ ထမင်းစားစားပွဲတွင် လျိုချင်းရှန် နားရွက်ကိုထိကာ မိခင်ဖြစ်သူအား ချော့မော့ပြောဆိုရသည် “ အမေ မနေ့က ကျွန်တော်အရမ်းအရသာရှိတဲ့ခေါက်ဆွဲစားခဲ့တယ်လို့ ပြောခဲ့ပါကော…သည်နေ့မနက်ပဲသွားထွက်ဝယ်လာတာလေ… မြည်းကြည့်ပါဦး အဲ့ဆိုင်က တကယ်အရသာရှိတာ…”


လျိုမားမား၏အကြည့်မှာ မလှမ်းမကမ်းမှ ပလတ်စတစ်စဖြင့်ဖုံးထားသော်လည်း အပူကိုထိန်းသိမ်းထားဆဲဖြစ်သည့် ပန်းကန်လုံးများစီသို့ ရောက်သွားခဲ့သည်။ သူမ မျက်ခုံးကိုကြုတ်ကာ ပြောလိုက်မိလေသည် “ ဘာတွေထပ်စားနေပြန်တာလဲ… နင်သိတာကစားဖို့ကြီးပဲ…အလုပ်လဲမလုပ် ချစ်သူလဲမထား…နင့်ဗိုက်လဲနင်ပြန်ကြည့်ဦး… အဖေလုပ်တဲ့သူကိုတောင် အမီလိုက်တော့မယ်…တနေ့တနေ့ စားဖို့ပဲတွေးနေတာကိုး…”


လျိုချင်းရှန် မနေနိုင်ဘဲ ပြန်ပြောလိုက်မိသည် “ အမေကလည်း တကယ်အရသာရှိပါတယ်ဆို…”


လျိုမားမားမှ နှာခေါင်းရှုံ့လျက် ပြောလာသည် “ နင့်လိုကောင်စုတ်လေးကပဲ သည်လိုဟာတွေစားရတာကြိုက်မှာ…ဘယ်လိုခေါက်ဆွဲမျိုးမလို့လဲ… အရွက်ကအရွက် ခေါက်ဆွဲကခေါက်‌ဆွဲ သပ်သပ်စီဖြစ်ရမှာပေါ့… အတူရောလိုက်တာနဲ့ထူးဆန်းနေပြီ သည်ဟာကဘယ်လိုလုပ်ပြီး အရသာရှိနိုင်မှာလဲ…ပြီးတော့ သည်နေ့အပြင်ကအပူချိန်ကို နင်မကြည့်ခဲ့ဘူးလား… သုံးဆယ့်ကိုးဒီဂရီတောင်ရှိနေတာ…ငါ့ကိုအပူတွေစားခိုင်းပြီး ဒုက္ခပေးမလို့လားဟဲ့…ဘာလဲ သည်အမေကို အပူကျွေးသတ်ပြီး ငါ့အိမ်ကိုအမွေယူမလို့လား…”


လျိုချင်းရှန် သက်ပြင်းသာချလိုက်မိသည် “ ထားလိုက်ပါတော့ အမေမစားချင်ရင် သားပဲစားလိုက်မယ်…”


ပန်းကန်ကိုမထိလိုက်ခင်မှာပင် လျိုမားမားမှ သူ၏လက်ကိုပုတ်ချကာ သူ့ကိုကြည့်၍ပြောလာသည် “ မစားရဘူး… နင့်အမေက အိမ်မှာပင်ပင်ပန်းပန်းရုန်းကန်ပြီး နင်နဲ့နင့်အဖေကိုနွားတစ်ကောင်လို လုပ်ကိုင်ကျွေးမွေးနေရတာ… ပြီးတော့ နင် နင်… နင်ကောဘာပြန်လုပ်ပေးနေလို့လဲ… အပြင်ကတွေလျောက်ဝယ်စားပြီး အမေလုပ်ပေးတာက ဘာဖြစ်သလေး ညာဖြစ်သလေးလုပ်ချင်တယ်ပေါ့လေ…”


လျိုချင်းရှန် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် တင်လိုက်ချိန်၌ မိခင်ဖြစ်သူမှပြောလာသည် “ သည်နေ့အတွက်နေ့လယ်စာကို ငါနင့်အတွက်လုပ်ပေးထားတဲ့ ခေါက်ဆွဲအေးပဲစားရမယ်…”


လျိူချင်းရှန် : “....”


မိခင်ဖြစ်သူ၏ကြောက်မက်ဖွယ်ပုံစံအောက်တွင် လျိုချင်းရှန် ထမင်းစားစားပွဲ၌ ဇနီးငယ်လေးတစ်ယောက်ကဲ့သို့သာ ဝင်ထိုင်လိုက်ရသည်။ သူပြန်သယ်လာသော ပန်းကန်လုံးနှစ်လုံးကိုကြည့်၍ တုန့်ဆိုင်းဆိုင်းဖြင့် ခေါက်ဆွဲအေးစားရန်အတွက် တူကိုကောက်ယူလိုက်သည်။


အပွင့်လင်းဆုံးဝန်ခံရမည်ဆိုလျှင် သူ့အမေ၏ခေါက်ဆွဲအေးများမှာ မဆိုးလှသော်လည်း ပိုင်ရှန်းကျစ်လုပ်ထားသည့် ဝက်သားအစပ်ကြော်ခေါက်ဆွဲနှင့် မယှဉ်နိုင်ခဲ့ပေ။ သိသိသာသာပင် ထမင်းစားစားပွဲပေါ်တွင် ပိုမိုအရသာရှိသော ဝက်သားအစပ်ကြော်ခေါက်ဆွဲများရှိနေခဲ့သော်လည်း အနည်းငယ်အရသာကင်းမဲ့နေသော ခေါက်ဆွဲအေးများကိုသာ သူစားနေရသည်။ လျိုချင်းရှန် ဆေးခါးကြီးသောက်နေရသည်ထက်ပင် ပို၍သနားစဖွယ်ဖြစ်နေသည်ဟု သူ့ကိုယ်သူတွေးမိလိုက်ပါသည်။


သူမလုပ်ထားသော ခေါက်ဆွဲအေးများကို သားဖြစ်သူစားနေကြောင်း သိလိုက်ရသည်နှင့် လျိုမားမား၏ဒေါသများမှာ တဖြည်းဖြည်းလျော့ပါးသွားရသည်။ သူမ၏အကြည့်များမှာ စားပွဲပေါ်တွင်ရှိနေပြီး ပလတ်စတစ်စဖြင့်အုပ်ထားသောကြောင့် သေသေချာချာမမြင်ရသည့် ခေါက်ဆွဲပန်းကန်လုံးများစီသို့ ရောက်သွားခဲ့သည်။ သူမ လက်ကိုဆန့်ကာ ပလတ်စတစ်စကိုဖယ်နေရင်းဖြင့် ပြောလိုက်မိသည် “ ဘယ်လိုခေါက်ဆွဲမျိုးကများ အရမ်းကောင်းနေလဲဆိုတာ ငါကြည့်ကြည့်ဦးမယ်…”


ပလတ်စတစ်အစကို ဖယ်လိုက်သည်နှင့် လျိုမားမား၏နှာခေါင်းထဲတွင် ပြင်းထန်ပြီး စားချင်စဖွယ်ဖြစ်နေသော မွှေးရနံ့များဖြင့် ပြည့်သွားကာ သူမ၏အာရုံမှာ လုံးလုံးဆိုသလို ချက်ချင်းဖမ်းစားခံလိုက်ရသည်။ အသားနှစ်ကို စွဲမက်ဖွယ်‌ဖြစ်လာစေရန် ပံ့ပိုးပေးနေစဉ်အတွင်း အသားတုံးကြီးကြီး၊ နူးညံ့သော ငရုတ်ပွစိမ်းနှင့် နီနီရဲရဲငရုတ်သီးများမှာလည်း အဖြူရောင်ခေါက်ဆွဲပေါ်တွင် ပြန့်ကြဲနေသည်။ ခေါက်ဆွဲများမှာ လတ်ဆတ်ပြီး အရသာကောင်းမည့်ပုံပင်။ သို့သော်လည်း…


“ အပြင်စာတွေဆိုတာက ဆီလဲများသလို အငန်ကဲလွန်းတယ်… များများစားရင် နင့်ကျန်းမာရေးအတွက် မကောင်းဘူး… သွေးတိုးတို့ ဆီးချိုတို့ ကိုလက်စရောမတက်ခင်တို့ အထိတော့ စားလို့ရသေးတာပေါ့…” လျိုမားမားမှ အမိန့်ထုတ်လိုက်သည်။


ခေါက်ဆွဲ၏မွှေးပျံ့နေသော လေထုအတွင်း လျိုချင်းရှန်၏ပါးစပ်ထဲတွင် တံတွေးတပြင်ပြင်ဖြစ်နေရသည်။ သူတံတွေးတစ်ချက်မြိုချလိုက်ပြီး ခေါက်ဆွဲပန်းကန်အား မျှော်လင့်တကြီးကြည့်ကာ ပြောလိုက်မိသည် “ အမေကလည်း ကျွန်တော်က ငယ်ပါသေးတယ်… အဲ့လိုမျိုးတွေမကြောက်ပါဘူး…ခေါက်ဆွဲတစ်ပွဲလောက်ပဲ ပေးစားပါဗျာ…”


“ ကိုယ့်ခေါက်ဆွဲအေးသာ ကိုယ်စားနေစမ်းပါ…” လျိုမားမားမှ သားဖြစ်သူကို ကြိမ်းမောင်းလိုက်ပြီးနောက် ခေါက်ဆွဲတစ်လုတ်စာခန့် ကောက်ယူကာ သူမ၏ပါးစပ်တွင်းသို့ထည့်လိုက်သည်။


“ အဟွတ် အဟွတ်..” လျိုမားမားမှ လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်မိသည် “ သည်ဟာတွေက ဆီများလွန်းတယ်… ငါမီးဖိုချောင်ထဲမှာ သွားသွန်လိုက်တော့မယ်..”


ပြောပြီးသည်နှင့် လျိုမားမားမှာ ပန်းကန်လုံးကိုကိုင်ကာ မီးဖိုချောင်တွင်းသို့ ပြေးဝင်သွားခဲ့သည်။ ၎င်းကိုကြည့်နေရသော လျိုချင်းရှန်မှာမူ မိခင်ဖြစ်သူ၏ စိတ်ဓာတ်ပြင်းပြနေမှုကို ခံစားမိသော်လည်း မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောရဲခဲ့ပေ။


ထိုအချိန်တွင် လျိုပါးပါးလည်း ပြန်ရောက်လာခဲ့ပြီး အိမ်တွင်းသို့ဝင်လိုက်သည်နှင့် လေထဲတွင်အနံ့ခံလိုက်ကာ လျိုချင်းရှန်ကို မေးလာခဲ့သည်


 “ မင်းအမေ ဘာတွေချက်နေတာလဲ… မွှေးလှချည်လားဟ…”


“ မိန်းမရေ ဘယ်မှာလဲ… အနံ့ကရှယ်ပဲကွာ…” လျိုပါးပါး၏ အသံဩဩမှာ အမြဲလိုပင် ကျယ်လောင်နေခဲ့သည်။ လျိုမားမားမှ သူ၏ပါးစပ်ကို ကပျာကယာလှမ်းပိတ်လိုက်သော်လည်း ခြေတစ်လှမ်းနောက်ကျသွားလေပြီ။ အသံကိုကြားလိုက်သောကြောင့် မီးဖိုချောင်အဝင်ဝတွင် ရပ်နေသောလျိုချင်းရှန်မှာ မိခင်ဖြစ်သူအား မသာမယာဟန်ဖြင့် ပြောလိုက်မိသည် 


“ အမေ…”


လျိုမားမားတစ်ယောက် ပါးစပ်တွင်းမှ အရာကို ကမန်းကတန်းမြိုချလိုက်ရပြီး တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည် “ ဘာလဲ… ဘာလဲ…နင်ပဲ သည်အမေစားဖို့အတွက် ခေါက်ဆွဲဝယ်လာပေးတာမဟုတ်ဘူးလား…စားနေတော့ကော ဘာဖြစ်လဲ…”


လျိုချင်းရှန် မျက်ရည်များပင်ဝဲလာရသည် “ သည်လိုဆိုလည်း အမေ ကျွန်တော့်ဖို့ နည်းနည်းတော့ချန်ထားပေးပါဦး…”


“ အင်းး အရသာရှိလိုက်တာ…ခေါက်ဆွဲတွေက အရမ်းကောင်းတာပဲ…မိန်းမ မင်းရဲ့ဟင်းချက်လက်ရာက အများကြီးကိုတိုးတက်လာပဲဟေ့…” လျိုပါးပါးမှ ချီးမွန်းလိုက်သည်။


လျိုချင်းရှန်နှင့် လျိုမားမားတို့မှာ အကြည့်ချင်းဆုံကာ ကိုယ်စီကိုယ်စီ အမူအယာများပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူတို့နှစ်ဦး မီးဖိုချောင်တွင်းသို့ အမြန်ပြေးသွားလိုက်ကြရပြီး လျိုချင်းရှန်မှာမူ ငိုသံပါကြီးဖြင့် ပြောလာခဲ့သည်


 “ အဖေရေ အဲ့သည့်ဟာက ကျွန်တော့်ခေါက်ဆွဲတွေလို့…”


****


လျိုမိသားစုမှ အခြေအနေများကိုမူ ပိုင်ရှန်းကျစ် လုံးလုံးပင် သတိမပြုမိခဲ့ဘဲ သုံးထောင်စားတော်ဆက်အတွင်းထိုင်ကာ ယပ်တခပ်ခပ်လုပ်နေခဲ့သည်။ ယနေ့အပူချိန်မှာ မြင့်မားပြီး လေထုသည်လည်း စိုထိုင်းနေကာ သည်အတိုင်းထိုင်နေရုံဖြင့်ပင် တစ်ကိုယ်လုံးချွေးအပြည့်ဖြစ်နေရသည်။ ပိုင်ရှန်းကျစ် သူ၏ဆိုင်တွင် လေအေးပေးစက်တပ်ဆင်မှရတော့မည်ဟု ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။ မဟုတ်ပါက သူ၏ဆိုင်သို့ ဖောက်သည်များ လာချင်ကြတော့မည်မဟုတ်ပေ။


ထိုအချိန်တွင် အုံ့မှိုင်းနေသောကောင်းကင်မှ မိုးကြိုးတစ်ချက်ဖြာထွက်သွားပြီး မိုးရေစက်ကြီးများကျဆင်းလာကာ မရေတွက်နိုင်သော မိုးသံများထွက်ပေါ်လာသည်။ နွေရာသီ၏မိုးပြေးမှာ မမျှော်လင့်ဘဲ ရောက်ချလာကာ ပြင်ဆင်ချိန်ပင် မပေးခဲ့ဘဲ မြေပြင်ပေါ်တွင် ရေများလွှမ်းသွားခဲ့သည်။


ပိုင်ရှန်းကျစ် သက်ပြင်းသာချလိုက်မိသည်။ ဤအတိုင်းဆိုလျှင် မည်သူမျှလာတော့မည်မဟုတ်ချေ။ ယခုလိုမိုးသည်းထန်နေစဉ်အတွင်း မည်သို့သောလူကများ လာစားနိုင်ပါမည်နည်း။ ထိုသို့တွေးနေချိန်မှာပင် တစ်စုံတစ်ယောက်မှာ တံခါးဝတွင်ရောက်နေခဲ့ပြီး ထိုသူမှာ ရုံးအဝတ်အစားနှင့် ရွှဲရွှဲစိုနေသည့်မိန်းကလေးတစ်ဦးပင်။


သူမ၏အဝတ်အစားနှင့်ဆံပင်များမှာ စိုစွတ်နေသောကြောင့် ပိုင်ရှန်းကျစ် ပဝါအသစ်တစ်ထည်ကမ်းပေးလိုက်ကာ ပြောလိုက်ရသည် 


“ မစ္စ ကျေးဇူးပြုပြီး အရင်ဆုံးခြောက်အောင်သုတ်လိုက်ပါဦးလား…”


ထိုမိန်းကလေးမှ အသံတိုးတိုးဖြင့် ကျေးဇူးတင်လာကာ အဝင်ဝနှင့် နီးစပ်ရာခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ဆံပင်ကိုသုတ်နေခဲ့သည်။ ပိုင်ရှန်းကျစ်လည်း သူမ၏အမူအယာကို မမြင်နိုင်သောကြောင့် အပြင်ဘက်ရှိ ရွာသွန်းနေသော မိုးရေစက်များစီသို့သာ သူ၏အကြည့်ကို လွှဲလိုက်ရသည်။


လောကတစ်ခွင်လုံး မိုးရေများဖြန်းပက်နေကာ မိုးစက်များတဖွဲဖွဲကျလျက် အရာအားလုံးကို စိုရွှဲသွားစေသည်။ မိုးပေါက်ကျသံမှာလည်း သူ၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေခဲ့လေသည်။


“ အူး…”


ဘာအသံပါလိမ့်…


“ ဝူး ဝူး ဝူး ဝူး…”


ပိုင်ရှန်းကျစ် ကူကယ်ရာမဲ့စွာဖြင့် တံခါးဝသို့ကြည့်လိုက်မိသည်။ တစ်ကိုယ်လုံးတုပ်တုပ်ရွှဲနေသော မိန်းကလေးမှာ ဆံပင်သုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုနေရာတွင်ထိုင်ကာ ငိုကြွေးနေလေသည်။


ဒါက…


ပိုင်ရှန်းကျစ် ထရပ်လိုက်ပြီး မီးဖိုချောင်တွင်းမှ ရေနွေးတစ်ခွက်ထည့်ကာ သကြားညိုအနည်းငယ်ထည့်၍ စားသောက်ခန်းရှိ မိန်းကလေးဆီသို့ လျှောက်လာခဲ့သည်။ ထို့နောက် ‌ခွက်ကို သူမရှေ့သို့ပို့ကာ ပြောလိုက်လေသည် 


“ သကြားရည်လေး သုံးဆောင်ပါဦး…”


မိန်းကလေးမှ ခွက်ကိုယူကာ အချိန်အနည်းငယ်ကြာအထိ ဆက်လက်ရှိုက်ငိုနေခဲ့သည်။ သူမ၏ခံစားချက်များ တည်ငြိမ်သွားချိန်မှသာ မျက်ရည်များကိုပြန်သုတ်လိုက်ပြီး ပိုင်ရှန်းကျစ်ကိုကြည့်၍ အားနာနေဟန်ဖြင့် ပြောလာသည်


 “ တောင်းပန်ပါတယ်… သည်နေရာက စားသောက်ဆိုင်လားဟင်… ကျွန်မ တစ်ခုခုစားဖို့မှာလို့ရမလား ..”


ပိုင်ရှန်းကျစ် ခေါင်းငြိမ့်ပြလိုက်သည် “ အသေချာပဲပေါ့… ဒါပေမယ့် အခုလောလောဆယ်တော့ မီနျုးသေချာမထုတ်ရသေးဘူးဗျ… မစ္စအနေနဲ့ အထူးတလည်စားချင်တာများ ရှိမလားမသိဘူး…”


ထိုမိန်းကလေးမှ အချိန်ခဏကြာတွေးလိုက်ပြီးနောက် ခေါင်းကိုယမ်းကာ ပြောလာသည် “ ဟင့်အင်း အခုချိန်တော့ ထူးထူးခြားခြားစားချင်နေတာ မရှိသေးလို့…”


ပိုင်ရှန်းကျစ် အကြံပေးလိုက်သည် “ တကယ်လို့မစားနိုင်ရင် အတင်းမစားပါနဲ့… ဆိုင်ကနေ မဖြစ်မနေမှာစားဖို့မလိုပါဘူးဗျ… မိုးတိတ်တဲ့အထိ သည်မှာ ထိုင်စောင့်လို့ရပါတယ်…”


မိန်းကလေးမှ အနည်းငယ်ရှက်ရွံ့သွားကာ အခိုင်အမာဆိုလာသည် “ မဟုတ်တာပဲ… ကျွန်မ သည်ကနေ တစ်ခုခုတော့စားရမှာပေါ့… ပြီးတော့ အခုထိ ထမင်းလည်းမစားရသေးဘူးဆိုတော့ လွယ်လွယ်ကူကူအဆင်ပြေမဲ့ဟာပဲလုပ်လိုက်ပါ ရပါတယ်…”


ပိုင်ရှန်းကျစ် သက်ပြင်းချလိုက်မိသည် “ သည်လိုဆိုလည်း မီးဖိုချောင်ထဲမှာ ဂေါ်ဖီချဉ်နည်းနည်းကျန်သေးတယ်ဆိုတော့ ကျွန်တော် ဝက်သားဂေါ်ဖီချဉ်ထမင်းလုပ်ပေးပါ့မယ်…”


မိန်းကလေးမှ အနည်းငယ်တုန့်ဆိုင်းသွားရသည်။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူမထံတွင် စား‌ချင်စိတ်များစွာ ရှိမနေခဲ့ပါ။ အကယ်၍သာ ဆိုင်ရှင်မှ ဟော့ပေါ့ကဲ့သို့ အစပ်ဟင်းလျာမျိုး တည်ခင်းလာပါလျှင် စားကောင်းစားနိုင်လိမ့်မည်ဖြစ်သော်လည်း ဝက်သားဂေါ်ဖီချဉ်ထမင်းဆိုသည်မှာ အစပ်ပါမည့်ပုံမရချေ။ သူမ နောင်အချိန်ကျမှ စား၍ရနိုင်ပါမည်လား…


မည်သို့ပင်ဆိုစေကာမူ ဆိုင်ရှင်မှာ သူမအပေါ်ကြင်နာပြီး ရေနှင့်လက်ကိုင်ပဝါကိုပင် ပေးခဲ့သေးသည်။ သူ့ကြည့်ရသည်မှာ လူကောင်းဖြစ်မည့်ပုံပင်။ ခဏအကြာစဉ်းစားလိုက်ပြီးနောက် သူမခေါင်းညိတ်ပြလိုက်သည်


 “ ကောင်းပါပြီ…”



🥘